🌍Chapter 218
ပိုင်ရို့ယောင် ထန်မော့အား တောက်ပစွာပြုံးပြလိုက်သည်။
ထန်မော့၏ မျက်နှာမှာမူ မည်းမှောင်သွားခဲ့လေသည်။
'မျက်နှာပြောင်လေး၏ အထင်သေးမှု...'
နှစ်၀က်ကျော်ကြာပြီကို ဒီဟာကြီးက ပျောက်မသွားသေးဘူးလား...
ထန်မော့၏ အမူအယာမှာ ပျက်ယွင်းနေသည့်တိုင် ၀ံပုလွေကြီးမှာ စိတ်မရှည်ခဲ့ချေ။ ကြီးမားပြီးကြောက်စရာကောင်းလှသော ၀ံပုလွေကြီးမှာ ထူးဆန်းသော အပြုံးနှင့် ကစားသမား ၄ဦးထံ တစ်လှမ်းခြင်းလျှောက်လာခဲ့သည်။
လူရွယ်နှင့် အမျိုးသမီးတို့က သူတို့၏ လက်နက်ကိုယ်စီအား ထိတ်လန့်စွာ ဆုပ်ကိုင်လိုက်ကြပြီး ထန်မော့နှင့် ပိုင်ရို့ယောင်မှာလည်း ထီးကလေးနှင့် လိပ်ပြာဓါးတို့ကို အသီးသီး ဆုပ်ကိုင်လိုက်ကြလေသည်။
၀ံပုလွေကြီးမှာ ကြမ်းရှသော အသံဖြင့်ဆိုလာခဲ့သည်။
"ငါက သူ့အမေပဲ"
ကစားသမားလေးဦးမှာ သူ့အား သတိဖြင့် စိုက်ကြည့်နေခဲ့ကြသည်။
သူတို့၏နောက်မှ ဥာဏ်ကောင်းသော မျက်နှာပြောင်လေးက လှမ်းအော်လာခဲ့သည်။
"အမေ"
၀ံပုလွေကြီးက ထပ်မံဆိုလာသည်။
"ငါကအမေ"
လူ၄ယောက်မှာ သူ့အား စိုက်ကြည့်နေကြဆဲပင်။
မိနစ်၀က်မျှကြာပြီးနောက် ၀ံပုလွေကြီးမှာ ထပ်မံအော်ဟစ်လာခဲ့သည်။
"ငါကအမေလို့ပြောနေတယ်လေ"
ထန်မော့၏ မျက်လုံးတို့မှေးကျဥ်းသွားခဲ့သည်။ သူကထီးကလေးကို လွှတ်လိုက်ပြီး သံယောင်လိုက်ကာ မေးလိုက်သည်။
"အမေလား"
လူရွယ်နှင့် အမျိုးသမီးမှာလည်း နောက်မှ အမြန်လိုက်ပြောလာကြသည်။
"အမေ"
ပိုင်ရို့ယောင်မှာ ထူးဆန်းစွာ ပြုံးနေပြီး သူမကို အမေဟု မခေါ်ခဲ့ပေ။ လူရွယ်နှင့် အမျိုးသမီးမှာ သူ့အား ဒေါသတကြီးစိုက်ကြည့်လျက် အမြန်အမေဟုခေါ်လိုက်ရန် မျက်လုံးဖြင့် အရိပ်အကဲပြနေခဲ့သည်။ ၀ံပုလွေကြီးက စိတ်မရှည်တော့ပဲ အေးစက်စွာ နှာခေါင်းကို ရှုံ့လာမှသ သူက ချွဲနွဲသောအသံဖြင့် အမေဟု ခေါ်လိုက်လေသည်။
၀ံပုလွေကြီးမှာ ကျေနပ်သွားခဲ့သည်။
၀ံပုလွေကြီး တင်ပါးတွင်လက်ထောက်လျက် တည်ငြိမ်စွာဆိုလာခဲ့သည်။
"မြင်ကြတဲ့အတိုင်းပဲ ငါ့သမီးငတုံးမက အမြဲပျင်းရိနေတာ...ပြီးခဲ့တဲ့ ၂ရက်တုန်းကလည်း မှော်၀င်မြက်ခင်းပြင်ကို မီးသွားရှို့သေးတယ်..သူ့ကိုအသေတော့ဆော်လိုက်ပါရဲ့ ငါ့မှာတော့ လျော်လိုက်ရတာဆိုတာလေ...ဒီနေ့နင်တို့ကိုခေါ်လိုက်တာက သူ့ကို နောက်ထပ်မပျင်းနိုင်အောင်လို့ပဲ"
