Chapter 71
Viewers 12k

💮Chapter 71



ဝမ်ချီက ထိုအမျိုးသမီးငါးဦးမှာ မည်သူမည်ဝါဖြစ်သည်ကို အမှန်တကယ်သိချင်သော်လည်း သူတို့၏မျက်နှာတစ်ခုလုံးကို အဝတ်စများဖြင့် ဖုံးထားသည်။ ထို့အပြင် သူတို့၏ ဝတ်ပုံစားပုံတစ်ခုတည်းမှ မည်သူမည်ဝါဖြစ်သည်ကို သူ တပ်အပ်မပြောနိုင်ပေ။


သို့သော် သူတို့၏ဝတ်ပုံစားပုံများကို ကြည့်လိုက်ရာ ချမ်းသာသည့်မိသားစုအသိုင်းအဝိုင်းမှ အမျိုးသမီးများဖြစ်ကြောင်း သိသာလှသည်။


ဝမ်ချီ သူ့စိတ်ထဲတွင် ခန့်မှန်းမိ‌သော်လည်း အပေါ်ယံတွင်မူ  နှုတ်ဆိတ်နေခဲ့သည်။ အချိန်များက တစ်မိနစ်ပြီးတစ်နစ်တ‌ရွေ့ရွေ့ကုန်ဆုံးသွားသည်။ အချိန်အတော်ကြာသွားသော်လည်း လျိုတရှန်၏ နောက်ထပ်လှုပ်ရှားမှုကို ဝမ်ချီမှန်းဆ၍မရ‌သဖြင့် သူရှိရာသို့ လှမ်းကြည့်လိုက်သည်။ လျိုတရှန်က ခပ်ကုပ်ကုပ်ထိုင်ရင်း လက်ပိုက်လျက်ခေါင်းလေးငုံ့ကာ မျက်လုံးမှိတ်ပြီး အနားယူနေသည်ကို‌ တွေ့လိုက်ရသည်။


ဆန့်ကျင်ဘက်အနေနှင့် ဝမ်ချီ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လျိုတတဲမှာမူ အားအင်အပြည့်နှင့် တက်တက်ကြွကြွရှိနေသေးသည်။ ဝမ်ချီ၏ အနည်းငယ်ထူးဆန်းသော အမူအရာကို မြင်လျှင် ထိုင်နေရာမှထရပ်ပြီး ခြေလှမ်းကျဲကြီးဖြင့်လှမ်းလာသည်။ လျိုတတဲက သူ့အား တစ်ခုခုလုပ်တော့မည်ဟု ဝမ်ချီ ထင်လိုက်မိသောကြောင့်အလိုအလျောက် အနောက်သို့တိုးကပ်သွားမိသည်။


ထိုစဉ် လျိုတတဲက သူ့ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။


ဝမ်ချီ အနည်းငယ် ထိတ်လန့်သွားကာ သူ၏ဗာဒံ‌စေ့သဏ္ဍာန်အညိုဖျော့ဖျော့ မျက်ဝန်းလေးများက အံ့သြခြင်းများဖြင့် ပြည့်နှက်နေလျက် လျိုတတဲအား ငေးစိုက်ကြည့်နေမိသည်။ သို့သော် လျိုတတဲက ဝမ်ချီ၏ ကြောက်ရွံ့ထိတ်လန့်နေသည့်အမူအရာကို သတိမထားမိဘဲ လေသံအေးအေးဖြင့် မေးလာသည်။

"မင်း အဆင်မပြေဘူးလား...."


ဝမ်ချီ ခေါင်းခါလိုက်သည်။ 

"ပြေ...ပြေပါတယ်..."


အချိန်ကြာမြင့်စွာ နှုတ်ဆိတ်နေခြင်းကြောင့် သူ့လည်ချောင်းတစ်ခုလုံး အလွန်ခြောက်သွေ့လာပြီး အသံကလည်း အက်ကွဲနေသည်။ သူ့စကားအဆုံး လျိုတတဲနှင့် လျိုတရှန် ညီအစ်ကိုနှစ်ယောက်က လက်ကိုင်ပုဝါကို သူ့ ပါးစပ်ထဲသို့ မထည့်ထားကြောင်း ဝမ်ချီသတိထားမိလိုက်သည်။


