Chapter 161
Viewers 36k

💮Chapter 161



 

မိန်းမစိုးကျိုးက ဝမ်ချီ၏ အရှေ့တွင် စိတ်လွတ်သွားသည်မှာ ရှားပါး၏။ ဤရာထူးအထိ တက်လှမ်းလာနိုင်ခဲ့ခြင်းက သူ၏ သည်းခံနိုင်စွမ်းကို ပြသနေသည်။ သို့သော် ယခုအခါ၌မူ သူက ရှောင်ရွှမ်ကျီ၏နားရွက်ကို ပြတ်ထွက်မတတ်ဆွဲထားကာ ထိုသူ၏ တင်ပါးကိုပင် ကန်ကျောက်လိုက်သေး၏။

 

မိန်းမစိုးကျိုးကန်လိုက်တိုင်း ရှောင်ရွှမ်ကျီက နာနာကျင်ကျင်ဖြင့် ထခုန်နေရသည်။

“အရှင့်သား … သခင်လေး … ဒီအစေခံက အမှားကိုသိပါပြီ …နောက်ဆို လက်လွတ်စပယ် မပြောတော့ပါဘူး …” 


ရှောင်ရွှမ်ကျီက နားရွက်မှနာကျင်မှုကြောင့် မျက်ရည်များပင် ကျလာရသည်။ သူ့ခြေထောက်များက ပျော့ခွေသွားကာ ရှစ်ယဲ့ရှိနေသည့် နေရာသို့ ဒူးထောက်ချလိုက်၏။ 

“အရှင့်သား … ဒီအစေခံရဲ့ မသိတတ်မှုကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ် …”

 

“မင်းက အရှင့်သားရဲ့ ခွင့်လွှတ်မှုကို တောင်းခံဝံ့သေးတယ် … အခု ဘာပြောလိုက်သလဲ မင်းကိုယ်မင်း သိရဲ့လား ...”             

မိန်းမစိုးကျိုးက ဒေါသတကြီးဖြင့် ရှောင်ရွှမ်ကျီ၏ တင်ပါးကို ကန်လိုက်ပြန်၏။

 

ရှောင်ရွှမ်ကျီက အလွန်နာကျင်နေသော်လည်း မရှောင်တိမ်းဝံ့ချေ။ သူက ခေါင်းကိုသာ တွင်တွင်ငုံ့ထား၏။ သူ့ခန္ဓာကိုယ်မှာလည်း တုန်ရီလျက်ရှိသည်။

 

ဝမ်ချီက အမြန်ရှင်းပြလိုက်၏။

“မိန်းမစိုးကျိုး … ငါတို့ဒီအတိုင်း စကားပြောနေရုံပါ … ရှောင်ရွှမ်ကျီက တမင်ရည်ရွယ်တာမဟုတ်ပါဘူး … ပြီးတော့ သူက ဒါတွေကို ငါ့အတွက် ပြောပြနေတာပါ … သူ့ကိုခက်ခဲအောင် မလုပ်ပါနဲ့တော့ …”

 

ထိုအခါ မိန်းမစိုးကျိုးက ရှစ်ယဲ့အား မော့ကြည့်လိုက်၏။

 

ရှစ်ယဲ့က တည်ငြိမ်စွာ‌ပြောသည်။

“မင်း သွားနိုင်ပြီ …”

 

မိန်းမစိုးကျိုးက အမြန်သဘောတူလိုက်၏။ ထို့နောက် ရှောင်ရွှမ်ကျီအားခေါ်၍ လှည့်မကြည့်ပဲ ထွက်ခွာသွားလေတော့သည်။

 

ဝမ်ချီက ရှစ်ယဲ့ထံ လျှောက်သွားရန်ပြင်လိုက်သည်။ သို့သော် တစ်ဖက်လူက ဦးစွာလျှောက်လာပြီး သူ့လက်ကိုကိုင်ကာ မေးလာ၏။

“မင်းအပြင်မှာရှိနေတာကြာပြီထင်တယ် …  မပင်ပန်းဘူးလား…”

 

ဝမ်ချီက ရှစ်ယဲ့၏ လက်ကိုကိုင်ကာ ခေါင်းယမ်းလိုက်သည်။

“စားသောက်ဆိုင်မှာတုန်းက အိမ်မှာလိုပဲ ထိုင်နေခဲ့တာပါ … စကားမစပ် ကျွန်တော် ဌာပနာမုန့်တချို့ ယူခဲ့တယ် … မြည်းကြည့်ချင်လား …”

 

ရှစ်ယဲ့က ပြုံးကာ သဘောတူလိုက်၏။

 

