Chapter 29
၂၀၂၃၊ ဒီဇင်ဘာ ၂၄ ရက် ၊နှင်းကျတယ်
ပျော်စရာကောင်းတဲ့ ပထမဆုံး နှင်းကျခြင်း။
ဒီနေ့ ခရစ်စမတ်သစ်ပင်ကြီးရယ်၊ ပထမဆုံးကျတဲ့ နှင်းရယ်၊ဆုတောင်းစာတွေရယ်၊ဆုတောင်းတွေပြည့်အောင် လုပ်နေတဲ့သူတွေရယ် ရှိခဲ့တယ်။ပြီးတော့ ဒီနေ့က အစမ်းတွဲကြည့်တဲ့ကာလကနေ ချစ်ခြင်းမေတ္တာရှိတဲ့ အဆင့်ကို ကူးပြောင်းသွားတဲ့ ပထမနေ့ပဲ။သူနဲ့ ချစ်ရတာ၊ ဒီစာကြောင်းလေးကို ရေးလိုက်တာနဲ့ အိပ်မက်ဆန်ဆန် ပျော်ရွှင်မှုတွေကို သယ်ဆောင်လာပေးနိုင်တယ်။ငါ ဒီနေရာမှာ ထိုင်နေရင်းနဲ့ ဒီည ခံစားတွေ့ကြုံရတာတွေက အိပ်မက်တစ်ခုများ ဖြစ်နေမလားလို့ ရံဖန်ရံခါ စိုးရိမ်နေမိသေးတယ်။
သူက ငါ့ရဲ့ ဆုတောင်းစာကတ်ကို တကယ်ယူသွားတာလား။သူက ချိုမြိန်ညင်သာစွာနဲ့ 'Fly me to the moon' ကို ငါရဲ့ နားနားကပ်ပြီးတကယ်ဆိုပြခဲ့တာလား။သူက ငါ့အတွက် 'My Only One'ကို ဆိုပြခဲ့တာလား။ တကယ်၊ တကယ်ပေါ့ ၊ ဟုတ်တယ်၊ ဒါ အမှန်ပဲ။
ရုတ်တရက်ကြီး ငါ တကယ်ကို အချိန်နောက်ပြန် သွားချင်လာတယ်။ငါ့ဘဝမှာ နောင်တဆိုတာ လုံးဝမရှိဘူး ၊ ရှိရင်လည်း လုံးဝဂရုမစိုက်ဘူးလို့ ငါ တွေးထားခဲ့ဖူးတယ်။အခုတော့ အထက်တန်းကျောင်းမှာ သူနဲ့ သိရအောင် လုပ်ဖို့ သတ္တိမရှိလို့ ငါ နောင်တရနေမိတာကိုနားလည်ခဲ့ပြီ။အခုထိတော့ နောက်မကျသေးပါဘူး။သူက အသက် ၂၂နှစ်ပဲရှိသေးတာဆိုတော့ လူကြီးတစ်ယောက်လို့ အတိအကျပြောလို့ မရသေးဘူး၊ဟုတ်တယ်မလား။ တစ်ခါတစ်လေ သူက သူ့ရဲ့ကလေးဆန်တဲ့ ဘက်ခြမ်းကို ပြတတ်တယ်လေ၊ မဟုတ်ဘူးလား။
ငါ ဒီနေ့ကို တကယ်ကြိုက်တယ်၊ ငါ ဒီနေ့ကို တကယ်ကြိုက်တယ်လို့။ ၂၀၂၃၊ဒီဇင်ဘာ ၂၄ရက်နေ့ကို မဲ့တုန်ရဲ့ ဘဝမှာ အရေးအကြီးဆုံးနေ့၊အပျော်ဆုံးနေ့၊အလွန်အူမြူးရသောနေ့ အဖြစ် ငါ တရားဝင်ကြေညာပစ်လိုက်ချင်တယ်။ဒီနေ့ တစ်နေ့လုံးက အရာတွေအားလုံးကို ငါ တကယ်ကြိုက်တယ်။အခုက စပြီးတော့ ခရစ်စမတ်တိုင်း၊ ခရစ်စမတ်သစ်ပင်တွေ၊နှင်းတွေနဲ့ လမင်းကြီးက ငါ့ပျော်ရွှင်မှုအတွက် အခြေခံအကျဆုံးအရာတွေ ဖြစ်လာကြပြီ။
ငါ သူ့ကို တကယ်ကြိုက်တယ်။ငါ အရမ်းပျော်တယ်၊ပြီးတော့ ချစ်နေမိပြီ။
