🌍Chapter 220
ထန်မော့မှာ မျက်နှာပြောင်လေးအား ထိုမေးခွန်းများကို အမှန်တကယ်မေးခဲ့ခြင်းမဟုတ်ပေ။
ပထမဦးစွာ စည်းမျဥ်းများထဲဖော်ပြထားသကဲ့သို့ မျက်နှာပြောင်လေးမှာ ထိုအလယ်ကွက်ထဲမှ ထွက်ခွာ၍မရချေ။ ဒုတိယအနေဖြင့် မျက်နှာပြောင်လေး၏ အဓိကလက်နက်မှာ မီးခြစ်ဆံဖြစ်သည်။ ယခုသူမလက်ထဲတွင် မီးခြစ်ဆံမရှိသဖြင့် သူမက ထန်မော့၏ပြိုင်ဘက်လုံး၀မဟုတ်။ ထို့ကြောင့် ထန်မော့အတွက် မျက်နှာပြောင်လေးမှာ ဖိနှိပ်နိုင်သော အားနည်းသည့် အနက်ရောင်မျှော်စင်ဘော့စ်သာဖြစ်သည်။
ထန်မော့သည် ဦးဦးယုန်ကို အကြပ်ကိုင်ဖူးသည့်အတွေ့အကြုံရှိရာဤအခွင့်အရေးကို လက်လွှတ်လိမ့်မည်မဟုတ်ချေ။
အဆုံးတွင် ထန်မော့နှင့် မျက်နှာပြောင်လေးတို့မှာ မိတ်ဟောင်းဆွေဟောင်းများဖြစ်သည်။ သူသည်မျက်နှာပြောင်လေး၏ အကြောင်းကိုနည်းနည်းပါးပါး နားလည်သည်ဟုဆိုနိုင်လေသည်။
မျက်နှာပြောင်လေးက မာရီယိုတို့ ပီနိုကီယိုတို့လိုမဟုတ်ချေ။ သူမကတည့်တိုးဆန်ကာ လှည့်စားရခြင်းကို မကြိုက်ချေ။ အနက်ရောင်မျှော်စင်ဂိမ်း၏စည်းမျည်းများကိုလည်း လိုက်နာတတ်ကာ စည်းမျည်းများကိုလည်း ဖုန်းကွယ်မထားတတ်ချေ။
သူမေးလျှင် သူမကျိန်းသေပေါက်ဖြေပေးမည်ပင်။
ထန်မော့ မျက်နှာပြောင်လေးအား လေးနက်စွာကြည့်လိုက်သည်။ သူ၏အလွန်ရိုးသား၍ ဖိုးသခွားဆန်လှသော အကြည့်များကြောင့်လားမဆိုနိုင်(ထန်မော့၏အတွေးသက်သက်) မျက်နှာပြောင်လေးမှာ အနေစွာဖြင့် ရပ်နေခဲ့သည်။ ကလေးမလေးသည် ချောင်း၂ကြိမ်ဟန့်လျက် သူမ၏မေးကို ပွတ်သပ်လိုက်ကာ ဆိုသည်။
"ကောင်းပြီလေ ကောင်းကောင်းမွန်မွန်မေးလာတာဆိုတော့လည်း သမီးကပဲ သဘောထားကြီးကြီးနဲ့ ဖြေပေးရမှာပေါ့"
လျို၀မ်ရှန်းနှင့် လင်းရှန်းရှီမှာ ထိတ်လန့်သွားလျက် ပိုင်ရို့ယောင်၏ မျက်နှာပေါ်မှ အပြုံးပင်လျှင် အေးခဲသွားခဲ့သည်။
၃ယောက်စလုံး တူညီစွာရေရွတ်မိသည်မှာ..
ဒီလိုလည်း ရသလားဟ...
