Chapter 32.3
Viewers 7k

Chapter - 32.3

(သုံးယောက် တစ်ယောက် ယှဥ်ပြိုင်ကြပြီ)



"ကိုကို.....သားကို ခွေးတွေဖမ်းမိသွားမှာ ကြောက်တယ်။



နှင်းတွေကျနေသောအချိန်တွင် ကောင်လေးနှစ်ယောက်က တစ်ယောက်လက်ကိုတစ်ယောက်ဆွဲပြီး ရှေ့ကို ဆက်ပြေးနေသည်။



လေနှင့် နှင်းများသည် သူတို့၏အဝတ်အစားများပေါ်သို တိုက်ရိုက်ကျပြီး သူတို့၏မျက်ခုံးများ၊ နှာတံထိပ်များနှင့် ကျိုးကြေနေသောဆံပင်များက နှင်းများကြောင့် ဖြူဖွေးနေလေသည်။



ကောင်လေးက ကလေးလေးကို ဆွဲပြီးပြေးလေသည်။



"မကြောက်နဲ့နော် ကိုကို မင်းကို ကာကွယ်ပေးမှာ"



"ငါတို့ ဒီနေရာကနေ အောင်အောင်မြင်မြင်နဲ့ လွတ်မြောက်နိုင်ရမယ်!"



Dark Phoenix ၏ အခြေစိုက်စခန်းကို ခွေးဆိုးများဖြင့် စောင့်ကြပ်နေခဲ့သည့်ကြားမှ သူတို့နှစ်ဦး လွတ်မြောက်နိုင်ခဲ့သည်။



အခု နှင်းမုန်တိုင်းက ပိုကြီးလာသောကြောင့် ကောင်းသည့်အချက်မှာ သူတို့ခြေရာများသည် လေနှင့် လွင့်သွားပြီး ဆိုးသည့်အချက်မှာ နှစ်ယောက်သား ရှေ့ဆက်ဖို့ ခက်နေခြင်းဖြစ်သည်။



နှာခေါင်းနှင့် နားရွက်လေးများနီရဲနေသော ကလေးလေးသည် သူ၏အကိုကြီးလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ထူထပ်သောနှင်းထုထဲတွင် သူနှင့်ခွဲသွားမည်ကို ကြောက်နေလေသည်။



"မကြောက်နဲ့ .....မကြောက်နဲ့နော်..."



ကောင်လေးသည် သူ့နောက်ကွယ်မှကလေးကို ကာကွယ်နိုင်ရန် ခွန်အားရှိသမျှကို အသုံးပြုကာ ငိုနေခဲ့သည်။



........



...........



ကျောင်းမြန်၏ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။



ကျောင်းမြန်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မူးယစ်ဆေးဝါး နှိမ်နင်းရေးဌာနချုပ်၏ "ထောင်" ထဲတွင် ရှိနေကြောင်း သိလိုက်ရသည်။ 



အပြင်မှာ နေက တဖြည်းဖြည်း တက်လာသောကြောင့် တစ်ရက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။



ကျောင်းမြန်ကသက်ပြင်းချလိုက်ပြီး သူ အိပ်မက် ထပ်မက်နေပြန်သည်။



ဒါပေမဲ့ အကိုကြီးရဲ့ မရေရာသော နောက်ကျောကလွဲရင် သူဘာမှ မမှတ်မိပေ။



ကျောင်းမြန်က သူ့ခေါင်းကို ခေါက်လိုက်ပြီး နောက်ထပ် အမှတ်ရစရာတွေကို တူးထုတ်ပစ်ချင်လေသည်။



သူတကယ်ပဲ အဲဒီလူကို ပြန်လိုချင်ခဲ့တာ။



ဒါက စွဲလမ်းမှုတစ်ခုဖြစ်လာလေသည်။



ပြီးတော့.....



