Chapter 28
Viewers 4k

Chapter 28




ကွင်းပြင်ထဲတွင် လူများက တဖြည်းဖြည်း ပြည့်နှက်လာခဲ့သည်။ ကျောင်းဝင်းအတွင်း မီးရောင်စုံ ထွန်းညှိထားသည့် ခရစ်စမတ်သစ်ပင်ကြီး ရှိနေသည်က အဆန်းတကြယ် လှပတင့်တယ်သည် မဟုတ်ပင်လော။လူတော်တော်များများက သေသပ်ကျနစွာ ဝတ်စားထားပြီး ဓါတ်ပုံရိုက်နေကြသည်။လူတိုင်းက ဆုတောင်းစာကတ် တစ်ကဒ်စီ ရရှိပြီး သူတို့၏ ဆုတောင်းများကို ရေးသားရန်အတွက် စားပွဲခုံလေးများ၏ ပတ်ပတ်လည်တွင် ဝိုင်းအုံနေကြ၏။ 



ရေးသားပြီးနောက် သူတို့၏ ဆုတောင်းစာကတ်များကို အဖြူရောင်ဘုတ်ပြားများဖြင့် ပြုလုပ်ထားသော ဆုတောင်းစာနံရံပေါ်တွင် ချိတ်ဆွဲကြသည်။သူတို့၏ ဆုတောင်းစာများကို ချိတ်ပြီးသည်နှင့် သူတို့က အလျင်အမြန် ထွက်လာပြီး အခြားသူများ၏ ဆုတောင်းစာများ လိုက်လံကြည့်ရှုတော့သည်။ 



မဲ့တုန်က နွေးထွေးအောင် အပူပေးထားသော ဝိုင်များရှိရာ ဆိုင်ခန်းငယ်ထဲ၌ ရှိနေခဲ့သည်။အိုးထဲမှ တပွက်ပွက် ဆူသံ နှင့်အတူ အခိုးအငွေ့များက တလူလူ တက်လျက်ရှိ၏။ယန်ရှုမင်က ကုတ်အင်္ကျီကို ချွတ်ထားပြီးနောက်၊ယခုတွင် မီးခိုးရောင် သိုးမွေးဟူဒီကို ဝတ်ထားပြီး မဲ့တုန်၏ ဘေး၌ ပန်းသီးလှီးနေခဲ့သည်။သူက တစ်ခါသုံးလက်အိတ်ကို စွပ်ထားပြီး ပန်းသီးစိတ် သုံးစိတ် လှီး၍ နှစ်စိတ်ကို အိုးထဲသို့ ပစ်ထည့်လိုက်ကာ၊ကျန်တစ်စိတ်ကိုတော့ မဲ့တုန်ကို အမြန် ကျွေးလိုက်သည်။ 



အပူပေးထားသော ဝိုင်အိုးက ပွက်ပွက်ဆူနေစဥ်တွင် မဲ့တုန်က ပါးစပ်အပြည့်နှင့် ပန်းသီးများကို စိတ်ရှည်လက်ရှည် တမြုံ့မြုံ့ဝါးနေပြီး၊ရံဖန်ရံခါတွင် အပူပေးထားသောဝိုင် အဆင်သင့် ဖြစ်၊မဖြစ်ကို စစ်ဆေးရန် ရပ်နေခဲ့သည်။ 



ပန်းသီးများ ပါးစပ်နှင့် အပြည့်ဖြစ်နေသော မဲ့တုန်ကို ယန်ရှုမင်က နောက်ထပ်ပန်းသီးတစ်စိတ် ကျွေးလာပြန်သည်။သူ့မှာ စကားပင် ပြော၍မရအောင် ဖြစ်နေသဖြင့် သူ၏ ငြင်းဆန်လိုမှုကို " ဟမ်း၊ဟမ်း၊ဟမ်း" ဟု ဆက်တိုက်ရေရွတ်ပြီး ဖော်ပြခဲ့ရ၏။ 



ယန်ရှုမင်က ညစ်ကျယ်ကျယ်အပြုံးလေးဖြင့် မျက်ခုံးတစ်ဖက်ကို ပင့်၍ နားမလည်ချင်ယောင် ဆောင်နေလိုက်သည်။ 



မဲ့တုန်က လက်ကို မြှောက်၍ ပန်းသီးစိတ်ကို ယန်ရှုမင်ထံသို့ တွန်းလိုက်ပြီး သူ့ဘာသာ စားလိုက်ပါဟု အချက်ပြနေခဲ့၏။ 



