🌍Chapter 70
ကျန်လူများမှာ ဘုရင့်ရွှေဒင်္ဂါးဟူသည်ကို မသိသဖြင့် ပင်နိုကီယိုကိုသာ ကြောက်လန့်စွာကြည့်နေခဲ့ကြသည်။ ပီနိုကီယိုမှာ ရွှေကြယ်ကြီးကိုပိုက်လျှင် မေးစေ့ကိုဂုဏ်ယူစွာမော့လိုက်သည်။
"ဒါကြောင့် ဒီနေ့ငါက စန်တာကလော့အစား မင်းတို့လေးတွေနဲ့ ဂိမ်းကစားပေးဖို့လာခဲ့တာပဲ နိုင်တဲ့သူက ဘုရင်ရဲ့ရွှေဒင်္ဂါးကိုရမယ် ဒါကတစ်နှစ်မှာတစ်ကြိမ်ပဲရမယ့်အထူးအခွင့်အရေးနော်"
အိုမင်းသောအသံတစ်ခုကမေးလာခဲ့သည်။
"ဘုရင်ရဲ့ရွှေဒင်္ဂါးဆိုတာဘာလဲ"
၄င်းမှာ အနက်၀တ်အမျိုးသား၏ဘေးမှ ဆံပင်ဖြူဖြူများနှင့်လူအိုကြီးပင်။
ပီနိုကီယို အံ့အားသင့်သွားခဲ့သည်။
"မင်းကဘုရင့်ရွှေဒင်္ဂါးကိုတောင်မသိဘူးလား ဒါကမြေအောက်ကမ္ဘာမှာ ခေတ်အမီဆုံးနဲ့ အရှားပါးဆုံးဒင်္ဂါးပြားလေ ဒီဒင်္ဂါးနဲ့သာဆို မြေအောက်ကမ္ဘာရဲ့ဘယ်မြို့ကိုမဆို ကြိုက်သလို၀င်ထွက်လို့ရတယ် ငွေဒင်္ဂါး အပြား၁၀၀နဲ့လည်းလဲလို့ရတယ်"
ကစားသမားမှာ မြေအောက်ကမ္ဘာကိုတော့ သိကြပုံပင်။ ၄င်းကိုကြားလျှင် သူတို့၏အမူအယာက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
ထို့နောက် ပီနိုကီယိုက ပို၍ ရူးချင်စရာကောင်းသောသတင်းကိုရေရွတ်လာခဲ့သည်။
"ဒီရွှေဒင်္ဂါးနဲ့ဆို မင်းကအနက်ရောင်မျှော်စင်ရဲ့ဘယ်ဂိမ်းကိုမဆို တစ်ခါကျော်လို့ရတယ် အဲဒါကိုမင်းတို့က ဘုရင့်ရွှေဒင်္ဂါးအကြောင်းကိုတောင်မသိကြဘူးပေါ့"
"ဟင်..."
လူတိုင်းမှာ ကျယ်လောင်သောအာမေဋိတ်ကိုယ်စီကိုပြုလုပ်လိုက်ကြလေသည်။
အနက်ရောင်၀တ်အမျိုးသားမှာ ခတ္တမျှအံ့အားသင့်သွားပုံပေါ်သော်လည်း နောက်တစ်စက္ကန့်တွင် ထန်မော့အားကြည့်လာခဲ့လေသည်။
ထန်မော့သည်လည်း အံ့အားသင့်သွားသောအမူအယာဖြင့်ပင်။ သူသည်ကား ဘုရင့်ရွှေဒင်္ဂါးအကြောင်းကို ယခုမှစကြားဖူးသည့်နှယ် ရွှေကြယ်ပွင့်ကြီးအား ပူပြင်းစွာ စိုက်ကြည့်နေခဲ့သည်။
ထိုအမျိုးသား၏နှုတ်ခမ်းထောင့်တို့မှာ အသာတွန့်ကွေးသွားလျက် ပီနိုကီယိုအားပြန်ကြည့်လိုက်လေသည်။
အတော်ကြာအံ့အားသငွ့နေပြီးနောက် လူအိုကြီးမှာ အလျင်အမြန်မေးလာခဲ့သည်။
"ဒီဂိမ်းကိုဘယ်လိုကစားရမှာလဲ ဘယ်လိုနိုင်အောင်လုပ်ရမှာလဲ"
ပီနိုကီယိုကပြုံးလျက်
"သိပ်ကောင်းတဲ့မေးခွန်းပဲ ရိုးသားတဲ့ကလေးလေး မင်းရှေ့ကငွေရောင်ကတ်ကိုတွေ့လား"
အားလုံးမှာ မိမိတို့ရှေ့မှ ငွေရောင်ကတ်အား ကိုယ်စီကြည့်လိုက်မိကြသည်။ မိမိတို့၏ကတ်အပါအ၀င် ဘေးမှ ကျန်လူများ၏ကတ်ကိုလည်း စူးစမ်းကြည့်မိကြသည်ပင်။ ထန်မော့လည်း မျက်နှာချင်းဆိုင်မှ လေးကတ်ကိုကြည့်လိုက်မိလေသည်။
ပီနိုကီယိုက ထန်မော့၏အကြည့်ကိုမြင်လျှင် လက်ခုပ်တီးလိုက်သည်။
ဘုန်း...