ဖြူဖွေးနေသောနှင်း....တကယ့်ကို နှင်းဖြူပင်၊ သူ ငယ်ငယ်က အဖွဲ့ချုပ်၏ဆောင်းရာသီကို ကြုံခဲ့ဖူးသလိုပင်။



ကျောင်းမြန်က မအံ့သြဘဲမနေနိုင်တော့ချေ။ ကံကြမ္မာကြောင့် သူသည် ဖယ်ဒရယ်နိုင်ငံသားတစ်ဦးဖြစ်လာခဲ့ပြီး ထိုကံကြမ္မာကြောင့်ပဲ ရေခဲမြစ်သို့ သွားခဲ့ရခြင်းများ ဖြစ်နိုင် လောက်လား။



ဒါက အဓိပ္ပာယ်မရှိပေ....



ထိုအချိန်က ဌာနနှစ်ခုကို ချိတ်ဆက်ပေးရန် တံတား မရှိသေးပေ။ 



အတိတ်တွင် သူဘယ်လိုဖြတ်ကျော်နိုင်ပါ့မလဲ...။



"ဗိုလ်ချုပ်ကျောင်း၊ မနက်စာ လာပို့တာပါ"



တံခါးအပြင်ဘက်က အသံက ကျောင်းမြန်၏ အတွေးများကို နှောက်ယှက်လိုက်ပြီး သူ့ခေါင်းကို လှည့်ကြည့်လိုက်ချိန်တွင် တစ်စုံတစ်ယောက်သည် တံခါးအောက်ခြေတွင် အပေါက်ဖောက်ထားသောနေရာမှ ထုပ်ပိုးထားသော အစာနှင့် ရေအနည်းငယ်ကို တွန်းပို့လိုက်သည်ကို တွေ့လိုက်ရသည်။



ပြောဆိုသည့် အသံနေအသံထားက အရမ်းကောင်းသည်။ ပို့ပေးသော အစားအသောက်ကလည်း အရမ်းကောင်းပါသည်။



ကျောင်းမြန်သည် ၎င်းကိုယူရန် ရှေ့တိုးလာပြီးနောက် ကုတင်ပေါ်တွင်ထိုင်ကာ ဖြည်းညှင်းစွာစားလေသည်။



အမှန်တွင် သူဒီကို မရောက်ခင်က ဒီနေရာသည် အကျဉ်းထောင်ကြီးတစ်ခုဖြစ်သောကြောင့် အခြေအနေက သိပ်ကောင်းမှာ မဟုတ်ဘူးလို့ ထင်ခဲ့ပေမယ့် အပြစ်ရှိကြောင်း သက်သေမပြနိုင်သေးသည့်လူများအတွက် အထူးစီစဉ်ထားမယ်လို့ မျှော်လင့်မထားခဲ့ပါ။



ပတ်ဝန်းကျင်က အဆင်ပြေပြီး ထူးခြားသော အဆင့်အတန်းတစ်ခုရှိနေသည်။ 



ဇိမ်ခံမဟုတ်သော်လည်း သာမန်ဟိုတယ်များနှင့် မခြားနားပေ။



ကျောင်းမြန်က မနက်စာစားပြီး အစာချေပြီးသည်နှင့် နံရံဘက်သို့ ဆန့်တန်းပြီး တိုက်ကွက်ပုံစံများကို လေ့ကျင့်နေခဲ့သည်။



ကျောင်းမြန်က ခြေထောက်တွေကို သုတ်လိုက်ပြီး ခြေထောက်တွေကို နံရံပေါ်တင်လိုက်သည်။ 



သူနောက်တစ်ကြိမ် လှုပ်ရှားတော့မည့်အချိန်တွင် အနောက်မှ ပရောပရည်လုပ်လိုစိတ်အပြည့်ရှိနေသော အသံထွက်လာသည်။



"ဒါက အခုမှထလာလို့ အားအင် အလုံ၀အလောက်မရှိတာလား ....ဟိုနေ့က ဇာစ့်တွေကိုသတ်တုန်းကသုံးခဲ့တဲ့အားကို မမှီသေးဘူးနော်"



ကျောင်းမြန်သည် တံခါးအပြင်ဘက်တွင် စီဆဲလ် ရပ်နေသည်ကိုတွေ့သောအခါ အံ့အားသင့်သွားပြီး ပြုံးရိပ်သန်းနေသောမျက်လုံးများကို တံခါး၏ကန့်ကန့် အပေါက်မှ မြင်လိုက်ရသည် ။



"ဗိုလ်ချုပ်ကြီး..."



