Chapter 131
Viewers 36k

💮Chapter 131

 


ရထားလုံးများ ရပ်နားလိုက်ချိန်၌ အပြင်ဘက်တွင် မှောင်မိုက်နေပြီဖြစ်သည်။

 

နှင်းများ ဆက်လက်မကျဆင်းတော့၍လားမသိ၊ ကောင်းကင်တစ်ခုလုံး ရေဖြင့်ဆေးချလိုက်သည့်နှယ် ကြည်လင်နေသည်ကို တွေ့လိုက်ရသည်။ လခြမ်းကွေးလေးနှင့် ကြယ်ကလေးများက အကွာအဝေးတစ်ခု၌ ရှိနေ၏။

 

ဝါးပလွေအိမ်တော်သို့ ပြန်ရောက်လာသည့်နောက် ဝမ်ချီ အလွန်ပင်ပန်းလာသလို ခံစားလိုက်ရသည်။ သူက အလွန်အိပ်ငိုက်လာပြီး ရေချိုးပြီးသည်နှင့် အိပ်မောကျသွားတော့၏။

 

နှင်းကျခြင်း ရပ်တန့်သွားပြီးနောက် ရက်အနည်းငယ် အကြာ၌ နှစ်သစ်ကူးနှင့် နီးကပ်လာလေပြီ။ နန်းတော်ထဲတွင်လည်း စတင်၍ အလုပ်များစပြုလာ၏။

 

ရှေးခတ်အခါ၌ စည်းမျဉ်းများစွာ ရှိလေသည်။ အထူးသဖြင့် နန်းတွင်း၌ဖြစ်၏။ နှစ်တစ်နှစ် အဆုံးသတ်လေတိုင်း ပွဲတော်များစွာ ကျင်းပကြလေ့ရှိသည်။ ထို့ကြောင့် တော်ဝင်မျိုးနွယ်များသာမက နန်းတွင်းသူများနှင့် မိန်းမစိုးများအားလုံး အလုပ်များနေကြ၏။

 

နန်းတွင်း၌ ပွဲတော်များစွာရှိပြီး အမျိုးအစားနှစ်ခု ခွဲခြားနိုင်သည်။ ၎င်းမှာ တိုင်းပြည်ပွဲတော်များနှင့် တော်ဝင်မိသားစု စုံညီပွဲတော်များ ဖြစ်ကြ၏။ ထိုအမည်များအတိုင်းပင် တိုင်းပြည်ပွဲတော်များ၌ ညီလာခံသို့ တက်ရောက်ရသော အမှုထမ်းများနှင့် မိသားစုဝင်များ ဝင်ရောက်ဆင်နွှဲရသည်။ လွန်ခဲ့သောနှစ်နှစ်က ထွက်ပေါ်လာသည့် ပါရမီရှင်များလည်း တက်ရောက်ကြ၏။ တော်ဝင်မိသားစုစုံညီပွဲတော်များ၌မူ မင်းကြီး၏ ဆွေတော်မျိုးတော်များ၊ ကိုယ်လုပ်တော်များနှင့် အနောက်ဆောင်ရှိသားတော်များ တက်ရောက်ကြသည်။

 

သို့သော် တော်ဝင်မိသားစု စုံညီပွဲတော်ဟူ၍သာ သိရှိကြသော်လည်း အမှန်တကယ်၌ ဟုန်မန်းပွဲတော်သာ ဖြစ်၏။ (ဧည့်သည်များကို သတ်ဖြတ်ရန် ရည်ရွယ်သည့် ညစာစားပွဲကို ဟုန်မန်းပွဲဟု ခေါ်သည်။) ထိုပွဲတော်သို့ လာရောက်သည့် လူတိုင်း၌ အမျိုးမျိုးသော အတွေးများရှိကြသည်။

 

ထို့အပြင် ယခုအချိန်၌ မင်းကြီးက နတ်ရွာစံတော်မည်ဖြစ်သည်။ မင်းကြီး၏ ထီးနန်းကို မည်သူဆက်ခံမည်ဖြစ်ကြောင်း အတပ်မပြောနိုင်ကြသေးချေ။

 