စာကြည့်ဆောင်မှ ခန်းမသို့သွားသည့်လမ်း၌ တံတားလေးတစ်ခုကို ဖြတ်သန်းရလေသည်။ ထိုတံတားလေးအောက်၌ ရေကန်ငယ်တစ်ခု ရှိ၏။ အဆိုပါကန်ထဲတွင် ကြာမြစ်များ စိုက်ပျိုးထားပြီး နွေဦးသို့ ရောက်ချိန်၌ ကြာဖြူကြာနီများ ပွင့်လန်းလာလေ့ရှိသည်ဟု ပြောကြသည်။ ကောင်းကင်ကို ထိနေသည့် ကြာရွက်များက အနှိုင်းမဲ့စိမ်းလန်းလှပြီး နေရောင်ခြည်အောက်ရှိ ကြာပန်းများသည် အနှိုင်းမဲ့နီစွေးလှသည်ဟု စကားပုံရှိသည့်အလားပင်။

 

သို့သော် ယခုအခါ နွေဦးရာသီပင် မရောက်သေးသည့် အလျောက် ကြာရွက်ကလေးများသာ ထွက်ပြူနေ၏။ ဝမ်ချီ ငုံ့ကြည့်လိုက်သည့်အခါ ကြာရွက်များအကြား ကူးခတ်သွားလာနေသည့် ရွှေငါးများကိုပင် တွေ့လိုက်ရလေသည်။

 

ဝမ်ချီက ရပ်လိုက်၏။ သူက ဤနေရာ၌ ရက်အနည်းငယ် နေထိုင်ခဲ့ပြီးဖြစ်သည့်တိုင် ဤမျှလှပသည့် မြင်ကွင်းကို မကြည့်ဖြစ်ခဲ့ချေ။

 

သူက စိုးရိမ်မှုလှောင်အိမ်ထဲတွင်သာ ပိတ်မိနေခဲ့၏။ ယခုအခါမှသာ သူ ထိုလှောင်အိမ်တွင်းမှ ထွက်လာမိခြင်းဖြစ်သည်။

 

ရှစ်ယဲ့က ဝမ်ချီ၏ လှုပ်ရှားမှုအား ခံစားမိဟန်ဖြင့် ရပ်လိုက်၏။ သူက ဝမ်ချီနည်းတူ ရေကန်ကို ကြည့်လိုက်သည်။

“ဘာတွေ ကြည့်နေတာလဲ …”

 

ဝမ်ချီက သတိပြန်ဝင်လာကာ ခေါင်းမော့လျက် ရှစ်ယဲ့အား ကြည့်လိုက်၏။ သူ၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးလာကာ ရေကန်ထံသို့ ပြန်ကြည့်ရင်း ဆိုသည်။

“ဒီဆောင်းမှာ နှင်းတွေအရမ်းကျခဲ့တာ … ဆောင်းရာသီက အရမ်းနေရခက်တာပဲလို့တောင် ကျွန်တော် တွေးခဲ့တာလေ … နွေဦးရာသီ မကြာခင်ရောက်လာတော့မယ်လို့ မထင်ထားခဲ့ဘူး …”

 

ရှစ်ယဲ့က ဝမ်ချီ၏ လက်ကို ဆုပ်ကိုင်လိုက်၏။

 

ဝမ်ချီက ရှစ်ယဲ့၏ ခံစားချက်ကို သတိပြုမိလိုက်သည်။ သူက ထိုလက်ကိုဖြုတ်ကာ ရှစ်ယဲ့နှင့်သူ၏ လက်ချောင်းများအား အချင်းချင်း ပြန်လည်ယှက်နွယ်စေလိုက်၏။

 

ဝမ်ချီက ရှစ်ယဲ့ကိုကြည့်ကာ မေးလိုက်သည်။ 

“ဆောင်းရာသီကုန်တော့မယ် … ဟုတ်တယ်မလား …”

 

ရှစ်ယဲ့က ဝမ်ချီ၏ မေးခွန်းကို ဖြေရမည့်အစား စကားလမ်းကြောင်း လွှဲလိုက်၏။

“အဲဒီ့ စိတ်ဝိညာဉ်ကျောက်တုံးက မင်းမှာရှိနေတုန်းလား…”

 

ဝမ်ချီက ရှစ်ယဲ့အဘယ့်ကြောင့် ထိုမေးခွန်းကို မေးလာသည်ကို မသိချေ။ သူက ကြောင်အသွားကာ ခေါင်းညိတ်လိုက်၏။

“ကျွန်တော် ဆောင်ထားရင် ကျပျောက်မှာစိုးလို့ အိပ်ခန်းထဲက ဗီရိုထဲမှာ ထည့်သိမ်းထားတယ် … သေချာသိမ်းထားတာဆိုတော့ ဘယ်သူမှရှာတွေ့မှာ မဟုတ်ပါဘူး …”

 

ရှစ်ယဲ့က ဝမ်ချီ၏ အမူအရာကိုကြည့်ကာ ပြုံးလိုက်၏။ ညနေခင်းနေရောင်ခြည်က သူ့အား ပို၍ပင် နူးညံ့သွားစေခဲ့၏။