၄င်းမှာ အမှန်တကယ်ဖြစ်နိုင်ပါသည်။
မျက်နှာပြောင်လေးပ ပျင်းရိစွာဖြေလာခဲ့သည်။
"ဂိမ်းကိုရှင်းဖို့နည်းကတော့ ဒါပေါ့ သမီးကို စာအုပ်ပေးပြီး ရှင်းလို့ရတာပေါ့...အမေကသမီးကို စာဖတ်စေချင်တာကိုး...သူကသမီးကို ပျော်စရာ ကလေးဘ၀မျိုးမရစေချင်ဘူးလေ...သူပြန်လာလို့ သမီး စာဖတ်နေတာကိုတွေ့ရင် ရှင်တို့ကို လုံး၀စားမှာမဟုတ်ဘူး...သမီးသာဘာသာစကားစာအုပ်ကိုဖတ်နေရင် အမေက ဘာသာစကားဆရာကို ဆုပေးပြီး အသုံးမကျတဲ့သင်္ချာဆရာကိုစားပစ်မှာပေါ့"
ဘုတ်ပြားပေါ်တွင်ထန်မော့မှာ မူလအကွက်တွင်ရပ်နေဆဲဖြစ်သည်။ ထိုစဥ်မျက်နှာပြောင်လေးမှာ ခေါင်းကိုမော့လျက် သူ့ကိုကြည့်လာခဲ့သည်။ ထိုကာရံထားသော မျက်နှာပြောင်ကြီးနောက်မှ မျက်လုံးတို့က ထန်မော့သည် သူ၏ခေါင်းပေါ်မှ သင်္ချာဟူသော စာလုံးများကို ကြည့်နေသည်ဟုခံစားရလေသည်။
မျက်နှာပြောင်လေးမှာ နှာမှုတ်လျက်ဆိုလာသည်။
"သမီးကသင်္ချာထက် ဘာသာစကားကို ပိုကြိုက်တာ အစ်ကိုကြီးရဲ့ သင်္ချာစာအုပ်ကို လုံး၀မဖတ်ချင်ဘူး"
"ဟီးဟီး ဒါဆိုရင် မင်းသင်္ချာစာအုပ်နဲ့ ဘာသာစကားစာအုပ်၂အုပ်လုံးတပြိုင်တည်းရရင်ဘယ်လိုလုပ်မလဲ"
မျက်နှာပြောင်လေးက လှည့်ကြည့်လာလျှင် ပိုင်ရို့ယောင်မှာ မျက်တောင် တဖြတ်ဖြတ်ခတ်လိုက်သည်။
မျက်နှာပြောင်လေးမှာ ဘ၀င်ခိုက်စွာဆိုလိုက်သည်။
"ရှင်ကမှ မတောင်းပန်တာကို သမီးကဘာလို့ဖြေရမှာလဲ"
"ငါတောင်းပန်နေတာပါ"
ပိုင်ရို့ယောင်တိုက်ရိုက်ဆိုလိုက်သည်။
မျက်နှာပြောင်လေး"..."
ခုခေတ်လူသားတွေက မျက်နှာအရေထူလာကြတာလား...
ကလေးမလေးသည် ခေါင်းကိုကုတ်လျက် ယခင်ကသူမတွေ့ဖူးသော လူသားကစားသမားများမှာ မတူညီသောမျိုးနွယ်များလားဟုပင်တွေးလိုက်မိသည်။
ဒီလူတွေက သိပ်အရှက်မဲ့တာပဲ...