ထိုကိစ္စများသည် ဝမ်ချီနှင့် မသက်ဆိုင်၍ သူက ဝါးပလွေအိမ်တော်၌သာ အေးအေးချမ်းချမ်းရှိနေ၏။

 

သို့သော် သူနန်းတော်သို့ ပြန်ရောက်ပြီး သုံးရက်အကြာ၌ ကိုယ်လုပ်တော်ရုန်ထံမှ ဖိတ်စာကို လက်ခံရရှိခဲ့၏။ သူက တော်ဝင်မိသားစု စုံညီပွဲတော်သို့ ရှစ်ယဲ့နှင့်အတူ တက်ရောက်ရပေလိမ့်မည်။

 

ဝမ်ချီက ဖိတ်စာကိုကြည့်ပြီး ဘာလုပ်ရမှန်းမသိဖြစ်ခဲ့ရသည်။

 

အပြင်ဘက်မှ ပြန်လာပြီးသည့်နောက် မိန်းမစိုးကျိုးက ဝါးပလွေအိမ်တော်သို့ မိန်းမစိုးများနှင့် ကိုယ်ရံတော်များစွာ စေလွှတ်ပေးခဲ့၏။ ယင်တစ်ကောင်ပင် ထိုလုံခြုံရေးအထပ်ထပ်အား ဖြတ်ကျော်လာနိုင်မည် မဟုတ်ပေ။ သူ့အနောက်မှ ကိုယ်ရံတော်ခြောက်ဦး လိုက်ပါလျက်ရှိပြီး မိန်းမစိုးလေးဦးကမူ သူ့အား လမ်းပြနေကြ၏။

 

အိမ်ရှေ့စံ၏ စာကြည့်ခန်းသို့ သွားရာလမ်းတစ်လျှောက်၌ ဝမ်ချီက မိန်းမစိုးများ ကိုယ်ရံတော်များဖြင့် ဝန်းရံခံခဲ့ရသည်။ သူက နယ်နှင်ဒဏ်သင့်သည့် အကျဉ်းသားတစ်ဦးကဲ့သို့ပင် ခံစားနေရ၏။ ဝမ်ချီက အလယ်မှလိုက်ပါရင်း သနားစဖွယ်လေထုကို ထုတ်လွှင့်နေမိခဲ့သည်။

 

ဥယျာဉ်အား ဖြတ်သန်းလာချိန်၌ ဝမ်ချီက အသိနှစ်ဦးကို တွေ့လိုက်ရ၏။

 

ရွယ်ကွေ့နှင့် လီယွီတို့က တောက်ပသော အဝတ်အစားများ ဝတ်ဆင်ထားပြီး မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ရွယ်ကွေ့က ပျင်းရိဟန်ဖြင့် မေးထောက်လျက်ရှိသည်။ လီယွီကမူ သူတို့နှစ်ဦးကြားရှိ ကျောက်စားပွဲပေါ်ရှိ အဖြူနှင့်အနက်ရောင် အပိုင်းအစများကို ကြည့်ရင်း ကိတ်မုန့်အား သုံးဆောင်နေ၏။

 

သူတို့နှစ်ဦးက ဂို ကစားနေကြခြင်းဖြစ်သည်။ ရုတ်တရက် သူတို့က မျက်ဝန်းထောင့်မှ ဝမ်ချီ၏တပ်မဟာကို တွေ့လိုက်၍ နှစ်ဦးလုံး ပြိုင်တူလှည့်ကြည့်လာကြသည်။

 

လီယွီက အံ့အားသင့်ဟန်ဖြင့် မျက်လုံးများကို ပွတ်သပ်လိုက်၏။ သူက အမြင်မမှားကြောင်း အတည်ပြုပြီးသည့်နောက် ဝမ်ချီအား ပျော်ရွှင်စွာ လက်ဝေ့ယမ်းပြလိုက်သည်။

“ဝမ်သခင်လေး… မတွေ့တာကြာပြီ …”

 

ဝမ်ချီနှင့် လီယွီတို့ကြား၌ ကတောက်ကဆများ ရှိခဲ့သည့်တိုင် အရှေ့နန်းတော်ထဲတွင် သူတို့သာ ကျန်တော့သည်ဖြစ်သည့်အပြင် လီယွီသည်လည်း ကိစ္စများကို ရှုပ်ထွေးအောင် မပြုလုပ်တော့ပေ။ ထို့ကြောင့် ဝမ်ချီက သူ့အပေါ် အမြင်ကောင်းရှိနေပြီး သူတို့ထံသို့ သွားရောက်လိုက်၏။

