Chapter 13
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၁၃)

ထိုအခိုက်အတန့်တွင် ကျွန်မလည်း မှင်တက်သွားခဲ့ပြီး အကြောင်းကိစ္စများကို စေ့စေ့စပ်စပ် မတွေးမိသဖြင့် ရှက်ရွံ့သွားခဲ့သည်။မှန်ပါသည်။ကယ်လီယန်က ကျွန်မကို ဝင်ခွင့်ပေးလိမ့်မည်ဟု ကျွန်မ ဘာကြောင့် ထင်နေရပါသနည်း။

အား ၊ ငါ့ခေါင်း…

ကျွန်မ၏ တဒုတ်ဒုတ် ကိုက်ခဲနေသော နဖူးကို ဖိထားရင်း အစေခံကို လှမ်းပြောလိုက်သည်။

"ဒါဆိုလည်း အနည်းဆုံးတော့ အရှင့်သားကို ဒါလေး သွားပေးချေ။"

ကျွန်မလည်း ဧကရီဟောင်း၏စာကို ထုတ်လိုက်ပြီး ကမ်းပေးလိုက်သည်။

"သူ ဒါကို မြင်ရင်တော့ သူ ငါ့ကို ဝင်ခွင့်ပြုပါလိမ့်မယ်။"

အစေခံသည် ကျွန်မကို သံသယအပြည့်နှင့် ကြည့်လိုက်ပြီး စာကို ဂရုတစိုက် စစ်ဆေးလိုက်သည်။သူက အဆိပ်ခတ်ထားသလားဟု စစ်ဆေးနေသည့် ပုံစံပင်။အကယ်၍ ကျွန်မသာ သူ့ကို အဆိပ်ခတ်လိုပါက ဤနည်းအတိုင်း ပြုလုပ်မည် မဟုတ်ပေ။

ဒါက အရမ်းယုတ်မာတယ်လေ။

ကျွန်မ၏လက်ထဲတွင် ရှိသော စာထဲတွင် အိမ်ရှေ့စံမင်းသား ဖတ်ပြီးနောက် မျက်ရည်ကျလာနိုင်သော စကားလုံးများ ပါ၊မပါကို ကျွန်မ အနေဖြင့် စိတ်မဝင်စားသော်လည်း သူ မကြာခင် ကျွန်မကို ဝင်ခွင့်ပြုလိမ့်မည်ဟု ကျွန်မအနေဖြင့် သေချာနေသည်။ထို့ကြောင့် အစေခံက ကျွန်မကို ခေတ္တစောင့်ဆိုင်းပါရန် ပြောချိန်တွင် ကျွန်မလည်း ခေါင်းကို အသာအယာ ငြိမ့်ပြလိုက်သည်။

စောင့်နေရင်းဖြင့် အချိန်တစ်နာရီ ကုန်ဆုံးသွားသည်ကို ကျွန်မသတိထားမိလိုက်သည်။ထိုသို့တိုင် အစေခံမှာ အခန်းတွင်းမှ ပြန်ထွက်မလာသဖြင့် ကျွန်မလည်း အပြင်ဖက်တွင် ရပ်စောင့်ရင်း အကြောင်းစုံကို သိချင်နေခဲ့သည်။

"သူ ဘာလို့ ထွက်မလာတာပါလိမ့်။"

ကျွန်မ၏ခြေထောက်များမှာ စောင့်ရတာ ကြာလာသဖြင့် နာကျင်ကိုက်ခဲလာသည်။ထို့ကြောင့် ကြမ်းပြင်ပေါ်သို့ ခြေဖဝါးအတိုင်း နင်းချလိုက်ပြီး တောင့်တင်းနာကျင်နေသော ခြေသလုံးကြွက်သားများကို ထုရိုက်နေမိသည်မှာ စကားပြောသံတစ်ခုကို ကြားလိုက်ရသည် အထိပင်။

"မဒမ်ကို စောင့်နေစေခဲ့မိလို့ ကျွန်တော် တောင်းပန်ပါတယ်။"

အစေခံက ပြန်ရောက်လာသေးတယ်။ တစ်နာရီ ကြာမှလေ!

