Chapter 27
မဲ့တုန်၏ တသီးတသန့်နေတတ်သည် ဆိုသော ဂုဏ်သတင်းက လူကိုယ်တိုင်ထက် အရင်ရှေ့နောက်နေခဲ့၏။မဲ့တုန်က အခြားသူများနှင့် စကားမပြောချင်ဟု လူတိုင်းက ယူဆလိုက်ကြသည်။ကျေးဇူးတင်စကားများ ဖလှယ်ကြပြီးနောက် လူတိုင်းက လက်ဖက်ရည်ခွက်ကိုယ်စီဖြင့် ကိုယ့်လမ်း ကိုယ်သွားကြသည်။
မဲ့တုန်သည် ဤနေရာတွင် လူဘယ်လောက်များများ ရှိသည်ကို အခန်းထဲ မရောက်ခင်အထိ မသိခဲ့ပေ။သူက နို့လက်ဖက်ရည်ကို ခွက်အများအပြား ဝယ်ခဲ့မိသည်။ဘူးထဲတွင် လက်ဖက်ရည် လေးခွက်၊ငါးခွက်ပင် ကျန်နေသေး၏။ အနည်းငယ် အပြစ်မကင်းစိတ်ဖြင့် သူက ယန်ရှုမင်၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။
"ခင်ဗျား ... ခင်ဗျား တစ်ခွက်လောက် ယူချင်လား။"
ယန်ရှုမင်က အံ့ဩသွားသည့် ပုံပင်။
"အိုး ၊ ကိုယ့်လို ရိုးရိုးသာမန် သူငယ်ချင်းတစ်ယောက်အတွက် ဝေစုတစ်စု ရှိသေးတယ်ပေါ့"
ချက်ချင်းပင် မဲ့တုန်သည် နောင်တရသွားသည့် ပုံစံဖြစ်သွား၏။ သူ့မျက်နှာကို အောက်ချရင်းဖြင့်
"ကျွန်တော် တောင်းပန်ပါတယ်၊ကျွန်တော် မှားပြောမိတာပါ၊စိတ်မဆိုးပါနဲ့။"
ယန်ရှုမင် အမှန်တကယ်တော့ စိတ်မဆိုးမိပေ။ သူက မဲ့တုန်၏ ဒိုင်ယာရီကို ဖတ်ဖူးခဲ့ပြီးသား ဖြစ်၏။ အိပ်မက်ထဲမှာဆိုသော်လည်း မဲ့တုန်က သူ့လက်ကို ကိုင်ဖို့ကိုပင် အရမ်းကြောက်နေတတ်သည်။မဲ့တုန်အနေဖြင့် ယခုကဲ့သို့ လူအများကြီးရှေ့တွင် သူတို့၏ ဆက်ဆံရေးအကြောင်းကို စောစောစီးစီး ဝန်ခံလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားမိချေ။ သူက နို့လက်ဖက်ရည် တစ်ခွက်ကို သာမန်ကာ လျှံကာ ယူပြီး တစ်ငုံ သောက်လိုက်လေသည်။ထိုလက်ဖက်ရည်မှာ အံ့ဩစရာကောင်းအောင် ချိုလှသည်။
ယန်ရှုမင်က နို့လက်ဖက်ရည်ပေါ်ရှိ အမှတ်တံဆိပ်စာသားကို ကြည့်လိုက်မိသည်။ ထိုခွက်က သကြားညိုအပြည့်နှင့် ပုလဲသီးများ ပါသော နို့လက်ဖက်ရည် ဖြစ်နေသည်။
နောက်ထပ်တစ်ငုံ သောက်ပြီးနောက် သူ့ပါးစပ်တစ်ခုလုံးတွင် သကြားအရသာက ပြည့်နေပြီး စေးကပ်ကပ်နှင့် ချောကျိကျိ ဖြစ်နေသည်။ မဲ့တုန်က သူကိုယ်တိုင်အတွက် တစ်ခွက် လှမ်းယူချိန်၌ ယန်ရှုမင်က သူသောက်လက်စ နို့လက်ဖက်ရည်ခွက်ကို မဲ့တုန်၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်၏။
မဲ့တုန် : "ဘာဖြစ်လို့လဲ"
ယန်ရှုမင်၏ အသံက ချွဲကပ်ကပ် ဖြစ်နေခဲ့သည်။
"ချိုလို့"
မဲ့တုန်က သဘာဝကျစွာဖြင့် တစ်ငုံ သောက်ကြည့်လိုက်သည်။