ကျန်းဟမ်၏ပါးစပ်ကို လျိုတရှန်က လက်ကိုင်ပုဝါဖြင့် ပိတ်စည်းထားသည်။ ထိုလက်ကိုင်ပုဝါမှာလည်း ဝမ်ချီ ချန်ထားခဲ့သည့် လက်ကိုင်ပဝါပင်။ ထိုအကြောင်းတွေးမိသောအခါ ဝမ်ချီ ချက်ချင်းဆိုသလို သူ့နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်မိသည်။


သူ့မျက်နှာပေါ်တွင်လည်း "တုံးလိုက်တဲ့ငါ" ဟူသည့်စာသားမျိုးကိုရေးကပ်ထားသည့်နှယ်။


ဝမ်ချီ၏စကားအဆုံး လျိုတတဲက ခေါင်းညိတ်ပြကာ ဘာမှပြန်မပြောဘဲ ထရပ်ပြီး ထိုင်ခုံတွင်ပြန်သွားထိုင်သည်။


လမ်းတစ်လျှောက်လုံးတွင် ရထားလုံးက ဒယိမ်းဒယိုင်သွားနေသည်။


ရံဖန်ရံခါ ထွက်ပေါ်လာသော ကျန်းဟမ်၏ နာကျင်စွာညည်းတွားနေသည့် အသံမှလွဲ၍ အခြားသူများအားလုံး တိတ်ဆိတ်ငြိမ်သက်နေကြသည်။ အထူးသဖြင့် ထိတ်လန့်နေပုံရသော အမျိုးသမီးငါးဦးမှာ တုန်တုန်ယင်ယင်နှင့် အသံပင်မထွက်ရဲကြချေ။ 


ဝမ်ချီက သက်တောင့်သက်သာရှိသော အနေအထားရအောင် အတတ်နိုင်ဆုံး ကြိုးစာပြီးထိုင်သော်လည်း ကြိုးဖြင့် အတုပ်ခံထားရသောကြောင့် သူ မည်သို့မှ သက်တောင့်သက်သာမထိုင်နိုင်ပေ။ တဖြည်းဖြည်းချင်း ခြေလက်များက ထုံကျင်လာပြီး အသက်ရှုမဝသလို ခံစားလိုက်ရသဖြင့် မေးမော့ကာ အသက်ကို အပြင်းအထန်ရှူသွင်းလိုက်သည်။ 


ခဏအကြာတွင် သူ့ဘေးတွင်ထိုင်နေ‌သည့် လျိုတတဲက အဆင်မပြေဖြစ်နေသောသူ့ပုံစံကို သတိပြုမိသွားရာ ထိုင်နေရာမှထလာပြီး သူ့ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ရင်း‌မေးလာပြန်သည်။

"မင်း အဆင်မပြေဘူးလား..."


အစောပိုင်းကအတိုင်း တူညီသည့် မေးခွန်းမျိုး မေးလာပြန်သောကြောင့် ဝမ်ချီ ဆွံ့အသွားပြီး တစ်ခဏအကြာတွင် ရှက်ကိုးရှက်ကန်းဖြင့်ပြောလိုက်သည်။ 

“ကြိုးက အရမ်းတင်းနေတော့ နေရထိုင်ရတာ နည်းနည်းအဆင်မပြေဖြစ်‌နေလို့ပါ…” 


"တကယ်လား...ငါလျော့လျော့လေးပဲ ချည်ထားတာပါ…”

လျိုတတဲက ထိုသို့ပြောကာ သူ့ ခါးမှဓားမြှောင်တစ်လက်ကို ရုတ်တရက် ဆွဲထုတ်ပြီး ဝမ်ချီ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြိုးနှစ်ချောင်းကို ဖြတ်ချလိုက်သည်။

"အခုနေရထိုင်ရတာ ပိုကောင်းသွားပြီလား…"


သူ့လည်ပင်းတစ်ဝိုက်က မွန်းကျပ်မှုတို့ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို ဝမ်ချီခံစားမိသည်။ 


အသက်ရှူရသည်မှာလည်း ယခင်ထက်ပိုပြီး အဆင်ပြေလာသည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး…"


လျိုတတဲ: "ကိစ္စမရှိဘူး..."


