Chapter 35
Viewers 4k

Chapter 35




ယနေ့တွင် ယန်ရှုမင်သည် သူ့အမေ ဈေးဝယ်ထွက်သည်ကို လိုက်ပေးရန် စီစဥ်ထားသည်။သူ တက္ကသိုလ် စတက်ကတည်းက ဆောင်းရာသီနှင့် နွေရာသီအားလပ်ရက်များမှသာ အိမ်ပြန်လာတတ်သည်။ကျောင်းတွင် လုပ်စရာကိစ္စများက အမြဲတစေ များပြားလွန်းသဖြင့် သူ တစ်ခါမှ လွတ်လွတ်ကျွတ်ကျွတ် အနားမယူနိုင်ပေ။ 



မနေ့ညက သူတို့မိသားစုသည် ညစာကို ဟော့ပေါ့ သွားစားခဲ့ကြသည်။ဟော့ပေါ့စားချိန်၏ ပထမတစ်ဝက်သည် ဟော့ပေါ့ကို အားရပါးရ စားသောက်ကြခြင်းဖြစ်ပြီး၊ဒုတိယတစ်ဝက်မှာတော့ ယန်ရှုမင်ထံ ဦးတည်သည့် မေးခွန်းပေါင်းစုံဖြင့် ပြည့်နေသည်။





မင်းမှာ တွဲနေတဲ့သူ ရှိတယ်ပေါ့။ ပြီးတော့ မင်းတွဲနေတဲ့သူက ကောင်လေးတစ်ယောက်တဲ့လား။ 





ထိုအချိန်ရောက်မှသာ ယန်ရှုမင်က ယောကျ်ားလေးတွေကိုသာ ကြိုက်သည်ဟု လူတိုင်း သိသွားကြသည်။



စားပွဲတွင် လူအများကြီး မရှိပေ။ယန်ရှုမင်၏မိဘများ၊ဦးလေးနှင့် အဒေါ်ဖြစ်သူ၊နောက်ဆုံးတစ်ယောက်မှာ အထက်တန်းဒုတိယနှစ်တက်နေသော အဒေါ်၏ သမီးဖြစ်သည်။ညစာစားရတာ အဆင်ပြေချောမွေ့နေသည်တော့ မဟုတ်ခဲ့ပေ။သူ့မိဘများက အချိန်အများစု၌ တိတ်ဆိတ်နေခဲ့သော်လည်း သူ့ဦးလေးနှင့်အဒေါ်က မွန်းကြပ်နေသည့် အခြေအနေကို ပြေလျော့စေချင်သည့်နှယ် သူ့ကို မေးခွန်းများဖြင့် အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။အဆုံးတွင်တော့ သူတို့နှစ်ယောက်သည် ယန်ရှုမင်၏ အထက်တန်းကျောင်းအတန်းဖော်များ၊ကောလိပ်မှ သူငယ်ချင်းများနှင့် နှစ်ပေါင်းများစွာ ပေါင်းသင်းခဲ့ကြသော အသိအကျွမ်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက် များကို လုံလုံလောက်လောက် စုစည်းမိသွားကြသည်။





ယန်ရှုမင်တို့ မိသားစု၏ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်များသည် မဲ့တုန်တို့ မိသားစုနှင့် နှိုင်းယှဥ်လျှင် ပို၍ ရိုးရှင်းသည်။သူ့အမေ မဒမ်ဝေါင်က တက္ကသိုလ်ပါမောက္ခတစ်ဦး ဖြစ်ပြီး၊သူ့အဖေ လောင်ယန်က အင်ဂျင်နီယာတက္ကသိုလ်တွင် သုတေသနပညာရှင်တစ်ဦးဖြစ်သည်။ 



သူတို့နှစ်ဦးလုံး၌ တစ်ဖက်ပိတ် အမြင်ကျဥ်းသော အကျင့်စရိုက်များ မရှိကြသော်ငြား သူတို့၏ အတွေးအခေါ်များက အတော်လေး ရှေးရိုးစွဲသည်။သူတို့သား၏ ရွေးချယ်မှုက ယောကျ်ားဖြစ်နေသည်ကို သူတို့က ချက်ချင်း လက်မခံပေးနိုင်ကြပေ။





