Chapter 269
Viewers 23k

Volume 12 : ရူပဗေဒဌာန


Chapter 269 (ကြယ်ရောင်ကောင်းကင်ချောက်နက် ၂၁)

ကျန်းဖျင်စစ်၏ စကားကိုကြားပြီးနောက် ကျန်းရှောင်နျန်သည် theodolite ကို ချက်ချင်းထုတ်ကာ မြေပြင်မှ 200 m x 200 m အကွာအဝေးရှိ ပလပ်ဖောင်းနှစ်ခုကို တည်ဆောက်ခဲ့သည်။

သူ့ရှေ့က တွင်းနက်ကြီးသည် ရှစ်ထပ်အဆောက်အဦးနဲ့ ညီမျှသော မြေအောက်စခန်း မီတာ 200 ကျော် တူးပြီးပါပြီ။ ကျန်းရှောင်နျန်၏ မြေတူးစက်က အဆက်မပြတ် အလုပ်လုပ်နေဆဲဖြစ်သည်။ အလိုအလျောက် တူးဖော်သည့်မုဒ်တွင် မရေမတွက်နိုင်သော ပူလောင်နေသည့် မြေဆီလွှာများကို တူးဖော်ပြီး ဘေးတွင် စုပုံထားသည်။

ကျယ်လောင်သော အသံသည် တွင်းနက်ကြီး၏ အောက်ခြေမှ ထွက်ပေါ်လာသည်။ နောက်ထပ် 50 မီတာအကွာကို တူးဖော်ပြီးနောက် ကျိုဖုန်းက ပြောခဲ့သည်။ "ရောက်ခါနီးပြီ၊ အောက်ဆင်းကြည့်ရအောင်။"

ရွှီယိရှန်းက ပြောလိုက်သည်။ "ငါလည်းလိုက်ခဲ့မယ်၊ ငါမင်းတို့ကို လမ်းရှာပေးနိုင်တယ်။"

ခယ်ရှောင်ပင်းသည် ရှေ့ကိုလှမ်းပြီး ပြောသည်။"ရှောင်ထူကိုလည်း လိုက်ခိုင်းလိုက်ပါ၊ တွင်းအောက်ခြေပတ်ဝန်းကျင်ကို စစ်းဆေပြီး ပုံမှန်မဟုတ်တဲ့ပစ်မှတ်တွေကို တတ်နိုင်သမျှ အမြန်ဆုံး ရှာတွေ့နိုင်တယ်။"

ကျန်းဖျင်စစ်: "ကောင်းပြီ။ စီနီယာအစ်ကိုရွှီ၊ စီနီယာအစ်ကိုကျို၊ ရှောင်ထူနဲ့အတူ ငါအောက်ဆင်းသွားမယ်။ ငါ ရှောင်ထူကို အချိန်နဲ့တပြေးညီ စောင့်ကြည့်ခိုင်းပြီး တွင်းအောက်ခြေကအခြေအနေကို ခယ်ရှောင်ပင်းရဲ့လက်ပ်တော့ဆီ ပို့ပေးမယ်။"

ယွဲ့ရှင်းဝမ်က အကြံပြုသည်။ "သတိထားနော်။"

ကျန်းဖျင်စစ်သည် သူ့ကို ခေါင်းညိတ်ပြပြီး လူအနည်းငယ်ကို ဆင်းသက်ရန် ပါရာဘိုလစ်ဖော်မြူလာကို အသုံးပြုခဲ့သည်။ နှစ်ကြိမ်ဆက်တိုက် ခုန်ချပြီးနောက် သူတို့သုံးဦးသည် ရှောင်ထူနှင့်အတူ မီတာ 200 နက်သော ပလက်ဖောင်းပေါ်တွင် ဆင်းသက်ခဲ့ကြသည်။ ကျိုဖုန်း၏အလင်းလုံးသည် အတိုင်းအတာတစ်ခုအထိသာ တောက်ပနေနိုင်သည်။ မီတာ 200 အနက်သို့ ဆင်းသက်လာသည်နှင့်အမျှ အလင်းတန်းများသည် လူတိုင်း၏မျက်စိရှေ့တွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ယွဲ့ရှင်းဝမ်သည် သူ့ရှေ့ရှိ အမှောင်တွင်းကို ကြည့်လိုက်ရာ သူ့စိတ်ထဲတွင် ပို၍ စိတ်မသက်မသာ ဖြစ်လာသည်။

