Chapter 37
တရုတ်နှစ်သစ်၏ နေ့တစ်နေ့တွင် မဲ့တုန်နှင့် ယန်ရှုမင်တို့သည် နှစ်ယောက် တွေ့ပြီး အဝတ်အစားများ အတူ သွားဝယ်ရန် စီစဥ်ထားခဲ့သည်။
ယန်ရှုမင်၏အအေးမိခြင်းက သက်သာလာခဲ့သော်ငြား သူက ရံဖန်ရံခါ ချောင်းဆိုးနေသေးသည်။သူတို့မတွေ့မီ ည၌ မဲ့တုန်သည် လတ်ဆတ်သော သစ်တော်သီးများ ဝယ်ခဲ့ပြီးနောက် အွန်လိုင်းမှ ကျောက်ပွင့်သစ်တော်သီးဟင်းရည် ပြုလုပ်နည်းများကို ရှာဖွေကြည့်နေခဲ့သည်။ချက်နည်းအဆင့်ဆင့်မှာ အလွန်ရိုးရှင်းသော်လည်း ယခင်က မီးဖိုချောင်သို့ တစ်ကြိမ်ပင် မဝင်ခဲ့ဖူးသော သခင်ငယ်လေးအတွက်တော့ ပါဝင်ပစ္စည်းများကို ပြင်ဆင်သည်ကပင် တစ်နာရီခန့် ကြာပါ၏။
[Tremella pear soup - အဆုတ်အားကောင်းစေပါသည်။ပွဲတော်များတွင် အချိုပွဲ အနေနဲ့ သောက်သုံးကြပါသည်။ကျောက်ပွင့်၊သစ်တော်သီး၊ကိုးချီသီး၊စွန်ပလွံသီးများဖြင့် ပြုလုပ်ထားပါသည်။]
နောက်ဆုံးတွင်တော့ သူသည် ပါဝင်ပစ္စည်းများကို ပေါင်းအိုးထဲသို့ ထည့်၍ ကြာချိန်ကို နောက်နေ့မနက်အထိ ချိန်ညှိထားလိုက်သည်။သူ မီးဖိုခန်းမှ ထွက်လာချိန်တွင် ညကိုးနာရီခွဲခန့် ရှိပြီဖြစ်သည်။
မဒမ်တုနှင့် လောင်မဲ့တို့သည် လသာဆောင်တွင် ထိုင်ရင်း နှစ်ယောက်တည်း ဝန်းကျင်ငယ်လေးတစ်ခု ဖန်တီးနေကြသည်။နွေးထွေးသော အိမ်လေးတွင် သူတို့သည် စားပွဲခုံတွင် ထိုင်ကြပြီး လက်ဖက်ရည်ကို အပူပေးလျက် သေးငယ်သော မီးဖိုလေး၏ရှေ့၌ အချင်းချင်း တိုးဝှေ့ပူးကပ်ရင်း အသံတိုးတိုးဖြင့် စကားပြောနေကြသည်။
လောင်မဲ့က သက်ပြင်းချသည်။
"အိုင်း၊ကိုယ့်ဘဝရဲ့ သက်တမ်းတစ်ဝက်လောက်က ကုန်ဆုံးသွားခဲ့ပြီ။အအေးမိဖူးတာလည်း ဘယ်နကြိမ်မှန်းတောင် မသိတော့ဘူး။ဒါပေမဲ့ ကိုယ့်သားက ကိုယ်သောက်ဖို့ဆိုပြီး သစ်တော်သီးဟင်းရည် တစ်ခါမှ မချက်ပေးဖူးဘူး။"
မဒမ်တုက လက်ဖက်ရည်ပူပူကို တစ်ငုံသောက်ရင်း
"အသိခက်အောင် လုပ်နေတာတွေ ရပ်ပါတော့။အမှန်တရားကို စောစောလက်ခံလိုက်ရင် ရှင် နောက်ကျမှ ဝမ်းနည်းမနေရတော့ဘူးပေါ့။"
လောင်မဲ့က သူ့ရင်ဘတ်သူ ဖိလိုက်ရင်း
"မိန်းမ၊ ကမ္ဘာပေါ်မှာ အဝေးဆုံး အကွာအဝေးက ဘာလဲဆိုတာ မင်း သိလား။ကိုယ့်သားက ကိုယ်ရှေ့မှာ ရှိနေတဲ့အချိန်မှာတောင် သူမြင်တာသမျှ အရာတိုင်းက အခြားလူတစ်ယောက် ဖြစ်နေတာပဲ။ ဒီနှစ် ဆောင်းတွင်းက တကယ်ကို အေးစက်တာပဲ။"
မဲ့တုန်က တစ်ခုခု ပြောချင်သည့်နှယ် ပါးစပ်ကို ဟလိုက်ပြီးမှ မီးဖိုခန်းထဲသို့ တိတ်တိတ်လေး နောက်ပြန်ဆုတ်သွားသည်။
သူက ဖုန်းကို ဖွင့်လိုက်ပြီး ယန်ရှုမင်ထံ စာပို့လိုက်သည်။
မဲ့ဇီ : "တစ်စုံတစ်ယောက်က မနာလို ဖြစ်နေပါတယ်။"
ယန်ရှုမင် : "?"