ယန်ရှုမင်မှာ တွဲနေကြတဲ့ ဆက်ဆံရေးတစ်ခု ရှိနေသည်။ထိုသတင်း ပျံ့နှံ့သွားသည့် အမြန်နှုန်းက လူတိုင်း၏ စိတ်ကူးထက်ပင် ပိုမြန်သေး၏။
ထိုညတွင် ယန်ရှုမင် အဆောင်ပြန်ရောက်သောအခါ၊အထဲသို့ ဝင်လျှင် ဝင်ခြင်း၊တစ်စုံတစ်ရာက လေထုထဲတွင် ကင်းမဲ့နေသည်ကို သူ သတိထားမိလိုက်သည်။သူက ဒါကို အခုထိ သဘောမပေါက်သေးပေ။အဆောင်ခန်းထဲသို့ ခြေလှမ်းအနည်းငယ် လျှောက်လာခဲ့ပြီးနောက် တိတ်ဆိတ်နေသော နေရာတစ်ခုလုံး၌ သူ ရင်းနှီးနေသော နောက်ခံတေးဂီတသံစဥ်က ချက်ချင်း ပြည့်နှက်သွားခဲ့သည်။
ယန်ရှုမင်သည် ကြက်သေ သေသွားပြီး၊နောက်မှ ရယ်လိုက်ရင်း လေသံမျှဖြင့် ဆဲရေးသံတစ်ခု ပြုလိုက်သည်။ထို သီချင်းတီးလုံး အစသည် အလွန် ရင်းနှီးလှပါ၏။လွန်ခဲ့သော နာရီဝက်က ကွင်းပြင်ထဲတွင် သူ ဒီသီချင်းကို သီဆိုခဲ့သည်။
အခန်းဖော်နှစ်ယောက်သည် သူတို့၏ ဖုန်းကို ကြည့်ရင်း နားလည်ရခက်သော အင်္ဂလိပ်အသံထွက်ဖြင့် ထိုသီချင်းကို ကြေကွဲစွာ သီဆိုနေကြသည်။သီချင်းတစ်ဝက်ခန့် အရောက်တွင် တစ်ယောက်က ရုတ်တရက် လသာဆောင်ရှိရာသို့ အပြေးလေး ထွက်သွားပြီး၊ အပြင်ဘက်တွေ သိပ်သည်းစွာ ကျနေသော နှင်းများကို ကြည့်၍ အဖျားတက်နေသကဲ့သို့ အော်ဟစ်လိုက်၏။
"အတန်းဖော် ယမ်ယမ်၊ ပျော်စရာကောင်းတဲ့ ပထမဆုံး နှင်းကျခြင်းပါ"
ယမ်ယမ် ဆိုသော ကောင်လေးက ရှက်သွေးဖြာသွားပြီး အခြားတစ်ယောက်၏ ပခုံးကို ခပ်ဖွဖွ ရိုက်ပြီး
"အိုင်းယား ၊ မင်းက ကြောက်ဖို့ကောင်းလိုက်တာ"
ယန်ရှုမင်တစ်ယောက် လုံးလုံးလျားလျား စက်ဆုပ်မိသွားပါ၏။သူက ကုတ်အင်္ကျီကို ထိုင်ခုံနောက်မှီပေါ် ပစ်တင်လိုက်ပြီး ငေါ့တော့တော့ဖြင့် ကောက်ချက်ချ၏။
"မဲ့တုန်က မင်းတို့လို စက်ဆုပ်ချင်စရာ မဟုတ်ဘူး။"
သူ ဒါကို ပြောလိုက်သည်နှင့် လျို့ယမ်နှင့် ချီဝမ်းဖူတို့က ချက်ချင်း တစ်ယောက်ကို တစ်ယောက်ဖက်လိုက်ပြီး မျက်ရည်တုများ ကျ၍ သနားစရာကောင်းအောင် သရုပ်ဆောင်ကြပါတော့သည်။
"ချီဇီ၊ သူ့ကို ကြည့်စမ်းပါ အာ။အခြားမိသားစုက ရွှယ်ရှန်နဲ့ အတူရှိသွားတာနဲ့ သူ့ကို ဒီလိုမျိုး ကာကွယ်ပေးနေလိုက်တာများ။နောက်ဆို သူ့နှလုံးသားထဲမှာ ငါတို့အတွက် နေရာ တကယ် မရှိတော့ဘူး။"
