Chapter 160
Viewers 36k

💮Chapter 160



 

ကျန်းသခင်လေးက စကားပြောကောင်းသူတစ်ဦး ဖြစ်သည်။ သူရှိနေသရွေ့ ခဏတဖြုတ်ပင် တိတ်ဆိတ်နေမည် မဟုတ်ပေ။

 

ဝမ်ချီက အလွန်လူဝင်ဆံ့သူ မဟုတ်သော်လည်း ကျန်းသခင်လေးနှင့် အလိုက်အထိုက် ပြန်ပြောနိုင်သေး၏။

 

ဝမ်ချီက တဖြည်းဖြည်း ပို၍ သက်သောင့်သက်သာ ရှိလာသည်။

 

ကျန်းသခင်လေးက ဝမ်ချီအား စားသောက်ဆိုင်၏ တံခါးဝထံသို့ လိုက်ပို့ပေးလိုက်၏။ ထို့နောက် နောက်တစ်ကြိမ် ထပ်မံလာရောက်ရန် နွေးနွေးထွေးထွေး ဖိတ်ခေါ်ခဲ့သည်။

 

ဝမ်ချီက သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

 

ကျန်းခင်လေးက ပျော်ရွှင်စွာဖြင့် စတင်၍ စကားများလာပြန်သည်။

“သခင်လေး စိတ်ပါရင် ကျွန်တော် နောက်တစ်ခါ လူတချို့နဲ့တွေ့ဖို့ခေါ်သွားမယ်… သူတို့လည်း ကျွန်တော်တို့လိုမျိုး ကိုယ်ဝန်ဆောင်တွေပဲ… ညီအစ်မနှစ်ယောက်ဆိုရင် သခင်လေးလိုမျိုး သားဦးကို မွေးဖွားကြမှာလေ… သူတို့နဲ့ များများဆက်သွယ်နိုင်ရင် သခင်လေးအတွက် ပိုပြီးလွယ်ကူတာပေါ့ ...”

 

ဝမ်ချီက ကျန်းသခင်လေးကို ကြည့်လိုက်သည်။ သူက သူ့အတွေးများ အလွယ်တကူ ထုတ်ဖော်ခံရမည်ဟု မထင်ထားခဲ့ပေ။

 

“ဝမ်သခင်လေး … ကျွန်တော်က ကလေးနှစ်ယောက်တောင် မွေးပြီးပြီလေ … ပြီးတော့ သခင်လေးက ဒီလောက်သိသာနေတာ …”

ကျန်းသခင်လေးက ရယ်ရခက် ငိုရခက် ဖြစ်သွား၏။ သို့သော် သူက ဝမ်ချီ၏ပခုံးကိုထိကာ ပြောလိုက်သည်။ 

“သားဦးကိုမွေးခါနီးမှာ စိုးရိမ်တာသဘာဝကျပါတယ် … ကျွန်တော်ဆိုရင် အိပ်မက်ဆိုးတွေတောင် မက်လေ့ရှိတယ်…”

 

ကျန်းသခင်လေးက ထိုအိပ်မက်ဆိုးကို ပြန်တွေးရင်း ပခုံးတွန့်လိုက်သည်။ သူက ခေါင်းယမ်းကာ အဆိုပါ ကြောက်စရာပုံရိပ်များကို ဖယ်ရှားလိုက်၏။

“သခင်လေးက ဒီအတိုင်း အတွေ့အကြုံမရှိသေးလို့ပါ … နောက်ပိုင်း တတိယကလေးတို့ စတုတ္ထကလေးတို့ မွေးတဲ့အခါကျ အသားကျသွားပါလိမ့်မယ် … ကျွန်တော်တို့လိုလူတွေနဲ့ မကြာခဏ အချိန်ဖြုန်းပေးတာလည်း ကောင်းတာပဲ…”

 

ဝမ်ချီက တတိယမြောက်ကိုယ်ဝန်နှင့် စတုတ္ထကိုယ်ဝန်လွယ်ထားသည့် သူ့ကိုယ်သူ မြင်ယောင်ရင်း ကြက်သီးထလာသည်။