ထို့နောက် ၀ံပုလွေကြီးမှာ ထန်မော့တို့အုပ်စုအား ပါးစပ်ပင်ဟခွင့်မပေးခဲ့ချေ။
"ဟဲ့ကောင်မလေး ဖင်လေးမနေပဲ ဒီကိုလာစမ်း"
မျက်နှာပြောင်လေးက အထွဍ်တက်လာခဲ့သည်။
"အမေပဲ ဒီမှာထိုင်ခိုင်းထားတာလေ"
၀ံပုလွေကြီးက ဟိန်းဟောက်လိုက်သည်။
"ငါကလာဆိုရင် လာလေ လျှာရှည်နေတာလား"
မျက်နှာပြောင်လေး အသံတိတ်သွားလျက် သူမ၏အမေဖြစ်သူကို စိုက်ကြည့်နေခဲ့သည်။ မည်သူမျှ သူမ၏ မျက်နှာကို မမြင်နိုင်သော်လည်း ထန်မော့သည် ထိုမိန်းကလေးက သူမ၏ မမြင်ရသော မျက်နှာအောက်တွင် သူမ၏ အမေကို ကျိန်ဆဲနေလိမ့်မည်မှန်း ခံစားမိနေခဲ့သည်။ သူမသည် ထန်မော့ကို တစ်ခါမှ မသိခဲ့ဖူးသကဲ့သို့ ခုံမှ ထ၍ လေးတွဲစွာလျှောက်လာခဲ့သည်။ အနားသို့ရောက်သည်နှင့် ၀ံပုလွေကြီး သူမကို ကောက်မလိုက်သည်။
"ဒီနေ့ သူ့ကိုကောင်းကောင့် စောင့်ကြည့်ထား ငါက သူငယ်ချင်းတစ်ယောက်ရဲ့ နာရေးကို သွားရမယ်..ငါပြန်လာလို့ သူထပ်ပျင်းနေတာကို တွေ့လို့ကတော့..."
၀ံပုလွေကြီးမှာ မြေပြင်ပေါ်ခြေဆောင့်ချလိုက်လျှင် မြေပြင်ပေါ်၌ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ပျံ့နှံ့သွားခဲ့သည်။ ထို့နောက် သူမ၏ချွန်မြသော သွားများကိုလျက်လိုက်ကာ ဆိုးရွားသော အပြုံးကြီးဖြင့်ဆိုလာခဲ့သည်။
"ငါနင်တို့ကို စားပစ်မယ်"
ထို့နောက် ၀ံပုလွေကြီးမှာ မျက်နှာပြောင်လေးအား သူမ၏ခုံထံသို့ ပစ်ပေါက်လိုက်သည်။ မျက်နှာပြောင်လေးမှ ထရန်ပြင်လိုက်သော်လည်း ၀ံပုလွေကြီးမှာ သူမကို ဟိန်းဟောက်လိုက်သည်။
"နင်ထရဲထကြည့်စမ်း"
မျက်နှာပြောင်လေးမှာ စားပွဲပေါ်တွင် မျက်နှာအပ်ကာလှဲနေပြီး မလှုပ်ရှားရဲတော့ချေ။
ဤသည်မှာ ထန်မော့အား စာကြည့်တိုက်ဂိမ်းထဲတွင် ခြိမ်းခြောက်မှုကို ပေးခဲ့သူဖြစ်ကာ မှော်၀င်မြက်ခင်းပြင်ကြီးကို မီးရှို့လျက် အနက်ရောင်မျှော်စင် မွန်းစတားများအားလုံးကို ထွက်ပြေးစေခဲ့သူဖြစ်သည်။
လူတိုင်းမှာ ၀ံပုလွေကြီး၏ စကားကို စဥ်းစားနေခဲ့ကြသည်။ ထန်မော့တစ်ယောက်၏ဦးနှောက်ကသာလျင်မြန်စွာလှုပ်ရှားနေခြင်းဖြစ်သည်။
