Chapter 36
လောင်မဲ့၏ အသွင်အပြင်က ယန်ရှုမင် စိတ်ကူးထားသည်နှင့် အတိအကျကို ပြောင်းပြန်ဖြစ်နေသည်။
မဲ့တုန်၏ အဖေက ရှေးဟောင်းပစ္စည်းအရောင်းအဝယ် လုပ်ကိုင်သူ ဖြစ်သည်ဟု ကြားမိပြီး၊မဲ့တုန်တို့ မိသားစုအခြေအနေနှင့် အခြားမိသားစုဝင်များ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများနှင့် ဆက်စပ်တွေးတောကြည့်ပြီးနောက်၊လောင်မဲ့က သေသပ်ခန့်ညားစွာ ဝတ်စားထားမည်ဟု သူ စိတ်ကူးထားခဲ့သည်။ရှေးဟောင်းပစ္စည်းအရောင်းအဝယ် လုပ်သူဖြစ်ရာ ထိုသူက နာမည်ကျော်ကြားသော လေလံအိမ်ကြီးများတွင် မကြာခဏ တွေ့မြင်ရတတ်သည့် အထက်တန်းလွှာတစ်ယောက်၏ အသွင်အပြင်မျိုး ဖြစ်နေနိုင်သည် ဟူ၍။
အရင်တုန်းကလည်း မဲ့တုန်၏အဖိုးနှင့်ပတ်သက်ပြီး အထင်လွဲခဲ့ကြသေးသည် မဟုတ်ပါလော။လူတိုင်းသည် မဲ့တုန်၏အဖိုးမှာ အမှိုက်ကောက်သမား ဖြစ်သည်ဟု ပြောကြသော်လည်း အမှန်စင်စစ်တွင် သူ့အဖိုးက အနုပညာရှင်တစ်ယောက် ဖြစ်နေခဲ့သည်။
မမျှော်လင့်ဘဲ လောင်မဲ့က စုတ်ဖွာနေသော အနက်ရောင် ချည်သားအပေါ်ထပ်အင်္ကျီကို ဝတ်ထားပြီး ဈေးပေါသော စီးကရက်တစ်လိပ်ကို နှုတ်ခမ်း၌ ခဲထားသည်။ထိုသူ စီးကရက်ကို မီးညှိလိုက်ချိန်တွင် လက်မှ အသားမာများကို သိသိသာသာ မြင်နေရသည်။
မှန်ပါ၏။ ဖြစ်ကတတ်ဆန်းနိုင်သည်ဟု ပြော၍ မရပေ။သာမန်လူလတ်ပိုင်း အမျိုးသားတစ်ယောက်နှင့် တူသည်ဟုသာ ပြောနိုင်သည်။ယန်ရှုမင်၏စိတ်ကူးထဲမှ လောင်မဲ့ကတော့ အရမ်းကို အထက်တန်းလွှာဆန်နေခဲ့၍ ဖြစ်လိမ့်မည်။
ယန်ရှုမင်သည် သူ၏သိက္ခာရှိသော စိတ်သဘောထားကို ထိန်းသိမ်းထားသည်။
"အန်ကယ်၊ ကျွန်တော်က ယန်ရှုမင်ပါ။ မဲ့တုန်ရဲ့ ... အတန်းဖော်ပါ။"
လောင်မဲ့က မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး စီးကရက်မီးခိုး တစ်လုံး မှုတ်ထုတ်လိုက်သည်။သူ၏ ပြောပိုဆိုပုံနှင့် လေသံက လူရမ်းကားတစ်ယောက်နှင့်ပင် တူနေသေး၏။
"အို့ ၊ အတန်းဖော်တဲ့လား ၊ဟမ့် ။ကြည့်စမ်းပါဦး၊ ဒါက အထင်လွဲသွားတာ မဟုတ်လား။ငါက မင်းကို မဲ့ဇီရဲ့ ကောင်လေး ထင်နေတာ။"
ချက်ချင်းပဲ ယန်ရှုမင်က သူ့ဘာသာ ပြန်ပြင်ပြောလိုက်သည်။
"ချစ်သူကောင်လေးပါ။"
မဲ့တုန်ကတော့ ကြောက်တတ်သော ငုံးကောင်လေးသဖွယ်၊ထောင့်တစ်ထောင့်တွင် ငြိမ်ကုပ်နေပြီး ဘာမှ ဝင်မပြောရဲပေ။
လောင်မဲ့က အေးစက်စက်ဖြင့် နှာမှုတ်လိုက်သည်။
"ဒါဆို မင်းက အတန်းဖော်လား၊ ချစ်သူကောင်လေးလား။မင်းတို့နှစ်ယောက် ဒါကို ဆွေးနွေးထားလား၊မဆွေးနွေးထားဘူးလား အာ။"
ယန်ရှုမင်ကတော့ လုံးဝကို မကြောက်နေပေ ၊ တည်ငြိမ်စွာ ပြောသည်။