“အခုကစပြီး ဘယ်သူမှ စိတ်ဝိညာဉ်ကျောက်တုံးကို ထိဖို့စဉ်းစားရဲမှာ မဟုတ်တော့ဘူး … မင်းလိုချင်သလို သယ်သွားလို့ရပြီ …”

 

သူ့စကားကြောင့် ဝမ်ချီက ပို၍ သိချင်လာသည်။ သူက ရှစ်ယဲ့၏ လက်မောင်းကို မှီလိုက်ရင်း တစ်ဖက်လူအား မော့ကြည့်လိုက်၏။

“ဘာလို့ဒါတွေပြောနေတာတုန်း … တစ်ခုခု ကြံစည်နေပြန်ပြီလား …”

 

ရှစ်ယဲ့က ခေါင်းငုံ့ကာ ဝမ်ချီ၏ နဖူးကို နမ်းလိုက်သည်။ 

“မင်း မကြာခင် သိမှာပါ …”


“ဘာကိုလဲ...”

ဝမ်ချီက မသိရသည့် ခံစားချက်ကို မုန်းတီးလေသည်။ သူက မြူထုထဲတွင် အမြဲလိုလို ပိတ်မိနေခဲ့ရ၏။ ယခုအခါ ရှစ်ယဲ့ထိုသို့ ပြောလာချိန်၌ သူ့နှလုံးသားထဲရှိ မလွယ်ကူမှုက ပို၍ ပြင်းထန်လာခဲ့သည်။

 

သို့သော် ရှစ်ယဲ့က ပြောပြရန် စိတ်ကူးမရှိခဲ့ဘဲ ဝမ်ချီ၏ ဆံစများကိုသာ ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်၏။

 

“ရှစ်ယဲ့ … ဘာပြောနေတာလဲလို့ …”

ဝမ်ချီက ရှစ်ယဲ့၏ အဝတ်ကို တင်းတင်း ဆုပ်ကိုင်လိုက်၏။ သူက မိဘများအား သကြားလုံးပူဆာနေသည့် ကလေးကဲ့သို့ ပြုမူလိုက်သည်။

“ခင်ဗျား အစီအစဉ်ကို ပြောပြပါဆို …  ကျွန်တော်လည်းသိချင်တယ်လေ… စိတ်ဝိညာဉ်ကျောက်တုံးက ဘာအတွက် အသုံးဝင်တာလဲ … ကျွန်တော်က ဘာလို့အဲဒါကို အမြဲသယ်သွားရမှာလဲ … ခင်ဗျားခန္ဓာကိုယ်ထဲကအဆိပ်က...”

 

ဝမ်ချီက ထိုစကားကို ထုတ်ပြောနိုင်ရန် သတ္တိမွေးနိုင်ခဲ့၏။ သို့သော် ရှစ်ယဲ့၏ မျက်ဝန်းများက မှောင်ကျသွားကာ သူ့အား စကားဖြတ်ပြောလိုက်လေသည်။

“ဝမ်ချီ …”

 

ရှစ်ယဲ့က သူ့အမည်အား ခေါ်သည်မှာ ရှားပါးလှသည်။ ဝမ်ချီက စကားကို ချက်ချင်းရပ်လိုက်ရ၏။

 

ဝမ်ချီ၏ မျက်နှာထက်တွင် စိတ်မရှည်မှု၊ မလွယ်ကူမှုတို့ ပြည့်နှက်နေသည်။ သူက ရှစ်ယဲ့ထက် အရပ်ပုသည်ဖြစ်ရာ သူ့မျက်ဝန်းထဲရှိ အားငယ်မှုများကို ရှစ်ယဲ့က အတိုင်းသားတွေ့နေရ၏။

 

ရှစ်ယဲ့နှလုံးသားမှာ ရုတ်တရက် ပျော့ပျောင်းသွားရသည်။ သူက ဝမ်ချီအား လက်မောင်းများဖြင့် ရစ်ပတ်လိုက်၏။ သို့သော် တစ်ဖက်လူက ကိုယ်ဝန်ရှိနေသည်ဖြစ်ရာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ဝံ့ခြင်းမရှိချေ။

 

သို့သော် ဝမ်ချီက ရှစ်ယဲ့အား တင်းတင်း ပြန်ဖက်လာခဲ့သည်။

 

ရှစ်ယဲ့က ဝမ်ချီ၏ ဝမ်းဗိုက်အထိအတွေ့ကို ခံစားမိလိုက်သဖြင့် အနည်းငယ် တွန်းချင်ခဲ့သည်။ သို့သော် သူက ထိုသို့ မလုပ်ရက်ချေ။ သူက မနာခံတတ်သည့် ကလေးငယ်တစ်ဦးကို နှစ်သိမ့်နေသည့် မိဘတစ်ဦးကဲ့သို့ ဝမ်ချီ၏ ကျောပြင်အား ပုတ်ပေးလိုက်၏။

“ကိုယ် မသေချာသေးလို့ ပြောမပြသေးတာပါ … ဒီတိုင်း ကိုယ်ပြန်လာတာ စောင့်နေနော် … ကိုယ်ပြန်လာရင် မင်းကို ပြောပြပါ့မယ် …”

 

ဝမ်ချီက မေးလိုက်၏။

“ဘယ်သွားမလို့လဲ ...”

