🐯Chapter 137
အမွေးထူထူကလေးသုံးကောင်က ပြတင်းပေါက်နားတွင် တစ်ယောက်ပြီးတစ်ယောက် တန်းစီထိုင်နေပြီး နေပူဆာလှုံရင်း ဂိမ်းနှင့်အခြားအရာများကို ကစားနေကြသည်။
ရှို့ဟန်မှာ အမြီးလေးတစ်ချောင်းကဲ့သို့ပင် ကုယွီမြန် ဘယ်သွားသွား နောက်မှလျှောက်လိုက်နေသည်။ ကုယွီမြန် သူ့မြင်ကွင်းထဲမှ ပျောက်ကွယ်သွားမည်ကို စိုးရိမ်ထိတ်လန့်နေ၏။
"ရှို့ဟန် မင်း စိတ်ပူစရာမလိုပါဘူး... ငါ မင်းကို မမုန်းဘူး…"
ကုယွီမြန် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်လိုက်ကြပြီး ကုယွီမြန်က သူကိုယ်တိုင်နှင့် ရှို့ဟန်အတွက် လက်ဖက်ရည်တစ်ခွက်စီ လောင်းထည့်ပေးလိုက်သည်။ ရွှေရောင်နှင့်အနီရောင် ရောယှက်သန်းနေသော ညနေဆည်းဆာနေရောင်ခြည်က နွေးထွေးလွန်းလှပြီး မိသားစုတစ်စုက အလွန်အသက်ဝင်လှ၏။
ကုယွီမြန် စကားလုံးများကို စဉ်းစားလိုက်သည်။
"အရင်က အဖြစ်အပျက်တွေကြောင့် မင်းလည်း တောင်းပန်ပြီးပြီပဲ…"
ယခင်က နှင်းကျားသစ်လေး သူ့ရှေ့တွင် ချစ်စရာကောင်းအောင် ကြိုးစားပြခြင်းကို တောင်းပန်မှုတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။
“လူတိုင်း အမှားတချို့တလေတော့ လုပ်ကြတာပါပဲ… အဲဒီအချိန်တုန်းက ငါ ဒေါသထွက်မိတယ် ဒါပေမဲ့...”
ရှို့ဟန် ခေါင်းညိတ်လိုက်သည်။
“ပစ္စည်းတွေနဲ့ လက်ဆောင်တွေအများကြီး ဝယ်ပေးစရာမလိုဘူး…”
ရှို့ဟန်က ကုယွီမြန်၏စေ့ပိတ်ထားသော နှုတ်ခမ်းများကို ကြည့်ပြီး ‘ဟမ်’ ဟု ခပ်တိုးတိုးရေရွတ်လိုက်သည်။
ကုယွီမြန် သူ့အရှေ့တွင်ရှိနေသ၍ သူ့မျက်လုံးများထဲတွင် အခြားမည်သည့်အရာကိုမှ မမြင်နိုင်တော့ပေ။
“ဒါပေမဲ့ အခုကတော့ ငါတို့ အတူတူနေဖို့က သင့်တော်တယ်လို့ မထင်ဘူး… ဘာပဲဖြစ်ဖြစ် မင်းမှာလည်း မင်းရဲ့ကိုယ်ပိုင်ဘဝရှိတယ်… ငါ နောက်ထပ်ရသစုံရှိုးတစ်ခုမှာ ပါဝင်ဖြစ်လိမ့်မယ်… အဲဒီရှိုးက ရှေးဟောင်းကမ္ဘာပေါ်မှာ ရိုက်ကူးမှာ… အဲဒီအချိန်အတွင်း ငါတို့ ကိုယ့်ဘာသာကိုယ် ခွဲနေပြီး အခြေအနေတည်ငြိမ်သွားအောင် လုပ်သင့်တယ်… မင်းက ငါ့ရဲ့မိသားစုဝင် မဟုတ်တော့ဘူးလို့ ပြောတာမဟုတ်ဘူး…"
ကုယွီမြန် သက်ပြင်းတစ်ချက်ရှိုက်ပြီး အဆုံးသတ်လိုက်ပြီးနောက် ရှို့ဟန်ကို မော့ကြည့်လိုက်သည်။
ဒီလူ တကယ်ရော နားထောင်နေရဲ့လား...