သူတို့နှစ်ယောက်က သူတို့၏ အပြုအမူ သေးသေးလေးများ၌ သာ စိတ်ပါဝင်စားနေကြသဖြင့် ဆိုင်ခန်းငယ်လေး၏ ရှေ့တွင် မိန်းကလေးနှစ်ယောက် ရပ်နေသည်ကို သတိမမူမိပေ။အနည်းဆုံး မဲ့တုန်ကတော့ လုံးလုံးလျားလျား သတိထားမိပုံ မရပေ။ထိုနှစ်ယောက်မှာ ဆိုင်ရှေ့တွင် မည်မျှကြာသည်အထိ ရပ်နေသည်လဲ မသိ။နောက်ဆုံးတွင်တော့ မိန်းကလေး တစ်ယောက်က ပြောလာသည်။ 



"အမ်း၊ အပူပေးထားတဲ့ ဝိုင်က တစ်ခွက် ဘယ်လောက်လဲဟင်" 



မဲ့တုန် အလန့်တကြား ဖြစ်သွားပြီး နားရွက်များက ချက်ချင်း နီရဲလာခဲ့သည်။ထိုအရာကို ဖုံးဖိချင်သည့်အလား သူက ဘေးဘက်ကို ခြေလှမ်းအကြီးကြီး လှမ်းလိုက်ပြီးနောက် 



"အာ ၊အဟမ်း ၊ တစ်ခွက်ကို ငါးယွမ်ပါ၊ အားလုံး အပူပေးထားပါတယ်။မင်းတို့ တစ်ခွက်လောက် ဝယ်ချင်လား" 



မိန်းကလေးက အနည်းငယ် အံ့ဩသွားပုံပင်။

"ငါးယွမ် လား" 



သူအနေနဲ့ ဈေးနှုန်းကို အများကြီး တင်ထားမိသည်ဟု မဲ့တုန် တွေးလိုက်မိသဖြင့် မည်သို့ မည်ပုံ ရှင်းပြရမည်ကို မသိ ဖြစ်နေခဲ့သည်။ယန်ရှုမင်က ဆက်ပြောပေး၏။ 



"အမ်း၊ဒီအတွက် ကုန်ကျစရိတ် အများစုကို အမည်မဖော်လိုသူ ကျောင်းသားတစ်ယောက်က ပေးခဲ့တာပါ။ ဒါကို အားလုံးအတွက် ခရစ်စမတ်လက်ဆောင်အနေနဲ့ ယူဆလို့ ရပါတယ်" 



မိန်းကလေးက ပျော်ရွှင်စွာဖြင့် ခေါင်းငြိမ့်သည်။ 



"ငါတို့ နှစ်ခွက်ယူမယ်နော်၊ငွေရှင်းဖို့ကို ကတ်ဖြတ်ပြီး ရှင်းလို့ရလား" 



မဲ့တုန်သည် ခွက်များကို သူတို့ဆီ မြန်မြန်ကမ်းပေးလိုက်ရင်း ပြောလိုက်သည်။ 



"အင်း၊ရတာပေါ့" 



ထိုနှစ်ယောက် ထွက်သွားပြီးမှ မဲ့တုန်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ခုကို ရှုထုတ်လိုက်ပါ၏။



"ကျွန်တော်က ဒါကို အရမ်းဈေးများနေတယ်လို့ ထင်ထားတာ" 



ယန်ရှုမင်က တိုးတိုးလေး ရယ်လိုက်သည်။ 



"ဘယ်လို ဖြစ်နိုင်မှာလဲ။အပြင်မှာဆို ဈေးအသက်သာဆုံးက အနည်းဆုံး ကိုးယွမ်လောက် ရှိတယ်။ကိုယ်တို့ သုံးတဲ့ ဝိုင်နဲ့ သစ်သီးတွေရဲ့ အရည်အသွေးက သူတို့ထက်ကို ပိုကောင်းသေးတယ်" 



ယန်ရှုမင်က စကားကို ခဏမျှ ရပ်လိုက်ပြီးနောက် သူ့အသံကို အတော်လေး နှိမ့်လိုက်ပြီး 



"ဒါက ပိုက်ဆံဖြုန်းတာ သက်သက်ပဲ၊ ရည်းစားလေး ရေ" 



မဲ့တုန်သည် သူသုံးလိုက်သော အခေါ်အဝေါ်ကြောင့် ထိတ်လန့်သွားပြီး စကားပြန်မပြောခင်ထိ အချိန်ခဏကြာအောင် ဆွံ့အသွားရသည်။ 



