Chapter 270
Viewers 23k

Volume 12 : ရူပဗေဒဌာန


Chapter 270 (ကြယ်ရောင်ကောင်းကင်ချောက်နက် ၂၂)

ယွဲ့ရှင်းဝမ်သည် မြေအောက်လမ်းကို တည့်တည့်ဖွင့်လိုက်ပြီး ကျန်းဖျင်စစ်သည် လုံးဝမတုံ့ဆိုင်းဘဲ သွေးထွက်နေသော သူ့ညာလက်ကို ချက်ချင်းဆန့်ထုတ်ကာ ဖော်မြူလာတစ်ခုရေးပြီး ကျိုဖုန်းနှင့် ရွှီယိရှန်းတို့ကို လေထဲသို့ ခေါ်ဆောင်သွားသည်။

မီတာ 400 ကျော် အကွာအဝေးက အထပ်ရာနဲ့ချီမြင့်သည့်အတွက် ခုန်တက်ဖို့ အချိန်အတိုင်းအတာတစ်ခုတော့ လိုပါသည်။

သူတို့ပျံတက်နေတာကိုမြင်တော့ ပတ်ဝန်းကျင်က ပိုးကောင်များက နေရာပေါင်းစုံကနေ အလျင်စလို ပြေးလာကြသည်။ ကျိုဖုန်း၏မျက်နှာရှုံ့သွားပြီး သူ့လက်ထဲတွင် ရွှေရောင်လျှပ်စီးကြောင်းသည် လျှပ်စီးလက်သလို လွင့်ထွက်သွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် အနီးနားရှိ ပိုးကောင်များသည် အမဲရောင်အဖြစ်သို့ ဓာတ်လိုက်သွားခဲ့သည်။

ရွှီယိရှန်း၏ DNA helix သည် အကာအကွယ်ဓာတ်အားလိုင်းအဖြစ် သူတို့သုံးယောက်ကို အမြဲဝန်းရံထားသည်။

အဝေးမှ ယွဲ့ရှင်းဝမ်သည် တွင်းနက်အောက်ခြေမှ အလင်းတန်းတစ်ခု လျင်မြန်စွာ တက်လာတာကို တွေ့လိုက်ရသည်။ နောက်အခိုက်အတန့်မှာတော့ သူတို့သုံးယောက်သည် ယွဲ့ရှင်းဝမ်ရှေ့ကို မားမားမတ်မတ် ဆိုက်ရောက်လာခဲ့သည်။ ကျန်းဖျင်စစ်ကိုတွေ့ဖို့ သူအမြန်သွားလိုက်ပြီး သူ့အသံက နည်းနည်းတုန်နေသည်။ "မင်းအဆင်ပြေရဲ့လား။"

ကျန်းဖျင်စစ်၏ မျက်နှာသည် အနက်ရောင် ပူလောင်သော မြေကြီးဖြင့် ဖုံးလွှမ်းနေပြီး သူ့ခန္ဓာကိုယ်တွင် အမာရွတ်များဖြင့် ဖုံးလွှမ်းထားသည်။ မူလချောမောသော သူ၏စစ်ဝတ်စုံသည် အရောင်ကို မမြင်နိုင်တော့ဘဲ နေရာတိုင်းတွင် သွေးစွန်းထင်းနေသည်... ဒီလိုမျိုးစုတ်ချာနေသော ကျန်းဖျင်စစ်ကို သူ တစ်ခါမှ မမြင်ဖူးဘူး။

ယွဲ့ရှင်းဝမ်၏နှာခေါင်းက ရှုံ့ချည်ပွချည်ဖြစ်နေပြီး သူဘာပြောရမှန်းမသိဖြစ်နေသည်။ ကျန်းဖျင်စစ်က သူ့လက်ကို ညင်သာစွာ ယမ်းလိုက်ပြီး ခပ်တိုးတိုးပြောသည်။ "အဆင်ပြေပါတယ်၊ ဒါက အပေါ်ယံဒဏ်ရာပါ။ ဒီကနေထွက်သွားရအောင်!"