စီဆဲလ်တွင် သော့ရှိပြီးသားဖြစ်သည်။



 တံခါးဖွင့်ပြီးသည်နှင့် လက်နှစ်ဖက်ကိုဖွင့်ကာ ပြုံးလိုက်ပြီး 

"ဒီက ရေတပ်ဗိုလ်ချုပ်ချောချောက မင်းကို အိမ်ပြန်ဖို့ လာခေါ်တာ" 



ထိုအမူအရာအား ကျောင်းမြန်တွေ့လျှင် သူ၏လက်မောင်းထဲသို့ တိုးဝင်လာမည်ဟု ယုံကြည်နေပုံရသည်။



ကျောင်းမြန်သည် စီဆဲလ်ကို ငုံ့ကြည့်ကာ ခြေထောက်များကို ပြန်ချလိုက်ပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် သူ့အားကျော်ဖြတ်ကာ အခန်းထဲမှထွက်ခွာသွားခဲ့သည်။



စီဆဲလ် : "......"



စီဆဲလ်က မယုံရဲခဲ့ပေ....



"ကိုယ် မင်းကို အမြန်ကယ်ချင်လို့ တစ်နေကုန် လှည့်ပတ်ပြေးလွှားခဲ့ရတာကို တစ်ခါလေးတောင် ဖက်ပေးဖို့ မထိုက်တန်ဘူးလား...."



ကျောင်းမြန်က သက်ပြင်းချလိုက်ပြီး လှည့်ကြည့်လိုက်ကာ သူ့လက်နှစ်ဖက်ကို စီဆဲလ်ဘက်သို့ ဖွင့်ပေးလိုက်သည်။



စီဆဲလ် သည် အလွန်ပျော်ရွှင်ကာ သီချင်းဆိုချင်စိတ်များပင် ဖြစ်ပေါ်လာပြီး ရှေ့သို့ အမြန်သွားကာ ဝမ်းသာအားရ ပွေ့ဖက်လိုက်သည်။



ကျောင်းမြန် က ရယ်လိုက်လေသည်။



စီဆဲလ်: "...."



ခဏနေပါဦး.....



ကျောင်းမြန် ၏ လှပသောအပြုံးသည် သူ့ ကို ချက်ချင်း နိုးကြားစေခဲ့သည်။



အခု ဒီထူးခြားတဲ့ အခြေအနေက ဘာကြီးလဲ။



ယင်း....ယင်း....ယင်း...သူ့ကို ပွေ့ဖက်နေတဲ့ ကျောင်းမြန် အခု သူကပွေ့ဖက်ခံနေရတဲ့သူပဲ ။

(*ယင်း...ယင်း.-က ငိုတာပါ)



သေရော! သူ သေချာတွက်ခဲ့တာပါ!



ပို၍ပင် မုန်းစရာကောင်းသည်မှာ ကျောင်းမြန် သည် ဤပွေ့ဖက်မှုကို ရှင်းရှင်းလင်းလင်း မပြခဲ့ပေ။



စီဆဲလ်က သူ့ကိုပြန်ဖက်လိုက်သည်နှင့် သူကနောက်ပြန်ဆုတ်သွားကာ အမြန်အဆုံးသတ်လိုက်လေသည်။



စီဆဲလ် : "......



