ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၁၂)
ကောင့်မြို့စားကာဒယ်လ်၏ ပန်းချီကားများကို ကျွန်မက လုယက်သွားသည်ဟူ၍ ကောလာဟာလများ တဟုန်ထိုး ပျံ့နှံ့သွားခဲ့သည်။ဤအရာကို မည်သို့ ခေါ်ဆိုကြသနည်း။ရွှေဒင်္ဂါး သန်းချီတန်သော ပန်းချီကားကိုမှ ခိုးယူသွားသော သူခိုးဟု ခေါ်ဆိုရမည်လော။
ကျွန်မ မှားယွင်းပြီး စွပ်စွဲခံနေရသည်မှာ အထင်အရှားပင်။ထိုပန်းချီကားမှာ ဤမျှ ဈေးကြီးသည်ဟု ကျွန်မအနေဖြင့် မည်သို့သိနိုင်မည်နည်း။ပန်းချီကားကို ပြန်ပေးလိုက်ချင်သော်ငြား ကျွန်မမှာ ပြန်ပေး၍ မရနိုင်ခဲ့ပေ။ဆိုဗက်စ်စတာကတော့ ကျွန်မလုပ်ခဲ့သည့်ကိစ္စအပေါ် အတော်ပင် စိတ်ကျေနပ်နေခဲ့ပါ၏။
"မင်းက ဒီလို အဖိုးတန်ရတနာတစ်ခုကို ယူလာနိုင်လိမ့်မယ်လို့ ကိုယ် မယုံနိုင်ခဲ့မိဘူး။မင်းမှာ အထုံပါရမီ ရှိတာပဲ။"
သူက ပြောရင်း ပန်းချီကားကို ထိတွေ့ကြည့်နေသည်။
"မင်း ဒါကို နောက်ထပ်ဆယ်နှစ်အထိ ထိန်းသိမ်းထားမယ်ဆိုရင် ရွှေဒင်္ဂါးသန်းပေါင်း ဆယ်သန်းမက တန်ဖိုးရှိလာလိမ့်မယ်။"
"ဘာဖြစ်လို့ ဆယ်နှစ်ကြာမှလဲ။"
"ပန်းချီဆရာ သေဖို့လေ။"
"အဟား"
"ပန်းချီဆရာက တော်တော်အသက်ကြီးနေပြီ၊ သူ့အနေနဲ့ နောက်ထပ် ဆယ်နှစ်ပြည့်အောင်တောင် ဆက်နေရပါတော့မလားပဲ။"
ဆိုဗက်စ်စတာသည် ထိုသို့ ရက်စက်သောအရာများကို ပေါ့ပေါ့ပါးပါးလေး ပြောချနိုင်လေသည်။သွေးရော မျက်ရည်ပါ မရှိသည့် ကလေးတစ်ယောက်အတိုင်းပင်။ ကျွန်မ ကျစ်ခနဲ စုတ်သပ်လိုက်မိသည်။
"ဒီပန်းချီကားအကြောင်း ဝေဖန်သုံးသပ်နေတာကို ရပ်ပြီး ကျွန်မဆီကို ပေးတော့။ကျွန်မ ဒါကို ပြန်ပေးရမယ်။"
တစ်နည်းနည်းဖြင့် ဖွက်ထားသောစာကို ကျွန်မ ရှာတွေ့ထားပြီး ဖြစ်သဖြင့် ထိုပန်းချီကားကို ကျွန်မ မလိုအပ်တော့ပေ။
သို့သော်
"မင်း ဘာတွေပြောနေတာလဲ။"
ဆိုဗက်စ်စတာသည် စပ်စုသော ကလေးတစ်ယောက်သဖွယ် မျက်လုံးကို ကျယ်ကျယ်ဖွင့်၍ ကျွန်မကို ကြည့်သည်။
"ကိုယ့်ရဲ့စံအိမ်တော်ထဲကို ရောက်လာပြီဆိုကတည်းက ဒီအရာကို ကိုယ် ပိုင်တာပဲ။ပြန်ပေးစရာ ဘာအကြောင်းမှ မရှိဘူး။"
"မဟုတ်ဘူးလေ၊ ဒါပေမဲ့ ...ဒါက ရှင့်ဟာမှ မဟုတ်တာ။'
"ကိုယ့်ဆီမှာ ရှိနေရင် ကိုယ့်ဟာပဲ။ကိုယ် ဒါကို ထိတွေ့ထားပြီးပြီ၊ ဒါကြောင့်မို့လို့ ဒီဟာက ကိုယ့်အပိုင်ပဲ။"
"ဘုရားသခင်!"