ချီဝမ်းဖူ ကလည်း ခေါင်းငြိမ့်လိုက်ပြီး ခါးသီးစွာ မျက်ရည်ကျလျက်
"ဟုတ်တယ် အာ ၊ အခုကစပြီး ငါတို့ ဘယ်လို နေရတော့မှာလဲ အာ။"
အခန်းဖော်များက ရယ်စရာကောင်းအောင် သရုပ်ဆောင်၍ အပြီး၌ သူတို့ စပြီး အတင်းတုပ်တော့သည်။ လျို့ယမ်က ထိုင်ခုံတစ်လုံးကို ဆွဲလာပြီး ယန်ရှုမင်၏ ဘေးတွင် ထိုင်၍
"ကော ၊ ပြောပြ၊ ရွှယ်ရှန်လို လူကို မင်းအပေါ် ကြွေကျသွားအောင် ဘယ်လိုလုပ်လိုက်တာလဲ။"
ယန်ရှုမင်တွင် မလုပ်ရသေးသော အလုပ်တစ်ခု ကျန်နေသည်။ သူက သူ့လက်တော့ပ်ကို ဖွင့်လိုက်ပြီး လူတိုင်းကို လျစ်လျူရှုထားလိုက်သည်။
လျို့ယမ်က ချီဝမ်းဖူဘက် လှည့်သွားပြီး အပြစ်ပြောသည်။
"ချီဇီ၊ သူ့ကို ကြည့်စမ်းပါ။ ငါတို့နဲ့ စကားပြောဖို့တောင် သူက ဂရုမစိုက်တော့ဘူး"
ချီဝမ်းဖူသည် ယန်ရှုမင်နှင့် အတော်ရင်းနှီး၏။ မကြာခဏ သူတို့ အတူ အပြင်ထွက်လေ့ရှိသည်။မကြာသေးမီက ယန်ရှုမင်နှင့် မဲ့တုန် လမ်းမှာ အချင်းချင်း နှုတ်ဆက်နေတာ သူ မကြာခဏ တွေ့ခဲ့ရသည်။ယန်ရှုမင်မှာ ဖုံးကွယ်ထားသော အကြောင်းရင်းများ ရှိသည်ဟု သူ အကြာကြီး သံသယ ဖြစ်နေခဲ့သည်။
ချီဝမ်းဖူက အေးစက်စက် နှာမှုတ်လိုက်သည်။
"သူက မဲ့တုန် နောက်ကို တစ်လ၊နှစ်လလောက် လိုက်နေခဲ့တယ်လို့ ငါတော့ ခံစားမိတယ်။အရင်က သူ အမြဲတမ်း မဲ့တုန်နဲ့ ပက်ပင်းတိုးနေတာ။ တကယ်ပဲ တိုက်ဆိုင်တာလား ၊တမင်တာကာ လုပ်တာလားတော့ ငါလည်း မသိဘူး"
လျို့ယမ်က တစ်စုံတစ်ခုကို မှတ်မိသွားပြီး
"F*ck၊ ဒီကောင်ကတော့။ငါတို့နဲ့အတူ ထမင်းစားဖို့ အမြဲ နောက်ကျနေတာ မအံ့ဩတော့ပါဘူး။ငါတို့က သူ့ကို ဖုန်းခေါ်ရင်တောင် ငါတို့ဆီ မလာဘူး။သူက ရွှယ်ရှန် ထမင်းသွားစားတဲ့အချိန်မှာ ကြည်နူးစရာဆုံတွေ့မှုလေး ဖြစ်အောင် သွားပြီး စောင့်နေတာပဲ။"
ယန်ရှုမင်ကတော့ သူ့အခန်းဖော်များ၏ တိုက်ခိုက်မှုကို မဖြုံတော့ပေ။သူ့အလုပ်ပေါ်တွင် အာရုံစိုက်ထားပြီး သူတို့၏ စကားဝိုင်းကို ဥပေက္ခာပြုထား၏။