ကျိုဖုန်း၊ ကျန်းဖျင်စစ်နှင့် ရွှီယိရှန်းတို့သည် ပလက်ဖောင်းပေါ်တွင် ရပ်နေကြသည်။ နေရာတိုင်းမှာ လောင်ကျွမ်းနေသော မြေဆီလွှာများရှိသည်။ မြေတူးစက်သည် တွင်းအောက်ခြေတွင် အလုပ်လုပ်နေဆဲဖြစ်သည်။ တွင်းကြီး၏ အနက်သည် မီတာ 400 ကျော်အထိ ရောက်ရှိခဲ့ပြီး မနေ့ကထက် နှစ်ဆပိုများသည်။

ကျိုဖုန်းသည် သံလိုက်တစ်ခုကို ပစ်ချလိုက်သော်လည်း သံလိုက်သည် သူတို့ရှာဖွေနေသောသတ္တုရိုင်းကို မစွဲငင်နိုင်ခဲ့ပေ။ ကျိုဖုန်းက ကျန်းဖျင်စစ်ကိုကြည့်ပြီး ပြောလိုက်သည်။ "မီတာ 400 အနက်က မလုံလောက်ဘူးလား၊ မင်း ဆက်ပြီး တူးချင်လား။"

ကျန်းဖျင်စစ်က ခဏလောက်စဉ်းစားပြီး ပြောခဲ့သည်။ "ရှောင်ထူကို ညွှန်ကြားချက်တွေ ပေးပို့ပြီး မီတာဒါဇင်အနည်းငယ်လောက်တူးခိုင်းလိုက်မယ်။"

ရွှီယိရှန်းက ရုတ်တရက်ပြောလိုက်သည်။ "မင်းတို့ ထူးဆန်းတဲ့အသံတွေ ကြားကြသလား။"

မြေတူးစက်သံကြောင့် နားအူနေကာ ကျန်အသံများကို ဖုံးအုပ်ထားပြီး စကားပင် ရှင်းရှင်းလင်းလင်းကြားနိုင်ရန် အော်ပြောနေခဲ့ရသည်။ ကျန်းဖျင်စစ်သည် မျက်မှောင်ကြုတ်ကာ ဂရုတစိုက် နားထောင်ရန် နားစွင့်လိုက်သည်။

ကတ်ထူပုံးကိုစားနေသော တိရစ္ဆာန်လေးတစ်ကောင်ကဲ့သို့ ကျယ်လောင်သောအသံတစ်ခုသည် ပတ်ဝန်းကျင်တွင် အမှန်တကယ်ပင် ထွက်ပေါ်လာပြီး အသံသည် တဖြည်းဖြည်း ကြည်လင်လာကာ သူတို့သုံးယောက်နှင့် နီးကပ်လာပုံရသည်။

ကျန်းဖျင်စစ် စကားပြောခါနီးတွင် ဤအခိုက်အတန့်မှာ သက်ရှိကိုကိုယ်စားပြုသည့် မရေမတွက်နိုင်သော အစိမ်းရောင်အစက်ငယ်များသည် ရှောင်ထူ၏ဖန်သားပြင်ပေါ်တွင် ရုတ်တရက်ပေါ်လာသည်။ ထိုအစက်များသည် ဖန်သားပြင်ကို တခဏအတွင်း ပြည့်သွားကာ ရေတွက်ရန် များပြားလွန်းပြီး သူတို့ဆီချဉ်းကပ်တာ အလွန်မြန်ဆန်လှသည်။

ကျန်းဖျင်စစ်၏ မျက်နှာက ပြောင်းလဲသွားသည်။ "မကောင်းတော့ဘူး၊ မြန်မြန်ဆုတ်စို့!"

သူက ဖော်မြူလာကိုရေးရန် သူ့ညာလက်ကို အလျင်အမြန် မြှောက်လိုက်ပေမဲ့ ရေးဖို့ အချိန်မရသေးခင်မှာ မီတာ 400 နက်သောတွင်းသည် ရုတ်တရက် ပြိုကျလာပြီး မီတာ 200 အနက်မှာ ကျန်းရှောင်နျန် တည်ဆောက်ထားသော ပလက်ဖောင်းက ချက်ချင်း ပြိုကျသွားသည်။ အတွင်းပိုင်းပြိုကျမှုက အပေါ်ပိုင်းမြေဆီလွှာကို ထိခိုက်ခဲ့ပြီး မြေပြင်ပေါ်ရပ်နေသော တခြားကျောင်းသားများလည်း တွင်းထဲကို ချက်ချင်းကျသွားသည်။