"ချစ်သူကောင်လေးပါ။ချက်ချင်းကြီး မဲ့တုန်ရဲ့ ချစ်သူကောင်လေးပါလို့ မိတ်ဆက်လိုက်ရင် ခင်ဗျားအပေါ် စော်ကားသလို ဖြစ်သွားမှာကို ကျွန်တော်က စိုးရိမ်လို့ပါ။"
လောင်မဲ့ကတော့ ကျေနပ်သွားပုံပင်။သူက မဲ့တုန်ကို ကြည့်ပြီး ခပ်တိုးတိုး ရေရွတ်သည်။
"အတော်လေး အသိရှိတာပဲ။"
မဲ့တုန်၏နှလုံးသားတွင် တိတ်တိတ်လေး ဝမ်းမြောက်ဂုဏ်ယူနေမိသည်။
ဟုတ်တာပေါ့လို့။
လောင်မဲ့သည် အမှန်တကယ်ကို သရုပ်ဆောင်နေခြင်း ဖြစ်သည်။သူက ဒီလိုမျိုး လုပ်လေ့မရှိပေ။သူက ယန်ရှုမင်အပေါ် ဩဇာလွှမ်းမိုးချင်ရုံသာ ဖြစ်သည်။သူ၏ စကားဖြင့် ချိန်းခြောက်မှုကို တစ်ဖက်လူက မဖြုံသည်ကို တွေ့လိုက်ရသဖြင့်၊လောင်မဲ့က စီးကရက်ကို ပါးစပ်တွင် ခဲထားရင်းဖြင့် လက်ဖက်ရည်ဗန်းကို သူ့ရှေ့ တွန်းပို့ပေးလိုက်သည်။
"လက်ဖက်ရည် သောက်လား။"
ယန်ရှုမင်က လောင်မဲ့၏ မျက်နှာချင်းဆိုင်တွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။
"လက်ဖက်ရည်ကို များများစားစား သောက်လေ့မရှိပါဘူး။ဒါပေမဲ့ အိမ်က လူကြီးတွေကတော့ တစ်ခါတစ်လေ လက်ဖက်ရည် ပြင်ဆင်တာမျိုး လုပ်လေ့ရှိပါတယ်။"
လောင်မဲ့က ခေါင်းငြိမ့်လိုက်သည်။
"အို့၊ ဒါက မင်း နည်းနည်းတော့ သိတယ်လို့ ဆိုလိုချင်တာပေါ့။တစ်အိုးလောက် ပြင်ဆင်ပေးမလား။"
မဲ့တုန် ဝင်မပြောဘဲ မနေနိုင်တော့။
"ဖေဖေ၊ သူက အခုမှ ကျောင်းသားပဲ ရှိသေးတယ်။ဘာဖြစ်လို့ ဒါမျိုးလုပ်ခိုင်းနေရတာလဲ အာ။"
ချက်ချင်းပင် လောင်မဲ့တစ်ယောက် စိတ်မကျေမနပ် ဖြစ်လာတော့သည်။
သူ မွေးထားတဲ့ သားအရင်းက ရည်းစားတစ်ယောက်ရသွားတာနဲ့ ကိုယ့်အဖေဘက်ကို မကြည့်ဘဲ ဘယ်လိုလုပ်ပြီး သူ့ရည်းစားဘက်ပဲ လိုက်နေရတာလဲ။
လောင်မဲ့သည် စိတ်မကျေမနပ်ဖြစ်နေသဖြင့် ယန်ရှုမင်အပေါ် စိတ်ကသိကအောက် ဖြစ်နေဟန် ပြလာခဲ့သည်။သူက စကားတစ်လုံးမှ မပြောဘဲ ထိုင်နေရင်း၊ယန်ရှုမင်ရှေ့သို့ လက်ဖက်ခြောက် ထည့်ထားသည့် ဘူးကို ထပ်ပြီး တွန်းပို့ပေးလိုက်သည်။
ယန်ရှုမင်သည် ကောလိပ်ကျောင်းသားတစ်ဦး ဖြစ်သည်ကို မေ့ထားလျှင်တောင်မှ ၊သူက လူ့အသိုင်းအဝိုင်းတွင် နှစ်ပေါင်းများစွာ ကျင်လည်နေရသည့်တိုင် သူ့အနေဖြင့် လက်ဖက်ရည်ပြင်ဆင်သည့် နည်းလမ်းကို မဖြစ်မနေ သိရန်မလိုပေ။
ယန်ရှုမင်က ပြုံးနေမြဲ။သူ၏ လှုပ်ရှားမှုများက အလျင်မလိုပေ။သူ့ဘက်သို့ တွန်းပို့ပေးလိုက်သော လက်ဖက်ခြောက်ဘူးကို ချက်ချင်း လှမ်းမယူလိုက်ဘဲ ၊ ထိုအစား သူက အခြားတစ်ဖက်ရှိ ရေနွေးအိုးဆီသို့ လက်ကို ဆန့်လိုက်သည်။လက်ဖက်ခြောက်ဘူးကို မဖွင့်သေးဘဲ လက်ဖက်ရည်ခွက်များနှင့် အသုံးအဆောင်ပစ္စည်းများကို ရေနွေးဆူဆူသုံး၍ ဆေးကြောလိုက်သည်။
