Chapter 47
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၄၇)


ဧကရာဇ်သည် ကျွန်မကို ဤမျှ မြန်မြန် ဆက်သွယ်လာလိမ့်မည်ဟု မသိခဲ့ပေ။ကျွန်မ ဤအခြေအနေကို မမျှော်လင့်ထားမိလေရာ မတတ်နိုင်ပါဘဲ အနည်းငယ် စိတ်ရှုပ်ထွေးသွားရသည်။စာပါ အကြောင်းအရာများက တိုတောင်းလှသည်။ကျွန်မကို ဘယ်နေ့တွင် သူ့ဆီ အခစားဝင်ပါရန် ဟူ၍။



ရက်စွဲမှာ ...



"မနက်ဖြန်လား"



"အမှန်ပဲ"



ဆိုဗက်စ်စတာသည် သူ၏ခြေတံရှည်များကို ချိတ်၍ ဆိုဖာပေါ်တွင် အားရပါးရ ထိုင်လိုက်သည်။



"မနေ့ကပဲ ဧကရာဇ်ရဲ့ပုံတူ ကျောက်ဆစ်ရုပ်ထု ထုဖို့ ကိုယ် မှာလိုက်မိတယ်။ဒီနေ့ရောက်တော့ ကိုယ်တို့ကို ဆင့်ခေါ်လာပြီ။ဒါက ဘာအဓိပ္ပါယ်ဆိုတာ မင်း သိလား။"



"ဧကရာဇ်အရှင်က ကျွန်မတို့ကို စောင့်ကြည့်နေတာလား။"



"မှန်တာပေါ့"


ဆိုဗက်စ်စတာသာ ခေါင်းကို နောက်သို့ မှီထားရင်း မျက်မှောင်ကြုတ်လိုက်ပြီး မျက်လုံးများကို လက်ဖဝါးဖြင့် ဖုံးအုပ်လိုက်သည်။



"သူက ကိုယ်တို့ရဲ့ မိသားစုအပေါ် စောင့်ကြည့်နေတာဆိုတာ ပေါ်လာပြီပဲ။ဒါကို ကိုယ် ဒီအတိုင်း ကြည့်မနေနိုင်ဘူး။"



သူက ညည်းတွားသကဲ့သို့ ပြောသည်။



"ကိုယ်တို့ တန်ပြန်တိုက်စစ်အတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်။"



"ဘယ်လိုမျိုးလဲ။"



"ကောင်းပြီ"



ကျစ်



သူက ခေါင်းပြန်ထောင်လာသည်။သူက ကျွန်မကို ပြောပြလို့သည့် ရည်ရွယ်ချက် မရှိသည့် ပုံစံဖြစ်၏။ကျွန်မ မျက်လုံးများကို မှေးကျဥ်း၍ ဆိုဗက်စ်စတာကို ကြည့်လိုက်သည်။



"ရှင်က ကျွန်မကိုလဲ ပြောပြမှာ မဟုတ်ဘူးမလား။"



"မှန်တာပေါ့"



"ဘာကြောင့်လဲ"



"မင်း ဘာတွေ လုပ်မယ်ဆိုတာ ကိုယ် မသိလို့ပဲ။"



ဆိုဗက်စ်စတာက ကျွန်မကို စိုက်ကြည့်ပြီး ပြောသည်။



"ကိုယ့်ကို ကွာရှင်းဖို့ အိမ်ရှေ့စံမင်းသားကို ဖြားယောင်းမယ်။ဒါကို ကိုယ် နားလည်တယ်။ဒါပေမ့ အခြားအပြုအမူတွေက နည်းနည်းတော့ ထူးဆန်းနေတာ မဟုတ်ဘူးလား။"



"ဘာက ထူးဆန်းတာလဲ။"



ထိုစကားကို စောင့်နေဟန်ဖြင့် ဆိုဗက်စ်စတာက ပြောလာသည်။



"မင်းက ရုတ်တရက်ကြီး ပင်ကိုစွမ်းရည်ရှိပြီးသား လူတွေကို ခေါ်လာတာ မဟုတ်ဘူးလား။"



"..."