"မ ... မဟုတ်ဘူး ၊ ကျွန် ... ကျွန်တော်က ကိုယ့်ဘာသာ သောက်ချင်တာနဲ့ ဒါကို လုပ်ဖို့ အကြံရသွားတာ။ ဝိုင်တွေကလည်း ကျွန်တော့်ဖေဖေက ကျွန်တော့်ကို ပေးလိုက်တာ။အကုန်လုံး သူ့သူငယ်ချင်းတွေဆီက လက်ဆောင်ရထားတာလေ ၊ပြီးတော့ အိမ်မှာ ဘယ်သူမှလည်း ဒါကို မသောက်ကြတာနဲ့" 



အပူပေးထားသော ဝိုင်နီ အရောင်းဆိုင်ခန်းလေးမှာ အလျင်အမြန်ပဲ လူသိများသွား၏။အစကတော့ မဲ့တုန်သည် ယန်ရှုမင်၏ ပွဲအစီအစဥ်ထဲတွင် သူ၏အနည်းအကျဥ်း ကြွယ်ဝမှုလေးဖြင့် အကောင်းဆုံး ကူညီဖို့ ကြိုးစားချင်ခဲ့ရုံသာ ဖြစ်သည်။သို့သော် မမျှော်လင့်ပါဘဲ ဝိုင်အရသာက ကောင်းမွန်ပြီး ဈေးသက်သာသဖြင့် လူတော်တော်များများက တစ်ခွက်ပြီး တစ်ခွက် လာဝယ်ကြတော့သည်။ 



နာရီဝက်အတွင်း၌ ဝိုင်လေးပုလင်းစာ ရောင်းထွက်သွားခဲ့သည်။မဲ့တုန်မှာ မောပန်းနေပြီး ခါးပါ နာလာသဖြင့် ထိုင်ခုံပေါ်တွင် ပျော့ခွေနေတော့သည်။ 



ယန်ရှုမင်က ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်အချို့ကို ခေါ်ယူလိုက်သဖြင့် မဲ့တုန်လည်း ပျင်းရိစွာ အကြောဆန့်နေတော့သည်။ထို့နောက်တွင် သူ့ဆုတောင်းစာကို အခုထိ မရေးရသေးမှန်း သတိရသွားသည်။သူ လူအုပ်ကြားသို့ မသိမသာ တိုးဝှေ့လျက်ဖြင့် လူတိုင်း လုပ်နေသကဲ့သို့ သူ့ကိုယ်ပိုင် ဆုတောင်းစာကို စေ့စေ့စပ်စပ် ရေးချလိုက်လေသည်။ 



ဆုတောင်းက စာတစ်ကြောင်းတည်းသာ ဖြစ်ပြီး သူ့နာမည်နှင့် ဆက်သွယ်ရန် အချက်အလက်များ မရေးထားခဲ့ပေ။ ခြေဖျားကို ထောက်လိုက်ရင်း ဘုတ်ပြား၏ အမြင့်တစ်နေရာတွင် ဆုတောင်းစာကို ချိတ်ဆွဲလိုက်သည်။ 



သူ ချက်ချင်း ပြန်မထွက်သွားသေးပေ။ဤအခမ်းအနားကို ကျောင်းသားသမဂ္ဂမှ ဦးဆောင်ကျင်းပခြင်း ဖြစ်သော်လည်း မဲ့တုန်ကတော့ ယန်ရှုမင်က အမှန်ပင် ထူးခြားအံဩဖွယ် ဟု ခံစားရသဖြင့် အလွန့်အလွန် ဂုဏ်ယူဝမ်းမြောက်နေခဲ့သည်။ 



ဤပွဲတော်သည် ယန်ရှုမင်၏ စိတ်ကူးအတိုင်း နန်ကျင်းတက္ကသိုလ်တွင် ပထမဦးဆုံး ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့သည့် ခရစ်စမတ်ပွဲတော် ဖြစ်ပါ၏။ 



မဲ့တုန်သည် ဆုတောင်းစာနံရံရှေ့တွင် ရပ်နေရင်းဖြင့် လူတိုင်း၏ အမျိုးမျိုးသော ဆုတောင်းများကို ကြည်ရှုနေခဲ့သည်။ 



"ဒီနှစ် ဘာသာရပ်အားလုံး ကျရှုံးခြင်းမှ လွတ်ကင်းပါစေ"