ရှို့ဟန်မှာ တိတ်ဆိတ်ငြိမ်သက်နေပြီး ကုယွီမြန်၏နာမည်ကို ခေါ်ပြီးဆက်ပြောလာသည်။
"ခွဲနေဖို့မလိုပါဘူး…"
ကုယွီမြန် : “ငါထင်တာတော့...”
ထို့နောက် ရှို့ဟန်၏နောက်ထပ်ပြောလိုက်သည့် စကားကြောင့် ကုယွီမြန် စိတ်ရှုပ်ထွေးသွားရသည်။
“အခု ကိုယ် မင်းကို နမ်းလို့ရပြီလား…”
လက်ဖက်ရည်သောက်နေဆဲဖြစ်သော ကုယွီမြန်က လက်ဖက်ရည်သီးသွားပြီး အပြင်းအထန် ချောင်းဆိုးသွားရသည်။
“နေဦး နေဦး နေပါဦး_”
ကုယွီမြန် အသက်ရှူရပ်မတတ်ချောင်းဆိုးသွားပြီး မျက်နှာနီရဲလာကာ စိတ်ရှုပ်ထွေးသွားရသည်။
ငါနဲ့ရှို့ဟန် ပြောနေတဲ့စကားအကြောင်းအရာက တကယ်ရော တူရဲ့လား... ဘယ်လိုဦးနှောက်ပတ်လမ်းမျိုးနဲ့ ဒီလိုမေးခွန်းမျိုးကို မေးနိုင်ရတာလဲ...
ရှို့ဟန် အနည်းငယ် မျက်မှောင်ကြုတ်ရင်း စားပွဲဘေးမှဖြတ်လျှောက်သွားပြီး ကုယွီမြန်၏နောက်ကျောကို ကို့ယို့ကားယားနိုင်စွာ ပုတ်ပေးလာ၏။
တစ်ချိန်တည်းမှာပင် ကုယွီမြန်၏လက်ပတ်ကွန်ပျူတာက တဖျပ်ဖျပ်လှုပ်ရှားကာ အသံမြည်လားသည်။ ခေါ်ဆိုသူမှာ သကြားခဲ သကြားခဲပင်ဖြစ်၏။
ကုယွီမြန် ပြန်မဖြေချင်သော်လည်း ပရိသတ်တွေ့ဆုံပွဲနှင့် ရသစုံရှိုးအကြောင်းတို့ဖြင့် ဆက်စပ်နေပေလိမ့်မည်။ ထို့ကြောင့် ဆက်သွယ်မှုကို လက်ခံလိုက်ပြီး ရှို့ဟန်ကို ခဏစောင့်ရန် လက်ဟန်ပြလိုက်သည်။
“ဟဲလို၊ အမ်... ကျွန်တော်ပါ”
“ဆရာကုရေ...”
သကြားခဲ သကြားခဲက သူ့အား နောက်ပြောင်ခေါ်ဆိုလိုက်သည်။
“ရသစုံရှိုးက အခြေခံအားဖြင့်တော့ သဘောတူဆုံးဖြတ်ပြီးသွားပြီ… ရှင် ပါဝင်ပေးတဲ့အတွက် ကျွန်မတော့ တကယ်ဝမ်းသာတယ်… မနက်ဖြန် အချိန်အားရင် စာချုပ်ချုပ်ရအောင် အခြားဧည့်သည်တော်တွေကိုတော့ နောက်မှ ရှင့်ကို ပြောပြပေးမယ်… နောက်ပြီး လူသစ်ပြိုင်ပွဲအတွက် ဆုပေးပွဲနဲ့ ပရိသတ်တွေ့ဆုံပွဲလည်းရှိသေးတာ မမေ့နဲ့ဦးနော်… ရှင့်ကလေးတွေကို ခေါ်လာချင်တယ်ဆိုရင် ခေါ်လာလို့ရတယ်…”
မည်သို့ပင်ဆိုဆို ကုယွီမြန်က ဤပြိုင်ပွဲ၏ ချန်ပီယံဖြစ်၏။ ထိုချန်ပီယီအား ထိုက်တန်သည့်ဆုလေးတစ်ခုကိုပင် မပေးနိုင်ခဲ့ပေ။
ကုယွီမြန်၏ကျေးဇူးကြောင့် ဆုပေးပွဲတိုက်ရိုက်ထုတ်လွှင့်မှုနှင့် ညစာစားပွဲအကြောင်းနှင့် ပတ်သက်ပြီး သူတို့ စိုးရိမ်စရာမလိုအပ်ပေ။ ကုယွီမြန် လာမည့်အကြောင်းကြားသည်နှင့် အင်တာနက်ပေါ်တွင် ထုတ်လွှင့်ပြီးပြီးချင်း သုံးစက္ကန့်အကြာမှာပင် ဆုပေးပွဲသို့ လာရောက်ကြည့်ရှုသူအရေအတွက်က အလျင်အမြန်များပြားလာလိမ့်မည်ဖြစ်ပြီး ယခင်အခြားဆုပေးပွဲများထက် အကောင်းမွန်ဆုံးဖြစ်ပေလိမ့်မည်။