ကျောင်းမြန်ကို ကယ်တင်ရန်အတွက် စီဆဲလ်က လင်းဇီဝေ့ကို လှည့်စားခဲ့ပြီး ဝန်ကြီးဟောင်းတွေအားလုံးကိုပါ လှည့်စားခဲ့သော်လည်း နောက်ဆုံးမှာတော့ ကျောင်းမြန်က သူ့ကို အရူးလုပ်နေဆဲဖြစ်သည်။



စီဆဲလ်က ပြောလေသည်။

"မင်း အရင်က ဒုက္ခရောက်တုန်းက ကိုယ့်ကို စာပို့ခဲ့ပြီးတော့...အခု မင်းကို ကယ်တင်လိုက်တာနဲ့ မင်း ကိုယ့် ကို အသဲခွဲပြီး ရက်ရက်စက်စက်ထားခဲ့တော့မယ်ပေါ့လေ...."



ကျောင်းမြန် : "....."



ကျောင်းမြန်က ပြန်ပြောလိုက်သည်။

"ကျွန်တော် ခင်ဗျားကို သင်္ကေတတစ်ခု ပို့လိုက်ရုံပဲလေ.." 



ထိုအချိန်က ချင်းယင် ကြောင့်ဖြစ်သည်။



"မဟုတ်ဘူး မင်း ကိုယ့်ကို ယင်း....ဆိုပြီးပို့လိုက်တာ။"



စီဆဲလ် က တာမီနယ်ကို ထုတ်လိုက်ပြီး ကျောင်းမြန် ရှေ့တွင် အသဲအသန် ချကာ ပြလိုက်သည်- 

"မင်း သေချာကြည့်လို့ရတယ်..." 



"......."



ကျောင်းမြန် မျက်လုံးပြူးသွားသည်။



စခရင်ပေါ်တွင် "ဗုံး" တစ်လုံးရှိနေသည်။



ကျောင်းမြန်: "......."



ဒါဘယ်လို အမှိုက်ထည့်ထားတဲ့နည်းလမ်းလဲ။



ကီးဘုတ်ကို အမှတ်တမဲ့ နှိပ်လိုက်ရုံနဲ့ ဒီစကားလုံးကို သူဘယ်လိုရိုက်လို့ရမလဲ။



စီဆဲလ်က ဝမ်းသာအားရဖြင့်ပြောလိုက်သည်-

"ကြည့်ပါဦး မင်းကိုယ်မင်း ညှင်းပန်းနေပေမယ့် အခုထိလက်မခံသေးဘူး"



စီဆဲလ်သည် ကျောင်းမြန်၏ ပုခုံးကို လှမ်းဖက်လိုက်ကာ 

"အဲဒါကိုယ် သိပြီမို့လို့ သွားကြစို့"



လေယာဉ်ပေါ်ရှိ နှစ်ယောက်ကြား ပဋိပက္ခအသေးလေးသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။



လေယာဉ်ပေါ်မှာထိုင်နေတဲ့ ကျောင်းမြန်က သူ့ဘေးနားရှိ စီဆဲလ်ကိုကြည့်ပြီး ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်"



ကျွန်တော့်ကိုယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။



"ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်စရာ မလိုပါဘူး မင်းက ကိုယ့်ဘာသာကိုယ် တွေးထားပြီးသားပဲလေ" 



စီဆဲလ်က ပခုံးတွန့်ပြီး ပြောလိုက်သည်- 

"ဒီရေတပ်ဗိုလ်ချုပ် ချောချောလေးကပဲ မင်းနဲ့တွဲကစားပေးပါ့မယ်" 



ကျောင်းမြန်က ရယ်မောလိုက်သည်။



ဒီလို အရှက်မဲ့တဲ့လူမျိုး ဒီကမ္ဘာမှာ ဘယ်လိုဖြစ်ပြီးရှိနေရတာလဲ။



ဗိုလ်ချုပ်၏နေအိမ်သို့ပြန်ရန် ခရီးမှာ အဝေးကြီးလိုသေးသောကြောင့် စီဆဲလ်သည် လင်းဇီဝေ့ ဝန်ခံခဲ့သည့်အရာများကို ကျောင်းမြန် အား ပြောပြခဲ့သည်။



Dark Phoenix....