မဲ့ဇီ : "ကျွန်တော် ခင်ဗျားအတွက် ကျောက်ပွင့်သစ်တော်သီးဟင်းရည် ချက်ပေးရင်း အလုပ်ရှုပ်နေတာ၊ ကျွန်တော့်မိဘတွေအတွက်တောင် တစ်ခါမှ မချက်ပေးဖူးဘူး။"
ယန်ရှုမင် : "ဒီလောက်တောင် ဂုဏ်ယူဖို့ ကောင်းတာလား။"
မဲ့ဇီ : [စိတ်တိုနေ.jpg]
ယန်ရှုမင် : "နောက်တစ်ခါကျရင် ကိုယ် မင်းအတွက်ရော၊ အန်ကယ်နဲ့ အန်တီတို့အတွက်ရော ချက်ပေးမယ်။"
မဲ့ဇီ : "ခင်ဗျားချက်တတ်လို့လား။"
ယန်ရှုမင် : "ကိုယ် သင်မှာပါ။"
မဲ့ဇီ : "အဲ့ဒါဆို မချက်တတ်ဘူးလို့ ပြောချင်တာပဲ။"
ယန်ရှုမင် : "ကိုယ်က လက်ရှိမှာ သင်ယူနေတဲ့ အခြေအနေပါ။"
*
ရှောင်းညန် ဈေးဝယ်စင်တာသည် အတော်လေးကို လူစည်ကားလှသည်။မဲ့တုန်သည် စင်တာဝင်ပေါက်တွင် ဟောသွန်းသီးယို တုတ်ထိုးများ ရောင်းချနေသော ဆိုင်ငယ်လေးကို ကြည့်နေမိသည်။ထို့ကြောင့် သူ့ကောင်လေးက သူ့ကို ဟောသွန်းသီးအများကြီးပါသော မယုံနိုင်အောင် ရှည်လျားသည့် ဟောသွန်းသီးယိုတုတ်ထိုးတစ်ချောင်း ဝယ်ကျွေးလေသည်။
မဲ့တုန် ဟောသွန်းသီးယိုတုတ်ထိုးတစ်ချောင်း ရသွားချိန်တွင် ဘေးပတ်ဝန်းကျင်ရှိ ကလေးအများစုက မနာလိုသော အကြည့်များဖြင့် သူ့ကို ဝိုင်းကြည့်လာကြသည်။သခင်ငယ်လေးမှာ သူ့ကိုယ်သူ ကလေးဆန်မိသည်ကို သိသွားပြီး ရှက်ရွံ့လာသဖြင့် ၊လူမြင်ကွင်း၌ ထင်ရှားလှပါသော ဟောသွန်းသီးယိုတုတ်ထိုးကြီးကို အမြန် ကုန်စိမ့်သောငှာ တစ်ကိုက်လျှင် နှစ်လုံးနှုန်းဖြင့် အမြန်စားလေသည်။
ဟောသွန်းသီးများက အလွန်ချဥ်သဖြင့် ယန်ရှုမင်က နို့လက်ဖက်ရည်ဝယ်ရန် သွားခဲ့သည်။မဲ့တုန်ကတော့ နို့လက်ဖက်ရည်ဆိုင် ရှေ့ရှိ ထိုင်ခုံတွင် ထိုင်ရင်း ယန်ရှုမင် ပြန်ထွက်အလာကို စောင့်နေလေသည်။
ဤစင်တာသည် အနီးအနားဝန်းကျင်တွင် အကြီးမားဆုံး ဈေးဝယ်စင်တာ ဖြစ်သည့်အပြင် တရုတ်နှစ်သစ်ကူးကလည်း နီးကပ်နေလေရာ အသိအကျွမ်းများနှင့် အမှတ်မထင် ဆုံတွေ့ရသည်မှာ ပုံမှန်ပင် ဖြစ်သည်။
ပါးစပ်ထဲတွင် ဟောသွန်းသီးများ အပြည့်ရှိနေသော မဲ့တုန်သည် အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးနှင့် သူ့ဇနီးက အိတ်ကြီး အိတ်ငယ်များကို ဆွဲ၍ သူ ရှိရာဘက်သို့ လာနေသည်ကို တွေ့လိုက်ရသည်။မဲ့တုန်လည်း အမြန်ထရပ်လိုက်ပြီး ပါးစပ်ထဲက အသီးများကို ကမန်းကတမ်း ဝါးစားလိုက်သည်။