ထိုသို့ပြောပြီးနောက် လျိုတတဲ က ဓားမြှောင်ကို ပြန်သိမ်းလိုက်ပြီး သူ့နေရာသို့ ပြန်သွားသည်။


ရထားလုံးနှင့် မည်မျှကြာသည်အထိ ခရီးသွားရမည်ကို သူအတိအကျမသိသော်လည်း မူးဝေသွားသည်အထိ လှုပ်ခါယမ်းသွားသည့်အချိန်တွင် ရထားလုံးရုတ်တရက်ရပ်သွားသည်ကို ဝမ်ချီ ဝိုးတဝါးခံစားမိသည်။


ယခုလေးတင်မှ အိပ်ရာနှိုးလာသော လျိုတရှန်မှာ အနည်းငယ်ငိုက်မျည်းနေသေးသည်။ ထို့နောက် မျက်လုံးများကို ပွတ်သပ်ကာ လက်တွင်ကိုင်ထားသော ခေါင်းစွပ်ကို ဝမ်ချီ၏ ခေါင်းပေါ် သို့စွပ်ချလိုက်ပြီး ဓားစာခံအားလုံးကို ရထားလုံးပေါ်မှ ဆွဲထုတ်သည်။


အသံဗလံများကို ဝမ်ချီအသေအချာနားထောင်မိရာအမျိုးသမီးငါးဦးလည်း ရထားလုံးပေါ်မှဆင်းလာဟန်ပင်။ 


ထို့နောက် သူတို့အားလုံး တစ်ခဏမျှလမ်းလျှောက်ကြရပြန်သည်။


ဤနေရာရှိပတ်ဝန်းကျင်က ယခင် သူနေခဲ့သည့်နေရာလောက် မကောင်းသည်ကို ဝမ်ချီ အသေအချာ သိသည်။ သူ့ခြေဖဝါးအောက်က ဗွက်အိုင်မှာ ရွှံ့နွံပေါ်လမ်းလျှောက်နေရသကဲ့သို့ အနည်းငယ်နူးညံ့ပျော့ပျောင်းနေပြီး ညှီစို့စို့အသားစိမ်းအနံ့မျိုးရသည်။


ဝမ်ချီ အတွေးလွန်နေခိုက် အခန်းတစ်ခုထဲသို့ တွန်းပို့ခံလိုက်ရသည်။


သူ့နောက်တွင် တံခါးသော့ခတ်သံကိုကြားလိုက်ရပြီး တစ်ဆက်တည်းတွင် လက်တစ်စုံက သူ့ခေါင်းပေါ်ရှိ အဝတ်စကို ဖယ်ရှားလိုက်သည်။


အမှောင်ထုဖုံး‌နေသော အမြင်အာရုံမှာ အလင်းရောင်ဖြင့်  ရုတ်တရက် အစားထိုးခံလိုက်ရသောကြောင့် သူမျက်လုံးများကို အမြန်မှိတ်ချလိုက်ပြီး ပတ်ဝန်းကျင်အလင်းရောင်နှင့် အသားကျရန် အချိန်အတော်ယူလိုက်ရသည်။


လျိုတရှန်က သူ့ခန္ဓာကိုယ်ပေါ်ရှိ လက်ကျန်ကြိုးများကို ဓားမြှောင်နှင့် အလျင်အမြန်ဖြတ်ပြီး မြေပြင်ပေါ်ပစ်ချလိုက်ရင်းပြောလာသည်။


“ဒီ‌နေရာက လောလောဆယ် မင်းနေရမဲ့နေရာပဲ...တစ်ခုခုလိုရင် ငါတို့ကိုပြော… စကားနားထောင်နေသရွေ့ ငါတို့ဘက်ကလည်း မင်းကိုဘယ်တော့မှဆိုးဆိုးရွားရွားဆံမှာမဟုတ်ဘူး…”


ဝမ်ချီ တိတ်တဆိတ်ခေါင်းညိတ်လိုက်သည်။


လျိုတရှန်ကဆက်ပြောသည်။

"အိပ်ယာနဲ့ စောင်တွေတော့ အဆင်သင့်ပြင်ထားတယ်...နောက်မှစားစရာလာပို့ပေးမယ်...