- ခေါင့်ကျောက် ၊၂၀၂၂ အတန်း၊တရုတ်ဘာသာနှင့် စာပေရေးရာဌာန





"ခွေးပေါက်လေးဝမ်နဲ့ ကြောင်ပေါက်လေးထန်တို့ ထာဝရပျော်ရွှင်စွာ အတူနေသွားနိုင်ပါစေလို့ ငါမျှော်လင့်ပါတယ်။ ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ်နဲ့ နှစ်သစ်ကူး ဖြစ်ပါစေ"





"အမေ၊ နေမြန်မြန်ပြန်ကောင်းပြီး ဆေးရုံက စောစောဆင်းနိုင်ပါစေ"





"ငါ မီးရှုးမီးပန်း တစ်သေတ္တာ လိုချင်ပါတယ်။ QQ : xxx "





"ငါ့ကို ခဲခြစ်ကံစမ်းမဲကတ် နှစ်ကတ်လောက် ပေးနိုင်မဲ့ ကြင်နာတဲ့သူ များ ရှိလား။ ငါ ဆုကြီးပေါက်ရင် တစ်ယောက် တစ်ဝက်ခွဲယူကြမယ်။ ဖုန်းနံပါတ် : xxx "





"အရာအားလုံး အဆင်ပြေသွားဖို့ ငါမျှော်လင့်တယ်။ နှစ်အနည်းငယ်ကြာမှ နောက်ကို ပြန်ကြည့်လိုက်ရင်၊ငါလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို နောင်တမရဘူးလို့ ငါ မျှော်လင့်ပါတယ် - ဟူ"





အဆိုပါ ဆုတောင်းစာကတ်များသည် မတူညီသော လက်ရေးအမျိုးမျိုးနှင့် ဖြစ်ပြီး ၊ယခုကဲ့သို့ လူသူများပြား ရှုပ်ထွေးနေသော ဆောင်းရာသီညချမ်းတွင် ဆုတောင်းစာနံရံကြီးက လူတိုင်း၏ လှလှပပ အတွေးအမြင်အများအပြားကို သယ်ဆောင်ထားပေးခဲ့သည်။





ဤပွဲတော်က ကမ္ဘာပေါ်မှာ အကောင်းဆုံး ခရစ်စမတ်ပွဲတော်ဟု ယုံကြည်မိသဖြင့် မဲ့တုန် နောက်ထပ်တစ်ကြိမ် အလွန် ဂုဏ်ယူဝမ်းမြောက်ရပြန်သည်။သူ ဟိုဒီ လိုက်ကြည့်ရင်း ယန်ရှုမင် ရေးသားထားသည့် ဆုတောင်းစာကို ရှာဖွေရန် ကြိုးစားတော့သည်။ 



ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များ၏ ဆုတောင်းစာကတ်များက အားလုံးထဲတွင် အရင်ဦးဆုံး ချိတ်ဆွဲထားခြင်း ဖြစ်သည်။ထိုအချိန်တွင် မဲ့တုန်က ယန်ရှုမင်၏ဆုတောင်းစာကို ဖြုတ်ကြည့်ရန် တွေးထားသော်လည်း သူအတွေးက သူ့ကို ရပ်တန့်သွားစေ၏။ 



သူက ထိုကတ်၏ တည်နေရာကို အကြမ်းဖျင်းမျှသာ မှတ်မိသည်။ အစက ဆုတောင်းစာနံရံပေါ်တွင် ကတ်အနည်းငယ်သာ ရှိသဖြင့် မှတ်မိရန် လွယ်ကူခဲ့သည်။အခုတော့ သူ လုံးဝ ရှာမတွေ့တော့ပေ။





မဲ့တုန်က ခြေဖျားထောက်၍ ကြည့်ရင်း ယန်ရှုမင်အနေဖြင့် လက်ကိုမြှောက်၍ ထိုကတ်ကို ချိတ်ဆွဲလိုက်နိုင်လောက်မည့် နေရာကို စဥ်းစားကြည့်နေသည်။ရှာဖွေနေရင်း၊ရှာဖွေနေရင်းဖြင့် ၊ရုတ်တရက် သူ အရမ်းရင်းနှီးနေသော ကတ်ကို သူရှေ့တွင် တွေ့လိုက်ရ၏။ 



မဲ့တုန်က သူကိုယ်တိုင် ရေးထားသောကတ်ကို ပြန်ယူလိုက်ချင်သဖြင့် အလွန်မြန်သောအရှိန်ဖြင့် ကတ်ဆီသို့ အလိုအလျောက် လက်လှမ်းလိုက်သည်။သို့သော် တစ်စုံတစ်ယောက်၏ လှုပ်ရှားမှုက သူ့ထက် ပိုမြန်နေခဲ့သည်။သူ့မျက်စိရှေ့က ကတ်ကို ဆတ်ခနဲ ဆွဲယူသွားသဖြင့် သူ လှည့်ကြည့်လိုက်၏။မှန်ပါသည်။ သူ့နောက်တွင် ရပ်နေခဲ့သူမှာ ယန်ရှုမင် ဖြစ်နေပါ၏။ 



