Chapter 129
Viewers 36k

💮Chapter 129


 

ထိုနေ့နေ့လည်၌ သူတို့က နန်းတော်သို့ ပြန်လာခဲ့ကြသည်။

 

အပြင်ဘက်တွင် နှင်းများ ဆက်လက်ကျဆင်းမနေတော့ပေ။ ဝမ်ချီ၏ အမြင်အာရုံသည်လည်း ပို၍ ကြည်လင်လာ၏။ နွေးထွေးသော နေရောင်ခြည်က နှင်းဖုံးလွှမ်းသည့် မြေပြင်ထက်သို့ ကျဆင်းလျက်ရှိသည်။

 

ရထားလုံးက နှင်းများအကြား တအိအိဖြင့် ဖြတ်သန်း မောင်းနှင်လာသည်။

 

ဝမ်ချီက ခရမ်းသီးတစ်လုံးကဲ့သို့ ခြုံစောင်အောက် ဝင်ကွေးနေ၏။ ရထားလုံး ယိမ်းယိုင်လာသည်နှင့်အမျှ သူသည်လည်း အိပ်ပျော်သွားတော့သည်။

 

ကြာရှည်စွာအိပ်မောကျပြီးသည့်နောက် ဝမ်ချီက သူ့ ဦးခေါင်းပေါ်သို့ တစ်စုံတစ်ဦးက လာရောက်ထိတွေ့နေကြောင်း ခံစားမိလိုက်သည်။ ထို့ကြောင့် သူက အရှေ့သို့တိုးကာ နွေးထွေးသောရင်ခွင်ထဲသို့ ခိုလှုံလိုက်၏။

 

ရင်းနှီးနေသည့်ရနံ့ဖျော့ဖျော့က သူ့နှာသီးဖျားသို့ တိုးဝင်လာသည်။

 

ဝမ်ချီက ထိုရနံ့အား နှလုံးသားထဲ၌ စွဲမြဲနေခဲ့သည်ဖြစ်ရာ ခံစားချက် ပိုမိုကောင်းမွန်လာသည်။ သူက ရှစ်ယဲ့၏ လက်မောင်းအကြား သက်သောင့်သက်သာ လှဲလျောင်းရင်း အိပ်မောကျသွားခဲ့၏။

 

ရထားလုံးက အိပဲ့ပဲ့ဖြင့် ခပ်နှေးနှေး ခရီးဆက်နေခဲ့သည်။

 

သူတို့ မြို့တော်သို့ ရောက်ချိန်၌ ကောင်းကင်တစ်ခုလုံး မှောင်စပျိုးနေလေပြီ။ ရွှေရောင်အလင်းလွှာများက ကောင်းကင်ထက်မှ ပျောက်ကွယ်စပြုနေ၏။

 

ညအချိန် ဖြစ်သည့်တိုင် မြို့တော်လမ်းမများက စည်ကားနေဆဲပင်။ ပန်းဆိုင်းများ၊ မီးတိုင်များဖြင့် တောက်ပလျှက်ရှိပြီး ဈေးသည်များကလည်း အစွမ်းကုန် ရောင်းချနေကြ၏။

 

ဝမ်ချီတို့ ရထားလုံးအရှေ့တွင် ရထားလုံးသုံးစီး ရှိ၏။ ရထားလုံးသုံးစီး၏ အပြင်ဘက်၌ ရိုးရှင်းစွာ ဝတ်ဆင်ထားသည့် ရထားလုံးသမားများ ရှိနေကြသည်။ အရှင့်သား၏ အမိန့်အရ ရထားလုံးသမားများက သူတို့ကိုယ်သူတို့ မထုတ်ဖော်ဝံ့ဘဲ နှိမ့်ချ၍သာ လိုက်ပါလာကြ၏။

 

သို့တိုင် ရထားလုံးသုံးစီး နောက်ဖေးလမ်းသွယ်ထဲသို့ ဖြတ်သန်းချိန်၌ အနက်ရောင်အရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအရိပ်က မှောင်ရိပ်ခို၍ ရထားလုံးသမားများ၏ အရှေ့သို့ ဖြည်းဖြည်းချင်းရောက်လာ၏။

 

မျက်တောင်တစ်ခတ် အတွင်းမှာပင် အနက်ရောင်အရိပ်က ပထမဆုံး ရထားလုံးအရှေ့၌ ရပ်လိုက်သည်။

 

