Chapter 159
Viewers 36k

💮Chapter 159



 

ငါလည်း သူ့ခမည်းတော်ရဲ့သားလေ … ငါက သားအရင်းလေ ..

 

ငါက သားအရင်းဖြစ်နေတာတောင် ဘယ်သူမှန်းမသိတဲ့လူရဲ့သား ရှစ်ယဲ့လောက် မကောင်းလို့လား …

 

ရှစ်ကျင်း၏ အမြင်က စတင်ဝေဝါးလာသည်။ သူက သူ့ကိုယ်သူ မမြင်နိုင်သည့်တိုင် သူ့မျက်ရည်များ ကျဆင်းလာကြောင်း ခံစားမိနေ၏။

 

မျက်ရည်များက မြေပေါ်သို့ တပေါက်ပေါက် ကျဆင်းကုန်သည်။

 

သူ့ခန္ဓာကိုယ်ကလည်း ပြင်းပြင်းထန်ထန် တုန်ယင်နေပြီး ပထမဆုံးအကြိမ် ကမ္ဘာကြီးထံမှ စွန့်ပစ်ခံရသလို ခံစားလိုက်ရသည်။ သူ့ဖခင်သည့် သူ့ဖခင်မဟုတ်တော့ပေ။ သူ့မိခင်သည်လည်း သူ့မိခင်မဟုတ်တော့ပေ။ သူသည်လည်း သူ မဟုတ်တော့ချေ။

 

ရုတ်တရက် ခြေထောက်တစ်စုံက သူ့အရှေ့သို့ ထွက်ပေါ်လာသည်။

 

ရှစ်ကျင်းက မသိစိတ်ဖြင့် မော့ကြည့်လိုက်မိ၏။ ရှစ်ယဲ့၏ အနောက်ဘက်တွင် လင်းကျယ်က သူ့အား ဂရုဏာသက်ဟန်ဖြင့် ကြည့်နေ၏။

 

သူ၏ သနားစဖွယ်အခြေအနေနှင့် နှိုင်းယှဉ်ပါက ရှစ်ယဲ့က အပြင်လူတစ်ဦးကဲ့သို့ ဘာမှမဆိုင်သလို ရှိနေသည်။ သူက တည်ငြိမ်နေပြီး မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်သည့် လူတစ်ဦးကဲ့သို့ ရှိနေ၏။

 

ရှစ်ကျင်းက မျက်လုံးမှိတ်ကာ မျက်ရည်စများကို လက်ဖြင့် သုတ်လိုက်သည်။ ထို့နောက် ရှစ်ယဲ့အား အတန်ကြာ မော့ကြည့်နေပြီး သူ့နှုတ်ခမ်းထောင့်များက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်ဟန်ဖြင့် ကွေးညွှတ်သွားခဲ့သည်။

“ရှစ်ယဲ့ … မင်းနိုင်ပါတယ် …”

 

အမှန်စင်စစ်တွင် ရှစ်ယဲ့သည် မည်သည့်အခါကမှ မရှုံးခဲ့ပေ။ သူက ထိုအချက်ကို ဝန်မခံလိုခဲ့ခြင်းသာ။

 

ရှစ်ကျင်း တိတ်ဆိတ်သွား၏။

 

သူ မသိလိုက်မီတွင် ကိစ္စများက ဤအခြေအနေသို့ ရောက်ရှိလာခဲ့လေပြီ။

 

ရှစ်ယဲ့က သူ့အား မစောင့်နေဘဲ ဆက်ပြောလိုက်၏။ 

“မင်းကြီးရဲ့ အမိန့်က ကျန်နေသေးတယ် .. သူက မင်းကို သူ့မျက်နှာထောက်ပြီး ညီတစ်ဦးအဖြစ် စောင့်ရှောက်ပေးဖို့ ငါ့ကိုတောင်းဆိုခဲ့တယ် … ငါအခု အဲဒါကိုလုပ်ပြီးပြီ …”

 

ခဏအကြာ၌ သူက ဆက်ပြောသည်။

“မင်းရဲ့ကျန်တဲ့ဘဝကို ကောင်းကောင်းဖြတ်သန်းပါ … အဲဒီနေ့ရက်တွေက မင်းကြီး မင်းအတွက် ယူဆောင်ပေးခဲ့တဲ့ နေ့ရက်တွေပဲ …”

 

ထို့နောက် သူက ပြန်လှည့်လိုက်၏။

“လင်းကျယ် …”

