Chapter 58
Viewers 7k

🌍Chapter 58




မှန်အတားအဆီးမှာ ထက်၀က်ကွဲသွားလျက် မှန်အကာ​ရှေ့မှ ပန်းအိုးများမှာလည်း ​အောက်သို့ပြုတ်ကျသွားခဲ့သည်။ 


ထန်​မော့သည်လည်း ယခု​လေးတင်ပြုတ်ကျသွားသည်တို့မှာ ပန်းအိုးဟု ခန့်မှန်းလိုက်သည်။


ငယ်ရွယ်​သော အမျိုးသမီးမှာ သူမ၏ပါးစပ်ကို လက်ဖြင့်အုပ်လျက် တဆတ်ဆတ်တုန်ယင်​အောင် ​ကြောက်ရွံ့​နေခဲ့​လေသည်။ ​နောက်တစ်စက္ကန့်မှာပင် သူမလှည့်ကာ ​အော်ဟစ်လျက် ​ထွက်​ပြေး​တော့သည်။ 


"သူတို့...သူတို့​တွေ ဒီကိုလည်း ​ရောက်လာပြီ သူတို့လာ​နေပြီ..သူတို့လာ​နေပြီ"


မိန်းမငယ်​လေးမှာ အလျင်အမြန်ထွက်​ပြေး​တော့သည်။ ခတ္တမျှကြာပြီး​နောက် သူမ​နောက်မှ ​ခြေသံများစွာကိုလည်း ထန်​​​မော့ ကြားလိုက်ရသည်။


​နောက်ထပ် လူ​လေး​ယောက်မှာလည်း ကုန်တိုက်ထဲမှ ​ပြေးထွက်သွားခဲ့သည်။


ထန်​မော့ မျက်​မှောက်ကျုံ့လိုက်မိသည်။ ထန်​မော့ ခတ္တမျှ​စောင့်လျက် မည်သူမှမကျန်​တော့သည်​သေချာ​တော့မှ မီးခြစ်ဆံကြီးကိုကိုင်လျက် ဆိုင်ထဲမှ ထွက်လာခဲ့​လေသည်။ ထို့​နောက် ဒုတိယထပ် မျက်နှာချင်းဆိုင်မှ မှန်​ကော်ရစ်တာနှင့် ကြမ်းပြင်​ပေါ်မှ ​ခြောက်​သွေ့​နေ​သော ​သွေးများကို ကြည့်လိုက်မိသည်။


ထန်​မော့၏ရင်ထဲမှ တင်းကြပ်သွားလျက် မီးခြစ်ဆံကြီးကိုတင်းတင်းဆုပ်ကာ ဒုတိယထပ်၏ မျက်နှာချင်းဆိုင်ကို ​လျှောက်သွားလိုက်သည်။


ကွယ်​နေခဲ့​သော မြင်ကွင်းမှာ ​နောက်ဆုံး​တော့ ထန်​မော့ မြင်ကွင်းထဲသို့ ၀င်လာခဲ့​လေသည်။ သူ​နောက်ဆုံး​တော့ ထိုအမျိုးသမီးငယ် မည်သည်ကို မြင်​တွေ့ခဲ့ရသည်အား သိရှိသွား​တော့သည်။


လက်ဖက်ရည်ဆိုင်​လေး၏ ​ငွေရှင်း​ကောင်တာ​ရှေ့တွင် သက်လတ်ပိုင်းအရွယ် ​ယောကျာ်းကြီးတစ်ဦးမှာ မျက်လုံးများပွင့်လျက် မယုံကြည်နိုင်​သော အမူအယာဖြင့် လဲ​လျောင်းလျက်ရှိသည်။ သူ၏ရင်ဘတ်​နေရာတွင်မူ ​သွေးများရွှဲ​နေ​သော အ​ပေါက်ကြီးရှိ​လေသည်။ ထိုအ​ပေါက်ကြီးထံမှ စီးဆင်းလာ​သော ​သွေးများမှာ ထိုလူကြီး၏ တစ်ကိုယ်လုံးအား စိုစွတ်လျက် ကြမ်းပြင်တစ်​လျှောက်ဖုံးလွှမ်း​နေ​တော့သည်။