"အားးးး!" အလေးချိန်မရှိသော ပြုတ်ကျမှုကြောင့် ကျောင်းသားများစွာ အော်ဟစ်ခဲ့ကြသည်။

လင်းမန့်လော်သည် အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူမ၏ ညာလက်သည် ရုတ်တရက် ဆန့်ထွက်ကာ နွယ်ပင်စိမကြီးငါးပင်သည် အနီးနားရှိ ကျောင်းသားအားလုံးကို ချိတ်ဆက်ကာ သက်ရှိမြွေတစ်ကောင်လို လှည့်ပတ်သွားသည်။

ကျောင်းသားများစုပေါင်း၍ အောက်ခြေမရှိသောတွင်းထဲသို့ ကျသွားတာကို တွေ့လိုက်ရသဖြင့် ယွဲ့ရှင်းဝမ်သည် ဘယ်လက်ဖြင့် အဘိဓာန်ကို အလျင်စလို ခေါ်ကာ "ရွှေပုစဉ်းရင်ကွဲခွံ!" ဟူသော စကားစုကို ပြတ်ပြတ်သားသား ပြောလိုက်သည်။

ရွှေပုစဉ်းရင်ကွဲခွံသည် အနီးနားရှိ အဖွဲ့ဝင်များကို မီတာ 500 အကွာ လုံခြုံသောနေရာသို့ တယ်လီပို့နိုင်သည်။

ပြုတ်ကျသွားသည့်အခိုက်တွင် ခယ်ရှောင်ပင်းသည် အပိုင်းပိုင်းဖြစ်တော့မည်ဟု တွေးကာ လက်ပ်တော့အား တင်းတင်းကျပ်ကျပ် ဖက်ထားသော်လည်း နောက်ပိုင်းတွင် သူ့ခန္ဓာကိုယ်သည် တွန်းအားတစ်ခုကြောင့် စွဲငင်ခံရပြီး သူ့ခြေထောက်များက ခိုင်မြဲစွာ ပြုတ်ကျသွားသည်။ သူသည် မျက်မှန်ကို အမြန်ပြင်လိုက်ပြီး အခြားလူများအားလုံးက စီနီယာအစ်မမန့်လော်၏နွယ်ပင်များဖြင့် ချိတ်ဆက်ထားပြီး မြေပြင်ပေါ်တွင် လုံခြုံစွာရပ်နေတာကို တွေ့ရှိခဲ့သည်။

သို့သော်လည်း ကျန်းဖျင်စစ်၊ ကျိုဖုန်းနှင့် ရွှီယိရှန်းတို့ကို မည်သည့်နေရာမှ မတွေ့ရတော့ပေ။

ခယ်ရှောင်ပင်းက အလျင်စလို မေးလိုက်သည်။ "စီနီယာအစ်ကိုကျိုနဲ့ အခြားသူတွေပေါ်မလာဘူးလား။"

လင်းမန့်လော်၏မျက်လုံးများက အနည်းငယ်နီသွားသည်။ "သူတို့က အရမ်းဝေးနေတော့ ငါ့နွယ်ပင်တွေက သူတို့ဆီ မရောက်နိုင်ဘူး!"

ယွဲ့ရှင်းဝမ်က ရှုံ့တွနေသောမျက်နှာနဲ့ ပြောလေသည်။ "ငါ့ရဲ့စွမ်းရည်ကလည်း သူတို့အပေါ် သက်ရောက်မှုမရှိဘူး။"

အားလုံးက အဝေးရှိ တွင်းနက်ကြီးကို လှမ်းကြည့်ကြသည်။

ကျန်းရှောင်နျန်တူးခဲ့သော မီတာ 400 အနက်က တွင်းထဲမှာ မြေဆီလွှာများ မြန်မြန်ဆန်ဆန် ပြန်ပြည့်သွားတာကို တွေ့လိုက်ရသည်။ ပြိုကျမှုအရှိန်က အလွန်မြန်ဆန်၏။ စက္ကန့်အနည်းငယ်အတွင်း လူသုံးဦးလုံးလုံး မြုပ်သွားခဲ့ပြီး နောက်ဆုံးအလင်းတန်းကိုပင် မမြင်နိုင်ပေ။

လင်းမန့်လော်က အော်လိုက်သည်။ "ကျိုဖုန်း!"