 

တစ်ခါတစ်ရံ သူက ဝမ်းတွင်းရှိ ကလေးကိုပင် မလိုချင်ချေ။ ထို့အပြင် သူက အမျိုးသမီးလည်း မဟုတ်ပေ။ သူ ကလေးမွေးနိုင်သော်လည်း အမျိုးသမီးများ ကလေးမွေးသည်ထက် ပိုမိုခက်ခဲမည်မှာ သေချာ၏။

 

သို့သော် ထိုစကားလုံးများက သူ့အတွေးထဲ၌သာ ရှိကြသည်။ ကျန်းသခင်လေးက သူ၏ တတိယကိုယ်ဝန်နှင့် ပျော်ရွှင်နေသည်ဖြစ်ရာ ဝမ်ချီ့အနေဖြင့် ထိုအတွေးများအား ထုတ်ပြောရန် မသင့်ချေ။

 

“ကျွန်တော် နားလည်ပါပြီ …ကျန်းသခင်လေးရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ် …”

ဝမ်ချီက ကျေးဇူးတင်ဟန်ဖြင့် ဆို၏။


ကျန်းသခင်လေးက ပြုံးကာ ပြော၏။

“သူငယ်ချင်းတွေပဲလေ… ယဉ်ကျေးနေဖို့မလိုပါဘူး …”

 

သူတို့နှစ်ဦးက စကားအနည်းငယ် ပြောဆိုပြီးသည့်နောက် ရှောင်ရွှမ်ကျီအား ရထားလုံးကို ခေါ်စေလိုက်သည်။ ဝမ်ချီက ကျန်းသခင်လေးအား နှုတ်ဆက်စကားဆိုပြီးနောက် ယောဖန်း၏အကူအညီဖြင့် ရထားလုံးပေါ်တက်လိုက်၏။

 

ဝမ်ချီက ပြတင်းပေါက်ရှေ့၌ထိုင်ရင်း ကန့်လန့်ကာစကိုမကာ အပြင်ဘက်သို့ ကြည့်လိုက်သည်။ ကျန်းသခင်လေးက ဆိုင်တွင်းသို့ ပြန်ဝင်သွားသည်ကို သူတွေ့လိုက်ရ၏။

 

ကျန်းသခင်လေး၏အနီးရှိ အစေခံက သူ့အား ကူတွဲလိုခဲ့သည်။ သို့သော် ကျန်းသခင်လေးက လက်ဝေ့ယမ်း၍ ငြင်းပယ်လိုက်ပြီးနောက် ခေါင်းငုံ့ကာ သူ၏ စူထွက်နေသော ဗိုက်ကလေးကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းများတွင် နူးညံ့သည့်အလင်းများဖြင့် ပြည့်နှက်နေ၏။

 

နွေဦး၏ နေရောင်ခြည်က ကျန်းသခင်လေးကို ရစ်ပတ်ထား၏။

 

လက်ရှိအချိန်၌ ကျန်းသခင်လေးက ခန္ဓာကိုယ်မှ အလင်းများ ဖြာထွက်လျက်ရှိသည်။

 

ဝမ်ချီက မြင်ကွင်းကြောင့် ကြည်နူးသွား၏။ ယောဖန်းက သူ့လက်အား ခပ်ဖွဖွပုတ်လိုက်မှသာ သတိပြန်ဝင်လာရင်း ကန့်လန့်ကာကို ချလိုက်သည်။

 

ယောဖန်းက မေးလိုက်၏။

“သခင်လေး … ဘာများဖြစ်လို့လဲ …”

 

ဝမ်ချီက သူမြင်လိုက်ရသည့် မြင်ကွင်းကို တွေးရင်း သူ့ ဝမ်းဗိုက်အား လက်ဖြင့် အုပ်ကိုင်လိုက်သည်။

“ငါ အတွေးလွန်နေတယ်လို့ ထင်လား...”