ထို့နောက် သူက အံ့ဩသွားရဟန်ဖြင့် လောင်မဲ့အား ကောင်းမွန်စွာ ချီးမွမ်းပြောဆိုလိုက်သည်။
"အန်ကယ်၊ ကျွန်တော်က လက်ဖက်ခြောက်တွေအကြောင်းကို သေချာတော့ နားမလည်သေးပါဘူး။ဒါပေမဲ့ ရနံ့ နဲ့ ပုံပန်းသွင်ပြင်ကို ကြည့်လိုက်ရင်ပဲ ဒီလက်ဖက်ခြောက်က အတော်လေးကို ကောင်းမွန်ပြီး လက်ရာမြောက်တဲ့ အမျိုးအစားပဲ။ခင်ဗျားက အတော်လေး အသိအမြင် နှံ့စပ်ပါပေတယ်။"
ထိုသို့ ပြောပြီးနောက် သူက သေးငယ်သော လက်ဖက်ရည်ဇွန်းလေးဖြင့် လက်ဖက်ခြောက်သုံးဇွန်း ခပ်ယူလိုက်ပြီး၊ လက်ဖက်ရည်အိုးထဲထည့်ကာ ရေနွေးဆူဆူကို အိုးထဲသို့ လောင်းချ၍ လက်ဖက်ခြောက်ကို နူးညံ့သွားစေပြီးနောက်၊ထိုရေကို အလျင်အမြန်ပဲ သွန်ထုတ်လိုက်သည်။
လောင်မဲ့၏ မျက်နှာထက်မှ အမူအရာသည် ပြောမပြတတ်အောင်ပင်။ စိတ်မကျေမနပ်ဖြစ်မှုနှင့် နှစ်ထောင်းအားရဖြစ်မှုတို့က ရောထွေးနေသည်။သူက လက်ဖက်ရည်ခွက်ကို ဆတ်ခနဲ ဆွဲယူလိုက်ပြီး ယန်ရှုမင်၏လှုပ်ရှားမှုများကို စိတ်မရှည်တော့သည့်အလား နှောင့်ယှက်ဟန့်တားပစ်လိုက်သည်။
"ကောင်းပြီ၊ဒါနဲ့ သွားရှုပ်နေတာကို ရပ်လိုက်။ငါ့ရဲ့ လက်ဖက်ခြောက်တွေကို မဖြန်းတီးပစ်နဲ့တော့။"
လောင်မဲ့သည် လက်ဖက်ရည် ပြင်ဆင်သည့် အလုပ်ကို ဆက်လုပ်လိုက်ရင်း ယန်ရှုမင်၏ မိသားစုနောက်ခံအကြောင်းကို ပေါ့ပေါ့ပါးပါးဖြင့် မေးမြန်းလာခဲ့သည်။
"မင်းမိဘတွေက ဘာလုပ်လဲ အာ။"
ယန်ရှုမင်က ပြန်ဖြေသည်။
"ကျွန်တော့်မိဘနှစ်ယောက်လုံးက ဓါတုပစ္စည်းတွေနဲ့ ဆက်စပ်တဲ့ နယ်ပယ်မှာပါ။အမေက စာသင်ပြီး အဖေက သုတေသနတက္ကသိုလ်မှာ အလုပ်လုပ်ပါတယ်။"
ယန်ရှုမင်၏စကားများက နှိမ့်ချစွာဖြင့် ရှိသော်လည်း၊သူ့အမေက တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်ပြီး အဖေဖြစ်သူက သုတေသနပညာရှင်တစ်ဦး ဟူ၍ ဆိုလိုသည်ကို လောင်မဲ့အနေဖြင့် သိနိုင်ပါသည်။
ကောင်းပြီ၊ ဒီလောက်ဆို မဲ့တုန်နဲ့ သင့်တော်သလောက် ရှိပြီ။
လောင်မဲ့၏ စိတ်ထဲမှ စိတ်ကျေနပ်မှုဘားတန်းလေးက အနည်းငယ် ပိုမြင့်တက်လာသည်။ ထိုသို့ မြင့်တက်လာသည်နှင့်အမျှ လောင်မဲ့မှာ ပိုပြီး မကျေမနပ်ဖြစ်လာရသည်။
သူ့နေရာမှာ သူ့ကလေးကို ထည့်ပြီး ဖွက်ထားလို့ရမည့် တစ်စုံတစ်ခု ရှာဖို့လိုတယ်။
ထို့ကြောင့် လောင်မဲ့က နောက်ထပ် တိုက်ခိုက်မှုကို စတင်ပစ်လွှတ်လိုက်သည်။
"မင်းနဲ့ မဲ့တုန်တို့ အကြောင်းကို မင်းမိသားစုက သိထားလား။"
မထင်မှတ်ထားဘဲ ယန်ရှုမင်က ခေါင်းငြိမ့်ခဲ့သည်။