သူကလွဲ၍ မည်သူကမျှ ဤကလေးမလေးမှာ မည်မျှပြင်းထန်မှန်းမသိကြချေ။ မျက်နှာပြောင်လေးမှာ အားမနည်းပဲ ကြက်ဆင်ကြီးနှင့်ပင်ယှဥ်နိုင်လေသည်။ သို့သော် သူမ၏မိခင်ဖြစ်သူရှေ့တွင် တုတ်တုတ်မှမလှုပ်ရဲခဲ့ချေ။ အကယ်၍ ၀ံပုလွေကြီးသာ မိမိတို့ကိုစားလိုပါက သူတို့တွင် အသက်ရှင်ရန် အခွင့်အရေးရှိလိမ့်မည်မဟုတ်ချေ။
...ပိုင်ရို့ယောင်က ၀ံပုလွေဆီမှာ အစားခံရမှာလား...
ထန်မော့တိတ်တဆိတ်လှည့်ကြည့်လျက် သူ၏ဘေးမှ ကလေးမျက်နှာနှင့် လူကို စူးစမ်းလိုက်သည်။
ပိုင်ရို့ယောင်မှာ ထန်မော့၏ အကြည့်ကိုမြင်လျှင် အပြုံးနှင့် မေးဆတ်ပြလာသည်။
"ဘာလဲ ငါချစ်ဖို့ကောင်းတာကို ရုတ်တရက်သတိထားမိသွားလို့လား"
ထန်မော့အကြည့်လွှဲလိုက်သည်။
မှန်၏။ ဂိမ်းထဲသို့ မ၀င်ခင်တွင် ထန်မော့သည် သေခြင်းတရားအရိပ်အယောင် စွမ်းရည်ကို အသုံးပြုခဲ့ပြီး အနက်ရောင် အလုံးကြီးကို မြင်ခဲ့ရသည်။
ပိုင်ရို့ယောင်မှာ အနက်ရောင် သေခြင်းတရား အရိပ်အငွေ့များဖြင့် လုံး၀လွှမ်းခြုံခံထားရကာ သူ၏ဆံပင်ကိုပင် မမြင်ရချေ။ မူလတွင် ထန်မော့သည် ထိုသူက ဂိတ်၀တွင် မီးခြစ်ဆံကို ကောက်ရန်ပြင်ခဲ့သောကြောင့် သေခြင်းတရားအရိပ်အယောင်များ ထူထပ်နေသည်ဟု ထင်ခဲ့သည်။ သို့သော် ပိုင်ရို့ယောင်မှာ မီးခြစ်ဆံကြီးကို မကောက်ခဲ့ချေ။ သို့သော် ထိုဖြစ်ရပ်ကိုကျော်လွန်သွားပြီးနောက် ပိုင်ရို့ယောင်၏ သေခြင်းအရိပ်အငွေ့များက လျော့နည်းမသွားခဲ့ချေ။ ပို၍ပင်တိုးလာသေးသည်။
ထန်မော့မှာ သေခြင်းအရိပ်အယောင်စွမ်းရည်အား တစ်နေ့တွင် ၃ကြိမ်သာအသုံးပြုနိုင်သည်။ ယနေ့ ပိုင်ရို့ယောင်အား နှစ်ကြိမ်ကြည့်လိုက်ပြီးဖြစ်ရာ ၁ကြိမ်သာကျန်တော့လေသည်။
ပိုင်ရို့ယောင်မှာ ထန်မော့တွင် သေခြင်းအရိပ်အယောင် စွမ်းရည်ရှိမှန်း မသိသေးချေ။ ထန်မော့၏ တွက်ဆမှုအရ ပိုင်ရို့ယောင်က သူ့အပေါ် ထိုစွမ်းရည်ကို အသုံးပြုခဲ့ပြီး သူ့တွင် သေခြင်းအရိပ်အငွေ့အနည်းငယ်သာရှိသည်ကိုတွေ့ခဲ့သည်ဟုပင်။
ပိုင်ရို့ယောင်တွင် ထိုမျှ ပြင်းထန်သော သေခြင်းအရိပ်အငွေ့များလွှမ်းခြုံနေသော်လည်း ထန်မော့ကမူ ရှင်းလင်းနေခဲ့သည်။
ထန်မော့ရုတ်ချည်းနားလည်သွားခဲ့သည်။
နေပါဦး ဒီဂိမ်းက...
