Chapter 11
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၁၁) 

"သခင်က မဒမ့်ကို ဘာကြောင့် ကွာရှင်းမပေးရတာလဲ။"

ထို့နောက် တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။

သူက အိုဖီလီယာကို ဘာကြောင့်ကွာရှင်းမပေးရတာလဲ။ဒါက ရှင်းပါတယ်။

"ထိုက်တန်လို့လေ"

ဆိုဗက်စ်စတာသည် အိုဖီလီယာကို အိမ်ထောင်ဖက်တစ်ယောက် အနေဖြင့် သဘောကျသည်။သူမက ပိုဒုက္ခရောက်လေလေ၊သူမအပေါ် စိတ်ဝင်စားမှုများကို ပိုဆွဲယူနိုင်လေလေ ဖြစ်သည်။သူမသည် ရာစုနှစ်၏ ယုတ်မာရိုင်းစိုင်းသော မိန်းမတစ်ယောက်ဖြစ်သည့်အပြင် ကမ္ဘာပေါ်တွင် ကြောက်စရာအကောင်းဆုံး မိန်းမလည်း ဖြစ်လေရာ အဆိုပါ နာမည်ဆိုးဖြင့် ကျော်ကြားလှသော ဂုဏ်ပုဒ်က ဆိုဗက်စ်စတာ လုပ်သမျှ မကောင်းမှုများကို လွှမ်းမိုးဖုံးအုပ်ထားပေးနိုင်သည်။ ဆိုဗက်စ်စတာက လမ်းပန်းဆက်သွယ်မှုအခွန်နှုန်းထား တိုးမြှင့်လိုက်ခြင်းကို မည်သူမှ သတိမထားမိဘဲ၊အိုဖီလီယာက သူမ မနှစ်သက်သော အမျိုးသမီးငယ်လေး၏ပါးကို ရိုက်လိုက်သည့်ကိစ္စကိုသာ သူတို့က ဂရုတစိုက် ရှိကြသည်။အိုဖီလီယာ၏ ကျော်မကောင်း ကြားမကောင်း အကျင့်စရိုက်က ဆိုဗက်စ်စတာလုပ်သမျှကို ဖုံးကွယ်ပေးသည့် အကြိမ်အရေအတွက် အများအပြားရှိခဲ့သည်။ထို့ကြောင့် သူအနေဖြင့် သူမကို လွှတ်ပေးလိုသော ရည်ရွယ်ချက် လုံးဝမရှိပေ။

အခုထိပေါ့

"ဒီအချိန်မှာ သူမ ဆုံးဖြတ်ထားပြီးပြီ။"

"ဘာကိုလဲ ဗျ"

"အိမ်ရှေ့စံမင်းသားကို သွေးဆောင်ဖြားယောင်းဖို့ သူမ ဆုံးဖြတ်ထားပြီးပြီ။"

"သူမ အရင်ထဲက အဲ့ဒီလိုဖြားယောင်းနေခဲ့တာ မဟုတ်ဘူးလား။"

ဆိုဗက်စ်စတာ ပြန်မဖြေသေးဘဲ ပြုံးလိုက်သည်။နေးလ် ပြောသည့်အတိုင်းပင် အိုဖီလီယာသည် အရှင့်သား၏နှလုံးသားကို ဖမ်းစားနိုင်ဖို့အတွက် ကြိုးစားအားထုတ်မှုများစွာ ပြုလုပ်ခဲ့သည်ကို လူတိုင်း သိကြသည်။သို့သော် သူမ၏ တစ်ကိုယ်ကောင်းဆန်မှုနှင့် ရက်စက်ယုတ်မာမှုကြောင့် အမြဲတမ်း ရှုံးနိမ့်ခဲ့ရသည်။ဒီတစ်ကြိမ်တွင် သူမက အရင်နှင့် အနည်းငယ် ကွာခြားသည့်ပုံ ပေါ်သည်။

"မတူဘူး"

ဆိုဗက်စ်စတာက ခပ်တိုးတိုး ပြောလိုက်သည်။

မှန်ပါသည်။အိုဖီလီယာမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။သူ ပြောပြရမည်ဆိုလျှင် အရင်က အိုဖီလီယာသည် ကသုတ်ကရိုက်ဖြင့် ရှေ့နောက် ပြေးနေသော ပြောင်တစ်ကောင်နှင့် တူပြီး၊ယခုလက်ရှိ အိုဖီလီယာကတော့ ...