"သူတို့ သိထားပြီးပါပြီ။ကျွန်တော်တို့ တွဲဖြစ်တာ သိပ်မကြာသေးလို့ ဆောင်းရာသီပိတ်ရက်ရောက်မှပဲ ကျွန်တော့်မိသားစုကို ပြောပြဖို့ အခွင့်အရေး ရခဲ့ပါတယ်။"
စိတ်ကျေနပ်မှုဘားတန်းလေးက အနည်းငယ် ထပ်ပြီး မြင့်တက်လာသည်ကို လောင်မဲ့ ဝမ်းနည်းစွာဖြင့် နားလည်လက်ခံလိုက်ရသည်။
"သူတို့ရဲ့ သဘောထားက ဘယ်လိုလဲ အာ။"
ယန်ရှုမင် ပြန်ဖြေသည်။
"ကျွန်တော် ခင်ဗျားကို မလိမ်ဝံ့ပါဘူး။ သူတို့အတွက် လက်ခံပေးဖို့ အချိန်ယူရပါဦးမယ်။ဒါပေမဲ့ ဒါကို ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်။"
ရုတ်တရက်ပဲ လောင်မဲ့၏ ဩဇာလွှမ်းမိုးချင်စိတ်က ဝုန်းခနဲ ထိုးတက်လာပြီး သူ့နောက်ကျောကိုပင် နည်းနည်း ပိုမတ်လိုက်မိသည်။
"အို့၊ မင်းမိသားစုက ဒါကို အခုထိ လက်မခံသေးဘူးပေါ့။မင်းရဲ့ ကိုယ်ပိုင်မိသားစုကိုတောင် မစည်းရုံးနိုင်သေးရင် ငါတို့လို မဲ့ဇီရဲ့ မိသားစုက ဘယ်လိုလုပ်ပြီး မင်းကို လက်ခံပေးနိုင်ဦးမှာလဲ။"
ယန်ရှုမင်က လေးစားမှုဖြင့် မျက်လွှာကို ချလိုက်သည်။
"ခင်ဗျား မှန်ပါတယ်။ဒါက ကျွန်တော့်ရဲ့ ပြဿနာပါ။ဒီကိစ္စကို ကျွန်တော် အတတ်နိုင်ဆုံး အားထုတ်ပြီး ဖြေရှင်းဖို့ လုပ်မှာပါ။ ခင်ဗျား ..."
လောင်မဲ့က ယန်ရှုမင်၏ စကားကို ဖြတ်ပြောလိုက်ပြီး အရေးမထားဟန်ဖြင့် သူ့လက်ကို ယမ်းလိုက်သည်။
"ယောကျ်ားတွေက အထွန့်တက်တဲ့နေရာမှ တော်တယ်ကွ။ငါလည်း ယောကျ်ားတစ်ယောက်ပဲ။ဒီစကားတွေကို ငါ့အပေါ်မှာ အသုံးချစရာ မလိုဘူး။"
မဲ့တုန်မှာ ပိုပြီး စိတ်လှုပ်ရှားနေတော့သည်။ယန်ရှုမင်က သူ့မိသားစုနှင့် စကားပြောပြီးနောက် ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုသည့်အကြောင်းကို အစကတည်းက မဲ့တုန် စိုးရိမ်နေခဲ့ရသည်။သို့သော် အသေးစိတ်မေးမြန်းဖို့ရာ သူ့မှာ အခွင့်အရေး မရခဲ့ပေ။သူက ယန်ရှုမင်၏ လက်ကောက်ဝတ်ကို ရုတ်တရက် လှမ်းဆွဲလိုက်ပြီး
"ခင်ဗျား အဆင်ပြေရဲ့လား။ဒီနေ့ အပြင်သွားတာ အဲ့ဒါကြောင့်လား။အန်တီက ခင်ဗျားကို ဆူနေလား။ခင်ဗျားကို သူမက ရိုက်သေးလားဟင်။"
လောင်မဲ့၏မျက်နှာမှာ တကယ်ပင် မည်းမှောင်သွားတော့သည်။
သူ့စီးကရက်ကို ခပ်ပြင်းပြင်း ရှိုက်ဖွာလိုက်ရင်း စဥ်းစားနေမိသည်။
ဒါက မမှန်လို့လား။သူက သားတစ်ယောက် မွေးထားတာရော ဟုတ်ရဲ့လား။ဘာလို့ သူက သမီးတစ်ယောက်ကို လက်ထပ်ပေးဖို့ လုပ်နေရတယ်လို့ ခံစားနေရတာပါလိမ့်။ဒီက လောင်မဲ့ရဲ့ နှလုံးသားကို တိတ်တဆိတ် နာကျင်စေတာက အဖိုးတန်ဂေါ်ဖီထုပ်လေးကို သူများ လာခိုးသွားသလို ခံစားရလို့ပဲ။