ယွဲ့ရှင်းဝမ်၏ ဘယ်ဘက်လက်သည် အထိန်းအကွပ်မရှိ တုန်နေသည်။ ကျန်းဖျင်စစ်၏စွမ်းရည်နှင့် တိကျသောအကွာအဝေးကို ကြိုတင်သိရှိခြင်းဖြင့် သူ၏အဖွဲ့ဝင်များကို ခေါ်ဆောင်ရန် ကိုသြဒီနိတ်စနစ်ကို အသုံးပြုရလွယ်ကူမည်ကို သူသိသည်။

ဒါပေမဲ့ သူတို့သုံးယောက်က ဘာလို့ထွက်မလာတာလဲ။

ကျန်းဖျင်စစ်သည် သူ၏စွမ်းရည်ကို အသုံးမပြုနိုင်စေရန် တစ်စုံတစ်ခု ဖြစ်ခဲ့ပေမည်။

ယွဲ့ရှင်းဝမ်သညိ သူ့ဘယ်ဘက်လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူ့ကိုယ်သူ စိတ်တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူလိုက်သည်။ သူက ခယ်ရှောင်ပင်းကိုပြန်ကြည့်ကာ တတ်နိုင်သမျှ တည်ငြိမ်စွာမေးလိုက်သည်။ "တွင်းရဲ့အောက်ခြေမှာ ဘာဖြစ်နေတာလဲ။ ရှောင်ထူဆီကနေ ပေးပို့တဲ့ဗီဒီယိုရှိလား။"

ခယ်ရှောင်ပင်းသည် လက်ပ်တော့ကိုဖွင့်ကာ ဖြူဖျော့သောမျက်နှာဖြင့် ဖန်သားပြင်ကို ညွှန်ပြလိုက်သည်။ "အောက်မှာ တီ...တီကောင်တွေလို အရာတွေအများကြီးရှိတယ်!"

ယွဲ့ရှင်းဝမ် ငုံ့ကြည့်လိုက်ပြီး သူ့နှလုံးရပ်တန့်လုနီးပါးဖြစ်သွားသည်…

ထူထပ်စွာ ထွေးလုံးနေသော ခရုများသည် မြေအောက်၌ လူးလွန့်သွားနေတာကို သူမြင်လိုက်ရပြီး တခဏအတွင်း ကျန်းဖျင်စစ်၊ ကျိုဖုန်းနှင့် ရွှီယိရှန်းတို့ကို ဝိုင်းရံလာကြသည်။

ထိုသားရဲများ၏ အရွယ်အစားသည် တီကောင်များထက် ငါးဆခန့် ပိုကြီးပြီး တစ်ခုစီတွင် ချွန်ထက်သော အစွယ်များရှိသည်။ သူတို့သည် နေရာတကာပျံ့နှံ့လျက်ရှိကာ သူတို့၏ထိတွေ့မှုကြောင့် အနီးနားက မြေဆီလွှာသည် ပျော့ပျောင်းသွားပြီး ချက်ချင်း ပျက်စီးသွားကာ ကျန်းဖျင်စစ် အပေါ်ကိုမတက်လာနိုင်တာက သူ့လက်မောင်းသည် သွေးများ ရွှဲနစ်နေတာကြောင့်ဖြစ်၏…

ယွဲ့ရှင်းဝမ်၏မျက်လုံးများ တုန်ခါသွားကာ အောက်ဆီဂျင်ဘူးတစ်ဝိုက်တွင် အကောင်တချို့ရောက်နေပြီး အသည်းအသန်ကိုနေတာကို သူရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ အောက်ဆီဂျင်ဘူးကို ကိုက်လိုက်သည်နှင့် မြေကြီးထဲတွင် နစ်မြုပ်နေသော လူသုံးဦးသည် လျှင်မြန်စွာ အသက်ရှုကြပ်ပြီး သေသွားပေလိမ့်မည်။

ဘာလုပ်မလဲ။

အနီးနားရှိ အတန်းဖော်များ၏ မျက်နှာများသည် ရုပ်ဆိုးပြီး လျှိုကျောက်ချင်းက မထိန်းနိုင်ဘဲ ဆဲဆိုလိုက်သည်။ "Fuck၊ ဒါကဘာကြီးလဲ။ သူတို့က မြေအောက်မှာ တစ်ချိန်လုံးပုန်းနေခဲ့တာလား။ ရွံစရာကြီး!"

