Chapter 72
Viewers 36k

💮Chapter 72



"ကျန်းဟမ် မင်းမှာဦးနှောက်ရှိသေးရဲ့လား…" 


ဝမ်ချီက ကျန်းဟမ်၏ မိုက်ရူးရဲဆန်သော အပြုအမူကြောင့် ဒေါသထောင်းကနဲထွက်သွားပြီး စကားပင်ဖြောင့်ဖြောင့်မပြောနိုင်တော့ပေ။ သူက ကျန်းဟမ်၏ခြေထောက်ကို တက်နင်းကာ ပြောလိုက်သည်။ 

"ငါ့ကိုသုံးပြီး သူတို့ကိုခြိမ်းခြောက်တာ အဓိပ္ပာယ်ရှိရဲ့လား သေချာပြန်စဉ်းစားကြည့်ဦး… ငါက သူတို့နဲ့ တစ်ဖွဲ့တည်းမဟုတ်ဘူးလို့ ပြောပြီးပြီလေ…"


ဝမ်ချီကသူ့ ခြေထောက်ကိုတက်နင်းလိုက်သောကြောင့် ကျန်းဟမ် ဒေါသထွက်သွားပြီး ဝမ်ချီ၏လည်ပင်းပေါ်ရှိ ဓားမြှောင်ကို အသားထဲပိုပြီး နစ်ဝင်သွားအောင် ထိုးစိုက်လိုက်မိသည်။


"ပါးစပ်ပိတ်ထား…" 

ကျန်းဟမ်က ဝမ်ချီအနားကပ်ကာ ဒေါသတကြီးပြောလိုက်သည်။

"မင်းနဲ့ငါ့ကို သူတို့တွေဆက်ဆံတဲ့ပုံ အကွာကြီးကွာ‌နေတာကို ငါ မမြင်ဘူးလို့ မထင်နဲ့… ဒီကောင်တွေ မင်းကို ဂရုမစိုက်ရင်တောင် ဟိုညီအစ်ကိုနှစ်ယောက်က မင်းကို ဂရုစိုက်မှာသေချာတယ်…"


ကျန်းဟမ်၏ လေသံက မာဆတ်ဆတ်နိုင်လွန်းသောကြောင့် ဝမ်ချီ ဒေါသတကြီး ရယ်လိုက်သည်။ ထို့နောက် သူက အေးစက်စက်လေသံဖြင့် ပြောလိုက်မိသည်။ 

"မင်းက တကယ်ငတုံးပဲ..."


ကျန်းဟမ်က ဝမ်ချီကိုဒိုင်းကာအဖြစ်သုံး၍ အကာအကွယ်အပြည့်ယူထားကာ ယခုချိန်တွင် ဝမ်ချီ ဘာပြောပြောဂရုမစိုက်တော့ပေ။ တဖြည်းဖြည်းချဉ်းကပ်လာသော ပြန်ပေးဆွဲသူများကို ကျန်းဟမ် တည့်တည့် စိုက်ကြည့်လိုက်သည်။

“ငါ့ရဲ့ အလိုလိုသိစိတ်က ဘယ်တော့မှ မမှားဘူး…“


ထိုအချိန်တွင် ပြန်ပေးဆွဲသူများက သူတို့နှစ်‌ယောက်ကို ဝိုင်းထားပြီးဖြစ်သည်။


သူတို့ကို ဖမ်းရန် အလျင်စလိုဖြစ်နေပုံ မပေါ်သော်လည်း ဖမ်းပြီးလျှင် မည်သို့မည်ပုံကိုင်တွယ်ရမည်ကို အချင်းချင်းသဘောထားကွဲလွဲကာ ငြင်းခုံနေကြသည်။ 


"သူတို့ကိုသတ်ပြီး လီလောင်အာအတွက်လက်စားချေရမယ်…”


"သူတို့ကိုသတ်ရမယ်တဲ့လား...သူတို့ကို သတ်လိုက်ရင် ဘုရင်ခံကျိုးနဲ့ မင်းသားရွှမ်ကို ပိုက်ဆံဘယ်လိုတောင်းတော့မလဲ…”


"ဒါဆိုရင် လီလောင်အာက အလကားသေ ပေးလိုက်ရတာပေါ့…"


"မင်း ဘုရင်ခံကျိုးနဲ့ မင်းသားရွှမ်ဆီကပိုက်ဆံ မလိုချင်တော့ဘူးလား..."