ကျောင်းမြန် က အနည်းငယ် မျက်မှောင်ကြုတ်ပြီး 

"ဒါက ခင်ဗျားကို ပြန်ပေးဆွဲခဲ့တဲ့ လူတစ်စုပဲ"



စီဆဲလ်က အံ့အားသင့်သွားပြီး မျက်ခုံးပင့်တင်လိုက်သည်။



"ဘာဖြစ်လို့လဲ"



စီဆဲလ်က ပြန်ပြောလိုက်သည်-

 "မင်းက ကိုယ်ရဲ့အရှေ့မှာ ကိုယ်ပြန်ပေးဆွဲခံရတဲ့အကြောင်း ပြောဖူးတဲ့ ပထမဆုံး သတ္တိရှိတဲ့သူပဲ"



ကျောင်းမြန် အံ့အားသင့်သွားသည်။



စီဆဲလ်က ခေါင်းကို ယမ်းပြီး ဆက်ပြော၏။ 

"အဖွဲ့ချုပ်က ဒီကိစ္စကို အထိမခံနိုင်တဲ့ တားမြစ်ချက်တစ်ခုအဖြစ် သတ်မှတ်ထားတာ" 



ကျောင်းမြန်က ပြုံးပြီး ပြန်ပြောလေသည် 

"ကျွန်တော် ပြောရဲတယ်....

ခင်ဗျား ကသူတို့ကို မုန်းနေပေမယ့်..မကြောက်ဘူးဆိုတာ ကျွန်တော်သိတယ်..."



စီဆဲလ်က ဝမ်းသာအားရဖြင့် မျက်ခုံးပင့်လိုက်သည်။



"ဟား၊ မှန်တယ်..." 



စီဆဲလ်က သူ၏ခြေထောက်များကို ဆန့်တန်းလိုက်ပြီး 

"ဒါပေမယ့် သူတို့က ဒါကိုနားမလည်ဘူး"



ကျောင်းမြန်က ပြုံးပြီး ဆက်ပြောလိုက်သည်-

" Dark Phoenix က အဲဒါကို သိပေမယ့် ... ကျွန်တော် ဟောင်လုလုကို သယ်လာမယ်မှန်း ဘယ်လိုသိတာလဲ..." 



ကျောင်းမြန်က အနည်းငယ်ရှက်ရွံ့စွာဖြင့် ပြောလိုက်သည် -

"အဲဒီနေ့က ကျွန်တော် စစ်တပ်နှစ်ခုလုံးကို လှည့်စားဖို့ အိမ်သာသွားမယ်လို့ပြောခဲ့တာ ယုတ်စွအဆုံးပြောရရင် ဘယ်စစ်တပ်ကမှ မသိခဲ့ဘူး ဒါကို Dark Phoenix က ဘယ်လိုသိသွားတာလဲ"



စီဆဲလ်သည် ကျောင်းမြန်ကို နှုတ်ခမ်းတစ်ဖက်တွန့်ကွေးကာ ကြည့်လိုက်သည်။



ကျောင်းမြန်သည် စီဆဲလ်၏ မျက်လုံးများကို တွေ့လိုက်ချိန်တွင် ခဏတာ ထိတ်လန့်သွားပြီး "သစ္စာဖောက်လား.."



"မှန်တယ်။"



စီဆဲလ်က လှောင်ပြောင်ပြီး ပြောလိုက်သည် "သူက အရမ်းတော်ပြီး အဲ့သြစရာကောင်းတဲ့ လူပဲဖြစ်ရမယ် အထူးသဖြင့် နေရာတိုင်းမှာရှိနေတဲ့ အယ်လန့်ရဲ့ မျက်လုံးတွေကြားထဲကနေ ကိုယ်နဲ့ အယ်လန့်ကို လှည့်စားသွားတာ ..."