သူပြောပြီးတာနဲ့ သူ့ခြေဖဝါးအောက်ရှိ မြေဆီလွှာသည် မြေပြင်ထဲက တစ်ခုခုထွက်တော့မည့်ပုံနဲ့ ရုတ်တရက် တုန်ခါလာသည်…

သေချာသည်ကတော့ ပိုးကောင်များ လိုက်မီလာပြီး မြေပြင်မှ ခုန်ထွက်တော့မည်။

ကျန်းဖျင်စစ်သည် သူတို့သုံးဦးကိုခေါ်ပြီး သူ၏အဖွဲ့ဝင်များရှိရာသို့ အမြန်ပြေးသွားခဲ့သည်။

ခယ်ရှောင်ပင်းသည် ရှောင်ထူမှ ထုတ်လွတ်သောဗီဒီယိုကို သူ၏လက်ပ်တော့မှ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ လှိုင်းလုံးများကဲ့သို့ မြေအောက်ပိုးကောင်များ တဟုန်ထိုး ပျံ့လွင့်နေကာ ကျန်းဖျင်စစ်နှင့် အခြားသူများနောက်သို့ လိုက်နေပါသည်။ ပိုးကောင်များဖြတ်သွားတိုင်း မြေဆီလွှာသည် လျင်မြန်စွာ ပြိုကျလာပြီး ဤအရှိန်သည် ဗိသုကာဌာနမှ "မြို့ပြိုကျခြင်း" ကိုပင် ကျော်လွန်သွားခဲ့သည်။

လျှိုကျောက်ချင်းသည် ဖန်သားပြင်ပေါ်ရှိ မြင်ကွင်းကို တစ်ချက်ကြည့်လိုက်ပြီး ဆဲလေသည်။ "လခွမ်းတဲ့မှပဲ! သူတို့ကြောင့် မြေအောက်ဖွဲ့စည်းပုံက လုံးဝပျက်စီးသွားပြီ၊ ငါတို့ ဒီနေရာကနေ အမြန်ဆုတ်ခွာရမယ်၊ မဟုတ်ရင် ငါတို့တွင်းထဲကို ပြုတ်ကျပြီး အဲဒီပိုးကောင်တွေကြောင့် သေတဲ့အထိအကိုက်ခံရလိမ့်မယ်။"

ချင်လုသည် ကမ္ဘာလုံးကို ထုတ်ယူပြီး ကျယ်လောင်စွာ အော်လိုက်သည်။ "ငါနေရာပြောင်းတော့မယ်၊ ငါ့ဘေးကိုအမြန်လာကြ!"

ကျန်းဖျင်စစ်နှင့် အခြားသုံးဦးသည် ရွေ့လျားဖို့အတွက် သင်္ချာဖော်မြူလာများကို အသုံးပြုခဲ့ပြီး အရှိန်က မြန်လွန်းပါသည်။ သို့သော်လည်း ပိုးကောင်များ၏ မြေပြင်ထဲ၌ လှုပ်ရှားမှုအရှိန်သည် ပို၍ပင်မြန်လာကာ မျက်စိတစ်မှိတ်အတွင်း အနီးအနားသို့ ရောက်လာသည်။

ကျန်းဖျင်စစ်နှင့် သူတို့သုံးဦးသည် သူမရှေ့ကို ရောက်လာသည့်အခိုက်အတန့်မှာ ချင်လု၏လက်ချောင်းများက ချက်ချင်း ကမ္ဘာလုံးကိုထိပြီး “ကျောက်ထုလွှာလှုပ်ရှားမှု”စွမ်းရည်ကို အသက်သွင်းလိုက်ပြီး အနီးနားမှာရှိသော အဖွဲ့ဝင်များကို မီတာ 500 ဝေးသောအနေအထားဆီသို့ တယ်လီပို့လိုက်သည်။

ချက်ချင်း မီတာ 500 အကွာသို့ တယ်လီပို့ခြင်းသည် ပိုးကောင်များကို နောက်ကျန်ခဲ့စေသည်။