ထိုလူနှစ်ယောက်မှာ အပြန်ပြန်အလှန်လှန် အချိန် အတော်ကြာအောင် စကားများနေကြသည်။


ငြင်းခုံရုံမျှဖြင့်မကျေနပ်သေးဘဲ လက်ပါပါလာပြီး ရန်ဖြစ်ရန် အကြောင်းစလာ‌တော့သည်။ မကြာလိုက်သောအချိန်တွင် သူတို့အနီးနားရှိလူများပါ ရန်ပွဲထဲပါလာကြရာ အခြေအနေတစ်ခုလုံးက တစ်ခဏတွင်းချင်းတွင် ပရမ်းပတာ အနေအထားသို့ ရောက်သွားခဲ့သည်။


ပြန်ပေးဆွဲသူများက သူတို့အပေါ် အာရုံမရောက်သဖြင့် ထိုအခြေအနေကို အခွင့်ကောင်းယူကာ ဝမ်ချီက ကျန်းဟမ်အား အမြန်ထွက်ပြေးရန် အချက်ပြလိုက်သည်။


ကံကောင်းသည်က ယခုတစ်ကြိမ်တွင်မူ ကျန်းဟမ်က ခေါင်းမမာတော့ပေ။ သူ့ဓားမြှောင်ကို ပြန်သိမ်းကာ ဝမ်ချီကိုလက်ဆွဲပြီး ထွက်ပြေးရန်ပြင်သည်။


သို့ရာတွင် ခြေလှမ်းအနည်းငယ်သာလှမ်းရ‌သေးသော်လည်း တစ်ယောက်ယောက်က သူတို့ကို သတိပြုမိသွားသည်။ 

"ရန်ဖြစ်မနေကြနဲ့တော့...ဟိုကောင်နှစ်ကောင် ထွက်ပြေးဖို့လုပ်နေကြပြီ…"


"သူတို့ကို အရင်ဖမ်းရအောင်…"


“ဟုတ်တယ်...အဲဒီကောင်တွေကို ပိုက်ဆံနဲ့မလဲခင် အရင်ဆုံး အားရပါးရနှိပ်စက်ကြမယ်..."


ပြန်ပေးဆွဲသူများက ကိုယ်ခံပညာကို တစ်ဖက်ကမ်းခပ်အောင် မတတ်ကျွမ်းကြသော်လည်း အရပ်ရှည်ရှည်ထောင်ထောင်မောင်းမောင်းနှင့် သန်မာထွားကျိုင်းကြပြီး  ဓားစသည့်လက်နက်ကိုယ်စီ ကိုင်ဆောင်ထားကြသည်။


ကျန်းဟမ်က လွတ်လမ်းမရှိတော့ကြောင်း သိလိုက်ရာ ရုတ်တရက် အကြံတစ်ခုရသွားပြီး ဝမ်ချီကို  သူ့အနီးသို့ ဆွဲကာ ဓားမြှောင်နှင့် လည်ပင်းကို ဒဏ်ရာအနာတရဖြစ်စေရန် ကြံတော့သည်။


ကံကောင်းထောက်မစွာဖြင့် ဝမ်ချီက ကျန်းဟမ်၏အကြံကိုရိပ်မိလိုက်သောကြောင့် ထိုဓားမြှောင် သူ့လည်ပင်းပေါ်သို့ရောက်မလာမီ ကျန်းဟမ်အား ဆောင့်ကန်လိုက်သည်။