ထို​မည်းနက်​နေခဲ့ပြီဖြစ်​သော အ​ပေါက်ကြီးထဲတွင် ထိုလူကြီး၏ နှလုံးမှာ​တော့ ​ပျောက်ဆုံး​နေခဲ့​လေသည်။ 


ထန်​မော့ ပျို့အန်ချင်စိတ်ကို ထိန်းချုပ်လျက် ထိုလူကြီး၏ ဒဏ်ရာကို စစ်​ဆေးလိုက်သည်။ နှလုံးမှာ ဆွဲနှုတ်ခြင်းခံထားရကာ နံရိုးများမှာ ကြိုး​​ကြေလျက် ​သွေး​ကြောများမှာလည်း ပြတ်ထွက်​နေခဲ့သည်။


ထန်​မော့ ထပ်မံ၍စစ်​ဆေးလိုက်သည်။ သူသည် ဒုတိယထပ်နှင့် ပထမထပ်တွင် ၁၀မိနစ်ခန့် အချိန်ယူခဲ့ရသည်။ ​နောက်ဆုံးတွင်​တော့ သူသည် ပထမထပ်ကိုတက်​သော ​လှေကားအနီးတွင် ထို​ပျောက်ဆုံး​နေ​သော နှလုံးကို ​တွေ့လိုက်ရ​လေသည်။ အတိအကျဆိုရလျှင် နှလုံး၏ တ၀က်မျှပင်။ ၄င်းမှာ ​တစ်​ယောက်​ယောက် သို့မဟုတ် တစ်​ကောင်​ကောင်က စား​သောက်ထားသည့်နှယ်။ နှလုံး၏ တ၀က်မှာ ကိုက်ဖဲ့ခြင်းခံထားရကာ ကြမ်းပြင်​ပေါ်ပစ်ချထားခဲ့ပုံရသည်။


ကမ္ဘာကြီးအွန်လိုင်း​ပေါ် တက်လာပြီး​နောက် လူသတ်ခြင်းမှာ အထူးအဆန်းမဟုတ်​တော့ပဲ ​နေ့တိုင်းလိုလို အ​လောင်းများကို ​နေရာစုံတွင် ​တွေ့​နေရတတ်သည်။ သို့​သော် နှလုံးကိုပင် ကိုက်ဖြတ်စား​သောက်သည်အထိ လူမဆန်ခြင်းမှာ​တော့...


ထန်​မော့၏ရင်ထဲတွင် အမည်မသိ​သော အန္တရာယ် သတိ​ပေးချက်ဖြင့် တင်းကြပ်သွားခဲ့သည်။


သူမသိသည်က ထိုအချိန် ရှန်ဟိုင်း၏တစ်​နေရာတွင် ခပ်၀၀​ကောင်​လေးမှာသူ၏ အ​ဖော်ကိုဆွဲလျက် ကားထဲတွင် ၀င်ပုန်းလိုက်သည်။ သူတို့၏​တည်​နေရာကို​ပေါ်သွားမည်စိုး၍ ခေါင်းများကိုပင်မ​ဖော်ရဲ​ချေ။


ကျဥ်းကြပ်​သော ​နေရာ​လေးထဲတွင် လူငယ်​လေးနှစ်ဦးမှာ နှလုံးကတဒုန်းဒုန်းခုန်လျက် အသက်ကို ပြင်းပြင်း ရှူ​နေမိကြသည်။


"​ကျောက်...​ကျောက်ကျန်း မင်းရဲ့လက်အဆင်​ပြေရဲ့လား " 


အ​ဖော်​ကောင်​လေး၏အသံမှာ တုန်ရီ​နေခဲ့သည်။


ဖက်တီးက​လေး၏ ညာဘက်လက်​မောင်းမှာ ပြတ်ရှရာအကြီးကြီးရှိကာ အရိုးကိုပင် မြင်​နေရ​လေသည်။ ထို​နေရာမှ ​သွေးပျစ်ပျစ်များက ​အောက်သို့ တ​တောက်​တောက် စီးကျ​နေခဲ့သည်။ သူသည်ထိုဒဏ်ရာကို လက်ဖြင့်ဖိလျက် ​သွေးများစီးကျသံထွက်မလာစေရန် တားဆီးလိုက်သည်။ သူ၏အသံမှာလည်း အက်ကွဲလျက် 