"ပြီးတော့ အခုလဲ မင်းက မင်းဘက်မှာရှိနေတဲ့ လေဒီလေးတစ်ယောက်နဲ့ လက်တွဲဦးမှာ မဟုတ်လား။"



"ရှင် ဒါကို ဘယ်လို သိတာလဲလို့။"



"ကိုယ်က မင်းနောက်ကို လိုက်ဖို့ တစ်ယောက်လွှတ်ထားတယ်လို့ ပြောသားပဲ။ဒါကြောင့် ကိုယ် မေးတာကို ဖြေ။မင်း ဘာတွေ တွေးနေပြန်ပြီလဲ။"



ဖုံးကွယ်ထားရမည့် ကိစ္စကို သဘာဝမကျစွာ ထုတ်ပြောနေခဲ့သည့် ဆိုဗက်စ်စတာကို ချီးကျူးသင့်သည်။ကျွန်မ ခေါင်းခါလိုက်မိသည်။



"ကျွန်မ ပြောသလိုပါပဲ။ဒါတွေကလဲ အိမ်ရှေ့စံမင်းသားကို ဖြားယောင်းနိုင်ဖို့ လုပ်တာပါ။" 



၎င်းက အမှန် ဖြစ်သည်။ယခု ကျွန်မ လုပ်နေသမျှ၊မူရင်းဇာတ်ကြောင်းတွင် ပါသော ကိစ္စမှန်သမျှ လိုက်လုပ်နေရခြင်းသည် ကယ်လီယန်ကို သွေးဆောင်ဖြားယောင်းနိုင်ရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် ဆိုဗက်စ်စတာက ကျွန်မကို ကွာရှင်းလိမ့်မည်။



"ကျွန်မရဲ့ဂုဏ်သတင်းက ဆိုးရွားလွန်းလို့ အိမ်ရှေ့စံမင်းသားက ဒါကို ဒီတိုင်းကျော်သွားမှာ မဟုတ်ဘူး။ဒါကြောင့် ကျွန်မရဲ့ နာမည်ဂုဏ်သတင်းကို မြှင့်တင်ဖို့ ကျွန်မ ကြိုးစားနေတာလေ။ပါရမီရှင်တွေကို ငှားရမ်းထားတာနဲ့ လေဒီဂျက်စမင်က ကျွန်မကို ဒီအတွက် ကူညီပေးနိုင်လိမ့်မယ်။"



"ဘာလုပ်ဖို့လဲ"



"ဧကရာဇ်အရှင်ရဲ့ မျက်လုံးကို ဖမ်းစားနိုင်ဖို့ပဲ။"



ဆိုဗက်စ်စတာ၏မျက်နှာမှာ ရှုံ့တွသွားလေသည်။



"ဘာကြောင့်လဲ"



"အကယ်၍ ဧကရာဇ်အရှင်ကသာ ကျွန်မရဲ့အားကောင်းတဲ့ ကျောထောက်နောက်ခံ ဖြစ်လာခဲ့ရင် ကျွန်မလဲ သေဖို့ကိစ္စကို စိုးရိမ်ဖို့ မလိုတော့ဘူးလေ။"



"ဟမ့်"



သူက နှာမှုတ်လိုက်လေသည်။



"ကိုယ်တစ်ယောက်လုံး မင်းရဲ့နောက်မှာ ရှိနေပေးတာပဲ။ကိုယ်က ဒီလောက်တောင် ယုံကြည်အားထားလို့ မရဘူးလား။"



"နည်းနည်းပါ"



"မင်းက ကိုယ့်ကို ဘာကြောင့် မယုံကြည်တာလဲ ကိုယ် တကယ် နားမလည်နိုင်ဘူး။ဒီအင်ပါယာမှာ ကိုယ်ကို ထိရဲတဲ့လူ မရှိပါဘူး။တခြားဘယ်သူ ရှိလို့လဲ။"



ထိရဲတဲ့လူက ကျွန်မ၊ အဲ့ဒါ ကျွန်မလေ။



ကျွန်မ တစ်ခုမှ ထုတ်မပြောနိုင်သဖြင့် ရွေးချယ်စရာမရှိဘဲ ပါးစပ်ပိတ်ထားလိုက်ရသည်။



"ပြီးတော့ သေမယ် ဟုတ်လား။ဒါက ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ စကားလဲ။"



"ကျွန်မ သေသွားနိုင်တယ်။"