"...အင်း ၊သကြားအပြည့်ထည့်တာက ဒီလောက်ထိ ချိုမယ်လို့ ကျွန်တော် မသိခဲ့ဘူး၊ ကောင်းပြီ၊ကျွန်တော် ဒီခွက်ကို ဆက်သောက်လိုက်မယ်"
မဲ့တုန်က အနည်းငယ် တုံးအပြီး ခွတီးခွကျ ဖြစ်သူ ဖြစ်သဖြင့် သူနှင့် ပတ်သက်ဆက်ဆံရသည်က မလွယ်ကူပါ။ သူ့အပေါ် လူတွေ၏ အပြင်ပန်းအမြင်မှာ တသီးတသန့် နေတတ်သော ရွှယ်ရှန် ဖြစ်သော်ငြား၊အတွင်းဘက်ပုံစံမှာတော့ သူက ခေါင်းထဲမှာ သိမ်းထားရတာတွေ များနေသဖြင့် များများစားစား သိပ်မတွေးတတ်သော အရူးလေးတစ်ယောက်နှင့် တူသည်။
ထိုမတိုင်ခင်က မဲ့တုန်သည် သူ့အမြီးတက်နင်းခံရသလို ဖြစ်သွားသဖြင့် သူတို့နှစ်ယောက်က သူငယ်ချင်းတွေသာ ဖြစ်သည်ဟု ပြောခဲ့သည်။အခုအချိန်တွင်တော့ သူက ယန်ရှုမင် သောက်ပြီးသား နို့လက်ဖက်ရည်ကို ဘာမှ မဖြစ်သကဲ့သို့ သောက်နေလေသည်။
မဲ့တုန်က နို့လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း၊ခရစ်စမတ်သစ်ပင် အနားရှိ ယန်ရှုမင်၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။
ခရစ်စမတ်သစ်ပင်ကို ပြင်ဆင်ရသည်က အလွန်အမင်း မခက်ခဲပေ။စတိုးဆိုင်မှ လာကတည်းက သစ်ပင်ကို အစိတ်အပိုင်းများ ဖြတ်တောက်ပြီးသား ဖြစ်၏။အစိတ်အပိုင်းတစ်ခုဆီကို မတပ်ဆင်ခင် အကိုင်းအခက်များကို သင့်လျော်သော ထောင့်များအဖြစ် ဖြန့်ကျဲ၍ နေရာချပေးရန် လိုအပ်သည်။သူတို့တစ်ဦးစီက သစ်ပင်ပင်စည်၏ အစိတ်အပိုင်း တစ်ခုဆီကို ယူလာခဲ့ပြီး မြေကြီးပေါ်တွင် ထိုင်လိုက်ကြကာ အကိုင်းအခက်များကိုနေရာတကျ ချိန်ညှိနေကြသည်။
မဲ့တုန် ကြိုးကြိုးစားစား အလုပ်လုပ်နေ၏။သူက သစ်ကိုင်းများကို ကွေးညွှတ်ကြည့်ပြီး အကိုင်းတစ်ကိုင်းစီ၏ တည်ရှိသော ထောင့်အချိုးအစားကို ဂရုတစိုက် စစ်ဆေးကြည့်ရှုသည်။နောက်ဆုံးတော့ ထိုအလုပ်သည် ကျောင်းသားသမဂ္ဂ၏ တာဝန်ဖြစ်ပြီး ခရစ်စမတ်သစ်ပင်ကိုလည်း တစ်ကျောင်းလုံးက ကြည့်ရှုနိုင်ဖို့ ပြသထားမည် ဖြစ်သည်။
သို့သော် ယန်ရှုမင်မှာ စိတ်နဲ့လူ မကပ်သော ပုံစံဖြင့် သစ်ကိုင်းများကို သာမန်ကာလျှံကာဖြင့် ကွေးညွှတ်နေပြီး ရံဖန်ရံခါတွင် မဲ့တုန်ကို လှမ်း၍ ကြည့်နေခဲ့သည်။
တစ်ခဏအကြာတွင် မဲ့တုန်က သူ၏ အနုပညာလက်ရာကို ဂုဏ်ယူစွာဖြင့် ကြွားဝါနေလေသည်။ထို့နောက်တွင် သူက ယန်ရှုမင်၏ သစ်ကိုင်းကို သူ့သစ်ကိုင်းနှင့် အမြန် လဲလှယ်လိုက်သည်။
မဲ့တုန်က သူ့ဘာသာ တိုးတိုးပြောနေခဲ့သည်။