သို့သော်လည်း ပိုးကောင်များသည် မြေအောက်၌ လည်ပတ်နေပြီး ဂြိုဟ်တစ်ခုလုံး၏ မြေအောက်မျက်နှာပြင်သည် ၎င်းတို့၏ နယ်မြေဖြစ်နိုင်သည်။ ဤဂြိုဟ်မှ မလွတ်မြောက်နိုင်သရွေ့ အဆုံးမရှိသော ပိုးကောင်များဆီမှ ပုန်းအောင်းနိုင်သည့်နေရာမရှိပေ။

ယွဲ့ရှင်းဝမ်က သူ့စိတ်ကို တည်ငြိမ်အောင် အတင်းထိန်းပြီး လေးနက်သောအသံဖြင့် ပြောသည်။ "ငါတို့ အမြန်ဆုံးနည်းလမ်းရှာရမယ်။ ချင်လုရဲ့ကျောက်ထုလွှာလှုပ်ရှားမှု ကုန်သွားတဲ့အခါ ပိုးကောင်တွေရဲ့အရှိန်ကနေ ငါတို့မပြေးနိုင်တော့ဘူး။"

ကျန်းရှောင်နျန်ကလည်း ဖြူဖျော့သောမျက်နှာဖြင့် ပြောသည်။ "ဒီနေရာက မြေဆီလွှာအုတ်မြစ်က မတည်မငြိမ်ဖြစ်ပြီး အဆောက်အဦးက မကြာခင် ပြိုကျလိမ့်မယ်။ မြေအောက်အခြေစိုက်စခန်းဆောက်ရင် ပိုးကောင်တွေဝိုင်းရံခံရလိမ့်မယ်…"

အရင်က သူတို့တွေပြဿနာတစ်ခုခုကြုံရင် ကျန်းရှောင်နျန်ကို မြေအောက်အခြေစိုက်စခန်း အရင်တူးခိုင်းပြီး သူတို့တွေပုန်းအောင်းနိုင်သည်။ သို့သော် ယခုအခါ ဒီနည်းလမ်းက မဖြစ်နိုင်တော့ဘူး။ မြေဆီလွှာပြိုကျပြီးသည်နှင့် သူတို့၏အခြေစိုက်စခန်းက လေထဲတွင် ရပ်တန့်၍မရချေ။

ရွှီယိရှန်းက ပြောလိုက်သည်။ "ဒီအရာတွေက အဆစ်ပါတဲ့တိရစ္ဆာန်တွေနဲ့ အရမ်းတူတယ်။ အလယ်ကနေ ဖြတ်လိုက်ရင်တောင် ဒုတိယဦးခေါင်းက ချက်ချင်းပေါက်နိုင်ပြီး ဆက်ပွားသွားပြီး ပိုပိုပြီးများလာနိုင်တယ်။ သူတို့ကိုရှင်းပစ်ချင်ရင် လက်ရှိမှာ ကျိုဖုန်းရဲ့လျှပ်စီးကြောင်းက အကျိုးသက်ရောက်ရှိသေးတယ်။ ရှင်းယန်ရဲ့အားပြင်းတဲ့အက်စစ်ကလည်း သီအိုရီအရ သူတို့ကိုအရည်ပျော်စေနိုင်လောက်တယ်။"

ရှင်းယန်က အကြံပြုသည်။ "အားပြင်းတဲ့အက်စစ်နဲ့ မိုးသည်းခြင်းနည်းလမ်းဟောင်းကို အသုံးပြုမှာလား။"

ယွဲ့ရှင်းဝမ် ပြောမည့်အချိန်တွင် ရုတ်တရက် ကျန်းဖျင်စစ်က တည်ငြိမ်စွာ ပြောလိုက်သည်။ "ငါတို့ရဲ့ တာဝန်စုဆောင်းမှုနှုန်းက 99% ပဲရှိနေသေးတာ မမေ့နဲ့ဦး၊ ပြီးတော့ နောက်ဆုံးသတ္တုရိုင်းအပိုင်းအစကို ရှာမတွေ့သေးဘူး။"

ဤစကားသည် သူတို့ခေါင်းပေါင်း ရေအေးလောင်းချလိုက်သလို လူတိုင်းကို ချက်ချင်း နိုးထစေခဲ့သည်။