"ဒါဆို ငါသွားပြီ...နင်တို့ အမြန်စီစဥ်လိုက်ကြ...ဘယ်အတွဲကဘာသာစကားသင်ပြီး ဘယ်အတွဲက သင်္ချာသင်မှာလဲ"
၀ံပုလွေကြီးမှာ လူ၄ယောက်အား စိတ်မရှည်စွာ ကြည့်လာခဲ့သည်။ သူကပိုင်ရို့ယောင်ကို လက်ညှိုးထိုးလျက်ဆိုသည်။
"နင်က ဘာသာစကားသင်"
သူမက သူ့အားရွေးချယ်ခွင့်မပေးသည်မှာ သိသာလှသည်။
"နင်နဲ့အတူ ဘာသာစကားသင်မယ့်သူကိုရွေးလိုက်"
လူရွယ်နှင့် အမျိုးသမီးမှာ တုန်လှုပ်သွားခဲ့သည်။
"ဒီဟာကဦးစားပေးတာလား"
မှန်၏။ ဤသည်မှာ အနက်ရောင်မျှော်စင်မှ သတ်မှတ်ထားသော ဦးစားပေးမှုပင်။
ပိုင်ရို့ယောင်က ဦးစားပေးခံရမှု ထိပ်ဆုံးတွင်ရှိသည်။
ပိုင်ရို့ယောင်၏ မျက်နှာပေါ်မှ အပြုံးမှာ ပိုမိုတောက်ပလာခဲ့သည်။
လူရွယ်နှင့် အမျိုးသမီးတို့၏ နှုတ်ခမ်းတို့တွန့်သွားခဲ့ကြသည်။ သူတို့သည် တတ်နိုင်သမျှဝေးဝေးတွင် ရပ်နေကြလျက် ထိုရူးကြောင်ကြောင်စိတ်တ္တဇလူက မိမိတို့ကိုသတိထားမိသွားမည်စိုးသည့်အလားအကြည့်လွှဲနေခဲ့ကြသည်။ သို့တိုင်အောင် လူ၂ဦးမှာ အရွေးခံရလိမ့်မည်ဟု မျှော်လင့်မထားချေ။ ၀ံပုလွေကြီး၏ စကားမှ အသင်းခွဲခိုင်းနေကြောင်း သိသာလှသည်။ ဤစိတ္တဇငကြောင်ကောင်မှာ ထိုခပ်ချောချောကောင်လေး၁ဦးနှင့်အတူ၀င်လာသည်ဖြစ်၍ ထိုသူကိုသာ အသင်းဖော်အဖြစ်ရွေးလောက်လေသည်။
၂ဦးသား ပိုင်ရို့ယောင်၏ ဆုံးဖြတ်ချက်အား ယုံကြည်မှုရှိရှိစောင့်နေခဲ့ကြသည်။ သို့သော် ပိုင်ရို့ယောင်၏ စကားသံကို ကြားလိုက်ရလေသည်။
"အိုး...ငါမင်းကိုရွေးရင်ရော"
အမျိုးသမီးငယ်မှာ အလွန်အမင်းထိတ်လန့်သွားခဲ့လေသည်။
၀ံပုလွေကြီးမှာ သူမအား ပုခုံးကိုပုတ်လျက် ပိုင်ရို့ယောင် ဘေးလို့တွန်းပို့လိုက်လေသည်၊ သူမကစိတ်မရှည်စွာဆိုလာသည်။