မနေ့ညက အိမ်ပြန်ရောက်ချိန်တွင် လေထုက တစ်မျိုးတစ်ဖုံ ကသိကအောက် ဖြစ်နေခဲ့သည်။သူတို့သုံးယောက်က စကားအနည်းငယ်ပင် မပြောဖြစ်ပေ။ည ၁၁နာရီဝန်းကျင်တွင် မဒမ်ဝေါင်က ယန်ရှုမင်ကို WeChat မှ စာပို့ခဲ့ပြီး နောက်နေ့ သူမနဲ့အတူတူ ဈေးဝယ်ထွက်ဖို့ ပြောခဲ့သည်။ထိုဈေးဝယ်ထွက်မည် ဆိုသည်က အကြောင်းပြချက်တစ်ခုမျှသာ ဖြစ်ပြီး၊အစစ်အမှန် ရည်ရွယ်ချက်မှာ သားအမိချင်း ပွင့်ပွင့်လင်းလင်း စကားပြောရန် ဖြစ်သည်ကို ယန်ရှုမင် သိသည်။ 



နောက်နေ့ မနက်၉နာရီတွင် သားအမိနှစ်ယောက် အပြင်ထွက်ခဲ့ကြသည်။ယန်ရှုမင်က ကားမောင်းပြီး မဒမ်ဝေါင်က ဘေးခုံတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ 



မီးနီနေသဖြင့် သူတို့ စောင့်ဆိုင်းနေစဥ် ယန်ရှုမင်၏ဖုန်းက အသံမြည်လာခဲ့သည်။သူက နားကြပ်တပ်လိုက်ပြီး ပေါ့ပေါ့ပါးပါးဖြင့် ဖုန်းကိုင်လိုက်သည်။မဲ့တုန်၏ အသံထဲမှ တွန့်ဆုတ်နေမှုကို သူ ချက်ချင်း အာရုံခံမိသဖြင့် မေးလိုက်သည်။ 



"ဘာဖြစ်လို့လဲ။" 



"ဘာမှတော့ မဟုတ်ပါဘူး။ ကျွန်တော့်အဖေက ခင်ဗျားကို တွေ့ချင်လို့တဲ့။ဒါပေမဲ ခင်ဗျား အလုပ်များနေတယ်ဆိုလည်း အဆင်ပြေပါတယ်။ကျွန်တော် သူတို့ကို မနက်ဖြန်မှလို့ ပြန်ပြောလိုက်မယ် ..." 



ယန်ရှုမင်က ရှေ့မှ မီးနီကို ကြည့်နေရင်း အကြည့်မလွှဲဘဲ 



"ဒီနေ့မနက် ကိုယ် တကယ် အလုပ်များနေတယ်။ကိုယ် ဒီမှာ ဂရုစိုက်စရာကိစ္စအချို့ ရှိနေလို့။နေ့လည်ခင်းကျမှ လာလို့ ရလား။"





"ရပါတယ်၊ ခင်ဗျား အလုပ်များနေတာပဲ။ကျွန်တော်တို့ နောက်အချိန်တစ်ခု စီစဥ်လို့ ရတယ်။ကျွန်တော်လည်း ခင်ဗျားကို ချက်ချင်းကြီး ခေါ်မတွေ့ဖို့ ဖေဖေကို ပြောပြပါတယ်။အမ်း ... ခင်ဗျားရဲ့မိသားစုကတော့ ခင်ဗျားကို ခက်ခဲအောင် မလုပ်ကြပါဘူးနော်၊ဟုတ်တယ်မလား။" 



ယန်ရှုမင် ပြုံးလိုက်သည်။ 



"မလုပ်ပါဘူး၊မစိုးရိမ်ပါနဲ့။" 



စကားအနည်းငယ် ပြောပြီးနောက် သူတို့ ဖုန်းချလိုက်သည်။ 



မဒမ်ဝေါင်က စကားမပြောခင် ခဏစောင့်ပြီးမှ 



"မဲ့တုန် လား" 



ယန်ရှုမင် မညာခဲ့ပေ။ 



"ဟုတ်ပါတယ်" 



မဒမ်ဝေါင်က တည့်တိုး ပြောသည်။ 



"မင်းတို့နှစ်ယောက် လမ်းခွဲလို့ ရလား။" 



ယန်ရှုမင်က အခိုင်အမာပြန်ဖြေသည်။ 



"မရဘူး" 





မီးနီက သိပ်မကြာပေ။ကားကို ပြန်၍ မောင်းနှင်လာခဲ့သည်။ယနေ့သည် ဆောင်းရာသီပိတ်ရက်အတွင်းရှိ အလုပ်ဆင်းရက် ဖြစ်သော်ငြား လမ်းမကြီးပေါ်တွင် ကားအနည်းငယ်သာ ရှိသည်။ဖြည်းညင်းစွာ မောင်းနှင်သော အရှိန်နှုန်းကြောင့် ကားအတွင်း၌ ပို၍ တိတ်ဆိတ်နေခဲ့ပါ၏။ 



