💮Chapter 130
ဝမ်လျန်၏ အသနားခံမှုများနှင့် ရင်ဆိုင်ရချိန်၌ ရှစ်ယဲ့၏ ရေခဲတမျှ အေးစက်သော အမူအရာက တစ်ချက်ပင် ယိမ်းယိုင်မသွားခဲ့ပေ။ သူက ဝမ်လျန်၏ စကားများကို စိတ်ထဲပင် ထားပုံမရချေ။
ဝမ်လျန်က အလွန်ထိတ်လန့်နေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေ၏။ သူက ခေါင်းငုံ့လျက်ရှိနေသည်။
ခဏအကြာ၌ ဝမ်လျန်က ရှစ်ယဲ့၏ အေးစက်စက်အသံကို ကြားလိုက်ရသည်။
“မင်း ဘာလိုချင်လို့လဲ …”
ဝမ်လျန်က ရှစ်ယဲ့အား ကြည့်ချင်သော်လည်း မကြည့်ဝံ့ခဲ့ပေ။ သို့သော် သူ့ကိုယ်ပေါ်၌ ကျရောက်နေသည့် ရှစ်ယဲ့၏ အေးစက်စက် အကြည့်ကိုမူ သူခံစားမိနေသည်။
“အရှင့်သားကို ပြန်ဖြေပါတယ် … ဒီငယ်သားရဲ့မိသားစုက ကိစ္စကြီးတွေကို ကြုံတွေ့ခဲ့ရပါတယ် … ကျွန်တော်မျိုးရဲ့ ဖခင်ဆိုရင် နေ့ရောညပါ အလုပ်လုပ်ရလွန်းလို့ ဖျားနာရတဲ့အထိပါပဲ …”
ဝမ်လျန်က သူ၏ ခြောက်သွေ့သော နှုတ်ခမ်းများကိုလျက်ကာ ဆက်ပြောသည်။
“ဖခင်ရဲ့ ကျန်းမာရေးကြောင့် ကျွန်တော်မျိုး မိခင်ကသမားတော် အမြောက်အများ ဖိတ်ခေါ်ခဲ့ပါတယ် … သမားတော်တွေအားလုံးက ကျွန်တော်မျိုးရဲ့ဖခင်မှာ နှလုံးရောဂါရှိတယ်လို့ ပြောကြပါတယ် … ပြီးတော့ အဲဒီ့ရောဂါက ဆေးကုသဖို့ လိုအပ်ပါတယ် …. ကျွန်တော့် ညီလေးက နန်းတော်ကို ဝင်သွားပြီးတဲ့နောက် အိမ်တော်ကို တစ်ခါသာ အလည်လာခဲ့ပါတယ် …. အဲဒီကတည်းက ကျွန်တော်တို့ သူ့ကို မတွေ့ရတာကြောင့် ဒီငယ်သားကအတင့်ရဲပြီး သူ့ကို လာရှာရတာပါ …”
ထိုသို့ပြောပြီးသည့်နောက် ဝမ်လျန်က အလိုမကျမှုကို ခံစားလိုက်ရ၏။ သူ့နှလုံးသားထဲတွင် ကြာရှည်စွာ ခံစားလာရသည့် နာကျင်မှုကြောင့် သူ့မျက်လုံးထဲမှ မျက်ရည်ပူများက ပါးပြင်ပေါ်သို့ စီးကျလာခဲ့သည်။
“ဒီငယ်သားက အရှင့်သားကို ခွင့်လွှတ်ဖို့ တောင်းဆိုချင်ပါတယ် …”
ဝမ်လျန်က ဖုတ်ခနဲ ဒူးထောက်ချလိုက်ရင်း ရှစ်ယဲ့၏ အဝတ်အား ဆုပ်ကိုင်ရန် လက်ဆန့်လိုက်သည်။ သူက ခေါင်းမော့ကာ ဆို့နစ်နေသည့်အသံဖြင့် ပြောလိုက်၏။
“ဒီငယ်သားရဲ့ ညီငယ်နဲ့ တွေ့ခွင့်ပေးဖို့ အရှင့်သားကို တောင်းဆိုချင်ပါတယ် … ဖခင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့ ဒီငယ်သား ညီငယ်ကို အိမ်ခေါ်သွားပါရစေ …”
ဝမ်လျန်က ရှစ်ယဲ့၏ အဝတ်များကို ဆုပ်ကိုင်လိုက်ခြင်းသာ မဟုတ်ဘဲ သူ့ကိုယ်သူကိုပင် ရှစ်ယဲ့ထံ ပစ်မှီလိုက်၏။