"အသင်းဖော်ရွေးတာက ပြဿနာများချက်ပဲ...နင်တို့တွေငါ့အချိန်ကိုဖြုန်းနေတာ...ဒီသောက်ကောင်မလေးကို ငါ့အစားကြည့်ထားကြ...ငါနာရေးသွားဦးမယ်...ငါပြန်လာလို့ သူအားယားနေတာကို ထပ်တွေ့လို့ကတော့"
သူမကသံရှည်ဆွဲလျက် ထန်မော့ကို စူးစိုက်ကြည့်လာခဲ့သည်။
"နင်ကနေစပြီး စားပစ်မယ်"
ထန်မော့၏ မျက်လုံးတို့ လှုပ်ရှားသွားသော်လည်း အမူအရာကမူ မပြောင်းလဲခဲ့ချေ။
မကြာခင်မှာပင် ၀ံပုလွေကြီးမှာ ပီကင်းတက္ကသိုလ် ဂိတ်ပေါက်မှ ပြေးထွက်သွားတော့သည်။
၀န်းအတွင်း၌ မျက်နှာပြောင်လေးမှာ သူမ၏ခေါင်းကို စားပွဲပေါ်ဆောင့်ချလိုက်ပြီး ဘာကိုမျှဆိုမလာချေ။ လေအေးကဖြတ်တိုက်သွားလျက် ကစားသမား၄ဦးမှာ တစ်ဦးကိုတစ်ဦးကြည့်လိုက်မိကြသည်။ မိနစ်ပိုင်းမျှကြာပြီးနောက် မျက်နှာပြောင်လေး၏ မှုန်ကုပ်ကုပ်လေသံကို ကြားလိုက်ရလေသည်။
"အဲဒီမှာ ဘာရပ်လုပ်နေကြသေးတာလဲ"
လူရွယ်နှင့် အမျိုးသမီးမှာ မလှုပ်ရှားရဲကြချေ။ ပိုင်ရို့ယောင်မှာ ပါးစပ်ကိုဖွင့်လျက် တစ်ခုခုပြောရန်ပြင်လိုက်သည်။
သို့သော် အမြဲသတိထားနေတတ်သော ထန်မော့က ထိုမျက်နှာပြောင် မိန်းကလေးကို စကားစပြောလာလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ထို့နောက် သူချက်ချင်းနားလည်သွားခဲ့သည်။ ထန်မော့တွင် မီးခြစ်ဆံကြီးရှိနေရာ ဤမိန်းကလေးကို သိပေလိမ့်မည်။
ထန်မော့ကမေးလိုက်သည်။
"ဂိမ်းကိုဘယ်လိုစရမလဲ"
သူ၏စကားမှာ လိုရင်းကိုတန်းလျက် အပိုအလိုမရှိချေ။
မျက်နှာပြောင်လေး"..."
ကလေးမလေးက အော်ဟစ်လာသည်။
"နင်ကဘာလို့ ငါ့ကို မချော့သေးတာလဲ...ငါမီးရှို့ချင်တယ်လို့...ငါဆော့ချင်တာ...ဒီမှာမနေချင်ဘူး"
ထန်မော့မှာ မျက်နှာသေကိုချိတ်ဆွဲထားဆဲ။
"အဓိကမစ်ရှင်ကဘာလဲ"
မျက်နှာပြောင်လေး"..."
အနက်ရောင်မျှော်စင်မွန်းစတားတွေ ဒီနှစ် အနိုင်ကျင့်ခံနေရသလိုပဲ...