သူတို့သည် ပိုးကောင်အားလုံးကို ရှင်းပစ်နိုင်ရင်တောင် တာဝန်က 99% သာရှိသေးသောကြောင့် ဘာဖြစ်မည်နည်း။ သူတို့သည် စာမေးပွဲကို မအောင်နိုင်သေးဘူး။

လျှိုကျောက်ချင်းက အံကြိတ်လိုက်သည်။ "ရတနာတွေချထားပြီး Boss နဲ့တိုက်ခိုက်ရတာတွေအများကြီး ငါတွေ့ဖူးတယ်။ ငါတို့အတွက် ပိုးကောင်တွေ အများကြီးစီစဉ်ပေးတာက ဘာအဓိပ္ပါယ်လဲ။ နောက်ဆုံးသတ္တုရိုင်းကိုရဖို့ ငါတို့တွေ ပိုးကောင်အားလုံးကို သတ်ရမှာတော့ မဟုတ်ဘူးမလား။"

ခယ်ရှောင်ပင်းက သံသယဖြင့် မေးသည်။ "စီနီယာတို့ အခုလေးတင် မီတာ 400 နက်တဲ့အထိတူးလိုက်တာ သတ္တုရိုင်းကို မတွေ့ခဲ့ဘူးလား။"

ကျိုဖုန်းက မျက်မှောင်ကြုတ်ပြီး ပြောသည်။ "ငါ အဲဒါကို သံလိုက်နဲ့ အာရုံခံလိုက်ပေမဲ့ ဘာမှ မရှိဘူး၊ နေရာများမှားနေလို့လား။"

ရွှီယိရှန်း: "တည်နေရာက မှန်မယ်ထင်တယ်။ သတ္တုရိုင်းကို ပထမနေရာလေးခုမှာ အောင်မြင်စွာ ရှာတွေ့ခဲ့ပြီး နောက်ဆုံးနေရာမှာ ပိုးကောင်တွေအများကြီး ငါတို့တွေ့တဲ့အခါ အခက်အခဲက ရုတ်တရက် တိုးလာတာကြောင့် ငါတို့နေရာမှန်ကို ရှာတွေ့တယ်လို့ ဆိုလိုတာမဟုတ်ဘူးလား။"

ကျန်းဖျင်စစ်က ပြောလိုက်သည်။ "ကျွန်တော်လည်း အဲဒီလိုပဲထင်တယ်။ ကျွန်တော်တို့က အဓိကနေရာကို နီးကပ်နေပုံရပြီး အခုပဲ ကျွန်တော်တို့ဝင်သွားတဲ့ တွင်းနက်ကြီးထဲမှာ သတ္တုရိုင်းရှိနေနိုင်တယ်။ စီနီယာအစ်ကိုကျိုရဲ့သံလိုက်က သတ္တုရိုင်းကို အာရုံမခံနိုင်ပေမဲ့ မရှိဘူးလို့ မဆိုလိုဘူး။"

ကျိုဖုန်းက မှင်တက်သွားပြီး လျင်မြန်စွာ သူ့အာရုံများပြန်ရောက်လာသည်။ "မင်းဆိုလိုတာက အဲဒီပိုးကောင်တွေ မြေအောက်ထဲမှု လှည့်ပတ်သွားလာပြီး သတ္တုရိုင်းကို ဝှက်ထားတာကြောင့် ငါ့သံလိုက်က မစွဲငင်နိုင်တာပေါ့။"

ကျန်းဖျင်စစ်က ခေါင်းညိတ်သည်။ "အဲဒီလိုဖြစ်ပုံရတယ်။ သတ္တုရိုင်းက ပိုးကောင်တွေအတွက် ထူးခြားတဲ့အဓိပ္ပါယ်ရှိမယ်ထင်တယ်။"

ခယ်ရှောင်ပင်းက မထိန်းနိုင်ဘဲ ပြောလိုက်သည်။ "အဲဒီနေရာကို ငါတို့ပြန်သွားပြီး ထပ်ရှာကြမှာလား။"

တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်က တိတ်ဆိတ်သွားသည်။

သည်းထိတ်ရင်ဖိုမြင်ကွင်းကို အခုထိ သူတို့စိတ်ထဲမှာ စွဲလမ်းနေဆဲဖြစ်သည်။ အားလုံးက ပိုးကောင်များကနေ လွတ်မြောက်ပြီး အဲဒီပိုးကောင်များက သူတို့နောက်ကို လိုက်နေကြသည်…