မျက်နှာပြောင်လေးမှာ စိတ်ပျက်လက်ပျက်ဖြင့်ဆိုလာသည်။
"တစ်ချိန်တည်းမှာ စာအုပ်၂အုပ်ကို တပြိုင်တည်းပေးမယ်ဆိုရင် ဆရာတွေက ပိုထူးချွန်မနေပဲ ညံ့နေလို့ပေါ့...သမီးဘာသာစာဖတ်ချင်လို့ဖတ်တာဖြစ်သွားပြီ ဆရာတွေနဲ့ဘာမှမဆိုင်တော့ဘူး... အမေကရှင်တို့ကို ဆုပေးမှာမဟုတ်ဘူး...သမီးအတွက်ပဲ အရသာရှိတဲ့ ယုန်တွေနဲ့ သားပိုက်ကောင်တွေယူလာပေးမှာ...ရှင်တို့ကိုတော့ အသုံးမကျဘူးလို့တွေးပြီး စားရင်စားလိုက်မှာပေါ့"
ထန်မော့နှင့် ပိုင်ရို့ယောင်တို့၏ မျက်လုံးများမှာ တချိန်တည်းတွင်ကျဥ်းမြောင်းသွားခဲ့သည်။
တစ်သင်းမှာ ဆုကိုရပြီး ကျန်တစ်သင်းမှာ သေရမည်။
အကယ်၍၂သင်းလုံး တချိန်တည်းတွင် ဂိမ်းကိုရှင်းနိုင်ခဲ့ပါက တစ်သင်းမှ ဆုမရပဲ သေရမည်ဖြစ်သည်။
"ဒီတော့ရှေ့ကလူတွေအကုနယ် ဒီလိုပဲ သေကုန်ကြတာပေါ့"
ထန်မော့တွေးလိုက်မိသည်။
ပီကင်းတက္ကသိုလ်ဂိတ်ပေါက်မှ အစစ်အမှန်လောကဂိမ်းပွင့်လာသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး ပေကျင်းမှလူအတော်များများ၀င်ခဲ့ကြသည်။ သို့သော်ထိုသူများကို ဂိမ်းကို စိန်ခေါ်ရန် အသင်းလိုက်၀င်သွားသူများဖြစ်ကြသည်။ ကျပန်း၀င်လာသူများရှားကာ အများစုမှာ ပေကျင်းမှ အကောင်းဆုံးကစားသမားများဖြစ်ကြလေသည်။ ကစားသမား၄ဦးမှာ အသင်းအဖွဲ့တစ်ခုတည်းမှ လူများဖြစ်နေနိုင်သည်။ အားလုံးအတူတူသေဆုံးရမည်နှင့်ရင်ဆိုင်ရလျှင်
မိမိကိုယ်တိုင်လွတ်မြောက်မည့်အရေးကိုသာရွေးချယ်ပြီး ပူးပေါင်းမိကြတော့မည်မဟုတ်ချေ။
မှန်၏။ ဤဂိမ်း၏ အဓိကသေစေနိုင်သော အချက်မှာ စာအုပ်များ၏တည်နေရာမဟုတ်သလို ကစားသမားတစ်ဦးရွေ့နိုင်သော အကွက်အရေအတွက်လည်းမဟုတ်ချေ။ အသင်း၂သင်းနှင့် ၄င်းတို့၏ ပူးပေါင်းလိုမှုသာဖြစ်သည်။
ထန်မော့ အကြာကြီး မလှုပ်ရှားပဲ ရပ်နေခဲ့သည်။
တစ်ဖက်ခြမ်းမှ အမျိုးသမီးက မနေနိုင်တော့ဘဲ ဆိုလာခဲ့သည်။
"ဟေး ရှင်မရွေ့သေးဘူးလား...၀ံပုလွေဘယ်တော့ပြန်လာမလဲဆိုတာ ဘယ်သူသိမှာလဲ..ရှင့်မေးခွန်းတွေလည်း ကုန်ပြီမလား အမြန်ရွေ့တော့လေ"
"မေးခွန်းတွေကုန်ပြီလား"
ပိုင်ရို့ယောင်က ဆောင့်ကြွားကြွားလေသံဖြင့်မေးလာခဲ့သည်။
