Chapter 45
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၄၅)



ဂျက်စမင် စာပို့လာသည့် အချိန်ကတည်းက သူမထံတွင် အကြောင်းကိစ္စ တစ်စုံတစ်ရာ ရှိလိမ့်မည်ဟု အိုဖီလီယာ သိခဲ့သည်။အိုဖီလီယာဘက်မှ မရည်ရွယ်ပါဘဲ သူမကို လက်ဖက်ရည်ပါတီပွဲတွင် အပြောအဆိုမခံရအောင် ကူညီပေးသည့် ကိစ္စတစ်ခုတည်းကြောင့် တန်ဖိုးရှိသော ကျောက်မျက်ကို လက်ဆောင်ပေးရန် ဆက်သွယ်လာခဲ့သည်ဆိုသော အချက်မှာ သံသယဖြစ်စရာကောင်းသည်။ ထို့ကြောင့် သူမကို အရင်ဆုံး ဝင်လာခိုင်းလိုက်သည်။သို့သော် အခန်းထဲသို့ ဝင်လာပြီးနောက် ဂျက်စမင်၏ တောက်ပနေသော မျက်လုံးများကို ကြည့်ပြီး အိုဖီလီယာ စဥ်းစားမိလိုက်သည်။



သူမမှာ တခြား ရည်ရွယ်ချက်သက်သက် ရှိနေသည်မှာ သေချာ၏။



အစကတော့ ငါ ဒီလောက် မြန်မြန် သတိထားမိတတ်တာ မဟုတ်ပါဘူး။



သူမသည် အိုဖီလီယာ၏ ခန္ဓာကိုယ်နှင့် ပြီးပြည့်စုံစွာ လိုက်လျောညီထွေ ဖြစ်လာသည့်အလျောက် ပို၍ သတိကြီးကြီး ထားလာတတ်ပုံ ရသည်။မည်သို့ပင် ဆိုစေကာမူ အိုဖီလီယာက ဂျက်စမင်ကို မေးလိုက်သည်။



"ရှင် ကျွန်မဆီက ဘာလိုချင်တာလဲ။"



"အာ"



ဂျက်စမင်၏ ပခုံးများမှာ တသိမ့်သိမ့် တုန်ယင်သွားလေသည်။သူမ ထိုင်နေခြင်းသာ မဟုတ်ပါက သူမ ပစ်လဲသွားလောက်သည်။



"ကျွန်မ ၊ကျွန်မ ..."



ဂျက်စမင်မှာ တောင့်တင်းနေသော လည်ပင်းကို လှည့်လိုက်မိသည်။သူမ ဤနေရာတွင် ဘာပြောရမည်နည်း။သူမက ရိုးရိုးသားသား ကောင်းသော သဘောရိုးနှင့် လာရပါသည်ဟု ပြောလျှင် လိမ်ပြောသလို ဖြစ်သွားလိမ့်မည်။



ငါက မြို့စားကြီးကတော်ရဲ့ ရှေ့မှာ လိမ်ပြောနိုင်မလား။



သို့သော် သူမကို ဖမ်းမိသွားခဲ့သည်။



ငါ မလုပ်နိုင်ဘူး။



ဂျက်စမင်သည် မျက်လုံးကို အသားကုန် မှိတ်ထားမိသည်။



"ရို ...ရိုးရိုးသားသား ပြောရရင်..."



လိမ်ပြောမည့်အစား သူမ အမှန်အတိုင်း ပြောရန်သာ ဆုံးဖြတ်လိုက်သည်။



"အခု ကျွန်မရဲ့အိမ်က ခက်ခဲတဲ့ အခြေအနေ ဖြစ်နေရပါတယ်။"



ထိုသို့ ပြောရသည်က အလွန်ကြေကွဲဖွယ် ကောင်းလှသည်။သို့သော် စကားတစ်လုံးမှ မပြောဖြစ်လိုက်ပဲ ထွက်လာရပြီးမှ မိသားစု ပျက်ဆီးပြိုလဲသွားသည်ကို ကြည့်နေရသည်က ပို၍ စိတ်မချမ်းမြေ့စရာကောင်းသည်။ဂျက်စမင်က ဂါဝန်စကို ဆုပ်ကိုင်ပြီး ပြောခဲ့သည်။