သူတို့၏ စုဝေးရာနေရာကို ပြန်လာတာဟာ ကိုယ့်ကိုကိုယ်သတ်သေတာပါပဲ။

သို့သော် သူတို့ပြန်မသွားရင် သူတို့တိုးတက်မှုက 99% မှာ ပိတ်မိနေပြီး သူတို့၏ကြိုးစားမှုများအားလုံး ဆုံးရှုံးသွားလိမ့်မည်။

ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ကို ကြည့်ပြီး သူ့ထင်မြင်ချက်ကို မျက်လုံးများဖြင့် မေးသည်။ "မင်းဘယ်လိုထင်လဲ။"

ယွဲ့ရှင်းဝမ်က အံကြိတ်ပြီး ပြောလိုက်သည်။ "ပြန်သွားရှာမယ်!" သူက အသက်ပြင်းပြင်းရှူပြီး သူ့အဖွဲ့ဝင်များကို ကြည့်လိုက်သည်။ "ဒါပေမဲ့ ပြန်မသွားခင် ငါတို့ ဒီပိုးကောင်တွေကိုဖြေရှင်းဖို့နည်းလမ်းကို စဉ်းစားရမယ်။ ငါတို့ မဆင်မခြေသွားရင် သေသွားနိုင်တယ်။"

ရှင်းယန်က အကြံပြုသည်။ "ငါ ဖန်ပုလင်းကိုချဲ့ပြီး လူတိုင်းကိုထည့်နိုင်တယ်။ ဒီပိုးကောင်းတွေရဲ့သွားတွေက ချွန်ထက်ပေမဲ့ အဆစ်တွေရဲ့ခန္ဓာကိုယ်က ပျော့ပျောင်းပြီး ဖန်ပုလင်းကို တိုက်ရိုက်မခွဲနိုင်ဘူး။ အနည်းဆုံးတော့ ဖန်ပုလင်းထဲမှာ ထိုင်တဲ့အခါ ငါတို့အကိုက်ခံရမှာ စိုးရိမ်စရာမလိုဘူး။"

လင်းမန့်လော်က ဆက်လက်၍ပြော၏။ "ပုလင်းတွေအားလုံးကို တင်းတင်းကျပ်ကျပ်ချိတ်ဖိုပ နွယ်ပင်တွေကို ငါသုံးလိုက်မယ်၊ အဲဒါမှ အားလုံး ပြန့်ကျဲမသွားမှာ။ ငါ့နွယ်ပင်တွေက လက်မောင်းလောက်ထူပြီး ပိုးကောင်တွေကိုက်ဖြတ်ဖို့ အချိန်ယူရလိမ့်မယ်။ အားလုံးကို ချိတ်ဆက်ပြီးရင် ဖျင်စစ်က လူတိုင်းကို အတူတူ ပျံသန်းဖို့ ထိန်းချုပ်နိုင်တယ်။"

ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။ "ရှင်းယန်ရဲ့အားပြင်းတဲ့အက်စစ်က ငါ့ရဲ့မိုးသည်းခြင်းနဲ့ ပူးပေါင်းပြီး အက်စစ်မိုးတွေကို မြေကြီးထဲကို တိုက်ရိုက်ရွာချပြီး သတ္တုရိုင်းတွေကိုရှာဖွေဖို့ မြေအောက်ကို ပြန်သွားကြမယ်။" ယွဲ့ရှင်းဝမ်သည် အချိန်ကို သေသေချာချာကြည့်ပြီး ပြောခဲ့သည်။ "5 မိနစ်အတွင်း ည 12 နာရီထိုးပြီး စွမ်းရည်တွေအားလုံး ပြန်လည်ဆန်းသစ်သွားလိမ့်မယ်။ ည 12 နာရီထိုးတဲ့အခါ ငါတို့လှုပ်ရှားကြမယ်။ ချင်လုရဲ့စွမ်းရည်ကို ငါတို့လွတ်မြောက်ဖို့အတွက် ချိန်ထားမယ်။ သတ္တုရိုင်းကို ရှာတွေ့ရင် လေယာဉ်ရပ်ထားတဲ့ အဆောက်အဦးဆီ ချက်ချင်းသွားပြီး ဒီဂြိုဟ်ပေါ်ကနေထွက်ခွာကြမယ်!"