ဝမ်ချီ တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြန်သည်။


လျိုတရှန်က ထိုသို့‌ပြောပြီးသည်နှင့် လျိုတသဲနှင့် အတူအခန်းအပြင်သို့ ထွက်သွားလေသည်။


ဝမ်ချီ အခန်းပတ်ပတ်လည်ကို ကြည့်လိုက်ရာ ဤအခန်းက ယခင်သူနေခဲ့သည့်အခန်းလောက် မကောင်းသည်ကိုသတိထားမိသည်။ ဟောင်းနွမ်းလွန်းနေသည့်အပြင် လေထုထဲတွင်လည်း စိုထိုင်းထိုင်းအ‌ငွေ့အသက်များနှင့်ပြည့်နေပြီး ညှီစို့စို့အနံ့များက ပျံ့လွှင့်နေ၏။ 


အခန်းတစ်ခုလုံးကို လှည့်ပတ်ကြည့်ပြီးနောက် ဝမ်ချီ သက်ပြင်းချကာ အနားယူလို‌သဖြင့် ထိုင်ခုံပေါ်ထိုင်ရန်ပြင်လိုက်သည်။ သို့သော် ခုံပေါ်ပင် မထိုင်လိုက်ရသေးမီ ဘေးဘီမှ ဗလုံးဗထွေးရေရွတ်သံတစ်ခုကို ကြားလိုက်ရသည်။


ဝမ်ချီလှည့်ကြည့်မိရာအခန်းထောင့်တွင် လဲနေသည့် ကျန်းဟမ်ကို တွေ့လိုက်ရသည်။


သနားစဖွယ်ကောင်းလှသော ကျန်းဟမ်မှာ ခေါင်းပေါ်တွင် အနက်ရောင်ပိတ်စဖြင့်အုပ်ထားခံရပြီး ပါးစပ်ကိုလည်း လက်ကိုင်ပုဝါတစ်ထည်ဖြင့် ဖက်ထုပ်ကဲ့သို့ ချည်နှောင်ခံထားရဆဲ ဖြစ်သည်။ အခန်းထဲရောက်ချိန်တည်းက ညီအစ်ကိုနှစ်ယောက်က သူ့ကို အခန်းထောင့်တစ်နေရာတွင် ပစ်ချထားခြင်းပင်။


ဝမ်ချီ အမြန်သွားပြီး ကျန်းဟမ်ခေါင်းပေါ်ရှိ အဝတ်စကို ချွတ်ကာ လက်ကိုင်ပုဝါကိုလည်း ပါးစပ်မှဖယ်ပေးလိုက်သည်။


ညတွင်းချင်းပင် ကျန်းဟမ်၏မျက်နှာပေါ်ရှိ ဒဏ်ရာများက ယခင်ကထက် ပိုအ‌ခြေအနေဆိုးနေပြီး မျက်လုံးနှစ်ဖက်လုံးမှာ ပင်ပေါင်ဘောလုံးကဲ့သို့ ရောင်ရမ်းနေသည့်တိုင် ဝမ်ချီအား မကျေမချမ်းစိုက်ကြည့်နေဆဲပင်။


ထို့နောက် သူက ခပ်တိုးတိုးပြောလာသည်။

"မင်းက သေချာပေါက်သူတို့နဲ့ တစ်ဖွဲ့တည်းပဲ…"


ဝမ်ချီ အမြန်ပြန်ပြောလိုက်သည်။

"မဟုတ်တာတွေ...ငါက သူတို့နဲ့ဘယ်လိုလုပ်ပြီး တစ်ဖွဲ့တည်းဖြစ်မှာလဲ..."


ကျန်းဟမ်: “သေချာတယ်...မင်းကသူတို့နဲ့တစ်ဖွဲ့တည်းပဲ…”


ကျန်းဟမ်က မူလတည်းက သူ့အပေါ် ဒေါသပုံချကာ လိုက်မဲနေသောကြောင့် သူမည်သို့ရှင်းပြသည်ဖြစ်စေ  နားဝင်မည်မဟုတ်ချေ။ ထို့ကြောင့် ဝမ်ချီက ဆက်ရှင်းပြမနေတော့ဘဲ လက်လွတ်စပယ်ပြောလိုက်သည်။ 

"ဒါဆိုလည်း...မင်းထင်ချင်ရာထင်တော့ကွာ…"


သူ့စကားမဆုံးမီ မမျှော်လင့်ဘဲ ကျန်းဟမ်က ပြန်ပြောလာသည်။ 

"ကြည့်....အခုတော့ မင်းဝန်ခံပြီလေ…"


ဝမ်ချီ: “…”


ဝမ်ချီလည်း လျိုတရှန်လုပ်သည့်အတိုင်း ကျန်းဟမ်ခေါင်းပေါ်မှအဝတ်စနှင့် လက်ကိုင်ပုဝါကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး တစ်ဘက်သို့လှည့်ကာ ထိုင်ခုံဆီသို့ လျှောက်သွားလိုက်သည်။


"မင်းဘယ်သွားမလို့လဲ..."