"ကျွန်မကသာ မြို့စားကြီးကတော်ရဲ့ မျက်စိထဲကို ရောက်နိုင်ခဲ့ရင်၊ မြို့စားကြီးရိုင်ဇန်ရဲ့ လက်အောက်ခံမိသားစုအဖြစ် ကျွန်မကို ရွေးချယ်ပေးမယ်ဆိုရင် အရမ်းကောင်းမှာပဲဆိုတဲ့ အတွေးကြောင့် ကျွန်မ ဒီနေရာကို လာခဲ့ရတာပါ။"



အိုဖီလီယာက ဘာမှ ပြန်မဖြေပေ။ဂျက်စမင်သည် သူမ၏ခေါင်းကို လေးစားစွာ ညွှတ်ထားခဲ့၏။



"ကျွန်မ အမှန်တကယ်ကို တောင်းပန်ပါတယ်ရှင်။ကျွန်မက ဒီလို မည်းနက်တဲ့ နှလုံးသားနဲ့ မြို့စားကြီးကတော်ကို လာတွေ့ဖို့ ကြိုးစားမိပါတယ်။"



"တောင်းပန်တယ် ဟုတ်လား။"



အိုဖီလီယာက လှောင်ပြုံး ပြုံးလိုက်သည်။ယခု သူမကို အမှန်တကယ် တောင်းပန်ရမည့် လူ တစ်သီတစ်တန်းကြီး ရှိနေသည်။သို့သော်လည်း ဂျက်စမင်မှာ တောင်းပန်စရာမလိုသည့် ကိစ္စကိုပင် အနူးအညွတ်တောင်းပန်နေခဲ့သည်။သူမက ဒါကို မနှစ်သက်ဘဲ ရှိလိမ့်မည်နည်း။



အိုဖီလီယာက ဂျက်စမင်ဆီသို့ လက်လှမ်းလိုက်သည်။



အား



ဂျက်စမင်က သူမကို အိုဖီလီယာ ရိုက်တော့မည် အထင်နှင့် မျက်လုံးမှိတ်ထားလိုက်သည်။သို့သော် အိုဖီလီယာက မရိုက်ခဲ့ချေ။ထိုအစား သူမက ဂျက်စမင်၏မေးစေ့ကို ပင့်တင်လိုက်သည်။



"ရှင် အောင်တယ်။"



"အောင်တယ် ဟုတ်လားရှင်"



ဂျက်စမင်သည် ကြောင်အစွာဖြင့် အိုဖီလီယာကို ကြည့်နေမိသည်။သူမ အနီးကပ် မြင်တွေ့နေရသော အိုဖီလီယာမှာ သူမ ထင်ထားသည်ထက်ပင် အများကြီး ပို၍ လှပသည်။ချွေးပေါက်ပင် မမြင်ရသည်အထိ ကြည်လင်ဝင်းမွတ်သော မျက်နှာအသားအရည်၊ ပန်းချီရေးထားသည့်နှယ် ကြီးမားဝိုင်းစက်ပြီး တောက်ပရွှန်းလဲ့သော မျက်ဝန်းများ၊ချွန်မြသော နှာတံနှင့် သေသပ်လှပသော နှုတ်ခမ်းများ ရှိသည်။လူအများစုက အိုဖီလီယာကို နှင်းတောင်တွင် နေထိုင်သော နတ်သမီးလေးဟု တင်စားကြသည်။သို့သော် ဂျက်စမင်ကမူ ထိုစကားကို ကန့်ကွက်ချင်ပါသည်။



အိုဖီလီယာမှာ နတ်ဘုရားမတစ်ပါး ဖြစ်သည်။



နှင်းတောင် နတ်ဘုရားမလေး။



သို့မဟုတ်ပါက ဤမျှ လှနိုင်ပါမည်လော။သူမ ထိုသို့တွေးနေရင်း အိုဖီလီယာ၏ တောက်ပသော မျက်ဝန်းများကို သိမ်မွေ့စွာ ငေးကြည့်နေမိလေသည်။



"အင်း၊အောင်တယ်။"



အိုဖီလီယာ ပြုံးလိုက်ပြီး ဂျက်စမင်၏မေးစေ့ကို လွှတ်ပေးလိုက်သည်။



"ကျွန်မရဲ့အရှေ့မှာ လိမ်မပြောခဲ့တာနဲ့ကို ရှင်က ယုံကြည်လို့ရတဲ့သူတစ်ယောက် ဖြစ်နေပါပြီ။"



သူမက ဆက်ပြောသည်။



"ကျွန်မက လိမ်ပြောတာကို တကယ် မုန်းတယ်။"