ဘယ်လိုတောင် ကလေးဆန်တာလား။
အိုဖီလီယာသည် သူထုတ်ပြလာသော သူ၏အခြားတစ်ဖက်ခြမ်းကြောင့် အံ့ဩသွားရသလို ကြက်သေသေသွားမိသည်။
သူ ဘာဖြစ်နေတာပါလိမ့်။
"ဒီပန်းချီကားက ကျွန်မအကြောင်း ကောလာဟာလတွေ ဆိုးဆိုးရွားရွား ထွက်လာအောင် လုပ်ထားခဲ့ပြီးသား။ကျွန်မ ဒါကို ဒီအတိုင်း ထားလိုက်လို့မရဘူး။"
"မင်း ဘယ်အချိန်ကတည်းက ကောလာဟာလတွေနဲ့ ပတ်သက်ပြီး ဂရုစိုက်တတ်သွားတာလဲ။"
"ဒီနေ့က စပြီးတော့။"
"ကိုယ်က ဒီပန်းချီကားကို မနက်ဖြန်မှ စပြီး အသုံးပြုမှာဆိုတော့ ဒီနေ့အထိ ပျံ့နေတဲ့ ကောလာဟာလတွေကို မေ့ထားလိုက်။"
"ဘယ်လိုတောင် ...."
"မင်း ဘာပြောလိုက်တာလဲ။"
"ဘာမှမပြောပါဘူး"
ကျွန်မ သက်ပြင်းချရင်း ခေါင်းခါလိုက်သည်။
ဒီလူကို ဘယ်လို ပြောရပါ့မလဲ။
ပန်းချီကားကို ပြန်ပေး၍ မရမည့် အဆုံးတွင် ကာဒယ်လ်ဇနီးမောင်နှံကို လက်ဆောင်ပြန်ပေးရန် ကျွန်မ စဥ်းစားလိုက်သည်။ပန်းချီကားကို အမြတ်တနိုး တန်ဖိုးထားသော အကြည့်များဖြင့် ကြည့်၍မဆုံးနိုင် ဖြစ်နေသော ဆိုဗက်စ်စတာဖက်သို့ ကျွန်မ လျှင်မြန်စွာ လှည့်ကြည့်လိုက်သည်။
"ကောင့်မြို့စားကတော် ကြိုက်တဲ့အရာ၊မကြိုက်တဲ့အရာတွေနဲ့ ပတ်သက်ပြီး ရှင် တစ်ခုခု သိထားတာရှိလား။ကျွန်မဖက်က တောင်းပန်သင့်တယ်လို့ ခံစားရတယ်။ဒါကြောင့် ကျွန်မ သူတို့ဆီကို လက်ဆောင်ပို့ပေးဖို့ စဥ်းစားထားတယ်။"
ဆိုဗက်စ်စတာက ကျွန်မကို သေချာစိုက်ကြည့်နေသည်။
"မင်း မကောင်းတာ တစ်ခုခု စားထားမိလား။"
သဘာဝကျလိုက်တဲ့ တုံ့ပြန်မှုပါလား။
"ဒါက လွဲလို့ ဘာမှမဖြစ်နိုင်ဘူး။"
