🌍Chapter 84
အမျိုးသမီးကမေးလာခဲ့သည်။
"အစ်ကို ရှင်းကရော သူ၀င်သွားတုန်းက ရှင်ဘာလို့ သူ့ကိုဆွဲမထားလိုက်တာလဲ"
သက်လတ်ပိုင်းအရွယ်လူကြီးကတုန့်ပြန်လာခဲ့သည်။
"ငါသူ့ကိုဆွဲထားနိုင်မယ်များထင်လား... ငါကဘယ်ဟာကို ဆွဲထားရမှာလဲ... အဲဒီသံဖိနပ်ချုပ်သမားကြီးရဲ့ လက်သည်းတွေမှာ သွေးတွေနဲ့ အသားဖတ်တွေချည်းပဲ... ငါတစ်ခွန်းလောက်ခံပြောလိုက်ရင်ကို သေနေလောက်ပြီ ငါတောင်အမြန်ပြေးလာရတာ"
ဘန်း...
အင်္ကျီဆိုင်၏အပြင်ဘက်မှ ကျယ်လောင်သောအသံထွက်ပေါ်လာပြီး ထိုလူကြီးနှင့် ဘေးမှ အမျိုးသမီးမှာ တုန်လှုပ်သွားခဲ့သည်။ နှစ်ဦးသားမှာ ကောင်တာနောက်တွင် တုန်တုန်ယင်ယင်နှင့် ၀င်ပုန်းလျက် တံခါးကို ကန်ဖွင့်ကာ ၀င်လာသောသူကို ကြည့်လိုက်ကြလေသည်။
ထန်မော့သည် ထိုသက်လတ်ပိုင်းလူကြီး ခတ်ခဲ့သောသော့အား ၂ပိုင်းကျိုးသွားစေခဲ့သည်။ ထို့နောက် ထိုလေးလံသော သော့ခလောက်ကြီးအား ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီး ပုန်းနေသောအရံကစားသမား၂ဦးအနီးသို့လျှောက်သွားလိုက်သည်။ ထို့နောက် သူ၏အကြည့်များမှာ အမျိုးသမီးပေါ်မှ ဖြတ်သန်းလျက် သက်လတ်ပိုင်းလူကြီးပေါ်သို့ရောက်ရှိသွားခဲ့လေသည်။
ထန်မော့တည်ငြိမ်စွာ ဆိုလိုက်သည်။
"အနက်ရောင်မျှော်စင်မွန်းစတားက ကမ္ဘာပေါ်ရောက်လာတယ်လို့ပြောလိုက်တာလား"
သက်လတ်ပိုင်းအရွယ်လူကြီးမှာ ထန်မော့အား တိုက်အဖွဲ့သားများနှင့်အတူတွဲ၍ မြင်ဖူးလေသည်။ သို့သော် ဤသတင်းမှာ အလွန်အရေးကြီးကာ အဖိုးလည်းတန်လှသည်။ သူအကြည့်လွှဲလျက် ဖုံးကွယ်ချင်ခဲ့သည်။
"တစ်ယောက်ယောက်က ငါ့ရဲ့အဖော်ကို ဆွဲခေါ်သွားတယ်လို့ပဲ မြင်လိုက်တာ"
ထန်မော့ကပေါ့ပါးစွာဆိုလိုက်သည်။
"တိုက်အဖွဲ့အစည်းက ဒီမှာ ရှိနေတာမို့ ခိုး၀င်သူတွေက အနားကိုမကပ်ရဲတာကိုသိလား"
ထို့ကြောင့်ပင်ဤလူများမှာ ညတိုင်းကို အပူအပင်အကြောင့်အကျမရှိ အနားယူခွင့်ရှိနေခဲ့သည်။
သက်လတ်ပိုင်းအရွယ်လူကြီးနှင့် အမျိုးသမီးမှာ သူ၏ဆိုလိုရင်းကိုနားမလည်ပုံဖြင့် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။
ထန်မော့မှာ ထိုအမူအယာများကို မြင်လျှင် သူကပို၍ ကြမ်းတမ်းသင့်ကြောင်း တွေးလိုက်မိလေသည်။ သူ့တွင်ရွေးချယ်စရာ၂မျိုးရှိသည်။ သူပြန်သွား၍ ဂျက်ကိုခေါ်လာနိုင်သည်။ ဂျက်အားမောလ်ထဲရှိ လူတိုင်းကကြောက်ရွံ့ကြသည်။ သူသည်ကား မည်သူ့ကိုမျှ မတိုက်ခိုက်ဖူးသည့်တိုင် သူ၏သန်မာသောကိုယ်ထည်နှင့် ခွန်အားက အရံကစားသမားများကို အလွန်ရှိန်စေသည်။ ထို့နောက် ကျန်ရွေးချယ်စရာတစ်ခုမှာ...
