ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၄၆)
လက်ရှိအချိန်တွင် ဖလဲရ်သည် ပျော်ရွှင်ဝမ်းမြောက်စွာ အော်ဟစ်နေလိမ့်မည်။မြို့စားမင်းကြီးကတော်က ကျွန်မကို ကောင်းစွာ ပညာပြခဲ့သောကြောင့်တည်း။ရလဒ်အနေဖြင့် ကျွန်မ၏နာမည်ဂုဏ်သတင်းမှာ ပို၍ ဆိုးရွားစွာ ထိခိုက်သွားသည့်အပြင် ကျွန်မက လူတကာ၏ လက်ညှိုးထိုးခံနေရလေသည်။
သို့တိုင် ကျွန်မက အိမ်ရှေ့စံမင်းသား၏ရင်ထဲတွင် သံသယမျိုးစေ့လေးကို စိုက်ပျိုးထားမှန်း သူမ သိမည်မဟုတ်။ထို့ပြင် မှော်နက်အသုံးပြုခြင်းကို အတိအလင်း ခွင့်ပြုပေးလိုက်သေးသည်၊ဤနည်းဖြင့် ကြည့်ပါက ကျွန်မဘက်မှ အနိုင်ရလေသည်။
ဒါပေါ့၊အပြင်မှာပါ ငါ အနိုင်ရလာရင် ပိုကောင်းတာပေါ့။
ဖြစ်နိုင်ပါ့မလား။
မြို့စားမင်းကြီးအိမ်တော်မှာ ဖြစ်သမျှကို တွေးကြည့်ရင်တော့ မဖြစ်နိုင်လောက်ပြန်ဘူး။
ဒါပေမဲ့
ဒါက မမျှတဘူးလေ။
လက်ရှိတွင် ကျွန်မ မလုပ်ခဲ့သည့် ကိစ္စတစ်ခုအတွက် အထင်မှားခံရသည့် အခြေအနေ ဖြစ်နေသည်။ယခုအထိ ပြန်တွေးမိလျှင်ပင် ကျွန်မ၏ ခန္ဓာကိုယ်က တုန်ရီလာခဲ့သည်။အတိတ်တွင် အိုဖီလီယာ လုပ်ခဲ့သည့် ကိစ္စများကြောင့် ကျွန်မကို အထင်လွဲမှားကြခြင်း ဖြစ်လေသည်။
သူမသာ ဆိုးဆိုးရွားရွားလုပ်ခဲ့၍ ယခုအချိန်၌ လူတိုင်းက ဖလဲရ်၏ စကားကို ယုံကြည်နေကြသည် မဟုတ်ပါလော။
၎င်းသည် အိမ်ရှေ့စံမင်းသားနှင့် ဆက်ဆံရေးတစ်ခုကို ပြန်လည်ထိန်းသိမ်းပြီး ဆိုဗက်စ်စတာနှင့် ကွာရှင်း၍ ထွက်သွားမည်ဆိုသော ကျွန်မ၏ အစီအစဥ်အတွက် အကြီးမားဆုံး အတားအဆီး ဖြစ်နေသည်။နောက်ပိုင်းတွင် ပိုဆိုးလာနိုင်သေး၏။ကျွန်မ ဂျက်စမင်ကို ကြည့်လိုက်မိသည်။
"ရှင်က ကျွန်မရဲ့ ကောလာဟာလတွေကို ငြိမ်သက်သွားအောင် တကယ်ပဲ လုပ်ပေးနိုင်တာလား။"
ဂျက်စမင်၏ မျက်လုံးများက ပြူးကျယ်ဝိုင်းစက်သွားလေသည်။
"ဟုတ်ပါတယ်၊မြို့စားကြီးကတော်ရှင်။"
သူမက နူးညံ့စွာ ပြုံးလိုက်ပြီး ခေါင်းငြိမ့်သည်။
"ကျွန်မရဲ့ဖခင်က မိုင်းတွင်းတွေ ပိုင်ဆိုင်တာကြောင့်မို့လို့ ကျွန်မက ကုန်သည်အတော် များများနဲ့ သိပါတယ်။သူတို့က ကောလာဟာလတွေကို အရမ်းစိတ်ဝင်စားကြတာပါ။ကျွန်မက သူတို့ကို စကားနည်းနည်းလေးပဲ ပြောပေးဖို့ လိုပါတယ်။ဒီနေ့ ကျွန်မ တစ်စုံတစ်ရာ ပြောလိုက်ရင် နောက်တစ်ပတ်အတွင်း မြို့တော်တစ်ခုလုံးမှာ ကောလာဟာလတွေ ပျံ့နှံ့သွားပါလိမ့်မယ်။"