ကျွန်မ ပျော်ရွှင်စွာဖြင့် ဝတ်စုံကို သေသပ်အောင် လုပ်လိုက်ပြီး အိမ်ရှေ့စံမင်းသားနှင့် တွေ့ဆုံရာတွင် ကြည့်ကောင်းနေစေရန် သေချာ ပြုပြင်လိုက်သည်။

"ငါ့ကို ပန်းချီခန်းထဲ လိုက်လံပို့ဆောင်ပေးမှာလား။"

"ကျွန်တော် တောင်းပန်ပါတယ်။မဒမ်ကို ဝင်ခွင့် မပြုထားပါဘူး။"

"ဘာ"

ကျွန်မ အံ့ဩစွာဖြင့် ပြောလိုက်မိသည်။အစေခံမှာ ရှက်ရွံ့သည့် အမူအရာဖြင့် ခေါင်းကို ငုံ့ထားသည်။

"ဘာဖြစ်လို့လဲ။ငါ ပေးလိုက်တဲ့စာကို အရှင့်သားဆီ မပေးခဲ့ဘူးလား။"

"ကျွန်တော် ပေးခဲ့ပါတယ်။"

"အရှင့်သားက စာကို ဖတ်ကြည့်သေးလား။"

"ဟုတ်ကဲ့၊ အရှင့်သား စာကို ဖတ်ကြည့်လိုက်ပါတယ်။"

ထူးဆန်းသည်။သူက စာကို ဖတ်ပြီးသည့်တိုင် အဘယ့်ကြောင့် ကျွန်မကို ဝင်ခွင့်ပေးရန် ငြင်းဆန်နေရပါသနည်း။

ငါ နေလို့မကောင်းတော့ သလိုပဲ။

"အရှင့်သား ပြောလိုက်တဲ့ စကားကို မဒမ့်ဆီ ကျွန်တော် အတိအကျ ပြန်ပြောပေးပါရစေ။"

အစေခံသည့် ကျွန်မကို ဦးညွှတ်လိုက်သဖြင့် ကျွန်မလည်း မျက်စိကို မှေးကြည့်ရင်း ပြန်ဖြေလိုက်သည်။

"ကောင်းပြီ၊ ငါ့ကို ပြောပြတော့။"

အစေခံသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး စကားလုံး ၂လုံးကို ရေရွတ်သည်။

"ထွက်သွား"

*

ကျွန်မမှာ ရထားလုံး ရှိသည့်နေရာသို့ မသွားချင် သွားချင်နှင့် သွားလိုက်ရ၏။ကယ်လီယန်သည် ကျွန်မကို အမှန်တကယ်ပင် စက်ဆုပ်ရွံရှာနေသည် ဖြစ်ရမည်။ကျွန်မက ဧကရီဟောင်း၏စာကို သူ့ဆီ ပေးလိုက်သည့်တိုင် သူက တွေ့ဖို့ ငြင်းဆန်နေလိမ့်မည်ဟု ကျွန်မ မမျှော်လင့်ထားမိပေ။

"ထွက်သွား လို့ နင်က ပြောတယ်ပေါ့။ငါ့မျက်နှာကို တည့်တည့်ကြည့်ပြီး လာပြောလေ။"

ကျွန်မ ပြင်းပြင်းထန်ထန် ခေါင်းခါလိုက်သည်။

"နင် ဘယ်လောက်ပဲ ငါ့ကို မုန်းနေတယ် ဆိုရင်တောင် ကျေးဇူးတရားကို ဘယ်လိုဖော်ပြရမလဲဆိုတာတော့ နင် သိသင့်ပါတယ်၊မဟုတ်ဘူးလား။"

ဒီသောက်ရူးကောင်ကတော့

"ဒါက ဒီလို ဖြစ်လို့မရဘူးလေ။"