ရှစ်ယဲ့မျက်နှာထက်၌ မည်သည့်ခံစားချက်မှ ထွက်ပေါ်မလာခဲ့ပေ။ သို့သော် သူ့မျက်ဝန်းများက အေးစက်သွားကာ သူ့ပတ်ဝန်းကျင်ရှိ လေထုအပူချိန်သည်လည်း သိသိသာသာ ထိုးကျသွားခဲ့သည်။
ထိုအခြေအနေကို တွေ့လိုက်သည်နှင့် ရထားလုံးမောင်းနှင့်သူများက ဝိညာဉ်လွင့်မတတ် ထိတ်လန့်သွားရသည်။
ရှစ်ယဲ့ မည်သို့မှမတုံ့ပြန်မီ ရထားလုံးမောင်းနှင်သူများ ထွက်လာကာ ဝမ်လျန်အား ရှစ်ယဲ့ထံမှ ဆွဲထုတ်လိုက်၏။
ဝမ်လျန်က အိမ်ရှေ့စံမင်းသားဟု အကြိမ်ကြိမ် အော်ဟစ်ရင်း ရုန်းကန်နေခဲ့သည်။
ရထားလုံးမောင်းနှင်သူတစ်ဦးက ဝမ်လျန် ခေါင်းမာမာနှင့် အရှင့်သားထံသို့ လက်လှမ်းနေသည်ကို ကြည့်ကာ ဒေါသထွက်လာ၏။ သူက ဝမ်လျန်၏ ဆဲဆိုရင်း ဝမ်းဗိုက်ပိုင်းကို ကန်ကျောက်လိုက်သည်။
ဝမ်လျန်က ပိုးမွေးသလို ပျိုးထောင်ခံခဲ့ရသူဖြစ်၍ ထိုသို့သောကန်ချက်ကို ခံနိုင်ရည်မရှိပေ။
ထို့ကြောင့် သူက ဗိုက်ကိုကိုင်ကာ မြေပေါ်တွင် နာနာကျင်ကျင် ညည်းညူနေတော့သည်။
ကျန်ရှိနေသည့် ရထားလုံးမောင်းနှင်သူ နှစ်ဦးက ဝမ်လျန်အား ချက်ချင်း ဆွဲထုတ်လိုက်ကြသည်။
အကွာအဝေးတစ်ခုထိ ဆွဲထုတ်ပြီးသည့်နောက် ရထားလုံး မောင်းနှင်သူနှစ်ဦးက ဝမ်လျန်အား မြေပေါ်တွင် ဖိကပ်ထားစေလိုက်၏။
ဝမ်လျန်က ဒူးထောက်လျက်သား ဝပ်တွားလျှက်ရှိနေသည်။ သူ့ရင်ဘတ်နှင့် မျက်နှာက ညစ်ပတ်သော မြေပြင်၌ ဖိကပ်ခံလိုက်ရ၏။
သူ့မျက်နှာနှင့် ခန္ဓာကိုယ်၌ ဖုန်မှုန့်များ ကပ်ငြိနေသည်ကိုပင် သူ ခံစားမိနေသည်။
ရထားလုံးမောင်းနှင်သူ၏ကန်ချက်က ဝမ်လျန်၏ ဝမ်းဗိုက်အား လှံနှင့်ထိုးစိုက်လိုက်သကဲ့သို့ ခံစားရစေသည်။ နာကျင်မှုက သူ့ဝမ်းဗိုက်တစ်ခုလုံး လှည့်ပတ်နေ၏။
သို့သော် ထိုနာကျင်မှုထက် မုန်းတီးမှုနှင့် မနာလိုမှုတို့က တောင်ကြီးတစ်လုံးပမာ သူ့နှလုံးသားအား ဖိနှိပ်လျက်ရှိ၏။ သူ့နှလုံးသားပတ်လည်တွင် ထိုခံစားချက်များက အဆိပ်ရှိမြွေများနှယ် တွားသွားနေကြသည်။
ဝမ်လျန်၏ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်လှုပ်နေ၏။ သူက မျက်ရည်များ၊ ဖုန်မှုန့်များဖြင့် ရောထွေးနေသည့် မျက်နှာကို မော့လိုက်သည်။ ထို့နောက် ရှစ်ယဲ့အား ခက်ခက်ခဲခဲ ကြည့်လိုက်၏။
ရှစ်ယဲ့သည်လည်း သူ့ကိုကြည့်ကာ ခံစားချက်ကင်းမဲ့စွာ ပြောလာခဲ့သည်။