ဒီအချိန်မှာ ကျန်းရှောင်နျန်က ရုတ်တရက် ပြောလိုက်သည်။ "ကျွန်တော့်မြေတူးစက် အလုပ်မလုပ်တော့ဘူး၊ ကျွန်တော့်စွမ်းရည်က စောင့်ဆိုင်းချိန်ရောက်သွားပြီ!"

မူလက ယွဲ့ရှင်းဝမ်သည် ကျန်းရှောင်နျန်ကို တွင်းကိုထပ်မံတူးစေပြီး သူတို့သုံးဦးကို ကယ်တင်ဖို့ မျှော်လင့်ခဲ့သည်။ သို့သော် ယခုအခါ မြေတူးစက်ကို ထိန်းချုပ်လို့မရတော့သဖြင့် ဤနည်းလမ်းသည် အလုပ်မဖြစ်တော့ပါ။

ရှောင်ထူ၏ဖန်သားပြင်မှ မြင်ရသောပုံသည် ဦးရေပြားကို ထုံကျင်စေ၏။ ရှင်းယန်သည် ယွဲ့ရှင်းဝမ်ကိုကြည့်ပြီး ပြောလိုက်သည်။ "ဒီခရုတွေကို အက်စစ်ပြင်းပြင်းနဲ့ မိုးသည်းခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်မလားမသိဘူး။"

ယွဲ့ရှင်းဝမ်က ခေါင်းယမ်းလိုက်သည်။ "မရဘူး၊ အက်စစ်ပြင်းပြင်းနဲ့ ရောထားတဲ့မိုးရေတွေက မြေကြီးကိုဝင်ပြီး ဒီပိုးကောင်တွေကို တိုက်စားနိုင်ရင်တောင် သူတို့သုံးယောက်ကို မတော်တဆ ထိခိုက်‌ဒဏ်ရာရစေနိုင်တယ်။"

ချင်မြောင်က မေးလိုက်သည်။ "ရှောင်လု၊ နင့်ရဲ့ကျောက်ထုလွှာလှုပ်ရှားမှုကို အသုံးပြုပြီး သူတို့ကို အပေါ်ဘက်ကို တယ်လီပို့နိုင်လား။"

ချင်လုက ခေါင်းခါလိုက်သည်။ "အတွင်းက မြေဆီလွှာပျက်စီးသွားပြီ၊ မျက်နှာပြင်က မတည်မငြိမ်‌ဖြစ်နေပြီး သူတို့ကို တိုက်ရိုက်တယ်လီပို့လို့မဖြစ်နိုင်ဘူး။ ဒါ့အပြင် သူတို့ရဲ့တည်နေရာအတိအကျကို ငါမသိဘူး!"

လင်းမန့်လော်သည် အလွန်စိုးရိမ်နေသဖြင့် သူမ၏ မျက်လုံးများ နီရဲသွားသည်။ "တွင်းနက်ကြီးက ပြည့်သွားပြီ၊ ဒီအတိုင်းဆက်သွားရင် သူတို့ အသက်ရှူကျပ်သွားလိမ့်မယ်!"

ယွဲ့ရှင်းဝမ်၏ စိတ်သည် လျင်မြန်စွာ လည်ပတ်နေ၏။ သူသည် ရုတ်တရက် အကြံတစ်ခု တွေးမိပြီး “ခေတ်သစ်စာရေးဆရာများ၏ဂန္တဝင်လက်ရာများ”ကို ချက်ချင်းဖွင့်လိုက်ပြီး ပြောသည်။ "ငါလမ်းဖွင့်ပြီး သူတို့ကိုရှာဖို့ ဆင်းကြမယ်!"

—တကယ်တော့ မြေပြင်မှာလမ်းမရှိဘူး၊ ဒါပေမယ့် လမ်းလျှောက်တဲ့သူတွေများလာတဲ့အခါ လမ်းဖြစ်လာတယ်။

ဒီစွမ်းရည်က ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုမရှိဘဲ ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်တို့သုံးယောက်ကို ပြန်ခေါ်ရန် တွင်းနက်ကြီးထဲတွင် ဒေါင်လိုက်အောက်လမ်းကို အတင်းဖွင့်နိုင်သည်။