သေးငယ်သောပန်းရောင်ထီးကလေးမှာ ထိုသက်လတ်ပိုင်းအရွယ်လူကြီးနှင့် အမျိုးသမီး၏နောက်မှ နံရံအား ထိုးဖောက်သွားခဲ့သည်။
ပင့်ကူအိမ်နှယ် အက်ကွဲကြောင်းများမှာ ထိုနေရာမှတဆင့် နံရံတစ်ခုလုံးတဖြည်းဖြည်းပျံ့နှံ့သွားလေသည်။
သက်လတ်ပိုင်းအရွယ်လူကြီးမှာ ၄င်းကိုမြင်လျှင် သူ၏နှလုံးခုန်နှုန်းမှာ ရပ်တန့်သွားသည့်နှယ်။ သူသည် ထိုထူးဆန်းသော လူရွယ်အား တဖြည်းဖြည်းလှည့်ကြည့်လိုက်မိလေသည်။
ထန်မော့၏ နှုတ်ခမ်းထောင့်တို့မှာ ကွေးညွတွနေသော်လည်း သူ၏မျက်လုံးများကမူ အေးစက်လျက်
"မပြောရင်...သတ်ပစ်မယ်..."
၅မိနစ်ကြာပြီးနောက် ထန်မော့မှာ လော့ဖုန်းချန်း၏ရုံးခန်းသို့ရောက်လာပြီး အဓိကအချက်ကိုသာ တန်း၍ဆိုလိုက်သည်။
"အစစ်အမှန်လောကဂိမ်းတစ်ခုပေါ်လာပြီ"
လော့ဖုန်းချန်းချက်ချင်းမော့ကြည့်လာခဲ့သည်။
"အစစ်အမှန်လောကဂိမ်းလား"
ထန်မော့မှာ ထိုသက်လတ်ပိုင်းလူကြီးအား လော့ဖုန်းချန်း၏ ရုံးခန်းသို့ခေါ်လာခဲ့လေသည်။
ထိုလူအတွက် ဤသည်မှာ ပထမဦး တိုက်အဖွဲ့အစည်း၏ ရုံးခန်းကိုရောက်ဖူးခြင်းပင်။ ဤမောလ်၏ မြေအောက်ကားပါကင် ၃ထပ်လုံးမှာ တိုက်အဖွဲ့အစည်း၏ အပိုင်ဖြစ်သည်။ ကျန်ကစားသမားများ ၀င်ခွင့်မရှိချေ။ သူသည်လော့ဖုန်းချန်းရှေ့တွင် တုန်ရီနေလျက် သူတွေ့ခဲ့သမျှကို ရှင်းပြလာခဲ့သည်။
လော့ဖုန်းချန်းမှာ ဂျက်နှင့် ထန်ရှောင်းကိုခေါ်လိုက်သည်။ ထို့နောက် ထန်မော့နှင့် ကျောက်ကျန်းတို့အပါအ၀င် ၅ယောက်သားမှာ သက်လတ်ပိုင်းအရွယ်လူကြီးနောက်မှလိုက်၍ ထိုကစားသမား လီရှန်းအဆွဲခံလိုက်ရသော နေရာဆီသို့ရောက်လာခဲ့ကြသည်။
၁ကီလိုမီတာအလိုခန့်တွင် လော့ဖုန်းချန်းမှာ ရပ်တန့်လိုက်သည်။
"သတိထား ဂိမ်းကိုအသက်သွင်းတဲ့နည်းက အခုထိသေချာမသိရသေးဘူး... ငါတို့လည်း ဂိမ်းထဲဆွဲခေါ်ခံရဖို့ ရာခိုင်နှုန်းများတယ်"
ထို့နောက် လော့ဖုန်းချန်းမှာ သက်လတ်ပိုင်းလူကြီးအား ထိုသံဖိနပ်ချုပ်သမားပေါ်လာသောနေရာအား ဂရုတစိုက်မေးလိုက်သည်။