“မင်းကို ဘယ်သူက သူ့ဆီလာခိုင်းရတာလဲ …”
ဝမ်လျန် ထိတ်လန့်သွား၏။
ရှစ်ယဲ့က ထပ်မေးသည်။
“မင်းကို ဒီနေရာကိုလာဖို့ ဘယ်သူက သတ္တိတွေပေးလိုက်သလဲ …”
ယခုအခါ ရှစ်ယဲ့၏ ဆိုလိုရင်းကို ဝမ်လျန် နားလည်သွားလေပြီ။ သူက ပါးစပ်ကိုဖွင့်ကာ သနားစဖွယ်ဆို၏။
“အရှင့်သား … ဒီငယ်သားရဲ့ ဖခင်က အပြင်းအထန် နာမကျန်း ဖြစ်နေတာကြောင့် ဒီငယ်သားက သူ့ကို ကယ်တင်ချင်ခဲ့တာပါ …. ဒီငယ်သားက အရှင့်သားကို နှောင့်ယှက်လိုစိတ် မရှိခဲ့ပါဘူး …”
လမ်းကြားတစ်ခုလုံး တိတ်ဆိတ်နေသည်။ ဝမ်လျန်၏ အသနားခံသံက လေထုထဲတွင် ပဲ့တင်ထပ်သွား၏။ ရှစ်ယဲ့က ခံစားချက်ကင်းမဲ့စွာဖြင့် ဝမ်လျန်၏ စိတ်ဓာတ်ကျနေသော အသွင်အပြင်ကို ကြည့်ကာ လှောင်လိုက်သည်။
“မင်းက သူ့နာမည်ကိုခေါ်ဖို့ ထိုက်တန်တယ်များ ထင်နေလား …”
ဝမ်လျန် “…”
သူက ပြောစရာစကားမရှိ ဖြစ်သွား၏။ ရှစ်ယဲ့၏ ရေခဲတမျှ အေးစက်သော မျက်နှာကိုကြည့်ရင်း သူ့စိတ်တစ်ခုလုံး ဗလာဖြစ်သွားရသည်။
ရှစ်ယဲ့က ပြော၏။
“မောင်မင်းရဲ့ ဖခင်က ကောင်းမှုတစ်ခုမှ မလုပ်ခဲ့တာပဲလေ သေချင်လည်း သေပါစေပေါ့ … သူ ဒီနေ့အထိ အသက်ရှင်နေတာပဲ ကံကောင်းနေပြီ … မင်းနဲ့ မင်းရဲ့မိခင်ကတော့ ဘယ်လိုပဲနေနေ ပန်ကုန်းရဲ့ ကိစ္စမဟုတ်ဘူး … ဒါပေမယ့် သူ့အနားမှာ လာရှုပ်နေမယ်ဆိုရင် …”
ရှစ်ယဲ့က ပြောပြောဆိုဆိုဖြင့် ရှေ့သို့ နှစ်လှမ်းတိုးလာသည်။
ဝမ်လျန်က သူ့အရှေ့ရှိ အနက်ရောင်ဖိနပ်များကို ကြည့်လိုက်၏။
ချက်ချင်းဆိုသလို ရှစ်ယဲ့က ငုတ်တုတ်ထိုင်ချလိုက်သည်။ သူ၏ အလွန့်အလွန်ကြည့်ကောင်းလှသည့် မျက်နှာက လမ်းကြားထဲရှိ မီးရောင်များဖြင့် လွှမ်းခြုံလျက်ရှိ၏။
ရှစ်ယဲ့၏ မျက်ဝန်းများက ရေခဲကန်နှယ် ရှိနေသည့်တိုင် သူ၏ ချောမောသော မျက်နှာကမူ မှော်စွမ်းအားတစ်ခု ရှိနေသကဲ့သို့ပင်။ လူများအား သတိလက်လွတ်ဖြစ်စေအောင် ညှို့ယူလျက်ရှိ၏။
ရှစ်ယဲ့က လက်ကိုဆန့်ကာ ဝမ်လျန်၏ ကော်လံကို ဆွဲယူလိုက်သည်။ သူက ဝမ်လျန်အား မြောက်တက်လာစေပြီး သူတို့နှစ်ဦးကြားရှိ အကွာအဝေးကို နီးကပ်စေလိုက်သည်။
“ပန်ကုန်းမှာ …မင်းရဲ့ဖခင်ကို မင်းအဖော်ပြုပေးနိုင်မယ့် နည်းလမ်းတွေ အများကြီးရှိတယ် …”
ရှစ်ယဲ့က အေးစက်စက် ပြောလိုက်၏။