"ရတယ် ဘာမှမဖြစ်ဘူး... ငါတို့ပြန်သွားမှရမယ် အ​နောက်ဘက်ကိုသွားလို့မရ​တော့ဘူး...  သူတို့ကအ​နောက်ဘက်ကလာတာ...သူတို့ထွက်သွားတာနဲ့ ငါတို့ ရှန်းရှန်းနဲ့ အစ်ကိုထန်​မော့ကို သွားရှာကြမယ်"


ပိန်ပါး​သော​ကောင်​လေးက ​ခေါင်းငြိမ့်လာခဲ့သည်။


"အို​ကေ"


ဖက်တီး​လေးမှာ အံကိုကြိတ်လျက် တစ်ခုခုဆက်​ပြောချင်ခဲ့သည်။ သို့​သော် ရုတ်တရက် သူတို့၏​ခေါင်း​ပေါ်မှ ရှတတရယ်သံတစ်ခုကို ကြားလိုက်ရ​လေသည်။ 


"အိုး...ဒီမှာပုန်း​နေတာပဲ"


.*****


ထန်​မော့ ထိုသက်လတ်ပိုင်းအရွယ် ​ယောကျာ်းကြီး၏ ဒဏ်ရာပုံစံနှင့် တ၀က်စားခံထားရ​သော နှလုံး၏ ပုံပန်းကို မှတ်သားထားလိုက်သည်။ ထို့​နောက်လွယ်အိတ်ကို လွယ်လျက် ကုန်တိုက်ထဲမှ ထွက်ခွာသွား​တော့သည်။ သူသည်အလွန်သွက်လက်​ပေါ့ပါးစွာနှင့် ကုန်တိုက်မှထွက်ခွာလာပြီး အနီးအနားရှိ ​စျေးလမ်းကြားခုကို မိနစ်အနည်းငယ်အတွင်း ​ရောက်ရှိလာခဲ့သည်။


လမ်း​ပေါ်တွင် လူပုံမှန်ထက်နည်း​နေခဲ့​​လေသည်။


လွန်ခဲ့​သော ၇ရက် ထန်​မော့​မျှော်စင်တိုက်ခိုက်ခြင်းဂိမ်းထဲသို့၀င်လာခဲ့စဥ်က လမ်း​ပေါ်တွင် လူတစ်​​ယောက်စ နှစ်​ယောက်စ​လောက်​တော့ ရှိခဲ့​သေးသည်။ ယခုမူ သူလမ်းတစ်ဆုံး​လျှောက်လာသည့်တိုင် တစ်ဦးတစ်​ယောက်ကိုမျှမ​တွေ့ရ​သေး​ချေ။ ထိုသူများမှာ ​ပျောက်သွားခြင်း​ပေ​လော ပုန်းကွယ်​နေကြခြင်းပင်​လော သူလည်းမသိနိုင်ခဲ့။


ထန်​မော့ အ​နောက်ဘက်သို့ ဆက်၍ ​လျှောက်သွားခဲ့သည်။ သူသည်စုကျိုးကိုပြန်သွားရန်ပြင်​နေခြင်းပင်။ 


ဤသည်မှာ ​​မျှော်စင်တိုက်ခိုက်ဂိမ်းထဲသို့ မ၀င်ရခင်ကတည်းက ထန်​မော့စိတ်ကူးရှိ​နေ​သော အရာဖြစ်သည်။ သူ၏ရှန်ဟိုင်းမှ သူငယ်ချင်းမှာ ​ပျောက်ကွယ်သွားပြီဖြစ်ပြီး ကျန်သူငယ်ချင်းများမှာလည်း ​ပေကျင်းမှ​ဝေးကွာလှသည်။ ထန်​မော့မှာ ​ပေကျင်းအထိ ခရီးအရှည်ကြီးနှင်ရန် အဆင်သင့်မဖြစ်​သေး​ချေ။ စုကျိုးကိုအရင်သွားကာ သူရင်းနှီး​သော​နေရာတွင် ခွန်အားပိုမိုတိုးလာ​အောင် အရင်ဆုံးပြင်ဆင်​နေသင့်သည်။ ထို့​နောက်တွင် လမ်းတွင်ကြုံ​တွေ့လာရမည့် မ​မျှော်လင့်သည့် အန္တရာယ်များကို ရင်ဆိုင်ကာ ​ပေကျင်းသို့သွားနိုင်လိမ့်မည်ဟု ယုံကြည်​လေသည်။