အကယ်၍ မူလအိုဖီလီယာ ဖြစ်မည်ဆိုလျှင် သူမက ကောလာဟာလများကို ဂရုစိုက်နေမည့်အစား သူမ၏အကြောင်းကို အခြားသူများပိုသိအောင် လုပ်ချင်သည့် ဆန္ဒရှိနေမည်ဖြစ်သည်။ထို့ကြောင့် 'ခိုးယူ' လာခဲ့သော ပန်းချီကားမှလွဲ၍ တခြားအရာတွေကို ကာဒယ်လ်ဇနီးမောင်နှံသို့ ပေးမည်ဆိုကတည်းက သူ့မျက်လုံးထဲတွင် ကျွန်မမှာ တစ်ခုခု အစားမှားထားသည့်ပုံစံ ပေါက်နေမည် ဖြစ်သည်။
"စောစောက ကျွန်မ စားခဲ့တဲ့ အရွက်သုပ်က မကောင်းတာ ဖြစ်မယ်။ဒါကြောင့် ကျွန်မ ဒီလို ဖြစ်သွားတာလေ။"
"ကိုယ် ဒါကို သိသားပဲ။"
ရှင် ဘာကို ဆိုလိုချင်တာလဲ။ရှင် စိတ်လွတ်နေပြီလား။
ကျွန်မ၏ မျက်လုံးများက မယုံနိုင်စွာဖြင့် ပြူးကျယ်သွားတော့သည်။
"ကျွန်မ ဆိုလိုချင်တာက ကျွန်မ အားနာတယ်လို့ ခံစားနေရတယ်လို့။ဒါကြောင့် သူတို့ဆီကို လက်ဆောင်ပို့ပေးချင်တာ။"
"ဒါဆိုလည်း လက်ဆောင်ပဲ ပို့လိုက်လေ၊မင်း မသွားနဲ့။"
ဆိုဗက်စ်စတာက ဆက်ပြောသည်။
"ကောင့်မြို့စားကတော်က မင်းကို ကြောက်နေပြီးသား။"
"အဲ့ဒီတော့ ကျွန်မက ဘာလုပ်ရမလဲ။"
"ကောင်းပြီလေ"
သူ့မျက်လုံးများက ကျွန်မဖက်သို့ လှည့်ကြည့်လာသည်။သူ့မျက်နှာပေါ်တွင် အမူအရာ တစိုးတစိမျှ ရှိမနေဘဲ ကျွန်မ၏ အမူအရာကိုသာ အကဲခတ်နေခဲ့၏။
သူမက လုံးဝ မပြုံးတတ်ဘူး။တစ်ခါတစ်လေ မဲ့ပြုံး ပြုံးသလိုလိုနဲ့ သူမရဲ့ နှုတ်ခမ်းထောင့်စွန်းလေးတွေ ကွေးတက်လာတတ်တယ်။ဒါပေမဲ့ အဲ့ဒီပုံစံကလည်း အတော်လေး တွေ့ရဖို့ခက်တယ်။အမြဲတမ်း အသက်မပါသလို ပုံစံနဲ့၊ဘာကိုမှ အဖက်မလုပ်သလိုမျိုး။ဒါကြောင့် လူတော်တော်များများက သူမနဲ့ မပတ်သက်ရဲကြတာဖြစ်မယ်။အရမ်းလှပေမဲ့ အေးစက်နေတာပဲ။ဒါဆို သူမအပေါ် ဘာမှမဖြစ်သလို သက်တောင့်သက်သာ ပြောဆိုဆက်ဆံနိုင်တဲ့ တစ်ဦးတည်းသောသူက ငါပဲ ရှိတာပေါ့။