မဒမ်ဝေါင်သည် ခေါင်းကို ပြတင်းပေါက်ရှိရာဘက်သို့ လှည့်ထားရင်း အတွေးထဲ နစ်မျောနေခဲ့သည်။နောက်ထပ် မီးပွိုင့်တစ်ခုအရောက်တွင် စကား ထပ်ပြောသည်အထိ သူမက တိတ်ဆိတ်နေခဲ့သည်။ 



"မနေ့ညက မင်းရဲ့ကလေးအရွယ်က ဓါတ်ပုံအယ်လ်ဘမ်ကို အမေကြည့်ခဲ့တယ်။မင်း ငယ်ငယ်တုန်းက အတော်လေး ချစ်စရာကောင်းတာပဲ။မင်း မှတ်မိသေးလား။တခြားကောင်လေးတွေဆို သူတို့မိဘတွေက ကလေးမလေးတွေနဲ့ ကြိုတင်စီစဥ်ပေးတဲ့ စေ့စပ်ပွဲကို လိုချင်နေခဲ့တာကို ဟာသလုပ်ပြီး ပြောနေကြတာ။ပြီးတော့ မင်းက ပြောခဲ့တယ်။မင်းနဲ့လက်ထပ်ချင်တဲ့ ကောင်မလေးတွေ အများကြီးရှိတယ် ဆိုပြီးလေ။"



ယန်ရှုမင်၏ နှုတ်ခမ်းလေးက ကွေးညွှတ်သွားပြီး လေသံကလည်း သက်တောင့်သက်သာဖြင့် 



"ကျွန်တော် အဲ့ဒီတုန်းက အကြောင်းတွေကို သေချာမမှတ်မိတော့ဘူး။" 



မဒမ်ဝေါင်က သူ့ကို လှည့်ကြည့်လာသည်။ 



"အခု ဆိုရင်ရော။ မင်မင် ၊ မင်းက အသက် ၂၁နှစ်ပဲ ရှိသေးတာ။မင်း ကောင်လေးတွေကိုပဲ ကြိုက်တယ်ဆိုတာ တကယ်မဟုတ်တာလဲ ဖြစ်နိုင်တာပဲ။ ဒါက ခဏတာ စိတ်ကစားတာလည်း ဖြစ်နိုင်တယ်လေ။" 



ယန်ရှုမင်က သဘောတူသည့်ဟန်ဖြင့် ခေါင်းငြိမ့်လိမ့်မည်ဟု မဒမ်ဝေါင်က မထင်ထားခဲ့ပေ။သူက ပြောသည်။ 



"ကျွန်တော် ယောကျ်ားတွေကို တကယ်ပဲ မကြိုက်ဘူး။ ကျွန်တော် မဲ့တုန်ကိုပဲ ကြိုက်တယ်။" 



မဒမ်ဝေါင်က သူ့စကားများကို မလွတ်တမ်း အသုံးချလိုက်သည်။ 



"ဒါဆို မင်းနဲ့ မဲ့တုန်တို့ လမ်းခွဲပြီးရင် မိန်းကလေးတစ်ယောက်နဲ့ တွဲလို့ရတယ်လို့ ဆိုလိုတာလား။" 



ဒီအချိန်တွင်တော့ ယန်ရှုမင်က သေချာပေါက် ခေါင်းခါလိုက်သည်။ 



"ကျွန်တော် ဒီလို ယူဆမှုမျိုး မလုပ်ဘူး။အမေ၊ အမေလည်း ကျွန်တော့်အကြောင်း ကောင်းကောင်းသိနေတာပဲ။ကျွန်တော်က လုပ်ဖို့ ဆုံးဖြတ်ထားပြီဆိုရင် အမြဲ ဖြစ်အောင် လုပ်တယ်။အမေတို့က ကျွန်တော့်ကို ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိအောင် လုပ်ပေးခဲ့တယ်။ဒါပေမဲ့ ကျွန်တော်ကတော့ ကိုယ့်ဘာသာ ပုံဖော်ထုဆစ်ချင်တယ်။ဒါကို အပြစ်အနာအဆာတစ်ခုလို့ ကျွန်တော် မမြင်ဘူး။" 



မဒမ်ဝေါင်သည် ယန်ရှုမင်၏ အတွေးအခေါ်များကြောင့် အမြဲတမ်း ဂုဏ်ယူနေတတ်သည်။သို့သော် အခုတော့ ထိုအတွေးအခေါ်များက သူမကို ခေါင်းကိုက်လာစေတော့သည်။ 