ကျောင်းမြန်က မေးလိုက်သည်။

"ဒါဆို... ဒီလူက အယ်လန် နဲ့ တစ်ခါမှ မဆုံဖူးဘူးဆိုတာ ဖြစ်နိုင်ပါ့မလား... အယ်လန်က စစ်မြေပြင်ပေါ်ကလူမဟုတ်တဲ့ အတွက်ကြောင့်မို့လို့ တချို့လူတွေကို မတွေ့ဖူးလောက်ဘူး"



စီဆဲလ်က မေးစေ့ကိုကိုင်ကာစဥ်းစားလိုက်ပြီး

"ဖြစ်နိုင်ခြေရှိတယ်..."



နှစ်ယောက်သား စကားများများပြောလေလေ အတွေးများက ပိုရှင်းလေလေဖြစ်သည်။ 



စီဆဲလ်က ဆို၏။

"ကိုယ့်ရဲ့ အတွင်းရေးမှူးငါးယောက်ထဲ ဖြစ်နိုင်ခြေပိုများတယ်...ဘာလို့လဲဆိုတော့...အမှတ် ၁၂ တပ်ဖွဲ့အတွက် ညွှန်ကြားချက်တွေရော ကိုယ့်ရဲ့ စစ်တပ်နဲ့ပတ်သက်တဲ့ကိစ္စတွေရောက သူတို့ဆီကနေတဆင့်ဖြတ်လာမှရမှာ....ပြီးတော့ မင်ရန်က ကိုယ်အယုံကြည်ရဆုံးဖြစ်လို့ အယ်လန်က သူ့ကိုပဲမြင်ဖူးတာ တခြားသူကို မမြင်ဖူးဘူး...."



မင်ရန်သည် ငယ်စဉ်အချိန်က ကြယ် ပင်လယ်ဓါးပြများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး သူမအား စီဆဲလ်က ကယ်တင်ခဲ့လေသည်။



ထို့ကြောင့် သူမသည် စီဆဲလ်အား မျက်ကန်းလို ကိုးကွယ်ကာ ချစ်ခင်လေးစားလေသည်။ စီဆဲလ်အား လေးစားချစ်ခင်သောကြောင့် ကျောင်းမြန်ကိုလည်း ထိုနည်းတူ ဆက်ဆံလေသည်။ 



မင်ရန်က သိပ်ပြီး လူသတိမထားမိဘဲ ရိုးရိုးရှင်းရှင်းနဲ့ ချစ်ဖို့ကောင်းလေသည်။ တစ်ခါ တစ်ရံ အမှားအနည်းငယ်လုပ်မိတတ်သောကြောင့် စီဆဲလ်က သူမဘေးတွင် အမြဲစောင့်ကြပ်ပေးနေရသည်။ 



စီဆဲလ်က ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်-

"မင်ရန်က တော်တော်လေး တုံးတဲ့သူမို့လို့ သူ့ကိုမေးချင်ရင် မေးလို့ရတယ်.."



စီဆဲလ်က မင်ရန်ဆီသို့ ဖုန်းဆက်လိုက်သည်။



"ဟဲလို.....ဗိုလ်ချုပ်ကြီး...ဘာကိစ္စရှိလို့ပါလဲ"



"ငါ မင်းနဲ့ စကားပြောချင်လို့"



"ဟုတ်...ဟုတ်ကဲ့"



စီဆဲလ်က ခဏလောက်စဉ်းစားပြီး မေးလိုက်သည်-

"တခြားအတွင်းရေးမှူးလေးယောက်ထဲက ဘယ်သူ့ကို မင်းအကြိုက်ဆုံးလဲ" 



"ဘာကြီး.....မကြိုက်ပါဘူး...ဒါက...ဗိုလ်ချုပ်ကြီးက အရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ!"