ဆိုဗက်စ်စတာ သူ့ဘာသာ တွေးကြည့်နေရင်း ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။
"မင်းက ကောင့်မြို့စားကတော်ရဲ့နောက်ကျောဖက်ကို ရိုက်လိုက်တယ်လို့ ပြောနေကြတယ်။သူမကို ငိုသွားအောင် လုပ်ခဲ့တယ်တဲ့။"
ကျွန်မ မျက်လုံးပြူးသွားရ၏။
"ရှင် ဘာတွေ ပြောနေတာလဲ။ကျွန်မ သူမရဲ့နောက်ကျောဖက်ကို ထိတောင် မထိခဲ့ဘူး။"
"ကိုယ်လဲ အဲ့လို ထင်ပါတယ်။"
ဆိုဗက်စ်စတာ၏ ထူးဆန်းသောစကားကြောင့် ကျွန်မ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး သူ့ကို ကြည့်လိုက်သည်။
"ရှင် ကျွန်မကို မယုံဘူး မဟုတ်လား။"
ဆိုဗက်စ်စတာက ပြန်မဖြေဘဲ ပုခုံးတွန့်ပြလိုက်သည်။
ကျွန်မ အလွန် စိတ်ရှုပ်သွားရသည်။
"အဲ့ဒီနေရာမှာရှိတဲ့ လေဒီတွေက သက်သေပြပေးလိမ့်မယ်။ကျွန်မမှာ အပြစ်မရှိဘူး။"
"အဲ့ဒီလေဒီတွေကပဲ ကောလာဟာလကို စဖြန့်တာကို ကိုယ် ထင်တယ်။"
"ဘာ"
ကျွန်မ အသက်ပြင်းပြင်း ရှူလိုက်ရသည်။
"ကျွန်မ သူတို့ကို ဒီလိုအကျင့်စရိုက်ရှိမယ်လို့ မထင်ထားဘူး၊ဒီလိုဆို သူတို့က တကယ် ယုတ်မာတာပဲ။"
ကျွန်မ စိတ်ပျက်လက်ပျက်ဖြင့် မျက်ခုံးများကို တွန့်လိုက်မိသည်။ကျွန်မ၏ပုံစံကို ကြည့်ပြီး ဆိုဗက်စ်စတာက ထရယ်လေသည်။
"အခုမှ မင်းရဲ့နာမည်ဂုဏ်သတင်းကို ပြောင်းလဲပစ်ဖို့က အရမ်းနောက်ကျလွန်းနေပြီ။ဒါက အဆိုးဆုံး ဖြစ်နေခဲ့ပြီးသားပဲ။"
ကျွန်မ နောက်ထပ်တစ်ခါ ကြက်သေသေမိသွားပြန်၏။
သူက ကြောက်စရာကောင်းတဲ့လူပဲ။
ကျွန်မ တွေးနေမိသည်။
"ရှင်က ရှင့်ရဲ့ဇနီးဖြစ်သူကို ဘယ်လိုတောင် ပြောရက်ရတာလဲ။"
"မင်းက ဒီစကားနဲ့ ထိုက်တန်တာကြောင့်မို့လို့ ကိုယ်က ပြောတာလေ။မင်း ဘာတွေ လုပ်ခဲ့မိလဲ ဆိုတာသာ ပြန်တွေးကြည့်ဦး။"
"..."