ဝမ်လျန်၏ မျက်နှာက ဖြူလျော်နေ၏။ သူ၏ မက်မွန်သဏ္ဌာန်မျက်ဝန်းများကမူ အထိတ်တလန့် ပြူးကျယ်နေပြီး မျက်ဝန်းအိမ်များမှာလည်း ပြင်းပြင်းထန်ထန် တုန်လှုပ်နေသည်။
သူက စကားပြောရန် ကြိုးစားလိုက်သော်လည်း လည်ချောင်းထဲ၌သာ တစ်ဆို့နေ၏။ သူက အသံတစ်သံမှ မပြုလုပ်နိုင်ခဲ့ချေ။ သူ့မျက်နှာတစ်ခုလုံး ကြောက်ရွံ့မှုများသာ ပြည့်နှက်နေ၏။
သူ နောင်တရမိသည်။
သူ ဝမ်ချီ့ထံသို့ မလာခဲ့သင့်ပေ။
သို့သော် အရှင့်သားက ဝမ်ချီအား နန်းတော်သို့ ကိုယ်တိုင် ပြန်လည်ခေါ်ဆောင်လာမည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးပေ။ အိမ်ရှေ့စံမင်းသားက ဝမ်ချီ့အပေါ် အလိုလိုက်ကြောင်း သူ သိသည့်တိုင် ဤမျှ အလိုလိုက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ဖူးချေ။
ဝမ်လျန် ကြောက်ရွံ့နေစဉ် ရှစ်ယဲ့က ရုတ်တရက် သူ၏ ကော်လံကို ဖြေလွှတ်ပေးလိုက်သည်။
ထို့နောက် ရှစ်ယဲ့က ဝမ်လျန်အား ခံစားချက်ကင်းမဲ့စွာ တစ်ချက်ကြည့်ကာ အလယ်ရှိ ရထားလုံးထံသို့ ပြန်လျှောက်သွား၏။
ဝမ်လျန်၏ ခြေလက်များက တောင့်ခဲနေသည်။ သူက ဘာလုပ်ရမှန်းမသိဘဲ ရထားလုံးမောင်းနှင်သူနှစ်ဦး မြေပေါ်ဖိကပ်ထားခြင်းကိုသာ ခံနေရရှာ၏။
ရှစ်ယဲ့ ရထားလုံးအတွင်းသို့ ရောက်သွားမှသာ ရထားလုံး မောင်းနှင်သူများက သူ့အား လွှတ်ပေးလိုက်ကြသည်။
ဝမ်လျန်အား ကန်ခဲ့သည့် ရထားလုံးမောင်းနှင်သူက ကံမကောင်းဟု ခံစားလိုက်ရသည်။ ထိုသူက တံတွေးထွေးလိုက်ရင်း ထပ်မံကန်ကျောက်ရန် ပြင်လိုက်သည်။
ဝမ်လျန်က ကြောက်လန့်တကြားဖြင့် လက်များကိုသုံးကာ သူ့ကိုယ်သူ ကာကွယ်လိုက်၏။ သူက မြေပေါ်တွင် ကိုယ်ကိုကွေးလျက် တုန်လှုပ်နေခဲ့သည်။
ကံကောင်းစွာဖြင့် အဆိုပါ ရထားလုံးမောင်းနှင်သူအား ကျန်နှစ်ဦးက ဆွဲခေါ်သွားကြ၏။
သို့သော် ထိုသူက မထွက်ခွာသွားခင် ဝမ်လျန်အား လက်ညှိုးငေါက်ငေါက်ထိုးကာ ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
“မင်းမသေချင်ရင် ငါတို့နဲ့ ထပ်လာမရှုပ်မိစေနဲ့ … မင်းရဲ့ အဖေက သာသနာရေးဝန်ကြီးရဲ့ လက်ထောက်ဟောင်း ဟုတ်လား … ငါသာ မင်းနေရာမှာဆို အက်ကြောင်းထဲ တွားသွားဝင်နေမိမှာပဲ … မင်းက မင်းကိုယ်မင်း ကြက်သွန်စိမ်းတစ်လုံးလို ဆက်ဆံနိုင်သေးတယ် …”
ဝမ်လျန်က ရထားလုံးမောင်းနှင်သူ၏ ဆူပူမှုကို မကြားနိုင်သည့်အလား ခေါင်းကိုကိုင်ထား၏။