လမ်းကြား၃ခုနှင့် အိမ်ရာ၀န်း ၂ခုကိုဖြတ်​ကျော်လာခဲ့ပြီး​နောက် ထန်​မော့မှာ လမ်းတစ်ဖက်ခြမ်းတွင် ကားအဖြူတစ်စီးကို ​တွေ့လိုက်ရသည်။ သူအရှိန်တင်လျက် အမြန်​လျှောက်သွားလိုက်မိသည်၊


လက်ရှိကမ္ဘာကြီး၏ ​နေရာအနှံ့တွင် ပိုင်ရှင်မဲ့ကားများ ​ပြန့်ကျဲလျက်ပင်။ သို့​သော်လည်း အများစုမှာ တစ်စီးနှင့်တစ်စီး၀င်တိုက်မိထားကြခြင်း​ကြောင့် ​အသုံးမပြုနိုင်​တော့​ချေ။ အ​ကောင်းအတိုင်း​မောင်းနှင်နိုင်​သေး​သော ကားများမှာ အ​တော်ရှားပါးလှသည်။ ထန်​မော့ထိုကားအနီး ကီလိုမီတာအနည်းငယ်အထိ ​လျှောက်သွားလိုက်​လေသည်။


လမ်းမှာ ပကတိတိတ်ဆိတ်​လျက်ပင်။ ထန်​မော့ ကား​​ရှေ့တံခါးကိုဖွင့်လျက် ​မောင်းနှင်သူထိုင်ခုံတွင် ၀င်ထိုင်လိုက်သည်။ ကား​သော့မှာ ထိုအတိုင်းရှိ​သေးကာ ထန်​မော့​သော့ကိုလှည့်လျက် ကားကိုစက်နှိုးကြည့်လိုက်သည်။ သို့​သော် သူ​သော့ကိုသာ လှည့်လိုက်ပြီး​နောက် သူ၏ကိုယ်မှာ ရုတ်ချည်း တန့်သွားခဲ့မိသည်။


ထန်​မော့ ကား၏​နောက်ခန်းသို့ ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။ 


ဤသည်မှာSUV-businessအမျိုးအစားကားတစ်စီးဖြစ်ကာ ​နောက်ဖုံးမှာကျယ်၀န်းလှပြီး ​​ရှေ့ခန်းမှ လက်ဆန့်လိုက်ရုံဖြင့် ​နောက်ခန်းမှ ပစ္စည်းများကို လှမ်းယူနိုင်​သည့်အ​နေအထားမျိုးပင်။ ထိုအခိုက်အတန့်တွင် ဖြူ​ဖျော့​နေ​သော လက်တစ်ဖက်မှ ​နောက်ခန်းမှ ​ခေါင်းအုံးနှစ်လုံးကြားမှ ထွက်​နေခဲ့သည်။ လက်​ချောင်းများမှာ သဘာ၀အတိုင်း​​ကွေး​နေပြီး လက်သည်းများ နှင့်​သွေးများမှာ ခဲလျက်အမဲ​ရောင်သန်း​​နေကာ လက်တစ်​ချောင်းလုံးမှာ အပြာ​ရောင် ခရမ်း​ရောင်အမှတ်များနှင့်ဖုံးလွှမ်း​နေခဲ့​​လေသည်။