 

ရှစ်ယဲ့ ပြုံးလိုက်မိသည်။

“ဒီတိုင်း ခရီးတိုလေးပါပဲ ...”

 

ဝမ်ချီက သူ့နှလုံးသားအား ကြောင်တစ်ကောင် ကုတ်ခြစ်နေသည့်နှယ် ခံစားလိုက်ရ၏။ သူက ထပ်မေးတော့မည့်အချိန်၌ မိန်းမစိုးကျိုး၏ အသံကို ကြားလိုက်ရသည်။ 

“အရှင့်သား … ဝမ်သခင်လေး … ညနေစာပြင်ဆင်ပြီးပါပြီ …”

 

ရှစ်ယဲ့က သက်ပြင်းချလိုက်သည်။ 

“မှောင်နေပြီ .. သွားကြရအောင် …”

 

ဝမ်ချီက စိတ်ပျက်သွား၏။ သို့သော် သူက စကားလုံးများကို မျိုချကာ ရှစ်ယဲ့အနောက်သို့ မပျော်မရွှင်ဖြင့် လိုက်ပါလာခဲ့ရတော့သည်။

 

သို့သော် သူ၏ မပျော်ရွှင်မှုက ကြာကြာမခံခဲ့ပေ။ သူက ယောဖန်းအား သူလုပ်ခဲ့သည့် ဆီးသီးဌာပနာမုန့်ကို ယူခိုင်းလိုက်သည်။

 

အဆိုပါ မုန့်လေးတုံးကို ဝမ်ချီက ရှစ်ယဲ့အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်၏။ ရှစ်ယဲ့ အချိုကြိုက်ကြောင်း သိသည့်အလျောက် သူက ၎င်းတို့အား သကြားများများ ထည့်ထားလေသည်။

 

ရှစ်ယဲ့က ဆီးသီးဌာပနာမုန့်ကို တစ်ကိုက်ကိုက်လိုက်၏။ သူ့မျက်ဝန်းထောင့်မှတစ်ဆင့် သူ့အား မျက်တောင်မခတ်ဘဲကြည့်နေသည့် ဝမ်ချီအား တွေ့လိုက်ရသည်။ တစ်ဖက်လူမျက်နှာထက်တွင် မျှော်လင့်ချက်များ၊ စိုးရိမ်မှုများက အတိုင်းသား ထင်ဟပ်လျက်ရှိ၏။ ရှစ်ယဲ့က မနေနိုင်ဘဲ ခပ်ဖွဖွရယ်လိုက်မိသည်။

 

ဝမ်ချီက ရှစ်ယဲ့ရှေ့တွင် ဟင်းချက်စွမ်းရည်မပြရသည်မှာ အတန်ကြာခဲ့လေပြီ။ ထို့ကြောင့် သူ့နှလုံးသားက စိုးရိမ်မှုဖြင့် ခုန်ပေါက်နေခဲ့၏။

 

သူက ရှစ်ယဲ့၏ မှတ်ချက်ကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ တစ်ဖက်လူက ရုတ်တရက်ရယ်လိုက်သည့်အခါ သူက မပျော်မရွှင်ဖြစ်သွားတော့၏။

 

“ဘာရယ်တာလဲ … ကျွန်တော်က ရယ်စရာကောင်းနေလို့လား …”

ဝမ်ချီက ပြောလိုက်သည်။


ရှစ်ယဲ့က ဝမ်ချီအား စိတ်ဆိုးစေမိပြန်ကြောင်း နားလည်လိုက်၍ အချိန်ယူပြီး ပြန်ချော့ရပြန်၏။ သူက မနှောင့်နှေးဝံ့တော့ဘဲ ဆီးသီးအစာသွပ်ထားသည့် မုန့်အား အမြန်ကိုက်လိုက်တော့သည်။

 

ဌာပနာမုန့်၏ အရသာမှာ ပျမ်းမျှသာဖြစ်သည်။ ၎င်း၏ အချိုဓာတ်မှအပ မည်သည့်အရာမှ ထူးဆန်းခြင်းမရှိချေ။ မုန့်၏ အသွင်အပြင်မှာလည်း မလှပသလို နန်းတော်ရှိ တော်ဝင်စားဖိုမှူး ပြုလုပ်သော မုန့်များကဲ့သို့ နူးညံ့ခြင်းလည်းမရှိ။

 

သို့သော် ရှစ်ယဲ့အတွက်မူ အဆိုပါ ဌာပနာမုန့်က အလွန်အရသာထူးလှသည်။ ၎င်း၏ ချိုမြိန်မှုက သူ့နှလုံးသားသို့တိုင် ပျံ့နှံ့သွားခဲ့၏။

 