ယန်ရှုမင်က မဲ့တုန်၏လက်ကို ခပ်ဖွဖွ ပုတ်ပေးပြီး ပေါ့ပါးစွာဖြင့် ခေါင်းခါပြလိုက်သည်။
မဲ့တုန်ကတော့ ပူပန်နေတုန်းပင်။
"ဘာလဲ။ကျွန်တော့်ကို ပြောပြလို့။ကျွန်တော့်အဖေကို စိုးရိမ်မနေနဲ့။သူက ခင်ဗျားကို ခြောက်လန့်ဖို့ ကြိုးစားနေရုံပဲ။ပုံမှန်ဆို သူက အဲ့လို မဟုတ်ဘူး။အရမ်း စိတ်ဆိုးဖို့ကောင်းတာပဲ။"
ယန်ရှုမင်လည်း မပြုံးဘဲ မနေနိုင်တော့ပေ။သို့သော် လောင်မဲ့၏မျက်နှာကိုတော့ သွားမကြည့်ရဲပါ။အရင်ကထက် ပိုပြီး မည်းမှောင်နေလောက်သည်။သူက မဲ့တုန်ကို မစိုးရိမ်စေချင်သဖြင့် အမှန်အတိုင်း ပြောလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး။ ကိုယ် ဒါကို ကိုင်တွယ်နိုင်တယ်လို့ မင်းကို ပြောပါတယ်။ကိုယ့်အမေက ဒီလမ်းကို လျှောက်ရတာ ခက်ခဲမှာကို စိတ်ပူနေရုံပါ။ဒါပေမဲ့ သူမအနေနဲ့ မင်းကို ကန့်ကွက်စရာအကြောင်း တစ်ခုမှ မရှိခဲ့ပါဘူး။စိတ်မပူနေနဲ့။"
နောက်ဆုံးတော့ မဲ့တုန်လည်း အနည်းငယ် စိတ်သက်သာရာရသွားပြီ ဖြစ်သော်လည်း အနည်းငယ်တော့ ထိတ်လန့်နေဆဲပင်ဖြစ်ရာ ယန်ရှုမင်၏ လက်ကောက်ဝတ်ကို လွှတ်ပေးချင်စိတ် မရှိပေ။
နေ့လည်ပိုင်းတွင် လောင်မဲ့သည် ပစ္စည်းအချို့သွားယူရန် ချိန်းဆိုထားမှုတစ်ခု ရှိနေသည်။ဒါကြောင့် သူက မဲ့တုန်ကို ဆိုင်စောင့်ပေးဖို့ မှာခဲ့သည်။
လောင်မဲ့က သုံးနာရီဝန်းကျင်တွင် ထွက်သွားပြီး ဆိုင်တွင် ယန်ရှုမင်နှင့် မဲ့တုန်ကို ထားခဲ့သည်။လောင်မဲ့၏ကား ထွက်သွားသည့် အသံကို ကြားမှ ယန်ရှုမင်လည်း စိတ်အေးသွားပြီး ထိုင်ခုံနောက်ကျောကို မှီချလိုက်တော့သည်။
မဲ့တုန်က စနောက်လိုက်သည်။
"ခင်ဗျား စိတ်လှုပ်ရှားနေတာလား။"
ယန်ရှုမင်က သက်ပြင်းချလိုက်သည်။
"မင်းရော စိတ်မလှုပ်ရှားဘူးလား။"
မဲ့တုန်က သူ့ကို နှစ်သိမ့်ပေးသည်။
"ကျွန်တော့်အဖေက ခင်ဗျားကို အရမ်းသဘောကျပါတယ်။အပြင်ပန်းမှာ သူ့ပုံစံက မကျေမနပ် ပိုဖြစ်နေလေ၊စိတ်ထဲမှာ အရမ်းသဘောကျနေလေပဲ။သူက စကားနည်းနည်းပြောပြီး အလုပ်များများ လုပ်တတ်တဲ့ လူမျိုး။သူက ခင်ဗျားကို ကျွန်တော်နဲ့အတူ နေခဲ့ခိုင်းတယ် ဆိုထဲက ခင်ဗျားအပေါ် သူ အတော်လေး စိတ်ကျေနပ်နေတယ်လို့ ဆိုလိုတာပဲ။"
ယန်ရှုမင် ခေါင်းငြိမ့်လိုက်သည်။
"ကိုယ် သိနိုင်ပါတယ်။အန်ကယ်က သူများတွေကို ခက်ခဲအောင် လုပ်တတ်တဲ့ လူမျိုး မဟုတ်ဘူးဆိုတာ။ပြီးတော့ သူ့ရဲ့ သရုပ်ဆောင်တဲ့ စကေးကလည်း သိပ်မကောင်းဘူး။"
မဲ့တုန် သဘောပေါက်သွားသည်။
"ဒါဆို ခင်ဗျားကလည်း သူနဲ့အတူ လိုက်ပြီး သရုပ်ဆောင်ပေးနေတာပေါ့လေ အာ။"