ရှင်းယန်သည် ဖန်ပုလင်းကြီး 12 လုံးကို ဖန်တီးရန် အချိန်ယူကာ လူတိုင်းကို ထည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ပုလင်းများကို လုံလောက်သော အောက်ဆီဂျင်ဖြင့် ပြည့်စေခဲ့သည်။ လင်းမန့်လော်သည် ပုလင်းအားလုံးကို ချိတ်ဆက်ရန် နွယ်ပင် 5 ပင်ကို အသုံးပြုခဲ့သည်။

သူတို့နောက်မှလိုက်နေသော ပိုးကောင်များသည် လက်တစ်ကမ်းအလိုမှာရှိနေပြီး သူတို့ခြေထောက်အောက်ရှိ မြေဆီလွှာသည် အတွင်းကနေ ပေါက်ထွက်နေပုံရပြီး ဆက်ပြီးပြိုကျသွားသည်။ ကျန်းဖျင်စစ်သည် သူ၏ညာလက်ကို ပြတ်ပြတ်သားသား မြှောက်လိုက်ပြီး ပုလင်း 12 လုံးသည် ချက်ချင်း လေထဲသို့ ပျံတက်သွားသည်။

သူတို့သည် ဆန့်ကျင်ဘက်သို့ ဦးတည်ပျံသန်းလာကြသည်။

ရှေ့တိုးလေလေ မြေပြင်တွင် ပိုးကောင်များ များလေလေဖြစ်သည်။ အခုလေးတင် သူတို့တူးထားသော တွင်းကြီးက ပိုးကောင်များ၏အသိုက်ဆိုတာ သိသာပါသည်။ တာဝန်ပစ်မှတ်၏ နောက်ဆုံးသတ္တုရိုင်းကို ရယူလိုပါက အန္တရာယ်အရှိဆုံးနေရာသို့ ပြန်သွားရမည်ဖြစ်သည်။

အချိန်တွေက မိနစ်နဲ့အမျှ ကုန်ဆုံးသွားပြီး 5 မိနစ်အကြာ ည 12 နာရီမှာ စွမ်းရည်များ ပြန်လည်လန်းဆန်းလာခဲ့ပေမဲ့ ကျန်းဖျင်စစ်က လူတိုင်းကို ရုတ်တရက် လေထဲမှာ ပျံဝဲစေခဲ့သည် 

အားလုံးက သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် ထိတ်လန့်သွားပြီး အေးစက်စက်ချွေးများ ထွက်ကျလာသည်။

အခုလေးတင် ပူလောင်သောမြေကြီးနဲ့ ပြည့်နေသည့် တွင်းကြီးတစ်တွင်းကိုတွေ့ကာ သူတို့တူးခဲ့သည့် မီတာ 400 တွင်းထက် ပိုနက်သည်။ ဂြိုဟ်တစ်ခုလုံးကို တူးထားသလိုမျိုး အနက်ရောင်တွင်းကြီးသည် အောက်ခြေမရှိပေ။

ထိုအချိန်တွင် သတ္တဝါကြီးက မြေတွင်းမှ ပေါက်ထွက်လာသည်။

၎င်းသည် ခေါင်းသုံးလုံးပါသည့် သားရဲတစ်ကောင်ဖြစ်ပြီး ၎င်း၏ကိုယ်ခန္ဓာသည် မြေပြင်မှပြူထွက်ကာ အထပ်ပေါင်းများစွာအထိ မြင့်မားပြီး မှတ်တမ်းရုပ်ရှင်များတွင် မြင်တွေ့ရသည့် ဧရာမစပါးကြီးမြွေများထက် အဆမရေမတွက်နိုင်အောင် ကြီးမားပါသည်။