"အိုက်ယား ၊ခင်ဗျား ဘာတွေ လုပ်နေတာလဲ။ သစ်ကိုင်းတွေ ကြီးမားပြီး စိုစိုပြေပြေပုံစံ ဖြစ်နေအောင် ထောင့်တွေကို သေချာစစ်ဆေးပြီး နေရာလွတ်တိုင်းကို ဖြည့်ပေးဖို့ လိုအပ်တယ်။ မြန်မြန်လာပြီး ဒါကို ကိုင်ထား။ ဒါကို ခင်ဗျား လုပ်ထားသလို ဟန်ဆောင်နေလိုက် ၊မဟုတ်ရင် ခင်ဗျားက ပျင်းနေတယ်လို့ သူတို့ ပြောလိမ့်မယ်၊ကျွန်တော် ခင်ဗျားအတွက် ဒီဟာကို ပြန်လုပ်ပေးမယ်"
ယန်ရှုမင်က လုံးဝမငြင်းဆန်ခဲ့ပေ။ ထိုအစား သူက မှီနေပြီး မဲ့တုန်အပေါ်ကို မမှိတ်မသုန် အာရုံစူးစိုက်ထား၏။
မဲ့တုန်သည် သူ့အလုပ်အပေါ် အာရုံစိုက်ထားချင်ခဲ့သည်။ သို့သော် ယန်ရှုမင်၏ အကြည့်များက လျစ်လျူရှုထားဖို့ရာ အလွန်ခက်ခဲသည်။
မဲ့တုန်၏ နားရွက်လေးများက မသိမသာ နီမြန်းလာခဲ့သည်။
"ခင်ဗျား ဘာဖြစ်လို့ ကျွန်တော့်ကို ဒီလိုမျိုး ကြည့်နေရတာလဲ"
ယန်ရှုမင်က မေးသည်။
"အစကတည်းက မင်း ဘာဖြစ်လို့ ကျောင်းသားသမဂ္ဂကို မဝင်ခဲ့တာလဲ။ မင်းက ကိုယ့်အတွက်ကြောင့် သမဂ္ဂထဲ ဝင်လာမယ်လို့ ကိုယ် ထင်နေခဲ့တာ"
ချက်ချင်းပင် မဲ့တုန် စိတ်လှုပ်ရှားသွား၍ သူတို့စကားပြောနေသည်ကို တစ်စုံတစ်ယောက်က နားထောင်နေမလားဟု ဘေးဘီဝဲယာကို ကြည့်ရှုရှာဖွေလိုက်သည်။လူတိုင်းက ကိုယ့်အလုပ်နှင့်ကိုယ် ဖြစ်နေသည်ကို တွေ့သဖြင့် သူက အသံတိုးတိုးဖြင့် ပြန်ဖြေသည်။
"ကျွန်တော်လည်း ခင်ဗျားကို ရှာဖို့ လာမယ်ဆိုပြီး တကယ်ပဲ တွေးမိပါတယ်။ကျွန်တော်တို့က မေဂျာရော၊ အတန်းရော မတူကြဘူးလေ။ကျောင်းသားသမဂ္ဂကို ဝင်လိုက်ရင် ခင်ဗျားနဲ့ တွေ့ဖို့ အချိန် ပိုရမယ်ပေါ့။ဒါပေမဲ့ ... အမ်း၊ ကျွန်တော်လည်း မသိဘူး၊ အိမ်နဲ့ နီးကပ်လာရင် ကျွန်တော် ပိုပြီး တွန့်ဆုတ်နေသလို ခံစားရတာကြောင့် ဖြစ်မယ်"
[timid about being close to home - အိမ်နဲ့ နှစ်ပေါင်းများစွာ အဆက်အသွယ်မရှိဘဲ ဝေးကွာနေခဲ့ပြီးမှ မင်း အိမ်ပြန်လာရတဲ့အခါ၊ အိမ်နဲ့ နီးလာလေ၊ မင်းအဖို့ မလွယ်ကူသလို ခံစားရလေပဲ။မင်းရဲ့ ဇာတိမြို့လေးမှာ မမျှော်လင့်ဘဲ မကောင်းတာတစ်ခုခု ဖြစ်ပျက်နေမှာကို ကြောက်သလိုမျိုးပေါ့။အိမ်ပြေးလေးတစ်ယောက် အိမ်ကို ပြန်လာတဲ့အခါမှာ ဖြစ်တတ်တဲ့ ရှုပ်ရှုပ်ထွေးထွေး ခံစားချက်တွေကို ဖော်ပြတဲ့နေရာမှာ ထိုစကားကို သုံးပါတယ်။]
ယန်ရှုမင်က ရယ်လေသည်။
သူ ဘာကြောင့် ရယ်သည်ကို မဲ့တုန် မသိပါ။
"ဘာလို့ အရမ်းရယ်နေရတာလဲ"
ယန်ရှုမင်က ပြောသည်။
"မင်းက ရွှယ်ပါ့ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကိုက်ညီအောင် တကယ် နေတတ်တာပဲ။ကိုယ်က မင်း စကားများများ ပြောတာလေးကို နားထောင်ချင်လို့ မေးခွန်းတစ်ခု မေးလိုက်တာလေကွာ၊ ဒါပေမဲ့ မင်းက စကားပုံတစ်ခုပေးပြီး ကိုယ့်ကို ခါထုတ်ပစ်လိုက်တယ်ပေါ့လေ"