"ဒါပေမဲ့ ကျွန်မရဲ့ မကောင်းသတင်းတွေက ပိုများနေတာ မဟုတ်လား။"
"ဒါဆို ကျွန်မတို့ ထပ်တလဲလဲ သက်သေပြပေးဖို့ လိုပါတယ်။"
ဂျက်စမင်က သဘာဝကျစွာ တုံ့ပြန်သည်။
"မြို့စားကြီးကတော်က နွေးထွေးတဲ့လူတစ်ယောက်ပဲ။ဒါက ဖြစ်နိုင်မှာပါ။"
သူမက ကျွန်မအပေါ် နားလည်မှုလွဲနေပုံရသည်။ကျွန်မက နွေးထွေးမှုနှင့် အလှမ်းဝေးလွန်းပါ၏။
"ကျွန်မက ရှင့်အတွက် နေရာတစ်ခု ဖန်တီးပေးပါမယ်။"
"ဘယ်လိုနေရာမျိုးလဲ။"
"မြို့စားကြီးကတော်ရဲ့ နွေးထွေးမှုကို ပြသနိုင်မဲ့နေရာပါ။"
ဂျက်စမင်သည် ခိုင်မာသော စိတ်ဆန္ဒဖြင့် မျက်လုံးများကို ဖွင့်ထားသည်။
"ပြီးတော့ မြို့စားမင်းကြီးအိမ်တော်မှာ ဖြစ်ပျက်ခဲ့သလိုမျိုးတွေ။ဒီလိုတွေ နောက်ထပ်ဖြစ်မလာအောင် ကျွန်မ သေချာလုပ်မှာပါ။"
ထိုအခိုက်အတန့်တွင် ကျွန်မ အံ့ဩသွားရသည်။ထိုစကားအရ ဆိုပါက ကျွန်မ ဘာတစ်ခုမှ မလုပ်ဘဲ မှားယွင်းစွပ်စွဲခံရသည်ဟု သူမ သိနေသည့်အတိုင်းပင်။မဖြစ်နိုင်ပေ။သူမက ကျွန်မအပေါ် ယုံကြည်ပါသလား။
ထို့ကြောင့် ကျွန်မ မေးလိုက်မိသည်။
"ကျွန်မ ဘာမှမလုပ်ခဲ့တာကို ရှင် ယုံလား။"
"ဟုတ်ကဲ့"
ဂျက်စမင်က သူမ၏လက်များကို ညင်သာစွာ ပူးကပ်လိုက်သည်။
"ကျွန်မ ဒါကို ယုံရမှာပေါ့။"
တစ်နည်းအားဖြင့် ကျွန်မက ဖလဲရ်ဆီသို့ ပြေးသွားသည့်တိုင် သူမက ကျွန်မအပေါ် ယုံကြည်နေဦးမည် ဟူ၍။ဂျက်စမင်က ကျွန်မကို ပို၍ ယုံကြည်မှု ရှိလာစေသည်။သူမသည် ကျွန်မကို အစစ်အမှန် ကူညီနိုင်မည့် တစ်ဦးတည်းသောသူ ဖြစ်သည်။
အင်း၊ဒါက ကောင်းတာပဲ။နာမည်ကောင်း ပြန်ရလာမဲ့ ကိစ္စပဲလေ။တစ်ခါလောက် ကြိုးစားကြည့်ရအောင်။
ကျွန်မ စိတ်ဆုံးဖြတ်ချက် ချလိုက်ပြီး လေးပင်စွာ အသက်ရှုလိုက်သည်။
"မဒမ်၊ကျွန်တော်တို့ ရောက်ပါပြီခင်ဗျာ။"
တဖြည်ဖြည်းဖြင့် ရထားလုံးက ရပ်တန့်သွားပြီး ရထားလုံးမောင်းသူ၏စကားကို ကြားလိုက်ရသည်။မကြာခင် ရထားလုံးတံခါး ပွင့်လာသည်။ဂျက်စမင်က အရင်ဆုံး ဆင်းလိုက်ပြီး နောက်မှ ကျွန်မ ဆင်းလိုက်သည်။
"ဘုရားရေ !"