မဲ့တုန် သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး တစ်ခုခု ပြောဖို့ ပြင်လိုက်သည်။သူ့ကို မိသွားမည်ကို ရှောင်ချင်သဖြင့် ယန်ရှုမင် အနားမှာ မရှိသည့်အချိန်ကို တမင်တကာ စောင့်၍ ဆုတောင်းစာရေးပြီး လာချိတ်ဆွဲခြင်း ဖြစ်သည်။ယန်ရှုမင်က ဒါကို သတိထားမိပြီး သူ့ကတ်ကို မြန်မြန်ဆွဲယူသွားမည် ဟုတော့ သူ မမျှော်လင့်ထားမိပေ။ 



မဲ့တုန် သူ့ကို ကြည့်လိုက်သည်။ 



"ခင်ဗျား ကျွန်တော့်ကတ်ကို ဘာဖြစ်လို့ ဖြုတ်ယူလိုက်တာလဲ" 



ယန်ရှုမင်က ခပ်တည်တည်ဖြင့် "ဟမ်း"ဟု တုံပြန်လိုက်ပြီး ပြောသည်။ 



"စည်းကမ်းချက်တွေအရ ဘယ်သူမဆို မင်းရဲ့ကတ်ကို ဖြုတ်ယူလို့ရတယ်။ ကိုယ်ကျမှ ဘာဖြစ်လို့ မရလဲ" 



မဲ့တုန် သူနဲ့ ပြိုင်မငြင်းနိုင်ပေ။ 



"ဒါပေမဲ့ ... ကျွန်တော် ခင်ဗျားကို တမင်တကာ ရှောင်ပြီး လာခဲ့တာလေ။ကျွန်တော် ဘယ်နေရာမှာ ဆုတောင်းစာချိတ်တယ် ဆိုတာကို ခင်ဗျား ဘယ်လိုသိတာလဲ" 



ယန်ရှုမင် ခပ်ဟဟ ရယ်လိုက်၏။ 



"ကိုယ် ကြည့်နေခဲ့တာ" 



မဲ့တုန် သဘောပေါက်သွားသည်။ 



"ပစ္စည်းတွေအကြောင်း ရှင်းပြနေရင်းနဲ့ ကျွန်တော်ကို ခင်ဗျား ကြည့်နေခဲ့တာပေါ့" 



ယန်ရှုမင် ဒါကို လုံးဝမငြင်းပေ။ 



"ဟုတ်တယ်" 



မဲ့တုန် လက်လှမ်းလိုက်၏။ 



"ဒါဆိုလည်း ကတ်ကို ကျွန်တော့်ဆီ ပြန်ပေးလေ" 



ယန်ရှုမင် : "ဘာလို့လဲ" 



မဲ့တုန်က တုံ့ပြန်ရန် ခဏ အချိန်ယူခဲ့သည်။ 



"ကျွန်တော် အဲ့ဒါကို ဒီနေရာမှာ ချိတ်ချင်လို့" 



ထို့နောက် ယန်ရှုမင်က ကတ်ကို ထုတ်ပြလိုက်ပြန်၏။ 



"ဒါပေမဲ့ ဒီဆုတောင်းက အတော်လေး တိကျတယ်။ ကိုယ်က လွဲပြီး မင်းရဲ့ဆုတောင်းကို ပြည့်အောင် လုပ်ပေးနိုင်မဲ့ တစ်ယောက်ယောက် များ ရှိလို့လား" 



ထိုကတ်ပေါ်တွင် စာတစ်ကြောင်းသာ ရေးထားပါသည်။ 



"အစမ်းတွဲကြည့်တဲ့ ကာလကို ငါ မကြိုက်ဘူး ဆိုပေမဲ့ ဒီကာလက အမြန်မြန် ကုန်ဆုံးသွားပြီး နောက်တစ်ခုဆီ ကူးပြောင်းနိုင်ဖို့ ငါ မျှော်လင့်ပါတယ်" 