 

သို့သော် သူ ခြေနှစ်လှမ်းလှမ်းလိုက်သည်နှင့် သူ၏ တပ်မဟာကြီးသည်လည်း လိုက်ပါလာသည်။

 

ဝမ်ချီ ချက်ချင်းရပ်လိုက်၏။ သူ၏ တပ်မဟာကြီးသည်လည်း ရပ်တန့်သွား၏။

 

“…”

ဝမ်ချီက ရွေးချယ်စရာမရှိဘဲ ရှောင်ရွှမ်ကျီအား ခေါ်လိုက်ရသည်။

“ငါအဲဒီ့ကို သွားပြီး သူတို့နဲ့ စကားခဏပြောမလို့ … မင်းတို့ဒီမှာပဲနေခဲ့ပါ … ငါ့နောက် လိုက်စရာမလိုဘူး …”

 

ရှောင်ရွှမ်ကျီက အခက်တွေ့ဟန်ဖြင့် ပြန်ဖြေလိုက်၏။ 

“သခင်လေး … အရှင့်သားရဲ့ အမိန့်အရ ဒီအစေခံက သခင်လေးအနားမှာ အမြဲနေရမှာပါ … မဟုတ်ရင် အရှင့်သားက ကျွန်တော်မျိုးကို အပြစ်တင်ပါလိမ့်မယ် …”

 

ဝမ်ချီက မေးလိုက်သည်။

“ခဏတောင်မရဘူးလား …”

 

ရှောင်ရွှမ်ကျီ၏မျက်နှာက ခါးသက်သွား၏။ သူက တောင်းဆိုလိုက်သည်။

“အိုက်ယိုး သခင်လေး … ဒီအစေခံကို ခက်ခဲအောင် မလုပ်ပါနဲ့ … အရှင့်သားက သခင်လေးကို ဂရုစိုက်လို့သာ ဒီလိုလုပ်နေတာလေ …”


ဝမ်ချီက ရှောင်ရွှမ်ကျီ၏ သွေးဆောင်မှုကို တောင့်မခံနိုင်ခဲ့ပေ။ သူက လီယွီနှင့် ရွယ်ကွေ့တို့ထံသို့ ထိုလူအုပ်ကို ဦးဆောင်သွားခဲ့၏။

 

နားနေဆောင်သို့ သွားရောက်ရာလမ်းက လူနှစ်ဦး လမ်းလျှောက်ရုံမျှသာ ကျယ်ဝန်း၏။ မိန်းမစိုးနှင့် ကိုယ်ရံတော်များက ဝမ်ချီ၏ ရှေ့နှင့်နောက်တွင် ကျပ်ညပ်နေကြပြီး ထောင်ချီသည့် စစ်တပ်၏ အရှိန်အဝါမျိုး ထုတ်လွှင့်လျက်ရှိကြသည်။

 

ထိုမြင်ကွင်းကြောင့် နားနေဆောင်ထဲရှိ ရွယ်ကွေ့နှင့် လီယွီတို့ နှစ်ဦးလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြ၏။

 

ကြီးမားသောစစ်တပ်ကြီးကို ဦးဆောင်လာသည့် ဝမ်ချီက သူတို့အရှေ့တွင် ရပ်လိုက်သည်။ ထိုအခါမှသာ သူတို့နှစ်ဦးလုံး အိပ်မက်မှ နိုးထလာသည့်နှယ် အမြန် မတ်တပ်ရပ်လိုက်ကြ၏။

 

“ဝမ်သခင်လေး မင်းကို တွေ့ရဖို့ကလည်း ခက်ခဲလိုက်တာ … ရွယ်သခင်လေးနဲ့ ကျွန်တော်တို့ ဝါးပလွေအိမ်တော်ကို ရောက်လာပေမယ့် သခင်လေးရဲ့အစေခံနဲ့ပဲ တွေ့ခဲ့ရတယ် … ကျွန်တော်တို့ သခင်လေးကို ဘာများအပြစ်ပြုမိလို့လဲလို့တောင် ကျွန်တော် တွေးနေမိတာ …ရွယ်သခင်လေးရော အဲဒီ့လိုမထင်ဘူးလား …”