မြေခွေးတစ်ကောင်နဲ့ တူတယ်။

သူမ၏ မျက်လုံးများ ပြူးကျယ်နေလျှင် မြေခွေးတစ်ကောင်နှင့် အလွန်တူသည်။

"ကျွန်မ အိမ်ရှေ့စံမင်းသားကို ဖြားယောင်းသွေးဆောင်လိုက်မယ်။"

"အရှင့်သားက ကျွန်မအပေါ် နှစ်သက်မှုကို ပြလာတဲ့အခါတိုင်း ရှင် ကျွန်မကို ပိုက်ဆံပေးရမယ်ဆိုရင်ရော။"

"ကွာရှင်းပြီးရင် အေးအေးဆေးဆေးနေနိုင်ဖို့ ပိုက်ဆံလိုတယ်လေ။မဟုတ်ဘူးလား။"

ဆိုဗက်စ်စတာ ခပ်တိုးတိုး ရယ်မောလိုက်သည်။

မင်းက ကိုယ့်ကို ဒီလို ပြောရဲတယ်ပေါ့။

အိုဖီလီယာက သနားစရာကောင်းလှသည်။သူမက မြေခွေးတစ်ကောင် အဖြစ် မည်သို့ပင် ဟန်ဆောင်နေသည်ဖြစ်စေ၊ နှင်းတောင်ဝံပုလွေများက သူမကို ကိုက်ဖြတ်စားသောက်ပစ်လိုက်မည်ပင်။

"မင်း ကိုယ့်ကို နောက်ထပ် ဘာတွေလုပ်ပြဦးမလဲ ကိုယ် သိချင်နေပြီ။"

ပျော်ရွှင်စွာဖြင့် သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။

"ကိုယ် ဒါကို စောင့်မျှော်နေမယ်။"

ဆိုဗက်စ်စတာမှာ ယခင်က အိုဖီလီယာ ထုတ်ပြခဲ့သမျှ ပုံရိပ်များကို ပြန်စဥ်းစားရင်း ရယ်မောနေမိသည်။

*

"..."

ကျွန်မမှာ စိတ်လှုပ်ရှားစွာဖြင့် အိမ်တော်အတွင်း၌ ဟိုဘက် သည်ဘက် လျှောက်နေမိသည်။ကောင့်မြို့စားကတော်ကာဒယ်လ်သည် နေထိုင်၍ မကောင်းဟု ဆိုကာ အပြင်ထွက်မလာတော့ပေ။တမင် အကြောင်းပြချက်ပေးသည့် ပုံစံဖြစ်နေသော်ငြား ကျွန်မက သူမကို အပြင်ထွက်လာစေရန် ဖိအားပေး၍ မရဟု မဆိုလိုပေ။ထို့ကြောင့် ကောင့်မြို့စား ရောက်လာချိန်တွင် ကျွန်မ တောင်းဆိုလိုက်သည်။ 

ငါ လည်ဆွဲနဲ့ပတ်သက်ပြီး ပြောဖို့ လိုအပ်တယ်။

"ငါက ခြိမ်းခြောက်အကြပ်ကိုင်တဲ့နေရာမှာ ဘယ်လိုပဲ ပါရမီပါတယ် ပြောပြော၊ဒီကိစ္စက ထင်နေကြသလိုမျိုး မဟုတ်ဘူးလေ။"