ကျောင်းမြန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။



စီဆဲလ်က သူ့နှာခေါင်းကို ထိလိုက်ပြီး 

"ကောင်းပါပြီ၊ မင်း ကယ်ဗင့်ကို အရမ်းသဘောကျနေတာ ငါသိပါတယ် သူမဟုတ်ဘဲ နောက်တစ်ယောက်ဆို ဘယ်သူ့ကို သဘောကျပြီး ယုံကြည်ရလဲ..." 



မင်ရန်က မပြောခင် ခဏလောက်စဥ်းစားပြီးမှ ဖြေလိုက်သည်။

"ရှောင်မို ဖြစ်မယ်ထင်တယ်....ရှောင်ညီမလေးက ကျွန်မတို့အလုပ်ကို အမြဲတမ်း ကူလုပ်ပေးဖို့ လာလေ့ရှိတယ်...သူမက အရမ်းတာဝန်ကျေတာ...ပြီးတော့ ကျွန်မနဲ့လည်း စကားပြောဖို့ အမြဲလာတတ်တယ်..." 



"ငါသိပြီ.....နှုတ်ဆက်ပါတယ်"



"ဟမ်....!"



စီဆဲလ်က ဖုန်းချလိုက်ပြီးနောက် သူနှင့် ကျောင်းမြန်တို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်နေလိုက်ကြလေသည်။



ဒါက သံသယဖြစ်စရာကောင်းသည်။



စီဆဲလ် က သက်ပြင်းချလိုက်ပြီး ပြော၏။

"ဘာပဲဖြစ်ဖြစ်...ဒါတွေကို နောက်မှ စစ်ဆေးကြည့်တာပေါ့ အခု ပထမဦးစားပေးက မင်းအိမ်မှာ အနားယူပြီး ဗိုက်ပြည့်အောင် စားဖို့ပဲ"



ကျောင်းမြန် က ပြန်ပြောလိုက်သည်။

"ကျွန်တော် အသင့်စား အစားအစာတွေ စားထားပြီးပြီ"



"ဒါနဲ့ မလုံလောက်သေးဘူး မင်းကို အရသာရှိတဲ့ ဟင်းပွဲတွေကျွေးဖို့ အိမ်ပြန်ကြမယ်"



အိမ်ပြန်ရောက်ချိန်တွင် သူတို့နှစ်ယောက်စလုံး အံ့ဩသွားကြသည်။



ရေတပ်ဗိုလ်ချုပ်ကြီး၏ စံအိမ်ကြီးရှေ့တွင် ရဲရဲနီနေသော နှင်းဆီပန်းစည်းများနှင့် ပွင့်ချပ်များပေါ်တွင် ဖြူဖွေးသောနှင်းပွင့်များက လတ်လတ်ဆတ်ဆတ်ရှိနေသည် မြင်လိုက်ရသည်။



ကျောင်းမြန်က ပြုံးပြီး မေးလိုက်သည်-

"ရေတပ်ဗိုလ်ချုပ်ကြီး ဒီတစ်ခါကရော ဘယ်သူ့အတွက်လို့ထင်လဲ"



စီဆဲလ်က ကျယ်လောင်စွာအော်လိုက်ပြီး 

"ကိုယ် မသိဘူး...ဒါက မင်းအတွက်ဖြစ်နိုင်တယ်၊ဘာလို့လဲဆိုတော့....သိပ်မကြာခင်ကမှ မင်းက အရမ်းနာမည်ကြီးခဲ့တာဆိုတော့..."



ကျောင်းမြန်က ခေါင်းယမ်းပြီး ထိုအရာများကိုယူဖို့ အပေါ်တက်သွားလေသည်။



နှင်းဆီပန်းစည်း၏ဘေးတွင် ကတ်သေးသေးလေးတစ်ကတ်ရှိနေပြီး ကျောင်းမြန်က ထိုကတ်ကို ဖွင့်ကာ ကြည့်လိုက်သည်။



ကျောင်းမြန် ဆီသို့



ကျောင်းမြန်က အံ့ဩသွားသည်။



တကယ်ကြီးလား......