ကျွန်မ ကိုယ့်နဖူးကိုယ် ပြန်ရိုက်လိုက်မိသည်။

ဤစာကို အသုံးပြုပြီး အိမ်ရှေ့စံမင်းသားနှင့် ကျွန်မကြားရှိ ဆက်ဆံရေးကို ပြန်လည်သင့်မြတ်လာစေရန် ကြိုးစားဖြေရှင်းမည်ဟု ကျွန်မ ကြံစည်ထားခဲ့သည်။သို့တိုင် အရှုံးကြီး ရှုံးနိမ့်သွားခြင်းနှင့်သာ ကြုံတွေ့ခဲ့ရသည်။စိတ်ထဲတွင် အရန်အစီအစဥ် တစ်ခုမှ ရှိမနေလေရာ ကျွန်မလည်း ဘာလုပ်ရမှန်းမသိအောင် စိတ်ရှုပ်ထွေးစွာဖြင့် ရေရွတ်လိုက်သည်။

"ငါကပဲ မိဘမဲ့ဂေဟာ ဖွင့်လိုက်ပြီးတော့ ငါက ပြောင်းလဲသွားပြီဆိုတာ သူတို့ သိအောင် လုပ်ပြသင့်လား။"

ဒါပေမဲ့ ဒီလိုလုပ်ရင်ရော ကယ်လီယန်က ငါ့ကို အသိအမှတ်ပြုလာပါ့မလား။

အာ ၊ငါလဲ မသိတော့ဘူး။

"ကယ်လီယန်၊ အယုတ်တမာကောင်"

ကယ်လီယန်ကို ဆဲရေးရင်း ကျွန်မ ခြေတစ်လှမ်း နောက်ပြန်ဆုတ်လိုက်ရသည်။သို့သော် ကျွန်မ ရပ်နေသည့် နေရာနှင့် မလှမ်းမကမ်းတွင် ရှိနေသည့် အမျိုးသမီးတစ်ဦးကို ကျွန်မ သတိထားမိလိုက်သည်။သူမကလည်း ကျွန်မကို မြင်မြင်ချင်း လှမ်းနှုတ်ဆက်ခဲ့သည်။

အဲ့ဒါက ဘယ်သူပါလိမ့်။

ကျွန်မ မျက်စိကို မှေး၍ ကြည့်လိုက်ပြီး ထိုအမျိုးသမီးအနားသို့ သွားလိုက်သည်။

ဘုရားရေ

ကျွန်မ အနီးကပ် မြင်နေရသော အမျိုးသမီးသည် အလွန်တရာ ချောမောလှပသည်။ပိုးသားကဲ့သို့ နူးညံပျော့ပျောင်းသည့် ရွှေရောင်ဆံနွယ်များမှာ ရွှေမှုန်လေးများ ကြဲပက်ထားသည့်နှယ် တလက်လက် တောက်ပနေသည်။ကြီးမားဝိုင်းစက်ပြီး ချစ်စဖွယ်ကောင်းသည့် ပန်းရောင်မျက်ဆန်များကို မျက်ရစ်နှစ်ထပ်ရှိသော မျက်ဝန်းအိမ်များက လှပစွာ တန်ဆာဆင်ထားလျက်။ချွန်မြ ဖြောင့်စင်းသော နှာတံရှိသည့်အပြင် နှုတ်ခမ်းများမှာ ပန်းဆီရောင်သန်းနေ၏။သူမ၏ပါးပြင်ထက်၌ ခြယ်သထားသော ပါးနီအရောင်နှင့် ခြားနားစွာ သူမ၏အသားအရည်က ကြည်လင်ဝင်းမွတ်လျက် ရှိနေ၏။

သူမရှေ့တွင် ရပ်နေသော အမျိုးသမီးကဲ့သို့ အလှတရားကို ပိုင်ဆိုင်ထားသူမှာ ဤကမ္ဘာကြီးတွင် တစ်ဦးတည်းသာ ရှိသည်။

ဖလဲရ် ဝီလီယမ်

"အမျိုးသမီးဇာတ်လိုက်"

ကျွန်မ ပါးစပ်ကို အနည်းငယ်ဟပြီး ရေရွတ်လိုက်မိသည်။

ဖလဲရ်သည် သူမ၏ခေါင်းကို အနည်းငယ် စောင်းငဲ့လိုက်ပြီး မျက်လုံးများကို ကျယ်ကျယ်ဖွင့်၍

"တစ်ဆိတ်လောက်ပါ!"