ကတ်၈ကတ်မှာ ၁၈၀ဒီဂရီလည်သွားလျက် မိမိတို့၏မျက်နှာချင်းဆိုင်မှ ကစားသမားအား မြင်သာအောင်ပြသနေခဲ့လေသည်။
ထိုကတ်များလည်သွားခြင်းကြောင့် အဖြူရောင် ကမ္ဘာကြီးသည်ပင် လှုပ်ခါသွားခဲ့သည်။ လှုပ်ခါနေမှုရပ်တန့်သွားပြီးနောက် ထန်မော့သည် သူနှင့်ဆန့်ကျင်ဖက်မှ ကတ်လေးကတ်ကို အမြန်ကြည့်လိုက်မိလေသည်။ သူ၏အကြည့်များမှာ ဘယ်မှ ညာဘက်ကိုတဖြည်းဖြည်းရွေ့သွားခဲ့သည်။ ကတ်တစ်ခုချင်းစီမှာ မိမိဘက်နှင့်ညီလျက် နောက်ဆုံးတစ်ခုကသာ ကွာခြားနေခဲ့သည်။
ထန်မော့၄င်းကို စိုက်ကြည့်နေမိလေသည်။
အနက်ရောင်၀တ်လူ၏ရှေ့မှ ကတ်မှာ သရဖူဆောင်းထားသောလူတစ်ယောက်၏ပုံကိုပြသထားခဲ့သည်။
ထန်မော့ထိုကတ်ကိုကြည့်နေစဥ် ဆန့်ကျင်ဘက်မှ လူလေးယောက်ကလည်းမိမိရှေ့မှ ကတ်ကိုကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
အမျိုးသမီးကြီးမှာ အံအားသင့်လျက်
"သူ့ကတ်ကငါတို့နဲ့မတူဘူး"
ထန်မော့တို့ဘက်ခြမ်းမှ ကျောင်းသူကလည်းဆိုလာသည်။
"အဲဒီလူကတ်ကလည်းထူးဆန်းနေတယ်"
ထန်မော့၏ရှေ့မှကတ်တွင်မူ ဆံပင်ရှည်ရှည်နှင့် သရဖူဆောင်းထားသော အမျိုးသမီးတစ်ဦးပါရှိလေသည်။ သူမ၏လက်ထဲတွင် ကျောက်မျက်ကြီးတစ်ခုကိုကိုင်ထားလျက် သူမ၏ရှည်လျားသောဆံပင်များမှာ ရေညှိပင်များနှယ်။ ၄င်းမှာသူမ၏ပုခုံးပေါ်လျှောကျနေပြီး နူးညံ့သောအလင်းရောင်ဖျော့ဖျော့ကို ထုတ်လွှတ်နေခဲ့သည်။
စုစုပေါင်း ကတ်၈ကတ်ရှိလေသည်။ ကတ်နှစ်ကတ်မှာ အစေခံများပါ၀င်ပြီး နောက်ကတ်နှစ်ကတ်မှာ စစ်သည်တော်နှစ်ဦးပါ၀င်ကာ ကျန်ကတ်နှစ်ကတ်မှာမူ စာအုပ်ကိုင်ထားသော လူကြီးနှစ်ဦးဖြစ်သည်။
ထန်မော့ရေရွတ်လိုက်မိသည်။
"အစေခံ စစ်သည်တော် ပရောဟိတ် ဘုရင်နဲ့ ဘုရင်မ"
ပီနိုကီယိုမှာ သူ့အား အံ့အာစသင့်လျက်ကြည့်လာခဲ့ပြီး
"အိုး မင်းကမြေအောက်ကမ္ဘာမှာ နာမည်အကြီးဆုံး ရိုးသားမှုကတ်ဂိမ်းကိုသိနေတာလား"
ထန်မော့ခေါင်းခါလိုက်သည်။
"ဒီကတ်တွေကို နားလည်ရုံတင်ပါ"
ပီနိုကီယိုကခေါင်းညိတ်လိုက်သည်။
"ကြည့်ရတာမင်းတို့လူသားတွေမှာလည်း ဒီလိုဂိမ်းမျိုးရှိတယ်ထင်တယ် ဒါပေမယ့် မင်းဒီတစ်ကြိမ်တော့မှားသွားပြီ ဒီကတ်က..."