 

လင်းကျယ်က ရှေ့သို့ တိုးလာကာ လက်သီးဆုပ် အရိုအသေပြုလိုက်သည်။

“အရှင့်သား …”

 

ရှစ်ယဲ့က ပြောသည်။

“သူ့ကို အားလုံးရှင်းပြလိုက် … သူ ဘယ်လောက်အထိ တုံးအသွားခဲ့သလဲ ဆိုတာကိုပေါ့ …”

 

လင်းကျယ်က ခေါင်းငုံ့ကာ ပြောသည်။

“မှန်လှပါ …”

 

ထို့နောက် ရှစ်ယဲ့က နောက်ထပ်စကားမဆိုတော့ဘဲ လှည့်ထွက်သွားလေသည်။

 

သို့သော် သူ ခြေလှမ်းအနည်းငယ် လှမ်းပြီးသည့်နောက် ရှစ်ကျင်း၏အော်သံကို ကြားလိုက်ရ၏။

“မင်းက ခမည်းတော်ရဲ့သားအရင်းမဟုတ်ဘူး … မင်းက ထီးနန်းကို ဆက်ခံဖို့ အရည်အချင်းမရှိဘူး …”

 

ရှစ်ယဲ့က ခဏရပ်ကာ ခေါင်းလှည့်ကြည့်လျက် တည်ငြိမ်စွာပြော၏။

“ကံမကောင်းစွာနဲ့ ဒါက မင်းကြီးရဲ့စီစဉ်မှုတွေပဲ … မင်း မကျေနပ်တာရှိရင် မြေအောက်ကမ္ဘာကိုလိုက်ပြောလေ …”

 

ထို့နောက် သူက အကျဉ်းထောင်အား ပြန်လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။

 

မိန်းမစိုးကျိုးနှင့် ကျောကျစ်တို့က အကျဉ်းထောင် အပြင်ဘက်၌ စောင့်နေကြ၏။ သူတို့က ရှစ်ယဲ့အား တွေ့လိုက်သည်နှင့် အမြန် အရိုအသေပေးလိုက်ကြသည်။

 

ကျောကျစ်၏ မျက်နှာတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေ၏။

 

မိန်းမစိုးကျိုးက ခဏကြာ တုံ့ဆိုင်းနေပြီး ပြောလိုက်သည်။ “အရှင့်သား …”

 

အကျဉ်းခန်းထဲတွင် တစ်စုံတစ်ဦးက ရှစ်ယဲ့၏ ပိန်ပါးသောပုံရိပ်ကို မြင်နိုင်ခဲ့လျှင် သူ့မျက်ဝန်းထဲရှိ ပင်ပန်းမှုကိုပါ တွေ့ရပေလိမ့်မည်။ သို့သော် ယခုအခါ နေ့အလင်းရောင်အောက်၌မူ ရှစ်ယဲ့၏ မျက်နှာက ဖြူဖျော့နေပြီး သူ့နှုတ်ခမ်းများမှာလည်း စိမ်းဖန့်နေသည်ကို တွေ့နေရ၏။

 

ထိုအရာအားလုံးမှာ အဆိပ်၏ သက်ရောက်မှုများ ဖြစ်ကြသည်။

 

သို့သော် ရှစ်ယဲ့က ထိုအရာကို ဂရုမစိုက်ချေ။ သူက မိန်းမစိုးကျိုးနှင့် ကျောကျစ်တို့ မေးမည့်မေးခွန်းကို လက်ကာလျက် တားလိုက်သည်။ ထို့နောက် မေးလိုက်၏။ 

“ရှာဖွေမှုက ဘယ်လိုရှိလဲ …”

 

မိန်းမစိုးကျိုးက သက်ပြင်းချကာ ပြန်ဖြေလိုက်သည်။

“အဲဒီ ရုန်ဆစ်ဆိုတဲ့ ကလေးကို ရှာတွေ့ပါပြီ… သူက အရှင့်သားနဲ့ တူညီတဲ့အဆိပ်မိနေပါတယ် … ဒါပေမယ့် အဆိပ်ကပျော့တော့ ကုသနိုင်ပါသေးတယ် … သူက သက်တမ်းစေ့နေနိုင်မှာပါ …”

 

ရှစ်ယဲ့က ခေါင်းညိတ်ကာ ဆက်လျှောက်လာသည်။ 

“ကျန်တဲ့လူတွေကရော …”