ယခုမှ ဘယ်နေရာရောက်နေသည်ကို သိသွားဟန်ဖြင့် ဂျက်စမင်သည် အော်ဟစ်မိသွားပြီး နောက်မှ သူမပါးစပ်ကို ပိတ်ထားလိုက်လေသည်။
"ဒါက မဒမ်ဂျိုနာရဲ့ ဆိုင်ပါလား။ဘုရားသခင်၊ကျွန်မ ဒီနေရာကို လာနိုင်လိမ့်မယ်လို့ တစ်ခါမှ စိတ်ကူးမယဥ်ဖူးဘူး။မဒမ်က ကျွန်မကို ဒီလိုနေရာကောင်းဆီ ခေါ်လာပေးတာကို ကျွန်မဖြင့် ယုံတောင် မယုံနိုင်ဘူး။"
"ရှင် သဘောကျလား။"
"ဟုတ်ကဲ့၊တကယ်ပါ။"
ကျွန််မ ပြုံးလိုက်ပြီး ဂျက်စမင်ဆီသို့ လက်ကို ဆန့်ပေးလိုက်သည်။
"ဒါက ထိုက်တန်လိမ့်မယ်လို့ ကျွန်မ မျှော်လင့်တယ်။ဒါဆိုရင် ကျွန်မ ရှင့်ကို စောင့်မျှော်နေပါမယ်။"
ကျွန်မ မည်သို့ ဆိုလိုချင်သည်ကို သတိထားမိဟန်ရှိသော ဂျက်စမင်က တောက်ပစွာ ပြုံးလေသည်။
"မစိုးရိမ်ပါနဲ့ရှင်။"
ထို့နောက် သူမက ကျွန်မ၏ရှေ့တွင် ဟန်ပါပါဖြင့် လက်ပိုက်ပြလေသည်။
အိုး
ငါ သူမကို အမျိုးမျိုးပဲ သဘောကျနေမိပြီ။
*
ကျွန််မ ဂျက်စမင်ကို အဝတ်အစား တပုံတပင် ဝယ်ပေးပြီးနောက် အိမ်တော်သို့ ပြန်လာခဲ့သည်။
"မဒမ်"
ကျွန်မ အခန်းထဲ ဝင်လာသည်နှင့် အိုင်ရင်းက စိတ်လှုပ်ရှားစွာဖြင့် နောက်မှ လိုက်လာပြီး ကျွန်မကို အထွန့်တက်တော့သည်။
"မဒမ်က တကယ် ဆိုးတယ်။တကယ်ကို အရမ်းလွန်တာပဲ။"
ရုတ်တရက်ကြီး
ကျွန်မ ဇဝေဇဝါ ဖြစ်သွားပြီး ခေါင်းခါလိုက်မိသည်။
"ဘာဖြစ်လို့လဲ။"
"ဘာဖြစ်လို့လဲဆိုတာက ဘာကို ဆိုလိုတာပါလဲ မဒမ်။"
အိုင်ရင်းက မျက်ရည်ကျလေသည်။
"အခြားတစ်ယောက်ကို ကယ်တင်ဖို့ ကျွန််မကို ထားပစ်ခဲ့တယ်။မဒမ် ဘာလို့ ဒီလို လုပ်နိုင်ရတာလဲ။ကျွန်မရဲ့ သစ္စာရှိမှုတွေ အကုန်လုံးကို ယူသွားပြီးတော့မှ။"
အာ
အိုင်ရင်းသည် သူမကိုယ်သူမ လက်ဖြင့် ပွေ့ပိုက်ထားပြီး စွန့်ပစ်ခံလိုက်ရသော အမျိုးသမီးဇာတ်လိုက်အတိုင်း ပြုမူနေလေသည်။ကျွန််မ အကြိမ်များစွာ မျက်တောင်ခတ်မိသွားသည်။အိုင်ရင်း ဘာပြောနေသည်ကို ကျွန်မ သဘောမပေါက်ပေ။
ဒါဆို ငါက ဂျက်စမင်ကို ဘေးနားမှာ ထားလို့ သူမက မနာလို ဖြစ်နေတာပေါ့။သူမက ငါ့ကို ဘယ်အချိန်ထဲက ဒီလောက်သဘောကျသွားတာလဲ။ ချစ်စရာကောင်းသားပဲ။
ထို့ကြောင့် ကျွန်မ ရယ်လိုက်မိတော့သည်။