ထန်မော့မှာ (သူမရိုက်နိုင်သော)အမေ၀ံပုလွေကြီးကို မျက်နှာသာပေးကောင်းပေးလိမ့်မည် ဤကလေးမလေးကိုတော့ အလိုမလိုက်နိုင်ချေ။
ထန်မော့က သူမပြောသလိုမဖြစ်၍ မျက်နှာပြောင်လေးသည် အရေးမပါသည်တို့ကို လျှောက်ပြောမနေတော့ချေ။ သူမကထရပ်လာခဲ့သည်။ မြေကြီးတုန်ခါသံနှင့်အတူ အပြာရောင် အလင်းများတောက်ပလာခဲ့သည်။ သူတို့သည် ကျယ်၀န်းသော ကျောင်း၀န်းထဲတွင် ထောင့်ကွက်တစ်ခုပေါ်လာသည်ကို တွေ့လိုက်ရလေသည်။
၄င်းမှာ ၅×၅ ထောင့်ကွက်ဖြစ်ကာ ၂၅ကွက်ပါရှိသည်။ ထို၂၅ကွက်၏ အလယ်တွင် မျက်နှာပြောင်လေးက ရပ်နေခဲ့သည်။ ထိုအကွက်များ၏ ထောင့်ချိုးတွင် စာလုံးများ လေပေါ်ပျံနေခဲ့သည်။ ဘယ်ဘက်တွင် 'ဘာသာစကား' 'ဘာသာစကား'ဖြစ်ကာ ညာဘက်တွင် 'သင်္ချာ' 'သင်္ချာ'ဟူ၍ပင်။
မျက်နှာပြောင်လေးမှာ စိတ်မပါစွာဆိုလာသည်။
"အထဲမှာရပ်လိုက်"
ကစားသမား၄ဦးစလုံးမှာ အနည်းဆုံး အနက်ရောင်မျှော်စင်ပထမထပ်ကိုတော့ရှင်းထားပြီးဖြစ်သည်။ သူတို့သည် မျက်နှာပြောင်လေးထံမှ ရှင်းပြရန်မလိုအပ်ပဲ သက်ဆိုင်ရာအကွက်များတွင်ရပ်လိုက်ကြသည်။ ထန်မော့က ညာဘက်အပေါ်မှ သင်္ချာကွက်ကိုရွေးခဲ့ပြီး ပိုင်ရို့ယောင်မှာတော့ ဘယ်ဘက် အပေါ်မှ ဘာသာစကားကွက်ကိုရွေးခဲ့သည်။ လူ၂ဦးက ဆန့်ကျင်ဘက်တွင် ကိုယ်စီရပ်နေခဲ့ကြသည်။ ပိုင်ရို့ယောင်မှာ ပြုံးနေခဲ့ပြီး ထန်မော့မှာတော့ မျက်နှာပြောင်လေးကို ကြည့်နေခဲ့လေသည်။
"ပြီးရင်ရော..."
မျက်နှာပြောင်လေးမှာ လုံး၀စိတ်ပျော်မနေချေ။
ဤကစားသမား၄ယောက်က ဘာလို့ကလေးတစ်ယောက်အပေါ် ခင်မင်ရင်းနှီးမှုလေးတောင် မရှိရတာလဲ...
သူတို့က ဂိမ်းကို တန်းစတင်ပြီး ဤနေရာကို လွှမ်းမိုးခြယ်လှယ်နေကြသည်။
သူမ၏ရင်ထဲတွင် ပေါက်ကွဲနေသော်လည်း မျက်နှာပြောင်လေးမှာ စားပွဲပေါ်တွင် လှဲချလျက် စကားမဆိုခဲ့ချေ။
လူရွယ်နှင့် အမျိုးသမီးမှာ စိုးရိမ်ပူပန်နေပြီး မျက်နှာပြောင်လေးအား ဂိမ်းအကြောင်း အသေအချာရှင်းပြစေချင်ခဲ့သည်။ သူတို့ပါးစပ်ကိုမဖွင့်နိုင်ခင်မှာပင် မျက်နှာပြောင်လေးမှာ သူမ၏မျက်နှာကို လက်မောင်းများကြားမှောက်လိုက်သည်။ သူမထိုသို့လုပ်လိုက်သည်နှင့် အနက်ရောင်မျှော်စင်၏ ကြေညာသံက ကျယ်လောင်စွာထွက်လာခဲ့လေသည်၊
"တင်းတောင်~ အဓိကမစ်ရှင်' ခပ်ညံ့ညံ့အရည်အသွေးနဲ့ပစ္စည်းတွေထဲမှာ မျက်နှာပြောင်လေးက အသာဆုံးပဲ" ကို အသက်သွင်းလိုက်ပါပြီ"
"ဂိမ်းရဲ့ စည်းမျည်းတွေကတော့..."