ပထမရထားလုံး မောင်းနှင်သူက မျက်နှာတစ်ခုလုံး ဖြူလျော်သွား၏။ သူက မြင်းဇက်ကြိုးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။

 

“အတင့်ရဲလိုက်တာ …”

ရထားလုံး မောင်းနှင်သူက အနောက်ဘက်ရှိ ရထားလုံးထဲတွင် အိမ်ရှေ့စံနှင့် ဝမ်သခင်လေးတို့ ရှိနေကြောင်း သတိရသွားသည်။ သူက အနက်ရောင်အရိပ်အား ငေါက်ငမ်းလိုက်၏။

“သေချင်နေတာလား … ငါ့လမ်းက အမြန်ထွက်သွားစမ်း…”

 

သို့သော် အရိပ်နက်က နောက်သို့ မဆုတ်ခွာသည့်အပြင် အရှေ့သို့ပင် တိုးလာခဲ့၏။

 

ရထားလုံးသမားက ထိုသူ၏ အမူအရာကြောင့် ဒေါသတကြီး ဖြစ်သွားသည်။ သူက အရိပ်အား လက်ညှိုးထိုးကာ ပြောလိုက်၏။

“ရပ်စမ်း …”

 

ထိုသူက ထိုအခါမှသာ ရထားလုံးသမား၏ စကားကို ကြားဟန်ဖြင့် အလန့်တကြား ရပ်လိုက်သည်။

 

“ခွင့်လွှတ်ပါ … ကျွန်တော်က ဒီမှာ တစ်ယောက်ယောက်ကို လာရှာတာပါ …ကျွန်တော် ကျွန်တော့်ညီကို ရှာနေတာပါ…”

ထိုသူ၏ အသံက ကြည်လင်ပြတ်သားနေပြီး တစ်ချိန်ထဲမှာပင် ကြောက်ရွံ့မှုကြောင့်လည်း တုန်ယင်နေသည်။ 

 

ရထားလုံးမောင်းနှင်သူက မျက်မှောင်ကြုတ်လိုက်၏။

 

သူက ထိုသူအမှန်ပြောသည်ဖြစ်စေ၊ လိမ်ညာသည်ဖြစ်စေ ဂရုမစိုက်ဘဲ ထိုသူ့ကိုသာ အမြန်ထွက်သွားစေလို၏။ နှောင့်နှေးမှုကြောင့် အိမ်ရှေ့စံ အမျက်ထွက်ပါက သူ အသက်ပေးရပေလိမ့်မည်။

 

“ဒီမှာ မင်းညီ မရှိဘူး … တခြားနေရာ သွားရှာ… မြန်မြန်သွားစမ်း …”

ရထားလုံး မောင်းနှင်သူက စိတ်မရှည်ဟန်ဖြင့် လက်ဝေ့ယမ်းလိုက်၏။ 

 

“သခင် …”


ရထားလုံး မောင်းနှင်သူက ထိုသူ၏ စကားကို ဖြတ်ပြောလိုက်သည်။

“ထွက်သွားစမ်း … မဟုတ်ရင် ငါ့ကိုအပြစ်မတင်နဲ့ …”

 

ရထားလုံးမောင်းနှင်သူအား ဆက်လက်အသနားခံရန် မဖြစ်နိုင်ကြောင်း အမျိုးသားက နားလည်လိုက်၏။ သူက သတ္တိမွေးကာ အရှေ့သို့ ခြေနှစ်လှမ်းတိုးလိုက်သည်။

 

လမ်းနှစ်ဖက်ရှိ မီးအိမ်များ၏ အလင်းရောင်ကြောင့် ရထားလုံး မောင်းနှင်သူက အမျိုးသား၏ မျက်နှာကို ထင်ထင်ရှားရှား တွေ့လိုက်ရ၏။ ထိုသူက အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး မျက်ရည်များဖြင့် စိုလက်နေသော မက်မွန်ပွင့်သဏ္ဌာန် မျက်ဝန်းတစ်စုံ ရှိနေသည်။

 

ရထားလုံးမောင်းနှင်သူက ခဏကြာတောင့်ခဲသွား၏။ သူ့အကြည့်က အမျိုးသား၏ မျက်ခုံးအလယ်ရှိ မှဲ့အနီကို ကြည့်ရင်း စိတ်ဓာတ်ကျလာသည်။