"ဒီအိမ်တော်ထဲမှာ ငါ့ကို ဂရုစိုက်ပေးတဲ့ တစ်ဦးတည်းသောသူက နင်ပဲ။ဂျက်စမင်က ငါ့ရဲ့ လူမှုရေးကိစ္စတွေကို ကူညီပေးရုံပါ။"
"ဒါ ...ဒါပေမဲ့"
အိုင်ရင်းမှာ ကြမ်းတမ်းစွာ အသက်ရှူနေရသည်။သို့သော် သူမက အနည်းငယ် တည်ငြိမ်သွားပုံ ရ၏။သူမ၏ မျက်ရည်များကို လက်ဖမိုးဖြင့် ပွတ်သုတ်ရင်း သူမက ညည်းတွားလေသည်။
"ကျွန်မ စိတ်မကောင်း ဖြစ်နေတုန်းပဲ။ကျွန်မ ပြောချင်တာက မဒမ့်ကို ဆုံးရှုံးရတော့မယ်ဆိုပြီး ကျွန်မ ခံစားနေရတယ်လို့။"
"ငါ သိပါတယ်။"
ကျွန်မ အိုင်ရင်း၏ခေါင်းပေါ်သို့ လက်ကို တင်လိုက်ပြီး သူမ၏ဆံပင်များကို ဖွဖွလေး ပုတ်ပေးလိုက်သည်။အိုင်ရင်းက ငြိမ်သက်စွာဖြင့် ခံယူနေ၏။
သူမက ယုန်လေးနဲ့တူတာပဲ။
ဘယ်ဘက်မှာ ရှဥ့် ၊ညာဘက်မှာ ယုန်၊၎င်းက ကောင်းမွန်သော အတွဲအစပ်တစ်ခု ဖြစ်သည်။သူမတို့ နှစ်ယောက်လုံးက ကျွန်မအပေါ် သစ္စာရှိပါမည်ဟု ဆိုနေကြသည်။ကျွန်မအနေဖြင့် အိုင်ရင်းအပေါ် ပို၍ သံယောဇဥ်ရှိပါသည်။ကျွန်မကို အစကတည်းက ဂရုစိုက်ပေးခဲ့သူမှာ သူမသာ ဖြစ်လေသည်။
ကျွန်မ စံအိမ်တော်မှာ ထွက်ခွာသွားရလျှင်လည်း ထိုဆက်ဆံရေးကောင်းတစ်ခုကို ဆက်လည်တည်မြဲစေချင်သည်။ကျွန်မ ကွာရှင်းပြီးသည့်အခါ၌လည်း အိုင်ရင်းက ကျွန်မနှင့်အတူ နေလိမ့်မည်လော။
"နင် ..."
"ဟုတ်ကဲ့"
အိုင်ရင်းက ခေါင်းမော့လာပြီး သူမ၏ ယုန်နှင့်တူသော မျက်လုံးဝိုင်းများက ကျွန်မကို ကြည့်လာသည်။ကျွန်မ ထိုသို့ မေးချင်သည့်တိုင် မမေးနိုင်ခဲ့။ဘယ်လို အဖြေမျိုး ပြန်ရမည်မှန်း မသိ၍ ကြောက်မိသည်။
"ဘာမှ မဟုတ်တော့ဘူး။"
အိုင်ရင်း၏ ဆံပင်ပေါ်ရှိ ကျွန်မ၏လက်ချောင်းများကို ပြန်ရုပ်သိမ်းလိုက်သည်။
"အာ၊အခုမှ သတိရတယ်။သခင် ဒီအကြောင်းကို သိသွားပါတယ်။ မဒမ် သခင်နဲ့ သွားတွေ့လိုက်ရင် ကောင်းမှာပါ။"
"တကယ်လား"
ကျွန်မ မျက်မှောင်ကြုတ်မိလိုက်သည်။
"စိတ်ညစ်ဖို့ ကောင်းလိုက်တာ။"
"သခင့်ကို စိတ်ညစ်ဖို့ ကောင်းတယ်လို့ မြင်တာက မဒမ်တစ်ယောက်ပဲ ရှိပါတယ်။"
အိုင်ရင်းက အရယ်တစ်ဝက်ဖြင့် ပြောလေသည်။ကျွန်မ ပို၍ပင် မျက်မှောင်ကြုတ်မိသွား၏။ထို့နောက် အိုင်ရင်းက ထပ်ပြောသည်။
"တကယ်ပြောတာပါ။အပြင်မှာဆို သခင့်ကို လူတွေက အရမ်းပဲ ချစ်ခင်နှစ်သက်ကြပါတယ်။"