သူက စာအုပ်ကိုင်ထားသောလူကြီးကတ်ထံ ဖြတ်ခနဲရောက်သွားပြီး ကတ်ကိုလက်ဖြင့်ခေါက်လိုက်သည်။
"ဒါက ပရောဟိတ်မဟုတ်ဘူး မူးမတ်ပဲ...ဘုရင်နဲ့ဘုရင်မက မူးမတ်ကိုအမိန့်ပေးတယ် မူးမတ်က စစ်သည်တော်ကို ကွပ်ကဲတယ်... စစ်သည်တော်က အစေခံကိုသတ်လို့ရတယ်... အစေခံကတော့ပုန်ကန်လို့ရတယ် ဒီလိုပဲ ဒါကမြေအောက်ကမ္ဘာမှာ ရေပန်းအစားဆုံး ရိုးသားမှုကတ်ဂိမ်းလေးပေါ့"
ပီနိုကီယို၏ရှင်းပြမှုကိုကြားလျှင် ကစားသမားများလည်း နားလည်သွားခဲ့လေသည်။
အနည်းငယ်ရှုပ်ထွေးသည်ဟုထင်ရသော်လည်း ကမ္ဘာကြီးအွန်လိုင်းပေါ်မတက်စဥ်ကပင် နိုင်ငံအများအပြား၌ ထိုကဲ့သို့ဆင်တူဂိမ်းများ ရှိကြသည်ပင်။
ဤသည်မှာ အဆုံးတစ်ဖက်စီဆက်စပ်နေသော ဗျူဟာဂိမ်းမျိုးဖြစ်သည်။ ဘုရင်မှ မူးမတ်ကိုသတ်နိုင်သလို မူးမတ်ကလည်း စစ်သည်တော်ကိုသတ်နိုင်လေသည်။ စစ်သည်တော်ကလည်း အစေခံကိုသတ်နိုင်သည်ပင်။ ဘုရင်မှာ မူးမတ်နှင့် စစ်သည်တော်ကိုသတ်နိုင်သော်လည်း အားအနည်းဆုံးအစေခံမှာ ပုန်ကန်လျက် ဘုရင်ကိုသတ်နိုင်လေသည်။
သို့သော်ဤဂိမ်းက ရိုးသားမှုနှင့် မည်သို့ဆိုင်ပါမည်နည်း။
ကျောင်းသူလေးမှာ သိချင်စိတ်ဖြင့် မေးမြန်းလာခဲ့သည်။
"မစ်ရှင်က တဖက်အဖွဲ့ရဲ့ ဘုရင်နဲ့ ဘုရင်မကိုသတ်ရမှာလား"
ထန်မော့တို့ဘက်တွင် အစေခံ၊ စစ်သည်တော်၊ မူးမတ်နှင့် ဘုရင်မတို့ပါရှိသည်။ တဖက်တွင်မူ အစေခံ၊ စစ်သည်တော်၊ မူးမတ်နှင့် ဘုရင်တို့ရှိလေသည်။ ပုံမှန်ဆိုလျှင် ဆန့်ကျင်ဘက်အသင်းနှစ်သင်းမှာ တစ်ဖက်ကိုတစ်ဖက်တိုက်ခိုက်ရန်ကြိုးစားရမည်ဖြစ်သည်။
သို့သော် ၄င်းကိုကြားသည်နှင့် ပီနိုကီယို၏မျက်နှာမှာ မည်းမှောင်သွားလျက် မျက်စိတမှိတ်အတွင်း ကျောင်းသူရှေ့သို့ရောက်ရှိလူက အေးစက်စွာ မာန်မဲလိုက်သည်။
"မင်းကမကောင်းတဲ့ကလေးပဲ"
ကြောက်ရွံ့သွားသောကျောင်းသူမှာ ထိုင်ကျသွားခဲ့သည်။ သူမဘာအမှားပြောမိသလဲ နားမလည်နိုင်ပဲ နှုတ်ခမ်းများမှာလည်း တုန်ယင်နေခဲ့လေသည်။