သို့သော်လည်း ကျွန်မ၏ခင်ပွန်းဖြစ်သူအကြောင်း ကျွန်မ တစ်ခါမှ မပြောဖူးပေ။အိုဖီလီယာ လုပ်ခဲ့သမျှ အပြုအမူများကို ပြန်တွေးကြည့်ပြီး ကျွန်မ ဆုံးဖြတ်လိုက်သည်။
"ကျွန်မရဲ့ဘက်မှာ တစ်ယောက်ယောက် ရှိနေပေးမယ်လို့ ကျွန်မ မတွေးဖူးဘူး။"
ကျွန်မ တတွတ်တွတ်ပြောလိုက်ရင်း နဖူးကို ထိလိုက်သည်။
"ရှင်ကလည်း ကျွန်မရဲ့ဘက်မှာ မရှိဘူး၊ဟုတ်တယ်မလား။"
မျက်မှန်ကို ထုတ်ယူနေသော ဆိုဗက်စ်စတာမှာ ချက်ချင်း ရပ်တန့်သွားသည်။
"ရှိပါတယ်လို့ ကိုယ်ပြောသင့်လား၊ဒါမှမဟုတ် မရှိပါဘူးလို့ပဲ ပြောရမလား။"
"ရှင့်ပါးစပ်ကိုသာ ပိတ်ထားပေးမယ်ဆိုရင် ကျွန်မ အရမ်းကို ကျေးဇူးတင်မိမှာပါ။"
"ကောင်းပြီ"
သူက ရယ်မောရင်း မျက်မှန်ကို တပ်လိုက်သည်။ချောမောခန့်ညားလှသောမျက်နှာနှင့် မျက်မှန်၏ပေါင်းစပ်ထားသော လူ၏အလှတရားကြောင့် ကျွန်မ၏မျက်လုံးများပင် ကန်းတော့မည်ဟု ချက်ချင်း ခံစားလိုက်ရသဖြင့် ကျွန်မမှာ အသိစိတ်ပင် ကပ်မနေတော့ပေ။
ကျွန်မက သူ့နောက်တွင် မတ်တပ်ရပ်နေစဥ် ဆိုဗက်စ်စတာသည် စားပွဲပေါ်ရှိ စာများကို ကြည့်နေခဲ့သည်။
တစ်စောင်၊ နှစ်စောင် ၊သုံးစောင်
စာအနည်းငယ်ကို ရေတွက်ပြီးနောက် သူက စာတစ်စောင်ကို အိုဖီလီယာထံ လှမ်းပေးသည်။
"ဒီတစ်ခုက မင်းအတွက်ပဲ။"
"ကျွန်မအတွက်လား။"
ကျွန်မ မျက်ခုံးပင့်ရင်း စာကို လှမ်းယူလိုက်သည်။
"ဂျက်စမင်ဆီက"
စာအိတ်ပေါ်တွင် ဂျက်စတင် စမစ်ဟူသော နာမည်တစ်ခု ရေးသားထားသည်။သို့သော် ကျွန်မ၏ ဦးနှောက်ကို မည်သို့ပင် အလုပ်ပေးခဲ့သည် ဖြစ်စေ ထိုသူအကြောင်းကို မစဥ်းစားမိခဲ့ပေ။ကျွန်မလည်း စာအိတ်ကို အမြန် ဖြဲလိုက်ပြီး အထဲက စာကို ဖတ်လိုက်သည်။
[ဟယ်လို မဒမ်
ကျွန်မ ရှင့်ဆီကို ပထမဆုံးအဖြစ် စာရေးလိုက်ပါတယ်။ရိုင်းပြသလို ဖြစ်သွားမယ်ဆိုရင် တောင်းပန်ပါတယ်။]
သူမမှာ တကယ်ပင် စိုးရိမ်နေသည့်အလား လက်ရေးများက ယိုင်ရွဲ့နေသည်။
[မနေ့က ကျွန်မအနေနဲ့ အတော်လေး စိတ်ကသိကအောက်ဖြစ်နေရလို့ ဘယ်သူနဲ့မှ စကားမပြောဖြစ်ခဲ့ပါဘူး။လေဒီတွေရဲ့ စကားဝိုင်းထဲမှာ ကျွန်မက ဝင်မပြောနိုင်ခဲ့တာကြောင့် သူတို့ရဲ့ မကျေနပ်တဲ့အကြည့်တစ်ချို့ကျွန်မ ရခဲ့ပါတယ်။ ]