ဝမ်ချီက ရှဉ့်ကလေးကဲ့သို့ မျက်လုံးဝိုင်းဝိုင်းများဖြင့် ရှစ်ယဲ့အား စိုက်ကြည့်နေသည်။ ရှစ်ယဲ့ မုန့်တစ်ခုလုံး စားပြီးချိန်၌ သူက အမြန်မေးလိုက်၏။ 

“ဘယ်လိုနေလဲ …”

 

ရှစ်ယဲ့က ဝမ်ချီအား ဦးထုပ်မြင့်မြင့်ဆောင်းပေးလိုက်သည်။ 

“အရမ်းကောင်းတယ် …”

 

ဝမ်ချီက ရှက်ရွံ့သွား၏။

“အပိုတွေ …”

 

သူက ထိုသို့ပြောနေသော်လည်း သူ့အမူအရာ၌မူ ပီတိတို့ဖြင့် ပြည့်နှက်နေ၏။

 

ရှစ်ယဲ့က ပြုံးလိုက်သည်။

“နည်းနည်းတော့ချိုတယ် …”

 

“ဘာဖြစ်လို့လဲ …ချိုတာတွေကြိုက်တယ် မဟုတ်ဘူးလား …”

ဝမ်ချီက ချက်ချင်းမော့ကြည့်ကာ ပြောလိုက်၏။


“ဒါပေမယ့် ဒါကချိုလွန်းတယ် …”

ရှစ်ယဲ့က မတ်တပ်ရပ်ကာ ဝမ်ချီ့ထံသို့ လျှောက်လာသည်။ ဝမ်ချီ မော့ကြည့်လိုက်ချိန်၌ တစ်ဖက်လူက ခေါင်းငုံ့ကာ သူ့အား နမ်းလာခဲ့၏။


ရှစ်ယဲ့က ဖြည်းဖြည်းချင်း နမ်းရှိုက်နေခဲ့သည်။ သို့သော် သူ့အနမ်းမှာ ပြင်းထန်လှ၏။

 

သူ၏ လျှာဖျားက မြို့ကိုသိမ်းပိုက်နေသည့်အလား ဖြည်းဖြည်းချင်း နယ်ချဲ့လာသည်။ ဝမ်ချီက ချက်ချင်း အရေးနိမ့်သွားကာ သူ၏ ပခုံးများပင် ပြေလျော့သွားခဲ့၏။

 

အတန်ကြာသည့်နောက် ရှစ်ယဲ့က နောက်ဆုတ်သွားခဲ့သည်။

 

ထိုအခါ သူတို့နှစ်ဦးကြားတွင် ငွေမှင်ရောင်အမျှင်တန်းတစ်ခု ထွက်ပေါ်လာ၏။ ရှစ်ယဲ့က ၎င်းကို လက်ဖြင့် ဖယ်ရှားလိုက်သည်။

 

ရှစ်ယဲ့က ဝမ်ချီ၏ မျက်နှာအား လက်နှစ်ဖက်ဖြင့် ပင့်မကာ တစ်ဖက်လူ၏ ပါးပြင်နီနီများကို ထိတွေ့လိုက်သည်။ သူက အပြုံးဖြင့် မေးလိုက်၏။

“ချိုလား …”

 

ဝမ်ချီ၏ ပါးပြင်များက နီရဲနေသည်။ သူက သတ္တိမွေးကာ နှုတ်ခမ်းကိုသပ်ရင်း ပြောလိုက်၏။

“အချိန်က အရမ်းတိုလွန်းတော့ သေချာမသိလိုက်ဘူး …”

 

ရှစ်ယဲ့က ရယ်လျှက် ခေါင်းငုံ့ကာ သူ့အား ထပ်မံနမ်းရှိုက်လေသည်။

 

သူတို့နှစ်ဦးက ခဏကြာသည်အထိ စကားစမြည် ပြောနေခဲ့ကြသည်။ ထို့နောက် ယောဖန်းက အဖြူရောင်မှိုများနှင့် အနီရောင်စွံပလွံသီးများထည့်ထားသည့် ပန်းကန်ကို ကိုင်ဆောင်လျက် ဝင်လာ၏။

 

ယခုအခါ ဝမ်ချီ၏ဝမ်းဗိုက်က ကြီးမားလာပြီဖြစ်၍ သန္ဓေသားအားဖြည့်ဆေးများ သောက်ရန်မလိုအပ်တော့ပေ။ ထိုဆေးများကို အကြိမ်များစွာ သောက်သုံးပြီးသည့်နောက် ဝမ်ချီက အနက်ရောင်ပန်းကန်လုံးများနှင့် ပတ်သက်၍ စိတ်ဒဏ်ရာရခဲ့သည်။ ထို့ကြောင့် သူက ထိုအရာများကို မသောက်မီ အဖြူရောင်မှိုနှင့်အနီရောင်စွံပလွံသီးများ ပါဝင်သည့် အရောင်ဖျော့ဖျော့ ကြွေပန်းကန်လုံးအား ယူလာပေးရန် ယောဖန်းကို မှာကြားထားခဲ့ခြင်းပင်။