ကုယွီမြန်နှင့် အကောင်ပေါက်လေးများအား နေရာမှာတင် စုပ်ယူဆွဲစားပစ်ချင်နေသော ပရိသတ်များက အလွန်နောင်တရကာ စိတ်ညစ်သွားကြ၏။ ကိုယ်ပိုင်ဘလော့များပေါ်တွင် ထိုအကြောင်းအရာက အလွန်ရေပန်းစားလျက်ရှိ၏။ ဌာနချုပ်သည်လည်း ပရိသတ်လက်မခံရသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး စောဒကတက်သည့် ထောင်ပေါင်းများစွာသောဖုန်းခေါ်ဆိုမှုများကို လက်ခံဖြေရှင်းနေရသည်။
ကုယွီမြန် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ ကြော်ငြာဖို့နဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုအပ်ရင်လည်း ကျွန်တော့်ဆီ တစ်ခါထဲပြောလို့ရတယ်…”
ကုယွီမြန် အလေးအနက် စဉ်းစားပြီးနောက် ခဏမျှရပ်တန့်ကာ ပြောလိုက်သည်။
“ကျွန်တော်_ အဟွတ်_”
သကြားခဲ သကြားခဲ အချိန်အတော်ကြာသည်အထိ နားထောင်နေသော်လည်း နောက်ဆက်တွဲပြောလာသည်ကို မကြားရပေ။ သူက ကုယွီမြန်၏ အပြင်းအထန်ချောင်းဆိုးသံကိုသာ ကြားရပြီးနောက် အသက်ရှုသံကိုသာ ဆက်ကြားနေရသည်။
သကြားခဲ သကြားခဲ “...”
“…..”
ကုယွီမြန် လက်ပတ်ကွန်ပျူတာကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
ကုယွီမြန် ဖုန်းပြောနေချိန်တွင် အလုပ်အကြောင်းပြောနေသည့် ကုယွီမြန်၏လေးနက်သည့်အမူအရာကို ရှို့ဟန် မကျေနပ်သော်လည်း ထိုအမူအရာ၏ဆွဲဆောင်ခံရခြင်းအောက်မှ သူကိုယ်တိုင်လည်း မထိန်းချုပ်နိုင်ခဲ့ပေ။
ရှို့ဟန် သူ့ကို အချိန်ခဏကြာသည်အထိ ကြည့်နေကာ ကုယွီမြန်ကိုဆွဲယူပြီး နှုတ်ခမ်းလေးကို နမ်းလိုက်သည်။
ကုယွီမြန် “.....”
“မြန်မြန်... မြန်မြန်ရေ...” သကြားခဲ သကြားခဲက ဖုန်းကိုင်ထားဆဲဖြစ်ကာ အနည်းငယ်စိုးရိမ်သွားသည်။
“အဆင်ပြေရဲ့လား…”
အချိန်အတန်ကြာသွားပြီးနောက် ကုယွီမြန် လက်ပတ်ကွန်ပျူတာကို နောက်တစ်ကြိမ် ရွှေ့လိုက်သည်။
“အဆင်ပြေတယ် ဆက်ပြောပါ…”
ငါးမိနစ်ကြာပြီးနောက် ကုယွီမြန် ဖုန်းချလိုက်သည်။
မိုးမရွာမီ ငြိမ်သက်နေသည့် လက္ခဏာတစ်ရပ်ပင်။
ကုယွီမြန် နောက်သို့လှည့်လိုက်သည်။
“ရှို့ဟန်…”
နှင်းကျားသစ်လေးက သူ့လက်ဖဝါးလေးနှစ်ဖက်ကို ချက်ချင်းဆန့်ထုတ်လာပြီး တစ်ချိန်တည်းမှာပင် သူ့ဗိုက်ဖြူဖြူလေးကိုလည်း ဖော်ပြလာသည်။
ကုယွီမြန် အလေးအနက်စကားပြောရန် ဒုတိယအကြိမ် ကြိုးစားခဲ့သော်လည်း မည့်သည့်မျှအရာမထင်ခဲ့ပေ။
“.....”