သူမ၏အပြုအမူများမှ အလွန်လှပလေရာ ထိုသို့ အမြင်အာရုံကို ဖမ်းစားနိုင်သော မြင်ကွင်းကြောင့် ကျွန်မ အလိုအလျောက် မျက်မှောင်ကြုတ်လိုက်မိသည်အထိ ဖြစ်သွား၏။

"ကျ... ကျွန်မ တစ်ခုခုများ အမှားလုပ်မိပါသလား၊မဒမ်။"

ဖလဲရ်သည် သူမ၏လက်နှစ်ဖက် အလျင်အမြန် ပူးကပ်ဆုပ်ကိုင်ထားလိုက်သည်။သူမ၏ မျက်နှာထက်တွင် ကြောက်လန့်နေသည့် အမူအရာကို ကျွန်မ တွေ့မြင်နိုင်သဖြင့် ကျွန်မ၏ခေါင်းကို အမြန်ခါလိုက်ရသည်။

"မဟုတ်ပါဘူး။နေရောင်ကြောင့် ကျွန်မ မျက်လုံးစူးသွားလို့ပါ။"

ကျွန်မလည်း လက်ကို မြှောက်ပြီး မျက်နှာကို ကာလိုက်သည့်အခါမှ ဖလဲရ်မှာ အနည်းငယ် စိတ်အေးသွားသည့်ပုံပင်။

ကျွန်မ သူမကို ကြည့်နေရင်း သူမ မသိအောင် တတ်နိုင်သလောက် အသက်ရှူထုတ်နေရသည်။ကျွန်မ အရမ်းစိတ်လှုပ်ရှားနေမိသည်။အတိတ်တွင် အိုဖီလီယာက ဖလဲရ်ကို နှိပ်စက်ညှင်းပန်းခဲ့ခြင်းသည် ကယ်လီယန်မှ သူမကို ကြိုးပေးစီရင်သည်အထိ မုန်းတီးစက်ဆုပ်သွားရသော အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်။

ငါ အဲ့ဒီလို မလုပ်သင့်ဘူး။

ထိုသို့ အနာဂတ်မျိုးကို ကျွန်မ မလိုချင်ပေ။ကျွန်မ အသက်ဆက်ရှင်သန်ချင်ပါသည်။

ငါက သဘောကောင်းတဲ့ပုံစံ ဖြစ်နေရမယ်။

သို့ပေမဲ့ ကျွန်မကို ဖလဲရ်နှင့် ဝေးဝေးမှာနေရန် အမိန့်မထုတ်ထားခဲ့ပေ။အစကတည်းက ကျွန်မမှာ ဟယ်လိုဟု မပြောခဲ့ပေ၊သို့သော် ဖလဲရ်က ကျွန်မကို အရင် စကားလာပြောသောကြောင့် အဆင်ပြေသည်ဟု ကျွန်မ ယူဆလိုက်သည်။ကျွန်မ ပေးနိုင်သမျှ အချိုသာဆုံး အပြုံးတစ်ခုနှင့်အတူ သူမကို နှုတ်ဆက်လိုက်သည်။

"ရှင့်ကို ကျွန်မ တွေ့ခဲ့ရတာ အတော်ကြာပြီပဲ။ရှင် ဘယ်လိုနေလဲ။"

"ဟုတ်ကဲ့၊ မဒမ့်ကို ကျေးဇူးတင်ပါတယ်။ ကျွန်မ အဆင်ပြေပါတယ်။မဒမ်ကရော ရှင်။"

"ကျွန်မလဲ အဆင်ပြေပါတယ်။မေးပေးလို့ ရှင့်ကို ကျေးဇူးတင်ပါတယ်။"

"ဒီလို ပြောလို့ ကျွန်မက ကျေးဇူးတင်ရမှာပါ။ရှင်က အမြဲတမ်း လှနေတာပါပဲ။"

သူမသည် အိုဖီလီယာထံမှ အကြိမ်များစွာ အနိုင်ကျင့်ခဲ့ရသည့်တိုင်အောင် သူမက ယဥ်ကျေးစွာ ပြောဆိုနေဆဲ ဖြစ်၏။သူမက အမှန်တကယ်ပင် ပြီးပြည့်စုံသော အမျိုးသမီးဇာတ်လိုက် ပီသပါပေသည်။