ပီနိုကီယိုမှာ လူ၈ယောက်အား မထူးမခြားနားစွာကြည့်လျက် သု၏အပြုံးမှာပြောင်းလဲသွားခဲ့သည်။ သူ၏မူလနေရာသို့ပြန်လာပြီး ပြုံးလိုက်သည်။
"ခရစ်စမတ်စပရိုက်ဂိမ်းလေးပါဆိုမှာ ဒီဂိမ်းမှာဘယ်လိုသေရမှာလဲ ရိုးသားတဲ့ကလေးလေးတွေ ဒီဂိမ်းကမင်းတို့အတွက် ဘောနပ်စ်ပဲ ဒီဂိမ်းကအခြားဂိမ်းတွေနဲ့မတူပဲ ဘာလို့ ဘုရင်နဲ့ဘုရင်မ ပါနေလဲသိလား"
လူတိုင်းမှာ ပီနိုကီယို၏အပြောင်းအလဲမြန်မှုကြောင့် ကြောက်လန့်နေခဲ့သော်လည်း မည်သူကမျှပြန်ဖြေမလာချေ။
ပီနိုကီယိုမှာ သူ့ကိုယ်သူသာပြန်ဖြေလိုက်ရသည်။
"ဒါပေါ့ ဘာလို့ဆို ရိုးသားပြီး ငြိမ်းချမ်းတဲ့ ဂိမ်းလေးမို့လို့လေ ဂိမ်းကဒုတိယ ခင်မင်မှုက ပထမပဲ ဒီ၈ကတ်က ..."
ပီနိုကီယိုသည် ထန်မော့တို့ဘက်သို့ညွှန်ပြလျက်ဆိုသည်။
"စဥ်းစားကြည့် မင်းမှာ စစ်သည်တော်ရှိပြီး သူ့မှာ အစေခံရှိမယ်ဆို ဘယ်လိုဖြစ်မယ်ထင်လဲ"
ထန်မော့ ပီနိုကီယိုအား အေးစက်စွာကြည့်လိုက်မိသည်။
ပီနိုကီယိုမှာ သူ့ဘာသူဖြေလာပြန်သည်။
"ဒါပေါ့ သူတို့ကမင်းဆီမှာ ရှုံးသွားမှာပေါ့ အစေခံကတ်ကပျောက်သွားပြီး စစ်သည်တော် မူးမတ်နဲ့ ဘုရင်ပဲကျန်တော့မှာပေါ့ မင်းမှာတော့ ၄ကတ်လုံးကျန်ဦးမှာလေ သူတို့ကနိုင်ဖို့ခက်သွားမယ် သူတို့အစေခံကမရှိတော့ဘူးလေ ဘယ်သူကမှမင်းရဲ့ဘုရင်မကို ခြိမ်းခြောက်လို့မရတော့ဘူး ဒါပေမယ့်မင်းတို့ရဲ့အစေခံကတော့ သူတို့ဘုရင်ကိုသတ်လို့ရသေးတယ်"
ဤသည်မှာ အလွန်အခြေအမြစ်မရှိချေ။
လူတိုင်းကကြောက်ရွံ့သွားခဲ့ပြီး ထန်မော့နှင့်ဆန့်ကျင်ဘက်ခြမ်းမှ မိန်းကလေးတစ်ဦးကသာ မေးလာခဲ့သည်။
"ကျွန်မသိပ်နားမလည်ဘူး ဒီဂိမ်းကဘာအဓိပ္ပါယ်လဲ... တဖက်ကစစ်သည်တော်ရှိပြီး တဖက်ကအစေခံဆိုတော့ စစ်သည်တော်က အစေခံကိုသတ်လိုက်ပြီးရင် ကျွန်မတို့အပေါ် ဘယ်လိုသက်ရောက်မှာလဲ"
"အဲလိုဂိမ်းမျိုးလို့ဘယ်သူကပြောနေလို့လဲ"
မိန်းကလေးမှာ ပါးစပ်ကိုပိတ်လျက် ပီနိုကီယိုအား ကြည့်လိုက်မိသည်။
ပီနိုကီယိုကအော်လိုက်ပြန်သည်။
"ဒီဟာက ရိုးသားမှု ကတ်ဂိမ်းလေ တစ်ဖက်ကတစ်ဖက်ကိုအနိုင်ယူလိိုက်ရင်..."