မဲ့တုန်၏ မျက်လုံးများက သူ့လက်ထဲရှိ ခရစ်စမတ်သစ်ပင်၏ အကိုင်းကို တမင်ကြည့်နေသည်။
"ကျွန်တော့်ရဲ့ ဒိုင်ယာရီက ခင်ဗျားလက်ထဲမှာလေ။ ခင်ဗျား ကျွန်တော့ဆီက ဘာများ ထပ်ကြားချင်လေးလို့လဲ။"
ယန်ရှုမင်က ယုံကြည်မှုအပြည့်နှင့် ပြန်ဖြေသည်။
"အဲ့ဒါက မတူဘူးလေ"
မဲ့တုန်က စိတ်ရှည်လက်ရှည်ဖြင့် မေးသည်။
"ဒါဆို ခင်ဗျား ဘာကို ထပ်ပြီး နားထောင်ချင်လို့လဲ"
ယန်ရှုမင် ပြန်ဖြေ၏။
" 'အိမ်နဲ့ နီးကပ်လာရင် တွန့်ဆုတ်နေသလို ခံစားရတယ်' ဆိုတာရဲ့ အဓိပ္ပါယ်ကို ဘာသာပြန်ပြ"
မဲ့တုန် သူ့ဖုန်းကို ထုတ်ယူလိုက်သည်။
"ခင်ဗျားဘာသာ ကြည့်လိုက်"
ယန်ရှုမင်က မှီ၍ နေလျက်၊ ဖုန်းကို ယူဖို့ ငြင်းဆန်နေပြီး မဲ့တုန်ကိုသာ ကြည့်နေခဲ့သည်။
မဲ့တုန်သည် အခြေအနေအတိုင်း ဖြစ်ချင်သလိုသာ ဖြစ်ပါစေတော့ဟု သူ့ဘာသာ လက်ခံထားခဲ့သည်။ယန်ရှုမင်က အိမ်နဲ့ နီးကပ်လာရင် တွန့်ဆုတ်နေသလို ခံစားရတယ် ဆိုသည့် အဓိပ္ပါယ်ကို ဘယ်လိုလုပ်ပြီး မသိဘဲ နေမည်နည်း။ယန်ရှုမင် ဘာနားထောင်ချင်သည်ကို သူလည်း နားလည်ပါသည်။အခုက အစမ်းတွဲကြည့်နေကြခြင်း ဖြစ်သည်။ သူ့အနေနဲ့ ကောင်းကောင်း လုပ်ဆောင်ရမည်။သူ့ဖုန်းကို ပြန်သိမ်းလိုက်၏။ ခရစ်စမတ်သစ်ပင်မှ အကိုင်းငယ်တစ်ခုကို ခူးကြည့်တော့ အထိအတွေ့က သူ့လက်ဖဝါးထဲမှာ ကြမ်းရှရှနှင့်။ဒီခရစ်စမတ်သစ်ပင်က အစစ်မဟုတ်ပေ၊ ပလတ်စတစ်ဖြင့် လုပ်ထားခြင်း ဖြစ်မည်။
ခဏကြာသည်အထိ တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတွင် မဲ့တုန်သည် စိတ်ပျက်နေသော အရိပ်အရောင်များ ရောစွက်နေသည့်အသံဖြင့် စကားပြောလာခဲ့သည်။
"ကျွန်တော် ကျောင်းသားသမဂ္ဂမှာ အဖွဲ့ဝင် ဖြစ်လာခဲ့ရင်တောင်မှ ခင်ဗျားနဲ့ ပိုနီးကပ်လာမယ်လို့ သေချာပေါက် ဆိုလိုလို့တော့ မရဘူးပေါ့။ပိုပြီးတော့ စိတ်ပျက်စရာကောင်းတာတွေ ဖြစ်သွားမလားပဲ။မြင့်မြင့်မားမား မျှော်မှန်းရင်၊စိတ်ပျက်ရတဲ့အခါ ပိုပြီး နာကျင်ခံစားရတယ်လေ။ခင်ဗျားနဲ့ တခြားသူတွေ အတူရှိနေတာကို ကျွန်တော် နေ့တိုင်းကြည့်နေရတာမျိုးလဲ ဖြစ်နိုင်တာပဲ။အဲ့ဒါကြောင့် အထက်တန်းကျောင်းမှာတုန်းကလို အကွာအဝေးတစ်ခုကို ထိန်းထားတာက ပိုပြီး ကောင်းတာပေါ့။ကျွန်တော် ဘယ်သူလဲဆိုတာ ခင်ဗျားက မသိသလို၊ ကျွန်တော်ကလည်း ခင်ဗျားကို နေ့တိုင်းမြင်နေရရုံနဲ့ ပျော်နေနိုင်တယ်လေ"
ယန်ရှုမင် သူ့ကို စကားပြင်ပေးလိုက်သည်။
"ကိုယ် မင်းဘယ်သူလဲဆိုတာ တကယ်ပဲ သိပါတယ်"