"ဒါပေမဲ့ ရှင် ဘယ်ကပြန်လာသလဲ ကျွန်မ မေးကြည့်လို့ ရနိုင်မလား။"

ဖလဲရ်က ဂရုတစိုက် မေးမြန်းသည်။

ကျွန်မ ပေါ့ပေါ့ပါးပါးဖြင့် ဖြေလိုက်သည်။

"ကျွန်မက အိမ်ရှေ့စံမင်းသားကို အခစားဝင်ဖို့ ခွင့်တောင်းခဲ့တယ်၊ဒါပေမဲ့ သူက ငြင်းပယ်ခဲ့တယ်လေ။ဒါကြောင့် ကျွန်မရဲ့ ရထားလုံး ရပ်ထားခဲ့တဲ့ နေရာကို ပြန်သွားနေတာပါ။"

"အာ ..."

သူမ၏ နှုတ်ခမ်းထောင့်စွန်းလေးများ အနည်းငယ် ကွေးတက်လာသည်ကို ကျွန်မ မြင်လိုက်ရသည်။ကျွန်မပဲ ထင်ယောင်ထင်မှား ဖြစ်နေသည်လား၊သို့မဟုတ် သူမက ကျွန်မကို ရယ်လိုက်သည်လား မပြောတတ်ပေ။

မဖြစ်နိုင်တာ၊တကယ် မဖြစ်နိုင်တာကြီး။

ဖလဲရ်သည် ဤကမ္ဘာတွင် သဘောအကောင်းဆုံးသူဟု ပြောလို့ရပေသည်။အိုဖီလီယာက မည်သို့ပင် ယုတ်မာရက်စက်သော ကိစ္စများ ကျူးလွန်ခဲ့သည် ဖြစ်စေ၊ ဖလဲရ်က အဆုံးအထိ ခွင့်လွှတ်သည်းခံပေးဖို့ ကြိုးစားခဲ့သည်။ထိုသို့ ဖြစ်စရာအကြောင်း မရှိပေ။

ထိုခဏ၌ ဖလဲရ်ကို သံသယဝင်မိသည့်အတွက် ကျွန်မ အားနာသွားရသည်။ထို့ကြောင့် ကျွန်မ၏ အမူအရာကို ပိုပြီး နူးညံ့သိမ်မွေ့နေအောင် လုပ်လိုက်သည်။ဖလဲရ်က ကျွန်မကို ကြည့်ပြီး

"ကျွန်မက အရှင့်သားနဲ့ သွားတွေ့မလို့ လုပ်နေတာပါ။ကျွန်မ သူနဲ့တွေ့တဲ့အခါ လမ်းမှာ မဒမ်နဲ့ ဆုံတွေ့ခဲ့တဲ့အကြောင်း သူ့ကို ပြောပြပေးပါမယ်။"

ဖလဲရ်က အပြုံးလေးနှင့် ပြောလိုက်သည်။

ဟမ်၊ ဒီလို ထူးထူးဆန်းဆန်း ခံစားချက်ကြီးက ဘာပါလိမ့်။

*

စံအိမ် အပြန်လမ်းတွင် ကျွန်မသည် အဆိုပါ ထူးဆန်းသော ခံစားချက်ကြီးမှ တစ်ချိန်လုံး ရုန်းထွက်၍ မရခဲ့ပေ။

ကျွန်မက အရှင့်သားနဲ့ သွားတွေ့မလို့ လုပ်နေတာပါ။

ကျွန်မကပဲ ကယ်လီယန်ကို သွားတွေ့တဲ့အချိန်မှာ အငြင်းခံလိုက်ရသည်ဟူ၍ ပြောမိလိုက်သည်ကြောင့်လား မသိပေ။

အိုဖီလီယာက ကယ်လီယန်ကို ဘယ်လောက်ထိ ကြိုက်တယ်ဆိုတာ နင် သိရဲ့သားနဲ့ အဲ့လိုပြောလိုက်တာကတော့ ရိုင်းရာ ကျနေတယ် မဟုတ်ဘူးလား။ဒါဆို ဘာလို့ သူမက အဲလိုမျိုး ပြောရတာလဲ။