နောက်ဆုံး၌ သူ့ပါးစပ်ထဲတွင် ရှိသမျှ အကုန် မြိုချပြီးနောက် ဆရာကြီးကလည်း အနီးအနားသို့ ရောက်လာသဖြင့် သူက ယဥ်ကျေးစွာဖြင့် လှမ်းနှုတ်ဆက်လိုက်သည်။
"ကျောင်းအုပ်ကြီးနဲ့ ကျောင်းအုပ်ကြီးကတော်တို့ ခင်ဗျာ။"
မဲ့တုန် အထက်တန်းဘွဲ့ရပြီးသည်မှာ တစ်နှစ်ခွဲခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ထို့နောက်တွင် ကျောင်းအုပ်ကြီးမှာ အခုမှသာ ပထမဆုံးအဖြစ် မဲ့တုန်နှင့် ပြန်တွေ့ရခြင်း ဖြစ်ပါသည်။မဲ့တုန်က စကားပြောရသည်ကို မကြိုက်သည့်အပြင် သူငယ်ချင်းထားရသည်ကိုလည်း မကြိုက်သည်ကို သူ မှတ်မိပါသည်။မဲ့တုန်အနေဖြင့် ဘွဲ့ရပြီးနောက် ကျောင်းတော်ကြီးကို ပြန်လာလည်မည်ဟုလည်း သူ ဘယ်တော့မှ မထင်ပေ။ထို့ကြောင့် ဒီနေ့ မဲ့တုန်ကို တွေ့ရသဖြင့် သူ တကယ်ပဲ ပျော်မိသည်။
သူ အားရပါးရ ပြုံးပြလိုက်သည်။
"မဲ့တုန် အာ၊ နှစ်သစ်ကူးအတွက် အဝတ်အစားသစ်တွေ လာဝယ်တာလား။"
မဲ့တုန် ခေါင်းငြိမ့်လိုက်သည်။
ကျောင်းအုပ်ကြီးက သူ့ဇနီးကို မဲ့တုန်နှင့် မိတ်ဆက်ပေးသည်။
"မင်း မဲ့တုန်ကို သိလား။ငါ မင်းကို အရင်က ဒီကလေးအကြောင်း ပြောပြဖူးတယ်။လွန်ခဲ့တဲ့ ၂နှစ်က စီနီယာအတန်းမှာ သူက ထိပ်ဆုံးကျောင်းသားလေ။သူ နန်ကျင်းတက္ကသိုလ်ကို ဝင်ခွင့်ရတာ ငါမှတ်မိသေးတယ်၊ဟုတ်တယ်မလား။"
ဆရာကတော်က ကြင်နာစွာ ပြုံးပြသည်။
"ဟယ်လို၊ မဲ့တုန်ရေ။သူ အိမ်ပြန်ရောက်တာနဲ့ မင်းအကြောင်း မကြာခဏ ပြောနေကျပဲ။"
ကျောင်းအုပ်ကြီးက ဆက်ပြောသည်။
"အိုင်း၊ ပြောနေရင်းနဲ့မှ တိုက်တိုက်ဆိုင်ဆိုင်ပဲ။ မင်း ယန်ရှုမင်ကို သိလား။မင်းရဲ့ ရှေ့တစ်နှစ်ကလေ။မင်းတို့နှစ်ယောက်လုံး နန်ကျင်းတက္ကသိုလ် တက်နေကြတာပဲ။"
ကျောင်းအုပ်ကြီး ထိုသို့ ပြောနေချိန်တွင် ယန်ရှုမင်က နို့လက်ဖက်ရည် နှစ်ခွက် ကိုင်၍ ထွက်လာခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင်ဖြင့် သူ့နာမည်ကို ကြားသွားခဲ့သည်။အပြုံးများ ရောစွက်နေသော အသံဖြင့် သူက မဲ့တုန်တို့ စကားပြောနေသည်ကို ကြားဖြတ်ပြောလိုက်သည်။
"ကျွန်တော့်အကြောင်း ပြောနေကြတာလား။"
ကျောင်းအုပ်ဆရာကြီးသည် အမှန်တကယ် အံ့ဩသွားခဲ့သည်။လွန်ခဲ့သော နှစ်အနည်းက သူ၏ ဂုဏ်ယူရဆုံး ကျောင်းသားများမှာ မဲ့တုန်နှင့် ယန်ရှုမင်တို့ ဖြစ်ကြပြီး ယခု ဤနေရာတွင် ထိုသူနှစ်ယောက်က ရှိနေခဲ့သည်။ကျောင်းအုပ်ကြီးက သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီး
"မင်းတို့နှစ်ယောက် အတူလာကြတာလား အာ။ငါက မင်းတို့အချင်းချင်း မသိကြဘူးလို့ ထင်နေတာ။"
ယန်ရှုမင်က သဘာဝကျစွာဖြင့် နို့လက်ဖက်ရည် ၂ခွက်ကို ကျောင်းအုပ်ကြီးနှင့် သူ့ဇနီးထံသို့ ကမ်းပေးလိုက်သည်။
"သောက်ကြပါဦး၊သကြားမထည့်ထားပါဘူး။"
ထို့နောက် သူက မဲ့တုန်ဘက် လှည့်၍ ကြားနိုင်ရုံမျှ အသံလေးဖြင့် တီးတိုးပြောလိုက်သည်။
"နောက်မှ ကိုယ် မင်းကို တစ်ခွက် ပြန်ဝယ်ပေးမယ်။"
မဲ့တုန် တိတ်တဆိတ် ရှက်သွေးဖြာသွားသည်။ဘွဲ့ရပြီးသည်မှာ သူက နှစ်နှစ်၊ယန်ရှုမင်က သုံးနှစ် နီးနီး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။သို့သော် ကျောင်းအုပ်ကြီး၏ ရှေ့တွင် ဖြစ်သောကြောင့် ဆယ်ကျော်သက်အရွယ် ရည်းစားထားခြင်းကို ဖမ်းမိသွားသကဲ့သို့ ခံစားရသည်။မဲ့တုန်က လည်ချောင်းရှင်းလိုက်သော်လည်း ဘာမှမပြောဖြစ်ဘဲ တိတ်ဆိတ်နေခဲ့သည်။
ကျောင်းအုပ်ကြီးက ဆက်၍ ငြင်းပယ်ဆဲ ဖြစ်သည်။
“ငါမသောက်ဘူး၊မသောက်ပါဘူး၊ဒါက မင်းတို့ကလေးတွေ သောက်တဲ့ဟာပဲ။ဒါ့ပြင် တပည့်တွေက ဆရာကို ပြန်ဝယ်ကျွေးရတယ် ဆိုတာ မမှန်ကန်ဘူး။”
သူတို့အုပ်စုသည် အတော်ကြာသည်အထိ စကားပြောနေကြပြီး ကျောင်းအုပ်ကြီးက သူတို့အချင်းချင်း သိနေသည့်အကြောင်းကို တော်တော်လေး အံ့ဩနေဆဲ ဖြစ်သည်။သူက အသက်ကြီးလာတာကြောင့် ဖြစ်မည်၊ ပြောပြီးသားအကြောင်းအရာများကို အဆုံးမရှိအောင် ထပ်တလဲလဲ ပြန်ပြောနေခဲ့သည်။သူတို့ လေးယောက်သည် နို့လက်ဖက်ရည်ဆိုင် အပေါက်ဝတွင် စကားရပ်ပြောနေကြပြီး ကျောင်းတက်စဉ်အချိန်က ယန်ရှုမင်၏ အကြောင်း ပြန်ပြောပြသည်ကို နားထောင်နေခဲ့သည်။
“မင်းက နန်ကျင်းတက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ဖြစ်လာခဲ့တယ်လို့ ငါ ကြားတယ်။ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့တာပဲ အာ။မင်းက အမြဲတမ်း အလျှော့မပေးတတ်တဲ့ ကလေးတစ်ယောက် ဖြစ်ခဲ့တာပဲ။အထက်တန်းကျောင်းမှာတုန်းက ရုံးခန်းထဲမှာ ငါတို့လို ဆရာဆရာမတွေက မင်းအကြောင်း ပြောနေကြတာ။အကယ်၍ မင်းက အဆင့်တွေ မကောင်းဘူးဆိုရင်တောင်မှ မင်းရဲ့ကိုယ်ရည်ကိုယ်သွေး တစ်ခုထဲနဲ့တောင် မင်းကို လူ့အသိုင်းအဝိုင်းကြားမှာ အောင်မြင်အောင် လုပ်ပေးနိုင်လိမ့်မယ် တဲ့။ဒါကို