ကျန်းဟမ်ထံမှ နာကျင်မှုကြောင့် အော်ညည်းသံတစ်ခု ထွက်ပေါ်လာသည်။


ဝမ်ချီ ဆန့်ကျင်ဘက်ဆီသို့ ပြေးချင်သော်လည်း ပြန်ပေးဆွဲသူများက သူ့လမ်းကို ပိတ်ထားသည်။


သူတို့ထဲမှ တစ်ယောက်က ကျန်းဟမ်၏ လက်ထဲမှ ဓားမြှောင်ကိုဆွဲယူပြီး အရှိန်ပြင်းပြင်း ကန်ကျောက်တော့သည်။ ကျန်းဟမ်၏ပါးစပ်မှ သွေးများအန်ထွက်လာပုံအရ အတော်လေးနာကျင်သွားပုံပင်။


ဝမ်ချီ၏ မျက်နှာတစ်ခုလုံး ဖြူဖျော့နေပြီး အလိုအလျောက် နောက်ဆုတ်သွားမိသည်။  စိတ်ပျက်လက်ပျက်ဖြင့် အမှောင်ရိပ်ထဲတွင် သူ့ဆီသို့ ဖြည်းဖြည်းချင်းချဉ်းကပ်လာသူကို ကြည့်နေမိသည် ။


"ဝမ်အာ…" 

ရုတ်တရက် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။


ထိုလူက ခေတ္တရပ်တန့်သွားပြီး အသံလာရာဘက်သို့လှည့်ကြည့်လိုက်သည်။ 

"သူဌေးလျို...အစောက သူဌေးကြီးဆီ သွားနေတာမဟုတ်ဘူးလား...ဘာလို့ပြန်လာတာလဲ..."


စကားမဆုံးမီတွင် ထိုလူ၏အသံမှာ ရုတ်ခြည်းပြတ်တောက်သွားပြီး၊ သူ့ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် တောင့်တင်းသွားကာ ဧရာမတောင်ကြီးတစ်ခုကဲ့သို့ ပဲ့တင်သံနှင့်အတူ မြေကြီးပေါ်သို့ လဲကျသွားတော့သည်။


ထိုအခြင်းအရာကို မြင်သောအခါ အခြားလူများအားလုံး တစ်ခဏမျှ ကြက်သေသေသွားကြပြီး‌ ထိုနောက်တွင် အနီးကပ်ကြည့်လိုက်မိရာ ဝမ်အာ၏ နဖူးတည့်တည့်တွင် စိုက်ဝင်နေသောမြှားငယ်တစ်စင်းကို တွေ့လိုက်ရသည်။


လျိုတတဲ၏ မျက်နှာအမူအရာမှာ ညိုမည်းနေပြီး မြေပြင်ပေါ်ရှိအလောင်းကို တစ်ချက်လေးမျှပင် လှည့်မကြည့်ဘဲ လက်ကိုမြှောက်ကာ နောက်ထပ်မြားငယ်နှစ်ချောင်းကို ပစ်လွှတ်လိုက်ပြန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်ချီနှင့် အနီးကပ်ဆုံး ပြန်ပေးဆွဲသူနှစ်ဦးလည်း လဲကျသွားလေသည်။


အခြားသူများအားလုံး တုန်လှုပ်သွားကြသည်။


ထိုစဉ် တစ်စုံတစ်ယောက်က ဒေါသတကြီးပြောလာသည်။

"သူဌေးလျို...ခင်ဗျား ရူးနေတာလား...ဘာကိစ္စကိုယ့်လူကိုပြန်သတ်တာလဲ…"


နောက်မှလိုက်လာသော လျိုတရှန်က အေးစက်စွာပြုံးကာပြန်ပြောသည်။ 

"သူတို့ကိုသတ်တာ မင်းလေ…"


ထိုသို့ပြောပြီးနောက် လျိုတတဲနှင့် လျိုတရှန်တို့နှစ်ယောက်လုံး အခြားပြန်ပေးဆွဲသူများကို စတင်တိုက်ခိုက်ကြတော့သည်။ ညီအစ်ကိုနှစ်ယောက်လုံးက ကွန်ဖူးပညာကို ကျွမ်းကျင်ပိုင်နိုင်ကြသူများ ဖြစ်သည်။ ထိုညီအစ်ကိုနှစ်ယောက်၏ တိုက်ခိုက်မှုအောက်တွင် ပြန်ပေးဆွဲသမားများအတုံးအရုန်းကျရှုံးကုန်ကြသည်။