***

တစ်ချိန်တည်းမှာပဲ မြေအောက်၌

ကျိုဖုန်း၏အလင်းလုံသည် ပတ်ဝန်းကျင်ကို လင်းထိန်သွားကာ သူတို့သုံးဦးသည် သူတို့ပတ်ဝန်းကျင်ရှိ ပိုးကောင်များကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ဤအရာများသည် အလင်းရောင်ကို မကြောက်သော်လည်း အလင်းရင်းမြစ်ဆီသို့ အဆက်မပြတ် စုဝေးနေပြီး သူတို့၏ အောက်ဆီဂျင်ဘူးများကို ကိုက်ရန်အတွက် ၎င်းတို့၏ ချွန်ထက်သော အစွယ်များကို ဆန့်ထုတ်ထားသည်။ ကျန်းဖျင်စစ်သည် မရေမတွက်နိုင်သော တြိဂံပေတံများကို ညာဘက်လက်ဖြင့် လျင်မြန်စွာ ပစ်လွှတ်လိုက်ပြီး ပုလင်းပေါ်ရှိ ပိုးကောင်များကို နှစ်ပိုင်းဖြတ်တောက်ပစ်လိုက်သည်။

သို့သော် သူတို့သုံးဦးကို အံ့အားသင့်စေတာက ဖြတ်လိုက်သော ပိုးကောင်များ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းနှစ်ခုသည် အလွန်မြန်ဆန်သော အရှိန်ဖြင့် ဦးခေါင်းအသစ်ပေါက်လာပြီး ဆက်လက်ရွေ့လျားနေနိုင်သည်။

ရွှီယိရှန်းသည် ပျို့အန်ချင်စိတ်ကို ပြင်းပြင်းထန်ထန် တောင့်ခံရင်း ပြောလိုက်သည်။ "ဒါက တီကောင်တွေလို အဆစ်တွေပါရှိတဲ့ပိုးကောင်ပဲ၊ သူတို့ကိုဖြတ်လိုက်ရင် သူတို့က နှစ်ကောင်ကွဲသွားပြီး ကိုင်တွယ်ရခက်တယ်!"

တစ်ကောင်ကနေ နှစ်ကောင်၊ နှစ်ကောင်ကနေ လေးကောင်ခွဲပြီး ထိုအရာများက ပို၍ပို၍တိုးလာရုံသာရှိသည်။

ကျန်းဖျင်စစ်သည် တည်ငြိမ်သောမျက်နှာဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ကျိုဖုန်းနှင့် ရွှီယိရှန်းတို့နှင့်အတူ နောက်ပြန်ဆုတ်ပြီး ခံစစ်တြိဂံပုံစံဖြင့် ရပ်လိုက်သည်။ သူက အနီးနားရှိ ပိုးကောင်များကို အေးအေးဆေးဆေး စောင့်ကြည့်ပြီး ပြောလိုက်သည်။ "စီနီယာအစ်ကိုကျို လျှပ်စစ်နဲ့စမ်းကြည့်ပါလား!"

ကျိုဖုန်းက လေးနက်သောအသံဖြင့် ပြောခဲ့သည်။ "လျှပ်စစ်စီးကြောင်းက နေရာတိုင်းကို စီးဆင်းပြီး မင်းတို့ကိုပါ မတော်တဆထိခိုက်မိဖို့ လွယ်တယ်။ ငါ့ကို လျှပ်ကူးနိုင်တဲ့ကြားခဲကိရိယာတစ်ခု ပေးနိုင်အောင် နည်းလမ်းရှာပေးကြပါ!"

ရွှီယိရှန်းသည် ချက်ချင်းပင် သူ၏ညာလက်ကို ဆန့်ထုတ်လိုက်ပြီး DNA double helix များစွာကို အဆက်မပြတ် ဆင့်ခေါ်ကာ သူတို့သုံးဦး၏ ပတ်ပတ်လည်တွင် အလုံပိတ်အကာအကွယ် စက်ဝိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ကျိုဖုန်းသည် helix ဆီသို့ ရွှေရောင်လျှပ်စီးကြောင်းကို မိတ်ဆက်ခဲ့ပြီး ဗို့အားမြင့် ဓာတ်အားလိုင်းတစ်ခုကို ချက်ချင်းဖန်တီးခဲ့သည်။

ဓာတ်အားလိုင်းသည် သူတို့ကို မထိခိုက်စေနိုင်ပေမဲ့ သူတို့နဲ့ နီးကပ်နေသော အကောင်များကို တားဆီးနိုင်ပါသည်။