ထန်ယွမ်လေး၊ မြေခွေးလေးနှင့် ဟက်စကီးလေးတို့သည်လည်း ကုယွီမြန် အမှန်တကယ် ဒေါသထွက်နေကြောင်း မြင်နေရသည်။ မြေခွေးလေးက အနားသို့ရောက်လာပြီး ကုယွီမြန်၏ဘောင်းဘီစကို ကြောက်လန့်စွာ ဆွဲယူလိုက်သည်။
“ငါ စိတ်ပြောင်းသွားပြီ.နောက်ပြီး ဒီနေ့ချက်ချင်း မင်းကို အဝေးပို့ပစ်မယ်…”
ကုယွီမြန်က ခိုင်မာစွာ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်၏။ ဤတစ်ကြိမ်တွင် နှင်းကျားသစ်လေး၏ ဝမ်းဗိုက်လေးသည်လည်း သူ့ကို မဆွဲဆောင်နိုင်တော့ပေ။ သူ နှင်းကျားသစ်လေးကို ခေါ်သွားပြီး တံခါးအပြင်သို့ ထွက်သွားလိုက်သည်။
“ကိုယ်ကျင့်သိက္ခာကောင်းမွန်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကို မင်းက နားမလည်ဘူးပဲ… ငါက မိဘတစ်ယောက် အသက်…”
[သစ်တော်ပန်းပွင့်အဖြူရောင်လေး - ဟမ်... ဘာဖြစ်နေတာလဲ...]
[User 12867 - ဝူးဝူးဝူး... နောက်ဆုံးတော့ မြန်မြန် ပြန်ပြီးတိုက်ရိုက်ထုတ်လွှင့်ပြီ…မင်း နောက်ထပ်ဆက်ပြီး တိုက်ရိုက်ထုတ်လွှင့်တာ မလုပ်တော့ဘူးလို့ ထင်နေတာ…]
[ဗစ်လီမွန်တီး - ဟားဟားဟား... လူသစ်ပြိုင်ပွဲဆုပေးပွဲရဲ့ ညစာစားပွဲလက်မှတ် ငါ ရထားတယ်… မနက်ဖြန်ကျရင် အင်တာနက်ပေါ်မှာမရှိတဲ့သူတွေကို သားရည်ကျအောင် လုပ်ပြမယ်…]
[ကြောင်လေးရဲ့အော်သံ - မြန်မြန်နဲ့ထွမ်ထွမ် ရန်ဖြစ်နေတာလား…]
ကုယွီမြန် ရပ်တန့်သွားရ၏။
တစ်ချက်လှမ်းကြည့်လိုက်ချိန်တွင် ဟိုးအစမှယခုအချိန်အထိ ပရိတ်သတ်ဦးရေက သန်း ၇၀ အထိ ရောက်ရှိလာပြီး သန်း ၁၀၀ နီးပါးရှိလာခဲ့သည်။ သူ စကားပြောနေရင်းပင် သန်းပေါင်းများစွာသော ပရိသတ်အသစ်များ ဝင်ရောက်လာလျက်ရှိ၏။ ကြည့်ရှုသူအများအပြားက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေလျက်ရှိရာ တုံ့ဆိုင်းမှုမရှိဘဲ ပိတ်ပစ်ရန်မှာ လုံးဝမဖြစ်နိုင်တော့သလို ထိုကြည့်ရှုသူများ၏ရှေ့တွင် နှင်းကျားသစ်လေးကို အကျိုးသင့်အကြောင်းသင့်ပြောပြီး ကန်ထုတ်ပစ်ရန်မှာလည်း မဖြစ်နိုင်တော့ပေ။
ဘယ်အချိန်တုန်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်ခဲ့တာလဲ...
ဘယ်သူဖွင့်တာလဲ...