 

ယောဖန်း နားမလည်ဖြစ်သွား၏။

“သခင်လေးက ဘာကိုများ တွေးနေတာပါလဲ …”

 

ဝမ်ချီက အသက်ပြင်းပြင်းရှိုက်လျက် ပြောသည်။

“ငါ… ငါ ကလေးမွေးရမှာ ကြောက်နေတာ …”

 

ဝမ်ချီက ယောဖန်းအား ထိုသို့မပြောပြခဲ့ဖူးချေ။ အမှန်စင်စစ် သူက မည်သူ့ကိုမှ ပြောမပြခဲ့ခြင်းဖြစ်၏။ သူ၏ စိုးရိမ်မှုကို အားလုံးသိအောင် ပြောပြရမည်ဟုလည်း သူ မတွေးမိခဲ့ချေ။

 

ထို့အပြင် သူက ကလေးမွေးရမည်ကို ကြောက်ရွံ့စိုးရိမ်နေခြင်းသာ ဖြစ်သည်။ ကလေးကို မလိုချင်ခြင်းမဟုတ်ပေ။

 

ဝမ်ချီက အဆိုပါ မကောင်းမြင်စိတ်များရှိနေသည်မှာ သာမန်ဖြစ်သည်ဟု ထင်ခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ထိုအတွေးများထဲမှ သူ ရုန်းထွက်၍ မရတော့ချေ။

 

စိုးရိမ်မှုနှင့် မလွယ်ကူမှုတို့က သူ့အား ကြိုးတစ်ချောင်းပမာ တင်းတင်း ဆွဲရစ်နေ၏။

 

သူက စိတ်ကိုတည်ငြိမ်စေရန် စာအုပ်များစွာ ဖတ်ရှုခဲ့သည်။ သို့သော် ထိုစာအုပ်များကို ဖတ်ခြင်းဖြင့် စိုးရိမ်စိတ်က ပို၍သာတိုးလာခဲ့၏။

 

အမျိုးသားများက အမျိုးသမီးများထက် ပို၍ မွေးဖွားရခက်သည်ဟု စာအုပ်များထဲတွင် ရေးသားထား၏။ မရေမတွက်နိုင်သည့် အမျိုးသားများမှာ ကလေးမွေးဖွားနေစဉ် သေဆုံးသွားခဲ့ကြသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်နှင့် မိသားစုဝင်များက စိတ်ကိုပြင်ဆင်ထားရန် လိုအပ်၏။


ဝမ်ချီက နာကျင်ရမည်ကို သေရမည်ထက် ပို၍ကြောက်ရွံ့သူဖြစ်သည်။ သူက နောက်ထပ်သုံးလေးလအကြာတွင် မည်သို့သော အခြေအနေမျိုး စောင့်ဆိုင်းနေကြောင်း စိတ်ကူး၍ပင်မရချေ။

 

ထို့အပြင် ယခုလတ်တလော တစ်ကြိမ်တစ်ခါမှ ပေါ်မလာခဲ့သည့် ဟွားရင်း …

 

ရှစ်ယဲ့ခန္ဓာကိုယ်ထဲရှိ အဆိပ် …

 

ဝမ်ချီက ရှစ်ယဲ့အား မေးမကြည့်ခဲ့သော်လည်း ထိုအချက်နှစ်ချက်က သူ့နှလုံးသားကို ဆူးများသဖွယ် ထိုးဖောက်နေ၏။

 

ထိုအရာနှစ်ခုနှင့် ကလေးမွေးရန် ကြောက်စိတ်က ဝမ်ချီအား အတွေးများထဲသို့ နစ်မြုပ်နေစေခဲ့သည်။

 

ဝမ်ချီက ဤကလေး ဤလောကကြီးထဲသို့ ရောက်မလာလျှင် ပိုကောင်းလိမ့်မည်ဟုပင် တွေးမိခဲ့၏။

 

သူတို့အတွက် ကလေးတစ်ယောက် ရှိလာခြင်းက ဝန်ပိုတစ်ခုသာ ဖြစ်ပေလိမ့်မည်။

 