လီယွီက ရွယ်ကွေ့အားကြည့်လိုက်သည်။ 

 

ရွယ်ကွေ့က ခြင်တစ်ကောင်ကဲ့သို့ အသံပြုလိုက်ရင်း သစ်သားတုံးပမာ သေချင်ယောင်ဆောင်နေ၏။ သို့သော် သူ၏ နီစွေးသောပါးပြင်များက သူ့အား သစ္စာဖောက်နေကြသည်။

 

ဝမ်ချီ အပြစ်ရှိစိတ်ဝင်လာ၏။

 

သူက ထိုနှစ်ဦးနှင့် အတော်ကြာ မတွေ့ခဲ့ရသည့်တိုင် တစ်ချိန်လုံး နန်းတော်အပြင်ဘက်၌ ပုန်းကွယ်နေရပြီး ရှစ်ယဲ့နှင့်အတူ လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ နန်းတော်သို့ ပြန်လာခဲ့ကြောင်း မပြောပြနိုင်ခဲ့ပေ။


“ကျွန်တော် နေသိပ်မကောင်းလို့ အိမ်တော်မှာ အနားယူနေတာပါ … ရွယ်သခင်လေးနဲ့ လီသခင်လေး ခွင့်လွှတ်ဖို့ မျှော်လင့်ပါတယ် …”

ဝမ်ချီက သူအမြဲသုံးနေကျ ဆင်ခြေကို သုံးလိုက်သည်။

 

လီယွီက မထက်မြက်သည့်တိုင် ဦးနှောက်မရှိသူ မဟုတ်ပေ။ သူက ဝမ်ချီ၏ အလိမ်အညာကို သိနိုင်သည့်တိုင် လက်ကိုသာ ဝေ့ယမ်းလိုက်၏။

“ကျွန်တော်တို့သုံးယောက် မဆုံရတာကြာပြီပဲ …. လက်ဖက်ရည်သောက်ကြရအောင် …”


လီယွီက ဖိတ်ကြားသည့် လက်ဟန်ပြုလိုက်သည်။

“ထိုင်ပါ …”

 

ဝမ်ချီက ယဉ်ကျေးမနေတော့ဘဲ ထိုင်လိုက်၏။

 

လီယွီနှင့် ရွယ်ကွေ့တို့က ဝမ်ချီ၏ ဘယ်နှင့်ညာရှိ ကျောက်ခုံများပေါ်သို့ ထိုင်ချလိုက်သည်။

 

သူတို့သုံးဦး ထိုင်လိုက်ချိန်မှာပင် ဝမ်ချီ၏ ကြီးမားသော စစ်တပ်ကြီးသည်လည်း သူတို့သုံးဦးအား စက်ဝိုင်းသဏ္ဌာန် ဝန်းရံလိုက်ကြ၏။

 

မူလတွင် ဘက်ပေါင်းစုံမှ လေဝင်လေထွက်ရှိနေသည့် နားနေဆောင်က လူသားနံရံကြီးဖြင့် ပိတ်ဆို့ခံလိုက်ရသည့်နှယ် ဖြစ်သွားခဲ့သည်။

 

ဝမ်ချီ “…”

 

လီယွီ “…”

 

ရွယ်ကွေ့ “…”

 

ဝမ်ချီက လီယွီနှင့် ရွယ်ကွေ့တို့၏ မျက်နှာများကို ကြည့်ကာ အလွန်ရှက်လာ၏။ သူက ထိုသူများကို ကြွားဝါရန်သက်သက် လူအုပ်အား ခေါ်ဆောင်လာခဲ့သလို ပုံပေါ်သွားခဲ့၏။

 

ဝမ်ချီက ခဏတွေးပြီးနောက် ရှောင်ရွှမ်ကျီကို ခေါ်လိုက်သည်။

“မင်းတို့ အပြင်မှာ ရပ်နေလို့ရမလား … နေရောင်ကို ကာသလို ဖြစ်နေတယ် …”

 