ကျွန်မသာ အိုဖီလီယာအတိုင်း ပြုမူနေပါက ကျိန်းသေပေါက် သေရမည်ပင်။ထို့သို့ မဖြစ်ရရေးအတွက် ကျွန်မ ယခုကဲ့သို့ ရုန်းကန်နေရခြင်း ဖြစ်သည်။သို့သော် ဆိုဗက်စ်စတာက ကျွန်မ၏အတွေးကို မသိနိုင်ပါ။



"အဓိပ္ပါယ်မရှိတာတွေ မပြောစမ်းနဲ့ကွာ။"



သူက သက်ပြင်းချလိုက်ပြီး ဆံပင်ကို ထိုးဖွနေခဲ့သည်။



"မင်း ဘယ်တော့မှ သေမှာ မဟုတ်ဘူး။"



ကျွန်မလည်း ထိုသို့ မျှော်လင့်မိပါသည်။သို့သော် ကျွန်မထံတွင် သင့်တင့်သော ဩဇာအာဏာမရှိသဖြင့် ကျွန်မ စိုးရိမ်ပူပန်နေရဆဲ ဖြစ်သည်။ထို့ပြင် ဖလဲရ်ကလည်း ကျွန်မကို အတိအလင်း စစ်ကြေညာထားသည်။



ငါလဲ ဒီအတိုင်း ထွက်ပြေးသွားချင်တာပေါ့။



ဟူး



ကျွန်မ သက်ပြင်းချလိုက်မိသည်။


"အရိုးသားဆုံးပြောရရင် ရှင်သာ ကျွန်မကို ကောင်းကောင်းမွန်မွန် ကွာရှင်းပေးလိုက်ရင် ကျွန်မဖြင့် သေရမယ်လို့တောင် တွေးနေမှာ မဟုတ်ဘူး။ကျွန်မ ဒီနေရာကနေ ထွက်သွားမှာ။"



ဆိုဗက်စ်စတာက ခေါင်းကို စောင်း၍ ကျွန်မကို ကြည့်လာသည်။



"မင်းက ကိုယ့်ကို ဒီလောက်ထိ ကွာရှင်းချင်တာလား။"



ကျွန်မ ချက်ချင်း ပြန်ဖြေလိုက်လျှင် ဆိုဗက်စ်စတာက လုပ်ယူထားသော အပြုံးတစ်ခုဖြင့် မေးလာသည်။



"ဘာကြောင့်လဲ။"



"ကျွန်မ ရှင့်ကို ပြောခဲ့ပါတယ်။"



ကျွန်မ လက်များကိုပါ သုံး၍ ပြန်ဖြေလိုက်မိသည်။



"ကျွန်မ ရှင့်ကို မချစ်တာကြောင့်လေ။"



ထိုအခိုက်အတန့်တွင် ဆိုဗက်စ်စတာ၏ မျက်လုံးများက လှုပ်ခတ်သွားသည်။သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီးမှ ပြန်ဖြည်လိုက်ပြီး ဖြည်းညှင်းစွာ အသက်ရှူထုတ်လိုက်သည်။



"ဒါဆို မင်းက အိမ်ရှေ့စံမင်းသားကို ချစ်နေတယ်ဆိုတာ အမှန်ပဲလား။" 



ငါ ဒါကို ဘယ်လိုဖြေရမလဲ။



အကယ်၍ ကျွန်မက မဟုတ်ဘူးဟု ဆိုလိုက်လျှင် အရင်က အိုဖီလီယာ လုပ်ခဲ့သမျှ လုပ်ရပ်တိုင်းကို သူ သံသယဖြစ်သွားလိမ့်မည်။



"ကောင်းပြီ၊ဒါက အချစ် ဟုတ်၊မဟုတ်တော့ ကျွန််မလဲ မသိဘူး။"



ကျွန်မတွင် ရွေးချယ်စရာ မရှိသည့်တိုင် တစ်ခုခုတော့ ပြောရမည်။



"ဘာပဲဖြစ်ဖြစ် မင်းက ကိုယ့်ထက် အိမ်ရှေ့စံမင်းသားကို ပိုသဘောကျတယ်လို့ ပြောနေတာပဲလေ။"



သို့တိုင် ဆိုဗက်စ်စတာ၏ မျက်ဝန်းများမှာ အနည်းငယ် ထူးဆန်းနေ၏။သူက ဒေါသနည်းနည်း ဖြစ်နေသလိုပင်။