သို့သော် အမှောင်ထုထဲ၌ သူ့မျက်ဝန်းထဲမှ စီးကျလာသည့် မျက်ရည်များကို သူခံစားမိလိုက်လေသည်။
ရထားလုံး မောင်းနှင်သူများ၏ ခြေသံများ ပျောက်ကွယ်သွားချိန်၌ သူက မြေပေါ်မှ ခေါင်းထောင်ကြည့်လိုက်သည်။ ရထားလုံးသုံးစင်းက သူ့အရှေ့မှ ဖြတ်သန်းသွားကြ၏။
ရထားလုံးများ မောင်းနှင်သွားခြင်းက ဖုန်လုံးများ ဖြစ်ပေါ်လာစေခဲ့သည်။
ထိုဖုန်လုံးများက လွန်ခဲ့သော ရက်အနည်းငယ်က ကျဆင်းလာခဲ့သည့် နှင်းချပ်လွှာများပမာ ဝမ်လျန်၏ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာကြသည်။
ဝမ်လျန်၏ ခန္ဓာကိုယ်က နာကျင်လျက်ရှိ၏။ သူက မြေပေါ်မှ ကြိုးစားထထိုင်လိုက်သည်။
သို့သော် မကြာမီမှာပင် တစ်စုံတစ်ခုကို သတိရသွားကာ သူ့အင်္ကျီကော်လံအား အမြန်ထိကြည့်လိုက်သည်။ ကော်လဖ့ထဲတွင် ဖွက်ထားသည့် ဆံထိုးကို သူ မစမ်းမိခဲ့ပေ။
ဝမ်လျန်၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွား၏။ သူက နာကျင်မှုကိုပင် အရေးမစိုက်နိုင်တော့ပဲ မြေပေါ်တွင် လေးဘက်ထောက်ကာ ဆံထိုးကို ရှာလိုက်သည်။
သို့သော် မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ချေ။
သူက ကြောက်ရွံ့စိုးရိမ်စွာဖြင့် သူ့မျက်နှာသူ ရိုက်လိုက်သည်။ ထို့နောက် စိတ်ကိုတည်ငြိမ်အောင် ကြိုးစားကာ ဂရုတစိုက် တွေးလိုက်၏။ သူတွေးလေလေ၊ သူ့မျက်နှာက အကျည်းတန်လာလေလေပင်။
အဆိုပါ ဆံထိုးက ဝမ်ချီ့မိခင်ရင်း၏ ကျန်ရစ်ပစ္စည်းဖြစ်သည်။ သခင်မရှုက သူမအသုံးပြုရန် သိမ်းပိုက်ခဲ့ခြင်းဖြစ်၏။
ယမန်နေ့တွင် သခင်မရှုက ဝမ်ချီ မြို့တော်သို့ ပြန်လာမည်ဖြစ်ကြောင်း တစ်နေရာမှ ကြားခဲ့ရသည်။ ထို့ကြောင့် သူမက သူ့အား ဆံထိုးကိုပေးကာ ဤအရာက ဝမ်ချီ အိမ်ပြန်လာအောင် ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ပြောခဲ့၏။
ဝမ်ချီက သူ့မိခင်၏ သေဆုံးမှုအပေါ် မကျေမနပ်ဖြစ်နေခဲ့ကြောင်း ဝမ်လျန်နှင့်သခင်မရှုတို့နှစ်ဦးလုံး သိကြသည်။ ထို့ကြောင့် သူတို့က သူပြန်လာအောင် လှည့်စားလိုခဲ့ကြ၏။
သို့သော် ယခုမူ ဆံထိုးမရှိတော့ပေ။
ငါ ဝမ်ချီ့ကို ဘာနဲ့လှည့်စားရပါတော့မလဲ …
ဝမ်လျန် ရထားလုံးကို မတားမီက ဆံထိုးအား ထိကြည့်ခဲ့သေးသည်။
ဒီလောက်အချိန်တိုလေးမှာ ဆံထိုးက ဘယ်လိုပျောက်သွားတာလဲ ….