ထန်​မော့ကား​ပေါ်မှဆင်းလျက် ​နောက်ဖုံးကို ဖွင့်လိုက်သည်။


၄င်းမှာ ​သေဆုံးထားမှာအ​တော်ကြာပြီဖြစ်​သော မိန်းက​လေးတစ်ဦးပင်။ သူမ၏တစ်ကိုယ်လုံးမှာ ​နောက်ဖုံးထဲ ထိုးထည့်ခံထားရပြီး သူမ၏​ခြေ​ထောက်များက ​ကွေးလျက် ပါးစပ်ကမူ သည်အတိုင်းဟ​နေခဲ့သည်။ သူမ၏ပြူးကျယ်​သောမျက်လုံးများမှာ ပွင့်လျက်သား အမိုးကိုကြည့်​နေခဲ့ပြီး ၄င်းတို့ထဲတွင် ​ကြောက်ရွံ့မှုတချို့ထင်ကျန်ရစ်​နေဆဲ။ သို့​သော် သူမမှာ ရုန်းကန််မှုပင်မရှိလိုက်ပဲ မြန်မြန်ဆန်ဆန်​သေဆုံးသွားခဲ့သည်။  ​နောက်ဖုံးထဲမှ သူမကိုယ်မှာ ​အေးခဲ​တောင့်တင်း​နေခဲ့​ချေပြီ။


ထန်​မော့၏မျက်လုံးများမှာ ထိုမိန်းက​လေး၏ ရင်ဘတ်မှ ဒဏ်ရာထံအကြည့်​​ရောက်သွားခဲ့သည်။ သူမ၏နှလုံးရှိ​မ​နေ​တော့​ချေ။


 á€‘န်​မ္ဏအ အချိန်တစ်ခုကြာသည်အထိ တိတ်ဆိတ်စွာ ကြည့်​နေမိသည်။ ထို့​နောက်သူသည် ထိုမိန်းက​လေးကို ဆွဲထုတ်လိုက်ကာ လမ်း​ဘေးရှိ စား​သောက်ဆိုင်​လေးတစ်ခုတွင်ထားခဲ့လိုက်သည်။ ထို့​နောက် မိန်းက​လေး၏ကိုယ်အား ထိုဆိုင်ရှိ စားပွဲခင်းနှင့် အုပ်လျက် ကားဆီပြန်လာကာ ​မောင်းထွက်သွား​တော့သည်။


သူသည်​အ​နောက်ဘက်သို့ ဦးတည်၍ ​မောင်းနှင်လာခဲ့​လေသည်။ တခါတရံတွင် လမ်းများကပိတ်ဆို့​နေပြီး သူကား​​ပေါ်မှဆင်းကာ လမ်းရှင်းရတတ်သည်။


ဂိမ်းများစတင်တုန်းကထက်စာလျှင် ထန်​မော့၏ခွန်အားမှာ အလွန်သန်မာလာခဲ့​ချေပြီ။ သူအသာတွန်းလိုက်ရုံဖြင့် ထိုကားများမှာလမ်း​ဘေးသို့ လိမ့်သွားကြလိမ့်မည်။ စုကျိုးသို့အပြန်ခရီးမှာ အလာခရီးထက်ပိုမို ​ချော​မွေ့​နေခဲ့သည်။


ရှန်ဟိုင်းတွင် လူများအမှန်​တကယ် နည်းသွားခဲ့သည်။


အရင်ကဆိုလျှင် စည်ကား​သော​နေရာအချို့တွင် အနည်းဆုံး ကစားသမား သုံး​လေးငါး​ယောက်​လောက်ပါရှိ​သော အုပ်စုများကို​တွေ့ရတတ်သည်။ ယခုတွင်မူအလွန်တိတ်ဆိတ်​နေလျက် မည်သူတစ်ဦးတစ်​ယောက်ကိုမျှမမြင်ရ​ချေ။ ​လမ်း​ဘေးတွင်တစ်​ယောက်​ယောက်ရှိ​နေခဲ့လျှင်လည်း ထန်​မော့၏ကားသံကိုကြားသည်နှင့် ယုန်တစ်​ကောင်နှယ် ​ကြောက်လန့်စွာ ​ပြေးပုန်းတတ်ကြသည်။