မဲ့တုန်သည် သူရှေ့ရှိ စကားလုံးများကို ကြည့်နေမိသည်။ ယန်ရှုမင်က သူ့ကတ်ကို ဖြုတ်ယူလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ၊ အဲ့လိုသာ ဖြစ်ခဲ့မည် ဆိုလျှင် သူ အစကတည်းက ထိုဆုတောင်းကို ရေးဖြစ်မည် မဟုတ်ပါ။ သူ့မျက်နှာက တဖြည်းဖြည်း နီမြန်းလာခဲ့သည်။ ဆုတောင်းစာနံရံ၏ ရှေ့တွင်ရှိသော မဲ့တုန်ကို ယန်ရှုမင်က ဝန်းရံပေးထားပြီး အနီးအနားတွင်လည်း လူအနည်းငယ်သာ ရှိနေသည်။ 



သူက ညင်သာနူးညံစွာ ပြောလိုက်ပါ၏။ 



"အို့ ၊ ဒါဆို ၊ ခင်ဗျား ကျွန်တော့်ရဲ့ဆုတောင်းကို ပြည့်အောင်လုပ်ပေးဖို့ ကူညီနိုင်မလား။" 



ယန်ရှုမင်က ဘာမှ မပြောပေ။သူက လက်မောင်းကို ဆန့်လိုက်ပြီး မဲ့တုန်၏ ခေါင်း အထက်နားရှိ ကတ်တစ်ကတ်ရှိရာကို လက်လှမ်းလိုက်သည်။ ထိုကတ်ကို ဖြုတ်ယူလိုက်ပြီးနောက် မဲ့တုန်ကို ကမ်းပေးလေသည်။ 



မဲ့တုန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ 



သူ ခုနကပဲ အဲ့ဒီနေရာနားကို ရှာပါသေးတယ်၊ သူ ဘာလို့ ဒါကို မတွေ့တာပါလိမ့်။ 



ကတ်ပေါ်ရှိ လက်ရေးက အလွန်လှသည်။မဲ့တုန် ထိုလက်ရေးကို မှတ်မိပါသည်။၎င်းက ယန်ရှုမင်၏ လက်ရေး ဖြစ်၏။ 



" မဲ့တုန်ရဲ့ဆုတောင်းက အမှန်တကယ် ဖြစ်လာပါစေလို့ မျှော်လင့်ပါတယ်။" 



လူတိုင်းက နွှေးထားသော ဝိုင်ခွက်များကို ကိုင်ထားလျက်ဖြင့် ကွင်းပြင်ကျယ်ကြီးမှာ တစ်ညလုံး လှုပ်ရှားသက်ဝင်နေခဲ့သည်။စပီကာများနှင့် မိုက်ခရိုဖုန်းကို ယူလာကြသဖြင့်၊သီချင်းဆို ကောင်းသော ကျောင်းသားကျောင်းသူများက ပွဲတော်၏ လွှမ်းမိုးမှုကြောင့် သီချင်းတစ်ပုဒ်စီ သီဆိုရန် ဆန္ဒဖြစ်လာကြသည်။ 



ယခုညကို ကောင်းကင်ဘုံမှ ကောင်းချီးပေးသကဲ့သို့ နှင်းများ စတင်ကျဆင်းလာခဲ့ပြီး၊နှင်းပွင့်လေးများ တဖွဲဖွဲနှင့် ကြိုကြားကြိုကြား လွင့်ပျံလာခဲ့သည်။ 



ထိုအခိုက်အတန့်တခင် နိုင်ငံခြားဘာသာ ဌာနမှ 'Fly me to the moon' ဆိုသည့် သီချင်းကို သီဆိုနေသည်။ သီဆိုသူက မိန်းကလေးတစ်ဦး ဖြစ်ပြီး သူမ၏ ချိုသာသောအသံက notes အမြင့်များအထိ သီဆိုနိုင်လေသည်။ 



ယန်ရှုမင်က မဲ့တုန်၏ လက်ကောက်ဝတ်ကို ဆွဲ၍ ကွင်းလယ်တွင် ဖြန့်ခင်းထားသည့် ကြီးမားကျယ်ပြန့်သော ပျော်ပွဲစားဖျာပေါ်တွင် ထိုင်ရန် ခေါ်ဆောင်သွားခဲ့သည်။အစတွင် ယန်ရှုမင်က သီချင်းသံစဥ်ကို သာ လိုက်ညည်းနေခဲ့ပြီး ၊ထို့နောက်တွင်တော့ လက်ရှိ ရောက်နေသည့် အပိုင်းမှ လိုက်၍ သီချင်းဆိုလာခဲ့သည်။သူ့အသံက မိန်းကလေး၏ အသံထက် တစ်ဆင့် နိမ့်သဖြင့်၊ တေးသွားလေးက ချိုသာပြီး နူးညံ့ညင်သာစွာဖြင့် မဲ့တုန်၏ နားထဲသို့ စီးဝင်လာခဲ့သည်။ 



'You are all long for 

All I worship and adore 

In other words please be true 

In other words...' 