ပြန်ပေးဆွဲသမားများမှာ ညီအစ်ကိုနှစ်ယောက်ကို မနိုင်နိုင်ကြောင်း သိသောကြောင့် ပရမ်းပတာအခြေအနေထဲတွင် လေချွန်ပြီးတစ်စုံတစ်ရာကို အချက်ပြလိုက်သည်။


ဝမ်ချီက အချိန်အတော်ကြာအောင် မှင်သက်နေမိသည်။ လျိုတတဲနှင့် လျိုတရှန်တို့ ရုတ်တရက် ပေါ်လာသောအကြောင်းရင်းကို သူ မသိသလို ထိုနှစ်ယောက်က သူ့အတွက် ရန်သူလား  မိတ်ဆွေလားလည်း အသေအချာမသိပေ။ သို့သော် လေချွန်ခြင်းမှာ ပြန်ပေးဆွဲသမားများက တစ်စုံတစ်ဦးထံ အကူအညီလှမ်းတောင်းသည့်အချက်ပြမှုဖြစ်ကြောင်း သူခန့်မှန်းမိသည်။


ယခုအချိန်တွင် သူ မထွက်ပြေးလျှင် နောက်ပိုင်းပြန်ပေးဆွဲသမားများအား ကူညီမည့်သူရောက်လာလျှင် သူလွတ်လမ်းမြင်နိုင်တော့မည် မဟုတ်ချေ။


ထို့ကြောင့် အခြားသူများနှင့် တိုက်ခိုက်နေဆဲဖြစ်သော လျိုတတဲနှင့် လျိုတရှန်တို့ကို ဝမ်ချီ တစ်ချက်မျှလှမ်းကြည့်လိုက်ပြီး တစ်ဘက်သို့လှည့်ကာ ထွက်ပြေးရန်ပြင်လိုက်သည်။


သူ ခြေတစ်လှမ်းမျှသာ လှမ်းရသေးသော်လည်း သူ့ဘယ်ခြေထောက်ကို လက်တစ်စုံက ရုတ်တရက် လှမ်းဆွဲကိုင်လိုက်သည်။


ဝမ်ချီ ငုံ့ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် လေးဘက်ထောက်တွားသွားနေသည့် ကျန်းဟမ်ကိုတွေ့လိုက်ရသည်။


ကျန်းဟမ်က ဝမ်ချီ၏ ဘယ်ဘက်ခြေထောက်ကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားသည်မှာ ရေနစ်နေသူက အသက်ကယ် ကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်ထားသည့်နှယ်။ ထို့နောက် ဝမ်ချီကို စိုက်ကြည့်ရင်း ခါးခါးသီးသီး ပြောလာသည်။

“ငါပြောတာ မှန်တယ်မလား.... အဲဒီညီအကိုနှစ်ယောက်က မင်းလူတွေပဲ…” 


ဝမ်ချီ: "မင်းထင်နေတာတွေ တစ်ခုမှမမှန်ဘူး…"


ထိုသို့ပြောပြီးနောက် ကျန်းဟမ်၏မျက်နှာတည့်တည့်ကို သူရှိသမျှအားကုန်သုံးပြီး ဆောင့်ကန်လိုက်သည်။ ထိုအခါမှ ကျန်းဟမ်က သူ့ဘယ်ခြေထောက်ကို လွှတ်ပေးသည်။