သို့သော် သူ့အခန်းဖော်တွေက သူ့အချစ်ရေးနှင့် ပတ်သက်သည့်သတင်းကို သိသွားတာတစ်ခုတည်းဖြင့် ချုပ်တည်းမထားနိုင်ခဲ့ကြပေ။သိပ်မကြာခင် သူ့ဖုန်းက notifications များကြောင့် အသံဆက်တိုက် ထွက်လာတော့သည်။သူ့အခန်းဖော်များ အလျင်အမြန် အတင်းတုပ်နေကြသည်ကို သိသည့်အတိုင်း သူက စစ်ဆေးမနေခဲ့ပေ။
စာပို့ရန် မစောင့်နိုင်တော့သော တစ်ယောက်က ဖုန်းကို တိုက်ရိုက် ခေါ်လာတော့သည်။ယန်ရှုမင် ဖုန်းကိုင်လိုက်လျှင် ထေ့ငေါ့သော အသံကို ချက်ချင်းကြားရ၏။
"ဥက္ကဋ္ဌယန်၊ပျော်ရွှင်စရာကောင်းတဲ့ ပထမဆုံးနှင်းကျခြင်း တဲ့ ၊မင်းရဲ့ ပထမဆုံး နှင်းကျတာက ပျော်စရာကောင်းလား။မင်း အရမ်းကို အများကြီး ပျော်နေရမယ်ကွာ၊ကျောင်းက လူတိုင်းလည်း မင်း ပျော်နေတာ သိကြတယ်။"
ယန်ရှုမင် ဖုန်းချလိုက်သည်။
ပျော်မြူးရွှင်ပြနေသော ယန်ရှုမင် ရှိရာဘက်နှင့် နှိုင်းယှဥ်ကြည့်ပါက မဲ့တုန်ရှိရာ ဘက်ခြမ်းမှာ အလွန်ကွဲပြားနေခဲ့၏။
မဲ့တုန်ဆိုသော ဤလူသားသည် အချစ်ရေးနှင့်ပတ်သက်လျှင် အနည်းငယ် သိသည်ဟူ၍ မရှိသော နလပိန်းတုံးလေးဖြစ်သည်။သူ့ရဲ့ကိုယ်တွင်လည်း ချစ်ကြည်နူးတတ်သော သဘာဝက များများစားစား မရှိပေ။
ကွင်းပြင်ထဲတွင် ဖွင့်ဟဝန်ခံခဲ့စဥ်က သူတစ်ယောက်ကသာ ဒါကို သိနိုင်သည်ဟု တွေးထားခဲ့ပြီး အခြားသူများနှင့် ပတ်သက်၍ များများစားစား မတွေးမိခဲ့ပေ။
အဆောင်ပြန်ရောက်ပြီး ဒီနေ့အတွက် ဒိုင်ယာရီကို ရေးပြီးနောက် သူ့နှလုံးသားထဲက ပျော်ရွှင်မှုများမှာ ပြည့်လျှံတက်လာခဲ့သည်။သူက ရင်ဖွင့်ဖို့ နေရာရှာချင်သော်လည်း သတ္တိက မရှိပေ။မသက်မသာဖြင့် သူ့ဘာသာ ထိန်းထားနေရစဥ် WeChat တွင် စာတစ်စောင် ရုတ်တရက် ဝင်လာခဲ့သည်။
ချန်ရှီညန် : "အာ၊ မဲ့ဇီ၊မင်းကို ငါ မတွေ့ရတာ ရက်နည်းနည်းပဲရှိသေးတာကို၊ မင်းက ရောင်းထွက်သွားပြီပေါ့။"
မဲ့တုန်သည် ထိတ်လန့်သွားပြီး သူဖုန်းကို လွှတ်ချမိမတတ် ဖြစ်သွားသည်။
ဟမ့်၊သူနဲ့ ယန်ရှုမင်တို့ရဲ့ ကိစ္စက အခုထိ ... အခုထိ လျှို့ဝှက်ချက် တစ်ခုလေ၊ ဟုတ်တယ်မလား။ နှစ်ယောက်တည်း ရှိတဲ့အချိန်မှာ ရံဖန်ရံခါ လက်တွဲတာက လွဲရင်ပေါ့ ၊ လူအများကြီးတော့ သတိမထားမိလောက်ပါဘူး၊ မှန်တယ်မလား။