ထို့အပြင် သူက သူ၏ အင်္ကျီကော်လံစကို တစ်ချက်ပင်မထိခဲ့ပေ။
မဟုတ်ဘူး …
ရှစ်ယဲ့ထိခဲ့တယ် …
ရှစ်ယဲ့က သူ၏လက်ကို ပြန်ရုတ်သွားချိန်၌ တစ်စုံတစ်ခု ကိုင်ဆောင်ထားသကဲ့သို့ ရှိနေကြောင်း သူမှတ်မိသွားသည်။
ထိုစဉ်က လမ်းကြားထဲရှိ အလင်းရောင်က မှိန်ဖျော့နေရာ သူ ထိုအရာအား သဲသဲကွဲကွဲ မမြင်ခဲ့သလို ကြည့်လည်းမကြည့်ဝံ့ခဲ့ပေ။
ဒီတော့ ရှစ်ယဲ့က ဆံထိုးကိုယူသွားတာပေါ့ …
ထိုအချိန်မှာပင် ဝမ်လျန်က သူ့နှလုံးသားထဲရှိ ကြိုးတစ်ချောင်း ပြတ်တောက်သွားသည်ကို ကြားလိုက်ရသည်။
သူ ဝမ်းနည်းလာ၏။
သူက မြေပေါ်သို့ ပြိုလဲကျသွားကာ မျက်နှာအုပ်လျက် စတင်ငိုကြွေးတော့သည်။
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ …
အားလုံးက စနစ်ပြောခဲ့တာနဲ့ သက်သက်စီပဲ …
သေသေချာချာ စဉ်းစားကြည့်ပါက သူစနစ်အား ရရှိခဲ့ချိန်မှစ၍ ငလျှင်လှုပ်သကဲ့သို့ သူ့ဘဝတစ်ခုလုံး ကြီးကြီးမားမား ပြောင်းလဲခဲ့သည်။ သူ့အနီးရှိ အရာရာတိုင်းက အဆိုးဝါးဆုံး အခြေအနေသို့ ထိုးကျသွားကြ၏။
သူက မင်းသား(၄)၏ မျက်နှာသာပေးမှုကိုလည်း ဆုံးရှုံးခဲ့ရသည်။
သူသာ စနစ်၏ အစီအစဉ်အတိုင်း အိမ်ရှေ့မင်းသားနှင့် လက်ထပ်ရမှုကို မရှောင်လွှဲခဲ့ပါက ယနေ့ည၌ ရထားလုံးထဲတွင် ရှိနေမည့်လူက သူဖြစ်နိုင်၏။
သူက အရှေ့နန်းတော်သို့ ဝင်ရောက်ခဲ့သူဖြစ်နိုင်သလို အိမ်ရှေ့စံမင်းသား၏ လက်ဖဝါးအား ဆုပ်ကိုင်ရမည့်လူသည်လည်း ဝမ်လျန်သာ ဖြစ်ပေလိမ့်မည်။
မူလက ထိုအရာများက သူနှင့်သာ သက်ဆိုင်၏။ သို့သော် သူက ဝမ်ချီ့ထံသို့ တွန်းပို့ပေးခဲ့မိသည်။
ဝမ်လျန်က ပထမဆုံးအကြိမ် နောင်တရလာ၏။ သူ့၌ အရာအားလုံးကို စတင်နိုင်စွမ်းသာ ရှိခဲ့ပါက ဝမ်ချီအား ထိုသို့ လုပ်ခွင့်ပေးခဲ့လိမ့်မည်မဟုတ်ပေ။
တကယ်လို့ ငါသာ အားလုံးကို စတင်နိုင်ခဲ့ရင်လေ …
…
ရှစ်ယဲ့ ရထားလုံးထဲသို့ ပြန်ဝင်သွားချိန်၌ ဝမ်ချီက အိပ်ပျော်နေဆဲဖြစ်သည်။
ဝမ်ချီက နွေးထွေးသောခြုံစောင်ထဲ၌ မွေးကင်းစကလေးငယ်ကဲ့သို့ ကွေးကွေးလေး အိပ်မောကျနေ၏။ သူက အပြင်ဘက်ရှိ ဆူညံသံများကြောင့် နိုးမလာခဲ့ချေ။ သူ၏ အသက်ရှူသံပင် မှန်မှန်ထွက်ပေါ်နေ၏။