 

ဝမ်ချီက ကျနသခင်လေးကထံသို့ သွားရောက် လည်ပတ်စဉ်ကတည်းက ယောဖန်းနှင့် အခြားအစေခံများသည်လည်း ဗိုက်စည်းများ၊ ကလေးဖိနပ်များ ချုပ်လုပ်နည်းကို သင်ယူရန် အဒေါ်တစ်ဦးအား ရှာဖွေခဲ့ကြသည်။ ဝမ်ချီ မွေးလာမည့် ကလေးလေးက မိန်းကလေးဖြစ်မည်၊ ယောက်ျားလေးဖြစ်မည်ဟု မသိရှိနိုင်ရာ မိန်းကလေးဖိနပ်များနှင့် ယောက်ျားလေးဖိနပ်များ နှစ်ခုလုံး ချုပ်လုပ်ထား၏။

 

ယောဖန်းက တစ်နေ့ခင်းလုံး အလုပ်ရှုပ်နေခဲ့သည်။ ထို့ကြောင့် ဝမ်ချီ့အတွက် ညစာပြင်ဆင်ချိန်တွင် ကြွေပန်းကန်လုံးအနက်ရောင်ဖြင့် မှားယွင်း ထည့်လာခဲ့မိ၏။

 

ဝမ်ချီက ထိုပန်းကန်လုံးကို တစ်ချက်သာ ကြည့်ပြီး ထိပင်မထိတော့ပေ။

 

ယောဖန်းက ဝမ်ချီအား အမြန်တောင်းပန်လိုက်သည်။ ထို့နောက် ပန်းကန်လုံးကိုယူကာ မီးဖိုခန်းအတွင်းသို့ ပြန်သွားရန် ပြင်လိုက်၏။

 

“ခဏနေဦး …”

ရှစ်ယဲ့က လောဖန့်အား ခေါ်လိုက်သည်။

 

ယောဖန်းက ရပ်သွား၏။ သူမက ယောထောင် အပြစ်ပေးခံရသည်နှင့် သူမ လုပ်လိုက်မိသည့် အမှားအား စဉ်းစားရင်း မျက်နှာတစ်ခုလုံး ဖြူလျော်လာခဲ့သည်။

 

သို့သော် မမျှော်လင့်ထားစွာပင် ရှစ်ယဲ့က အခြားကိစ္စကိုသာ ပြောလာခဲ့သည်။

“မီးဖိုခန်းက ဘယ်မှာလဲ … ပန်ကုန်း လိုက်မယ် …”

 

ဝမ်ချီက အံ့အားသင့်သွားသည်။ ရှစ်ယဲ့က တိုင်းပြည်ကိစ္စများဖြင့် ရှုပ်ထွေးနေလေ့ရှိ၍ စောစောပြန်လာသည့် နေ့ရက်မျိုး၌ပင် ညနေစာစားပြီးသည်နှင့် စာကြည့်ဆောင်အတွင်း၌ ဆက်လက်၍ အလုပ်များနေတတ်သည်။ သူက ဤသို့ သေးငယ်သည့်အရာလေးများကို ဂရုစိုက်မည်ဟု မထင်ထားခဲ့ပေ။


ယောဖန်းက ရှစ်ယဲ့ကြောင့် ပို၍ ထိတ်လန့်သွားရသည်။ 

“အရှင့်သား … မီးဖိုခန်းက ညစ်ပတ်ပါတယ် … အရှင့်သား လိုက်ဖို့မသင့်တော်လှ …”

 

ရှစ်ယဲ့က ကြားဖြတ်ပြောလိုက်သည်။

“ရှေ့ကသွား…”

 

ယောဖန်းက ရှစ်ယဲ့၏အတွေးများကို မခန့်မှန်းနိုင်သည့်တိုင် သူ၏ အမိန့်ကို မလွန်ဆန်ဝံ့ချေ။ သူမက အံကြိတ်ကာ ခေါင်းငုံ့လျက် လမ်းပြရတော့၏။

 

ရှစ်ယဲ့က ဝမ်ချီအတွက် အဖြူရောင်မှိုနှင့်အနီရောင်စွံပလွံသီးများကို ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ပေးလိုခြင်းသာဖြစ်သည်။

 

ယောဖန်းထံမှ ကောင်းကင်ကြီး ပြိုကျတော့မလို တုံ့ပြန်လာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ ဝမ်ချီသည်လည်း အမြန်ထကာ သူ့နောက်သို့ လိုက်ပါလာ၏။

 

ရှစ်ယဲ့က ဝမ်ချီအား ထိုင်စောင့်နေရန် ပြောလိုက်သည်။

 

သို့သော် ဝမ်ချီက ချက်ချင်းပယ်ချလိုက်ရင်း အမြှီးလေးကဲ့သို့ ရှစ်ယဲ့အနောက်မှ တတန်းတန်း လိုက်ပါလာ၏။