ထိုစကားက မဲ့တုန်ကို ချော့မော့ပေးလိုက်သည်။
"အမ်း၊ ကျွန်တော် ဘယ်သူလဲဆိုတာကို ခင်ဗျားက အမြဲတမ်း သိနေခဲ့တာပဲ။"
ခရစ်စမတ်သစ်ပင်ကို တပ်ဆင်ရသည်က ရိုးရှင်းသည်ဟု ထင်ဖွယ်ရှိသော်လည်း အပင်က အရမ်းမြင့်မားပြီး မိနစ်အနည်းငယ်မျှဖြင့် ပြီးဆုံးအောင် တပ်ဆင်ဖို့အတွက် အရမ်းကြီးလွန်းနေ၏။ ယန်ရှုမင်က ဆုတောင်းစာကတ်များကို ယူရန် လာခဲ့သည်။ကတ်အားလုံးက ခရစ်စမတ်စတိုင် ဖြစ်သည့် အနီရောင်နှင့် အစိမ်းရောင်ကတ်များ ဖြစ်သည်။သူက အရောင်ကွဲ တစ်ကတ်စီကို ယူလိုက်ပြီး မဲ့တုန်ကို တစ်ကတ်ပြီး တစ်ကတ် ပေးလိုက်သည်။
မဲ့တုန် ကဒ်များကို ယူလိုက်ပြီး စပ်စပ်စုစု မေးလိုက်သည်။
"လူတိုင်း တစ်ကတ်စီ ရမှာလား။"
ယန်ရှုမင်က ခေါင်းငြိမ့်သည်။
"ဟုတ်တယ်၊ ဒါပေမဲ့ လူတိုင်း ပါဝင်ဆင်နွှဲဖို့တော့ မသေချာပါဘူး။အပြင်မှာ အရမ်းအေးပြီးတော့ လူအများစုကလည်း အပြင်ထွက်ချင်စိတ် မရှိကြဘူးလေ"
မဲ့တုန် ပြုံးလိုက်သည်။
"ကျွန်တော့်အခန်းဖော်တွေ အကုန်လုံးက ဒီပွဲမှာ ပါဝင်ဆင်နွှဲချင်နေကြတာ၊ သူတို့ထဲက တစ်ယောက်ဆို 'ကမ္ဘာကြီး ငြိမ်းချမ်းပါစေ'ဆိုပြီး ရေးမယ်လို့ ပြောနေတယ်လေ"
ယန်ရှုမင်က သူ့ကို မေးလိုက်သည်။
"မင်းကရော"
မဲ့တုန်က ဆုတောင်းစာကတ်၂ကဒ်ကို ဖျစ်ညှစ်လိုက်၏။ ခဏကြာအောင် တွေးနေပြီးမှ
"ကျွန်တော် ခင်ဗျားကို မပြောပြဘူး"
ဒီဇင်ဘာလက မြန်မြန်ဆန်ဆန် ကုန်ဆုံးလာသည်မှာ နောက်ဆုံးရက်သတ္တပတ်သို့ ရောက်လုနီးခဲ့ပြီ ဖြစ်၏။
လူတိုင်း၏ဘဝက ရှေ့ဘက်သို့ အမြန်ရစ်နေသော ဗီဒီယိုဇာတ်လမ်းတစ်ပုဒ်နှယ်။ဤရက်များအတွင်း၌ မဲ့တုန်၏ ဘာသာရပ်ဆိုင်ရာမှတ်စုများသည် သူ့အတန်းဖော်များ၏ လက်ထဲတွင် တဝဲလည်လည် ဖြစ်နေခဲ့သည်။သူ့မှတ်စုများက ယခုလက်ရှိ မည်သူ၏လက်ထဲ၌ ရှိသည်ကို မဲ့တုန် သေချာမသိပေ။အဆောင်အတွင်းရှိ လှုပ်ရှားမှုများက ပျားပန်းခတ်သလို ဖြစ်နေခဲ့၏။ မဲ့တုန်နှင့် ဘာသာရပ်ဆိုင်ရာ အကြောင်းအရာ သို့မဟုတ် အိမ်စာနှင့် ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်မည့်သူက တစ်ယောက်မဟုတ် တစ်ယောက် ရောက်လာတတ်သည်။
လူတိုင်း၏ အသိဥာဏ်များမှာ နေဝင်ချိန်သို့ ရောက်လုနီးပါးပင်။ယခုနှစ်တွင် ပါမောက္ခ၏ မေဂျာဘာသာရပ်တစ်ခုကို သင်ကြားမှုပုံစံက အတော်ကို ဒြပ်မဲ့ စိတ္တဇဆန်သည်။သူက အဓိကအချက်အလက်များကို ထောက်ပြခြင်းမရှိ၊သင်ခန်းစာအချက်အလက်များကို ပံ့ပိုးပေးခြင်း မရှိသည့်အပြင် ဟောပြောပို့ချမှုကလည်း ဟိုဟို ဒီဒီ တစ်ပိုင်းတစ်စစီဖြင့်။အကယ်၍ မင်းအနေဖြင့် သေချာအာရုံစိုက်မထားခဲ့လျှင် သူ အခု ဘာပြောနေသည်ကိုပင် မင်း လုံးဝသိမည် မဟုတ်။ အနှီသင်ခန်းစာက ယခုနှစ်အတွက် လိုအပ်သည့် သင်ခန်းစာမဟုတ်လျှင်တော့ မည်သူကမှ ရွှယ်ရှန်အား အနှောင့်အယှက် ပေးရဲမည် မဟုတ်ပေ။