ပြောရင်းနဲ့မှ မဲ့တုန်ကိုလည်း တစ်ခု ပြောရဦးမယ်။ငါတို့တွေ အရင်က မင်းရဲ့အကြောင်းကိုလည်း ပြောဖြစ်ကြပါတယ်။ဘာပဲဖြစ်ဖြစ် မင်းတို့နှစ်ယောက်ရဲ့ အကြောင်းတွေကို ငါတို့တွေ ပြောခဲ့ကြတာပဲ။ မင်းတို့ နှစ်ယောက်လုံးက မင်းတို့ရဲ့အတန်းမှာ ထိပ်တန်းကျောင်းသားတွေပဲဆိုပေမဲ့ ကိုယ်ရည်ကိုယ်သွေး၊စိတ်နေစိတ်ထားတွေက လုံးဝ တခြားစီပဲ။မင်းက အမြဲတမ်း တိတ်တိတ်နေပြီး အုပ်စုလိုက် လှုပ်ရှားမှုတွေမှာလည်း မပါဘူး။အဲ့လို မလုပ်သင့်ဘူး၊မဲ့တုန်။မင်း အခုရော ဒီလိုမျိုးပဲလား။”
မဲ့တုန် ရှက်သွားခဲ့သည်။အရင်က အခြားသူတွေက သူ့ရဲ့ စိတ်နေစိတ်ထားအကြောင်း ဆွေးနွေးလျှင် သူ့အကျင့်က ဘယ်သူ့ကို ထိခိုက်စေလို့လဲ ဟု တွေးနေမိပြီး၊သူ မသက်မသာ ခံစားနေရလေ့ရှိသည်။အခုတော့ သူက ပို၍ ရင့်ကျက်လာခဲ့ပြီး ၊ဆရာများ၏ စိုးရိမ်ပူပန်မှုအားလုံးက သူကောင်းဖို့အတွက်သာ ဖြစ်ကြောင်း နားလည်နိုင်ခဲ့ပြီ ဖြစ်သည်။မဲ့တုန်သည် မည်သို့ တုံ့ပြန်ရမည် ကို မသိပေ။ထို့ကြောင့် ဤသို့ ပြောခဲ့သည်။
“အဲ့ဒီအကျင့်ကို ကျွန်တော် ပြောင်းလဲနေပါပြီ။”
ထိုစကားလုံးများက ယန်ရှုမင်ကို ရယ်မောသွားစေသဖြင့် မဲ့တုန်က သူ့ကို တစ်ချက် ကြည့်လိုက်သည်။
ယန်ရှုမင်က သူ့ကောင်လေး၏ မကျေမနပ်ဖြစ်မှုကို အာရုံခံမိသဖြင့် အရာအားလုံး အဆင်ချောသွားအောင် လုပ်ဖို့ ပြင်လိုက်သည်။
“သူ အမှန်တကယ် ပြောင်းလဲနေပါတယ်။သူက အပြင်ထွက်ပြီး ကျွန်တော်နဲ့အတူ ဈေးဝယ်ထွက်ဖို့တောင် ဆန္ဒရှိနေပြီပဲ၊ မဟုတ်ဘူးလား။”
ကျောင်းအုပ်ကြီးက စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။
“မင်းတို့နှစ်ယောက် အချင်းချင်း သိနေကြမယ်လို့ ငါလုံးဝ ထင်မထားဘူးကွာ။လွန်ခဲ့တဲ့ ရက်အနည်းငယ်ကသာ ဒါကို ကြိုသိရင် မင်းတို့ကို တွေ့ဆုံပွဲလာဖို့ ငါ ဖိတ်ပါတယ်။အို့ ... ဟုတ်တာပဲ၊ အာ။မဲ့တုန် မနက်ဖြန်ဆို မင်းတို့ အတန်းရဲ့ ကျောင်းသားဟောင်းပြန်လည်တွေ့ဆုံပွဲ ရှိတယ် မဟုတ်လား။အတန်းခေါင်းဆောင်က ငါ့ကို တက်ရောက်ဖို့ လာဖိတ်ခဲ့တယ်။မင်း သွားမှာလား။"
မဲ့တုန် ဒီတစ်ကြိမ်တော့ အမှန်တကယ်ပင် ရှက်သွားခဲ့သည်။သူ ထိုတွေ့ဆုံပွဲ အကြောင်း လုံးဝမသိပေ။
ယန်ရှုမင်က နောက်တစ်ကြိမ် ထပ်ပြီး သူ့အတွက် ပြောပေးခဲ့သည်။