ဒါပေမဲ့ ဘာကြောင့်များလဲ။



ကျွန်မ ခေါင်းကို စောင်းငဲ့မိလိုက်သည်။



"ရှင် ဘာကြောင့် စိတ်ဆိုးနေရတာလဲ။"



"ကိုယ် စိတ်မဆိုးဘူး။စကားပြောနေတာကို ရပ်ပြီး အခု ထွက်သွားတော့။"



"မဟုတ်သေးဘူး။ရှင် စိတ်ဆိုးနေတာ အသိသာကြီးလေ။"



"မဟုတ်ဘူး။ထွက်သွား။"



"တစ်ခုခု ပြောဦးလေ။"



"ထွက်သွား!"



ဘာလို့ ရှင်က ဒီလောက်အထိ ဒေါသထွက်နေတာလဲ။အကျင့်စရိုက်က တကယ်ကို ညစ်ပတ်တယ်။



ကျွန်မ နှာမှုတ်လိုက်ပြီး ရုံးခန်းထဲမှ ထွက်လာခဲ့သည်။



*


နောက်တစ်နေ့



ဆိုဗက်စ်စတာသည် ပထမထပ်သို့ ဆင်းလာပြီး အိုဖီလီယာကို စောင့်ကြိုရန် ပြင်ဆင်နေသည်။ယခုထိ သူ ဒေါသဖြစ်နေသေးသည်။မနေ့ညကတည်းက ၊အတိအကျပြောရပါက သူ အိုဖီလီယာနှင့် စကားပြောပြီးကတည်းက သူ တစ်ချိန်လုံး အဆင်မပြေ ဖြစ်နေရသည်။သူ အကြောင်းပြချက်ကို ရှာရန် ကြိုးစားသည့်တိုင် ဘာတစ်ခုမှ ထွက်မလာပေ။



ဆင်ခြေတစ်ခု ပေးနိုင်လျှင် အဆင်ပြေနိုင်သည်။သို့သော် သူ့မှာ ပေးစရာ ဆင်ခြေ ရှိမနေပါ။



ဘာလို့များ ဒီလို အဆင်မပြေဖြစ်နေရတာလဲ။



ဟူး



ဆိုဗက်စ်စတာသည် မျက်လုံးတစ်ဖက်ကို တွန့်ကြုံ့လိုက်ပြီး ဆံပင်ကို အနောက်ဖက်သို့ သပ်တင်လိုက်သည်။



မင်းက ကိုယ့်ကို ကွာရှင်းချင်တာလား။



ဟုတ်တယ်



အိုဖီလီယာက ချက်ချင်း အဖြေပေးခဲ့သည်။လုံးဝ တုံ့ဆိုင်းနေခြင်း မရှိပေ။သူမ သူ့ကို ဘာကြောင့် ကွာရှင်းချင်သည်ကို ဆိုဗက်စ်စတာ အမှန်တကယ် နားမလည်နိုင်ပေ။သူသည် အင်ပါယာတွင် အချောမော အခန့်ညားဆုံး ယောကျ်ားတစ်ယောက်ဖြစ်သည်။သူ့မှာ ပိုက်ဆံအများကြီး ရှိသည်သာမက အရည်အချင်းလည်း ရှိသည်။



ထို့အပြင် အိမ်ရှေ့စံမင်းသားကို ချစ်ရခြင်းမှာ သူမ၏မျက်လုံးများကို ပိတ်သွားအောင် လုပ်ပေးနိုင်သည်ဟု သူမက ပြောခဲ့သေးသည်။



ဒါပေမဲ့ ဘာကြောင့်လဲ။



"ဟား ၊ ကျစ် "



သူမက အိမ်ရှေ့စံမင်းသားကို အများကြီး ချစ်တာကြောင့်လား။ဒါပေမဲ့ ...