မဲ့တုန်က သူ့စိတ်ကို တည်ငြိမ်စေလိုက်ပြီး ပြန်ဖြေခဲ့သည်။
"အာ"
ချန်ရှီညန်က ဆက်လက်ပြီး ဝမ်းနည်းနေခဲ့သည်။
"F*ck ၊ ပထမဆုံး နှင်းကျတဲ့ နေ့မှာ ဖွင့်ပြောတယ်။ မင်းတို့နှစ်ယောက် ချစ်ကြည်နူးတမ်း ကစားနေကြတာပဲ အာ။"
ထိုအခါ၌ မဲ့တုန် ဆက်ထိန်းမထားနိုင်တော့ပေ။
"... ခင်ဗျား ဘယ်လိုလုပ်ပြီး သိတာလဲ"
ချန်ရှီညန် : " မဟုတ်သေးဘူး၊ငါ တစ်ယောက် တင်မကဘူး အာ၊အခု တစ်ကျောင်းလုံး သိသွားပြီလို့ ငါထင်တယ်။"
မဲ့တုန်သည် ထိုသို့ သတင်းအချက်အလက်အများကြီးကို တစ်ခါတည်း အကုန် မဆောင်ရွက်နိုင်သကဲ့သို့ ထိုစာကို ကြောင်အ၍ အကြာကြီး ကြည့်နေမိသည်။
နောက်တစ်ကြိမ် ထပ်၍ သူလုပ်နေကြ လှည့်ကွက်အဟောင်းကို ထုတ်သုံးလိုက်၏။ ချန်ရှီညန်၏ စာပေါ်ကို ခပ်ကြာကြာ ဖိထားပြီးနောက် 'ဖျက်မည်'ကို ရွေးချယ်လိုက်သည်။
ဒါဆို သူ ဘယ်တုန်းကမှ မသိခဲ့သလို ဟန်ဆောင်နေလို့ရ ... ခဏနေဦး။ ဘာလို့ တစ်ကျောင်းလုံးက သိသွားရတာလဲ အာ။
ထိုစဥ် တုချွမ်က သူ့ကောင်မလေးနှင့် ဖုန်းပြောနေ၏။ သူတို့က တစ်စုံတစ်ရာအကြောင်း ပြောနေပြီး မကြာသေးခင်ကတော့ ချိုမြိန်သော စကားများ ဖြစ်ခဲ့ကြသည်။ရုတ်တရက် သူ့အမူအရာက ထိတ်လန့်စရာတစ်ခုကို ကြားလိုက်ရသလို ပြောင်းလဲသွားကာ မတ်တပ်ထရပ်လိုက်မိပြီး
"မင်း ဘာတွေ ပြောနေတာလဲ"
မဲ့တုန်တွင် မကောင်းသော ခံစားချက်ကြီး ဖြစ်လာသည်။
အဆောင်ခန်းထဲမှ ခိုးကြောင်ခိုးဝှက်နှင့် ထွက်သွားရန် ရည်ရွယ်၍ သူက ကုတ်အင်္ကျီကို အမြန်ဝတ်လိုက်သည်။ ဖိနပ်များကို စီးနေစဥ်တွင် တုချွမ်၏ ကျယ်လောင်စွာ အော်ဟစ်သံကြောင့် မဲ့တုန်မှာ တုံ့ဆိုင်းသွားတော့၏။
"အဲ့ဒီမှာ ရပ်နေ"
တစ်စုံတစ်ယောက်က သူ့၏ pause ခလုတ်ကို နှိပ်လိုက်သည့်နှယ် မဲ့တုန် နေရာမှာပင် အေးခဲသွားသည်။
ရင်းနှီးကျွမ်းဝင်ရပါသော လေးပွင့်ဆိုင် စကားဝိုင်းမှာ တဖန် ပြန်လည် စတင်လာခဲ့၏။
တုချွမ်နှင့် ဝူကျီမော့တို့သည် လက်ပိုက်ထားလျက် မဲ့တုန်ကို စစ်ဆေးမေးမြန်းရင်း နှစ်ယောက်လုံးက စိတ်ကုန်ဖွယ်ကောင်းအောင် ရယ်နေခဲ့ကြ၏။