အမျိုးသမီး ခတ္တမျှနားမလည်နိုင်ခဲ့ချေ၊
ထန်မော့သည် အလယ်ကွက်မှ ကလေးမလေးကို မမှိတ်မသုန်ကြည့်လျက် ပေါ့ပါးစွာမေးလိုက်သည်။
"ဂိမ်းက အကြမ်းဖက်တာကို တားမြစ်ထားလား"
မျက်နှာပြောင်လေးမှာ ရုတ်ချည်း ကျက်သီးထဖွယ် လေချွန်သံကို ပြုလုပ်လာခဲ့သည်။
၄င်းမှာ မှန်ချပ်ပေါ် သံချွန်ဖြင့် ကုတ်ခြစ်နေသည့်နှယ်။ လင်းရှန်းရှီနှင့် လျို၀မ်ရှန်းတို့မှာ နားကို ကပြာကယာပိတ်လိုက်ပြီး ထန်မော့မှာ မျက်မှောင်ကျုံ့လိုက်လေသည်။ မျက်နှာပြောင်လေးက လေချွန်သံကို ရပ်လိုက်သည်။ ထို့နောက် ကြီးကြီးကျယ်ကျယ်မေးလာခဲ့သည်။
"ရှင်တို့ လူသားတွေကမလွန်လွန်းဘူးလား...ကောင်းတာဆိုးတာမရှိဘူး အကုန်လူဆိုးတွေပဲ..."
ထို့နောက် သူမရုတ်တရက်ရပ်တန့်သွားကာ စကားလုံးများကိုပြောင်းလိုက်သည်။
"ဒါပေမယ့်ကြိုက်ပါတယ်...ကံမကောင်းချင်တော့ ဒီဂိမ်းကအကြမ်းဖက်တာကို တားမြစ်ထားတယ်လေ"
"ဘာလို့လဲ"
သတ်ခြင်းဖြတ်ခြင်းနှင့်ပါတ်သတ်လျှင် ဤကလေးမလေးမှာ အတော်စိတ်ရှည်ခဲ့သည်။
"ကစားသမားတစ်ယောက် အကွက်ထဲကို ၀င်လာတာနဲ့...ရှင့်လိုပေါ့ ရှင်ဒီအကွက်ကို နင်းထားသလိုပေါ့..."
သူမက ပိုင်ရို့ယောင်ကို ပြောနေခြင်းပင်။
ပိုင်ရို့ယောင်မှာ သူ့ကိုသူ လက်ညိုးထိုးလိုက်သည်။
"ငါလား"
"ဟုတ်တယ် ရှင်ကအခု စာအုပ်အကွက်မှာ ရပ်နေပြီး မီးလည်း လင်းနေတယ်..ရှင်အဲဒီအကွက်က ထွက်လို့ရလား စမ်းကြည့်လေ"
ပိုင်ရို့ယောင် လက်ဖြင့်စမ်းကြည့်လိုက်လျှင် မမြင်ရသော နံရံကို ခံစားလိုက်ရသည်။
မျက်နှာပြောင်လေးမှာ ဆက်တိုက် ရှင်းပြနေခဲ့သည်။
"ကြည့်...ရှင်ထွက်သွားလို့မရဘူးဟုတ်...ဘာလို့ဆိုရှင့်အလှည့်မဟုတ်လို့..အကွက်တစ်ကွက်မှာ ရပ်နိုင်တဲ့သူကန့်သတ်မထားပေမယ့် ပထမဆုံးရပ်တဲ့သူကပဲ မီးလင်းမလင်းထိန်းချုပ်နိုင်ပြီး အထဲက ပစ္စည်းကိုပိုင်တာ"
မျက်နှာပြောင်လေးက ရုတ်ချည်းခေါင်းကုတ်လိုက်သည်။
"အာ..ရှင်းပြတာအဆင်မပြေဘူးပဲ...ဒီလိုပြောရအောင် ထန်မော့ကရှင့်အကွက်ထဲ ၀င်လာတယ်ပဲထား ဒီအကွက်ရဲ့ပိုင်ရှင်က ဒီဖြူချောလေးပဲဖြစ်နေဦးမှာ ထန်မော့မဟုတ်ဘူး..နားလည်ရဲ့လား"
ဖြူချောလေး ပိုင်ရို့ယောင်"..."