ပီနိုကီယိုပြုံးလိုက်ပြီး လူရှစ်ယောက်အား မည်းမှောင်သော မျက်လုံးများနှင့်ကြည့်လိုက်သည်။
"မင်းတို့အားလုံးက မရိုးသားတဲ့ကလေးတွေဖြစ်ကုန်မှာပေါ့"
ထန်မော့ရုတ်ချည်းနားလည်သွားခဲ့သည်။
ပီနိုကီယိုမှာ နှာမှုတ်လိုက်သည်။
"ရိုးသားမှုကတ်ဂိမ်းမှာ နိုင်တဲ့နည်းတစ်နည်းပဲရှိတယ် အခေါက်တိုင်းမှာ တူတဲ့ကတ်ကိုပြရမှာ နှစ်ဘက်လုံးကကတ်တွေက တူနေရမှာ ပြီးတော့နှစ်ဖက်လုံး အေးအေးချမ်းချမ်းနဲ့ ဂိမ်းကို အဆုံးသတ်ရမှာ...
မြေအောက်ကမ္ဘာမှာ ပုံသေစည်းမျဥ်းရှိပြီးသား... ၄ကြိမ်ဆော့ရမယ် ပထမတစ်ခေါက်က အစေခံကတ် ဒုတိယတစ်ခေါက်က စစ်သည်တော်ကတ် တတိယက မူးမတ်ကတ် ပြီးတော့ ဘုရင်နဲ့ ဘုရင်မကတ် ဘုရင်နှစ်ယောက်အစား ဘာလို့ဘုရင်နဲ့ ဘုရင်မဖြစ်နေတာလဲဆိုတော့ ဘာလို့ဆို လေးခေါက်မြောက်အလှည့်မှာ ဘုရင်နဲ့ဘုရင်မက လက်ချင်းတွဲပြီး ဂိမ်းကို အေးအေးချမ်းချမ်းအဆုံးသတ်ရမှာမို့လို့ပဲ ဒါကမြေအောက်ကမ္ဘာရဲ့ ရေပန်းအစားဆုံး ရိုးသားမှူ ကတ်ဂိမ်းပဲ ရှုံးနိမ့်သူဆိုတာမရှိဘူး အားလုံးကအနိုင်ရသူတွေပဲ"
၄င်းကိုနားထောင်ပြီးနောက် ထန်မော့မျက်မှောင်ကျုံ့လိုက်မိသည်။ လူ၈ယောက်ထဲတွင် ကျောင်းသူလေး၊ သက်လတ်ပိုင်းအရွယ် လူကြီး၊ တဖက်မှ အမျိုးသမီးကြီးနှင့် ဆံပင်ဖြူအဘိုးကြီးတို့၏ အမူအယာများမှာ တောက်ပနေကြသည်။
သူတို့အားလုံးအတူအနိုင်ရရှိမည်ဆိုပါက ဘုရင့်ရွှေဒင်္ဂါးကိုရနိုင်ပါဦးမည်လား။
"ဒါပေမယ့်"
ပီနိုကီယိုက ရုတ်ချည်းတောက်ပစွာပြုံးလိုက်သည်။
"ဘုရင့်ရွှေဒင်္ဂါးကတော့ တစ်ခုပဲရှိတယ် ငါက စန်တာကလော့နဲ့အတူ မင်းတို့က ရိုးသားတဲ့ကလေးတွေမို့ ဂိမ်းကိုအတူနိုင်ကြမှာလို့ လောင်းထားတာ ဒါပေမယ့်ငါထင်တာ ..."