သို့သော် နေပူဆာလှုံနေသည့် ကျန်းသခင်လေးအား တွေ့လိုက်ရချိန်၌ ဝမ်ချီက အပြစ်ရှိစိတ်ကို ခံစားလိုက်ရ၏။

 

သူနှင့်ကျန်းသခင်လေးတို့ နှစ်ဦးလုံးက ဖခင်များဖြစ်ကြသည်။ သို့သော် သူတို့၏ အတွေးများကမူ မတူကြချေ။

 

ကျန်းသခင်လေးက သူ့ကလေး မွေးဖွားလာမည်ကို ပျော်ရွှင်စွာ စောင့်ဆိုင်းနေ၏။

 

သူကမူ …

 

မမွေးလာသေးသည့် ကလေးလေးအား ဝန်ပိုတစ်ခုနှယ် ဆက်ဆံနေခဲ့သည်။

 

ဝမ်ချီက ကလေးအပေါ် အပြစ်ရှိစိတ် ဝင်လာမိ၏။

 

ဝမ်ချီ၏ပါးပြင်များက ရှက်ရွံမှုဖြင့် နီမြန်းသွားကာ ဝမ်းဗိုက်မှ လက်ရုတ်လိုက်မိသည်။ သို့သော် မကြာမီ သူ့ဗိုက်ကို ပြန်ထိမိပြန်၏။ သူ့ပါးပြင်ထက်ရှိ နီမြန်းမှုကမူ သူ၏ နားရွက်များထံသို့ ကူးစက်သွားခဲ့သည်။ သူက သက်ပြင်းချကာ ပြောလိုက်၏။

“ငါကတကယ့်ကို ဖခင်ကောင်းမဟုတ်ဘူးပဲ …”

 

ယောဖန်းက ဝမ်ချီ အဘယ့်ကြောင့် ထိုသို့ပြောလာကြောင်း မသိချေ။ သို့သော် သူမက အမြန်ခေါင်းယမ်းလိုက်၏။ 

“သခင်လေး… ကိုယ့်ကိုယ်ကိုယ် ဒီလိုမပြောပါနဲ့ … သခင်လေးက အကောင်းဆုံး ကြိုးစားနေတာပါ …”

 

ဝမ်ချီက ရယ်ရခက်ငိုရခက် ဖြစ်သွားသည်။

“ငါက ဘာများလုပ်လို့လဲ …”

 

ယောဖန်းက ပြော၏။

“သခင်လေး ကိစ္စတိုင်းကို ကောင်းကောင်းလုပ်နေတာပါ …”

 

ဝမ်ချီ “…”

 

သူနှင့်ယောဖန်းက ကြက်နှင့်ဘဲသဖွယ် စကားပြောနေကြ၏။


ဝမ်ချီက စိတ်ပျက်စွာဖြင့် ခေါင်းငုံ့လိုက်မိသည်။ ယောဖန်း၏ သေးငယ်ဖြူဖျော့သော လက်ကလေးက သူ့လက်ခုံပေါ်သို့ ကျရောက်လာပြီး သူမက အလေးအနက်‌ပြောလာသည်။

“ဒီအစေခံက ကလေးမမွေးဖူးသလို နောက်လည်း မမွေးရတော့တာမျိုး ဖြစ်နိုင်ပါတယ် … ဒီတော့ ဒီအစေခံက သခင်လေးရဲ့ အတွေးတွေကို အပြည့်အဝ နားမလည်နိုင်ပါဘူး … ဒါပေမယ့် သခင်လေး ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲလာမှန်း ဒီအစေခံ တွေ့နေရပါတယ် … ဒီအစေခံက သခင်လေး ကလေးရဲ့အနာဂတ်အတွက် အကောင်းဆုံးကြိုးစားနေတာကို ခံစားမိပါတယ် …”

 

“သခင်လေး … သခင်လေးအတွေးတွေ ရှုပ်ထွေးနေလို့သာ သခင်လေး မမြင်နိုင်တာပါ …”