ကျန်းဟမ်က မေးလာသည်။ 


"ဒီကိုလာပြီး ငါ့ကို ဖြည်ပေးစမ်း…"


ပထမဆုံးအကြိမ်အနေနှင့် ဝမ်ချီက ကျန်းဟမ်၏ ပုံစံကို ဟားတိုက်ရယ်မောပြီး သူ့အား မျက်စိစွေကြည့်ကာ ပြောလိုက်သည်။

"မင်းပဲ ခုနကပြောခဲ့တာလေ... ငါက သူတို့နဲ့တစ်ဖွဲ့တည်းဆို... အဲဒီတော့ မင်းကိုငါက ဘာကိစ္စကြိုးဖြည်ပေးရမှာလဲ..."


ကျန်းဟမ် တစ်ခဏမျှ ပြောစရာစကားလုံးတို့ ပျောက်ဆုံးသွားပြီး ဒေါသထွက်နေသော သူ့အကြည့်များက ဝမ်ချီ၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားတော့မည့်နှယ်။


ဝမ်ချီက ကျန်းဟမ်၏ အကြည့်ကို မမြင်ချင်‌ယောင်ဆောင်ကာ လက်ဖက်ရည်အိုးကို ကောက်ကိုင်ကာ လက်ဖက်ရည်တစ်ခွက်ငှဲ့ရင်း တစ်ငုံချင်းစီ စိမ်ပြေနပြေသောက်နေလိုက်သည်။


တရှူးရှူးတရှဲရှဲနှင့်ဒေါသထွက်နေသော ကျန်းဟမ် ၏ပုံစံကြောင့် ဝမ်ချီတစ်ယောက် စိတ်ကျေနပ်စွာပြုံးလိုက်မိသည်။


နောက်ဆုံးတွင်မူ အစားအသောက်လာပို့သူတစ်ဦးက ကျန်းဟမ်၏ ခန္ဓာကိုယ်ပေါ်တွင် တုပ်နှောင်ထားသော ကြိုးများကို ဖြတ်ပေးသွားသည်။


ကျန်းဟမ်၏ ဒေါသမျက်လုံးများက ဝမ်ချီထံမှ မခွာသွားသော်လည်း အစားအစာများကို အဆက်မပြတ် ပါးစပ်ထဲသို့ သွတ်ထည့်နေသည်။


စားပြီးသည်နှင့် ကျန်းဟမ်တစ်ယောက် ခုတင်ပေါ်ချက်ချင်းတက်သွားကာ အိပ်ယာမခင်း ဖိနပ်မချွတ်ဘဲ ပုစွန်တစ်ကောင်ကဲ့သို့ ကွေးကွေးလေး အိပ်သွားတော့သည်။


ဝမ်ချီလည်း အစာကြေစေရန် စားပွဲပေါ်တွင် ခေတ္တမျှထိုင်ကာ အခန်းတွင်းရှိ ရေအေးဖြင့် မျက်နှာနှင့်ခြေလက်တို့ကို ဆေးကြောပြီးမှ အိပ်ရာဝင်ရန်ပြင်လိုက်သည်။


အခန်းထဲတွင် အပ်ကျသံကိုပင် ကြားနိုင်လောက်သည်အထိတိတ်ဆိတ်နေ၏။ ကျန်းဟမ် အိပ်မောကျနေသည်လား  တပ်အပ်မပြောနိုင်သော်လည်း ထိုသူ၏ခပ်မှန်မှန်အသက်ရှုသံကို ဝမ်ချီ ကြားနေရသည်။


တစ်ခဏအကြာတွင် ဝမ်ချီလည်း အိပ်ငိုက်လာပြီး သူ့အသိစိတ်က တဖြည်းဖြည်း လေးလံလာ၏။


ဝမ်ချီ အိပ်ပျော်ခါနီးတွင် ရုတ်တရက် သူ့ခန္ဓာကိုယ်ပေါ်သို့ရောက်လာသော အလေးချိန်တစ်ခု ခံစားလိုက်မိသောကြောင့် မျက်လုံးမှိတ်ထားရာမှဆတ်ခနဲပြန် ပွင့်လာသည်။