သုံးယောက်သား အကာအကွယ်စက်ဝိုင်းထဲတွင်နေကြသဖြင့် ပတ်ဝန်းကျင်ရှိ လျှပ်စစ်စီးကြောင်းများက တဆတ်ဆတ်တုန်နေကာ ဗို့အားမြင့်လျှပ်စစ်အနီးရှိ ပိုးကောင်များအားလုံးသည် အနက်ရောင်မီးသွေးအဖြစ် လောင်ကျွမ်းသွား၏။ ဤပိုးကောင်များသည် အလင်းရောင်ကို မကြောက်သော်လည်း ၎င်းတို့က လျှပ်စီးကြောင်းကို ကြောက်ကြသည်။ 

ကျိုဖုန်းက သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။ "အပြင်က ပိုးကောင်းတွေတော့ ယာယီရပ်သွားပြီ။ ဒီဓာတ်အားလိုင်းက အချိန်အတိုင်းအတာတစ်ခုအထိပဲ ကြာရှည်ခံနိုင်တယ်။ ဒါတွေကို ငါတို့တတ်နိုင်သမျှ အမြန်ဆုံးဖယ်ရှားပစ်ရမယ်။ အောက်ဆီဂျင်ဘူးတွေကို ကိုက်ခွင့်မပေးနဲ့။"

ရွှီယိရှန်းက ခါးသက်သက်ပြုံးလိုက်သည်။ "ရှင်းယန်သာ ဒီမှာရှိနေခဲ့ရင် ဒီရွံစရာအကောင်းတွေအားလုံး အရည်ပျော်သွားနိုင်တယ်!"

"ကျွန်တော့်မှာ နည်းလမ်းရှိတယ်။" ကျန်းဖျင်စစ်က ရုတ်တရက် ပြောလိုက်သည်။

သူ့ညာလက်ကို ပိုးကောင်က ကိုက်ထားပြီး သွေးများစီးကျနေပေမဲ့ သူ့မျက်နှာသည် ပုံမှန်အတိုင်း ငြိမ်သက်နေပြီး သူ့အနီးနားက ပိုးကောင်များကို အေးစက်စွာကြည့်ကာ ပြောလိုက်သည်။ "စီနီယာအစ်ကို ပိုးကောင်တွေကသွေးကြိုက်လို့ ကျွန်တော့်ဘက်ကို ခေါ်လိုက်ပါ။"

ကျိုဖုန်း၏မျက်နှာက ပြောင်းသွားသည်။ "မင်းသေချာလား။"

ကျန်းဖျင်စစ်က ခေါင်းညိတ်လိုက်သည်။ "မြန်မြန်လုပ်!"

ကျိုဖုန်းနှင့် ရွှီယိရှန်းတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြောသလိုလုပ်ရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။ ပိုးကောင်များသည် သွေးနံ့ရပြီး ကျန်းဖျင်စစ်၏ ခန္ဓာကိုယ်ဆီသို့ တွားသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့၏အောက်ဆီဂျင်သုံးဘူး၊ အဝတ်အစားများနှင့် ဆံပင်များအပေါ်တက်နေသော ပိုးကောင်တစ်ဒါဇင်ကျော်သည် ကျန်းဖျင်စစ်၏လက်မောင်းပေါ်သို့ တွားသွားခဲ့သည်။

ဒီမြင်ကွင်းက ရွှီယိရှန်းနှင့် ကျိုဖုန်းတို့၏ ဦးရေပြားကို ထုံကျင်စေပြီး စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုများကို တောင့်ခံနေကာ ကျန်းဖျင်စစ်ကို စိုးရိမ်တကြီး ကြည့်နေပေမဲ့ နောက်တစ်စက္ကန့်မှာတော့ အံ့ဖွယ်တစ်ခုခု ဖြစ်သွားခဲ့သည်။

ကျန်းဖျင်စစ်သည် သူ၏ညာလက်ဖြင့် နံပါတ်တစ်ခုကို ရေးခဲ့သည်။ ထို့နောက် သူ့ကိုယ်ပေါ်ရှိ ပိုးကောင်များအားလုံးသည် ညွှန်ကြားထားသလို လျင်မြန်စွာ တန်းစီကာ ကျိုဖုန်း၏ ဓာတ်အားလိုင်းထဲသို့ ပြုတ်ကျသွားသည်။