ရှစ်ယဲ့၏အကြည့်က ဝမ်ချီ၏ စေ့ပိတ်ထားသော မျက်ဝန်းများထံ ကျရောက်သွားသည်။ သူ၏ အေးစက်စက်အမူအရာက သူကိုယ်တိုင်မသိလိုက်မီ စတင်နူးညံ့လာခဲ့၏။
သူက ထိုနေရာသို့ လျှောက်သွားကာ ဝမ်ချီအား စောင်နှင့်အတူ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
ဝမ်ချီ၏ ခန္ဓာကိုယ်က နွေးထွေးနေပြီး ထိုအပူချိန်က ရှစ်ယဲ့၏လက်များထံ ကူးစက်လာ၏။ ရှစ်ယဲ့က ပွေ့ဖက်မှုကို တင်းကျပ်စေလိုက်ရင်း ဝမ်ချီ၏ ဦးခေါင်းပေါ်သို့ မေးတင်လိုက်သည်။ သူက ထိုသူအား အမြဲလိုလို ပွေ့ဖက်ထားချင်မိ၏။
ထိုသူအား ပွေ့ဖက်ရခြင်းက နွေးထွေးကာ သက်သောင့်သက်သာ ရှိလှသည်။ ရှစ်ယဲ့က အပြင်ထွက်မိသည်ကိုပင် နောင်တရလာ၏။
ထိုသို့တွေးလိုက်ချိန်၌ ဝမ်လျန်၏ မျက်ရည်ဝဲနေသော မျက်နှာအား ရှစ်ယဲ့ ပြန်မြင်ယောင်လာမိသည်။ ဝမ်လျန်နှင့် ဝမ်ချီတို့က ရုပ်ချင်းအနည်းငယ် ဆင်တူကြောင်း ဝန်မခံချင်လျှင်ပင် သူ ဝန်ခံရပေလိမ့်မည်။
သို့သော် သူတို့၏ အကျင့်စရိုက်များကမူ ကွဲပြားလှ၏။
ရှစ်ယဲ့က ဝမ်လျန်နှင့် ထိတွေ့ဆက်ဆံခဲ့ခြင်း မရှိရာ ထိုသူ့အကြောင်း မသိချေ။ သို့သော် သေချာသည့်အရာတစ်ခုရှိ၏။ သူက ဝမ်လျန်အား မုန်းတီးလေသည်။ အထူးသဖြင့် ဝမ်ချီနှင့် တစ်နည်းတစ်ဖုံ ဆင်တူနေသည့် ထိုမျက်နှာကိုပင်။
ရှစ်ယဲ့၏ မျက်ဝန်းများ၌ ရက်စက်မှုများ ဖြတ်ပြေးလာ၏။ သူက ၎င်းအတွေးများကို ပြန်လည်ဖိနှိပ်ကာ သူ့လက်မောင်းပေါ်၌ အိပ်မောကျနေသည့် ဝမ်ချီအား ကြည့်လိုက်သည်။ ထို့နောက် ဝမ်ချီ၏ ခန္ဓာကိုယ်ပေါ်ရှိ အပ်စိုက်ထားသည့်နေရာများကို ဖြေလျှော့ပေးလိုက်၏။
ဝမ်ချီက တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် ဖြည်းဖြည်းချင်း နိုးလာသည်။ သူ၏ မြူဆိုင်းသော ဗာဒံစေ့သဏ္ဌာန် မျက်ဝန်းများက ရှစ်ယဲ့အား ငေးကြည့်လာ၏။
ရှစ်ယဲ့က မည်သည့်အရာမှ မဖြစ်ခဲ့သကဲ့သို့ ဝမ်ချီ၏ ကျောပြင်ကို အသာပွတ်သပ်ပေးလိုက်သည်။
“အဝေးကြီးလိုသေးတယ်… ခဏအိပ်လိုက်ဦးလေ …”