"မင်းပြောနေတဲ့သူက အမြဲတမ်း ယန်ရှုမင် ဖြစ်နေခဲ့တာပေါ့။"
မဲ့တုန် တိတ်တဆိတ် ခေါင်းငြိမ့်ပြလိုက်သည်။
တုချွမ်က စိတ်ပျက်သွားသဖြင့် အံကြိတ်လိုက်ပြီး
"ဒါဆို မင်း စောစောထဲက ဘာလို့ မပြောရတာလဲ ၊ ငါ ...ငါယိုး လိုပဲ။ဥက္ကဋ္ဌရဲ့ရှေ့မှာ မင်းက ဆန်ကုန်မြေလေး မိန်းမတစ်ယောက်ကို ကြိုက်နေတယ်လို့ ငါတောင် ပြောလိုက်သေးတယ်။အဲ့ဒါ သူဖြစ်နေတယ်ဆိုတာ ရှာတွေ့သွားမှာပဲ။ မင်း၊ မင်းကွာ။"
မဲ့တုန်လည်း ရှက်သွားသည်။
"ငါ မှားတာပါ။ အစက ငါ သူ့ကို တိတ်တိတ်လေး ကြိုက်နေရုံပဲဆိုတော့ မင်းတို့ကို ပြောပြပြီး ဒုက္ခမပေးချင်လို့။ ဒါကြောင့် ငါ မင်းတို့ အထင်လွဲနေတာကို ဒီတိုင်းပဲ ထားလိုက်တာ။ကြာလာလေ မင်းတို့ အထင်လွဲတာ ပိုဆိုးလာလေ ဖြစ်လာတော့ ငါလည်း ဘယ်လိုရှင်းပြရမှန်း မသိတော့ဘူး။"
လျိုဟယ်ဝေ့က တုချွမ်၏ ပုခုံးကို ပုတ်လိုက်သည်။
"ဟုတ်ပြီ ဟုတ်ပြီ ၊ စိတ်မဆိုးနဲ့တော့"
တုချွမ် သက်ပြင်းချလိုက်မိသည်။
"ငါ စိတ်မဆိုးဘူး။ဒါက ကောင်းတဲ့ကိစ္စပဲလေ အာ။ မင်းကသာ အစထဲက ယန်ရှုမင်ပါလို့ ပြောခဲ့ရင် ငါတို့က မင်း သူ့ကို ဘယ်လိုလိုက်ရမလဲဆိုတာ သိအောင် ကူညီပေးမှာပေါ့။အစထဲက ယန်ရှုမင်ပါလို့ ပြောခဲ့ရင် ငါတို့အဖို့ ပိုပြီး စိတ်သက်သာရမှာ မဟုတ်လား။"
မဲ့တုန်သည် မူလတန်းကျောင်းသားလေးသဖွယ် မတ်မတ်ထိုင်နေပြီး ဆူပူနေသည်ကို ကျိုးနွံစွာ လက်ခံသည်။
"ဒါဆို မင်းတို့နှစ်ယောက်ကြားမှာ ဘယ်လိုဖြစ်သွားပြီလဲ။ သူက ဒီနေ့ မင်းကို ဖွင့်ပြောတယ်လို့ ငါကြားမိတယ်။အဲ့ဒီအဓိပ္ပါယ်က မင်းတို့ အစမ်းတွဲကြည့်တာ ပြီးသွားပြီလို့ ပြောချင်တာမလား။"
ဝူကျီမော့က မေးသည်။
"အမ်း"
ဒါကို ပြောပြရသဖြင့် မဲ့တုန် နည်းနည်း ပျော်မိသည်။
"မဖုံးနိုင် မဖိနိုင်တဲ့အထိ ပြုံးနေတာကို ကြည့်ကြပါဦး။"
တုချွမ် ကူကယ်ရာမဲ့သည့်အတိုင်း ပြောလိုက်တော့သည်။