 

မိန်းမစိုးကျိုးနှင့် ကျောကျစ်က သူ့အနောက်မှ လိုက်ပါလာသည်။

 

မိန်းမစိုးကျိုးက ပြော၏။

“အရှင့်သားကို လျှောက်တင်ပါတယ် … ရုန်ဆစ်ကို ရှန်းယန်လမ်းပေါ်မှာ တခြားကလေးတွေနဲ့အတူ ဒီအစေခံ ထားရှိထားပါတယ် …သူတို့ရဲ့ ဇစ်မြစ်နဲ့အတွေ့အကြုံတွေက အတူတူပါပဲ … သူတို့အားလုံးမှာ အထူးစွမ်းရည်ရှိနေပြီး ဟွားရင်းက ဖမ်းဆီးခဲ့တာပါ …”

 

ရှစ်ယဲ့ နှာခေါင်းရှုံ့လိုက်သည်။

“ဟွားမိသားစုတွေ သာမန်ကလေး အရေအတွက်တိုးလာကြောင်း ပြောနေတာ အံ့အားသင့်စရာမရှိတော့ဘူး … အထူးစွမ်းရည်ရှိတဲ့ ကလေးတွေကို ဟွားရင်းက အလောင်းအတွက် မြေဩဇာအနေနဲ့ ဖမ်းခဲ့တာကိုး …”


“ဟွားမိသားစုက ဒီလိုကိစ္စမျိုးလုပ်မယ်လို့ ကျွန်တော်မျိုး မမျှော်လင့်ထားခဲ့ဘူး …”

မိန်းမစိုးကျိုးက ဝမ်းနည်းစွာဖြင့် ခေါင်းယမ်းလိုက်သည်။ 

“ဒီအစေခံက လျှို့ဝှက်ခန်းကို ရှာတွေ့ခဲ့ပြီး အဲဒီ့လျှို့ဝှက်ခန်းကို ဖွင့်တဲ့နည်းကိုလည်း ကလေးတွေထံက သိခဲ့ပေမယ့် ဟွားရင်းရဲ့ ပစ္စည်းတွေကို မရှာနိုင်ခဲ့တာ နှမြောစရာပါပဲ …”

 

“ကိစ္စမရှိပါဘူး …ဟွားရန်ရုန်ရဲ့ အလောင်း အဲဒီ့လျှို့ဝှက်ခန်းထဲမှာ ရှိနေသရွေ့ အဲဒီအရူးက ထွက်လာဦးမှာပဲ …”

ရှစ်ယဲ့က အေးစက်စွာပြောသည်။


မိန်းမစိုးကျိုးက ပြောသည်။

“အရှင့်သားပြောတာ မှန်ကန်ပါတယ် …”

 

ဤသို့ဖြင့် သူတို့သုံးဦးက တိတ်ဆိတ်စွာ လမ်းလျှောက်ခဲ့ကြ၏။

 

ထိုအချိန်တွင် ရှစ်ယဲ့၏ခြေထောက်များ ပျော့ခွေသွားကာ ဒူးထောက်ကျသွားလေသည်။

 

မိန်းမစိုးကျိုးနှင့် ကျောကျစ်တို့နှစ်ဦးလုံး ထိတ်လန့်သွားကာ ရှစ်ယဲ့အား ကူညီရန် အမြန်လက်လှမ်းလိုက်ကြ၏။ သို့သော် ရှစ်ယဲ့၏မျက်ခုံးများက တွန့်ချိုးနေပြီး မျက်တောင်ရှည်များသည်လည်း နာကျင်မှုကြောင့် တုန်ယင်နေလေသည်။

 

ရှစ်ယဲ့၏ နဖူးထက်၌ ချွေးလွှာတစ်လွှာ ထွက်ပေါ်လာ၏။ သူက မိန်းမစိုးကျိုးနှင့် ကျောကျစ်တို့၏ အကူအညီဖြင့် ထမရပ်နိုင်မီ ပါးစပ်နှင့်အပြည့် သွေးတစ်လုတ် အန်လိုက်လေသည်။

 

သွေးများက ရှစ်ယဲ့၏ မေးနှင့် ကော်လံတို့အား နီရဲသွားစေခဲ့၍ မိန်းမစိုးကျိုးနှင့် ကျောကျစ်တို့ ထိတ်လန့်သွားကြ၏။ 

“အရှင့်သား …”

 