ကျွန်မ သူနဲ့တွေ့တဲ့အခါ လမ်းမှာ မဒမ်နဲ့ ဆုံတွေ့ခဲ့တဲ့အကြောင်း သူ့ကို ပြောပြပေးပါမယ်။

နင်လည်း ကယ်လီယန်နဲ့ ငါ့ကြားက ဆက်ဆံရေးအကြောင်းကို သိနေတာပဲ၊ဒါဆို ဘာလို့ ဒီလို ထပ်ပြီး ပြောပြနေရမှာလဲ။

"တစ်မျိုးကြီးပဲ။"

ကျွန်မ ရေရွတ်လိုက်ရင်း လက်ပိုက်ထားမိသည်။

"ငါကပဲ ဒီစာအုပ်ကို အများကြီး စိတ်နှစ်ပြီး ဖတ်ခဲ့လို့များလား။"

အရူးပဲ၊ နင် ဒါကို သတိမထားမိဘူးလား။

သူမက ကျွန်မကို လှည့်ပတ်ဖို့ ကြိုးစားနေသည်ဟု ခံစားရသည်။

"မဖြစ်နိုင်တာပဲ။"

သို့သော် ဖလဲရ်က အမျိုးသမီးဇာတ်လိုက်ဖြစ်နေရာ သူမက မကောင်းသည့်ကိစ္စ တစ်ခုခု လုပ်လိမ့်မည်ဟု ကျွန်မ စိတ်ကူးကြည့်၍ပင် မရပေ။

ငါကပဲ စိတ်ညစ်နေတာကြောင့်များလား။

"ဒါကမှ ဖြစ်နိုင်သေးတယ်။"

ဖလဲရ်က ဒါကို ဒီအတိုင်းပဲ ပြောလိုက်ခြင်း ဖြစ်မည်။မကောင်းသော ရည်ရွယ်ချက်မရှိသော်လည်း စကားကို ထိုသို့ ပြောတတ်သည့် လူက အများကြီး ရှိပါသည်။ဖလဲရ်သည်လည်း ထိုသို့ပင် ဖြစ်လိမ့်မည်။သူမသည် ဤဝတ္ထုတွင် အဓိကဇာတ်လိုက်ဖြစ်သည်။သူမသည် 'အဆင်ပြေပါတယ်' ၊'ကူညီခွင့်ရခဲ့လို့ ဝမ်းသာပါတယ်'၊' ကျွန်မကို ခွင့်လွှတ်ပါ'နှင့် စိတ်သဘောကောင်းသူများ ပြောတတ်သည့် စကားများကိုသာ အမြဲ ပြောတတ်သည်။သူမက အလွန်အမင်း သဘောကောင်းနေသဖြင့် အားမလို အားမရဖြစ်ကာ စာအုပ်ဖတ်ရင်းဖြင့် သူမကို ဆဲဆိုခဲ့ရသည့် အကြိမ်ပေါင်း ဒါဇင်နှင့်ချီ၍ ရှိခဲ့သဖြင့် ကျွန်မလည်း သူမ၏အကျင့်စရိုက်ကို သံသယ မဝင်နိုင်ခဲ့ပေ။

"ငါတို့ နောက်ထပ် ဆုံရတဲ့အခါ ငါ ပိုပြီးသိလာမှာပဲ။"

ကျွန်မ ထိုသို့ပြောနေရင်း ပြတင်းပေါက်အပြင်သို့ ကြည့်လိုက်သောအခါ ရိုင်ဇန်မြို့စားကြီးအိမ်တော်ကို မြင်ရပြီ ဖြစ်သည်။ကျွန်မ အိမ်ပြန်ရောက်ပြီ ဖြစ်၏။

ကျွန်မ ကယ်လီယန်နှင့် သွားတွေ့မည်ဟု ရေးထားသော စာတစ်စောင်ကို ဆိုဗက်စ်စတာအတွက် ချန်ထားပေးခဲ့သည်။ 