ယောဖန်းက ဝမ်ချီ၏ လက်ကို ဆုပ်ကိုင်လျှက် အခိုင်အမာပြော၏။

“သခင်လေးက မွေးဖွားရမှာကို ကြောက်ရွံ့နေပေမယ့် ဒီကလေးကို မလိုချင်ဘူးလို့ တစ်ခါမှ မပြောခဲ့ပါဘူး … ပြီးတော့ အရှင့်သားဆိုရင် မိန်းမစိုးကျိုးကို ကလေး ဆယ်နှစ်သားအထိ လိုအပ်မယ့် အသုံးအဆောင်အားလုံး တိုးတိုးတိတ်တိတ် ပြင်ဆင်ခိုင်းထားတာပါ …”

 

ဝမ်ချီ အံ့အားသင့်သွားသည်။

“ရှစ်ယဲ့ကလား …”

 

ယောဖန်းက ထိုအဖြစ်အပျက်ကို ပြန်တွေးရင်း ရယ်လိုက်၏။ သူမက ပြုံးလျက်ဆိုသည်။

“အရှင့်သားက အပြင်ပိုင်းမှာ တည်ငြိမ်နေပုံပေါ်ပေမယ့် ဒီအစေခံတို့ထက် ပိုပြီးထိတ်လန့်နေတာပါ … အရှင့်သားလည်း ပထမဆုံး ဖခင်ဖြစ်ရမှာလေ … သူ ဘာပဲလုပ်လုပ် အားလုံးက အသစ်ဖြစ်နေပြီး ကလေးရဲ့အနာဂတ်အတွက် တတ်နိုင်သမျှ ကြိုစီစဉ်ထားချင်နေတော့တာ …”

 

ဝမ်ချီက ရှစ်ယဲ့ ထိုသို့ပြုမူနေကြောင်း ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်၏။

“သူ ငါ့ကိုတော့ အဲဒီ့အကြောင်း မပြောပါလား …”

 

“အရှင့်သားက အရမ်းမာနကြီးတယ်လေ … သူ သခင်လေးကို ပြောပြရင်သာ ထူးဆန်းနေမှာမဟုတ်လား …” 

ယောဖန်းက ပြောပြီးနောက် သူမ၏ အမူအရာက ပြန်လည်လေးနက်လာ၏။

“သခင်လေး … ဒီကလေးက တကယ်တော့ အရမ်းကံကောင်းတယ် … သခင်လေးတို့ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြလို့သာ ဒီကလေးကို ရခဲ့ကြာတာ …”

 

သူမကပြုံးလျက် ဆက်ပြော၏။ 

“အခက်အခဲကတော့ ကြုံရမှာပါပဲ … သခင်လေးက သန်မာတဲ့လူဆိုတော့ ဒီခြေလှမ်းကို ကျော်ဖြတ်နိုင်မှာပါ…”

 

ဝမ်ချီက ပါးစပ်ကိုဟလိုက်သော်လည်း အတန်ကြာသည့်တိုင် ဘာမှပြောမထွက်ခဲ့ပေ။

 

သူ့နှလုံးသားထဲရှိ မကောင်းမြင်စိတ်များသည်လည်း ဖြည်းဖြည်းချင်း လွင့်ပြယ်ကုန်၏။

 

ရှစ်ယဲ့က ညသန်းခေါင်အချိန်တိုင်း သူ့အား စောင်ထခြုံပေးလေ့ရှိသည်ကို သူ အမှတ်ရလာသည်။ ထို့နောက် သူနိုးလာသည်အထိ သူ့အား တစိမ့်စိမ့် စိုက်ကြည့်နေတတ်၏။

 

ရှစ်ယဲ့က စကားနည်း၏။ သို့တိုင် သူတို့ကလေးအပေါ် ချစ်မြတ်နိုးမှုကိုမူ သူ့လုပ်ရပ်များက အတိုင်းသား ဖော်ပြလျက်ရှိသည်။ သူ၏ ကလေးကို ငံ့လင့်နေမှုမှာ ကျန်းသခင်လေးထက် မလျော့နိုင်ပေ။

 