ထို့နောက် ဝမ်ချီ ပြေးထွက်လာခဲ့သည်။


သို့သော် သူ ဤနေရာနှင့် အကျွမ်းတဝင်မရှိသောကြောင့် ခေါင်းမပါသည့် ကြက်တစ်ကောင်သဖွယ် အုံ့ဆိုင်းနေသော ညအ‌မှောင်ထုထဲတွင် ခြေဦးတည့်ရာ ပြေးနေမိသည်။ ပိုဆိုးသည်မှာ ဤနေရာတွင် ပုန်းခိုစရာ တစ်နေရာမှရှိပေ။ ထို့ကြောင့် ပုန်းခိုရန်စိတ်ကူးကို စွန့်လွှတ်လိုက်ရပြီး ရှေ့သို့သာ မရပ်မနားဆက်ပြေးနေရသည်။


သူ့ကိုတွေ့သွားသော ပြန်ပေးဆွဲသမားများက သူ့နောက် လိုက်လာကြသည်။


ဝမ်ချီ အချိန်အတော်ကြာအောင်ပြေးနေရသဖြင့် မောဟိုက်လာပြီး သူ့နောက်မှလိုက်လာသော ပြန်ပေးဆွဲသမားများကလည်း သူနှင့်တဖြည်းဖြည်းနီးလာသည်။


ထိုအခိုက်အတန့်တွင် သူ့မျှော်လင့်ချက်များအားလုံးပျက်သုဉ်းသွားသည်။

သွားပြီ...သွားပြီ....အားလုံးပြီးသွားပြီ...


ထွက်ပြေးရန် မီးကုန်ယမ်းကုန်ကြိုးစားပြီးနောက် ပြန်ဖမ်းမိသွားခြင်း၏ ကြေကွဲဖွယ်အဆုံးသတ်ကို သူမြင်ယောင်နေမိသည်။


ထိုအချိန်တွင် ပြန်ပေးဆွဲသမားတစ်ယောက်က သူ့ကိုမှီလာပြီး သူ့ဆံပင်ကို လှမ်းဆွဲတော့သည်။


ဝမ်ချီ တုံ့ကနဲဖြစ်သွားကာ ရှေ့တည့်တည့်သို့ လဲကျသွားသည်။ သို့သော် ထိုတစ်ခဏချင်းတွင် သူ့ခန္ဓာကိုယ်မှာ တောင့်တင်းကျစ်လျစ်‌သော ရင်အုပ်တစ်ခုနှင့်ဝင်တိုက်မိပြီး  လက်တစ်ဖက်က သူ့ခါးကို ညင်သာစွာ ထိန်းပေးထားသည်။


ဝမ်ချီ၏မျက်နှာတစ်ခုလုံး ထိုရင်ဘတ်ပေါ်တွင် နစ်ဝင်သွားပြီး ရင်းနှီးသော စန္ဒကူးရနံ့က သူ့နှာခေါင်းဝတွင် ပျံ့လွင့်လာသည်။


ဝမ်ချီ တစ်ခဏတာခန့် စိတ်လွတ်ထွက်သွားသည်။


“ရှစ်...ရှစ်ယဲ့…” 

ဝမ်ချီ ခေါင်းမော့ပြီးအသေအချာကြည့်ချင်သော်လည်း သူ့ရှေ့မှလူက သူ့ခေါင်းကို နောက်ပြန်တွန်းလိုက်သည်။ အနှီလူသား၏အင်္ကျီစကို မသိစိတ်ကအလိုအလျောက် ဆုပ်ကိုင်မိရင်း သူ့လက်များကတုန်ရီနေပြီး နှလုံးသားက ပေါက်ထွက်မတတ် တဒိန်းဒိန်းခုန်နေကာ သူခပ်တိုးတိုးရေရွတ်လိုက်သည်။ 


“ရှစ်ယဲ့... မင်း တကယ်ကြိီး ဒီကိုရောက်လာတာလား…"


သူ မေးလိုက်သောအခါ ထိုလူသားက ခပ်ဖွဖွသက်ပြင်းချကာ ပြန်ဖြေလာသည်။

"အင်း... ပန်ကုန်း ရောက်လာတာ…"


သူ အလွန်ရင်းနှီးနေသည့်အသံကို ကြားလိုက်ရသောအခါ ဝမ်ချီက အကြောင်းအရင်းမသိဘဲ မျက်ရည်ဝဲလာပြီး တင်းကျပ်နေသောသူ့နှလုံးသားမှာ တဖြေးဖြေးပြေလျော့သွားသည်။