“အရှင့်သား … အဆင်ပြေပါရဲ့လား …”

မိန်းမစိုးကျိုးက ထအော်မိမတတ် ထိတ်လန့်သွားသည်။ သူက နှင်တံကို လွှင့်ပစ်ကာ တုန်တုန်ယင်ယင်ပြောလိုက်၏။

“ခဏစောင့်ပါ … ဒီအစေခံက တော်ဝင်သမားတော်ကို ပင့်ခဲ့ပါ့မယ် …”

 

ထို့နောက် မိန်းမစိုးကျိုးက ကျောကျစ်အား ကြည့်ကာ ပြောလိုက်သည်။

“ကျောကျစ် … အရှင့်သားကို မြန်မြန်ကူညီပေးလိုက် …”

 

ကျောကျစ်က ဖြူလျော်နေသည့် မျက်နှာဖြင့်ပြောသည်။ 

“ဟုတ်ကဲ့ …”

 

သို့သော် မိန်းမစိုးကျိုး ထွက်သွားတော့မည့် အချိန်၌ ရှစ်ယဲ့က သူ့လက်မောင်းကို ဆွဲလိုက်၏။

 

ရှစ်ယဲ့၏ဆုပ်ကိုင်မှုမှာ သန်မာလှသည့်အလျောက် မိန်းမစိုးကျိုး၏ မျက်နှာသည် လေလျော့သွားသည့် ဘောလုံးတစ်လုံးနှယ် ရှုံ့တွသွားရသည်။ သူက တစ်ချက်ညည်းကာ ပြောလိုက်၏။

“အရှင့်သား … ဘာများမှာကြားလိုပါသလဲ …”

 

“တော်ဝင်သမားတော် ခေါ်စရာမလိုဘူး ...”

ရှစ်ယဲ့၏ မျက်ဝန်းများက မှိန်ဖျော့နေသည်။ သူက သွေးအန်ထားသည့်တိုင် အဆင်ပြေနေပုံပေါ်၏။ သူ့မျက်ခုံးများကသာ နာကျင်မှုကြောင့် တွန့်ချိုးနေခဲ့ပြီး ဩရှသောအသံဖြင့် ဆို၏။

“ရထားလုံးပြင်လိုက် … နန်းတော်ကထွက်ခွာမယ် …”

 

မိန်းမစိုးကျိုးက သတိကြီးစွာ မေးလိုက်သည်။

“အရှင့်သား … ဝမ်သခင်လေးကို တွေ့ချင်လို့လား …”

 

ဝမ်ချီ၏ အမည်ကို ကြားသည်နှင့် ရှစ်ယဲ့၏ မျက်ဝန်းများ၌ နူးညံ့မှုများ ကိန်းအောင်းလာ၏။ သို့သော် မကြာမီ ပြန်လည်မှုန်မှိုင်းသွားခဲ့သည်။

“ကလေးတွေကို ခေါ်ပြီး လျှို့ဝှက်ခန်းကို သွားရှာပါ …”

 

မိန်းမစိုးကျိုးက ကြောင်အသွားရသည်။ သူက စိုးရိမ်လွန်း၍ ငိုတော့မတတ် ဖြစ်နေ၏။

“အရှင့်သား … ဒီကိစ္စက အလျင်လိုစရာမလိုပါဘူး … အခုအချိန်မှာ အရှင့်သားရဲ့ ကျန်းမာရေးကသာ အရေးကြီးတာပါ … ဒီအစေခံက တော်ဝင်သမားတော်ကို ရှာခဲ့ပါ့မယ်…”

 

ကျောကျစ်က ပြောလိုက်သည်။

“အရှင့်သား … မိန်းမစိုးကျိုးပြောတာ မှန်ပါတယ် … အဲဒီ့ကိစ္စက အရေးမကြီးပါဘူး … ကျွန်မတို့ …”

 

“မင်းတို့ ဘာသိလို့လဲ …”

ရှစ်ယဲ့က ဖြတ်ပြောလိုက်၏။

 

မိန်းမစိုးကျိုးနှင့် ကျောကျစ်တို့က တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြပြီး စကားထပ်မဆိုဝံ့တော့ပေ။

 

ရှစ်ယဲ့၏ အမူအရာက မှောင်မိုက်နေပြီး မိန်းမစိုးကျိုးကို တွန်းထုတ်ကာ ရှေ့သို့ အလျင်စလို သွားလိုက်သည်။ သူက ကျောကျစ်အား ပြောနေခြင်းပေလော၊ သူ့ကိုယ်သူ ပြောမိခြင်းပေလောပင် မသိတော့ချေ။