သူသီဆိုလိုက်သည်ကို ကြားရစဥ် မဲ့တုန်၏နှလုံးသားက ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပါသည်။ယန်ရှုမင် သီချင်းဆိုသည်ကို သူ့အနေနှင့် ပထမဦးဆုံး ကြားဖူးခြင်းဖြစ်ပြီး ၎င်းက မဲ့တုန် မျှော်လင့်ထားသည်ထက် ကျော်လွန်သည်အထိ ကောင်းမွန်လှသည်။နားထဲတွင် နိမ့်သော၊နှေးသော သံစဥ်လေးသည် သူ့အတွက်သာ ရည်ရွယ်သော ဖွင့်ဟဝန်ခံခြင်းဖြစ်ကြောင်း မဲ့တုန်ကို သဘောပေါက်နားလည်စေခဲ့သည်။အထူးသဖြင့် သီချင်းစာသားများကပင်။ 



သို့သော် အရေးအကြီးဆုံးနှင့် တည့်တိုးဆန်သည့် သီချင်းစာသားလေးမှာ ရုတ်တရက် ရပ်တန့်သွားပြီး၊ထိုနေရာ၌ ယန်ရှုမင်၏ ပါးစပ်မှ ထွက်လာသော မသဲမကွဲ မရေမရာ ရယ်သံလေးတစ်ခုနှင့် အစားထိုးသွားတော့သည်။ မဲ့တုန်သည် သူ့နှလုံးသားထဲတွင် မရိုးမရွ ခံစားချက်တစ်ခုကို ခံစားလိုက်ရသဖြင့် အလိုအလျောက် ထုတ်မေးလိုက်သည်။ 



"နောက်ဆုံးစာသားက ဘာလဲ" 



ယန်ရှုမင်က မိန်းကလေး၏ သီချင်းဆိုသံကြားမှ ပြန်ဖြေလာသည်။ 



"အမ်း၊ ထပ်ရှိသေးတာလား၊ ကိုယ်တော့ မေ့သွားပြီ။" 



သူ့နှလုံးသား အောက်ခြေမှ တလိမ့်လိမ့်တက်လာသော အလိုမကျမှုများနှင့် ဝမ်းနည်းမှုများကို နက်နက်ရှိုင်းရှိုင်း ခံစားနေရသဖြင့် မဲ့တုန် က သူ့လေသံ သူ သတိမထားမိပေ။ယန်ရှုမင်က ဤသီချင်း သီဆိုရခြင်း၏ ရည်ရွယ်ချက်ကို ကျန်နေသည့် နောက်ဆုံးစာကြောင်းတွင် သိမ်းဆည်းထားသည်ဟု သူ တွေးမိလိုက်သည်။ 



"အင်း ၊ In other words, I love you" 



ယန်ရှုမင်၏ အပြုံးက ပိုပြီး ထင်ထင်ရှားရှား ဖြစ်လာသည်။ 



"အမ်း၊ ကိုယ်ရောပဲ" 



ယန်ရှုမင်၏ ထောင်ချောက်ထဲသို့ သူ နောက်တစ်ခါ ထပ်ကျသွားသည်ဟု မဲ့တုန် သဘောပေါက်သွားသည်။ဤသို့ စိတ်တိုချင်စရာကောင်းအောင် မရေမရာဖြစ်နေရသည့် အခြေအနေတွင် သူ့အခန်းဖော်များ၏ စကားများကို မဲ့တုန် ပြန်သတိရသွားသည်။ 



"မဲ့ဇီ၊ မင်း သူမကို နိုင်အောင် ကစားနိုင်မယ်လို့တော့ ငါ မထင်ဘူး" 



ထိုအခိုက်အတန့်တွင်တော့ မဲ့တုန် အမှန်ပင် သဘောတူလိုက်ရပါ၏။သူက ယန်ရှုမင်အကြောင်း လုံလုံလောက်လောက် မသိနိုင်သည် ဖြစ်ရာ အမြဲတမ်း ထိုသူ၏ ထောက်ချောက်များထဲသို့ အလိုလို ကျရောက်နေမြဲ ဖြစ်သည်။ 