၎င်း၏ဦးခေါင်းတစ်ခုစီတွင် နီမြန်းသော မျက်လုံးတစ်စုံရှိသည်။ လေထဲတွင် ပျံဝဲနေသော လူများကို မြင်ပြီးနောက် ဒေါသဖြစ်ပုံရပြီး ၎င်း၏သွေးသံတရဲရဲပါးစပ်ကို ဖွင့်ကာ ချွန်ထက်သော အစွယ်များကို ထုတ်ပြပြီး ကျယ်လောင်စွာ ဟိန်းလိုက်လေသည်။

ခယ်ရှောင်ပင်းသည် ဖန်ပုလင်းထဲမှာ ထိုင်ပြီး အော်ဟစ်လေ၏။ "Boss ပေါ်လာပြီ! ငါတို့အရင်က ကြုံဖူးတဲ့ပိုးကောင်တွေက နောက်လိုက်တွေဖြစ်ရမယ်!"

ရွှီယိရှန်းက သူ့နားထင်များကို ပွတ်သပ်လိုက်သည်။ "ဒီကောင်က အရမ်းကြီးတယ်!"

ခေါင်းသုံးလုံးက မျက်ကွယ်နေရာများမရှိဘဲ 360 ဒီဂရီ အမြင်အာရုံကို ပေးစွမ်းပါသည်။ ၎င်း၏ ပျော့ပျောင်းပြီး အဆစ်ခန္ဓာကိုယ်နှင့် ခိုင်ခံ့သော မြေအောက်ရှင်သန်နိုင်စွမ်းတို့ကြောင့် ၎င်းသည် အချိန်မရွေး မြေတွင်းသို့ စိမ့်ဝင်နိုင်ပြီး သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားနိုင်သည်။ ဒါတင်မကသေးဘဲ ပြတ်သွားသော ခြေလက်အင်္ဂါများသည် ချက်ချင်းပဲ သက်ရှိပုံစံသစ်အဖြစ် ပွားသွားလိမ့်မည်...

၎င်းကို တစ်ခါတည်းဖြေရှင်းဖို့ သူတို့နည်းလမ်းရှာရမည်။

ယွဲ့ရှင်းဝမ်က ရှင်းယန်ကို အချက်ပြပြီး အဘိဓာန်ကို ချက်ချင်းဖွင့်လိုက်သည်။ "မိုးသည်းခြင်း!"

သားရဲ၏အထက်တွင် ကြီးမားသော တိမ်တိုက်တစ်ခု ပေါ်လာသည်။ ရှင်းယန်သည် တိမ်တိုက်ထဲသို့ အားကောင်းသော အက်စစ်ကို တိတ်တဆိတ် ထည့်သွင်းလိုက်ပြီး အလွန်ပြင်းထန်သော အညိုရောင်မိုးသက်မုန်တိုင်းတစ်ခုသည် တဖွဲဖွဲကျလာကာ သားရဲပေါ်သို့ လောင်းချတော့မည် ဖြစ်သည်။ သို့သော် သားရဲက အန္တရာယ်ကို ကြိုသိနေပုံရသည်။ ၎င်းသည် မြေကြီးထဲသို့ ရုတ်တရက် ဖောက်ဝင်ပြီး ပျောက်သွားသည်။

သည်းသည်းမည်းမည်းမိုးရွာချလိုက်ပြီး သူတို့နားထဲမှာ မြေဆီလွှာအသံတစ်ခုထွက်လာသည်။ ယွဲ့ရှင်းဝမ်ခေါင်းကိုလှည့်ကြည့်လိုက်တော့ သားရဲသည် သူတို့နောက်ကနေ ရုတ်တရက်ထွက်လာတာကို တွေ့လိုက်ရပြီး ပါးစပ်ကိုကျယ်ကျယ်ဖွင့်ကာ လူတိုင်းဆီသို့ ဒေါသတကြီး ပြေးသွားသည်။

ရှင်းယန်က လူတိုင်းကို ဖန်ပုလင်း 12 လုံးနဲ့ ကာကွယ်ထားပေမဲ့ သားရဲ၏ပါးစပ်သည် ဈေးဝယ်စင်တာ၏တံခါးပေါက်နဲ့ ယှဉ်နိုင်ပြီး ဖန်ပုလင်း 12 လုံးကို ၎င်း၏အစာအိမ်ထဲ မျိုချနိုင်ပါသည်။