“ငါ့မှာ အချိန်မရှိတော့ဘူး… ငါထပ်စောင့်လို့မရဘူး …”

 

မိန်းမစိုးကျိုးက တံတွေးမျိုချကာ နောက်မှလိုက်ပါလာ၏။ 

“အရှင့်သား … အိမ်ရှေ့မင်းသား …”

 

ကျောကျစ်သည်လည်း တိတ်ဆိတ်စွာ လိုက်ပါလာခဲ့သည်။

 

-----


ဝမ်ချီနှင့် ကျန်းသခင်လေးတို့က တစ်ဦးနှင့်တစ်ဦး ချိန်းဆိုခဲ့ကြသည်။ ထို့ကြောင့် ယနေ့နေ့လည်၌ သူက သဘောတူထားသည့်အတိုင်း သခင်လေးကျန်း ကြိုတင်မှာယူထားသည့် စားသောက်ဆိုင်သို့ ဦးတည်လာခဲ့၏။

 

ဤစားသောက်ဆိုင်က မြို့တော်၌ အထင်ရှားဆုံး ဆိုင်သုံးဆိုင်ထဲတွင်ပါဝင်သည့် စားသောက်ဆိုင်ဖြစ်သည်။ ၎င်းက ရာထူးကြီးမြင့်သူများကိုသာ ခစား၏။ ယခုအခါ ဝမ်ချီနှင့် ကျန်းသခင်လေးအတွက် စားသောက်ဆိုင်၏ ပထမထပ်နှင့် ဒုတိယထပ် နှစ်ထပ်လုံး ရှင်းလင်းပေးထားခဲ့သည်။

 

ဝမ်ချီက သီးသန့်ခန်းထဲ၌ ပထမဆုံး စားသုံးဖူးသည်ဖြစ်ရာ မနေတတ်ဖြစ်နေခဲ့သည်။ သို့သော် ကျန်းသခင်လေးအတွက်မူ ပြသနာမရှိပေ။ သူက အစေခံများအား စားစရာများနှင့် ဌာပနာမုန့်များ ပြုလုပ်ရန် စေခိုင်းလိုက်၏။

 

ဝမ်ချီက မည်သို့မှဝင်မပြောဘဲ ဘေးဘက်တွင်ထိုင်ကာ စောင့်ဆိုင်းနေခဲ့သည်။

 

ကျန်းသခင်လေးက အလုပ်ပြီးသွားချိန်၌ သူက ဝမ်ချီ့အား လှည့်ကြည့်လိုက်သည်။ ဝမ်ချီက လက်ဖက်ရည်ခွက်ကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ပြတင်းပေါက်နားရှိ ထိုင်ခုံ၌ ထိုင်နေ၏။ သူ လက်ဖက်ရည်အား တစ်ငုံချင်း စုပ်သောက်နေပုံမှာ အန္တရာယ်မရှိပုံ ပေါ်နေစေသည်။


ပြတင်းပေါက်မှ နေရောင်ခြည်က ဝမ်ချီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာ၏။ ၎င်းက သူ၏ အသားအရည်ကို ပိုမိုဖြူဖျော့သွားစေပြီး သူ၏ အနက်ရောင်ဆံနွယ်များအား အဝါရောင်ဖျော့ဖျော့ ထင်ဟပ်သွားစေသည်။

 

ကျန်းသခင်လေး ကြောင်အသွား၏။ ယခုအခါ သူက အရှင့်သား ဝမ်ချီ့အပေါ် နှစ်သက်မှုကို နားလည်လာပြီဖြစ်သည်။

 

မင်းကြီးက အရှင့်သား၏ အနောက်ဆောင်သို့ အမျိုးသားအမျိုးသမီးများစွာ စေလွှတ်ခဲ့သည့်တိုင် ဝမ်ချီတစ်ဦးထဲသာ အရှင့်သား၏ အာရုံကို ဖမ်းဆုပ်နိုင်ခဲ့သည်။ အိမ်ရှေ့မင်းသားက အပြစ်ကင်း၍ အန္တရာယ်မရှိပုံပေါ်သည့် ကောင်ချောလေးအား ကျရှုံးသွားခဲ့သည်ပင်။

 