ရှောင်ရွှမ်ကျီက ချက်ချင်း ပြောလိုက်သည်။

“မင်းတို့ ကြားကြလား … မင်းတို့ နေရောင်ကို ကာသလိုဖြစ်နေတယ် …”

 

မိန်းမစိုးများနှင့် ကိုယ်ရံတော်များက တစ်ဦးနှင့်တစ်ဦးကြည့်လိုက်ကြသည်။ ထို့နောက် အလိုအလျောက် နားလည်မှုဖြင့် မြင်းထိုင်ထိုင်ချလိုက်ကြ၏။

 

ထိုအခါ ရှောင်ရွှမ်ကျီက နားလည်ဟန်ဖြင့် ခေါင်းညိတ်ကာ ဖားလျားသည့် အပြုံးမျိုး ပြုံးလိုက်သည်။

“ဝမ်သခင်လေး … နေရောင်ကာသလို ဖြစ်နေသေးလား…”

 

ဝမ်ချီ “…”

 

ဝမ်ချီ ပြောစရာစကားမရှိ ဖြစ်သွားရသည်။

 

လူပေါင်းများစွာ၏ စောင့်ကြည့်မှုအောက်၌ အစောက သက်သောင့်သက်သာ ရှိနေကြသည့် လီယွီနှင့် ရွယ်ကွေ့တို့၏ ခန္ဓာကိုယ်များ တောင့်တင်းလာကြသည်။ သူတို့၏ မျက်နှာထက်၌ နေရခက်သည့် အမူအရာများ ရှိနေ၏။

 

ဝမ်ချီက လေထုတောင့်တင်းလာသည်ကို ခံစားမိလိုက်သဖြင့် လက်ဖက်ရည်တစ်ဝက်သာ သောက်ရင်း လုပ်စရာရှိသေးကြောင်းပြောကာ ထထွက်လာလိုက်သည်။

 

လီယွီနှင့်ရွယ်ကွေ့တို့က ဝမ်ချီ စစ်တပ်ကြီးကို ဦးဆောင်၍ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။

 

လီယွီက ဆို၏။

“သူ သွားပြီပဲ …”

 

ရွယ်ကွေ့က ပြောသည်။

“ဟုတ်ပါ့ နောက်ဆုံးတော့သွားပြီ …”

 

လီယွီက ရွယ်ကွေ့ကို ကြည့်လိုက်သည်။

“ငါတို့ဒီမှာထိုင်နေတာ တစ်နာရီကျော်နေပြီ … ပြန်ကြမလား …”

 

ရွယ်ကွေ့က မေးလိုက်သည်။

“မင်းခြံဝန်းထဲမှာ အစေခံတွေ အများကြီးရှိလို့လား …”

 

လင်းယွီ:  “ဟင့်အင်း …”

 

ရွယ်ကွေ့:  “မင်းခြံဝန်းထဲမှာ ပူပူနွေးနွေး စားစရာတွေရော ရှိလို့လား …”

 

လင်းယွီ “…”

 

ရွယ်ကွေ့ : “မင်းခြံဝန်းထဲမှာ အရှင့်သား စောင့်နေလို့လား …”

 

လီယွီ ခေါင်းယမ်းကာ ငိုချင်လာ၏။

“မရှိဘူး … မရှိဘူး …”

 

“ဒါဆိုမင်းက ဘာလို့ပြန်နေဦးမှာလဲ …”

ရွယ်ကွေ့က သနားညှာတာခြင်းကင်းမဲ့စွာ ဆို၏။ 

“နေရာလွတ်နဲ့ စကားပြောဖို့လား …”

 

လီယွီ နင်သွားသည်။ သူက ချိုမြိန်သည့်ရနံ့ရှိသော ဌာပနာမုန့်ကို ကောက်ယူကာ ပါးစပ်ထဲထည့်လိုက်၏။


“စားရအောင် …”

ရွယ်ကွေ့က သူစကားများများ ပြောမိသလို ခံစားလိုက်ရသဖြင့် နောင်တရလာသည်။ သူက လက်ဆန့်ကာ ဘုတ်ပြားနံဘေးရှိ ပန်းကန်ကို လီယွီထံ တိုးပေးလိုက်သည်။ “ဒီမှာ အဆာပြေမုန့်တွေရသေးတယ် … မင်းပြန်သွားရင် ဒီလောက်စားလို့ရမှာ မဟုတ်တော့ဘူး …”