ဝမ်ချီက လွန်ခဲ့သော လအနည်းငယ်က သူ့အပြုအမူများကို စဉ်းစားရင်း အပြစ်ရှိစိတ်ဝင်လာ၏။ သူက အသက်ပြင်းပြင်းရှူကာ ယောဖန်းအား ပြုံးပြလိုက်သည်။

“ကျေးဇူးပါ… ယောဖန်း …”

 

ယောဖန်းက သူ့အား ပြန်လည်ပြုံးပြလာသည်။

“သခင်လေး မဖြေရှင်းနိုင်တာ တစ်ခုခုရှိရင် ဒီအစေခံကို ပြောပြနိုင်ပါတယ် … ဒီအစေခံက စာအုပ်များများ မဖတ်ဖူးပေမယ့် သခင်လေးရဲ့ ပျင်းရိမှုကို ပြေပျောက်စေမှာပါ…”


ဝမ်ချီ ခေါင်းညိတ်လိုက်သည်။

 

…..

 

သူက နေရာသို့ ပြန်ရောက်ချိန်၌ ညနေပင် စောင်းနေလေပြီ။ ဝမ်ချီက အိပ်ခန်းနှင့် စာကြည့်ခန်းတို့ကို သွားရောက်ခဲ့သော်လည်း ရှစ်ယဲ့အား မတွေ့ရချေ။

 

ရှစ်ယဲ့က နှစ်ရက်သုံးရက်ကြာ အလုပ်ရှုပ်နေခြင်းဖြစ်၏။ ဝမ်ချီက စိတ်ပျက်မှုကို ခံစားလိုက်ရသည်။

 

ရှောင်ရွှမ်ကျီက ဝမ်ချီ၏ အမူအရာကြောင့် နှစ်သိမ့်လိုဟန်ဖြင့် ပြောလာ၏။

“သခင်လေး … မင်းကြီးကို မြှုပ်နှံပြီးရင် နန်းတက်ပွဲကျင်းပမှာပါ … အဲဒီ့အခါ သခင်လေး နန်းတော်ကို ပြန်နိုင်ပါပြီ … အရှင့်သားက သခင်လေးကို တွေ့ချင်တာဖြစ်ဖြစ် … သခင်လေးက အရှင့်သားကို တွေ့ချင်တာဖြစ်ဖြစ် ပိုပြီး အဆင်ပြေလာမှာပါ …”

 

ဝမ်ချီက ပြောလိုက်သည်။

“လိုသေးတယ်လေ …”

 

ရှောင်ရွှမ်ကျီက အမြန်ပြောလိုက်၏။

“မကြာခင်ဖြစ်လာတော့မှာပါ ..”

 

ဝမ်ချီက သက်ပြင်းချကာ ထိုသို့ဖြစ်စေချင်ကြောင်း ပြောလိုက်၏။ ထို့နောက် စာကြည့်ခန်းအတွင်းမှ လှည့်ထွက်လာလိုက်သည်။

 

ရှောင်ရွှမ်ကျီက ဝမ်ချီ၏ နားနားကပ်ကာ အမြန်ပြောလိုက်သည်။

“အရှင့်သား နန်းတက်တဲ့အခါ သခင်လေးလည်း ရာထူးတက်သွားမှာပါ … သခင်လေးရဲ့ကလေးက မင်းကြီးရဲ့ အကြီးဆုံးသားဖြစ်လာပါလိမ့်မယ် … သခင်လေး အားစိုက်ထုတ်လိုက်ရင် နောက်ထပ်အိမ်ရှေ့စံက သခင်လေးရဲ့ဝမ်းထဲကနေ မွေးဖွားလာမှာပါ …”

 

ဝမ်ချီက‌ ကြောင်အလျက် အပျော်လွန်နေပုံရသည့် ရှောင်ရွှမ်ကျီအား ကြည့်လိုက်မိသည်။

 

ရှောင်ရွှမ်ကျီက ဝမ်ချီ သူပြောလိုသည်ကို နားမလည်ဟု တွေးလိုက်မိသည်။ ထို့ကြောင့် သူက လက်ညှိုးနှစ်ချောင်းကို အတူတူ ပူးကပ်ပြလိုက်၏။