နှင်းကျားသစ်လေးက ကုယွီမြန်၏အင်္ကျီလက်အနားစကို ဆွဲယူလိုက်ပြီး ခေါင်းလေးမော့ကာ သူ့အား အပြစ်ကင်းစွာ ကြည့်ပြီးနောက် အဝေးသို့ အကြည့်လွှဲသွားခဲ့သည်။
ကုယွီမြန် “.....”
ဖွင့်လိုက်တဲ့သူက သေချာပေါက် ဒီကောင်လေးပဲ...
-----
ဧကရာဇ်နှင့် ကောမိသားစု၏ ငွေကြေးမြှုပ်နှံမှုနှင့် အထောက်အပံ့ကို ရရှိပြီးကတည်းက ရှေးဟောင်းကမ္ဘာ၏ဖွံ့ဖြိုးတိုးတက်မှုက လက်တွေ့တရားဝင် အစီအစဉ်တစ်ခုအဖြစ် စတင်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းကမ္ဘာ၏ တိုးတက်မှုက သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတွင် အမှန်တကယ် အကူအညီပေးနိုင်သောကြောင့်ပင်။
နှစ်အတော်ကြာပြန်လည်တည်ဆောက်ပြီး ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ရှေးဟောင်းကမ္ဘာက ၎င်း၏မူလပုံသဏ္ဍာန်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်၏။ အလွန်ကြီးမားသောသမုဒ္ဒရာကြီး၊ တန်ဖိုးကြီးမားသော ဂေဟစနစ်ရာသီဥတုနှင့် အမျိုးမျိုးသော ရှေးဟောင်းအဆောက်အဦးများက ရုတ်တရက်ကျရောက်သော ကမ္ဘာပျက်ကပ်ဘေးဆိုးကြီးတွင် ကျန်ရစ်နေခဲ့ကြသည်။
ဂေဟစနစ်ပတ်ဝန်းကျင် ပြန်လည်တည်ဆောက်မှုက လုံးဝပြီးစီးသွားပြီး ကမ္ဘာပေါ်တွင် လူနှင့်တိရစ္ဆာန်များ မရှိသည်မှလွဲ၍ အရာအားလုံးသည် အလွန်လှပနေလျက်ရှိ၏။
“ခရီးလမ်းသာယာဖြောင့်ဖြူးပါစေ၊ ရှေးဟောင်းကမ္ဘာ” ဤရသစုံရှိုးကို ယခင်တည်းက အစီအစဉ်ဆွဲထားခဲ့ခြင်းဖြစ်၏။ ၎င်း၏နောက်ခံမြင်ကွင်းများနှင့်အတူ ရှေးဟောင်းကမ္ဘာနှင့်ပတ်သက်သည့် ပထမဆုံး ရသစုံရှိုးဖြစ်သည့်အလျှောက် အစိုးရ၏အားကောင်းသော အထောက်အပံ့ကိုသာမက အလွှာပေါင်းစုံမှ ရင်းနှီးမြှုပ်နှံမှု အမြောက်အမြားကိုလည်း ရရှိခဲ့သည်။
အများပြည်သူ၏အာရုံစိုက်မှု အမြောက်အမြားကိုလည်း ရရှိခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့က မူလရင်းမြစ်ဂြိုဟ်၏ အကြောင်းအရင်းနှင့် ပတ်သက်ပြီး သိချင်နေကြဆဲပင်။
“ဒီရသစုံရှိုးရဲ့အဓိကပါဝင်တဲ့ အကြောင်းအရာက ဧည့်သည်တော်အများအပြားကို ရှေးဟောင်းကမ္ဘာပေါ်မှာ နေထိုင်ခိုင်းပါမယ်… လက်ပတ်ကွန်ပျူတာတွေ၊ စက်ရုပ်တွေ၊ ဉာဏ်ရည်မြင့်နည်းစနစ်တွေနဲ့ အခြားနည်းပညာနဲ့ဆိုင်တဲ့ ထုတ်ကုန်ပစ္စည်းတွေလည်း မရှိဘူး… တောထဲမှာ အသက်ရှင်နေထိုင်ရခြင်းနဲ့ အလားသဏ္ဍာန်တူတယ်…”
“ဒီမှာပါ... မစ္စတာရှစ်ကော်ကော(ကောရှစ်အာ) ကျွန်တော်တို့ တကယ်ပဲ...”