သူမပြောသည်မှာ အမှန်ဖြစ်၏။ဆိုဗက်စ်စတာသည် အပြင်လောက၌ အလွန် လူကြိုက်များသူဖြစ်သည်။၎င်းကို မည်သို့ ဆိုရမည်နည်း။ခန့်ညားချောမောသော မျက်နှာနှင့် နူးညံ့ကြင်နာတတ်သော စိတ်သဘောထားရှိသည့် သူက အလွန်ကောင်းသည်ဟု လူတွေ ပြောကြသည် မဟုတ်ပါလော။
သူက နူးညံ့ကြင်နာတတ်တာမျိုး မဟုတ်ပါဘူးနော်။
ကျွန်မ နှုတ်ခမ်းဆူလိုက်၏။
"သူ့ရဲ့အကျင့်စရိုက်ကို လူတွေသိသွားရင် ဘယ်သူကမှ သဘောကျတော့မှာ မဟုတ်ဘူး။"
"အာ ၊သခင်က မဒမ်နဲ့အတူ ရှိတဲ့အခါ စိတ်သက်တောင့်သက်သာဖြစ်ရလို့ နေမှာပါ။"
"ဆိုဗက်စ်စတာက အမှိုက်လို လူစား မဟုတ်ဘူးလို့ နင်က သဘောတူတာလား။"
"ကျွန်မ ပါးစပ်ပိတ်လိုက်ပါပြီ။"
အိုင်ရင်းသည် နှုတ်ခမ်းများကို တင်းတင်းစေ့ပြီး နောက်သို့ ဆုတ်လိုက်သည်။ကျွန်မ ပြုံးမိရင်း သူမ၏ပခုံးကို ပုတ်လိုက်လေသည်။
"အိုကေလေ၊ငါ သူ့ကို သွားတွေ့မယ်။"
ပြီးနောက် ကျွန်မ အခန်းထဲမှ ထွက်လာလိုက်သည်။
*
ဒေါက် ဒေါက်
ကျွန်မ ရုံးခန်းတံခါးကို ခေါက်လိုက်သည်။
"ကျွန််မ ဝင်လာလို့ရလား။"
သိပ်မကြာလိုက်ဘဲ ဝင်လာရန် ပြောသည်ကို ကျွန်မ ကြားလိုက်စသည်။ဆိုဗက်စ်စတာသည် ရုံးခန်းထဲရှိ သူ၏အလုပ်စားပွဲ၌ ထိုင်နေပြီး ဖောင်တိန်တစ်ချောင်းကို လှည့်နေသည်ကို ကျွန်မ မြင်လိုက်ရသည်။သူက မျက်မှန်ကို ချွတ်လိုက်ပြီး ကျွန်မကို ကြည့်လာသည်။
"ဒီနေ့ ..."
သူက ကျွန်မကို အေးစက်သောအကြည့်ဖြင့် စိုက်ကြည့်လာသည်။
"မင်း ပိုက်ဆံတွေ အများကြီး သုံးခဲ့တယ်။"
ဂလု
ကျွန်မ ရင်တုန်လာရသည်။၎င်းက အမှန်ပင်။ကျွန်မ ဒီနေ့ ဂျက်စမင်ကို ဝတ်စုံအများအပြား ဝယ်ပေးလိုက်မိသည်။ဆိုလိုသည်က ကျွန််မ ရွှေဒင်္ဂါး တစ်ရာခန့် အနည်းဆုံး သုံးစွဲမိသည်။၎င်းကို ကျွန်မ ဖွင့်ပြောမှသာ ဆိုဗက်စ်စတာ သိလိမ့်မည်ဟု ထင်ထားမိသည်။
သို့သော် ဘာကြောင့် သူ မြန်မြန် ရှာတွေ့သွားရပါသနည်း။
ကျွန်မ မျက်လုံးများကို မှေး၍ ကြည့်လိုက်သည်။
"ရှင် ဘယ်လို သိတာလဲ။"
"ကိုယ် သိနေတယ်ဆိုတာက ဘာကို ပြောချင်တာလဲ။ကိုယ်က မင်းတို့ကို ဆိုင်ရှေ့မှာ တွေ့ခဲ့တယ်လေ။ဒါကြောင့် ကိုယ် သိတာ။"
"မလိမ်နဲ့။ကျွန်မ တစ်နေ့လုံး ဝယ်ခဲ့တဲ့ အဝတ်အစား အရေအတွက်ကို ညတွင်းချင်း အစီအရင်ခံနိုင်မှာ မဟုတ်ဘူး။"