ကျန်းဟမ်က သူ့ကုတင်ပေါ်ရောက်နေပြီး ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံး၏အလေးချိန်က သူ့ခန္ဓာကိုယ်ပေါ်တွင် သောင်တင်နေသည်။ ဝမ်ချီ၏လည်ပင်း‌ပေါ်တွင် လက်တစ်ဖက်တင်ထားရင်း ကျန်းဟမ်၏ ဒဏ်ရာဗရာပွဖြစ်နေသော မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာသည်။


ဝမ်ချီက သူ့လည်တိုင်ဆီမှ စူးအောင့်နေသောနာကျင်မှုကို ခံစားလိုက်ရသည်။


အောက်သိုငုံ့ကြည့်လိုက်သောအခါ ကျန်းဟမ်၏လက်ထဲတွင် ဓားမြှောင်တစ်လက်ကို ဆုပ်ကိုင်ထားပြီး ဓားသွားအဖျားက ဖယောင်းတိုင်မီးရောင်အောက်တွင် ကျောချမ်းဖွယ်တ‌လက်လက်တောက်နေသည်။


ဝမ်ချီ ကြက်သေသေသွားပြီး တစ်စက်လေးမျှ မလှုပ်ဝံ့ပေ။ 

"ကျန်းဟမ်... မင်း ဘာလုပ်နေတာလဲ…"


ကျန်းဟမ်က သူ့မေးခွန်းကို ပြန်မဖြေဘဲ အေးစက်စက် အမိန့်ပေးလာသည်။

"အော်စမ်း..."


ဝမ်ချီ အံ့အားသင့်သွားမိသည်။ 

"ဘာ.. ဘာပြောတယ်…"


ကျန်းဟမ်က စိတ်မရှည်ဟန်ဖြင့်ထပ်ပြောသည်။ 

"မင်းကို အော်လို့ ငါပြောနေတယ်လေ…"


ကျန်းဟမ် စကားပြောနေစဉ် ဝမ်ချီ၏လည်တိုင်ထက်ရှိ သူ့လက်တို့က တဖြေးဖြေးပိုပိုအားပါလာပြီး ပိုဆိုးလာသောနာကျင်မှုကြောင့် ဝမ်ချီအလိုအလျောက် အော်ညည်းလိုက်မိသည်။


ဝမ်ချီ၏အော်သံကြောင့် ကျန်းဟမ်က ခုတင်ပေါ်မှ ချက်ချင်းဆင်းသွားပြီး တံခါးနောက်တွင် အမြန်ပြေးပုန်း‌တော့သည်။


မကြာမီတွင် တံခါးအပြင်ဘက်ကမှ ခြေသံများနှင့် နောက်ဆက်တွဲ သော့ဖွင့်သံကိုပါ ကြားလိုက်ရသည်။


တံခါးကို တွန်းဖွင့်လိုက်ပြီးနောက် မကြာသေးမီက မှ အစားအသောက်လာပို့ခဲ့သည့်လူက အခန်းထဲသို့ပြန်ဝင်လာသည်။


လည်ပင်းတွင် သွေးများထွက်လျက် ကုတင်ထက်တွင်လဲလျောင်းနေသည့် ဝမ်ချီကို မြင်သောအခါ ထိုလူ တစ်ခဏမျှ အံ့သြသွားပြီး ဘာမှမစဉ်းစားတော့ဘဲ ဝမ်ချီအနားသို့ အမြန်လျှောက်သွားတော့သည်။


သို့သော် ထိုလူ ဝမ်ချီအနားမရောက်မီတွင် တံခါးနောက်ကွယ်တွင်ပုန်းနေသော ကျန်းဟမ်က ရုတ်တရက် ပြေးထွက်လာပြီး သူ့လက်ကိုမြှောက်ကာ ဓားမြှောင်ကို ထိုလူ၏ ခေါင်းနောက်စေ့သို့ ထိုးသွင်းလိုက်သည်။


ကျန်းဟမ်၏ မျက်နှာတစ်ခုလုံးတွင် သွေးများစင်ထွက်သွားသည်။


ဓားမြှောင်ကို ဆွဲထုတ်လိုက်သောအခါ ကျန်းဟမ်၏လက်များမှာ တုန်ရီနေပြီး သူ့မျက်ဝန်းထတွင်အတိုင်းသား‌ပေါ်လွင်နေသောကြောက်ရွံ့မှုကို အတတ်နိုင်ဆုံး ကြိုးစားထိန်းချုပ်နေသည်။ ထို့နောက် ကုတင်ဆီသို့ အမြန်လျှောက်သွားကာ ကြက်သေသေနေဆဲ ဝမ်ချီကိုဆွဲခေါ်ကာ အပြင်သို့ထွက်ပြေးတော့သည်။