 

ထိုသူက အနီရောင်မှဲ့နှင့် ဖြစ်သည်။

 

မူလက ရထားလုံးသမားမှာ ဒေါသကို မနည်းထိန်းထားခဲ့သော်လည်း သို့သော် အနီရောင်မှဲ့ကို တွေ့လိုက်ချိန်၌ ဒေါသအားလုံး ပျောက်ကွယ်သွားရသည်။ သူက လူကြီးတစ်ဦးဖြစ်ရာ လူငယ်များအား ဆုံးမနိုင်စွမ်းမရှိပေ။

 

ရထားလုံးမောင်းနှင်သူက အသက်ပြင်းပြင်းရှိုက်ကာ အမျိုးသားအား အေးအေးဆေးဆေး မောင်းထုတ်ရန် ရည်ရွယ်လိုက်သည်။ သို့သော် သူ ဘာမှမပြောနိုင်မီ ထိုအမျိုးသားက စတင်အော်ဟစ်လာ၏။


“ဝမ်ချီ … မင်းရထားလုံးထဲမှာ ရှိနေမှန်း ငါသိတယ် … ငါမင်းနဲ့ မျက်နှာချင်းဆိုင် ပြောစရာရှိတယ် … မင်းအောက်ကို ဆင်းလာနိုင်မလား ….”

ဝမ်လျန်က မိခင်ထံမှတစ်ဆင့် ဝမ်ချီ၏ နေရာကို သိခဲ့သော်လည်း မည်သည့်ရထားလုံးထဲတွင် ရှိနေကြောင်း သူ မသိပေ။ ထို့ကြောင့် သူက အားကုန်သုံး၍ အော်လိုက်၏။ 

“ဝမ်ချီ ထွက်ခဲ့ပါ … မင်းဘာလို့ ငါတို့ကို ရှောင်နေတာလဲ … ငါ့အမေက မင်းရဲ့အမေရင်း မဟုတ်ပေမယ့် မင်းကို ပျိုးထောင်ပေးခဲ့တယ်လေ … သူတို့ရဲ့ကြင်နာမှုကို မင်းက ဒီလိုပြန်ပေးဆပ်လိုက်တာလား …”

 

ဝမ်လျန်၏ ခံစားချက်များမှာ ရှုပ်ထွေးနေ၏။ အရှင့်သား၏ မျက်နှာသာပေးခြင်းနှင့် ကာကွယ်ပေးခြင်းတို့ကို ရရှိထားသည့် ဝမ်ချီ့အပေါ် သူ အားကျမိသည်။ သို့သော် ဝမ်မိသားစုထံမှ ကြင်နာမှုကို မသိတတ်သည့်အတွက်လည်း ဝမ်ချီအား အပြစ်ဆိုချင်မိ၏။

 

ဝမ်ချီက ရက်စက်တဲ့လူတစ်ယောက်မှန်း ငါ ကြိုသိခဲ့ရင် …

 

သူက ဝမ်ချီအား အရှေ့နန်းတော်သို့ ပို့ဆောင်ရန် ဖခင်အား တိုက်တွန်းခဲ့လိမ့်မည်မဟုတ်ပေ။ ဤနည်းလမ်းက ဝမ်လျန်အတွက် ကောင်းကျိုးမရှိသလို ဝမ်ချီ၏ မာနကိုပင် အားပေးအားမြှောက်ပြုရာ ကျသွားခဲ့၏။

 

ထိုအချိန်က ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များက ဝမ်လျန်၏ စိတ်တွင်း၌ ပေါ်ပေါက်လာသည်။ ညီလာခံတစ်ခုလုံး ကမောက်ကမ ဖြစ်နေသည်။ ဝမ်မိသားစုကလည်း ပါဝင်ပတ်သက်နေပြီး မင်းသား(၄)၏ အပေါင်းအပါများက ဝမ်လျန်အား ပစ်မှတ်အဖြစ် မှတ်ယူလုနီးပါး ဖြစ်ခဲ့ကြ၏။

 

ထိုအရာများကို ပြန်တွေးကြည့်ချိန်၌ ဝမ်လျန်က ကောင်းကင်ပေါ်မှ ပိုက်ကွန်တစ်ခု ပြုတ်ကျလာကာ သူ့အား ဖုံးအုပ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

 