 

ဝမ်ချီက ဗိုက်ကိုသယ်၍ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ ရှစ်ယဲ့သည်လည်း သူ့နှင့်အတူ ဖြည်းဖြည်းချင်း လျှောက်လာခဲ့၍ သူတို့နှစ်ဦးက ပို၍သာ နှေးလာခဲ့ကြ၏။ သူတို့က စွံပလွံသီးအတွက် မီးဖိုခန်းထံသို့ ဦးတည်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် အဆုံးသတ်၌ ညစာစားပြီး လမ်းလျှောက်သကဲ့သို့သာ ဖြစ်သွားခဲ့၏။

 

ဝမ်ချီက လမ်းလျှောက်နေရင်း စတင်သမ်းဝေလာခဲ့သည်။

 

လမင်းသက ပို၍မြင့်တက်လာပြီး ညသည်လည်း နက်သထက်နက်လာခဲ့၏။

 

“မလျှောက်တော့ဘူး … အနားယူကြမယ် …”

 ရှစ်ယဲ့က ပြောသည်။ 


ဝမ်ချီက ခေါင်းညိတ်လိုက်သည်။ သူက ရှစ်ယဲ့ ပခုံးကို မှီကာ အိပ်ခန်းထံသို့ လိုက်ပါလာခဲ့၏။

 

ခဏအကြာ၌ သူတို့က အိပ်ခန်းထံ ရောက်လာခဲ့ကြသည်။ ဝမ်ချီ၏ ဗီရိုအား ညွှန်ပြလိုက်၏။

“ကျောက်တုံးက အဲဒီဗီရိုထဲမှာ …”

 

ရှစ်ယဲ့က ဝမ်ချီ၏ အဝတ်နှင့် ဖိနပ်များကို စိတ်ရှည်လက်ရှည် ချွတ်ပေးလိုက်သည်။ ထို့နောက် ဝမ်ချီ၏ ကိုယ်ပေါ်သို့ စောင်လွှမ်းပေးလိုက်၏။


ဝမ်ချီက ကိုယ်ဝန်ခြောက်လ ရှိနေပြီဖြစ်ရာ ပက်လက်အိပ်၍ မရချေ။ သမားတော်က သူ့အား ဘယ်ဘက်သို့ လှည့်အိပ်ခြင်းက ကောင်းမွန်သည်ဟု အကြံပြုထား၏။ သို့သော် ၎င်းက ရှစ်ယဲ့အား ကျောခိုင်းနေသလို ဖြစ်သွားစေခဲ့သည်။

 

ဝမ်ချီက လုံခြုံမှုကို မခံစားရတော့ဘဲ ရှစ်ယဲ့ဘက်လှည့်ရန် ကြိုးစားလိုက်၏။

 

သို့သော် ရှစ်ယဲ့က သူ့လက်မောင်းကို ညှင်သာစွာ ထိလိုက်သည်။

 

“အိပ်တော့ …”

ရှစ်ယဲ့က သူ့နံဘေးတွင် လှဲလိုက်သည်။ သို့သော် စောင်ထဲသို့ ဝင်လာမည့်အစား ဝမ်ချီအား စောင်ဖြင့်ပတ်ကာ ထွေးဖက်လိုက်၏။

“ကိုယ် ဒီမှာရှိတယ် …”

 

ဝမ်ချီက ရှစ်ယဲ့၏ ပွေ့ဖက်မှုကြား ကျရောက်သွားကာ လှုပ်မရတော့ချေ။ သူက ရှစ်ယဲ့နှင့်ပို၍ နီးကပ်စေရန် ခေါင်းကို နောက်သို့ တိုးလိုက်၏။

 

သူက အိပ်ချင်မူးတူးဖြစ်နေ၏။ ထိုအချိန်၌ ရှစ်ယဲ့ပြောခဲ့သည့် စကားများက သူ့အတွေးများအား လွှမ်းမိုးလာခဲ့သည်။ ဝမ်ချီက ယောင်ဝါးဝါးဖြင့် ပြောလိုက်၏။

“မသွားပါနဲ့ …”

 

“ဟမ် …ကိုယ်ဘယ်မှမသွားပါဘူး …”

ရှစ်ယဲ့က ပြောသည်။


“အပြင်လည်းမသွားနဲ့ …”

 

“ဟမ် …”

 

“ရှစ်ယဲ့ … ကျွန်တော်ကြောက်တယ် …  ကျွန်တော်နိုးလာရင် ခင်ဗျားမရှိတော့မှာ ကြောက်တယ် … မသွားဘူးလို့ ကတိပေးပါနော် … မဟုတ်ရင် ရှစ်ယဲ့ရဲ့အတွေးကို ပြောပြပါ …  ကျွန်တော် ခင်ဗျားကို ဘယ်မှာရှာမှန်းမသိမှာကြောက်တယ် …”

 

“ဟင် …”