"ထောင့်ချိုးတစ်ခုကပဲ...ငါနဲ့ လီရှန်းက ဟိုနားက ဖြစ်စဥ်ဂိမ်းတစ်ခုထဲ၀င်ကြည့်ချင်တာ..Sအမျိုးအစားလေ...ဒါပေမယ့်အနားမရောက်သေးခင် သံကြိုးကို မြေကြီးပေါ် ဒရွတ်ဆွဲလာတဲ့အသံကိုကြားလိုက်ရတယ်... ငါတို့ကအရံကစားသမားတွေပဲဆိုတော့ တိုက်ရည်ခိုက်ရည်လည်း သိပ်မရှိပါဘူး... ငါတို့လည်းကြောက်ကြောက်နဲ့ ပုန်းစစရာနေရာရှာတော့မလို့... ဒါပေမယ့် စက္ကန့်ပိုင်းအတွင်းမှာပဲ သံဖိနပ်ချုပ်သမားကြီးက ပေါ်လာတယ်လေ... အဲဒီနားက"
သက်လတ်ပိုင်းအရွယ်လူကြီးမှာ စက်ရုံဟောင်း၏ထောင့်ချိုးအား ညွှန်ပြလာခဲ့သည်။
ထန်မော့ကမေးလိုက်သည်။
"သူကဘယ်လိုပုံစံလဲ"
သက်လတ်ပိုင်းအရွယ်လူကြီးမှာ ပြန်တွေးရန်ပင် ကြောက်ရွံ့နေပုံဖြင့် ဆိုလာသည်။
"သူက၂မီတာလောက်မြင့်တယ်... အရမ်းသန်မာတယ်... သူ့ဘယ်လက်မှာ ပြတ်နေတဲ့ သံချိန်းကြိုးရယ် ညာဘက်မှာ သံချောင်းရှည်ကြီးနဲ့"
သူက သံဖိနပ်ချုပ်သမားဆိုတာ ခင်များ ဘယ်လိုသိတာလဲ"
သက်လတ်ပိုင်းအရွယ်လူကြီးက ပြန်ဖြေလာခဲ့သည်။
"သူပဲပြောတာ သူလီရှင်းကိုတွေ့တာနဲ့ 'သံဖိနပ်ချုပ်သမားရဲ့ ဂိမ်းကမ္ဘာကနေကြိုဆိုပါတယ်'တဲ့"
ထို့နောက်သူ၏အဖော်အားဆွဲလျက် ထိုဖိနပ်ချုပ်သမားပျောက်ကွယ်သွားသော နေရာအား ညွှန်ပြလိုက်သည်။ ထို့နောက် ထန်မော့တို့အဖွဲ့မှာ သူ့အား ပြန်လွှတ်ပေးလိုက်ပြီး မနီးမဝေးမှ ထိုဧရိယာအား စူးစမ်းနေကြလေသည်။
လော့ဖုန်းချန်းကဆိုလိုက်သည်။
"ကျောက်ကျန်း အဲဒီနားကို တစ်ခုခုပို့လိုက်"
ကျောက်ကျန်းကခေါင်းညိတ်လိုက်သည်။
ဖက်တီးကလေးတွင် နေရာလွတ်ကိုရွေ့လျားလျက် ပစ္စည်းများကို လေထဲရွေ့လျားစေနိုင်သော အစွမ်းမျိုးရှိလေသည်။ သူကသံချောင်းတစ်ချောင်းကို အရင်ဆုံးရွေ့ကြည့်လိုက်သည်။ သံချောင်းငယ်လေးမှာ စက်ရုံအနီးလေထဲတွင် ပေါ့ပါးစွာ ဟိုဟိုသည်သည် ရွေ့လျားနေခဲ့လေသည်။ သို့သော်မည်သည့်အရာကိုမျှမထိခဲ့ချေ။
ထန်ရှောင်းမှာ ၀ါဂွမ်းတစ်ဆုပ်ကြီးကိုထုတ်ယူလျက် ဖက်တီးလေးအား ကမ်းပေးလိုက်သည်။ ထိုဂွမ်းဆုပ်ကြီးမှာ ကြီးမားသော်လည်း ပေါ့ပါးလှသည်။ ဖက်တီးလေးမှာ ထိုဂွမ်းဆုပ်ကြီးအား နေရာစုံအောင် ရွေ့လျားကြည့်နေပါသော်လည်း မည်သည့်ထူးခြားမှုမှ ဖြစ်မလာခဲ့ချေ။