ထိုအခိုက်၌ ယန်ရှုမင်က တွေးနေလိုက်သည်။
"ဟုတ်လည်း ဟုတ်တယ်၊ မဟုတ်လည်း မဟုတ်ဘူး။ကိုယ် တကယ်ကို စိတ်လှုပ်ရှားနေတာ။ဒါပေမဲ့ ကိုယ် သေချာ ကောင်းကောင်းမွန်မွန်နဲ့ ပြုမူချင်လို့လေ။"
ဂုဏ်ယူမှုများက မဲ့တုန်၏အသံထဲတွင် ပြည့်နေသည်။
"ခင်ဗျားက အရမ်းတော်တာပဲ။ကျွန်တော့်အဖေရဲ့ စာမေးပွဲကို ခင်ဗျား အောင်သွားပြီ။"
ယန်ရှုမင်က သူ့ကို ကြည့်လိုက်သည်။
"မင်းကရော။"
မဲ့တုန်လည်း ခဏတဖြုတ် အကြံအိုက်သွားသည်။
"ဟမ်"
ယန်ရှုမင်က ပြုံးပြီး မေးလိုက်သည်။
"မင်း အနေနဲ့ ဆိုရင်ရောလို့။ဒီမှာ မင်းက ကိုယ့်ကို စာမေးပွဲစစ်တဲ့သူပဲ။ ဆရာမဲ့တုန်၊ကျွန်တော် စာမေးပွဲ အောင်ပါသလား ခင်ဗျာ။"
*
တရုတ်နှစ်သစ်ကူးက ရောက်လာတော့မည် ဖြစ်ပြီး ထိုအချိန်အနားသို့ နီးကပ်လာတိုင်း မဲ့တုန်တို့မိသားစုသည် အမြဲအလုပ်များနေလေ့ရှိသည်။
အဖွားက ပင်စင်ယူထားပြီးဖြစ်သော်လည်း သူမထံတွင် အလုပ်သင်များစွာ ရှိသည်။နှစ်သစ်ကူးတိုင်း သူတို့က အဖွားထံ သွားမနှောင့်ယှက်ရဲသဖြင့် မဲ့တုန်တို့အိမ်သို့ လာပြီး မဒမ်တုအတွက် လက်ဆောင်များပေးကြပြီး အဖွားအတွက် ဝယ်လာသော အာဟာရဖြည့်စွက်စာအချို့ကို မဒမ်တုမှ တစ်ဆင့် အဘွားဆီ ပို့ကြသည်။
အစကတော့ သူတို့မိသားစုလည်း လက်ဆောင်များကို လက်ခံဖို့ ငြင်းခဲ့သဖြင့် ထိုလူများက ပစ္စည်းများကို တံခါးဝတွင် ထားခဲ့၍ လည်းကောင်း၊လုံခြုံရေးအစောင့်ထံသွား၍ မဲ့တုန်တို့ အိမ်သို့ ပို့ပေးပါရန် ပြောဆို၍ လည်းကောင်း မရ ရအောင် ပေးကြသည်။
လောင်မဲ့ကလည်း အသက်ကြီးလာပြီဖြစ်ပြီး ရှေးဟောင်းပစ္စည်းဈေးကွက်သည်လည်း လိမ်လည်လှည့်စားမှု များလှသည်။သူ့ထံတွင် သူ့နောက်ကို ဂုဏ်ယူဝံ့ကြွားစွာ လိုက်နေကြသော တပည့်တပန်း အနည်းငယ် ရှိလေသည်။ထို့အတူ မဒမ်တုတွင်လည်း ကျောင်းသားအများအပြား ရှိသည်။
ထိုနေ့များတွင် မဲ့တုန်သည် ဒုတိယထပ်ရှိ သူ့အခန်းထဲတွင် ပုန်းနေရသည်။အခန်းထဲမှ ခြေတစ်လှမ်းပင် မထွက်ရဲပေ။
မနေ့ကတော့ သူ ခိုးကြောင်ခိုးဝှက်ဖြင့် ယန်ရှုမင်နှင့် ထွက်တွေ့ပြီး လွန်ခဲ့သော ရက်များအတွက် ယန်ရှုမင်၏ ဒိုင်ယာရီကို ရရှိလာခဲ့သည်။ကံကောင်းစွာဖြင့် သူ့မှာ အလုပ်တစ်ခု ရလာခဲ့သည်။သူ အားလပ်သည့်အချိန်တိုင်း စာအုပ်ကိုဖွင့်ပြီး သူ့ကောင်လေး အိမ်မှာ ဘာတွေလုပ်နေလဲဆိုတာ ဖတ်ကြည့်သည်။
၂၀၂၄၊ဇန်နဝါရီ ၂၄ရက်၊ နေသာတယ်