ပထမဦးဆုံး ရောက်လာခဲ့သူက အရေထူမှုကြောင့် နာမည်ကြီးသူဖြစ်ပါ၏။ထိုသူက လူတိုင်းနှင့် စကားစမြည်ပြောနေလျက်၊ ကိုယ့်ကိုကိုယ် ယုံကြည့်မှုအပြည့်ဖြင့် မဲ့တုန်၏ အဆောင်အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။အထဲဝင်သွားခဲ့ပြီးနောက် ထိုသူက မဲ့တုန်ကို စပြီး ချီးမွမ်းခန်း ဖွင့်လေသည်။မဲ့တုန်ကို စာမေးပွဲအတွက် နောက်ဆုံးမျှော်လင့်ချက် မီးပြတိုက်လေးဟုပင် ခေါ်ခဲ့သည်။သူတို့အတန်းတစ်ခုလုံး၏ ဤဘာသာရပ်အပေါ် အောင်မြင်မှုနှုန်းထားက ရွှယ်ရှန်ဆိုသည့် မင်းအပေါ် မူတည်နေပါသည်ဟု ထိုသူက ပြောလာခဲ့ပါ၏။မဲ့တုန်၏ မျက်နှာမှာလည်း အဆိုပါ မြှောက်လုံးပင့်လုံးများကြောင့် နီမြန်းလုနီးပါးပင်။
ထိုသူက စိတ်ကျေနပ်စွာဖြင့် ပြန်သွားခဲ့ပြီးနောက် သူ့အဆောင်သူ ပြန်ရောက်သည်နှင့် မဲ့တုန်က စိတ်သဘောထား အတော်လေး ကောင်းသူဟု လိုက်ပြောနေတော့သည်။အကယ်၍ နားမလည်သည့်အရာ တစ်စုံတစ်ခု မင်းမှာ ရှိပါက၊မင်း သူ့ထံတွင် သွားမေး၍ ရနိုင်သည်၊ ရွှယ်ရှန်က မင်းကို သေချာသိသည်အထိ ရှင်းပြပေးမည် ဟူ၍ပင်။
ထိုကာလတွင် ယန်ရှုမင်သည်လည်း ခရစ်စမတ်ပွဲတော် ပြင်ဆင်ရေးကိစ္စများဖြင့် အလုပ်များလျက် ရှိသည်။သူက အခမ်းအနားပွဲအတွက် ကြော်ငြာသည့် စာသားများကို သူ့ဘာသာ ရေးသားသည်။အေးစက်စက် ရာသီဥတု၌ မြင့်မားသော ခရစ်စမတ်သစ်ပင်ကြီးကို ထားရှိမည့်နေရာဆီသို့ လူအများကြီး စုပေါင်း၍ သယ်ဆောင်ကြရသည်။သူတို့သည် ဆုတောင်းစာကတ်များ ချိတ်ဆွဲမည့် အဖြူရောင် ဘုတ်ပြားများကို ကွင်းထဲတွင် ထားရှိရန် တစ်ခါတည်း ယူဆောင်လာကြသည်။
ဇန်နဝါရီလကလည်း နီးကပ်လာခဲ့ချေပြီ။ကျောင်း၌ နှစ်စဥ်ကဲ့သို့ နှစ်သစ်ကူးအကြိုပွဲတော်ကို ကျင်းပပြုလုပ်မည်ဖြစ်သည်။မောင်မယ်သစ်လွင်ကြိုဆိုပွဲ ပြီးလျှင် ၎င်းက အကြီးကျယ် အခမ်းနားဆုံး ပွဲတစ်ခု ဖြစ်သည်။ကျောင်းတွင်းကလပ်အသင်းအမျိုးမျိုးမှ ဖျော်ဖြေတင်ဆက်မှု စာရင်းဇယားများကို ကျောင်းသားသမဂ္ဂထံ ပို့ဆောင်ရသည်။အနုပညာနှင့် စာပေရေးရာဌာနမှ ၎င်းတို့ကို ဇကာတင် ရွေးချယ်ရသည်။ ထိုသို့ဖြင့် နောက်ဆုံးဇကာတင် ဖျော်ဖြေတင်ဆက်မှုအားလုံးက ယန်ရှုမင်၏ လက်ထဲသို့ ရောက်လာကြသည်။