ထန်မော့မှာ စက်ရုံဟောင်း၏နောက်မှ လမ်းကြားလေးကို ညွှန်ပြလိုက်သည်။
"ဂိမ်းကအဲဒီနားမှာ ပွင့်လာတာဆိုတော့ အဲနားကို သွားလို့မရလောက်ဘူး... အဲနားကိုရောက်အောင်ရွေ့ကြည့်... အနက်ရောင်မျှော်စင်မွန်းစတားတွေက ကမ္ဘာပေါ်မှာ ပေါ်လာတယ်ဆိုရင် ဂိမ်းကလည်း ကမ္ဘာပေါ်မှာပဲရှိလောက်တယ်"
လူ၅ယောက်မှာ ထိုလမ်းကလေးကိုရှောင်လျက် ရှေသို့တိုးသွားလိုက်သည်။
သက်လတ်ပိုင်းလူကြီးဆိုခဲ့သလိုပင် ထန်မော့ သိပ်မကြာခင်မှာပင် သွေးစက်များကို တွေ့လိုက်ရသည်။ အနက်ရောင်ပြောင်းနေသောသွေးစက်များမှာ မြေကြီးပေါ်တွင် ပုန်းနေပြီး ရှာတွေ့ရန် ခက်ခဲလှသည်။ လော့ဖုန်းချန်းထိုင်ချလျက် မြေကြီးတစ်ဆုပ်ကို ယူကာ နှာခေါင်းနားတွင် အနံ့ခံကြည့်လိုက်သည်။ ထို့နောက်သူကမော့ကြည့်လိုက်သည်။
"လူသွေးရဲ့အနံ့က လုံး၀တော့မပြယ်သေးဘူး"
သံဖိနပ်ချုပ်သမားကြီးမှာ အမှန်တကယ်ပေါ်လာခဲ့ပြီး ဤသွေးများမှာလည်း သူ၏လက်ချောင်းများထံမှ စီးကျခဲ့ခြင်းဖြစ်နိုင်ပေသည်။
လူ၅ယောက်မှာ သတိနှင့်လျှောက်လာပြီး လမ်းတစ်၀က်ခန်တွင် ပိုများသော သွေးစက်များကို တွေ့လိုက်ရလေသည်။ ထန်မော့ကဆိုလာခဲ့သည်။
"ခင်များနေခဲ့ ကျွန်တော်တို့ဆက်သွားကြည့်လိုက်မယ်။"
လော့ဖုန်းချန်းမှာ အားနည်းလွန်းလှသည်။ သူ့အတွက် မွန်းစတားနှင့် ရင်ဆိုင်ရလျှင်လည်း အန္တရာယ်များလွန်းသကဲ့သို့ အသင်းကိုလည်း ၀န်ထုတ်၀န်ပိုးဖြစ်စေလိမ့်မည်။ သူကခေါင်းညိတ်လျက် ထိုနေရာတွင်သာ စောင့်နေရန် သဘောတူလိုက်လေသည်။
ကီလိုမီတာ၀က်ခန့်လျှောက်သွားပြီးနောက် ထန်မော့၏ ခြေလှမ်းတို့ ရုတ်ချည်းရပ်သွားခဲ့သည်။ လူ၄ယောက်၏ နားထဲတွင် စူးရှသော ကလေးသံဖြင့် ကြေညာမှုကို ကြားလို့က်ရ၍ပင်။
"တင်းတောင်~ အစစ်အမှန်လောကဂိမ်းဖြစ်တဲ့ 'ချစ်စရာ သံဖိနပ်ချုပ်သမားကြီး'ဂိမ်းကို ဖွင့်လှစ်လိုက်ပါပြီ... အရံမစ်ရှင်ခွဲလေးဖြစ်တဲ့ 'သံဖိနပ်ချုပ်သမားကြီးနှင့် တွေ့ဆုံခြင်း'ကို လုပ်ပေးကြပါနော်၊ ပြီးရင်တော့ ဂိမ်းထဲကို၀င်ပေးလို့ရပါပြီ"