“ဒီရက်ထဲ သူက နည်းနည်း အလုပ်များနေခဲ့တာ၊ သူ့ခမျာ ကျွန်တော်နဲ့အတူ အပြင်ထွက်လာဖို့အတွက်ကို အကြိမ်ကြိမ် စီစဥ်ခဲ့ရတယ်။သူ မနက်ဖြန် ဒါကို လုပ်နိုင်မလား ကြည့်ရအောင်ပါ။”
ကျောင်းအုပ်ကြီးက နားလည်ဟန်ဖြင့် ခေါင်းငြိမ့်သည်။
“မင်းတို့လို လူငယ်တွေက ငါတို့လို အလုပ်လုပ်နေတဲ့ လူကြီးတွေထက် ပိုပြီး အလုပ်များကြတာပဲ။ဒါပေမဲ့ မင်းတို့ ဘာတွေနဲ့ အလုပ်များနေကြတာလဲ ဆိုတာ ငါ အံ့ဩမိနေတုန်းပဲ။ဘာပဲဖြစ်ဖြစ်ပါ၊ ငါ မင်းတို့နှစ်ယောက်ကို အကြာကြီး ဆွဲမထားနိုင်ဘူးလေ။ မင်းသာ အခွင့်အရေးရမယ်ဆိုရင် မနက်ဖြန် တွေ့ဆုံပွဲမှာ ငါတို့ ပြန်တွေ့ကြမယ်။ယန်ရှုမင်၊ မင်းလည်း အားနေခဲ့ရင် ဘာလို့ အတူတူ လိုက်မလာရမှာလဲ။လူတိုင်းက မင်းကို သိနေတာပဲ။မသိတဲ့လူ မရှိသလောက်ပဲ။”
ယန်ရှုမင်က အပြုံးလေးနှင့် ခေါင်းငြိမ့်သည်။
“သေချာတာပေါ့၊ ဆရာကြီး ဒါကို စပြီးပြောထဲက ကျွန်တော်က အရေထူပြီးသားပါ။အကယ်၍ ကျွန်တော် အားရင် သေချာပေါက်သွားမှာပါ။”
ကျောင်းအုပ်ကြီး ထွက်သွားပြီးနောက် မဲ့တုန်က ဖုန်းကိုထုတ်၍ အချိန်အတော်ကြာအောင် ရှာဖွေပြီးမှ group chat ကို တွေ့ခဲ့သည်။ထို့နောက်မှသာ တွေ့ဆုံပွဲအကြောင်း သတိပေးထားသည့် စာကို သူ သတိထားမိလိုက်သည်။
သူက group chat မှ စာများ မဝင်အောင် ပိတ်ထားခဲ့သဖြင့် သူ ဒီစာကို လုံးဝသတိမထားမိပေ။ မဲ့တုန်သည် အပြစ်မကင်းသလိုခံစားလိုက်ရသည်။ သူက စာများမဝင်အောင် ပိတ်ထားသည်ကို လုံးဝမေ့နေခဲ့သည်။ဘွဲ့ရပြီးကတည်းက group chat က အတော်လေး စိတ်ညစ်စရာကောင်းသည်ဟု သူ ခံစားရသဖြင့် ဤသို့ လုပ်ထားခဲ့ခြင်း ဖြစ်သည်။
ယန်ရှုမင်က မေးသည်။
“မင်း သွားမှာလား”
မဲ့တုန်က ဖုန်းစကရင်ကို စိတ်ညစ်ညူးစွာဖြင့် ကြည့်လိုက်သည်။
“ကျွန်တော် မသိဘူး။ ကျွန်တော် ဘယ်သူနဲ့မှလည်း မရင်းနှီးဘူး။”
ယန်ရှုမင်က သူ့လက်ကို ဆွဲလိုက်ပြီး ရှေ့ကို ဆက်လျှောက်နေသည်။
“မင်း သွားချင်ရင် ကိုယ် မင်းနဲ့ အတူ လိုက်ခဲ့မယ်။”
မဲ့တုန်သည် ယန်ရှုမင်၏ စောစောက စကားလုံးများမှာ ပေါ့ပေါ့ပါးပါး ဒီတိုင်းပြောလိုက်ခြင်း ဖြစ်မည်ဟု ထင်ခဲ့သဖြင့် အံ့ဩသွားရသည်။
“တကယ်လား၊ခင်ဗျား ဒီလို လုပ်ဖို့ မလိုပါဘူး။ကျွန်တော်နဲ့ အတူလိုက်ခဲ့ရမယ်ဆိုတော့ ခင်ဗျား ကသိကအောက် ဖြစ်မနေဘူးလား။ ခင်ဗျားက ကျွန်တော်ရဲ့အတန်းဖော်တွေ တစ်ယောက်နဲ့မှလဲ သိတာမဟုတ်ဘူး။ဒါက ခင်ဗျားအတွက် အဆင်မပြေ ဖြစ်နေလိမ့်မယ်။”