 

လီယွီ“…”

 

နှစ်သိမ့်ခံလိုက်ရသည့်နောက် လီယွီက ပို၍ပင် ဝမ်းနည်းလာ၏။ နောက်ဆုံးတွင် အမြဲလိုလိုရန်ဖြစ်နေတတ်သည့် သူနှင့်ရွယ်ကွေ့တို့ အဘယ့်ကြောင့် ရုတ်တရက် နီးကပ်လာကြောင်း နားလည်သွားလေသည်။

 

အဘယ့်ကြောင့်ဆိုသော် သူတို့နှစ်ဦးလုံးက ကမ္ဘာကြီး၏ အဆုံးသတ်၌ ရှိနေကြ၍ပင်။

 

….

 

ဝမ်ချီ ရှစ်ယဲ့၏ စာကြည့်ခန်းအပြင်ဘက်သို့ ရောက်လာချိန်၌ ရှစ်ယဲ့က အခြားလူများနှင့် တွေ့ဆုံနေ၏။

 

မိန်းမစိုးကျိုးက စာကြည့်ခန်းအပြင်၌ စောင့်ဆိုင်းနေသည်။ ဝမ်ချီက သူ၏ ရည်ရွယ်ချက်ကို ရှင်းပြပြီးချိန်တွင် သူက ဝမ်ချီအား စာကြည့်ခန်းအတွင်းသို့ ဝင်ခွင့်ပေးလိုက်၏။

 

ဝမ်ချီက ရှစ်ယဲ့၏ စားပွဲရှေ့တွင် ရပ်နေသူအချို့ကို တွေ့လိုက်ရသည်။

 

လျိုတဲနှင့်လျိုရှန်မှအပ ကျန်သူများကို ဝမ်ချီမသိချေ။ သို့သော် သူတို့နှစ်ဦးအား ကြည့်ရုံဖြင့် ကျန်သူများသည်လည်း ရှစ်ယဲ့၏ လူယုံတော်များဖြစ်ကြောင်းသိရန် မခက်ခဲခဲ့။

 

မိန်းမစိုးကျိုးနှင့် ဝမ်ချီ၏ခြေသံကြောင့် လျိုတဲနှင့်လျိုရှန်အပါအဝင် ကျန်သူများက သူတို့ထံသို့ ပြိုင်တူ လှည့်ကြည့်လာကြသည်။

 

မိန်းမစိုးကျိုးက ထိုသို့သောမြင်ကွင်းနှင့် အသားကျနေပြီးဖြစ်သည်။ သူက မျက်နှာအမူအရာ တစ်ချက်မပြောင်းဘဲ နှင်တံကို ဝေ့ယမ်းလိုက်၏။ ထို့နောက် ခေါင်းငုံ့ကာ စားပွဲခုံနောက်ရှိ ရှစ်ယဲ့အား ပြောလိုက်သည်။

“အရှင့်သား … ဝမ်သခင်လေး ရောက်လာပါတယ် …”

 

သို့သော် အသားမကျသေးသည့် ဝမ်ချီကမူ လူများ၏ အကြည့်ကြောင့် ကြောင်အသွား၏။

 

သူ့ဦးနှောက်က မည်သို့မှမတုံ့ပြန်နိုင်မီ သူ့ခန္ဓာကိုယ်က အပြစ်ရှိစိတ်ဖြင့် တောင့်တင်းသွားရသည်။

 

ရုတ်တရက်ဆိုသလို အားလုံး၏ အာရုံစိုက်ခံလိုက်ရသဖြင့် ဝမ်ချီ ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးများပင် ထလာ၏။ သူက နောက်ဘက်သို့ ခြေနှစ်လှမ်း ပြန်ဆုတ်ကာ ညှိနှိုင်းသည့် အသံဖြင့် ပြောလိုက်သည်။

“မိန်းမစိုးကျိုး … ကျွန်တော် … အပြင်ကပဲ စောင့်နေရမလား …”

 