"ပထမအချက်၊ မျက်နှာပြောင်လေးဟာ အလယ်ကွက်မှာပဲ ထိုင်နေပြီး ဘယ်ကိုမှ သွားလို့မရပါဘူး"
"ဒုတိယအချက်၊ ဂိမ်းအချီများကို မစတင်မီ ကစားသမားများဟာ သက်ဆိုင်ရာအကွက်မှာ မှန်ကန်စွာ ရပ်နေကြရပါမယ်"
“တတိယအချက်၊ ၁၀မိနစ်တစ်ကြိမ် ပစ္စည်း အမျိုး၂၀ပေါ်လာမှာဖြစ်ပါတယ်...ဒီပစ္စည်းတွေဟာ မျက်နှာပြောင်လေးရဲ့ ရတနာတွေဖြစ်ပြီး မျက်နှာပြောင်လေးနဲ့ ကစားသမားများ ကိုယ်တိုင် ရပ်နေတဲ့ အကွက်ကလွဲရင် ကျန်အကွက်တွေမှာ တစ်ခုစီရှိနေမှာဖြစ်ပါတယ်"
“စတုတ္ထအချက်၊ မျက်နှာပြောင်လေးကို အလင်းကလွှမ်းခြုံထားပြီး ပစ္စည်းတွေကိုတော့အလင်းပြာက လွှမ်းခြုံထားပါတယ်...ပစ္စည်းတစ်ခုပေါ်လာတာနဲ့ မျက်နှာပြောင်လေးအပါအ၀င် အလင်းအပိတ်အဖွင့်ဟာ ကျပန်းသာဖြစ်ပါတယ်...ပထမတစ်ခုမှာပွင့်လာပြီး ဒုတိယတစ်ခုမှာ ပိတ်သွားမှာပါ"
“ပဥ္စမအချက်၊ ကစားသမားတစ်ယောက်ဟာ အလင်းလွှမ်းခြုံထားတဲ့ ပစ္စည်းရှိရာ အကွက်မှာ ရပ်မိတဲ့အခါ ထောင်လိုက် အကွက်တွေအားလုံးဟာလည်း ပြောင်းလဲသွားမှာဖြစ်ပါတယ်...အလင်းပွင့်နေတဲ့ ပစ္စည်းတွေကပိတ်သွားမှာဖြစ်ပြီး ပိတ်နေတဲ့ ပစ္စည်းတွေကတော့ ပွင့်လာမှာပါ"
"ဆဌမအချက်၊ ကစားသမားတွေက ဦးစားပေးအစဥ်လိုက်အတိုင်းရွေ့လျားရမှာဖြစ်ပါတယ်...ထိပ်ဆုံးဦးစားပေးကစားသမားက အရင်ဆုံးရွေ့ရမှာဖြစ်ပြီး ဦးစားပေးမှုနောက်ဆုံးဘိတ်မှာရှိတဲ့ကစားသမားကတေ့ နောက်ဆုံးမှ ရွေ့ရမှာပါ...ကစားသမားများဟာ တစ်ကြိမ်မှာ တစ်ကွက်ကိုသာရွေ့ရမှာပါ...အရှေ့အနောက် ဘယ်ညာအဖြစ် ရွေ့ရမယ့်အကွက်ကို ရွေးချယ်နိုင်ပါတယ်"
"သတ္တမအချက်၊...တစ်လှည့်စီမစတင်ခင်မှာ ကစားသမားတစ်ယောက်ချင်းစီတိုင်း ရွေ့နိုင်တဲ့ အကွက်အရေအတွက်ကို ကြေညာပေးမှာဖြစ်ပါတယ်"