ယန်ရှုမင်က အရယ်တစ်ဝက်ဖြင့် ပြောလာသည်။
“ကိုယ် မပြောခဲ့ဘူးလား။ကိုယ်က အရေထူပါတယ်လို့။”
မဲ့တုန် သူ့ကို တီးတိုး ပြောလိုက်သည်။
“ကျေးဇူးပါ”
ယန်ရှုမင်က မေးသည်။
“ဟမ်၊ဘာဖြစ်လို့လဲ။”
မဲ့တုန်၏ အသံက ပုံမှန်ထက် ပို၍တိုးသည်။
“ဘာမှမဟုတ်ပါဘူး အာ၊ကျောင်းအုပ်ကြီးနဲ့ စကားပြောတုန်းက ခင်ဗျား ကျွန်တော့်ကို ကူညီပေးတာရယ်၊ ပြီးတော့ အတန်းသားတွေ ပြန်လည်တွေ့ဆုံပွဲကို ကျွန်တော်နဲ့ အတူသွားပေးဖို့ ဆန္ဒရှိတာရယ်ကို ကျေးဇူးတင်တာပါ။ခင်ဗျားကို ကျေးဇူးတင်ပါတယ်။”
ယန်ရှုမင်က ခပ်ဟဟ ရယ်မောလိုက်သည်။
“ကိုယ့်ကို ဘယ်လိုမျိုး ကျေးဇူးပြန်ဆပ်မှာလဲ။”
မဲ့တုန်က လေးနက်စွာ အကြံပေးသည်။
“အမ်း ခင်ဗျားကို နေ့လည်စာ ဝယ်ကျွေးမယ် ဆိုရင် ဘယ်လိုလဲ။”
ယန်ရှုမင် တစ်ခဏ တိတ်ဆိတ်သွားသည်။
“မင်းက ချမ်းသာတဲ့ ဒုတိယမျိုးဆက်ဆိုတာ ကိုယ်သိပြီးသား၊ ကြွားမနေနဲ့တော့။”
မဲ့တုန် နှုတ်ခမ်းဆူလိုက်သည်။
“ဒါဆို ကျွန်တော်က ခင်ဗျားကို ဘယ်လို ကျေးဇူးတင်ရမှာလဲ။”
ယန်ရှုမင်က ထုတ်ပြောသည်။
“ကျောင်းသားဟောင်း ပြန်လည်တွေ့ဆုံပွဲကို သွားပေးမယ်ဆိုရင် ဘယ်လိုလဲ။မင်း သွားချင်ရင် တစ်ယောက်ထဲ သွားလဲ ရတယ်။မင်း စိတ်ပူနေတယ်ဆိုရင် ကိုယ် မင်းနဲ့ လိုက်ခဲ့ပေးမယ်။ ကိုယ်က ကသိကအောက် ဖြစ်မနေတတ်ဘူး။”
ဤစကားများကို အခြားသူတစ်ယောက်သာ ပြောခဲ့ပါက မဲ့တုန်သည် ထိုသူက သူ့ဘဝနှင့် သူ့ကိစ္စများမှာ ပါဝင်စွက်ဖက်နေသည်ဟု ထင်မိမည် ဖြစ်သည်။ သို့သော် အမှန်တကယ် ပြောခဲ့သူက ယန်ရှုမင် ဖြစ်ရာ ထိုသူ၏ စစ်မှန်သော ဂရုစိုက်မှုနှင့် ချစ်ခြင်းမေတ္တာတို့ကိုသာ မဲ့တုန် ခံစားမိပါသည်။
ကျောင်းအုပ်ကြီး ပြောသော စကားများက အမှန်တရား ဖြစ်ပြီး ယန်ရှုမင်၏ ရည်ရွယ်ချက်ကလည်း သူ ကောင်းဖို့အတွက် ဖြစ်သည်ကို မဲ့တုန် သိပါသည်။သူက အခြားသူတွေနှင့် ဆက်သွယ်မှု များများ တည်ဆောက်ရမည်။ လူအချင်းချင်းကြားတွင် ရှိနေသင့်သော ဆက်သွယ်မှု အမျိုးအစားများကို အသစ် ထပ်ပြီးထူထောင်သင့်သည်။
မဲ့တုန်တွင် သူငယ်ချင်း များများစားစား ရှိလာမည်ကို မျှော်လင့်သည်ဟု ယခင်က ယန်ရှုမင် ဒိုင်ယာရီရေးထားသည်ကို မဲ့တုန် ပြန်သတိရသွားသည်။