ဝမ်ချီက ခေါင်းယမ်းရင်း ရှစ်ယဲ့၏ လက်မောင်းကို ဖက်လိုက်သည်။ သူက ရှစ်ယဲ့ခန္ဓာကိုယ်ပေါ်ရှိ အေးစက်မှုကို ခံစားမိလိုက်၏။
” အပြင်ထွက်သွားသေးတာလား …”
ရှစ်ယဲ့က တွေးပင်မတွေးဘဲ ငြင်းဆန်လိုက်သည်။
“ကိုယ် ဒီမှာပဲ တစ်ချိန်လုံး ရှိနေတာ …”
ဝမ်ချီ နားမလည်ဖြစ်သွား၏။
“ဒါပေမယ့် ဘာလို့ဒီလောက်အေးနေတာလဲ …”
“အိုး …ကိုယ် ပြတင်းပေါက်ကို မှီနေတာ များလို့ဖြစ်မယ် … အပြင်မှာ လေတိုက်နေတယ်လေ …”
ရှစ်ယဲ့က ပြုံးလျက် ဝမ်ချီ၏ နူးညံ့သောဆံစများကို ထိတွေ့လိုက်၏။
ရှစ်ယဲ့၏ စကားကိုကြားသည်နှင့် ဝမ်ချီက ရှစ်ယဲ့အား သူ့နံဘေး၌ထိုင်ရန် ဆွဲလိုက်သည်။ သူက မတ်တပ်ထကာ ပြတင်းပေါက်ကို စေ့ပိတ်ပြီးနောက် ရှစ်ယဲ့၏ လက်မောင်းအကြားသို့ ပြန်လည်ခိုဝင်လိုက်၏။
နိုးလာသည့်နောက် သူထပ်မအိပ်ချင်တော့ချေ။ သူ သမ်းဝေလိုက်သည့်အခါ သူ့မျက်ဝန်းထောင့်၌ မျက်ရည်စများ ခိုတွဲလာခဲ့သည်။
ရုတ်တရက် ရှစ်ယဲ့က သူ့ဆံနွယ်များကို တစ်စုံတစ်ခုဖြင့် ထုံးဖွဲ့ပေးလိုက်သည်။
ဝမ်ချီ တောင့်ခဲသွား၏။ သို့သော် သူက ခေါင်းအနောက်သို့ စမ်းကြည့်လိုက်ချိန်တွင် ဆံထိုးနှင့်တူသည့် အရာတစ်ခုကို စမ်းမိလိုက်သည်။
“ဆံထိုးလား …”
“ဟုတ်တယ် … မင်းရဲ့ဆံထိုးလေ …”
ရှစ်ယဲ့က ပြော၏။
ရွှေရောင်ဆံထိုးပေါ်တွင် လက်သည်းခွံအရွယ် မြကျောက်နှစ်စုံ စီခြယ်ထား၏။ ဆံထိုး၏ လက်ရာမှာ အင်မတန်သေသပ်လှပြီး နာမည်ကြီး ပန်းထိမ်ဆရာ၏ လက်ရာဖြစ်ကြောင်း သိသာလှသည်။
အဆိုပါဆံထိုးက ဝမ်ချီ၏ အနက်ရောင်ဆံနွယ်များနှင့် လိုက်ဖက်ညီလှပြီး ရှစ်ယဲ့အား အကြည့်မလွှဲနိုင်ဖြစ်လာစေသည်။
ရှစ်ယဲ့က ခေါင်းကိုငုံ့ကာ ဝမ်ချီ၏ဆံစများအောက်မှ ထွက်ပေါ်နေသည့် နားသန်သီးလေးကို နမ်းရှိုက်လိုက်မိသည်။
ဝမ်ချီက ရုတ်တရက် ခေါင်းလှည့်လာ၏။
ရှစ်ယဲ့က ဝမ်ချီ ရှက်သွားသည်ဟု ထင်လိုက်မိသည်။ ထို့ကြောင့် သူက ခပ်ဖွဖွရယ်လျက် ဝမ်ချီအား လွှတ်ပေးရန် ကြံစည်လိုက်၏။ သို့သော် ဝမ်ချီက သူ့နှုတ်ခမ်းများကို ကိုက်ချလိုက်လေသည်။
💮💮💮