ထန်မော့ ထီးကလေးကို ရုတ်ချည်းဆုပ်ကိုင်လိုက်မိသည်။ သူ၏နောက်မှာတော့ ဖက်တီးလေးမှာ သံချောင်းကို ထိန်းချုပ်လိုက်ပြီး ဂျက်ကမူ လက်သီးလက်မောင်းတန်းလျက် အသင့်ပြင်ထားခဲ့သည်။ ထန်ရှောင်းသည်လည်း ဓါးတစ်ချောင်းကိုဆွဲထုတ်လာခဲ့သည်။ သို့သော် ပါတ်၀န်းကျင်မှာမူ တိတ်ဆိတ်နေဆဲပင်။ သံဖိနပ်ချုပ်သမားကြီးပေါ်မလာခဲ့သလို ဂိမ်းလည်း ပွင့်မလာခဲ့ချေ။
ထန်မော့ပါတ်၀န်းကျင်အား သတိအပြည့်နှင့် ကြည့်နေခဲ့ပြီးမှ ထီးကလေးကို ဆုပ်ကိုင်ထားသည်အားတဖြည်းဖြည်းဖြေလျော့လိုက်သည်။
"ကြည့်ရတာ ဂိမ်းထဲမ၀င်ခင် ဖိနပ်ချုပ်သမားနဲ့ အရင်ဆုံးတွေ့ရမှာထင်တယ် ငါတို့၀င်စရာလိုဦးမှာ မဟုတ်ဘူး"
ထန်ရှောင်းကခေါင်းညိတ်လိုက်သည်။
"ဒီဟာက အစစ်အမှန်ဂိမ်းပဲ ဒေါက်တာလော့ကို အရင်ဆုံး အခြေအနေကို သွားပြောရအောင်"
လူ၄ယောက်မှာ ပြန်လှည့်ခါနီးပင်။
"နေဦး"
ထန်မော့၏အသံကိုကြားလျှင် လူတိုင်းချက်ချင်းလှည့်ကြည့်လာခဲ့ကြသည်။
ထန်မော့မှာ လမ်းကြားလေးတွင်ရပ်လျက် သူ၏ရှေ့သို့ အလွန်လေးနက်စွာ စိုက်ကြည့်နေခဲ့လေသည်။ သူ၏ရှေ့တွင် ဖြတ်လမ်းတစ်ခုရှိလေသည်။ သူသည် ထိုကွန်ကရစ်လမ်းတစ်လျှောက်ကျော်လျက် ပြန်သွား၍ရသည်။ ဤသည်မှာ စက်ရုံအများစု၏ ပုံစံပင်။ ထူးဆန်းသည့်အချက်မျိုးမရှိချေ။ သို့သော် ထန်မော့မှာ အတေည်ကြာသည်အထိ တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့လေသည်။
ဖက်တီးလေးကဆိုလာခဲ့သည်။
"အစ်ကိုထန်..."
ထန်မော့စကားတို့ဖြင့် ဖြေမလာခဲ့ချေ။ သူသည်ထီးကလေးကိုတင်းတင်းဆုပ်ထားလျက်သား ရှေ့သို့လှမ်းလိုက်လေသည်။ သူသည်ရှေ့သို့ ၃လှမ်းလှမ်းပြီးနောက် ၄လှမ်းမြောက်ကို လှမ်းလိုက်သည်။ ၅လှမ်းမြောက်လှမ်းလိုက်သည်နှင့် ထန်မော့၏ ညာလက်မှာ တန့်သွားလျက် သူ၏အမူအယာမှာလည်း ပြောင်းလဲသွားခဲ့လေသည်။ ထို့နောက်သူ၏လက်မှာ ဗလာလေထုထဲဖိစမ်းလျက်ဆိုလာခဲ့သည်။
"ဒီလမ်းကသွားလို့မရဘူး"
၃ယောက်သားမှာ ဖြူလျော်သွားခဲ့သည်။
ထန်ရှောင်းကအရင်ဆုံးတုန့်ပြန်လာခဲ့၏။ သူမကရှေ့သို့ပြေးလာခဲ့ပြီး ထန်မော့ကဲ့သို့ လေထဲကိုဖိလျက် စမ်းသပ်လိုက်သည်။
"နံရံတစ်ခုရှိနေတယ်"