အရိုးသားဆုံးပြောရရင် ရှင်သာ ကျွန်မကို ကောင်းကောင်းမွန်မွန် ကွာရှင်းပေးလိုက်ရင် ကျွန်မဖြင့် သေရမယ်လို့တောင် တွေးနေမှာ မဟုတ်ဘူး။ကျွန်မ ဒီနေရာကနေ ထွက်သွားမှာ။



သူမက ဒီနေရာကနေ ထွက်သွားမယ်လို့ ပြောတယ်။သူမ ဘယ်ကို သွားမှာလဲ။ပြီးတော့ သူမရဲ့ဘဝကို ဘယ်လို ဆက်ရှင်သန်မှာလဲ။



ဆိုဗက်စ်စတာသည် အိုဖီလီယာနှင့် ပတ်သက်သည့် အရာတိုင်းကို နားမလည်ပေ။ ဆိုဗက်စ်စတာသည် အရာရာတိုင်းအတွက် သင့်လျော်သော သာမန်ကာလျှံကာ ဆက်ဆံရေးများတွင်သာ ပါဝင်ပတ်သက်လေ့ရှိသူ ဖြစ်သည်။အကြောင်းရှိလျှင် အကျိုးရှိမည်။ထို့အတူ အကျိုးရှိလာလျှင်လည်း ဖြစ်ရသည့် အကြောင်းရင်းခံ ရှိနေ၍ပင်။



သို့သော် အိုဖီလီယာတွင် ရလဒ်များသာရှိပြီး ထိုသို့ ဖြစ်လာရသည့် အကြောင်းရင်းက ရှိမနေပေ။



သူမက ဒီလိုမျိုး ပြောင်းလဲသွားတာ ဘာကြောင့်လဲ။ပြီးတော့ သူမက ထွက်သွားမယ်လို့ ဘာကြောင့် ပြောရတာလဲ။



သူ ဘာတစ်ခုမှ မသိနိုင်သဖြင့် စိတ်တိုနေရသည်။မှန်ပါ၏။ထိုသို့ အတင်မပြေဖြစ်နေရသည်မှာ အိုဖီလီယာကြောင့် ဖြစ်သည်။သူမက  အရာအားလုံးကို ဖုံးကွယ်ထား၍ပင်။



သို့သော်လည်း သူအနေဖြင့် သူမကို ကွာရှင်းရန် မပြောတော့ဟု မဆိုလိုပေ။သူနှင့် အိုဖီလီယာက အပေးအယူ လုပ်ထားပြီး ဖြစ်သည်။ပြီးနောက် အိုဖီလီယာကလည်း ထိုအပေးအယူကို ကောင်းစွာ ထိန်းသိမ်းဆောင်ရွက်လိမ့်မည်။



အကယ်၍ သူမသာ အိမ်ရှေ့စံမင်းသားကို သူမဘက် ပါအောင် အမှန်တကယ် လုပ်နိုင်ခဲ့ပါက အကျိုးအမြတ် ကြီးကြီးမားမား ရိတ်သိမ်းနိုင်လိမ့်မည်။ထို့ကြောင့် ယခုမှ ဆိုဗက်စ်စတာ နောက်ဆုတ်၍ မဖြစ်နိုင်ပေ။



ငါ ခေါင်းကိုက်လာသလိုပဲ။


ဆိုဗက်စ်စတာ မျက်မှောင်ကြုတ်လိုက်ပြီး နဖူးကို ထိတွေ့လိုက်သည်။



"အိုဖီလီယာက ဘယ်လိုလဲ။အခုထိ မပြီးသေးဘူးလား။"



သူ နေးလ်ကို မေးလိုက်သည်။



"သူမ အခုပဲ ဆင်းလာပါပြီလို့ သူတို့ ပြောပါတယ်။"



"သူမ အခုပဲ ဆင်းလာပါပြီတဲ့"



နေးလ်နှင့် ရစ်ဗက်က တစ်ပြိုင်နက်တည်း ပြန်ဖြေလေသည်။



ဆိုဗက်စ်စတာသည် လက်ပိုက်၍ လှေကားထစ်ကို ကြည့်နေရင်း ကြမ်းပြင်ကို ခြေထောက်ဖြင့် တတောက်တောက် ခေါက်နေလေသည်။



ထိုအချိန်တွင် အိုင်ရင်း ထွက်လာ၏။ပြီးနောက် အိုဖီလီယာလည်း ထွက်လာခဲ့သည်။ယနေ့၌ အိုဖီလီယာသည် ဣန္ဒြေရပြီး တင့်တယ်သော စိမ်းပြာရောင်ဂါဝန်ကို ဝတ်ထားခဲ့သည်။ထိုဝတ်စုံကို ဆိုဗက်စ်စတာ ကိုယ်တိုင် ရွေးပေးထားခြင်း ဖြစ်သည်။၎င်းက သူမနှင့် အဆင်ပြေမည်ဟု သူ တွေးမိပြီး ရွေးချယ်ပေးခဲ့သည်။သို့သော် ထိုဂါဝန်မှာ အိုဖီလီယာအတွက် ပြီးပြည့်စုံလှပါ၏။