ထန်​​မော့ ချန်းနင်ခရိုင်ထဲသို့​မောင်းလာရင်း မျက်​မှောင်တဖြည်းဖြည်း ကျုံ့လာမိ​လေသည်။ အ​ကြောင်းမှာ နှလုံးမရှိ​တော့​သော အ​လောင်းတစ်ခုကို လမ်း​ဘေးထပ်တွင် ​တွေ့လိုက်ရ၍ပင်။ သူ၏ကားမှာ ထိုအ​လောင်းကို ​ကျော်လွန်သွားလျက် လမ်းချိုးကို ​ကွေ့ရန်ပြင်လိုက်စဥ် ရုတ်ချည်း ဘရိတ်ကိုဆွဲလိုက်မိ​လေသည်။ ထို့​နောက်ကားမှာ ၁၈၀ဒီဂရီလည်သွားလျက်လာရာလမ်းဘက်သို့ပြန်လှည့်သွားခဲ့သည်။


​တောက်ပ​သော​နေ​ရောင်မှာ ကားထဲမှ နှုတ်ခမ်းတို့ကိုတင်းတင်း​စေ့ထား​သော လူရွယ်၏ အနက်​ရောင်ဆံပင်များအ​ပေါ်ဖြာကျ​နေခဲ့သည်။


ကားမှာ ပူဒုန်ခရိုင်အထိတိုက်​လျှောက်​ဦးတည်သွားခဲ့သည်။


နှစ်နာရီ​ကြာပြီး​နောက် ထန်​မော့မှာကားကို ယခင်​ရှော့ပင်း​မော၌ထိုး၍ရပ်လိုက်​လေသည်။ ထို့​နောက်လွယ်အိတ်ကိုလွယ်လျက် ကားထဲမှထွက်ကာ အတွင်းသို့၀င်သွားခဲ့သည်။


သူ​မောလ်ထဲသို့​လျှောက်လာခဲ့လျှင် အတွင်းရှိကစားသမားများမှာ ရတက်မ​အေးနိုင်​သောအမူအယာများနှင့် သူ့အားသတိဖြင့်ကြည့်လာသည်ကို ​တွေ့လိုက်ရ​လေသည်။ ထန်​မော့မှာယခင်တစ်​ခေါက်လာခဲ့စဥ်ကလည်း ထိုအကြည့်ကိုလက်ခံခဲ့ရဖူးသည်။ ဤကစားသမားများမှာ သူ့အား​ဖောက်ထွင်း​တော့မတက်စူးစိုက်ကြည့်​နေခဲ့ကာ သူ့အား မကြိုဆိုလိုမှုကို ဖုံးကွယ်မထားခဲ့ကြ​ချေ။


ထန်​မော့၏​ခြေလှမ်းများကို အရှိန်တင်လိုက်ပြီး ​မောလ်၏အဆုံးဘက်မှ ​လှေကားထံသွားလိုက်သည်။ ထို့​နောက်​လှေကားအဆုံးမှ တံခါးကိုတွန်းဖွင့်လိုက်လျှင် ရုတ်တရက် ကြီးမား​သောလက်ကြီးတစ်ဖက်က သူ့အားဖမ်းဆုပ်လာခဲ့သည်။ ထန်​မော့အလွန်လျင်မြန်စွာတုန့်ပြန်လျက် သူ၏လက်ကိုချက်ချင်းရုတ်လိုက်သည်။ တစ်ဖက်လူမှာ ထန်​မော့၏​ခြေ​ထောက်ထံ ​ခြေထိုးခံလာခဲ့သည်။ ထန်​မော့တံခါးတွင်ကွယ်လျက် ​နေရာယူကာ တံခါးကို ​ဆောင့်ပိတ်ချလိုက်သည်။ ထို့​နောက် ​နောက်ပြန်ခုန်လျက် တိုက်ခိုက်မှုကို​ရှောင်ရှားလိုက်သည်။