ဘာကြောင့်လဲဆိုတာ ငါက လိမ်နေရတာမို့လို့လေ။



လူတစ်ယောက်အနေနှင့် လိမ်မပြောဘူးဆိုသည့် ဖြစ်ရပ်မှာ အဖိုးတန်လာခဲ့သည်။ထိုအချက်တစ်ခုတည်းနှင့်သာ ဂျက်စမင်ကို အိုဖီလီယာ သဘောကျရသည် မဟုတ်ပေ။အိုဖီလီယာသည် သူမ၏လက်ကို ဂျက်စမင်၏လက်ဖမိုးပေါ်သို့ တင်လိုက်သည်။


"ကျွန်မရဲ့ခင်ပွန်းကို ရှင့်မိသားစုအကြောင်း ပြောပေးမှာပါ။ဒါနဲ့ ဗိုင်းကောင့်မြို့စား စမစ်ရဲ့မိသားစုလို့ ရှင် ပြောနေတာလား။"



"ဟုတ်၊ဟုတ်ကဲ့၊ မှန်ပါတယ်ရှင့်။



အိုဖီလီယာက သူမ၏ မှတ်ဥာဏ်များကို ပြန်စဥ်းစားနေမိသည်။



ဗိုင်းကောင့်မြို့စား စမစ်။၎င်းကိုလည်း မူလဇာတ်ကြောင်းထဲတွင် ဖော်ပြထားသည်။ဗိုင်းကောင့်မြို့စား မိသားစုမှာ အတော်အသင့်ကြီးမားသော မိုင်းတွင်းများ ပိုင်ဆိုင်သည့် မိသားစုဖြစ်သည်။သို့သော် တစ်နေ့တွင် တွင်းထွက်ပစ္စည်းများ ထွက်မလာတော့ဘဲ အကြီးအကျယ် စီးပွားရေး အကြပ်အတည်းများ ဖြစ်လာလေသည်။ဖလဲရ်က သူမတို့မိသားစုအတွက် စိတ်မကောင်းဖြစ်သွားပြီး မိုင်းတွင်းတစ်ခုကို စျေးနိမ့်နိမ့်ဖြင့် ဝယ်ယူခဲ့သည်။



ဒါက အမြင့်ဆုံး ထီဆုကြီး ပေါက်တာပဲ။



ထိုမိုင်းတွင်းထဲတွင် မာကြောသော မြေလွှာတစ်ခုကို အမှတ်မထင် တွေ့ခဲ့ရပြီး တူးဖော်ကြည့်သောအခါ စိန်တုံးများ ထွက်လာခဲ့လေသည်။ထို့ကြောင့် ဖလဲရ်မှာ အကြီးအကျယ် ပွပေါက်တိုးသွားပြီး ဗိုင်းကောင့်မြို့စားမှာ နောင်တများနှင့် မြေပြင်ကို ထုရိုက်နေခဲ့လေသည်။ထိုအကြောင်းကို သတိရသွားသဖြင့် အိုဖီလီယာက ပြုံးလိုက်မိသည်။



"ဒါပေမဲ့ ရှင်တို့မိသားစုအကြောင်း ကျွန်မခင်ပွန်းဆီကို ပြောပေးဖို့က ရှင်တို့ဘက်က သင့်လျော်မဲ့ တစ်ခုခု ပြန်ပေးဖို့ လိုပါလိမ့်မယ်။"



ဂျက်စမင်၏ မျက်လုံးများက ဝင်းလက်သွားသည်။



"ကျွန်...ကျွန်မတို့ မိုင်းတွင်းတစ်တွင်း ပေးမှာပါရှင့်။"



ဒါပဲလေ။



အိုဖီလီယာသည် ဂျက်စမင်၏လက်ကို အားနည်းနည်းထည့်၍ ဆုပ်ကိုင်လိုက်သည်။



"ဘယ်သူ့ကို ပေးမှာလဲ။"



အိုဖီလီယာက တဖျတ်ဖျတ်လက်နေသော မျက်ဝန်းများဖြင့် မေးသည်။



"ကျွန််မရဲ့ခင်ပွန်းကိုလား၊ ဒါမှမဟုတ် ကျွန်မကိုလား။"



ဂျက်စမင်မှာ တံတွေးမြိုချလိုက်မိလေသည်။ယခုအချိန်တွင် ဘာပြောရမည်က ရှင်းနေပြီ ဖြစ်၏။



"မြို့စားကြီးကတော်ကိုပါ"



အိုဖီလီယာက နှာခေါင်းလေးကို ရှုံ့၍ ပြုံးလိုက်လေသည်။



"ရှင်က ဒီလိုမျိုး ပါးနပ်တဲ့ မိန်းကလေးပဲ။"



သူမက ဂျက်စမင်၏ပါးကို တစ်ချက်ခန့် ဖွဖွပုတ်လိုက်ပြီး သူမဘာသာ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။



"ကျွန်မနဲ့အတူ အပြင်သွားချင်လား။"



"ရှင် !"