ဝမ်ချီအနေနှင့် အလောင်းကို ပထမဆုံးမြင်ဖူးခြင်းမဟုတ်သော်လည်း ထိုအခိုက်အတန့်တွင် ရှစ်ယဲ့ တစ်စုံတစ်ယောက်ကို သတ်ဖြတ်သည့်မြင်ကွင်းကိုမြင်ရစဉ်က ကဲ့သို့ပင် ထိတ်လန့်ကြောက်ရွံ့မှုတို့က လျော့မသွားခဲ့‌ပေ။ သူ ရုန်းကန်ရန်ပင်မေ့သွားခဲ့ပြီး ကျန်းဟမ်ဆွဲခေါ်ရာနောက်သို့ လိုက်ပါလာခဲ့သည်။


ထူးဆန်းသည်မှာ နေ့ခင်းနေ့လည် အပြင်ဘက်တွင်စောင့်ကြပ်နေကြသူများ အားလုံး မရှိတော့ဘဲ မှိုင်းပျပျညအလင်း‌ရောင်နှင့် အင်းဆက်ပိုးကောင်များ၏ တကျီကျီတကျာကျာ အော်သံများကသာ သူတို့ကိုဝန်းရံထားသည်။


ဝမ်ချီက ကျန်းဟမ်နှင့် အချိန်တစ်ခုအကြာအထိ လိုက်သွားပြီးနောက် နှစ်ယောက်စလုံး အသက်ရှူရပ်မတတ်ဖြစ်လာကြသည်။ အသက်လုရှုရင်း သူ ကျန်းဟမ်ကို ခပ်တိုးတိုးမေးလိုက်သည်။

“အဲဒီလူတွေ ဘယ်မှာလဲ…” 


ကျန်းဟမ်က သူ့အား ညှို့မှိုင်း‌နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ ရှင်းပြလာသည်။ 

"ငါသိသလောက်တော့ ဒီကောင်တွေက ညသန်းခေါင်လောက်ဆိုရင် တစ်နေရာရာမှာစုပြီး သောက်စားနေကြတာ...နေ့တိုင်းလိုလိုပဲ...အဲဒီ‌တော့ ညဘက်က ငါတို့ထွက်‌ပြေးဖို့အကောင်းဆုံးအချိန်ပဲ…"


ဝမ်ချီ တစ်ခဏမျှ နှုတ်ဆိတ်နေပြီးနောက် အရေးကြီးဆုံးအချက်ကို မေးလိုက်သည်။

"ဒါပေမယ့် ဒီက‌နေ ဘယ်လိုထွက်ရမယ်ဆိုတာမင်းသိလား…"


ကျန်းဟမ်: "အဲဒါတော့ မသိသေးဘူး…"


ဝမ်ချီ အံ့အားသင့်သွားသည်။

“ပြေးပေါက်က ဘယ်ဆီမှန်းတောင်မသိဘဲနဲ့ လျန်ကျင်းရူက မင်းကိုထွက်ပြေးဖို့ သတ္တိတွေပေးလိုက်လို့ ဒီလောက်အထိရဲတင်းနေတာလား..."


( လျန်ကျင်းရူမှာ မလေးရှားတရုတ်လူမျိုးဖြစ်ပြီး တရုတ်ပေါ့ပ်ဂီတလောက၏ အမျိုးသမီးအဆိုတော်တစ်ဦးပင်။ သူမက အလွန်နာမည်ကြီးပြီး တရုတ်ပြည်မကြီးတွင်လည်း ပရိသတ်အများအပြားပိုင်ဆိုင်ထားသူဖြစ်၏။) 


"လျန်ကျင်းရူက ဘယ်သူလဲ…" 


ကျန်းဟမ်က မျက်မှောင်ကြုတ်ရင်းမေးလိုက်သော်လည်း  သူ့မေးခွန်းကို ဝမ်ချီ ပြန်ဖြေသည်ဖြစ်စေ မဖြေသည်ဖြစ်စေ ဂရုမစိုက်ပေ။ ဘေးပတ်ပတ်လည်ကို တစ်ချက်ကြည့်ကာ ဝမ်ချီ၏ လက်ကိုဆွဲကိုင်ရင်း ဦးတည်ချက်တစ်ခုတည်းဆီသို့ ဆက်ပြေးသည်။