ကျောင်းသားမဲ့တုန်အတွက် မေးခွန်း : ဒီနေ့က ဘာနေ့လဲ မင်းသိလား။ကိုယ်တို့ ဒီရက်တွေမှာ သိပ်မတွေ့ဖြစ်ပေမဲ့ ကိုယ်တို့ တရားဝင်တွဲခဲ့တာ တကယ်ပဲ တစ်လ ပြည့်သွားခဲ့ပြီ။ဂုဏ်ပြုဖို့ ထိုက်တန်ပါတယ်။ဒီနေ့ မင်းက ပြပွဲတစ်ခုအတွက် အနီးအနားက မြို့ကို သွားခဲ့တော့၊ ကိုယ် မင်းကို ညစာဖိတ်ကျွေးဖို့ အခွင့်အရေး မရလိုက်ဘူး။နည်းနည်းတော့ စိတ်မကောင်းစရာပဲ။
တရုတ်နှစ်သစ်ကူးရောက်ဖို့ နှစ်ပတ်ကျော်ကျော်လေးပဲ လိုတော့တယ်။ကိုယ်မိသားစုကတော့ နှစ်သစ်ကူးပိတ်ရက်ရောက်ရင် တွေ့ဆုံပြီး အတူတူ စားသောက်ကြမလားလို့ ပြောလာတယ်။ ကိုယ်ကတော့ နည်းနည်း မြန်နေသေးတယ်ထင်လို့ မင်းရဲ့ အမြင်ကို မမေးဘဲ ငြင်းလိုက်တယ်။အစကတော့ ကိုယ် မင်းကို ပြောပြဖို့ အစီအစဥ် မရှိဘူး။ဒါပေမဲ့ နည်းနည်း တွေးကြည့်ပြီးမှ ဒီအကြောင်းကို ဒိုင်ယာရီထဲ ထည့်ရေးဖို့ ကိုယ် ဆုံးဖြတ်လိုက်တယ်။
နည်းနည်းလေးပဲ ထပ်စောင့်ကြရအောင်။ကိုယ့်အထင်ပြောရရင် အခုအချိန် သူတို့နဲ့အတူစားသောက်တဲ့အခါ ကိုယ်တို့ရဲ့ဆက်ဆံရေးကို သူတို့ရဲ့ မျက်လုံးတွေထဲမှာ သူငယ်ချင်းထက် ပိုရုံပဲ ဆိုပြီး မြင်ကြလိမ့်မယ်လို့ ခံစားမိတယ်။နောက်ထပ် နှစ်နှစ်လောက် ကြာရင်တော့ မိသားစုတွေကို ကိုယ်တို့က လက်ထပ်ကြမဲ့စုံတွဲတွေပါဆိုပြီး အတူတူ မိတ်ဆက်ကြမယ်လေ။
အိမ်က အစားအစာတွေက ကျောင်းထက် ပိုကောင်းတယ်။ကိုယ့်ရဲ့ ဝိတ် နည်းနည်းတက်လာပြီလို့ သံသယဖြစ်နေတယ်။ဒါကြောင့် နေ့လည်တုန်းက အောက်ထပ်က gym မှာ ကိုယ် မန်ဘာဝင်လိုက်တယ်။ကျောင်းပြန်ဖွင့်တဲ့ အချိန်ရောက်ရင် ကိုယ် မင်းကို လက်တစ်ဖက်ထဲနဲ့ ပွေ့ချီနိုင်မယ်လို့ မျှော်လင့်တယ်။ အဲ့ဒီမျှော်လင့်ချက်က ပြည့်ဖို့ အလွယ်လေးပါပဲ။
*
၂၀၂၄၊ ဇန်နဝါရီ ၂၆၊ မိုးအုံ့နေတယ်
မဲ့တုန်၊ကိုယ် မင်းကို လေးလေးနက်နက်နဲ့ သတိပေးချင်တယ်။မင်းရဲ့ချစ်သူကောင်လေးကို မင်းလာတွေ့တဲ့ နောက်ဆုံးနေ့က စရေတွက်ရင် ဒီနေ့ဆို လေးရက်တောင် ရှိပြီ။ဒီတော့ ကိုယ် ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခု လိုချင်တယ်။ဆောင်းရာသီပိတ်ရက် မရောက်ခင်အထိ ကိုယ်က ရက်တော်တော်များများ ဂုဏ်ယူဝမ်းမြောက်နေခဲ့တယ်။ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တို့က ခွဲခွာနေရတဲ့ ချစ်သူတွေ မဟုတ်တော့ဘူးဆိုပြီး ဝမ်းသာမိတယ်။ကိုယ် ဝန်ခံပါတယ် ။ကိုယ်က နည်းနည်းတော့ တုံးအတာပဲ။
နေ့လည်က ကိုယ့်မိသားစုနဲ့အတူ ဟူနန်ဟင်းလျာတွေ ထွက်စားကြတယ်။အရသာ ကောင်းတယ်။တိုက်ဆိုင်တာက အဲ့ဒီဆိုင်နဲ့ မင်းတို့အိမ်က နှစ်လမ်းပဲ ခြားတယ်။သီးသန့်အခန်းထဲမှာ ထိုင်ရင်းနဲ့ မင်း အိမ်မှာ ရှိလားလို့ မေးဖို့ ကိုယ်စာပို့ခဲ့တယ်။၂နာရီကြာသွားပြီး ကိုယ် အိမ်ပြန်ရောက်သွားမှ မင်းက ကိုယ့်ဆီ စာပြန်တယ်။