သူက ကျောင်းမှာ ဘယ်လို တည်ရှိမှုမျိုးလဲ ဆိုတာ မဲ့တုန် နားလည်သည်အထိ မဲ့တုန်နှင့် ယန်ရှုမင်က သူတို့၏ တွဲကြသည့်ဆက်ဆံရေးကို လူသိရှင်ကြား ထုတ်မပြဘဲ နေခဲ့သည်။သူက ယန်ရှုမင်အတွက် လုံလောက်အောင် မကောင်းဘူးဟု အမြဲတွေးနေခဲ့သည်။အကယ်၍ ယန်ရှုမင်က မဲ့တုန်ဆိုသူနှင့် အတူရှိနေကြပါသည်ဟု ဘယ်သူတွေက သိသည် ဖြစ်စေ၊ သူတို့အားလုံးက မေးကြလိမ့်မည်။
"အာ ၊ မဲ့တုန်ဆိုတာ ဘယ်သူများလဲ။"
သို့သော် ဒါက အရေးပါသည့်ကိစ္စ လုံးဝမဟုတ်ပေ။
ယန်ရှုမင်နှင့် မဲ့တုန်သည် နေ့လည်စာစားရန် စားသောက်တန်းသို့ အတူသွားကြသည်။သူတို့နှစ်ယောက်က လေးယောက်ဝိုင်းမှာ သင့်တင့်လျောက်ပတ်စွာ အေးအေးဆေးဆေးထိုင်နေသော်လည်း ယန်ရှုမင်၏ သူငယ်ချင်းများက သူတို့ဆီ အမြဲ လာနှုတ်ဆက်ကြသည်။
"ယို့ ၊ရွှယ်ရှန်နဲ့အတူ နေ့လည်စာ စားနေကြတာလား။"
မဲ့တုန် အမြဲ ကသိကအောက် ဖြစ်ပြီး စားနေသော အစားအစာက နင်လုမတတ် ဖြစ်သွားရသည်။
ယန်ရှုမင်က သူ့အတွက် စဥ်းစားပေးစွာဖြင့် ရေနွေးတစ်ခွက်ကို သူ့ဘက်သို့ တွန်းပေးသည်။
"မင်း ဘာသာ အေးဆေး စားနေ။ သူတို့ကို လျစ်လျူရှုထားလိုက်။အချိန်ကြာလာရင် ပိုအဆင်ပြေလာမှာပါ။"
မဲ့တုန် အသံနိမ့်နိမ့်ဖြင့် ပြန်ဖြေသည်။
"အင်း"
ထို့နောက် ယန်ရှုမင်က မေးသည်။
"မင်း ဒါကို ကျင့်သားမရသေးဘူး မဟုတ်လား။ မင်းအတွက် စိတ်မသက်မသာဖြစ်ရင် စားသောက်တန်းကို မင်း နောက်ထပ် လာဖို့ မလိုပါဘူး"
မဲ့တုန်၏ နားထဲတွင်တော့ ယန်ရှုမင်၏ စကားများက ဤသို့ ဖြစ်၏။
"နောက်ဆို ကိုယ် မင်းနဲ့ နေ့လည်စာ မစားတော့ဘူး။"
ထို့ကြောင့် သူ အမြန်ရှင်းပြလိုက်သည်။
"အဆင်ပြေပါတယ်။ ကျွန်တော့်အတွက် ကျင့်သားမရသေးပေမဲ့ ၊ ရပါတယ်... ကျွန်တော် တဖြည်းဖြည်းနဲ့ ကျင့်သားရလာမှာပါ။"
ယန်ရှုမင်က ထိုစကားကို ကြားရသဖြင့် ရယ်လေသည်။
"ဆိုးလိုက်တာ။ဒီလို ဖြစ်လာမယ်လို့ ကိုယ် မထင်ထားဘူး။ ကိုယ့်သူငယ်ချင်းတွေ မျက်လုံးထဲမှာတော့ မင်းရဲ့ပုံရိပ်က လုံးဝကို စာပေနတ်ဘုရားပဲလေ။ အမ်း၊ တသီးတသန့်ဆန်တဲ့ ပန်းလေး လိုပေါ့။"
မဲ့တုန် နောက်ထပ် နင်လုနီးပါး ဖြစ်သွားသည်။
"ကျွန်တော့်ကို လာနောက်နေတာလား"
ယန်ရှုမင် ခေါင်းကို ငြိမ့်လိုက်၏။
"ဟုတ်တယ်လေ အာ"
မဲ့တုန် : "..."