ထိုလည်ဆွဲသည် အလွန်တရာ တန်ဖိုးမြှင့်မားပြီး သာမန်ငွေကြေးပမာဏဖြင့် လဲလှယ်၍ မရနိုင်ဘဲ အနည်းဆုံး မိုင်းတွင်းတစ်ခုစာ ပမာဏ သုံးစွဲဖို့ လိုအပ်သည်ဟု ကျွန်မ ကြားဖူးသည်။ကျွန်မအနေဖြင့် ထိုလည်ဆွဲကို တစ်နည်းနည်းဖြင့် ခြိမ်းခြောက်၍ လက်ဝယ်ပိုင်ဆိုင်နိုင်ရန် လုပ်နိုင်ပါ့မည်လော။သည်အတိုင်းလေး လက်ခံလိုက်၍ လုံးဝ မဖြစ်နိုင်၊ကျွန်မမှာ ထိုသို့ သတ္တိမရှိပေ။

ဒါက ငါ့အတွက် မဟုတ်ဘူးလေ။

ကျွန်မ အသက်ပြင်းပြင်း ရှူလိုက်ပြီး လည်ဆွဲထည့်ထားသည့် ရတနာသေတ္တာကို ပိတ်လိုက်သည်။ထို့နောက် အခန်းတံခါး ပွင့်လာခဲ့သည်။

"ကျွန်တော် တောင်းပန်ပါတယ် မဒမ်၊စောင့်နေရတာ ကြာပါပြီလား။"

ကောင့်မြို့စားကာဒယ်လ် ရောက်ရှိလာပြီး၊ထိုသူမှာ ပိန်ပိန်ပါးပါးနှင့် စာပေလိုက်စားသူ အသွင်ရှိသည်။ကျွန်မ သူ့ကို နှုတ်ဆက်လိုက်သည်။

"မဟုတ်တာပဲ။ကျွန်မကသာ ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာတဲ့သူပါ။ကျွန်မဖက်က တောင်းပန်ရမှာပါ။"

ကောင့်မြို့စားကာဒယ်လ်သည် သူ နားကြားမှားနေသလားဟု ထင်မိရာ သူ့ကိုယ်သူပင် မသိလိုက်ဘဲ ရှေ့ဘက်သို့ အနည်းငယ် ကိုင်းလိုက်မိသည်။အကယ်၍ မူလအိုဖီလီယာသာ ဖြစ်ပါမူ သူမက ဤသို့ကျိန်ဆဲပြီး အော်ဟစ်နေမည် ဖြစ်သည်။

"ဟုတ်တယ်။တုံးအလိုက်တဲ့ အယုတ်တမာကောင်ရဲ့။"

သူမက နေမကောင်းဘူးလား။

ကောင့်မြို့စားကာဒယ်လ် အလေးအနက် စိုးရိမ်သွားမိသည်။

"ထိုင်ပါဦး"

"အာ ၊ဟုတ်ကဲ့ပါ။"

ကောင့်မြို့စားကာဒယ်လ်သည် ကျွန်မ၏မျက်နှာချင်းဆိုင်နေရာတွင် အမြန် ဝင်ထိုင်လိုက်၏။ကျွန်မလည်း ထိုင်ပုံအနေအထားကို ဖြောင့်မတ်အောင် ပြုပြင်လိုက်ပြီး ကောင့်မြို့စားကာဒယ်လ်ကို ကြည့်လိုက်သည်။

"ရှင့်ဇနီးဆီကနေ ကြားပြီးလောက်ရောပေါ့။ကျွန်မ သူမဆီက နဂါးကြေးခွံလည်ဆွဲ လက်ခံရရှိထားပါတယ်။"

ကောင့်မြို့စားကာဒယ်လ်၏ မျက်နှာမှာ အနည်းငယ် တွန့်ရှုံ့သွားပြီး ခေါင်းငြိမ့်ပြသည်။

"ကျွန်တော် ကြားပြီးပါပြီ။ ကျွန်တော့်ဇနီးက လည်ဆွဲကို မဒမ့်ဆီ လက်ဆောင်ပေးခဲ့ပါတယ် တဲ့။"

"လက်ဆောင်ပေးတာ ..."