ထန်မာ့ရုတ်ချည်းပင် မျက်နှာပြောင်လေးမှာ ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရလေသည်။
လျို၀မ်ရှန်းကဆိုလာခဲ့သည်။
"နားလည်ပြီ"
ဒါပေမယ့်မင်းစကားတွေက အကြမ်းဖက်ခွင့်မပြုတာနဲ့ဘာများဆိုင်လို့လဲ..ခွင့်ပြုတာလား မပြုတာလား..
မျက်နာပြောင်လေးကဆိုသည်။
"ထန်မော့ ရှင်ကဒီအကွက်ကိုလိုချင်လို့ ဒီဖြူချောလေးကို သတ်ချင်ရင် သတ်လို့ရတယ် ဒါပေမဲ့ သူသေပြီးရင်တောင် သူ့ကိုယ်ကဒီအကွက်ထဲမှာရှိနေဦးမှာပဲ...သူ့အလှည့်ကလည်းပြီးသွားပြီး ဒီအကွက်ကနေ ဘယ်မှ မရွေ့နိုင်တော့ဘူး ရှင်ကသူ့ကိုယ်ကို အပြင်ကို ပစ်ထုတ်လိုက်ချင်ရင်တောင် မဖြစ်နိုင်ဘူး ဒီအကွက််ထဲက ပစ္စည်းက သူ...သူ့ရဲ့ကိုယ်က အမြဲပိုင်နေတော့မှာ"
လင်းရှန်းရှီက အတွေးများသွားခဲ့သည်။
"ဒီဟာက အကြမ်းဖက်မှု ခွင့်မပြုထားဘူးလို့ ဆိုလိုတာမှမဟုတ်တာ"
အကွက်၏ပိုင်ရှင်ကို ပြောင်းလို့မရသော်လည်း သတ်ချင်လျှင်တော့ သတ်နိုင်သည်။
လင်းရှန်းရှီစကားဆုံးဆုံးချင်းတွင် သူမ၏အမူအရာပြောင်းလဲသွားခဲ့သည်။ သူမရုတ်တရက် မျက်နှာပြောင်လေး၏ဆိုလိုရင်းကိုနားလည်သွားခဲ့သည်။ သူမသည်တဖက်မှ ထန်မော့နှင့် လျို၀မ်ရှန်းကို သတိနှင့်ကြည့်လာခဲ့သည်။
ပိုင်ရို့ယောင်ကမူ အခြားတစ်ခုကို အာရုံစိုက်နေခဲ့သည်။
"မင်းက သူ့ကိုကျ ထန်မော့တဲ့ ငါ့ကိုကျဘာတဲ့ ဖြူချောလေးဟုတ်လား...သူကငါ့ထက်ပိုလှတာမဟုတ်ဘူးလား သူ့ကိုကျနာမည်တိုက်ရိုက်ခေါ်တာဘာလို့လဲ သူ့ကိုသိလို့လား"
မျက်နှာပြောင်လေးမှာ ရှက်မသွားခဲ့ချေ။
"သိတာပေါ့ သိလို့သနားတာပေါ့"
ပိုင်ရို့ယောင်မှာ စိတ်၀င်စားသွားခဲ့သည်။
"ထန်မော့ကို သနားတယ်ပေါ့ ...ဟီးဟီး ဘာလို့ .."