လူသားများသည် ကိစ္စတိုင်းတွင် အမြဲတမ်း အတွေးလွန်လေ့ရှိတတ်သည်။၎င်းက လူ့သဘာဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်သည်။မဒမ်ဝေါင်သည်လည်း ထိုအပြစ်အနာအဆာမှ မလွတ်ကင်းချေ။ 



မဒမ်ဝေါင်တစ်ယောက် သားဖြစ်သူကြောင့် ကြက်သေသေသွားရသည့် ပထမဆုံးအကြိမ်မှာ ယန်ရှုမင်၏ အထက်တန်းဂျူနီယာနှစ်တွင် ဖြစ်သည်။သားဖြစ်သူက စိတ်အခြေအနေမကောင်းသည့် သူငယ်ချင်းတစ်ယောက်အား ဖုန်းပြောပြီး နှစ်သိမ့်ပေးနေသည်ကို သူမက မတော်တဆ ကြားမိခဲ့သည်။ယန်ရှုမင်က နှစ်သိမ့်စကား အနည်းငယ် ပြောပြီးနောက်တွင် ပူပင်ကြောင့်ကြမဲ့သော လေသံဖြင့် ပြောသည်။ 



"မင်းရဲ့ဘဝက မင်းပိုင်တာပဲ။မင်း အလိုရှိတဲ့အတိုင်း ဘဝကို နေထိုင်လိုက်။မင်း သေရမှာကြောက်နေရင်တော့ မွေးဖွားမလာခဲ့နဲ့ပေါ့။"





ယန်ရှုမင် ထိုစကားများ ပြောနေသည်ကို မဒမ်ဝေါင်အဖို့ စိတ်ကူးကြည့်ရန်ပင် ခက်ခဲသည်။အမှန်တကယ်တွင် ထိုအချိန်က ယန်ရှုမင်သည် သိမ်မွေ့နက်နဲသော ပုန်ကန်တတ်သည့် ကာလကို ဖြတ်သန်းနေရပြီး သူ့ရဲ့စိတ်နေစိတ်ထားက လုံလောက်အောင် မရင့်ကျက်သေးပေ။သို့သော် ထိုစကားများက မဒမ်ဝေါင်ကို ငယ်ရွယ်ခြင်း၏ အရိုင်းဆန်မှုနှင့် ပတ်သက်သော အတွေးအမြင်များ ပေးခဲ့ပြီး သူ့သားက ဘယ်လိုလူစားမျိုးဖြစ်သည် ဆိုသည့် အကြောင်းကို သိစေခဲ့သည်။ 



သူမက ဒီကိစ္စကို ဂုဏ်ယူခဲ့သည်။ သူမ၏သားက သူ့ဘဝသူ တာဝန်ယူနိုင်သည်အထိ ကိုယ့်ကိုကိုယ် ယုံကြည်မှုနှင့် သတ္တိများ ရှိနေခဲ့သည်။အခုထိ သူမ စိုးရိမ်ကြောက်လန့်နေသည်က ယန်ရှုမင်တစ်ယောက် ထိန်းချုပ်လို့ မရအောင် ဆိုးရွားသည့် ဖြစ်ရပ်များနှင့် ကြုံတွေ့ပြီး သူ့ရဲ့ယုံကြည်ချက်တွေကို ရိုက်ချိုးခံလိုက်ရမည့် နေ့တစ်နေ့ကိုသာ ဖြစ်သည်။ထို့အပြင် လိင်တူကြိုက်နှစ်သက်မှုသည် ထိန်းချုပ်လို့ မရအောင် ဆိုးရွားသည့် ဖြစ်ရပ်များထဲမှ တစ်ခု ဖြစ်နေသည်က အသေအချာပင်။ 



မဒမ်ဝေါင်သည် သူမ၏ပါးစပ်ကို အကြိမ်များစွာ ဖွင့်လိုက်သော်လည်း ဘာပြောရမည်ကို မသိပေ။ 



သူမက ယန်ရှုမင်ကို လှည့်ကြည့်လိုက်ပြီး သူမ၏သားက သူစိမ်းတစ်ယောက်ဖြစ်သွားသည်ဟု ရုတ်တရက် ခံစားမိလိုက်သည်။ 