"လိမ္မာပါးနပ်တဲ့ မိန်းကလေးကို လှပတဲ့အဝတ်အစားတွေ ကျွန်မက ဝယ်ပေးချင်လို့ပါ။"



အိုဖီလီယာက ဂျက်စမင်ကို ငုံ့ကြည့်ရင်း ပြောလိုက်သည်။



"အခုအချိန်ကစပြီး ရှင်က ကျွန်မအတွက် အမှုထမ်းပေးမဲ့ မိန်းကလေး ဖြစ်သွားပြီ။"



ထိုစကားမှာ ဂျက်စမင် အကြားချင်ဆုံးစကား ဖြစ်လေသည်။ထို့ကြောင့် သူမက အိုဖီလီယာ၏ ကမ်းလှမ်းမှုကို ပျော်ရွှင်စွာဖြင့် လက်ခံလိုက်လေသည်။



*


ရထားလုံးမှာ တဂျုန်းဂျုန်းဖြင့် သွားလာနေခဲ့သည်။သို့သော် အိုဖီလီယာမှာ လုံးလုံးလျားလျား လှုပ်ယမ်းနေခြင်း မရှိပေ။သူမက ပြတင်းပေါက် အပြင်ဘက်သို့ ငေးကြည့်ရင်း သူမ ထိုင်ခါစက ပုံစံအတိုင်း ထိုင်ပုံထိုင်နည်းကို ထိန်းသိမ်းထားခဲ့သည်။



သူမ တွေးနေခဲ့ခြင်းပင်။အပြစ်မကင်းသလို ခံစားနေရသည်၊ဂျက်စမင်၏ မိုင်းတွင်းနှင့် ပတ်သက်သောကိစ္စဖြစ်သည်။



ဒါပေမဲ့ ငါ ဒီကိစ္စကို မတူတဲ့နည်းနဲ့ တွေးကြည့်နိုင်မှာပါ။



ဗိုင်းကောင့်မြို့စား စမစ်က အမှန်တကယ် ထိုမိုင်းတွင်းကို ဆက်လုပ်နေသည် ဆိုပါစို့။စိန်တွင်းက သူတို့ကို အကျိုးအမြတ် ဖြစ်စေမည်လော၊သို့မဟုတ် အန္တရာယ်ပေးလာနိုင်သည်လော။



နှစ်ခုလုံး ဖြစ်နိုင်တာပဲ။



သူမလည်း အားနာမိပါသည်။သို့သော် စိန်များကို တွေ့ရှိသည့်တိုင် သူမတို့ ယခင်အတိုင်း ပြန်လည်ရပ်တည်နိုင်လိမ့်မည် မဟုတ်ပေ။ခွေးတစ်အုပ်ကဲ့သို့ သူမတို့ဆီ အပြေးအလွှား ရောက်လာမည့် လူများကြားတွင် သူမတို့ ရှင်သန်နိုင်လိမ့်မည်မဟုတ်ဟု ဆိုလိုသည်။ထိုမတိုင်ခင်၌ သူမက သူမတို့ကို ကယ်တင်ပေးခဲ့သည်ဟု တွေးနေကြလိမ့်မည်။



ထိုသို့ တွေးလိုက်ခြင်းက ကျွန်မကို တစ်နည်းတစ်ဖုံ စိတ်သက်သာရာရစေသည်။အိုဖီလီယာ မျက်လုံးကို ဖွင့်လိုက်ပြီး သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဂျက်စမင်ကို ကြည့်လိုက်မိသည်။ဂျက်စမင်ကလည်း သူမကို ကြည့်လာသည်။သူမတို့ အကြည့်ဆုံသွားသည်နှင့် တစ်ပြိုင်နက် ဂျက်စမင်က ခေါင်းကို တခြားတစ်နေရာသို့ အမြန်အဆန် လှည့်လိုက်လေသည်။