"အခုမင်းအလှည့်ပဲ"
ထန်မော့၏ အေးစက်သော အသံကိုကြားလိုက်ရသည်။
ပိုင်ရို့ယောင်လှည့်ကြည့်လိုက်လျှင် ထန်မော့က ရွေ့ပြီးပြီဖြစ်မှန်းတွေ့လိုက်ရလေသည်။ ယခုသု့အလှည့်ပင်။
ပိုင်ရို့ယောင် သူ၏အရှေ့နှင့် အနောက်မှ အကွက်များကိုကြည့်လိုက်သည်။ အဆုံးတွင်သူသည် ညာဘက်ကိုရွေ့လိုက်လေသည်။
ဘုတ်ပြားတစ်ခုလုံးကို ၁ကွက်မှ ၅ကွက်အထိ Aမှ Eအစဥ်လိုက် ပိုင်းခြားထားသည်ဆိုလျှင်...ယခုပိုင်ရို့ယောင်မှာ D2တွင်ရပ်နေပြီး လင်းရှန်းရှီမှာ A2တွင်ရပ်နေကာ လျို၀မ်ရှန်းနှင့် ထန်မော့မှာ A4နှင့် E4တွင် ကိုယ်စီရပ်နေကြသည်။ လူတိုင်းမှာ ၇ကွက်စီရွေ့နိုင်ကာ ယခုက ဒုတိယတစ်လှမ်းသာဖြစ်သည်။
လျို၀မ်ရှန်းက ထန်မော့ကိုကြည့်လာပြီး ထန်မော့က ခေါင်းညိတ်ပြလိုက်သည်။
လူ၂ဦးမှာအစီအစဥ်ချထားသည့်အတိုင်းလှုပ်ရှားလိုက်ကြသည်။ ထန်မော့က စာအုပ်အကွက်ကိုရောက်အောင်သွားမည်ဖြစ်ကာ လျို၀မ်ရှန်းမှာ ထိုအကွက်၏မီးကိုလင်းနေစေရန်လုပ်ပေးမည်ဖြစ်သည်။
ပိုင်ရို့ယောင်မှာ မြွေလိုလူဖြစ်ကာ သာမာန်တွေးခေါ်မျိုးအတိုင်းမလုပ်နိုင်ချေ။ ထန်မော့သည် ပိုင်ရို့ယောင်ဦးတည်လာနိုင်သော နေရာကိုရှောင်ကာ တခြားဖက်ကိုရွေးလိုက်သည်။ သို့သော် သူမည်သည့်နေရာကို သွားသွား ပိုင်ရို့ယောင်လိုက်လာသည်။ သူ ၆လှမ်းမျှလှမ်းပြီးနောက်တွင် ထန်မော့က E3တွင်ရပ်နေပြီး ပိုင်ရို့ယောင်မှာ D2တွင်ရပ်နေကာ လျို၀မ်ရှန်းနှင့် လင်းရှန်းရှီတို့က B2နှင့် B4တွင် အသီးသီး ရပ်နေခဲ့ကြသည်။
စာအုပ်များမှာ B2နှင့် E2တို့တွင်ဖြစ်သည်။
ပိုင်ရို့ယောင်အလှည့်ရောက်သည်နှင့် သူကပြုံးလျက် E2ကိုလျှောက်သွားလိုက်ကာ ထိုအကွက်မှ မီးလည်း လင်းလာခဲ့သည်။
ထို့နောက် လျို၀မ်ရှန်း၏ အလှည့်ဖြစ်သည်။ သူကC5ကိုသွားရန်တွန့်ဆုတ်မနေပဲ ပိုင်ရို့ယောင်နှင့် မျက်နှာပြောင်လေး၏ အကွက်တို့ကို မီးငြိမ်းလိုက်လေသည်။ တတိယမြောက်မှာတော့ မျက်နှာ သိပ်မကောင်းသော လင်းရှန်းရှီဖြစ်ကာ C4ကိုလျှောက်သွားခဲ့သည်။ မျက်နှာပြောင်လေး၏ အကွက်မှာ တဖန်လင်းလာပြန်သည်။ အဆုံးတွင် ထန်မော့အလှည့်ရောက်လာခဲ့သည်။