ရှစ်ယဲ့က သူ့ခေါင်းလေးကို နမ်းလိုက်သည်။

 

“ရှစ်ယဲ့ … အဲဒီ့ကျောက်တုံးက လူတွေကို အသက်ပြန်သွင်းနိုင်တယ်ဆို … အဲဒါကို ကျွန်တော်နဲ့မင်းကြီးကို ပေးမယ့်အစား ဘာလို့ ကိုယ့်ဟာကိုယ်မသုံးရမှာလဲ … အဲဒီ့ကလေးက ခင်ဗျား မှာရက်အများကြီး မကျန်တော့ဘူးလို့ ပြောသွားတယ် … ကျွန်တော် ယုံသင့်လားမသိပေမယ့် …”

 

ဝမ်ချီ၏ စိတ်အစဉ်မှာရှုပ်ထွေးနေပြီး မျက်လုံးကိုပင် မဖွင့်နိုင်တော့သည့်တိုင် ကျန်ရှိနေသည့် အသိစိတ်က သူ့အား မရပ်မနားစကားဆိုနေစေခဲ့သည်။

 

သူ့အသံက တဖြည်းဖြည်း ပို၍တိုးလာကာ မပီမသ ရေရွတ်သံများသို့ ပြောင်းလဲသွားခဲ့၏။

 

မည်မျှကြာသွားသည်မသိ၊ သူက ရှစ်ယဲ့၏ သက်ပြင်းချသံကို ကြားလိုက်ရသည်။

“ကိုယ်က ကိုယ့်ကိုယ်ကိုယ် မကူညီနိုင်တာနှမြောစရာပဲ … မင်းကိုယ့်ကို ကူညီမှာစောင့်နေရုံပဲ တတ်နိုင်တော့တယ် … ကိုယ်မှန်းတာ မှန်ဖို့ မျှော်လင့်မိပါတယ် …”

 

ထို့နောက် ဝမ်ချီက သတိလစ်သွားလေသည်။

 

သူက အမှောင်ထုထဲသို့ နစ်မြုပ်သွားတော့၏။

 

….

 

နောက်တစ်နေ့၌ ဝမ်ချီနိုးလာသည့်အခါ ရှစ်ယဲ့မရှိတော့ပေ။

 

သူက အပြည့်အဝနိုးလာသည်အထိ စောင့်နေခဲ့သည်။ ထို့နောက် ယောဖန်းအား ခေါ်လိုက်၏။

“ယောဖန်း …”

 

ယောဖန်းက အမြန်ပြေးလာသည်။

“သခင်လေး … နိုးလာပြီပဲ …”

 

ဝမ်ချီက မေးလိုက်သည်။

“ရှစ်ယဲ့ရော …”

 

“အရှင့်သားနဲ့ သခင်လေးတို့က တကယ့်ကိုချစ်ကြတာပဲ…”

ယောဖန်းက ဝမ်ချီအား ထနိုင်အောင် ကူညီပေးရင်း စနောက်လိုက်သည်။

“အရှင့်သား မထွက်ခွာခင်က သခင်လေးကို ကောင်းကောင်းစောင့်ရှောက်ဖို့ မှာခဲ့တယ် … သခင်လေး နိုးလာတော့လည်း အရှင့်သားကို ဦးဆုံးမေးတော့တာပဲ …”

 

သူမက ဆက်ပြောလိုက်၏။

“အရှင့်သားက သန်းခေါင်ယံကတည်းက ထွက်ခွာသွားခဲ့တာပါ .. သူ့မှာ အလျင်စလို လုပ်စရာတစ်ခု ရှိနေပုံပါပဲ …”

 

ဝမ်ချီက မေးလိုက်သည်။

“သူ ဘယ်သွားမယ်လို့ ပြောသွားသေးလား …”

 

ယောဖန်းက ခေါင်းယမ်းလိုက်သည်။

“အရှင့်သားက ဘာမှမပြောခဲ့ပါဘူး … ဒီအစေခံကလည်း မမေးဝံ့ခဲ့ပါဘူး …”

 

ဝမ်ချီက ယမန်နေ့က ရှစ်ယဲ့ပြောခဲ့သည့် စကားများကို တွေးရင်း ခံစားချက်မကောင်းဖြစ်လာသည်။ သူက ယခုမှထလာသည်ကိုပင် အရေးမစိုက်နိုင်တော့ဘဲ မိန်းမစိုးကျိုးထံသို့ ဦးတည်ရန်ပြင်လိုက်၏။

 

သို့သော် သူလှုပ်လိုက်သည်နှင့် ယောဖန်း၏ ရေရွတ်သံကို ကြားလိုက်ရသည်။

“အိုး …”

 

“ဘာများလဲ …”


ယောဖန်းက ဝမ်ချီ၏ နံဘေးရှိ အရာနှစ်ခုကို ကြည့်လိုက်သည်။

“ပန်းချီကားနဲ့ ကျောက်တုံးလေးတစ်တုံးပါလား …”




💮💮💮