ယန်ရှုမင်သည် သူ၏ယာဥ်မောင်းလိုင်စင်ကို ကောလိပ်ဝင်ခွင့်စာမေးပွဲ အပြီးတွင် ရရှိခဲ့သည်။မိသားစုတွေ့ဆုံပွဲများတွင် သူ့မိဘများ သောက်ထား၍ ကားမမောင်းနိုင်သောအခါမှသာ သူက ကားမောင်းသည့် တာဝန်ကို ယူတတ်သည်။ထိုကိစ္စများမှ လွဲ၍ ယန်ရှုမင် ကားမောင်းသည်ကို သူမ မမြင်ဖူးပေ။သူ၏လက်တစ်ဖက်က စတီယာရင်ကို ကိုင်ထားရင်း ရှေ့မှ လမ်းကို အာရုံတစိုက်ဖြင့် ကြည့်ရှုနေသည်။သူ၏ ကျွမ်းကျင်ပြီး လေးနက်တည်ကြည်သော အမူအရာတွင် ရှိုးတိုးရှန့်တန့် ဖြစ်နေသည့် အရိပ်အယောင် အနည်းငယ်ပင် မရှိပေ။





ဘယ်အချိန်ကတည်းက သူက လူကြီးတစ်ယောက်နဲ့ ဒီလောက်အထိ တူသွားရတာလဲ။





သူ ကလေးအရွယ်က ယန်ရှုမင်မှာ တကယ်ကို ချစ်မြတ်နိုးဖွယ်လေး ဖြစ်သည်။သူ့မိဘများက အလုပ်များကြသဖြင့် သူမ၏သားက ကြီးပြင်းလာချိန်တစ်လျှောက်၌ သင့်တော်သည့် အာဟာရများ မရရှိမှာကို မဒမ်ဝေါင်က စိတ်ပူနေခဲ့သည်။ထို့ကြောင့် မဒမ်ဝေါင်က ယန်ရှုမင်အတွက် အာဟာရအချိုးအစား ပြည့်မှီကောင်းမွန်သည့် အစားအစာများကို တစ်နေ့ သုံးနပ် စားနိုင်စေဖို့ အာဟာရဗေဒပညာရှင်နှင့် အထူးတလည် ဆွေးနွေးခဲ့ရသည်။သူ မူလတန်းကျောင်းမတက်ခင်ကတည်းက သူ့မျက်နှာလေးမှာ ပါးဖောင်းဖောင်းမို့မို့လေးနှင့် အလွန်ချစ်စရာကောင်းသဖြင့် တွေ့သည့်လူတိုင်းက နှစ်သက်ကြသည်။ 



မူကြိုကျောင်းမှာကတည်းက ယန်ရှုမင်က အရမ်းထက်မြက်ပြီး ကျီစယ်တတ်သည်။ 



ဆရာမက တစ် အပေါင်း တစ်က နှစ်နှင့်ညီသည်ဟု သင်လိုက်လျှင်၊သူက တစ် အပေါင်း နှစ် မှာ သုံးနှင့် ညီသည်ဟု သူ့ဘာသာ အဖြေထုတ်တတ်ခဲ့သည်။ဆရာမက အပေါင်း၊အနုတ်ပုစ္ဆာ အပုဒ် ၂၀ကို အိမ်စာအဖြစ် ပေးလိုက်သည်။သို့သော် ယန်ရှုမင်သည် ထိုပုစ္ဆာများက လွယ်ကူလွန်းသည့်သဖြင့် ၎င်းတို့ကို တွက်ချက်ရင်း အချိန်မကုန်သင့်ဟု တွေးလိုက်သည်။ထိုအစား သူက စားပွဲခုံပေါ်တွင် ဘလောက်တုံးလေးများနှင့် ကစားနေခဲ့သည်။အိမ်စာထပ်ရမည့်အချိန်တွင် သူက အဖြေများကို သူ့ထိုင်ခုံဖော်ဆီမှ ကူးရေးလိုက်ပြီး အပုဒ်၂၀ လုံးနီးပါး မှားနေခဲ့သည်ကိုသာ တွေ့လိုက်ရသည်။





မူလတန်းကျောင်းတွင် သူက အတန်းခေါင်းဆောင် ဖြစ်လာပြီး၊သူ့အတန်းဖော်အားလုံးကို ကိုယ်ပိုင်စာလေ့လာချိန်တွင် အတန်းလစ်ခိုင်းပြီး တူတူပုန်းတမ်းကစားကြရန် ဦးဆောင်ခဲ့သည်။ကစားပွဲမှာ ကောင်လေးတစ်ယောက် ပျောက်သွားခြင်းဖြင့် အဆုံးသတ်သွားလေရာ ဆရာမက မဒမ်ဝေါင်ကို ကျောင်းသို့ လာစေခဲ့သည်။ကောင်လေးကို အသည်းအသန်ရှာဖွေရပြီး နောက်ဆုံးတော့ ကျောင်းအပြင်ဘက်ရှိ သစ်ခေါင်းပေါက်ထဲတွင် ပြန်တွေ့လေသည်။ 