သူမက ရှဥ့်ကလေးနဲ့ တူတယ်။



ဂျက်စမင်မှာ အပြာရောင်ဆံပင်နှင့် အနက်ရောင်မျက်ဆန်များရှိသည့် မိန်းကလေးဖြစ်သည်။ယခု သူမက သင့်တင့်လျောက်ပတ်စွာ ဆင်မြန်းဝတ်ဆင်ထားခြင်း မရှိသော်လည်း သူမတွင် အလှတစ်ခု ရှိနေသကဲ့သို့ လှပချောမောသည်ဟု တွေးနေမိသည်။သူမ ပြောခဲ့သည့်အတိုင်း ဂျက်စမင်ကို အပျိုရံမှူးအနေဖြင့် ထားလျှင် အဆင်ပြေလိမ့်မည်။



ငါ အားနာနေမိတယ်။ဒါကြောင့် သူမကို ပိုကောင်းပေးဖို့ လိုတယ်။နောက်ကျရင် မိုင်းတွင်းက ရတဲ့ ဝေစုတစ်ချို့ကိုလဲ ခွဲဝေပေးရမယ်။



အိုဖီလီယာက ထိုသို့ တွေးတောပြီး ဂျက်စမင် ရှိရာသို့ လှည့်၍ ပါးစပ်ဟလိုက်သည်။



"ပထမတစ်ခါတုန်းက ..."



"ဟုတ်ကဲ့"



ဂျက်စမင်က ပြန်ဖြေလာပြီး အိုဖီလီယာက သူမကို စကားပြောလာသဖြင့် အံ့ဩနေခဲ့သည်။



"ရှင်ပို့ထားတဲ့ စာ ကျွန်မမှာ ရှိသေးတယ်။"


ဂျက်စမင်းသည် မသိနားမလည်သည့် ပုံစံဖြင့် အိုဖီလီယာကို ကြည့်လာခဲ့သည်။



အဲ့ဒါက ဘယ်တုန်းကလဲ။တစ်လတောင် ကြာနေပြီကို သူမမှာ အဲ့ဒီစာက ရှိနေသေးတယ်။မီးမရှို့ပစ်လိုက်ဘူးပေါ့၊ကောင်းလိုက်တာ။



မြို့စားကြီးကတော်အိုဖီလီယာသည် နွေးထွေးသော လူတစ်ယောက်ဟု ဂျက်စမင်က ရုတ်တရတ် တွေးမိလိုက်သည်။ထို့ကြောင့် ပတ်ဝန်းကျင်တွင် ပျံ့နှံ့နေသော ကောလာဟာလများမှာ ဒီအတိုင်း ကောလာဟာလများသာ ဖြစ်ပြီး အမှန် မဟုတ်ပေ။



"ကျွန်မ မြို့စားကြီးကတော်အပေါ် နားလည်မှု လွဲနေတယ်လို့ ထင်မိပါတယ်။"



ဂျက်စမင်က သူမ၏လက်နှစ်ဖက်ကို ဆုပ်ထားရင်း ပြောလာသည်။



"ရှင်က ဒေါသဖြစ်တာနဲ့ လူတွေကို အလွယ်တကူ ရိုက်နှက်တတ်တဲ့ သူဆိုပြီး ကျွန်မ ထင်ခဲ့မိတယ်။ဒါပေမဲ့ ကောလာဟာလတွေ အကုန်လုံးက အဓိပ္ပါယ်မရှိတာတွေပါပဲ။ရှင်က ကောင်းတဲ့ လူတစ်ယောက်ပါ။"



"ကောလာဟာလတွေ အကုန်လုံးက အမှန်ပါပဲ။"



အိုဖီလီယာ၏ စကားများမှာ ဟာသတစ်ခုဟု တွေးမိသဖြင့် ဂျင်စမင်က ရယ်မောလိုက်သည်။



"အခုချိန်ကနေစပြီး မြို့စားကြီးကတော်ကို မကောင်းတဲ့ ဝေဖန်မှုတွေ မရှိအောင် ကျွန်မ သေချာ လုပ်ပါ့မယ်။လူတိုင်းက နားလည်မှုလွဲနေကြတယ်လေ။ဒါကြောင့် ကျွန်မက နားလည်မှုလွဲနေတာကို ရှင်းလင်းပေးဖို့ လိုပါတယ်။"



"ဒါက ဖြစ်နိုင်ပါ့မလား။"



"ဖြစ်နိုင်တာပေါ့ရှင်။ရှင့်ရဲ့ နွေးထွေးတဲ့တစ်ဖက်ခြမ်းကို သူတို့ သိသွားတာနဲ့ လူတိုင်းက မြို့စားကြီးကတော်ကို ချစ်လာကြပါလိမ့်မယ်။"