လူတိုင်းထင်ထားသလိုပင် ထန်မော့ဘေးတိုက်ရွေ့လိုက်ကာ ပိုင်ရို့ယောင်နှင့် မျက်နှာပြောင်လေး၏ အကွက်ကို မီးငြိမ်းလိုက်ပြန်သည်။
ပထမအလှည့်မှာ လျင်မြန်စွာပြီးဆုံးသွားခဲ့သည်။
၄ယောက်လုံး ဂိမ်းကို မရှင်းနိုင်ခဲ့မှန်း သိသာလှသည်။
အနက်ရောင်မျှောစင်၏ ကလေးသံနှယ် ကြေညာမှုကို ကြားလိုက်ရလေသည်။
"ပထမအချီပြီးဆုံးသွားပါပြီ...မည်သူမျှဂိမ်းကို မရှင်းနိုင်ခဲ့ပါ..ကျေးဇူးပြုပြီး မိမိတို့နဲ့ သက်ဆိုင်ရာအကွက်ကို ပြန်သွားပြီး ဒုတိယအလှည့်ကို စောင့်ဆိုင်းပေးပါ"
"ငါတို့တွေကိုတောင်းပန်ချင်လား..."
ပိုင်ရို့ယောင်နှင့်လင်းရှန်းရှီမှာ အေးဆေးစွာပြန်လျှောက်လာစဥ် တည်ငြိမ်သော အမျိုးသားတစ်ဦး၏ လေသံကို ရုတ်ချည်းကြားလိုက်ရလေသည်။
၂ဦးစလုံးမှာခေါင်းကိုလှည့်လျက် အလွန်ရိုးသားပုံပေါ်သော လူရွယ်လေးကို လှည့်ကြည့်လာခဲ့သည်။
လျိူ၀မ်ရှန်းက C2မှာ ရပ်နေဆဲဖြစ်ကာ သူ၏ နှာရိုးပေါ်မှ မျက်မှန်ကို ပင့်တင်လိုက်သည်။ သူ၏လေသံမှာလည်းအလွန်တည်ငြိမ်နေခဲ့လေသည်။
"ဒီဂိမ်းမှာ ပထမဆုံးရွေ့ရတဲ့သူက ဘာအကျိုးမှ မရှိဘူး...နောက်ဆုံးကျန်ခဲ့တဲ့သူကပဲ အရေးကြီးတာ...အခုရွေ့လျားနိုင်တဲ့နောက်ဆုံးလူက ငါတို့အသင်းမှာပဲ သူသဘောမတူဘူးဆိုရင် ဒီဂိမ်းကို ဘယ်သူမှရှင်းလို့မရဘူး..၂သင်းလုံးအတူရှင်းမယ်ဆို သေဖို့ပဲရှိတယ်..တစ်သင်းနိုင်ရင်တော့ တစ်သင်းကသေမယ် လောလောဆယ် ၀ံပုလွေကလည်း ဘယ်တော့မှ ပြန်လာမှန်းမသိဘူး...ငါတို့မပြီးခင်ပြန်လာရင်လည်း အကုန်သေမှာပဲ အဲဒါကြောင့် မင်းပူးပေါင်းချင်လား"
ထို့နောက် သူကပြုံးလိုက်ကာဆိုသည်။
"ငါ့စကားကနည်းနည်းလိုသွားလို့ မင်းတို့နဲ့ပူးပေါင်းပေးဖို့ တောင်းပန်ချင်လား"
လင်းရှန်းရှီမှာ တန့်သွားပြီးမှ ဒေါသထွက်လာခဲ့သည်။
ပိုင်ရို့ယောင် ထိုလူရွယ်ကိုကြည့်လျက် ပြုံးလိုက်သည်။