ပထမဆုံးအကြိမ်အနေနှင့် ဝမ်ချီ ရှစ်ယဲ့အပေါ် အလွန်အမင်း မှီခိုအားထားမိသည်။


ရှစ်ယဲ့က မကြာခဏ သူ့ကိုခြောက်လှန့်ကာ စနောက်တတ်သော်လည်း သူ့ကိုမည်သို့သောအခါမှ အသက်အန္တရာယ်ပြုမည်မဟုတ်သည်ကို ဝမ်ချီ ကောင်းကောင်းသိသည်။


ဆန့်ကျင်ဘက်အနေနှင့် ထိုပြန်ပေးဆွဲသမားများမှာမူ သူ့ကိုမျက်စိတစ်မှိတ်အတွင်း ဇီဝိန်ခြွေပစ်နိုင်သည်။ ဝမ်ချီ ပင့်သက်ရှိုက်လိုက်သောအခါ သူ့ကို လွှမ်းမိုးထိန်းချုပ်ထားသည့် အကြောက်တရားများမှာ ချက်ချင်းပြေလျော့သွားရသည်။ သူ့မျက်လုံးများက ကျိန်းစပ်နေပြီး သူကိုယ်တိုင်ပင်သတိမထားမိလိုက်ချိန်တွင် မျက်ရည်ပူများက မျက်လုံးထောင့်မှ စီးကျလာသည်။ 


"ရှစ်ယဲ့...မင်းဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ…"

ဝမ်ချီ၏အသံက အနည်းငယ်တုန်ရီနေသည်။

"ဒီနေရာက မြို့တော်နဲ့အရမ်းဝေးတာကို...ဘယ်လိုများရောက်လာတာလဲ…"


ရှစ်ယဲ့က သူ့ခေါင်းကိုအသာအယာပွတ်သပ်ကာ နှစ်သိမ့်ပေးသည်။ သူ့အပြုအမူများက နူးညံ့ညင်သာလှသော်လည်း သူ့စကားက မူအေးစက်လွန်းနေသည်။ 

"ကို့ရို့ကားယားဖြစ်နေတဲ့ မင်းပုံစံကိုမြင်ချင်လို့... ပန်ကုန်း ဒီနေရာအထိ တကူးတကရောက်လာတာ…"


ဝမ်ချီ: "......."


ခွေးမင်းသားရဲ့ပါးစပ်က တကယ်ကြီး စကားအကောင်းတစ်ခုမှ ထွက်မလာဘူးပဲ... တကယ်ကို ခွေးဆန်လွန်းတယ်...


ဝမ်ချီစကားပြောရန်ပြင်နေခိုက် သူ့နောက်လိုက်လာသည့်ပြန်ပေးဆွဲသမားများက ကြားဖြတ်ဝင်ပြောသည်။

"မင်းက ဘယ်သူလဲ..."


ပြန်ပေးဆွဲသမားတစ်ဦးကဟိတ်ဟန်အပြည့်ဖြင့်ပြောလာသည်။

"ဒါဘယ်သူ့ ပိုင်နက်နယ်မြေလဲ သိရဲ့လား...ကိုယ့်နေရာနဲ့ကိုယ်နေ... ကိုယ်နဲ့မဆိုင်ရင် ဝင်မရှုပ်နဲ့…"


ရှစ်ယဲ့နှင့်ဝမ်ချီ နှစ်ယောက်တည်းစကားပြောနေသည့်အချိန်တည်းက ထိုပြန်ပေးဆွဲသမားများမှာ စူးစိုက်ကြည့်နေခြင်းဖြစ်သည်။ ထိုအချိန်တည်းက သူတို့ဝင်မပြောလိုခြင်း မဟုတ်သော်လည်း တစ်စုံတစ်ခုက သူတို့ကိုအသံမထွက်နိုင်အောင် လှုပ်ရှား၍မရအောင် ထိန်းချုပ်ထားသောကြောင့် သူတို့ အာစေးမိသလို နှုတ်ဆိတ်နေနေရခြင်းပင်။ 