[အိမ်ရှေ့စံအရှင့်သားရဲ့ နှလုံးသားကို ကျွန်မ အရည်ပျော်အောင် လုပ်တော့မယ်။ 

ရှင် စိတ်လှုပ်ရှားနေပြီလား။

ဒါဆို ပိုက်ဆံကို ကြိုပြီး ပြင်ဆင်ထားလိုက်တော့။]

ကျွန်မ ဘာကြောင့် ထိုသို့ လျှောက်ရေးမိခဲ့ပါသနည်း။သူက ကျွန်မကို အပြင်ဖက်မှာပဲ စောင့်နေခိုင်းသည့်အပြင် 'ထွက်သွား' ဆိုသည့်စကားကိုပင် သူကိုယ်တိုင် ထွက်ပြောမည် မဟုတ်ဟု ကျွန်မသာ ကြိုတင်သိခဲ့လျှင် ထိုသို့ စာမျိုးကို ဘယ်တော့မှာ ရေးထားပေးမိမည် မဟုတ်ပေ။ဤမတိုင်ခင်က ကျွန်မကိုယ် ကျွန်မ ဂုဏ်ယူနေမိသော်လည်း ယခုလက်ရှိတွင် ကျွန်မ၏ မျက်နှာက ရှက်လွန်းသဖြင့် ပူလောင်နေခဲ့သည်ကို ကျွန်မ ခံစားမိသည်။

ငါ ဆိုဗက်စ်စတာကို ဘာပြောရမလဲ။

ကျွန်မ ရထားလုံးတံခါးကို ဖွင့်ပြီး ဆင်းလိုက်သော်လည်း ခေါင်းထဲတွင်တော့ သူ့ကို ဘာပြောရမည်ဆိုသည့် အတွေးသာ တဝဲလည်လည် ဖြစ်နေလျက်။သို့သော် ကျွန်မ ဒါကို ပိုပြီး စဥ်းစားကြည့်လေလေ၊သူနဲ့ မဆုံတွေ့ရအောင် ရှောင်ပုန်းချင်လေလေ ဖြစ်လာ၏။

ငါ့အခန်းထဲမှာပဲ နေလိုက်ပြီး နေမကောင်းဖြစ်သလို ဟန်ဆောင်နေ...

ထို့နောက် ကျွန်မ ထူးဆန်းနေသော တစ်စုံတစ်ရာကို သတိထားမိလိုက်သည်။ဆိုဗက်စ်စတာက ကျွန်မကို အပြင်ဖက်တွင် ထွက်စောင့်နေခဲ့သည်။သူက အဖြူရောင် ကုတ်အင်္ကျီကို ဝတ်ထားသည်။တိုင်းပြည်အနှံ့ တိုက်ခတ်နေခဲ့သော နှင်းမုန်တိုင်းက ရပ်တန့်သွားပြီဖြစ်သော်လည်း၊အဖြူရောင် ကုတ်အင်္ကျီနှင့် သူ့ကို မြင်လိုက်ရစဥ်တွင် ကျွန်မမှာ နှင်းမုန်တိုင်း တိုက်ခတ်နေဆဲ အချိန်ကာလသို့ ပြန်ရောက်သွားရသကဲ့သို့ ဖြစ်သွားသည်။သူက အလွန် အေးစက်နေသဖြင့် ကျွန်မ မတရားကြောက်နေမိသည်။ကျွန်မ၏စာကို တွေ့သွားပြီးနောက် သူ ကျွန်မကို စောင့်နေခဲ့သည်မှာ သေချာပေါက် ဖြစ်နိုင်သည်။

ဒုတ် ဒုတ် ဒုတ် ဒုတ် 

ကျွန်မ တည်ငြိမ်စွာဖြင့် ဆိုဗက်စ်စတာအနားသို့ ချဥ်းကပ်သွားလိုက်သည်။

"ရှင်က ဘာကြောင့် ..."

"မင်း ဘာဖြစ်လို့ ဒီလောက် နောက်ကျနေတာလဲ။"

ဟမ်

ကျွန်မ သူ့ကို ကြည့်လိုက်သည်။

"မင်း ဒီနေ့ ဘယ်လို သောက်ကျိုးနည်းကိစ္စတွေ လျှောက်လုပ်နေတာလဲ။"


TK Team
++++++++