တစ်ခါက ပါးဖောင်းဖောင်းနှင့် ကျီစယ်တတ်တဲ့ မင်မင်လို ကလေးတစ်ယောက်က ဘယ်အချိန်မှာ တည်ငြိမ်ရင့်ကျက်တဲ့ လူကြီးတစ်ယောက် ဖြစ်လာခဲ့တာလဲ။ 



မဒမ်ဝေါင် မတွေးတတ်တော့ပေ။ 



သူမ၏သားက အမြဲတမ်း သူမနှင့်အတူ ရှိနေခဲ့သော်လည်း ကွဲပြားခြားနားသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်ကို သူမအနေဖြင့် မသိလိုက်ရဟု သဘောပေါက်သွားပြီး မဒမ်ဝေါင်သည် ဝမ်းနည်းခြင်း၊အပြစ်ရှိသခြင်း အများအပြားကို ခံစားလိုက်ရသည်။ 



မသက်ဆိုင်ဘူးဆိုပေမဲ့ သူက ကောင်လေးတစ်ယောက်ကို ကြိုက်နေသင့်ရဲ့လား။ 



မဒမ်ဝေါင်သည် လိင်တူကြိုက်နှစ်သက်ခြင်း အကြောင်းကို သိပါသည်။ယနေ့ခေတ်မှာ လိင်တူချစ်သူတွေ အများကြီး ရှိကြောင်း၊ရောဂါတစ်မျိုးမဟုတ်သလို တရားမဝင်ကိစ္စလည်း မဟုတ်ကြောင်း သူမ သိပါသည်။သို့သော် သူမ၏သားက ဂေးတစ်ယောက် ဖြစ်နေပါက ဘာလုပ်သင့်သည်ကို သူမအနေဖြင့် စိတ်ကူးကြည့်ရန် ခက်ခဲလှသည်။ 



မဒမ်ဝေါင်၏ မျက်လုံးများမှ မျက်ရည်တစ်စက် စီးကျလာသည်။သူမက ချဲ့ကားပြီး ပြောဆိုတတ်သည်မှအပ ငိုခဲသည်။ယန်ရှုမင် အသက် ၂၁နှစ် ရောက်သည်အထိ သူမ ငိုနေသည်ကို မတွေ့ဖူးပေ။သူမက မျက်လုံးထောင့်ကို တစ်ရှူးဖြင့် အမြန်သုတ်ပစ်လိုက်ပြီး နှာခေါင်းရှုတ်လိုက်သည်။ 



ယန်ရှုမင်က ကားကို စင်တာ၏ မြေအောက်ကားပါကင်တွင် ပါကင်ထိုးလိုက်ပြီး စကားပြောဖြစ်သည်အထိ တဒင်္ဂမျှ တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ 



"ကျွန်တော် ကော်ဖီသွားဝယ်ပေးမယ်။ ဒီမှာစောင့်နေဦး။" 



ဆယ်မိနစ်ခန့် ကြာပြီးနောက် ယန်ရှုမင်က အငွေ့တထောင်းထောင်း ထနေသော ကော်ဖီ၂ခွက်ဖြင့် ပြန်လာခဲ့သည်။ 



မဒမ်ဝေါင်က သူမ၏စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်သဖြင့် ကျော့ရှင်းရည်မွန်ပြီး ထက်မြက်သော ပါမောက္ခတစ်ဦးအသွင် ပြန်ဖြစ်သွားခဲ့သည်။ 



ယန်ရှုမင်က သကြားပိုထည့်ထားသည့် ခွက်ကို သူမထံ လှမ်းပေးလိုက်ပြီး အရင်ဆုံး စကားစပြောသည်။ 



"သူနဲ့ကျွန်တော်တို့က ဒီဇင်ဘာလကုန်မှ လူသိရှင်ကြား တရားဝင် တွဲခဲ့ကြတာပါ။ဒီကိစ္စကို အမေတို့ မသိအောင် ဖုံးကွယ်ထားဖို့ ဘယ်တုန်းကမှ ကျွန်တော်မှာ အစီအစဥ်မရှိဘူး။ကျွန်တော့်အနေနဲ့ ဖုံးကွယ်ထားခဲ့လို့ရတယ်။ဒါပေမဲ့ ကျွန်တော် သူ့ကို ချစ်တယ်၊ပြီးတော့ ကျွန်တော် အမေ့ကိုလည်း ချစ်တယ်လေ၊အမေ။" 