အစမ်းတွဲကြည့်တဲ့ ကာလ ပြီးသွားချိန်မှာ ဘယ်လို အတွေ့အကြုံတွေ ရခဲ့ပါသနည်း။
မဲ့တုန်ကတော့ အိပ်မက်ဆန်ဆန် ဖြစ်သည်ဟု တွေ့ရှိခဲ့သည်။အရင်တစ်ခါ ယန်ရှုမင်က အဆောင်အောက်တွင် မဲ့တုန်သာ သူ့ကို အနမ်းပေးရဲချိန်အထိ အစမ်းတွဲကာလက ကြာမြင့်မည်ဟု ပြောခဲ့ဖူးသည်။အခုချိန်တွင်လည်း မဲ့တုန်အတွက် ဒီကိစ္စက လုံးဝ မဖြစ်နိုင်ပေ။ဒါဆို အစမ်းတွဲကြည့်တာက ဘယ်တော့မှ မပြီးဆုံးတော့ဘူးလားဟု သူ သိချင်နေခဲ့သည်။
ဒါပေမဲ့ အခုတော့ သူတို့၏ ဆက်ဆံရေးမှာ ပြောင်းလဲမှု ဖြစ်သွားပြီးနောက် အရာအားလုံးက သဘာဝအတိုင်း ပြန်ဖြစ်သွားခဲ့၏။
နေရာတိုင်းမှ လာသော စနောက်နေမှုများကို သူ့အနေနဲ့ ချက်ချင်းကြီး အလေ့အကျင့် မရသေးသော်လည်း ဤအခြေအနေမျိုး ဖြစ်လာလျှင် သူက ယန်ရှုမင်၏ နောက်မှာ ပုန်းနေနိုင်သည်ကိုတော့ သူ တကယ် အသိအမှတ်မပြုဘဲ မနေပေ။အားကောင်းပြီး တည်ငြိမ်သော ယန်ရှုမင်၏ ညှို့ယူဖမ်းစားနိုင်သည့်အရှိန်အဝါက သူ ရင်မဆိုင်ချင်သည့် အရာများမှ မဲ့တုန်ကို အမြဲ ညင်ညင်သာသာဖြင့် ကာကွယ်ပေးနေမည်ဟု ယုံကြည်သည်။
'မဲ့တုန်' နှင့် 'ယန်ရှုမင်'ဆိုသည့် နာမည်များက ပို၍ နီးကပ်စွာ ရောယှက်လာကြပြီဟု သူ ခံစားရသဖြင့် သူ ဒီလိုတွေးမိသည့် အချိန်တိုင်း အားရကျေနပ်အောင် လုပ်ပေးနိုင်ခဲ့သည်။
မဲ့တုန်အနေနဲ့တော့ ယန်ရှုမင်ကို အဆောင်အောက်ထပ်မှာ အနမ်းဖလှယ်ဖို့ရာ သူ့ကိုယ်သူ အခုထိ မဖျောင်းဖျနိုင်ခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့် သူ့ကို စာမေးပွဲစစ်သူက စည်းကမ်းတင်းကြပ်သူ မဟုတ်ခဲ့၍ပင်။
++++++++