စကားတွေမှာ လေသံအနိမ့်အမြင့် မရှိဘူး။ကိုယ့်ရဲ့စကားလုံးနည်းနည်းလေးဆီက ပြောချင်တဲ့အဓိပ္ပါယ်ကို မင်း နားလည်နိုင်မယ်လို့ ကိုယ် မျှော်လင့်တယ်၊ ရွှယ်ပါ့။
ကိုယ် ဒီနေ့ နည်းနည်း စိတ်တိုနေတယ်။မရှိမဖြစ်အရာတွေကို အစီရင်ခံနေတယ်လို့ ကိုယ် ခံစားရမှာ မဟုတ်ဘူး။
*
၂၀၂၄၊ ဇန်နဝါရီ ၂၈ရက်၊ မိုးနည်းနည်း ရွာတယ်
ကိုယ် ဒီနေ့မနက် နိုးလာတော့ ကိုယ့်လည်ချောင်းက နာကျင်နေတယ်။ဖြစ်နိုင်တာက မနေ့က gym သွားရင်း အအေးမိလာခဲ့တဲ့ ပုံပဲ။အအေးမိပျောက်ဆေး ပူပူလေး တစ်ပန်းကန်တော့ သောက်ပြီးပြီ၊ဆယ်နာရီလောက်ရောက်တော့ ကိုယ် အဖျားတက်လာတော့တာပဲ။အိမ်မှာလည်း လူတွေ မရှိဘူး။ကိုယ့်အမေက သုတေသန လုပ်ငန်းကိစ္စတစ်ခုနဲ့ အလုပ်များနေပြီး တရုတ်နှစ်သစ်ကူးအတွင်းမှာတောင် အနားရမဲ့ပုံ မပေါ်ဘူး။ကိုယ့်အဖေကိုလည်း ဘယ်မှာမှ မတွေ့ဘူး။
နေ့လည်ရောက်တော့ ကိုယ့်အဒေါ်က ကိုယ်က သနားဖို့ကောင်းအောင် အိပ်ရာထဲ လဲနေတာကို တွေ့ပြီး၊သူမက ကိုယ့်အတွက် ဖွယ်တယ်တယ် အရသာနဲ့ ခေါက်ဆွဲစွပ်ပြုတ် တစ်ပန်းကန် ချက်ပေးတယ်။ခေါက်ဆွဲ စားနေရင်းက ဟိုတစ်နေ့က ကိုယ်စားခဲ့တဲ့ ဟူနန် အစားအစာတွေကို ကိုယ် တကယ်လွမ်းမိတယ်။ကံဆိုးတာကတော့ မင်း စာပြန်မှာကို စောင့်နေတာနဲ့ ကိုယ် များများ မစားခဲ့ရတာပဲ။
ကိုယ် အဖျားကျဆေးတစ်ချို့ ထပ်သောက်လိုက်ပြီး ညနေရောက်တဲ့အထိ အိပ်လိုက်တယ်။ အိပ်ရာက နိုးလာတော့ အဖျားကျသွားပြီ။
ကိုယ့်ရဲ့ချစ်သူကောင်လေးဆီက missed call လေးခု ကိုယ် ရခဲ့တယ်။နှမြောစရာပဲ။နောက်ထပ်တစ်ကြိမ် ထပ်ခေါ်တဲ့အခါမှာ ကိုယ်သာ ဖုန်းမကိုင်ခဲ့ရင် မင်း ကိုယ့်အိမ်ကို လာခဲ့မယ်လို့ ပြောခဲ့တယ်။အဲ့ဒီအခါမှာ ကိုယ် အိပ်ရာက နိုးရမဲ့ အချိန်ကောင်း မဟုတ်ဘူးလို့ ကိုယ် တွေးမိတယ်။အကယ်၍ မင်းသာ အိမ်လာခဲ့ရင်၊ ကိုယ့်ဆီကနေ မင်းကို အဖျားကူးသွားမှာ ကိုယ်ကြောက်တယ်။ညနေခင်းရောက်တော့ ကိုယ်လည်း အစာစားချင်စိတ်တွေ ဖြစ်လာတယ်။ကိုယ့်အတွေးထဲမှာ ဟူနန် အစားအစာတွေက ပြည့်နေတယ်။ကိုယ့်ကောင်လေးက ကိုယ့်ကို နာရီဝက်ကြာတဲ့အထိ ပြင်းပြင်းထန်ထန် ဆူခဲ့ပြီးတော့ အဖျားပျောက်ခါစအချိန်မှာ ခန္ဓာကိုယ်ကို ပစ်စလက်ခတ် မနေသင့်ဘူးလို့ ပြောခဲ့တယ်။
ကိုယ့်ကောင်လေးက တစ်စုံတစ်ယောက်ကို ဆူပူတာ အခုမှ ကိုယ် ပထမဆုံး မြင်ဖူးတာပဲ။ခန့်ညားတယ်၊ချစ်ဖို့ကောင်းတယ်။နောက်ဆို ကိုယ်လည်း ဆင်ဆင်ခြင်ခြင် မနေတဲ့ အကြိမ်အရေအတွက်ကို တိုးမြှင့်သင့်သလိုပဲ။ (နောက်တာ)
ကောင်းပြီ၊ ကောင်းသောညပါ။
++++++++