မဒမ်ဝေါင်မှာ ထပ်ပြီး ငိုချင်လာတော့သည်။သူမသည် အသံတိုးတိုးဖြင့် 



"မင်း အသက်က ဘယ်လောက်မို့လို့လဲ။အချစ်က ဘာလဲ ဆိုတာတောင် မင်း သိလို့လား။" 



ယန်ရှုမင်က ညင်သာစွာဖြင့် "အမ်း" ဟု တီးတိုးရေရွတ်သည်။ထို့နောက်တွင် မေးလာသည်။ 



"ဒါဆို ကျွန်တော့်ကို သင်ပေးလေ။အချစ်က ဘာလဲ။"



မဒမ်ဝေါင်၏အတွေးများက ခပ်ရှင်းရှင်းပင်။ 



"အချစ်ဆိုတာ ဖြေရှင်းလို့ မရတဲ့ပုစ္ဆာတစ်ပုဒ်ပဲ။အချစ်က ဘာလဲဆိုတာ အမေ မင်းနဲ့ မဆွေးနွေးချင်ဘူး။အမေ ပြောချင်တာကတော့ မင်းမှာ အတွေ့အကြုံ နည်းနေသေးတယ်လို့ပဲ။ဒီအခိုက်အတန့်လေးတစ်ခုမှာ ကြုံတွေ့ခံစားရတာကို ကံကြမ္မာက စီစဥ်ပေးလိုက်တာ ဆိုပြီး မင်းအနေနဲ့ တွေးမိနိုင်တယ်။ဒါက အမှန် မဟုတ်ဘူး။"





ယန်ရှုမင်က ပြန်ဖြေသည်။ 



"ကျွန်တော်နဲ့ မဲ့တုန်တို့ကို ကံကြမ္မာက စီစဥ်ပေးထားတယ်လို့ ကျွန်တော် တစ်ခါမှ မတွေးဖူးဘူး။သူ့ဘက်ကလည်း လုံလောက်အောင် ကြိုးပမ်းအားထုတ်ခဲ့သလို ကျွန်တော့်ဘက်ကဘည်း သူ့လိုပဲမို့လို့ ကျွန်တော်တို့ အတူရှိဖြစ်ခဲ့ကြတာ။"





မဒမ်ဝေါင်လည်း ဘာမှ ထပ်မပြောလိုတော့ပေ။သူမ၏အပြောအဆို၊အသင်အပြကောင်းမှုကို သူမကိုယ် သူမ ဂုဏ်ယူနေခဲ့ရသော တက္ကသိုလ်ပါမောက္ခတစ်ဦးသည် သူမ၏သားနှင့်တော့ ယှဥ်ပြိုင်၍ မငြင်းနိုင်ခဲ့ချေ။မဲ့တုန်ဆိုသည့် ကောင်လေးကို သူမက မကြိုက်၍ မဟုတ်ပေ။သားဖြစ်သူ၏ ရွေးချယ်မှုကို ယုံကြည်ပေးရန် သူမ ဆန္ဒရှိသည်။ထိုကောင်လေးသည် ယန်ရှုမင်၏အားစိုက်ထုတ်မှုများနှင့် ထိုက်တန်သူတစ်ယောက် ဖြစ်ကို ဖြစ်လိမ့်မည်။ 



သူမက ကော်ဖီကို တစ်ငုံသောက်လိုက်သည်။ကော်ဖီ၏ ချိုမြသော အရသာကြောင့် သူမ အံ့ဩသွားရသည်။ထို့နောက် သူမက ဆက်ပြောသည်။ 



"ဒါပေမဲ့ ဒီလမ်းက ခက်ခဲတယ် ၊ မင်မင်။ဒါက အရမ်းခက်ခဲမှာနော်။"





ယန်ရှုမင် ခေါင်းငြိမ့်လိုက်သည်။ 



"ဟုတ်တာပေါ့၊ကျွန်တော် သိပါတယ်။ဒါပေမဲ့ ကျွန်တော့်ကိုယ် ကျွန်တော် ဘယ်တော့မှ သံသယမဖြစ်ဘူး။" 






နေ့လည်ခင်း ၂နာရီတွင် ယန်ရှုမင်သည် ရှေးဟောင်းပစ္စည်းအရောင်းဈေးသို့ မောင်းနှင်လာခဲ့သည်။သူ့အသက် ၂၁နှစ် ရောက်သည်အထိ ဒီလိုနေရာမျိုးကို သူ တစ်ခါမှ မရောက်ဖူးပေ။ 