သူ တိတ်ဆိတ်နေခဲ့မိသည်။ သူသီဆိုမိသော 'I love you' ဆိုသည့် စကားလုံးကြောင့် မျက်နှာက နီရဲနေခဲ့ပြီး အတော်ကြာသည်အထိ ဘာပြောရမည်ကို မသိပေ။သို့သော် မဲ့တုန် မည်သည်ကိုမှ မပြောရသေးခင်၌ ရုတ်တရက် အရှေ့ဘက်မှ ဆူဆူညံညံအသံများ ထွက်လာခဲ့သည်။စာပေအနုပညာဌာန၏ ဥက္ကဋ္ဌကို သီချင်းဆိုပေးပါရန် လူတိုင်းက တိုက်တွန်းနေခဲ့ကြသည်။သူမက ငြင်းပယ်ပစ်ရန် ကြိုးစားနေပါ၏။ထို့နောက် သူမအပေါ် အာရုံစိုက်မှုများကို လမ်းကြောင်းလွှဲပစ်ရန် တွေးမိသဖြင့် 



"ယန်ကော၊ ငါ သီချင်းဆိုမယ်၊မဆိုဘူး မပြောရသေးခင်၊ မင်းကတော့ သီချင်းတစ်ပုဒ် ဆိုကို ဆိုရမယ်၊ ဟုတ်ပြီလား" 



ယန်ရှုမင်ကို ရည်ညွှန်းလိုက်သည်နှင့် အာရုံများက အလွယ်တကူ ပြောင်းရွေ့သွားပြီး၊ လူတိုင်းက ယန်ရှုမင်ကို သီချင်းတစ်ပုဒ် ဆိုပါရန် စတင်၍ တောင်းဆိုကြတော့သည်။ယန်ရှုမင်ကလည်း မငြင်းခဲ့ပေ။မတ်တပ်မရပ်ခင်တွင် သူက ရုတ်တရက် မဲ့တုန်၏ ညာလက်ဆီသို့ လှမ်း၍ ဖျစ်ညှစ်လိုက်သည်။ သူက မိုက်ခရိုဖုန်းရှိရာသို့ လျှောက်သွားပြီး ထိုင်ချလိုက်ကာ လိုက်ဖက်မည့် သီချင်းကို ရှာနေခဲ့သည်။ 



ထိုသီချင်းမှာ မဲ့တုန် အရင်က တစ်ကြိမ်မှ မကြားဖူးသော သီချင်း ဖြစ်သည်။ 



သို့သော် မဲ့တုန်၏ အင်္ဂလိပ်စာစကေးက ကောင်းပါသည်။ 



ထိုသီချင်း၏ အစိတ်အပိုင်းအများစုကို အင်္ဂလိပ်လို သီဆိုထားပြီး စပိန်ဘာသာ သီချင်းစာသား အတိုလေး ပါသည်။မဲ့တုန် ထိုစာသားအတိုလေးကို နားလည်နိုင်ခဲ့သည်။သူ၏ မေဂျာနှင့် လူသိနည်းသော ဘာသာစကားများအပေါ် ဝါသနာပါမှုကို သူ မည်သည့်အခါကမှ ကျေးဇူးမတင်ခဲ့ဖူးပေ။ကွင်းပြင်ထဲရှိ လူများက နားမလည်သည်လည်း ဖြစ်နိုင်သည်။အကယ်၍ သူတို့ နားလည်နိုင်သည် ဆိုလျှင်တောင်မှ ယန်ရှုမင်၏သီချင်းနောက်ကွယ်က အဓိပ္ပါယ်ကိုတော့ နားလည်သဘောပေါက်နိုင်လိမ့်မည် မဟုတ်ပေ။ မဲ့တုန်ကတော့ ဒါကို အပြည့်အဝ နားလည်သဘောပေါက်နိုင်သည်။ 



သီချင်း၏ နာမည် မှာ 'My only one' ဖြစ်သည်။





ထိုသီချင်း၏ နောက်ဆုံးစာသားမှာလည်း 'My only one' ဟူ၍ ဖြစ်သည်။





မိုက်ခရိုဖုန်းရှေ့တွင် ထိုင်နေသူက သီချင်းအဆုံးသတ်တွင် မဲ့တုန်ကို ပြုံးပြလိုက်သည်။ 



"ကျောင်းသား မဲ့တုန်၊ ပျော်စရာကောင်းတဲ့ ပထမဆုံး နှင်းကျခြင်းပါ" 



+++++++

Songs  

'Fly me to the moon' - covered by The Macron Projects

'My only one' - by Sebastián Yatra, Isabela Merced