"ကျန်းဟမ် ငါတို့ဒီလိုလျှောက်ပြေးနေလို့မရဘူး...မိသွားရင် ငါတို့သေမှာသေချာတယ်...ပြန်သွားပြီးတော့ တခြားလမ်းရှာရအောင်…"

ဝမ်ချီက အမောတကောဖြင့် ပြောလာသည်။


ကျန်းဟမ်က အံကြိတ်ကာပြန်ပြောလာသည်။ 

"လူတစ်ယောက်ကိုတောင် သတ်မိပြီးသွားပြီ ဘယ်လိုလုပ်ပြီးပြန်သွားမှာလဲ…"


ဝမ်ချီ နှုတ်ဆိတ်သွားသည်။


ကျန်းဟမ်က ပြေးနေစဥ် ဝမ်ချီကိုလှည့်ကြည့်ပြီး ရုတ်တရက် ပြုံးရင်းပြောလာသည်။

"ငါတို့ကို ဖမ်းမိသွားရင်တောင် ငါလွတ်လမ်း နောက်တစ်ခုစဉ်းစားထားပြီးသား…"


ဝမ်ချီ:  "ဘာကိုပြောချင်တာလဲ..."


သူ့စကားအဆုံး ပတ်ဝန်းကျင်ရှိ မြက်ခင်းပြင်ဆီမှ ရုတ်တရက် ခြေသံများထွက်ပေါ်လာပြီး တစ်ခဏအကြာတွင် အုံ့ဆိုင်းနေသော လမိုက်ည၏အရိပ်ထဲမှ လူတစ်စုထွက်လာသည်။ ထိုလူများက ပြန်ပေးဆွဲသမားအုပ်စုပင်။


ထိုသူအားလုံးနီးပါး ဓားများကိုင်ဆောင်ထားကြပြီး သူတို့နှစ်‌ ယောက်ရှိရာသို့ ဒေါကြီးမောကြီး ချဉ်းကပ်လာကြသည်။

"ဒီလူယုတ်မာနှစ်ယောက်က လီလောင်အာကို သတ်လိုက်တာ သောက်ကျိုးနည်းကောင်တွေကို အကုန်သတ်ပစ် နှစ်ယောက်လုံးအရှင်မထားနဲ့…" 


ကြမ်းတမ်းသော လေသံဖြင့် လူတစ်ဦးကဆဲဆို အော်ဟစ်ကာ ပြောလာသည်။

“ဟုတ်တယ်…” 


နောက်တစ်ယောက်က ဒေါသတကြီး ထပ်ပြောလာပြန်သည်။

"လောင်အာရဲ့အသက်ကြွေးကို သူတို့ ပြန်ပေးဆပ်ရမယ်…"


ပြန်ပေးဆွဲသမားအုပ်စုက သူတို့ကို ဤမျှမြန်မြန် ဖမ်းမိသွားလိမ့်မည်ဟု ဝမ်ချီ မမျှော်လင့်ထားခဲ့ပေ။ သူ အလွန်ထိတ်လန့်သွားပြီး ခြေထောက်များက ပျော့ခွေလာသည်။ သူနောက်ပြန်လှည့်ပြီး ကျန်းဟမ်၏လက်ကို ဆွဲကိုင်ကာထွက်ပြေးရန်ကြံလိုက်‌သော်လည်း ကျန်းဟမ်ကက သူ့ကို ပြန်ဆောင့်ဆွဲလိုက်သည်။


ထို့နောက် ဓားမြှောင်ထိပ်ဖျားက ဝမ်ချီ၏လည်ပင်းသားနှင့်ထိကပ်သွားသည်။


ကျန်းဟမ်က လက်တစ်ဖက်တွင် ဓားမြှောင်ကိုင်လျက် သူ့နောက်တွင်ရှိနေပြီး အခြားတစ်ဖက်နှင့် သူ့လည်ပင်းကိုချုပ်ကိုင်ထားရင်း ခပ်ကျယ်ကျယ်ပြောလိုက်သည်။ 

"အရှေ့တိုးမလာနဲ့...မဟုတ်လို့ကတော့သူ့ကိုသတ်ပစ်မယ်…"


ဝမ်ချီ: “…”


ကျန်းဟမ်ရဲ့နောက်ထပ်လွတ်လမ်းဆိုတာ ငါ့ကိုပြောတာကိုး...




💮💮💮