အားလုံးက ဝမ်ချီ့အမှားတွေပဲ …

 

ဝမ်ချီက မျက်လုံးဖြူဝံပုလွေ ဖြစ်ခဲ့လို့ပဲ …

 

“ဝမ်ချီ …”

ဝမ်လျန်က အနီးဆုံးရထားလုံးရှိ ပြတင်းပေါ်ကို ကြည့်လိုက်ပြီး အဆိပ်ငွေ့များ ယှက်သမ်းနေသကဲ့သို့ မျက်ဝန်းများဖြင့်ကြည့်ရင်း အော်ဟစ်လိုက်၏။

“ဝမ်ချီ ထွက်လာခဲ့ … မင်းကြောင့်မဟုတ်ရင် ဝမ်မိသားစုက ဒီလောက်အထိ ရှုပ်ထွေးခဲ့မှာ မဟုတ်ဘူး … အဖေလည်း ဒါတွေကြောင့် စိတ်မကောင်းဖြစ်ရမှာ မဟုတ်ဘူး … မင်းက အခုထိ အရှင့်သားရဲ့ အတောင်အောက်မှာ အေးအေးဆေးဆေး နေနေတုန်းပေါ့လေ … မင်းမှာ အသိစိတ်ရှိသေးရဲ့လား …”

 

ဝမ်လျန်က ပို၍ စိတ်လှုပ်ရှားလာသည်။ ရထားလုံး မောင်းနှင်သူ သုံးဦးကမူ ကြောက်လန့်တကြား ကြည့်နေကြ၏။

 

ရထားလုံးမောင်းနှင်သူများက ဝမ်လျန်အား တားဆီးတော့မည့်အချိန်၌ လှပသော အရိပ်တစ်ခုက ရထားလုံး အတွင်းမှ ပျံသန်းထွက်ပေါ်လာသည်။ ထိုအရိပ်က ဝမ်လျန်၏ အရှေ့၌ ဆင်းသက်လိုက်၏။

 

ဝမ်လျန် မည်သို့မှ ထပ်မပြောနိုင်ခင် သေးငယ်သော လက်တစ်ဖက်ကသည် သူ၏လည်ပင်းကို တင်းတင်း ဆုပ်ကိုင်လာခဲ့သည်။

 

“အဟွတ် …. အဟွတ် …”

ဝမ်လျန်က ချက်ချင်း စကားပင် မပြောနိုင်တော့ဘဲ နာနာကျင်ကျင် ချောင်းဆိုးသံသာ ပြုလုပ်နိုင်တော့၏။

 

ဝမ်လျန်က သူ့အရှေ့ရှိ မိန်းမလှလေး၏ မျက်နှာကို အထိတ်တလန့် ကြည့်လိုက်သည်။ သူ၏လည်ပင်းကို ဖျစ်ညှစ်ထားသည့် အမျိုးသမီး၏လက်က ဖြည်းဖြည်းချင်း မြောက်တက်လာ၏။ သူက အသက်ရှင်လိုစိတ်ဖြင့် ရုန်းကန်လိုက်မိသည်။

 

ကံကောင်းစွာဖြင့် အမျိုးသမီးက သူ့အား သတ်ဖြတ်ရန် မရည်ရွယ်ထားပုံပင်။ သူမက သူ့အား မြေပေါ်သို့ ပြန်ချပေးလိုက်၏။ သို့သော် သူ့လည်ပင်းကိုမူ ဆုပ်ကိုင်ထားဆဲဖြစ်သည်။

 

အမျိုးသမီး၏မျက်ဝန်းများက ဓားတစ်စင်းနှယ် အေးစက်ထက်ရှနေ၏။

“ရှင်က ဘယ်သူလဲ …”

 

ဝမ်လျန်က သူ့အရှေ့ရှိ အမျိုးသမီးက သူ့အား ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သတ်ပစ်နိုင်ကြောင်း သိထားသည်။ သူက မလိမ်ညာဝံ့ဘဲခက်ခက်ခဲခဲ ဖြေလိုက်ရ၏။

“ကျွန်တော့်ဖခင်က ဝမ်ချန်ချင်းပါ … သူက သာသနာရေးဝန်ကြီးရဲ့ လက်ထောက်ပါ … ကျွန်တော်က ဝမ်မိသားစုရဲ့ အကြီးဆုံးသားဝမ်လျန်ပါ … ကျွန်တော့်ညီက ဝမ်ချီပါ …”