၎င်းက ကိန်းဂဏန်းများအစဥ်တစ်ခုဖြစ်သည်။

ကျန်းဖျင်စစ်၏စွမ်းရည်ကို သင်္ချာဌာနတွင် တစ်ချိန်က ရရှိခဲ့သည်။ သတ်မှတ်ထားသော အုပ်စုပစ်မှတ်များကို အတွဲလိုက်စည်းမျဉ်းများနှင့်အညီ လျင်မြန်စွာ စီစစ်နိုင်သည်။ ကျိုဖုန်းနှင့် ရွှီယိရှန်းတို့အပေါ်မှ ပိုးကောင်များကို သူ့ဘက်သို့ခေါ်ဆောင်ကာ ပိုးကောင်အရေအတွက်ကို တိကျစွာ တွက်ချက်ပြီး သူတို့ကို ခြယ်လှယ်ရန် နံပါတ်စဉ်အလိုက်ကို အသုံးပြုပြီး သူတို့အားလုံးကို တစ်ခါတည်းဖြေရှင်းရန် ဓာတ်အားလိုင်းကို အသုံးပြုခဲ့သည်။

ကျိုဖုန်းသည် ရှုပ်ထွေးသော ခံစားချက်တစ်ခုတွင် ရှိနေခဲ့ပြီး ထိုကဲ့သို့သော အခြေအနေမျိုးတွင် ကျန်းဖျင်စစ်သည် နံပါတ်စဉ်တစ်ခု၏ ဖော်မြူလာကို တည်ငြိမ်စွာ တွက်ချက်နိုင်ပြီး သူတို့သုံးဦးအပေါ်ရှိ ပိုးကောင်များကို ရှင်းပစ်နိုင်သည်မှာ စိတ်ကူးရခက်ပါသည်။

ရွှီယိရှန်းက မထိန်းနိုင်ဘဲ ပြောလိုက်သည်။ "ပြီးသွားပြီလား။ အရမ်းမိုက်တာပဲ!"

ကျိုဖုန်း: "ဒီနေရာက မြေဆီလွှာကပျော့နေပြီး ငါတို့သုံးယောက်က ပိုနက်နက်ကို နစ်မြုပ်နေတယ်! ငါတို့ခေါင်းပေါ်ကနေ လမ်းကြောင်းကို အမြန်ဆုံးဖွင့်ရမယ်၊ မဟုတ်ရင် ငါတို့အပေါ်ကိုတက်နိုင်မှာမဟုတ်ဘူး။"

ကျန်းဖျင်စစ်သည် သူ့ညာလက်ကို ရုတ်လိုက်ပြီး ပြတ်သားစွာ ပြောခဲ့သည်။ "ရှင်းဝမ်က အပေါ်မှာရှိနေသေးတာကြောင့် သေချာပေါက် နည်းလမ်းရှာလိမ့်မယ်။"

အသံကျသွားသည်နှင့် တစ်ပြိုင်နက် ညကောင်းကင်ကို လျှပ်စီးကြောင်းက ဖြိုခွင်းလိုက်သကဲ့သို့ ကျယ်ပြန့်ပြီး ဖြောင့်တန်းသောလမ်းသည် အပေါ်မှ မီတာ 400 ကျော်နက်သော မြေအောက်သို့ ချက်ချင်း တိုးဝင်သွားတာကို မြင်လိုက်ရသည်။

ယွဲ့ရှင်းဝမ်သည် လမ်း၏အဆုံးတွင်ရပ်နေပြီး အလင်းလုံးကို သူ့လက်ထဲတွင်ကိုင်ကာ ကျယ်လောင်စွာ အော်လိုက်သည်။ "ကျန်းဖျင်စစ် မြန်မြန်တက်လာခဲ့တော့!"

သူ့အသံက အနည်းငယ် တုန်လှုပ်သွားပြီး စိုးရိမ်စိတ်ကို ဖုံးကွယ်မထားနိုင်ပေ။

မီတာ 400 ကျော်အကွာအဝေး၊ မှောင်မိုက်သောမြေအောက်နှင့် အဆုံးမရှိ ပိုးကောင်များက ပိုင်းခြားထားသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် အဝေးမှ ကြည့်နေကြကာ ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ရှင်းဝမ်က အလွန်အမင်းစိုးရိမ်နေတာကို ကျန်းဖျင်စစ်သိခဲ့သည်။

သူ့နာမည်အပြည့်အစုံကို တုန်တုန်ယင်ယင်အသံဖြင့်ခေါ်တာ ပထမဆုံးအကြိမ် ကျန်းဖျင်စစ်ကြားလိုက်ခြင်းလည်းဖြစ်သည်။