နွေးထွေးတဲ့အခြမ်း၊နင်က ဘယ်နေရာကို ကြည့်ပြီး ပြောနေတာလဲ။



"ကျွန်မ ဖြစ်အောင် လုပ်နိုင်ပါတယ်၊ကျွန်မကို ယုံကြည်လိုက်ပါ။



ဂျက်စမင်က လက်သီးဆုပ်ပြီး အသံကျယ်ကျယ်နှင့် ပြောလေသည်။အိုဖီလီယာလည်း ဂျက်စမင်ကဲ့သို့ ရယ်မောမိတော့သည်။သူမအပေါ် ယုံကြည်ဖို့ ပြောသည်ကို စဥ်းစားကြည့်လျှင် သူမသည် ကောင့်မြို့စားကတော်ကာဒယ်လ်၏ လူများနှင့် အဆင်မပြေသည့် ပုံစံပေါက်သည်။



"အဲ့ဒီတုန်းက သူမတို့ရဲ့ လူမှုရေးအသိုင်းအဝိုင်းထဲမှာ ရှင်က အံဝင်ခွင်ကျ မဖြစ်ခဲ့တဲ့ပုံပဲ။"



"ဒါက ..."



ဂျက်စမင်မှာ အသက်ဝဝရှူလိုက်သည်။



"ကျွန််မရဲ့မိသားစုက အားနည်းတာကြောင့်ပါ။"



မှန်ပေသည်။မည်သူကမှ ဒေဝါလီခံရခါနီး ဗိုင်းကောင့်မြို့စားအိမ်တော်မှ လေဒီငယ်လေးနှင့် အဆက်အဆံ မပြုလိုကြပေ။ထို့ကြောင့် ဂျက်စမင်မှာ ကိုယ်ကို ကြုံ့၍ နေခဲ့ရသည်။သေးသထက်၊သေးသထက်၊သေးငယ်စွာ။သို့သော် ၎င်းက မတူတော့ပေ။အိုဖီလီယာ ရိုင်ဇန်သာ သူမ၏နောက်ကျောတွင် ရှိနေသရွေ့ မည်သူကမှ သူမကို အထင်အမြင်သေးရဲတော့မည် မဟုတ်ပေ။



"အခု ကျွန်မဘက်မှ မြို့စားကြီးကတော်ရှိနေပြီလေ။ကျွန်မ မလုပ်နိုင်တာ ဘာမှ မရှိဘူး။"



ဂျက်စမင်၏ အနက်ရောင်မျက်ဆန်များက တောက်ပနေခဲ့သည်။



"ဘယ်သူကမှ ကျွန်မကို အထင်အမြင်သေးရဲတော့မှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ကျွန်မက မြို့စားကြီးကတော်ရဲ့ အလေးပေး
တာကို ခံရတဲ့ လေဒီငယ်လေးပဲ။သူတို့ ကျွန်မကို ထိရဲမှာတောင် မဟုတ်ဘူး။"



ဒါကို ကြည့်ပါလား။



အိုဖီလီယာသည် ထိုသို့ ပြောဆိုနေသော ဂျက်စမင်ကို ကြည့်ရင်း အမှုမဲ့ အမှတ်မဲ့ ပြုံးလိုက်မိလေသည်။



"ရှင်က ဒီလောက် ရိုးသားတဲ့ မိန်းကလေးပါလား။"



အိုဖီလီယာက စိတ်ရင်းဖြင့် ပြောလိုက်သည်။



"ဒါကို ကျွန်မ သဘောကျတယ်။"



သူမက လောဘကြီးသည့်တိုင် ထက်မြက်သည်။ကျွန်မနှင့် မြို့စားကြီးမိသားစု၏ အကူအညီဖြင့် သူမက ကောင်းစွာ ကြီးပြင်းလာမည့် မိန်းကလေးတစ်ဦး ဖြစ်လိမ့်မည်။



အင်း



သူမ၏ဘေးတွင် အနည်းဆုံး သည်လို လူမျိုး တစ်ယောက်ခန့် ရှိထားရန် လိုအပ်သည်။ဖလဲရ်၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် သူမ၏ဘေးတွင် ထိုသို့သော မိန်းကလေးကို ထားသည်က ကောင်းသောကိစ္စ ဖြစ်၏။



ဖလဲရ်



အိုဖီလီယာ နှုတ်ခမ်းကို ကိုက်လိုက်မိသည်။



နင် အခု ဘာတွေ လုပ်နေလဲ။



TK Team
++++++++