သူတို့နှစ်ယောက်သည် ဤတစ်လလုံး များများစားစား မတွေ့ရခဲ့ပေ။မဲ့တုန်က သူ၏ပိတ်ရက်များကို နိုင်ငံတကာစကားရည်ပြိုင်ပွဲ အသင်း၏ နားနေခန်းတွင် ကုန်ဆုံးတတ်ပြီး ယန်ရှုမင်ကလည်း သူ၏ပိတ်ရက်များကို ကျောင်းသားသမဂ္ဂရုံးခန်း၌သာ ကုန်ဆုံးဖြစ်ခဲ့ပါ၏။
ခရစ်စမတ်အကြိုနေ့ မရောက်မှီ တနင်္ဂနွေနေ့ တစ်နေ့တွင် မဲ့တုန်သည် ညစာစားပြီးနောက် ကွင်းထဲသို့ ဦးတည် ထွက်လာခဲ့သည်။ပွဲအခမ်းအနားနှင့် ပတ်သက်သော အပြင်အဆင်များက စီစဥ်ထားရှိပြီး ဖြစ်ရာ မည်သူမဆို ခပ်လှမ်းလှမ်းကပင် ကွင်းထဲ၌ မီးရောင်စုံများ တဖျတ်ဖျတ်လင်းနေသော ခရစ်စမတ်သစ်ပင်ကို လှမ်းတွေ့နိုင်ပေသည်။ဖြစ်တောင့်ဖြစ်ခဲလှစွာ နေ့လည်ခင်း၌ နှင်း အနည်းငယ်သာ ကျဆင်းပြီး အလျင်အမြန် ရပ်တန့်သွားခဲ့သဖြင့် မြေပြင်ပေါ်တွင် အကြွင်းအကျန် တစိုးတစိမျှ မကျန်ခဲ့ပေ။ ဘယ်အချိန်တွင် ဖြစ်မည်ဟု အတိအကျ မပြောနိုင်သော်ငြား ယနေ့ညနေတွင် နှင်းများ ထူထူထပ်ထပ် ကျဆင်းမည်ဟု မိုးလေဝသဌာနက ကြိုတင်ခန့်မှန်းထားခဲ့သည်။
"ဟေး ၊ မဲ့တုန် ၊ မင်း ဒီကို လာတာလား။ ကြည့်စမ်းပါဦး ၊ငါတို့ ပြင်ဆင်ထားတာကို မင်း ဘယ်လိုထင်လဲ"
မဲ့တုန်ကို နှုတ်ဆက်သူက ကျောင်းသားသမဂ္ဂရှိ အနုပညာနှင့်စာပေရေးရာ ဌာန၏ ဥက္ကဋ္ဌဖြစ်သည်။ သူမက ပန်းရောင်ဆံပင်နှင့်မိန်းကလေးဖြစ်ပြီး ယခင်တစ်ခါက မဲ့တုန်၏ နို့လက်ဖက်ရည်ကို သောက်ပြီးနောက် ယခုအချိန်ထိ သူ့ကို မှတ်မိနေဆဲ ဖြစ်လေရာ သူ့ကို မြင်သည်နှင့် အစချီ၍ နှုတ်ဆက်လာခဲ့သည်။
မဲ့တုန် အလျင်အမြန် ခေါင်းငြိမ့်လိုက်ပါသည်။
"အရမ်းကို အံ့ဩစရာပါပဲ။ မင်းတို့ ပင်ပင်ပန်းပန်း ကြိုးစားပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
မိန်းကလေးက နှိမ့်ချလိုဟန်ဖြင့် သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"မပင်ပန်းဘူး၊မပင်ပန်းရပါဘူး။ ဟေး။ အစကတော့လေ မနက်ဖြန်မှ ပွဲကို တစ်နေ့လုံး ကျင်းပဖို့ စီစဥ်ထားတာ။ဒါပေမဲ့ ဒီညက ခရစ်စမတ်အကြို တနင်္ဂနွေနေ့ည ဖြစ်ပြီး နှင်းလည်း ကျဦးမယ်ဆိုတော့ ငါတို့ ပွဲအခမ်းအနားကို ဒီညထဲက စလုပ်ဖြစ်မယ်။ မင်းရော ဆုတောင်းစာ ရေးထားပြီးပြီလား။"
မဲ့တုန် ကျေနပ်လှစွာဖြင့် အံ့ဩသွားရ၏။
"ဒီညလား၊ ငါ အခုထိ မရေးရသေးဘူး။ ငါ ခဏနေမှ ရေးလိုက်တော့မယ်"
ယန်ရှုမင်က မှတ်စုစာအုပ် ကိုင်ထားသော ကောင်လေးတစ်ယောက်နှင့် စကားပြောနေခဲ့သည်။