“ဒီလို အလုပ်ကြိုးစားရမယ် …”

 

ဝမ်ချီက ရှောင်ရွှမ်ကျီ၏ သရုပ်ဖော်မှုကြောင့် ရယ်ချင်လာသည်။

 

ရှောင်ရွှမ်ကျီက တောင့်ခဲသွားပြီး သူ့မျက်နှာတစ်ခုလုံး နီရဲလာသည်။

“အိုင်းယား … သခင်လေး … ဘာလို့ရယ်နေတာလဲ …”

 

ဝမ်ချီက စနောက်လိုက်၏။

“မင်း နားလည်တယ်လို့ ငါမထင်ဘူး …”

 

ရှောင်ရွှမ်ကျီက ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်လိုက်သည်။ 

“သခင်လေး အဲလိုကြီး မနှိမ်ပါနဲ့ … ကျွန်တော်မျိုးက ကလေးဘဝကတည်းက နန်းတော်မှာ ကြီးလာတာပါ … ဒါ့ကြောင့် ကျွန်တော်မျိုးက အနောက်ဆောင်ကိစ္စတွေနဲ့ ပတ်သတ်ပြီး အတွေ့ကြုံမရှိရင်တောင် သိသင့်သလောက် သိပါတယ် … သခင်လေး နားမလည်တာရှိရင် ကျွန်တော့်ကို မေးမြန်းနိုင်ပါတယ် …”

 

“…” ဝမ်ချီ၏နှုတ်ခမ်းထောင့်များ လှုပ်ရှားသွားသည်။ 

“ငါ မင်းရဲ့ စေတနာကို အသိအမှတ်ပြုပါတယ် … ဒါပေမယ့် ထားလိုက်ပါ …”

 

ရှောင်ရွှမ်ကျီက ဝမ်ချီရှက်နေသည်ဟု ထင်သွားကာ ခေါင်းငုံ့လျက် အလေးအနက် ပြောသည်။

“သခင်လေး … ဒီကိစ္စကို သေချာတွေးရမယ်နော် … အိမ်ရှေ့စံရဲ့အနောက်ဆောင်မှာ အခုတော့ လူတစ်ယောက်ပဲ ရှိနေသေးပေမယ့် လူသစ်တွေက အချိန်မရွေး ရောက်လာနိုင်တယ်… ဘာလို့ဆို အနောက်ဆောင်မှာ နန်းတော်သုံးခုနဲ့ ခြံဝန်းခြောက်ခုရှိတာလေ … အဲဒီ့ လူသစ်တွေက ကလေးရဖို့ကြိုးစားကြမှာပဲ … အဲဒီ့အခါ သူတို့ရာထူးက မြင့်လာပြီး သခင်လေးကို ခြိမ်းခြောက်လာလိမ့်မယ် …”

 

ဝမ်ချီက ရုတ်တရက် ရပ်လိုက်သည်။

 

ရှောင်ရွှမ်ကျီက ဝမ်ချီ၏ အနောက်၌ ရပ်လိုက်၏။


ဝမ်ချီက ပြန်လှည့်ကာ ရှောင်ရွှမ်ကျီကို သေချာကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်။

”တီဗီဒရမ်မာတွေထဲက အတိုင်းပဲကိုး …”

 

ရှောင်ရွှမ်ကျီက ပြော၏။

“သခင်လေး ဘာပြောချင်မှန်း ဒီအစေခံမသိပါဘူး …”

 

“ဘာမှမဟုတ်တော့ဘူး …” 

ဝမ်ချီက ရှောင်ရွှမ်ကျီ၏ ပခုံးကိုပုတ်ပေးကာ ပြောလိုက်၏။

“ငါ မင်းပြောတာအားလုံး ချရေးထားမယ် … ကျေးဇူးပါ…”

 

ဝမ်ချီ၏ အမူအရာကြောင့် ရှောင်ရွှမ်ကျီက တစ်ဖက်လူ သူ့စကားကို အလေးမထားကြောင်း နားလည်လိုက်ပြီး စိုးရိမ်စိတ်ဝင်လာ၏။ သို့သော် ဝမ်ချီက ထိုသို့ပြောလာပြီဖြစ်ရာ သူဝင်ပါရန် မသင့်တော့ချေ။ ထို့ကြောင့် သူက သက်ပြင်းသာ ချလိုက်နိုင်၏။