 

ဝမ်လျန်၏ စကားကို နားထောင်ပြီးနောက် အမျိုးသမီး၏ နှုတ်ခမ်းများက စိတ်ပျက်သည့် အပြုံးအဖြစ် တွန့်ကွေးသွား၏။

“အရင်လက်ထောက်မလား … အားလုံးက ပြီးခဲ့ပြီလေ … ရှင်က တကယ့်ကို ထုတ်ပြောရဲတာပဲ …”

 

“ကျွန်တော် …” ဝမ်လျန် တုန်လှုပ်သွားပြီး ရှက်ရွံ့သည့် ခံစားချက်က သူ့နှလုံးသား အောက်ခြေမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွားသည်။ 

 

ဝမ်လျန်က အတန်ကြာ ထစ်အနေပြီး စကားတစ်လုံးပင် ထွက်မလာခဲ့ဘဲ သူ့မျက်နှာထက်တွင် ရှက်ဒေါသတို့ ပြည့်နှက်နေ၏။

 

အမျိုးသမီးက ဝမ်လျန်အား အေးစက်စက် ကြည့်လိုက်သည်။ သူမက သူ့အား ထပ်မံစကားမဆိုဘဲ အလယ်ရှိ ရထားလုံးကိုသာ ကြည့်လိုက်၏။

 

ပိန်ပါးရှည်လျားသော ပုံရိပ်တစ်ခုက ရထားလုံးအတွင်းမှ ထွက်ပေါ်လာသည်။

 

ရှစ်ယဲ့က အနက်ရောင် သားမွေးဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ ဆံနွယ်ရှည်များကိုမူ သပ်ရပ်စွာ စည်းနှောင်ထား၏။ သူက ဝမ်လျန်အား လှပသော ဇာမဏီမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

 

ရှစ်ယဲ့က ပြော၏။

“ယောထောင် …”

 

အမျိုးသမီးက ပြန်ဖြေသည်။

“မှန်လှပါ …”

 

ရှစ်ယဲ့က တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။

“မင်း ရထားလုံးထဲသွားလိုက်ပါ …”

 

ယောထောင်က ပြန်လည်ဖြေလိုက်ပြီးနောက် ဝမ်လျန်၏ လည်ပင်းထက်ရှိလက်ကို ဖြေလျော့ပေးကာ နောက်ဆုံး ရထားလုံးအတွင်းသို့ ပြန်သွားလိုက်၏။


အဆိပ်ရှိမြွေတစ်ကောင် ရုတ်တရက် ပျောက်သွားသကဲ့သို့ ဝမ်လျန်က နစ်မွန်းမှုမှ ရုန်းထွက်နိုင်လာခဲ့သည်။ သူက နာနာကျင်ကျင်ဖြင့် ကိုယ်ကိုကိုင်းလိုက်ကာ လည်ပင်းအား လက်နှစ်ဖက်ဖြင့် ကိုင်လိုက်၏။ သူ့မျက်နှာတစ်ခုလုံး နီရဲနေပြီး သူ့အသက်ရှူသံသည်လည်း လေးလံလာခဲ့သည်။

 

သူ ပြန်လည်သက်သာလာချိန်၌ သူ့အရှေ့ရှိ လူကို မော့ကြည့်လိုက်သည်။ ထိုသူက အနက်ရောင် သားမွေးဝတ်ရုံကို ဝတ်ဆင်ထားကာ ခန့်မှန်းရခက်သော အကြည့်ဖြင့် သူ့အား ကြည့်နေ၏။

 

ပျယ်လွင့်စပြုနေသည့် ကြောက်ရွံ့မှုက သူ့နှလုံးသားထံ ပြန်လည်ကိန်းအောင်းလာသည်။

 

ဝမ်လျန်က ရှစ်ယဲ့ မည်သို့ပုံစံရှိမှန်း မသိခဲ့ပေ။ သူက ရှစ်ယဲ့နှင့် စေ့စပ်ကြောင်းလမ်းထားခြင်း ရှိသည့်တိုင် ရှစ်ယဲ့အား တွေ့ရသည့် အကြိမ်ရေမှာ နည်းပါးလှသည်။ ထို့အပြင် အဝေးမှသာ ကြည့်ခဲ့ရခြင်းဖြစ်၏။ ထိုစဉ်က သူ ရှစ်ယဲ့၏ အသွင်အပြင်ကို ဂရုမစိုက်ခဲ့ပေ။ သူ့အတွေးအားလုံးနီးပါးက မင်းသား(၄) ရှစ်ကျင်းထံ၌သာ ရှိနေ၏။