ကျွန်မ ခြေတစ်လှမ်း ထပ်တိုးလိုက်ပြီး သူ့ကို ပြောလိုက်သည်။
"ရှင် ကျွန်မနောက်ကို တစ်ယောက်ယောက် လွှတ်ထားတာလား။"
"အမှန်ပဲလေ။မသိသာလို့လား။"
ရိုးသားစွာ ပြောစလျှင် သူက ထိုသို့ ဂုဏ်ယူဝံ့ကြွားစွာ ပြောလာချိန်တွင် ကျွန််မ တဒင်္ဂမျှ အံ့အားသင့်သွားမိသည်။
"ဝါး၊ရှင်က အမှန်တကယ်တမ်း ထင်သာမြင်သာ မဖြစ်သင့်တဲ့အရာတွေကို ပေါ့ပေါ့ပါးပါးလေး ပြောပြနေခဲ့လို့ ကျွန်မ ရှင့်ကို လက်ခုပ်ဩဘာ ချီးမြှင့်ပေးချင်လာပြီ။"
ဖြောင်း ဖြောင်း ဖြောင်း
ကျွန်မ လက်ခုပ်တီးပေးလိုက်သည်။
ထို့နောက် ဆိုဗက်စ်စတာက ရှက်ရွံ့သွားသည့်နှယ် ရှိုးတိုး ရှန့်တန့်နှင့် ပြုံးလေသည်။
သူ ရူးနေတာလား။
"ရှက်မနေပါနဲ့။ကျွန်မက ထေ့ငေါ့တတ်လို့ပါ။ကျွန်မက ငေါ့တော့တော့ ပြောတတ်တယ်ဆိုတာ ရှင်က တကယ် မသိလို့လား။"
"ကိုယ် မသိဘူး"
ဆိုဗက်စ်စတာက ကျွန်မကို ကြည့်ပြီး ကျွတ်ခနဲ စုတ်သပ်လိုက်သည်။
"ရှင်က ဘာကြောင့် တစ်ယောက်ယောက် လွှတ်ထားရတာလဲ။"
"မင်း ဘာတွေလုပ်နေလဲဆိုတာ သိချင်လို့။"
"အဲ့ဒီတော့..."
"မင်း ဘာမှ များများစားစား မလုပ်ခဲ့ဘူး။"
ဆိုဗက်စ်စတာက ထိုင်ရာမှ ထလာပြီး ကျွန်မ၏အနားသို့ တိုးကပ်လာခဲ့သည်။သူ၏အရပ်အမြင့်သည် ကျွန်မထက် ၂၀စင်တီမီတာခန့် ပိုမြင့်လေရာ ကျွန််မမှာ သူ့ကို ကြည့်ရန် ခေါင်းကို မော့ထားရသည်။
"ဒါပေမဲ့ ဒါကိုက သံသယဖြစ်ချင်စရာ ပိုကောင်းနေတာ။"
သူက မရေမရာဖြစ်နေသည့် မျက်လုံးများဖြင့် ကျွန်မကို ငုံ့ကြည့်သည်။
"မင်းက ဘာမှလဲ ထူးထူးခြားခြား မလုပ်ခဲ့ဘဲနဲ့ အရာအားလုံးက ဒီလောက်အထိ ချောချောမွေ့မွေ့ ဖြစ်လာနိုင်ပါ့မလားလို့။"
"ဘာကို ဆိုလိုချင်တာလဲ။"
"ဘာကို ဆိုလိုချင်တာလို့ မင်း ထင်လဲ။"
ဆိုဗက်စ်စတာက ကျွန်မ၏ ဘေးမှ ဖြတ်၍ လမ်းလျှောက်သွားသည်။ထို့နောက် သူက နေးလ်၏ အလုပ်စားပွဲပေါ်ရှိ စာတစ်စောင်ကို ကောက်ယူ၍ ကျွန်မကို ပစ်ပေးသည်။
"အချီကြီး မိပြီ။"
ကျွန်မ စာကို ကမန်းကတမ်း ကြည့်လိုက်မိသည်။
ပေးပို့သူမှာ ...
"ဧကရာဇ်က လူတစ်ယောက် လွှတ်လိုက်တယ်။"
ဧကရာဇ် လား။
တကယ်ကို အချီကြီး မိတာပဲ။
TK Team
++++++++