အရှင့်သား၏ အကြိုက်က အနည်းငယ် ကွဲပြား၏။

 

ကျန်းသခင်လေးက သူ၏ လှပသော ဝတ်ရုံကို ကြည့်ရင်း ပါးပြင်များ ပူနွေးလာခဲ့သည်။ သူက အင်္ကျီများကို ပြန့်ပြူးစေလျက် လျှောက်လာလိုက်၏။

“ဝမ်သခင်လေး … ဘာလုပ်နေတာလဲ … အားလုံးပြင်ဆင်ပြီးပြီ စလိုက်ရအောင် …”

 

ဝမ်ချီက‌ ခေါင်းညိတ်ကာ လက်ဖက်ရည်ခွက်ကို အမြန်ချလိုက်သည်။

 

ကျန်းသခင်လေးက သီချင်းသီဆိုခြင်း၊ လက်ရေးလှနှင့် ပန်းချီပညာတို့၌ မကျွမ်းကျင်ပေ။ သို့သော် သူက ဌာပနာမုန့်များနှင့် ဟင်းပွဲများကိုမူ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်စွာ ပြင်ဆင်နိုင်၏။ ထို့အပြင် သူက ဝမ်ချီကဲ့သို့ ခေတ်လူငယ်တစ်ဦးပင် မကြားဖူးသည့် အတွေးအမြင်များကိုလည်း ပိုင်ဆိုင်ထားသေးသည်။

 

ကျန်းသခင်လေးနှင့် နှိုင်းယှဉ်ပါက ဝမ်ချီမှာ ပြာယာခတ်နသူ တစ်ယောက်သာဖြစ်၏။

 

ကံကောင်းစွာဖြင့် ကျန်းသခင်လေးက တွေးတတ်ရုံသာမက စိတ်လည်းရှည်လေသည်။ သူက ဝမ်ချီအား နောက်ထပ်ပြုလုပ်ရမည့် အရာကို တစ်ဆင့်ချင်း ညွှန်ပြပေး၏။

 

တစ်နာရီကြာ အလုပ်ရှုပ်နေပြီးနောက် ဝမ်ချီက ကျန်းသခင်လေး၏ ညွှန်ပြမှုအောက်တွင် ဂျုံဌာပနာမုန့်အား ကောင်းမွန်စွာ ပြုလုပ်နိုင်ခဲ့၏။

 

“ဒီမုန့်က သာမန်လူတွေအတွက် အရမ်းချိုလွန်းတယ် …” 

ကျန်းသခင်လေးက ဝမ်ချီနှင့် မျက်စောင်းထိုးတွင် ထိုင်လိုက်ရင်း ဌာပနာမုန့်တစ်ခုကို ကိုင်လိုက်သည်။ သူက ခပ်သေးသေး တစ်ကိုက်ကိုက်ကာ အံ့အားသင့်ဟန်ဖြင့် ဆို၏။ 

“ဒီလိုမုန့်မျိုးက ကျွန်တော်သဘောကျတဲ့ မုန့်ပဲ … သူက ချိုချိုချဉ်ချဉ် အရသာမျိုးရှိတယ် … ဝမ်သခင်လေးရဲ့ လက်မှုပညာက တကယ့်ကို ကောင်းမွန်တာပဲ … သခင်လေးက ကျွန်တော် ဆယ်ရက်လောက် ကြိုးစားခဲ့ရတဲ့ မုန့်ကို ခဏလေးနဲ့ လုပ်နိုင်ခဲ့တာပဲ…”

 

ကျန်းသခင်လေးက ဝမ်ချီအား မိုးပေါ်မြောက်သည်အထိ ချီးကျူးနေခဲ့သည်။

 

ဝမ်ချီက ချီးကျူးမှုကြောင့် နေရခက်လာ၏။ သူသည်လည်း ဌာပနာမုန့်ကို မြည်းကြည့်လိုက်သည်။ ၎င်းမှာအရသာရှိသော်လည်း ကျန်းသခင်လေး ပြောသကဲ့သို့ အရသာမျိုး မဟုတ်ပေ။

 

ကျန်းသခင်လေး သူ့အား ရှစ်ယဲ့ကြောင့်သာ ချီးကျူးနေခြင်းဖြစ်ကြောင်း ဝမ်ချီ သိလိုက်၏။ ထို့ကြောင့် သူက ထိုသူ၏ စကားများကို အတည်မယူမိပေ။




💮💮💮