ထိုကိစ္စသည် သူ လုပ်သင့်သည့် ကိစ္စဖြစ်သည်ကို သိပါသည်။ ထိုအဆင့်ကို သွားရန် သူ့မှာ အခုထိ သတ္တိမရှိသေး၍ ဖြစ်သည်။သူငယ်ချင်းအသစ်တွေ ပေါင်းသင်းသည်က ချစ်ကျွမ်းဝင်ရသည်ထက် မဲ့တုန်အဖို့ ပိုပြီး ခက်ခဲပါသည်။
မဲ့တုန်က အချစ်ရူးတစ်ယောက်သာ ဖြစ်လျှင် ဖြစ်မည်။သို့သော်ငြား သူ့ချစ်သူအနေဖြင့် သူ့အပေါ် ချစ်သည့်အကြောင်းကို အမြဲတစေ ထုတ်ဖော် ပြသပေးနေရန် မလိုအပ်ပေ။သူက သူ့တို့အပေါ် ကြိုက်နှစ်သက်နေသမျှ သူတို့အပေါ် စိတ်ပါလက်ပါဖြင့် သစ္စာရှိစွာ ချစ်မြတ်နိုးပေးမည် ဖြစ်သည်။
သို့သော် သူငယ်ချင်းများကမူ မတူပေ။သူ့ထံတွင် တစ်စုံတစ်ယောက်နှင့် သူငယ်ချင်းဖြစ်ဖို့ရာ ထိုက်တန်သည့် တန်ဖိုးတစ်ခု ရှိရဲ့လားဟု သံသယဝင်သလို ခံစားရနိုင်သည်။အကြောင်းပြချက်များဖြင့် တည်ဆောက်ထားသော သူငယ်ချင်းဆက်ဆံရေးများသည် မဲ့တုန်အပေါ် သူတို့က တကယ် စိတ်ရင်းအမှန် ဟုတ်ရဲ့လားဟု ခံစားစေမြဲ ဖြစ်သည်။
ရံဖန်ရံခါတွင် မဲ့တုန်သည် ယခုလက်ရှိ သူ့ပုံစံအတိုင်း သူ အဆင်ပြေနေသည်ကို အံ့ဩမိသည်။
သူက ချက်ချာပါးနပ်မှု သိပ်မရှိပါ။အတန်းပညာတွင် ထူးချွန်သည်က လွဲ၍ သူက အတော်ကို ထူအသည်။အခြားရှုထောင်မှ ကြည့်လျှင် မဲ့တုန်က အမြဲ ရှုံးနိမ့်နေရသည်ပင်။သို့သော် သူက အလွန် ကံကောင်းသဖြင့် ဂုဏ်သရေရှိမိသားစုတွင် မွေးဖွားလာရပြီး၊မိဘများနှင့် လူကြီးများက သူ့ကို နားလည်ပြီး ချစ်ပေးကြသည်။ထို့အပြင် သူ့ထက် သန်မာပြီး ရင့်ကျက်သည့် ချစ်သူကလည်း သူ့အပေါ် ကောင်းစွာ ကာကွယ် စောင့်ရှောက်ပေးသည်။
ဆယ်ကျော်သက်အရွယ်တွင် သူငယ်ချင်းအပေါင်းအသင်းဆက်ဆံရေးမှာ မရှိမဖြစ် ဖြစ်သော်ငြား အခုတော့ မဲ့တုန်အတွက် အရေးမကြီးတော့ပေ။
ညနေတွင် ယန်ရှုမင်က မဲ့တုန်ကို ကားဖြင့် အိမ်ပြန်ပို့ပေးခဲ့သည်။လက်ထဲတွင် အိတ်များစွာဖြင့် မဲ့တုန် ကားထဲမှ ထွက်လာပြီးနောက် သူ့ချစ်သူကောင်လေးရှိရာ ကားဆီသို့ လှည့်ပြီး လက်ပြနှုတ်ဆက်လိုက်သည်။ကားပြတင်းပေါင်မှန် ချလိုက်သည်နှင့် လမ်းမီးရောင်က ယန်ရှုမင်၏ မျက်နှာထက်တွင် ဖြာကျနေသည်။တစ်ဝက်က နွေးထွေးသော အဝါရောင်အလင်းနှင့် ကျန်တစ်ဝက်မှာ အေးစက်စက် မှောင်မိုက်သောအရိပ် ဖြစ်နေသည်။
မဲ့တုန်က ပြောသည်။
"မနက်ဖြန် ပြန်တွေ့ကြမယ်။"
ယန်ရှုမင်က ပြုံးလိုက်သည်။
"မနက်ဖြန် ကိုယ် မင်းကို လာခေါ်မယ်။"
++++++++