ဒီသားရဲ၏အစာအိမ်ထဲမှာ ဘယ်လိုအခြေအနေများကို လျှို့ဝှက်ထားမယ်ဆိုတာ ဘယ်သူသိမလဲ။

သူတို့အစားခံလိုက်ရတာနဲ့ အဆုံးသတ်သွားလိမ့်မည်။ ၎င်း၏အစာအိမ်အရည်များသည် သူတို့ကို ကြိတ်ထားသောအသားအဖြစ် ချက်ချင်း အရည်ပျော်သွားစေနိုင်သည်။

ကျန်းဖျင်စစ်သည် ဖော်မြူလာကို အဆောတလျင် ပြန်လည်ပြင်ဆင်ပြီး လူတိုင်းကို ကောင်းကင်သို့ အမြင့်ပျံတက်စေရန် ထိန်းချုပ်ကာ သားရဲ၏ဝါးမျိုခံရခြင်းမှ ကြောက်ရွံ့ထိတ်လန့်စွာ လွတ်မြောက်ခဲ့သည်။

လူတိုင်းကို ထိတ်လန့်စေသည့်အရာမှာ သားရဲ၏ခန္ဓာကိုယ်သည် အောက်ခြေမရှိသောတွင်းမှ အဆက်မပြတ်တိုးထွက်နေသော အစိမ်းရောင်အပင်တစ်ပင်နှင့်တူပြီး သူတို့ကို ထပ်ကျပ်မကွာ လိုက်နေသည့်အတွက်ကြောင့်ပင်။

ကျန်းဖျင်စစ်သည် လူတိုင်းကို မီတာ 200 ထက် ပိုမြင့်သည့်အမြင့်ကို ပျံသန်းဖို့ ထိန်းချုပ်ခဲ့ပြီး သားရဲက အမှန်တကယ် လိုက်မီခဲ့သည်။ အညိုရင့်ရောင်ခန္ဓာကိုယ်က မြေပြင်မှာ မြုပ်နေပြီး အဆုံးမသတ်နိုင်သေးပါဘူး။

သူ့ခြေထောက်အောက်က ခေါင်းသုံးလုံးကို ကြည့်လိုက်တော့ ခယ်ရှောင်ပင်းသည် သူ၏ဦးရေပြား တုန်ခါနေသလို ခံစားရခဲ့သည်။ "ဒီအရာကြီးရဲ့ခန္ဓာကိုယ်က ဘယ်လောက်ကြာမှာလဲ။ အူတွေလို အကြိမ်ပေါင်းများစွာ ရစ်ပတ်ပြီး ဂြိုဟ်အောက်မှာ မြုပ်နေတာတော့မဟုတ်ဘူးမလား။"

ရှင်းယန်၏အမူအရာက တင်းမာနေသည်။ "ဒီအကောင်ရဲ့အနံ့ခံအာရုံ၊ အမြင်အာရုံနဲ့ အကြားအာရုံက အရမ်းအကဲဆတ်လွန်းတယ်၊ အက်စစ်မိုးက ဒီအကောင်ကို လုံးဝမဖြေရှင်းနိုင်ဘူး။"

မြေအောက်သတ္တဝါများဖြစ်သောကြောင့် ဗိုလ်ချုပ်ခဲရန် ထောက်လှမ်းရန် စေလွတ်လိုက်သောဒရုန်းက ၎င်းတို့ကို ရှာမတွေ့ခဲ့တာ အံ့သြစရာမဟုတ်ပေ။

ကျန်းဖျင်စစ်၏ ကိုသြဒီနိတ်စနစ်သည် လူတိုင်းကို ဆက်လက်မြင့်တက်စေရန် ထိန်းချုပ်ထားနိုင်သော်လည်း ဤနည်းလမ်းက အဖြေမဟုတ်ချေ။ ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်လိုက်သည်— ဒီကြောက်စရာကောင်းတဲ့ ဂြိုဟ်သားသတ္တဝါကို ဘယ်လိုဖြေရှင်းရမလဲ။