မဆုံးဖြတ်ရသေးသည့် တစ်ခုတည်းသောအရာမှာ ဧည့်သည်တော်များ၏မေးခွန်းပင်။
ပထမဆုံးအနေဖြင့် အချို့နာမည်ကြီးများက ပါဝင်ရန် သင့်လျော်သည့်ပုံမပေါ်သည့်အပြင် လူအများအပြားသည်လည်း စည်းမျဉ်းစည်းကမ်းများကြောင့် တွန့်ဆုတ်နေကြသည်။ ဤရသစုံရှိုး၏ အဓိကစီစဉ်သူတစ်ယောက်အနေဖြင့် ဧည့်သည့်တော်များ၏မေးခွန်းကြောင့် တုန်နန်၏နှလုံးသားလေးမှာ ကြေကွဲနေပြီဖြစ်သည်။
သို့သော် ကောမိသားစု ပါဝင်နေလိမ့်မည်ဟု သူ မသိထားပေ။ လက်ပတ်ကွန်ပျူတာကို ကိုင်ထားသော တုန်နန်၏လက်များက တုန်လှုပ်နေ၏။
“ငါ့ရဲ့တောင်းဆိုမှုက အရမ်းကိုအကျိုးအကြောင်းသင့်တယ်…”
ကောရှစ်အာက သူ့ခေါင်းကို ကုတ်ရင်း ပြောလာသည်။
“မင်းတို့က အလွှာပေါင်းစုံက ဧည့်သည်တော်တွေ မလိုအပ်ဘူးမလား… ငါ တယောမတီးခင်တုန်းက ငါ့ညီလေးက ဆူမိုနပန်းပြိုင်ပွဲမှာ ၁၀ နှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့ဖူးတယ်… ငါ့အစ်ကိုကြီးကလည်း ရယ်မောပြီး လူရွှင်တော်တာဝန်ကို ထမ်းဆောင်နိုင်တယ်လို့ ပြောတယ်... ပြီးတော့ ငါတို့ရဲ့ခံစားမှုရသနဲ့ ပတ်သက်ပြီး ဘာပြဿနာမှမရှိဘူး စိတ်မပူပါနဲ့…”
ရှေးဟောင်းကမ္ဘာ၏တိုးတက်ရေးတွင် ပထမဦးဆုံး ရင်းနှီးမြှုပ်နှံခဲ့သည့် မိသားစုအနေဖြင့် သွားရောက်လည်ပတ်ရမည့် လူအရေအတွက်ခွဲတမ်းချပေးမှုနေရာတွင် ကောမိသားစုက ဦးစားပေးခံခဲ့ရသည်။ သို့သော် ထိုသို့ဦးစားပေးဆက်ဆံခံရလျှင်ပင် သွားလည်ပတ်ရမည့်လူဦးရေက စုစုပေါင်း ၂၀ ဦးသာဖြစ်၏။
သူတို့မိသားစုထဲတွင် ပန်ဒါအကောင်တစ်ရာနီးပါးရှိလေသည်။
ထို့အပြင် ပထမဆုံးအကြိမ်အဖြစ် သူတို့၏ဘိုးဘေးကို တွေ့နိုင်သည့် အခွင့်အရေးကို မည်သူကမှ မလွဲချော်ချင်ကြပေ။ သတင်းထုတ်လွှင့်လိုက်သည်နှင့် ပန်ဒါများက နေရာရရန် တိုက်ခိုက်လုနီးပါးပင် ဖြစ်ခဲ့သောကြောင့် သူတို့ အခြားနည်းလမ်းများကို စဉ်းစားရန် လိုအပ်လာခဲ့သည်။
အထူးသဖြင့် ဤရသစုံရှိုးအတွက် သူတို့၏ဘိုးဘေးသည်လည်း ထိုရသစုံရှိုးတွင် ပါဝင်လိမ့်မည်လားဆိုသည်ကို ကောရှစ်အာ သံသယဝင်မိသည်။ အဘယ်ကြောင့်ဆိုသော် သွားရောက်လည်ပတ်မည့် ခွဲတမ်းလူဦးရေစာရင်းကို စစ်ဆေးခဲ့သော်လည်း သနားစရာကောင်းစွာပင် ရသစုံရှိုး၏ဧည့်သည်တော်များအားလုံးကို ကြိုတင်၍ကြေညာမထားပေ။
ကောမိသားစုက အလွန်ချမ်းသာပြီး အဆက်အသွယ်ရှိလျှင်ပင် အစိုးရဥပဒေအရ မေးမြန်းစုံစမ်း၍ ရနိုင်လိမ့်မည်မဟုတ်ပေ။
တုန်နန် “.....”