ဈေးက သက်ဝင်လှုပ်ရှားမှု များများစားစား မရှိပေ။နေရာက သိပ်မကျယ်ဝန်းသလို လူအနည်းငယ်ကသာ ရှေးဟောင်းပစ္စည်းများကို အရောင်းအဝယ် ပြုလုပ်နေကြသည်။လူအများစုကတော့ ဈေးထဲတွင် အေးအေးလူလူ လမ်းလျှောက်ပြီး ဟိုဒီလျှောက်ကြည့်နေကြသည်။ 



မဲ့တုန်သည် ချစ်စရာ ပိုလာဝက်ဝံလေးသဖွယ် ဝတ်ထားပြီး အင်္ကျီအိတ်ကပ်ထဲ လက်ထည့်ရင်း လမ်းဘေးတွင် ရပ်စောင့်နေခဲ့သည်။သူက ယန်ရှုမင်၏ကားကို သတိမထားမိဘဲ ဘေးဘီဝဲယာကို ကြည့်နေခဲ့သည်။ယန်ရှုမင်က ကားဟွန်းတီးလိုက်သဖြင့် မဲ့တုန်က သူ့ခေါင်းကို ဆတ်ခနဲ လှည့်လိုက်ပြီး လည်ပင်းဆန့်၍ တစ်ခဏမျှ ရှာကြည့်လိုက်မှ သူ့ကောင်လေးမှာ ကားမောင်းသူထိုင်ခုံတွင် ထိုင်နေသည်ကို အတည်ပြုလိုက်သည်။ 



ကားပြတင်းပေါက်မှန်ကို ချလိုက်ပြီး ယန်ရှုမင်က မေးသည်။ 



"ကိုယ် ဘယ်နေရာမှာ ပါကင်ထိုးရမလဲ။"



မဲ့တုန်က လက်ကို ဝှေ့ယမ်းလိုက်သည်။ 



"အဆင်ပြေပါတယ်၊ ဝင်ပေါက်မှာပဲ ပါကင်ထိုးခဲ့လိုက်။"





မဲ့တုန်က ယန်ရှုမင်ထက် ပို၍ စိတ်လှုပ်ရှားနေခဲ့ပုံ ရသည်။သူ့စကားများက အနည်းငယ် ထစ်အ ထစ်အ ဖြစ်နေခဲ့သည်။ 



"အမ်း၊ ကျွန်တော့်အဖေက တကယ်ကို သဘောကောင်းတဲ့ လူတစ်ယောက်ပါ။အဲ့ဒါက ...တစ်ခါတစ်လေတော့ သူက နည်းနည်းခေါင်းမာတတ်တယ်။ကျွန်တော်တို့ တွဲနေကြပြီဆိုတာ သူသိတာနဲ့ ခင်ဗျားကို ခေါ်လာခိုင်းတော့တာပဲ။အဲ့ဒီအတွက် တောင်းပန်ပါတယ်။ခင်ဗျား ဒီနေ့ အလုပ်များနေလား။"





ယန်ရှုမင်က မဲ့တုန်၏ဆံပင်လေးကို ဆွဲဖွပစ်လိုက်သည်။ 



"အလုပ်မများပါဘူး။မနက်က ကိုယ့်အမေနဲ့အတူ ဈေးဝယ်ထွက်ခဲ့တယ်၊ပြီးတော့ နေ့လည်စာ အတူစားတယ်။"





မဲ့တုန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ 



"ခင်ဗျားတို့ကို ကျွန်တော် နှောင့်ယှက်မိသလို ဖြစ်သွားပြီလား။"





ယန်ရှုမင်က ခေါင်းခါလိုက်သည်။ 



"မဖြစ်ပါဘူး၊သူမက နေ့လည်ခင်းမှာ လုပ်စရာတစ်ခု ရှိနေလို့၊ပြီးတော့ သူမက ကိုယ်နဲ့ အတူရှိနေဖို့ မစီစဥ်ထားပါဘူး။"





သူတို့နှစ်ယောက် ဆိုင်သို့ လျှောက်လာပြီး ဆိုင်ထဲသို့ ခြေမချရသေးခင်တွင် အလွန်အမင်း ထေ့ငေါ့နေသော နှုတ်ဆက်သံတစ်ခုကို ယန်ရှုမင် ကြားလိုက်ရသည်။ 



"အိုက်ယား၊အိုက်ယား၊ငါတို့ဆီကို ဘယ်လိုလူကများ ကြွရောက်ချီးမြှင့်လာတာပါလိမ့် အာ။" 



++++++++