"အဌမအချက်၊ လိုအပ်တဲ့လုပ်ဆောင်မှုတွေ ပြီးမြောက်တာနဲ့ ကစားသမားရပ်နေတဲ့ အကွက်က ပစ္စည်းဟာလည်း လင်းနေတယ်ဆိုရင် အဲဒီပစ္စည်းကို မျက်နှာပြောင်လေးဆီပို့ပေးမှာဖြစ်ပါတယ်...မျက်နှာပြောင်လေးရဲ့ အလင်းဟာ ပိတ်နေမယ်ဆိုရင်တော့ ပစ္စည်းကို မျက်နှာပြောင်လေးဆီ ပို့ပေးလို့မရပါဘူး"
“န၀မအချက်၊ တစ်လှည့်ချင်းစီမစတင်ခင်မှာ ဘာသာရပ်တူတဲ့ ကစားသမား၂ယောက်ဟာ စိတ်ကြိုက်ဆွေးနွေးခွင့် ၅မိနစ်ရရှိပါမယ်...ဒီဆွေးနွေးမှုကို အခြားကစားသမားကကြားနိင်မှာ မဟုတ်ပါဘူး"
"ဒဿမအချက်၊ အလှည့်တိုင်းမှာ အနည်းဆုံး တစ်ကွက်မှာတော့ စာအုပ်တစ်အုပ် ကျိန်းသေပါရှိမှာဖြစ်ပါတယ်"
ဂိမ်း၏ စည်းမျည်းများကြေညာခြင်းပြီးဆုံးသွားချေပြီ။ ကျယ်၀န်းသော ထောင့်ကွက်ပေါ်တွင် အလင်းများမှာ သူ့အကွက်နှင့်သူ လင်းလာခဲ့သည်။ အလင်းဆုံးမှာ အလယ်တွင် ထိုင်နေသော မျက်နှာပြောင်လေးဖြစ်သည်။ ကျန်အကွက်၂၀မှာ ဗလာကွက်များဖြစ်သည်။ ဂိမ်းမှာ မစတင်သေး၍ ပစ္စည်းများလည်းပေါ်မလာသေးချေ။
ထန်မော့၏ လိုရင်းတိုရှင်းမေးခွန်းများကြောင့် အစစ်အမှန်ဂိမ်း၏စည်းမျဥ်းများမှာ လျင်မြန်စွာကြေညာခံရသည်။
ထန်မော့ စည်းမျဥ်းများကို ဂရုတစိုက်တွေးတောနေခဲ့သည်။ ဘေးဘက်တွင်တော့ လူရွယ်နှင့် အမျိုးသမီးတို့မှာ အကြာကြီးစဥ်းစားနေပြီးနောက် ဂိမ်းစည်းမျဥ်းများကို နားလည်သွားပုံပင်။ ထန်မော့လှည့်ကြည့်လိုက်သော် ပိုင်ရို့ယောင်က သူ့အား သွေးဆာနေသော မျက်၀န်းများနှင့် နှုတ်ခမ်းတွင်မူအပြုံးကို ချိတ်ဆွဲထားလျက် စိုက်ကြည့်နေခဲ့သည်။
ယခင်ကလိုမဟုတ်ပဲ ဤတစ်ကြိမ်တွင် အနက်ရောင်မျှော်စင်က နောက်ဆုံးမေးခွန်းတစ်ခုကိုသာ မေးခဲ့သည်။
"ရှင်သန်ရေးလား လိုလီလား"
"ဖြေရှင်းရမယ့်ပြဿနာပဲဖြစ်ပါတယ်"
"' ခပ်ညံညံ့အရည်အသွေးနဲ့ ပစ္စည်းတွေထဲမှ မျက်နှာပြောင်လေးက အသာဆုံးပဲ' ပထမအကြိမ် စတင်ပါပြီ"
🌍