မိန်းမစိုးကျိုးက သူ့အား လှည့်မကြည့်ဝံ့ဘဲ ကျောပေးထား၏။

 

မကြာခင် အေးစက်စက်အသံက တိတ်ဆိတ်မှုအား ဖြိုခွင်းလိုက်သည်။

“ဒီကိုလာ …”

 

ထိုသူမှာ ရှစ်ယဲ့ပင်။

 

ဝမ်ချီ မော့ကြည့်လိုက်ချိန်၌ အဖြူရောင်ဝတ်ရုံနှင့် မီးခိုးပြာရောင် အပေါ်ဝတ်ကို ဝတ်ဆင်ထားသည့် ရှစ်ယဲ့အား တွေ့လိုက်ရသည်။ သူ့ဆံနွယ်များက ပုံမှန်အတိုင်း စည်းနှောင်ထားကာ သူ့၏ ဖြူလျော်သောမျက်နှာထက်၌ ပင်ပန်းမှုများ ပြည့်နှက်နေ၏။

 

ဝမ်ချီ၏ အူကြောင်ကြောင်အမူအရာကြောင့် ရှစ်ယဲ့က ရယ်လိုက်မိသည်။ သူ့နှုတ်ခမ်းထောင့်များက ကော့တက်လာကာ ဝမ်ချီအား ခွေးပေါက်လေးတစ်ကောင်ကို ခေါ်သကဲ့သို့ လက်ယပ်ခေါ်လိုက်၏။

“ဝမ်ချီ … ဒီကိုလာ …”

 

ဝမ်ချီက ရှစ်ယဲ့ သူ့အမည်အား ခေါ်လိုက်သည်ကို သတိပြုမိလိုက်သည်။ သူ မှတ်မိသလောက် ရှစ်ယဲ့ ထိုသို့ခေါ်သည်မှာ ရှားပါးလှ၏။ ထိုသူက လိုရင်းကိုသာ တိုက်ရိုက် ပြောချလေ့ရှိသည်။

 

သို့သော် ရှစ်ယဲ့၏ အသံနိမ့်နိမ့်က အလွန်နားထောင်ရ ကောင်းမွန်၏။ အထူးသဖြင့် သူ့အမည်အား ခေါ်ဆိုသံ၌ ဖော်ပြရခက်သည့် ညို့ဓာတ်တစ်မျိုး ပါဝင်နေသည်။

 

ဝမ်ချီက သူ့နှလုံးသားတစ်ခုလုံး ခုန်ပေါက်လာသည်ကို ခံစားမိလိုက်သည်။ အစောကအထိ အဆင်ပြေသော်လည်း ယခုအခါ သက်ရှိယုန်တစ်ကောင်ကို ရင်ဘတ်ထဲထည့်ထားရသကဲ့သို့ သူ ခံစားနေရ၏။

 

ဝမ်ချီက သက်ရှိယုန်တစ်ကောင်အား ရင်ဘတ်ထဲထည့်ရင်း ဖိတ်စာကို တင်းတင်းဆုပ်ကာ ရှစ်ယဲ့ထံသို့ အမြန်လျှောက်သွားလိုက်၏။

 

သို့သော် လူပေါင်းများစွာ အရှေ့၌ သူက ရှစ်ယဲ့နှင့် နီးနီးကပ်ကပ် မနေဝံ့ပေ။ ထို့ကြောင့် နှစ်လှမ်းသုံးလှမ်းအကွာ၌ ရပ်လိုက်၏။

 

ဝမ်ချီက ပြောသည်။

“အရှင့်သားကို နှုတ်ခွန်းဆက်ပါတယ် ….”

 

ရှစ်ယဲ့ ထရယ်လိုက်သည်။ သူက ပါးစပ်ကို လက်သီးဆုပ်ဖြင့် အုပ်ရင်း အတန်ကြာသည်အထိ ခပ်တိုးတိုး ရယ်နေသည်။ ထို့နောက် ဝမ်ချီအား ကြည့်လိုက်၏။

“မင်းအရင်က ပန်ကုန်းကို နာမည်တပ်ခေါ်နေကျပါ … အခုကျ ဘာလို့မခေါ်လဲ …”

 

ဝမ်ချီ  “…”

 

ဘာလို့ရမှာလဲ …

 