ကတ်ထဲမှာ အချစ်ကဗျာတစ်ပုဒ် ရှိနေတာ.....



မင်းက ကူးပါး ပင်လယ်မှာ အလှပဆုံးနေရောင်ခြည်လေးပါ...ပြီးတော့ ကြီးမားတဲ့ ဂလက်ဆီ ကလည်း မင်းရဲ့မျက်လုံးထဲမှာ ခိုအောင်းနေလေရဲ့.....



မင်းက နေဝင်ချိန်မြို့တော်ရဲ့ အလှဆုံး ယမကာပဲ....သွေးစွန်းနေတဲ့ နေရောင်ထက် မင်းက ကိုယ့်ကိုပိုပြီးစွဲလန်းစေတယ်......



ကိုယ်က မင်းရဲ့ အကျဥ်းသားဖြစ်သလို...မင်းက ကိုယ့်ရဲ့ အရိပ်လေးပါပဲ ...



ကိုယ်မင်းကို အမြဲစောင့်နေမှာ...



ပင်လယ်ရေတွေ ခမ်းခြောက်သွားပြီး....



နေဝင်ချိန် မြို့တော်ကို ဘယ်သူမှ မမှတ်မိတော့တဲ့အထိ..



မင်း ပြန်မလာမချင်း ကိုယ်စောင့်နေမှာ.....



ပေးပို့သူ၏ လက်မှတ်မရှိသော်လည်း ကျောင်းမြန်က ဘယ်သူပို့မှန်း သိလိုက်သည်။



"ခရက်ရှ် "



ကျောင်းမြန် တုန်လှုပ်နေသည် ကို စီဆဲလ်က မြင်လိုက်ပြီး သူ၏လက်ကို ဖြေလျှော့လိုက်ချိန်တွင် သွေးနီရောင်နှင်းဆီများက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေခဲ့သည်။



"ဘာဖြစ်လို့လဲ"



စီဆဲလ်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ ကျောင်းမြန်၏ ယခုလိုပုံစံကို သူပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ 



"ကျွန်တော်....အဆင်ပြေပါတယ်။"



ကျောင်းမြန်က ပြုံးကာ ငုတ်တုတ်ထိုင်လိုက်ပြီး ပြန်ကောက်ကိုင်လိုက်သည်။



"ပြန်ယူစရာမလိုပါဘူး" 



စီဆဲလ်က ကျောင်းမြန်၏လက်ကိုဆွဲပြီး ပြောလိုက်သည်-

 "ကိုယ့်ကို အဲဒီ့ကတ်ကို ပြ"



"......"



"အဆင်ပြေပါတယ်....ကိုယ့် ကိုပေး"



ကျောင်းမြန် က သူ့နောက်မှာ ကတ်ကို ဝှက်ထားလိုက်သည်။



စီဆဲလ်က ပြောလိုက်သည်-

"အရင်တစ်ခါက လေယာဉ်ပေါ်မှာလည်း ဒီလိုမျိုးပဲ အခုလည်း ဒီလိုထပ်ဖြစ်ပြန်ပြီ....ကျောင်းမြန်...ကိုယ့်ကိုအဲ့ကတ်ပေး..."



ကျောင်းမြန်သည် လက်မလျော့ဘဲ အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။



သေရင်တောင် စီဆဲလ် လက်ထဲမအပ်ဘူး။



ရေတပ်ဗိုလ်ချုပ်ကြီးနှစ်ဦးသည်ဗိုလ်ချုပ်ကြီး၏စံအိမ်အပြင်ဘက်တွင် ရပ်နေခဲ့ကြသည်။



_________________________________________