ဤဂိမ်းထဲသို့၀င်လာစဥ်ကတည်းက ထိုကလေးမျက်နှာနှင့်လူက တစ်ချိန်လုံးပြုံးနေခဲ့တာဖြစ်သည်။ လျို၀မ်ရှန်းမှာ သူ့အား ပြုံးနေသော ငကြောင်ဟုသာ တွေးကာ သူ့အပြုံးနောက်ကွယ်မှ အဓိပ္ပါယ်ကို သတိမထားမိခဲ့ချေ။
သို့သော် ထန်မော့က ထိုနေရာတွင်သာ တချိန်လုံး တိတ်ဆိတ်စွာ ရပ်နေခဲ့လေသည်။
လျို၀မ်ရှန်းသည် ပိုင်ရို့ယောင်နှင့် လင်းရှန်းရှီက သူ၏စကားကို သေချာမကြားလိုက်ဟုထင်သဖြင့် ထပ်၍ဆိုလာသည်။
"ငါပြောတာက ငါတို့ဘက်ကအမှားမလုပ်သ၍ မင်းတို့တွေဒီဂိမ်းကိုရှင်းလို့ရမှာမဟုတ်ဘူးလို့...ငါတို့နဲ့ပူးပေါင်းဖို့တောင်းပန်မှ လူတိုင်းဂိမ်းကိုရှင်းနိုင်မယ့်အခွင့်အရေးရှိမှာလို့ အဲဒါကြောင့် မင်းတို့တွေ..."
"ငါကြားပါတယ်"
ပိုင်ရို့ယောင် ရုတ်ချည်းသူ၏ပါးစပ်ကိုဖွင့်လာခဲ့သည်။ ထို့နောက် သူ၏ညာလက်ကို ဆန့်ထုတ်ကာ သေနတ်သဏ္ဍာန်ပုံလုပ်လျက် လျို၀မ်ရှန်းကို ပစ်လိုက်သည်။ လျို၀မ်ရှန်း၏ အမူအရာ ပျက်ယွင်းသွားခဲ့သည်။
"အဲဒီတော့ဘာဖြစ်လဲ ..ပထမဆုံးပြောရရင် အနက်ရောင်မျှော်စင်ဂိမ်းတွေက အမြဲမျှတတယ်.. မညီမျှတဲ့ဂိမ်းဆိုတာ မရှိဘူး...ငါ့အသင်းကိုနိုင်အောင်လုပ်ပေးနိုင်တဲ့ နည်းတစ်နည်းတော့ရှိမှာပဲ.. မပေါ်လာသေးတာဒါမှမဟုတ် ငါတို့သတိမထားမိသေးတာပဲရှိမှာ ဒုတိယအနေနဲ့..."
ပိုင်ရို့ယောင်၏မျက်နှာပေါ်မှ အပြုံးမှာ တဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့သည်။ သူသည်ထိုလူရွယ်အား အေးစက်သော မျက်လုံးသေများဖြင့်ကြည့်လိုက်သည်။
"ဒုတိယအနေနဲ့... မင်းကဘာလို့စကားများနေတာလဲ...နောက်ဆုံးရွေ့ရမယ့်သူကထန်မော့ မင်းမို့လို့လား...သူကတောင်ငါနဲ့ မညှိနှိုင်းသေးတာကို ..မင်းကိုတောင်းပန်ပေးရမယ်ပေါ့"
ပိုင်ရို့ယောင်ရယ်လိုက်သည်။
"ဟီးဟီး.. မင်းတော့သေပြီပဲ ငါပြောရဲတယ်"
***
စာရေးသူမှာပြောစရာရှိတယ်:
ပိုင်ဟွေ့ယောင်: ထန်ထန်ကပဲ ငါနဲ့ညှိနှိုင်းဖို့အဆင့်မီီတယ်
ထန်ထန်: အိုး ဒါဆိုမင်းသေပြီပဲ..
လူအိုကြီးဖူ: ဒီနေ့က ဒရာမာတွေမရှိတဲ့နောက်တစ်ရက်ပဲ ..
🌍