ရှစ်ယဲ့ စကားပြောပြီးသည့်အချိန်မှ ထိုပြန်ပေးဆွဲသမားများမှာလည်း လွတ်လွတ်လပ်လပ် လှုပ်ရှားပြောဆိုနိုင်တော့သည်။ 


ထို့ကြောင့် ပြန်ပေးဆွဲသမားများမှာ ရှစ်ယဲ့အား အနည်းငယ်ကြောက်ရွံ့နေသည့်မျက်လုံးများဖြင့် ငေးကြည့်နေကြ၏။


ဝတ်ရုံဖြူနှင့်လူကို သူတို့တစ်ကြိမ်မှမမြင်ဖူးသလို မည်သူတစ်ဦးတစ်ယောက်မှ သတိမထားမိဘဲ အစောင့်အကြပ်အတားအဆီးများကြားမှ ခြံဝင်းထဲအထိ မည်သို့မည်ပုံဖြင့်ဝင်ရောင်လာသည်ကိုလည်း မသိကြပေ။ သိုင်းပညာကျွမ်းကျင်တတ်မြောက်ထားသူတစ်ဦးဦးဟုသာ သူတို့မှတ်ယူလိုက်သည်။ 


သို့သော် သူတို့ကိုယ်တိုင်က သိုင်းပညာတတ်ကျွမ်းသူများမဟုတ်ကြပေ။ လက်သီးအားကိုး၍သာ ရန်ပွဲအလီလီနွှဲလာခြင်းဖြစ်သည်။ ထို့ကြောင့် သိုင်းပညာအမှန်တကယ်တတ်ကျွမ်းသူနှင့် ထိပ်တိုက်ဆုံလျှင် သူတို့အနိုင်ရရန် အခွင့်အလမ်း လုံးဝမမြင်ပေ။


ဝတ်ရုံဖြူနှင့်လူက ဘာမှပြန်မပြောသောကြောင့် ပြန်ပေးဆွဲသမားများမှာ အနည်းငယ်ရဲတင်းလာကြသည်။ ရှစ်ယဲ့အား သိုင်းတစ်ကွက်နှစ်ကွက်မျှသာတတ်သော သာမာန်ကာလျှံကာသိုင်းသမားဟုသာ ထင်မှတ်သွားပုံရသည်။


"ဟေ့လူ...ငါတို့မင်းကိုစကားပြောနေတယ်လေ..."

ပြန်ပေးဆွဲသမားတစ်ယောက်ကဓားရှည်ကိုလက်ထဲတွင်ကိုင်လျက်အရှေ့တိုးလာသည်။

"ဟိုကောင့်ကိုလွှတ်လိုက်...မဟုတ်လို့ကတော့ မင်းလည်း ဒီညမတ်တပ်ရပ်နိုင်မှာတောင် မဟုတ်ဘူး…"


သူ့စကားအဆုံး သူ့အရှေ့နှစ်လှမ်းအကွာမျှတွင်သာရှိနေသော ဝတ်ရုံဖြူနှင့်လူက ဖြည်းဖြည်းချင်းမျက်လုံးပင့်ကြည့်လာသည်။


ထိုဝတ်ရုံဖြူနှင့်လူက အရပ်မြင့်ပြီး နှင်းကဲ့သို့ဖွေးဖွေးလှုပ်နေသည့်ဝတ်ရုံနှင့်ပနံရစွာ ငွေလရောင်အောက်တွင် တစ္ဆေတစ်ကောင်အသွင် ပေါက်နေ၏။ မျက်နှာတစ်ခြမ်းကို နက်ဆွေးနေသည့် တစ်ဝက်ဖုံးမျက်နှာဖုံးဖြင့် ဖုံးကွယ်ထားသောကြောင့် ချောမောခန့်ညားလွန်းသည့်မျက်နှာတစ်ဝက်ကိုသာတွေ့ရသည်။ 