လည်တိုင်ကို သိုင်းယှက်ထားသည့် အသွင်ဖြင့် လည်ပင်းအနားကွပ်တစ်လျောက်တွင် ပုလဲများကို ထည့်သွင်းချုပ်လုပ်ထားခြင်းက အလွန်လှပသည်။အမှန်တကယ်၌ အိုဖီလီယာက ပိုလှနေသည် ဖြစ်သောလည်း ဆိုဗက်စ်စတာက ထိုသို့ မတွေးချင်ခဲ့ပေ။သူ စိတ်ဒုက္ခရောက်နေချိန်တွင် အိုဖီလီယာ၏ မျက်နှာကို သူ ချီးမွမ်းလိုစိတ် မရှိပါ။



သို့သော်



"ရှင် အကြာကြီး စောင့်နေရတာလား။"



သိမ်မွေ့သော အပြုံးတစ်ပွင့်ဖြင့် လျှောက်လှမ်းလာသော အိုဖီလီယာကို ကြည့်လိုက်မိလျှင် သူ ထိုအခိုက်အတန့်၌ အသက်ရှူရပ်သွားသည်ဟု ဆိုဗက်စ်စတာ ခံစားမိလိုက်သည်။သူမက အလွန်လှပနေသည်။နှင်းနတ်သမီးလေးတစ်ပါးနှယ် ဖြူဖွေး ကြည်လင်သော အသားအရည်နှင့် လိုက်ဖက်စွာ နီရဲနေသော နှုတ်ခမ်းများက အလွန်တရာ ညှို့ယူဖမ်းစားနိုင်သည်။



ဆိုဗက်စ်စတာမှာ ခေါင်းကို တခြားဘက်သို့ လှည့်လိုက်မိသည်။



"အင်း၊ ကိုယ် စောင့်နေတာ အတော်ကြာပြီ။"



"ရှင် အခုမှ ထွက်လာတာကို ကျွန်မ သိပါတယ်။"



"ဒါပေမဲ့ ကိုယ်က အရင်ရောက်တဲ့သူလေ။ဒါကြောင့် ကိုယ် အကြာကြီး စောင့်နေရတာပဲ။"



"ရှင်က ဘာလို့ ဘာမှ မပြောရတာလဲ။"



အိုဖီလီယာက ပြုံးလိုက်ပြီး သူမ၏ လက်ကို ဆိုဗက်စ်စတာဘက်သို့ ဆန့်တန်းလိုက်သည်။ထို့နောက် သူမက သူမ၏လက်များဖြင့် သူ့လက်ကို ကျွမ်းကျင်စွာ ချိတ်လိုက်လေသည်။ဆိုဗက်စ်စတာသည် သူ့လက်မောင်းကို ချိတ်တွယ်ထားသော အိုဖီလီယာ၏လက်ကို ငုံ့ကြည့်လိုက်ပြီးနောက် အိုဖီလီယာ၏မျက်နှာကို ကြည့်ရန် ခေါင်းကို ဖြည်းဖြည်းချင်း လှည့်လိုက်မိသည်။



သူက သူမ၏မျက်ဝန်းများထဲသို့ ကြည့်လိုက်သည်။



"..."



ကမ္ဘာမြေတစ်ခုလုံးကို အပိုင်စားရထားသည့်အတိုင်း လန်းဆန်းနေသည့် အိုဖီလီယာ၏မျက်ဝန်းများကို ကြည့်လိုက်ရချိန်တွင်  ဆိုဗက်စ်စတာမှာ နောက်တစ်ကြိမ် ထပ်၍ မွန်းကြပ်လာသလို ခံစားမိလိုက်သည်။



ထို့ကြောင့် သူ ဤသို့ တွေးမိသွားသည်။



အတော်လေးကို အန္တရာယ်များတယ်။



ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်ရမဲ့ အခြေအနေတစ်ခု ရှိလာနိုင်တဲ့ ပုံပဲ။



TK Team
++++++++