ပီနိုကီယိုမှာ ထန်မော့အားလက်ညှိုးထိုးလျက်
"မင်း"
ထို့နောက်လူငယ်လေးကိုတဖန်လက်ညှိုးထိုးလိုက်သည်။
"မင်း"
ထိုနောက်ကျောင်းသူနှင့်
"မင်း"
"မင်း မင်း မင်း မင်း "
"ပြီးတော့မင်း"
နောက်ဆုံး ထောင့်ဖြတ်အနေအထားတွင်ရပ်နေသော အနက်ရောင်၀တ်လူအား လက်ညှိုးထိုးလိုက်သည်။
"မင်းတို့အကုန်လုံးက မရိုးသားတဲ့ကလေးတွေပဲ ငါ့လောင်းကြေးက မင်းတို့အားလုံး ကတ်ကိုရိုးရိုးသားသားဆော့ပြီး အတူနိုင်ကြရင် ငါရှုံးမှာ...ဒီတော့ဒီဂိမ်းပြီးတာနဲ့ မင်းတို့အကုန်ဒီဂိမ်းထဲကထွက်သွားပြီးတော့ ငါကလည်း ရွှေဒင်္ဂါးကိုဆုံးရှုံးသွားမယ်"
လူအိုကြီးကမေးလာခဲ့သည်။
"နေပါဦး ဒီလိုဆို ငါတို့ဂိမ်းနိုင်တဲ့ ဆုကရော"
ပီနိုကီယိုက ဂရုမစိုက်စွာ ဆိုလာသည်။
"ဟ ဆုရှိမယ်လို့ဘယ်သူပြောလို့လဲ"
ကျောင်းသူလေးကလည်းပြောလာခဲ့သည်။
"မဟုတ်ဘူး ကျွန်မတို့ရတာဆိုလို့ ရှင်ကျွန်မတို့ကို မစားပဲလွှတ်ပေးမှာကိုပြောနေတာလား"
"အဲဒါနဲ့တင်လုံလောက်ပြီမဟုတ်ဘူးလား"
ပီနိုကီယိုမှာ မေးကိုပွတ်လျက် ဆိုလာသည်။
"ဒါပေါ့ မင်းတို့ခရစ်စမတ်လက်ဆောင်မရနိုင်ဘူး ဒါကြောင့် ငါ့ရဲ့လောင်းကြေးကအဖြေမထွက်သေးဘူး ငါပြောခဲ့တာကမင်းတို့ဒီဂိမ်းကို ရိုးရိုးသားသားမဆော့ရင် တစ်ဖက်ကနိုင်ပြီး တစ်ဖက်ကတော့..."
ပီနိုကီယိုမှာ လက်ခုပ်တီးလျက် ကလိုက်သည်။
"ဒန် ဒန်...ငါနိုင်မှာပေါ့ စန်တာကလည်းငါ့အပေါ် အကြွေးတင်သွားမယ် နိုင်တဲ့လူ ၄ ယောက်ကိုလည်း ငါကကိုယ်ကျိုးစွန့်ပြီး ရွှေဒင်္ဂါးပြားတွေပေးဦးမယ် သူတို့မှာ ရွှေဒင်္ဂါးလည်းရှိပြီဆိုတော့ ဂိမ်းထဲကနေထွက်သွားလို့ရပြီလေ"
ထန်မော့၏မျက်လုံးတို့ပြူးကျယ်သွားလျက် နှလုံးသား အေးစက်သွားခဲ့သည်။ ထို့နောက် သူ၏ဘေးမှ အသင်းဖော် ၃ယောက်ကို လှည့်ကြည့်လိုက်မိသည်။ လူငယ်လေးမှလွဲလျှင် ကျောင်းသူလေးနှင့် အမျိုးသမီးကြီးမှာ တစ်ဖက်မှလူလေးယောက်ကိုတစ်လှည့် ပီနိုကီယိုလက်ထဲမှ ရွှေကြယ်ကြီးကိုတစ်လှည့် ကြည့်လိုက်ကြလေသည်။
နှစ်ဦးစလုံး၏မျက်လုံးများမှာ လောဘအရိပ်အယောင်များဖြင့်တောက်ပနေခဲ့ကြသည်။
🪩