 

သို့သော် လက်ရှိအချိန်၌ ဝမ်လျန်က တစ်ခုကို ချက်ချင်း နားလည်လိုက်သည်။ သူ့အရှေ့တွင် ရပ်နေသည့် အမျိုသားက အိမ်ရှေ့စံမင်းသား ရှစ်ယဲ့ပင် ဖြစ်၏။

 

ရှစ်ယဲ့က အလွန်အရပ်မြင့်မားသည့် အလျောက် ဝမ်လျန်သူ့ကို မော့ကြည့်လိုက်ရသည်။

 

ချက်ချင်းဆိုသလို ရှစ်ယဲ့၏ ခံစားချက် ကင်းမဲ့သော မျက်နှာအား သူ တွေ့လိုက်ရ၏။

 

သူ့မျက်နှာတစ်ခုလုံးက ရေခဲတမျှ အေးစက်နေသည့်တိုင် အလွန် ချောမောခံ့ညားလွန်း၏။ ဇာမဏီမျက်ဝန်းများ၊ နှာတံမြင့်မြင့်နှင့် နှုတ်ခမ်းပါးတစ်စုံတို့က အချိုးတကျ တည်ရှိနေကြသည်။ မျက်နှာတစ်ခုလုံးက အခြားလူများကို အကြည့်မလွှဲနိုင်အောင်ပင် လှပလွန်း၏။

 

ဝမ်လျန်က ငယ်စဉ်ကတည်းက ချောမောခန့်ညားသည့် အမျိုးသားကောင်းများကို တွေ့ဖူးခဲ့သည်။ သူက တိုင်းပြည်တစ်ခုလုံးတွင် အချောဆုံးသူမှာ မင်းသား(၄) ရှစ်ကျင်းဟု ထင်ခဲ့၏။ သို့သော် ရှစ်ယဲ့အား တွေ့ပြီးသည့်နောက် ရှစ်ကျင်း မည်သို့သော ပုံစံရှိမှန်းပင် သူ မမှတ်မိတော့ချေ။

 

အရှင့်သားက ဒီလိုရုပ်သွင်မျိုးရှိတာပဲ …

 

ဝမ်လျန်က အရှင့်သား မသန်စွမ်း ဖြစ်နေကြောင်းကိုပင် မေ့လျော့သွား၏။ သူက အိမ်ရှေ့စံမင်းသားအား ကြောင်ကြည့်နေပြီးနောက် ရုတ်တရက် သတိပြန်ဝင်လာကာ အထိတ်တလန့် ပြောလိုက်၏။

“အရှင့်သား … အိမ်ရှေ့စံမင်းသားကို နှုတ်ခွန်းဆက်ပါတယ်…”

 

ရှစ်ယဲ့၏ အေးစက်စက်အမူအရာက အနည်းငယ်ပင် ယိမ်းယိုင်မသွားခဲ့ပေ။ သူက ဝမ်လျန်အား အရာဝတ္ထုတစ်ခုကဲ့သို့ စိုက်ကြည့်ကာ နှုတ်ခမ်းတစ်စုံကို ဖွင့်ဟလိုက်သည်။

“မောင်မင်းက ဝမ်လျန်လား …”

 

“မှန်လှပါ …”

သူက အသံကိုပင် မနည်းထုတ်ယူနေရ၏။ ထို့နောက် သူ့အပြုအမူအကြောင်း တွေးလိုက်မိသည်နှင့် သူက ချက်ချင်း ရှင်းပြလိုက်သည်။

“အရှင့်သား … ဒီငယ်သားက အရှင့်သားကို ရှာဖွေဖို့ လာရောက်ခဲ့တာပါ ... ဒီငယ်သားက ညီငယ်ကို တွေ့လိုတာကြောင့် ရွေးချယ်စရာမရှိပဲ အခုလို မလျော်ကန်စွာ ပြုမူခဲ့မိပါတယ်… အရှင့်သားက ကျွန်တော့်ညီငယ်ရဲ့ မျက်နှာကိုထောက်လို့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်…”




💮💮💮