ပြန်ပေးဆွဲသမားမှာ ထိုလူ၏မျက်နှာကိုငေးကြည့်ရင်းအသက်ရှူရန်ပင် မေ့နေမိသည်။


ဝတ်ရုံဖြူနှင့်လူကမူ ထိုပြန်ပေးဆွဲသမားကို ဘာမထီဟန်အပြည့်ဖြင့် ပြန်စိုက်ကြည့်နေသည်။ တစ်ခဏမျှအကြာတွင် ထိုလူ၏နှုတ်ခမ်းစွန်းတို့ ကွေးတက်သွားပြီး စကားသံတစ်စွန်းတစ်စ ထွက်ပေါ်လာသည်။

"မင်းတစ်ယောက်ထဲလား..."


ပြန်ပေးဆွဲသမားမှာ တစ်ခဏမျှ ကြောင်အသွားပြီးနောက် တစ်ဖက်လူက သူ့ကိုအထင်သေးနေကြောင်း သဘောပေါက်သွားသောအခါ ဒေါသထောင်းခနဲထွက်သွားသည်။ သူက ကြမ်းတမ်းရင့်သီးလွန်းသည့် စကားလုံးများဖြင့် ဆဲဆိုပြီးနောက် ဓားရှည်ကိုမြှောက်ကာ မျက်စိရှေ့မှလူကို တိုက်ခိုက်ရန်ပြင်လိုက်သည်။


ရှစ်ယဲ့က မူလနေရာတွင် မလှုပ်မယှက်ရပ်နေသည်။


ပြန်ပေးဆွဲသမား၏ဓားသွားက သူ့ဆီသို့တည့်တည့်ဝင်ရောက်လာသောအခါ ရှစ်ယဲ့ ရုတ်တရက်လက်မြှောက်လိုက်ပြီး လက်ချောင်းထိပ်တွင် လေပွေအသေးစားတစ်ခုကိုဖြစ်ပေါ်စေလျက် ထိုပြန်ပေးဆွဲသမားအား တန်ပြန်တိုက်ခိုက်တော့သည်။


ရှစ်ယဲ့၏သိုင်းပညာက ထိုမျှအင်အားကြီးလိမ့်မည်ဟု ပြန်ပေးဆွဲသမားက ထင်မှတ်ထားပုံမရပေ။ ရှစ်ယဲ့ လက်တစ်ချက်မြှောက်လိုက်ရုံဖြင့် သူ့လက်ထဲရှိဓားမှာ ချက်ချင်းလွှတ်ကျသွားတော့သည်။ သို့သော် ပြန်ပေးဆွဲသမားမှာ တစ်ခဏမျှသာ ကြက်သေသေသွားပြီး နောက်စက္ကန့်ပိုင်းမျှအကြာတွင် လက်သီးလက်တန်းမောင်းပြီး ရှစ်ယဲ့ထံသို့ တန်းတန်းမတ်မတ်ပြေးဝင်သွားသည်။


သို့ရာတွင် ရှစ်ယဲ့က နောက်ထပ်တစ်ဖန် လေအဟုန်သုံးပြီးတိုက်ခိုက်လာပြန်သည်။


လေပွေကြမ်းမှာ ပြန်ပေးဆွဲသမား၏လည်ပင်းတည့်တည့်သို့ ဖောက်ဝင်သွားသည်။


မျက်စိတစ်မှိတ်အတွင်း ထိုပြန်ပေးဆွဲသမားမှာ နေရာတွင်ပင်တောင့်ခဲသွားသည်ကို သူတို့အားလုံးမြင်လိုက်ရသည်။


ထို့နောက်စက္ကန့်ပိုင်းအတွင်း ထိုလူ၏ခေါင်းမှာ လည်ပင်းမှပြတ်ထွက်သွားပြီး သူတို့ခြေထောက်အနားသို့ လှိမ့်လာသည်။ ပြူးကျယ်နေသောမျက်လုံးတစ်စုံက သူတို့အားလုံးကို စိုက်ကြည့်နေ၏။




💮💮💮