မှန်နှယ် မမြင်ရသောနံရံတစ်ခုက လေထုကိုတားဆီးထားခဲ့သည်။ ထန်မော့မှာ စက်ရုံ၏တဖက်ခြမ်းကို မြင်နိုင်သော်လည်း သွားတော့မသွားနိုင်ချေ။ လေပြည်တစ်ခုမှာ ထိုကိုယ်ပျောက်နံရံကိုဖြတ်လျက် သစ်ရွက်ကြွေများကို တိုးဝှေ့သယ်ဆောင်လာခဲ့သည်။
ထန်မော့က တီးတိုးဆိုလိုက်သည်။
"လေကဖြတ်လို့ရတယ်... ဖက်တီးလေး သံချောင်းနဲ့ စမ်းကြည့်လိုက်"
ကျောက်ကျန်းကပြန်ဖြေလာခဲ့သည်။
"အင်း"
သေးငယ်သော သံချောင်းလေးမှာ ကိုယ်ပျောက်နံရံကို ဦးတည်လျက် ပြေးထွက်သွားခဲ့သည်။ သို့သော် ထန်မော့ကဲ့သို့ပင် ဖောက်မထွက်နိုင်ခဲ့ချေ။ တစ်ခုခုနှင့်တားဆီးခံထားရသကဲ့သို့ တ၀ဲ၀ဲလည်နေခဲ့သည်။ ကျောက်ကျန်းလည်း သံချောင်းကို ဖယ်လိုက်ရသည်။
မြေကြီးမှာ သွေးခြောက်များကြောင့် အမည်းရောင်သန်းနေခဲ့သည်။ စက်ရုံဧရိယာမှာ နေသာလျက် ပုံမှန်မဟုတ်သည့် မည်သည့်ပြောင်းလဲမှုမှ မရှိချေ။
ထန်မော့သည် တိတ်ဆိတ်ပြီး အေးချမ်းနေသော စက်ရုံကိုကြည့်လိုက်မိသည်။
"ဒါက အစစ်အမှန်လောကဂိမ်းပဲ"
ထန်မော့သည် ကျန်လူများအား လော့ဖုန်းချန်းထံပြန်သွားလျက် အခြေအနေကိုပြန်ပြောပြစေခဲ့သည်။
လော့ဖုန်းချန်း၏အမူအယာမှာ ချက်ချင်းပြောင်းသွားခဲ့သည်။ သူသည်လည်း ကိုယ်ပျောက်နံရံကိုလာ၍ စမ်းသပ်ကြည့်လာခဲ့သည်။ ထန်မော့ကဲ့သို့ပင် ကျောက်စရစ်ခဲတစ်ခုကို ထိုမှဖြတ်၍ ပစ်ကြည့်လိုက်သည်။ သို့သော် ၄င်းမှာပြန်ကန်ထွက်လာခဲ့သည်။ သို့သော် နေရောင်၊ လေပြည်နှင့် ကျန်သဘာ၀ဆန်သောအရာများကတော့ အတားအဆီးမရှိပဲ ဖြတ်သန်းနိုင်လေသည်။ ဤသည်မှာ အစစ်အမှန်လောကဂိမ်းပင်။
ထန်မော့နှင့်လော့ဖုန်းချန်းမှာ တစ်ဦးကိုတစ်ဦးအပြန်အလှန်ကြည့်လိုက်ကြသည်။
လော့ဖုန်းချန်းကဆိုလာခဲ့သည်။
"နေရောင်တို့ လေတို့လို သဘာ၀အလျောက်ဖြစ်တဲ့အရာတွေက တားဆီးမခံရဘူးပဲ"
ထန်မော့ကလည်းဆိုလာသည်။
"တစ်ယောက်ယောက် တစ်ခုခုကြောင့် ပြောင်းလဲသွားတဲ့အရတွေကတော့ ဖြတ်သွားလို့မရဘူး...ကျောက်ခဲလည်းအတူတူပဲ"
အနက်ရောင်မျှော်စင်မှာ ဗားရှင်းအသစ်မြှင့်လိုက်ပြီးနောက် အစစ်အမှန်လောကဂိမ်းများပွင့်လာခဲ့လေပြီ။
တစ်ရက်ကြာပြီးနောက်တွင် စုဝေးခြင်းဂိမ်းကလည်း အားလုံး၏ရှေ့တွင် ပွင့်လာခဲ့လေသည်။
🪩