သူတို့ ပြောခဲ့သလိုပင်။
ပြဿနာမှာ ကောမိသားစုက ပန်ဒါလေးဆယ်ကျော်ခန့်ကို ရသစုံရှိုးတွင် ပါဝင်စေချင်ကြ၏။
အဲဒါက အရမ်းကြီးမများပါဘူး၊ ဟုတ်တယ်မလား...
ထိုမျှသာမက၊ အလွန်ပင်နည်းလွန်းနေသေး၏။
လက်ပတ်ကွန်ပျူတာမှတစ်ဆင့် ကောရှစ်အာနှင့် စကားပြောနေခဲ့သည်။ ကောရှစ်အာဆိုသည်မှာ ကြယ်တာရာခေတ်တွင် ဂန္ထဝင်တယောသင်တန်းကျောင်းကို ပြန်လည်တည်ထောင်နိုင်ခဲ့သူဖြစ်ပြီး ပြဌာန်းစာအုပ်တွင် ထည့်သွင်းဖော်ပြခံရလိမ့်မည့် လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကာ ဆယ်နှစ်ဆက်တိုက် ဆူမိုချန်ပီယံ ကောရှစ်စန်းသည်လည်း ပထမတန်းစား ကိုယ်ခံပညာရုပ်ရှင်အမြားအပြားကို ဖန်တီးခဲ့သူလည်းဖြစ်၏။ သူ့ရုပ်ရှင်များကိုကြည့်ရင်း ကြီးပြင်းလာသူများမှာ ကြယ်တာရာတစ်ခုလုံးတွင် ဘီလီယံပေါင်းများစွာရှိပြီး ယခင်မျိုးဆက်၏ ငယ်ရွယ်မှု၊ ကလေးဘဝနှင့် အလားသဏ္ဍာန်တူပေ၏။ ချက်ကျလက်ကျပြောဆိုတတ်သူများအတွက် နှစ်သစ်ကူးပါတီပွဲတိုင်းက အဆုံးသတ်တစ်ခုသို့ ရောက်ကိုရောက်ရှိလာပေလိမ့်မည်။ ပန်ဒါတစ်ကောင်က အစိတ်အပိုင်းကြီးတစ်ခုလုံး၏ ကျော်ကြားနှိုင်းယှဉ်မှုအားလုံးကို ထမ်းဆောင်ထားနိုင်လေသည်။
တုန်နန်မှာ သတိလစ်လုမတတ်ပင်။
အကယ်၍များ ရှေးဟောင်းကမ္ဘာသို့ ဤပန်ဒါများအားခေါ်ဆောင်သွားခြင်းနှင့် ပတ်သက်ပြီး တစ်ခုခုမှားယွင်းသွားခဲ့လျှင် သူတို့အားလုံးနှင့်တွေ့ဆုံပြီး အကြိမ်ထောင်သောင်းမက သေဆုံးသွားပေလိမ့်မည်။
“ကျွန်တော် တောင်းပန်ပါတယ်… ဒါပေမဲ့ လေးဦးစာတော့ ရပါလိမ့်မယ်… ကျွန်တော်တို့ရဲ့ဧည့်သည်တော် အရေအတွက်က ရှစ်ယောက်ထိပဲ ကန့်သတ်ခံထားရလို့ပါ… အခု သုံးယောက်က အတည်ပြုပြီးသွားပြီ... နောက်ထပ် သိပ္ပံအကယ်ဒမီကျောင်းရဲ့ ကိုယ်စားပြုလူတွေလည်းကျန်သေးတယ်…”
ကောရှစ်အာ ခဏစဉ်းစားလိုက်သည်။
“ငွေကြေးကိစ္စလား… အဲဒီအကြောင်းနဲ့ပတ်သက်ပြီး မင်းတို့ စိတ်ပူမနေနဲ့…ငါတို့မိသားစုက ရသစုံရှိုးရဲ့အဓိကရင်းနှီးမြှုပ်နှံသူ ဖြစ်ပေးမယ်…”
တုန်နန် “.....”
ဒီသောက်ရမ်းချမ်းသာတဲ့လူတွေကတော့...
🐯🐯🐯