ဒါဆို မနေ့က နင်လဲ အဲ့ဒီနေရာမှာ ရှိတာပေါ့။
ထိုသို့ ဖြစ်ပျက်ခဲ့သည်ဟု ကျွန်မ မယုံကြည်နိုင်ခဲ့ပေ။ကျွန်မ ရောက်လာသည်နှင့် တပြိုင်နက် လူတိုင်းက စကားပြောသည်ကို ရပ်လိုက်ကြသဖြင့် ကျွန်မ မသိခဲ့ပေ။ကျွန်မ စာကို ဆက်ပြီး ဖတ်နေရင်း အထဲတွင် ရေးထားသော ထူးဆန်းသည့် စကားလုံးများကို သတိထားမိလိုက်သည်။
[ဒါပေမဲ့ မဒမ် ရောက်ရှိလာတာကို ကျေးဇူးတင်ရမှာပါ။ကျွန်မ ထိုင်ခုံကနေ ဖယ်ပေးလိုက်ရတော့ ကောင့်မြို့စားကတော်က ကျွန်မအပေါ် မဆူပူနိုင်တော့ဘူးလေ။]
"ဟမ်"
[ကျွန်မ စိတ်ရင်းနဲ့ကို ကျေးဇူးတင်ပါတယ်။
မဒမ်သာ စိတ်မရှိဘူးဆိုရင် နောက်များမှာ ကျွန်မတို့ ဆုံတွေ့ကြတဲ့အခါ ကျွန်မက မဒမ့်ကို လာနှုတ်ဆက်လို့ အဆင်ပြေနိုင်မလား။
လေးစားစွာဖြင့်
ဂျက်စမင် စမစ်]
"..."
ကျွန်မ နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး စာကို ပြန်ခေါက်လိုက်သည်။ထို့နောက် ကျွန်မက ဆိုဗက်စ်စတာကို အောင်နိုင်သူ အပြုံးလေးတစ်ပွင့် ပြုံးပြလိုက်သည်။
"ဒါကို ကြည့်လိုက်၊ ကျွန်မဘက်မှာ တစ်ယောက် ရှိတယ်။"
*
ဆိုဗက်စ်စတာထံ စာကို ကြွားခဲ့ပြီးနောက် ကျွန်မသည် စံအိမ်တော်မှ ပျော်ရွှင်စွာဖြင့် ထွက်လာခဲ့သည်။ကယ်လီယန်နှင့် တွေ့ဆုံရန် ဖြစ်သည်။
"ပန်းချီကားရဲ့နောက်မှာ ဧကရီဟောင်း ဖွက်ထားခဲ့တဲ့ စာက တကယ်ပဲ ရှိနေလို့ တော်သေးတယ်။"
ထိုနေရာတွင် ဘာမှ ရှိမနေမည်ကို ကျွန်မ စိုးရိမ်နေခဲ့သည်။သို့သော် ကံကောင်းထောက်မစွာဖြင့် ထိုသို့ မဖြစ်ခဲ့ပေ။ဇာတ်ကြောင်းမှာ အများကြီး ပြောင်းလဲခြင်းမရှိဟု ကျွန်မ မှန်းဆမိသည်။
"ကောင်းပြီ၊ငါက အခုထိ ဘာမှ မလုပ်ရသေးတော့ ဘာမှ သိပ်မပြောင်းလဲသွားဘူးပေါ့။"
ဇာတ်ကြောင်းမှာ တစ်သမတ်တည်း ရှိနေမည်ဟု အာမခံ၍ မရပေ။ထို့ကြောင့် ဇာတ်လမ်းထဲတွင် အမျိုးသမီးဇာတ်လိုက်လုပ်ခဲ့သည့်အတိုင်း လိုက်လုပ်ရန် ကျွန်မ အလျင်အမြန် ဆုံးဖြတ်ချက်ချလိုက်သည်။
"နောက်တစ်ခုကတော့ မိဘမဲ့ဂေဟာပဲ။"