မဲ့တုန် သွားပြီး မနှောင့်ယှက်ခဲ့ပေ။သူက အခြားသူများနှင့်အတူ တေးသီချင်းဖွင့်ရန် လိုအပ်သည်များကို တပ်ဆင်နေရာချရာတွင် ကူညီမည် ပြုလိုက်သည်။သို့သော် သူ မစရသေးခင်တွင် ယန်ရှုမင်က သူ့ဆီသို့ လက်ကို ဝှေ့ယမ်းပြနေသည်ကို တွေ့ရ၏။ယန်ရှုမင်က ဘေးတိုက် ရပ်နေသဖြင့် သူ့အနေနဲ့ ခေါင်းကို စောင်းငဲ့မကြည့်ပါဘဲ မဲ့တုန်ကို မမြင်ရပေ။ယန်ရှုမင် သူ့ကို မည်သို့ သတိထားမိသည်ကို မဲ့တုန် မသိပေ။
ကောင်လေးက မဲ့တုန်ကို မြင်လျှင် ပြောလက်စ စကားကို လမ်းတစ်ဝက်၌ ရပ်လိုက်သည်။
"ဥက္ကဋ္ဌ၊ ငါ စွန်းလီနဲ့ အရင်ဆုံး စကားပြောကြည့်လိုက်မယ်။ အကယ်၍ ဆုံးဖြတ်ရ ခက်ခဲတာ တစ်ခုခု ရှိရင်တော့ ငါ ပြန်လာပြီး မင်းကို အကူအညီတောင်းမယ်"
ယန်ရှုမင် ခေါင်းငြိမ့်ပြလိုက်၏။
"အမ်း"
ထိုကောင်လေး ထွက်သွားသည်နှင့် သူက မဲ့တုန်ကို လာနှုတ်တက်သည်။
"ရွှယ်ရှန် ၊ ကောင်းသောညနေခင်းလေးပါ အာ။"
မဲ့တုန်ကလည်း အနည်းငယ် ချုပ်တည်းထားလိုက်ရင်း
"အာ ကောင်းသောညနေခင်းပါ။"
ဆူညံနေသော ပတ်ဝန်းကျင် အလယ်၌ပင် ထိုကောင်လေးက စွန်းလီ ဆိုသည့် နာမည်ကို အော်ခေါ်ရင်း ထွက်သွားခဲ့သည်။ အသံစနစ်ကို စစ်ဆေးပြီးနောက် ခရစ်စမတ်တေးသီချင်းများကို ကွင်းပြင်ထဲတွင် စတင် ဖွင့်ခဲ့သည်။ ထိုအခိုက်၌ မဲ့တုန်က ယန်ရှုမင်ကို ကြည့်ရင်း ရပ်နေဆဲ ဖြစ်သည်။ ရုတ်တရတ် သူက ပြုံးလိုက်ပြီး
"ကျွန်တော် ခင်ဗျားတို့ကို နှောင့်ယှက်မိသွားပြီလား"
ယန်ရှုမင်က သူတို့ကြားရှိ အကွာအဝေးကို နီးကပ်လာစေဖို့ ခြေနှစ်လှမ်း တိုးလိုက်သည်။ မဲ့တုန်၏ လက်ကို တိုက်ရိုက် ဆုပ်ကိုင်လိုက်ပြီး မျက်မှောင်ကြုတ်၍
"မင်း ဘာဖြစ်လို့ လက်အိတ်ဝတ်မလာတာလဲ။"
သူ မပြောခင်အထိ မဲ့တုန် ဤကိစ္စကို သတိမထားမိခဲ့ပေ။သူက မြန်မြန် လမ်းလျှောက်လာသဖြင့် နားနေခန်းထဲတွင် သူ့လက်အိတ်မေ့ကျန်ခဲ့ခြင်း ဖြစ်မည်။သူ့လက်များက အေးစက်နေပြီး ဘာကိုမှ ခံစားသိရှိနိုင်ခြင်း မရှိပေ။ယန်ရှုမင်က သူ့လက်ကို ဆုပ်ကိုင်လိုက်မှသာ သူ ဘယ်လောက်ထိ အေးနေသည်ကို သိသွားခဲ့သည်။
"ကျွန်တော် မေ့သွားတယ်။ အမြန် လာခဲ့ရလို့"
ယန်ရှုမင်က တုံ့ပြန်သည်။
"ဘာတွေ အလျင်လိုနေတာလဲ"
မဲ့တုန်က လှည့်လိုက်ပြီး သူတို့နောက်က ခရစ်စမတ်သစ်ပင်ကို လက်ဟန်ခြေဟန်ဖြင့် ပြသည်။
"ကျွန်တော် ကြိုးစားခဲ့တဲ့ လက်ရာကို ကြည့်ဖို့ အမြန်လာခဲ့တာ။ဒီထဲက အစိတ်အပိုင်းနှစ်ခုက ကျွန်တော်ကိုယ်တိုင် လုပ်ခဲ့တာလေ။"
ယန်ရှုမင် ပြုံးရင်း အသိအမှတ်ပြုလိုက်သည်။
"အမ်း ၊ မင်းရဲ့ ကြိုးပမ်းပေးမှုအတွက် မင်းကို ကျေးဇူးတင်ပါတယ်။"
++++++++