 

သို့သော် ခဏအကြာ၌ သူက မနေနိုင်ဘဲ ထပ်ပြောမိပြန်သည်။

“သခင်လေး … ဒီအစေခံကို စကားများလို့ အပြစ်မမြင်ပါနဲ့ … မိန်းမစိုးကျိုးက ငြိမ်းချမ်းနေတဲ့အချိန်မှာ အန္တရာယ်အတွက် ပြင်ဆင်ထားလေ့ရှိတယ်လို့ ဒီအစေခံကြားဖူးပါတယ် … သခင်လေးက အရှင့်သားရဲ့ အနှစ်ခြိုက်ဆုံးလူပါ … ဒါပေမယ့် အရင့်အရင်ကတည်းက နန်းဆောင်သုံးခုနဲ့ ခြံဝန်းခြောက်ခုမထားရှိတဲ့ မင်းကြီးရယ်လို့ မရှိခဲ့ပါဘူး … ဒီနေ့ သခင်လေးဖြစ်နေပေမယ့် မနက်ဖြန် နောက်တစ်ယောက်ဖြစ်သွားနိုင်ပါတယ်... အဆုံးသတ်မှာတော့ ကလေးထက် အမေက ပိုတန်ဖိုးရှိပြီး ကလေးများများမွေးနိုင်တာက အရေးအကြီး …”

 

ရှောင်ရွှမ်ကျီ စကားမဆုံးခင် မာန်မဲသံတစ်ခု ထွက်ပေါ်လာသည်။

“ရှောင်ရွှမ်ကျီ … ဘာတွေပြောနေတာလဲ …”

 

ရှောင်ရွှမ်ကျီက မြေပေါ်လဲကျမတတ် လန့်သွားရသည်။

 

ဝမ်ချီသည်လည်း လန့်သွား၏။ သူ မော့ကြည့်လိုက်ချိန်၌ ကျောက်တိုင်နံဘေးတွင် ရပ်နေသည့် ရှစ်ယဲ့နှင့် မိန်းမစိုးကျိုးတို့အား တွေ့လိုက်ရသည်။

 

ရှစ်ယဲ့၏ မျက်နှာက ခံစားချက်ကင်းမဲ့နေ၏။ သို့သော် ဝမ်ချီ၏ အကြည့်ကို ရင်ဆိုင်ရချိန်၌ သူ့နှုတ်ခမ်းထောင့်များ၌ အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ သူ့အပြုံးမှာ တောင့်တင်းနေသော်လည်း သူ့မျက်ဝန်းများကမူ လင်းလက်နေ၏။ ၎င်းက သူ၏တည်ရှိမှုတစ်ခုလုံးကို ပြေလျော့သွားစေသည်။ သူ့အနီးရှိ မိန်းမစိုးကျိုးကမူ ဒေါသတကြီးဖြစ်နေပုံပေါ်၏။

 

မိန်းမစိုးကျိုးက ရှောင်ရွှမ်ကျီ၏ နားရွက်ကို ဆွဲလိုက်သည်။


ရှောင်ရွှမ်ကျီက နာနာကျင်ကျင် အော်လိုက်၏။

 

“ကောင်းတယ် …မင်းက အကုန်လျှောက်ပြောဝံ့နေတယ်ပေါ့လေ …”

မိန်းမစိုးကျိုးက ဒေါသတကြီးမာန်မဲလိုက်သည်။ 

“မင်းက ဘယ်တုန်းတည်းက အရှင့်သားနဲ့ သခင်လေးရဲ့ ကိစ္စတွေကို ဝင်ပါခွင့်ရှိသွားရတာတုန်း … မင်းဒီလောက်ထိ အသားယားနေမှတော့ ငါမင်းကို ရိုက်ရတော့မှာပဲ …”




💮💮💮