မူလဇာတ်ကြောင်းတွင် အမျိုးသမီးဇာတ်လိုက်သည် မည်သူမှ ဂရုမစိုက်သော နေရာတစ်ခုဖြစ်သည့် ဆင်းရဲသားရပ်ကွက်တွင် မိဘမဲ့ဂေဟာ တစ်ခု ဖွင့်လှစ်ခဲ့သည်။အံ့ဩဖွယ်ရာပင် မိဘမဲ့ဂေဟာသို့ ပထမဆုံး ရောက်လာခဲ့သည့်ကလေးမှာ မွေးရာပါ ဓါးစွမ်းရည် ပိုင်ရှင်တစ်ဦး ဖြစ်နေခဲ့သည်။တော်ဝင်မိသားစုသည် ထိုအကြောင်းကို သိသည်နှင့် အလွန်ဝမ်းမြောက်သွားပြီး အမျိုးသမီးဇာတ်လိုက်၏အလုပ်ကို ချီးကျူးဂုဏ်ပြုကြသည်။ထိုအချိန်မှ စ၍ အမျိုးသမီးဇာတ်လိုက်၏ ရပ်တည်ချက်က အလွန်ခိုင်မာလာခဲ့သည်။ သို့သော် ကျွန်မက ဒီအခွင့်အရေးကို အရင် ရယူရမည်။ထိုနည်းဖြင့် ကျွန်မသည် ကယ်လီယန်ထံမှ မျက်နှာသာရမည့် အမှတ်တစ်ချို့ ရလာလိမ့်မည်။
"မဒမ်၊ ကျွန်တော်တို့ ရောက်ပါပြီ။"
ကျွန်မ သတိမထားလိုက်မိခင်ဘဲ တော်ဝင်နန်းတော်သို့ ရောက်လာခဲ့သည်။ရထားလုံးတံခါးကို ဖွင့်ပြီး အောက်ဆင်းလိုက်သည်နှင့် နန်းတော်ကြီးက အလွန်ကြီးမားလှသည်ကို သတိထားမိလိုက်သည်။နန်းတော်ကြီးကို မြင်လိုက်စဥ်တွင် လက်ရှိအင်ပါယာကြီးက ဤမျှပင် ကြီးကျယ်ခမ်းနားလှပေသည်ဟု ခံစားလိုက်ရသည်။ယခင်က စာအုပ်များနှင့် ဗီဒီယိုများထဲတွင် တွေ့မြင်ဖူးသော နန်းတော်များမှာ ကျွန်မ၏ရှေ့တွင် ရှိနေသော နန်းတော်ကြီးနှင့် နှိုင်းယှဥ်၍ပင် မရပါချေ။နေရာတိုင်းတွင် အဆောက်အဦးများ ပြည့်နေပြီး အရောင်အသွေး စုံလင်လှသည်။
တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ အင်ပါယာကြီး ဖြစ်နေခဲ့တာပဲ။
အိမ်ရှေ့စံမင်းသားနန်းဆောင်ရှိရာသို့ လမ်းညွှန်ခေါ်ဆောင်မှုနောက် ကျွန်မ လိုက်သွားခဲ့သည်။သို့သော် ကျွန်မကို ဖိတ်ကြားထားခဲ့ခြင်း မရှိပဲ လာရောက်ခြင်း ဖြစ်သည်။ထိုအစား ကျွန်မသည် လွန်ခဲ့သည့် တစ်နာရီခန့်က အိမ်ရှေ့စံမင်းသားကို တွေ့ခွင့်ပြုပါရန် အကြောင်းကြားလိုက်သဖြင့် အနည်းငယ် ရှက်စရာကောင်းသော အခြေအနေနှင့် ကြုံတွေ့လိုက်ရသည်။
"အိမ်ရှေ့စံအရှင့်သားက မဒမ်ရဲ့တွေ့ခွင့်တောင်းဆိုမှုကို ငြင်းပယ်လိုက်ပါတယ်။"
TK Team
++++++++