လက်လွှတ် ဆုံးရှုံးလိုက်ရတာ မဟုတ်ဘူးလား။

ကျွန်မ ခေါင်းခါလိုက်သည်။

"ကျွန်မ ဒါကို ပြန်ပေးပါရစေ။ကျွန်မအတွက် ဒါကို လက်ခံဖို့က အရမ်းကို တန်ဖိုးကြီးလွန်းပါတယ်။"

"ခင်ဗျာ !"

ကောင့်မြို့စားကာဒယ်လ်သည် သူ့အလိုအလျောက် အရှေ့ဖက်သို့ ထပ်ပြီး ကိုင်းညွှတ်လိုက်မိသည်။သူ နားကြားမှားနေသလားဟု နောက်တစ်ကြိမ်ထပ်ပြီး သိချင်နေသလိုမျိုးပင်။သို့သော် ကျွန်မ စိတ်ဆုံးဖြတ်ထားသည်ကို မြင်သွားသည်နှင့် တပြိုင်နက် သူ့အကြားအာရုံတွင် ပြဿနာမရှိကြောင်း သူ နားလည်သွားတော့သည်။

သူက လက်များကို လေထဲတွင် ယမ်း၍

"ဒါ ...ဒါပေမဲ့ ကျွန်တော့်ဇနီးက မဒမ့်ကို လက်ဆောင်ပေးခဲ့တာ မဟုတ်ဘူးလား။လက်ဆောင်ပေးတာကို ပြန်ပေးခဲ့တာကတော့ ..."

"မှန်ပါတယ်"

အိုဖီလီယာသည် စောင့်ဆိုင်းနေရင်းမှ ပြန်ဖြေလိုက်သည်။

"လက်ခံရရှိပြီးသား အရာတစ်ခုကို ပြန်ပေးခဲ့ရတာ ရှက်စရာပါပဲ။"

"ဘ...ဘယ်လို။"

"ဒီလုပ်ရပ်က ကျွန်မကို သာမကပဲ ကောင့်မြို့စားကတော်ကိုပါ ထိခိုက်စေနိုင်တဲ့ လုပ်ရပ်ပါ။"

"ဒါကြောင့်မို့လို့ ကျွန်မက ..."

ထိုစကားကို ဆက်ပြောနေရင်း ကျွန်မ၏ နှုတ်ခမ်းများ ခြောက်ကပ်လာသည်ကို ခံစားမိသည်။

"ကျွန်မက ဒီလည်ဆွဲကို အခြားအရာတစ်ခုနဲ့ လဲလှယ်ချင်ပါတယ်။"

"အခြားအရာနဲ့ လဲမယ် !"

ကျွန်မ ခေါင်းငြိမ့်ပြရင်း မီးလင်းဖိုအထက်နားတွင် ချိတ်ဆွဲထားသော ပုံတူပန်းချီကားချပ်ကို လက်ညှိုးထိုးပြလိုက်သည်။ထိုအရာသည် ပန်းချီဆရာတစ်ဦး၏ ပုံတူပန်းချီကားဖြစ်သည်။သို့သော် ဒီပန်းချီကားကို မည်သူရေးဆွဲထားသည်တော့ ကျွန်မ မသိပေ။ကျွန်မသိသည်က ဧကရီဟောင်း ဒေါက်ဂ်ဂျာ၏စာကို ထိုပန်းချီကားနောက်ဖက်တွင် ဖွက်ထားခဲ့သည်ဆိုသည့် အချက်သာ ဖြစ်သည်။

ဆိုတော့ကာ

"ကျွန်မ ဒီလည်ဆွဲကို အဲ့ဒီပန်းချီကားနဲ့ လဲချင်ပါတယ်။"

ကျွန်မ ထိုသို့ ပြောလိုက်သည်။

ထိုပန်းချီကားမှာ ကျွန်မလက်ထဲရှိ လည်ဆွဲထက် အများအပြား ပို၍ တန်ဖိုးကြီးသည်ကိုတော့ ကျွန်မ မသိခဲ့ပေ။


TK Team
++++++++