ဝမ်ချီက စိတ်ထဲတွင် အလွန်သူရဲဘောကြောင်နေပြီး အပြင်ဘက်တွင် ပို၍ပင် သူရဲဘောကြောင် နေခဲ့သည်။ သူက အမြန်ပြောလိုက်၏။

“ကျွန်တော်မျိုး မလုပ်ဝံ့ပါဘူး …”

 

“ဘာလို့ မလုပ်ဝံ့တာလဲ … ‌ဒီကိုလာခဲ့ …”

ရှစ်ယဲ့က ပြောလိုက်သည်။


ဝမ်ချီ ခဏတုံ့ဆိုင်းနေပြီး အရှေ့သို့ သတိကြီးစွာတိုးကပ်သွားလိုက်သည်။

 

ရှစ်ယဲ့ မျက်မှောင်ကြုတ်လိုက်သည်။

“ပိုကပ်ဦး …”

 

ဝမ်ချီ နောက်တစ်လှမ်း ထပ်တိုးလိုက်၏။

 

ရှစ်ယဲ့က ခဏတိတ်ဆိတ်သွားသည်။ ထို့နောက် ရုတ်တရက် ကိုယ်ကိုကိုင်းလိုက်ရင်း ဝမ်ချီ၏ လက်ကောက်ဝတ်ကိုဆွဲကာ သူ့လက်မောင်းကြားသို့ ဆွဲယူလိုက်၏။

 

ဝမ်ချီက သတိလက်လွတ်ဖြစ်သွားကာ သေချာပင် မရပ်နိုင်တော့ချေ။ သူက ခြေနှစ်လှမ်းသုံးလှမ်းခန့် ယိမ်းယိုင်သွားပြီး ရှစ်ယဲ့၏ ပေါင်ပေါ် ထိုင်လျက်ကျသွားခဲ့သည်။


ဝမ်ချီ ခေါင်းမော့လိုက်ချိန်တွင် လျိုတဲ၊ လျိုရှန်နှင့် အခြားလူများ၏ အကြည့်ကြောင့် မျက်နှာတစ်ခုလုံး မျောက်ဖင်ကဲ့သို့ နီမြန်းသွားရ၏။ သူက မီးခဲပေါ်ထိုင်မိသကဲ့သို့ ထရပ်လိုက်ချင်သော်လည်း ရှစ်ယဲ့က သူ့အား လက်မောင်းအောက် လျှိုသွင်းကာ သူ့ခါးကိုပင် ဖက်ထားလိုက်သေး၏။

 

ဝမ်ချီ ရှက်သွေးဖြာသွားပြီး မလှုပ်ရှားဝံ့တော့ချေ။

 

ရှစ်ယဲ့က မည်သည့်အရာမှ မဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်နေသည်။ သူက ဝမ်ချီ၏ ညာဘက်ပခုံးပေါ်သို့ မေးတင်ရင်း ဝမ်ချီ၏လက်ထဲမှ ဖိတ်စာကိုယူကာ ဖွင့်ကြည့်လိုက်၏။

“မင်းဒီအတွက် လာတာလား …”

 

ဝမ်ချီ၏ မျက်ဝန်းများက ဟိုဟိုသည်သည်ရွေ့လျားသွားသည်။ သူက စားပွဲပေါ်ရှိ မြေပုံများအကြား၌ ဖိတ်စာများ အပုံလိုက်ရှိနေကြောင်း တွေ့လိုက်ရသည်။

 

သူ အံ့အားသင့်သွားကာ ရှစ်ယဲ့၏ မေးခွန်းကို ဖြေရန်ပင် ရှက်သွားမိ၏။

 

သူက နိုင်ငံ့ခေါင်းဆောင်မိဘများ ဗီဒီယိုအစည်းအဝေး လုပ်နေစဉ် သူတို့၏ ကလေးငယ်များက တစ်နှင့်တစ်ပေါင်းသည့် သူငယ်တန်းအိမ်စာကို လာမေးနေသည့် မြင်ကွင်းအား ပြေးမြင်လိုက်မိသည်။ လက်ရှိအခြေအနေမှာ ထိုမြင်ကွင်းနှင့် တစ်ထပ်ထဲပင်။



💮💮💮