​လှေကား၏ တံခါး​နောက်မှ လူစိမ်း၏ အံ့အားသင့်​သော​အော်သံတစ်ခုကို ကြားလိုက်ရ​လေသည်။ 


ကတုံး​ကေညှပ်ထား​သော လူငယ်တစ်​ယောက်မှာ ​လှေကားမှထွက်လာပြီး သူ့​နောက်မှ တံခါးကို ပိတ်ချလိုက်သည်။ သူ၏စူးရှ​သော မျက်လုံးများမှာ ထန်​မော့ကို အ​ပေါ်​အောက် ​အပြန်ပြန်အလှန်လှန်ကြည့်လျက် 


"မိတ်​ဆွေလား ရန်သူလား" 


ဤကဲ့သို့ ခုခံတားဆီးမှုမျိုးက ယခင်တစ်​ခေါက်ကထက်ပိုတင်းကြပ်​လေသည်။


ထန်​မော့အမူအယာမဲ့စွာဆိုလိုက်သည်။


"​လော့ဖုန်းချန်းကို လာရှာတာ"


​လော့ဖုန်းချန်းအမည်ကို​ပြောလိုက်ရုံမျှဖြင့် တဖက်လူမှာ သူ့အားလွှတ်မ​ပေးခဲ့​ချေ။ ဂျက်၊ ထန်​​ရှောင်း၊ နျဲ့​ဖေးနှင့် ရဲ့ယွမ်ကျယ်တို့၏အမည်ကို​ပြောလိုက်ပြီး​နောက်မှ ထိုလူမှ သူ့အား ယုံကြည်သွားခဲ့သည်။ ထိုလူကိုယ်တိုင်ပင် သူ့အား ​မြေ​အောက် ကားပါကင်ကို လိုက်ပို့​ပေးခဲ့သည်။ လမ်းတစ်​လျှောက်တွင် ထန်​မော့အားဦး​ဆောင်​ခေါ်သွား​နေသည့်တိုင် သတိတချက်မှမလွတ်ခဲ့​​ချေ။ ထန်​မော့လက်တစ်ချက်​မြှောက်လိုက်သည်နှင့် လျင်မြန်စွာ တုန့်ပြန်လာလိမ့်မည်။


​လော့ဖုန်းချန်း၏ ရုံးခန်းမှာ ယခင်အတိုင်းပင်။ ဤတစ်ကြိမ်တွင်​တော့ ​မြေ​အောက်ထပ် တတိယ​မြောက်ကားပါကင်ဆီသို့ဆင်းကာ သံတံခါးကြီး​ရှေ့သို့ ​​ရောက်လာခဲ့သည်။


ထန်​မော့အား၀င်ခွင့်မ​ပေးခင် ထိုလူငယ်မှာ အတွင်းသို့ အရင်၀င်သွားခဲ့ပြီးမှ ပြန်ထွက်လာကာဆိုလာသည်။


"၀င်သွားလို့ရပြီ"


ထန်​မော့တံခါးကိုဖွင့်လိုက်လျှင် သူ့ကို​စောင့်​နေ​သော ​လော့ဖုန်းချန်းကို ​တွေ့လိုက်ရသည်။


​လော့ဖုန်းချန်းမှာ အဖြူ​ရောင်ကုတ်အင်္ကျီကို၀တ်ဆင်ထားဆဲဖြစ်သည်။ သူ၏မျက်နှာမှာ အတန်ငယ်ဖြူ​ဖျော့လျက် မျက်လုံးများမှာမူ နီရဲ​နေခဲ့သည်။ ထန်​မော့၀င်လာသည်နှင့် စားပွဲကိုအားပြု၍ထလာခဲ့သည်။ လူနှစ်ဦးမှာတစ်ဦးကိုတစ်ဦး စိုက်ကြည့်လျက်ပင်။ ထန်​မော့၏မျက်နှာမှာ အမူအယာကင်းမဲ့​နေ​သော်လည်း ​လော့ဖုန်းချန်းကမူ နှုတ်ခမ်း​ထောင့်တို့တွန့်​ကွေးလျက် အပြုံးတစ်ခုကို ​ဖော်ပြလာခဲ့သည်။


"တကယ် မင်းဖြစ်​နေတာပဲ ကျီဖုန်း​ပြောကတည်းက မင်းလို့ပဲထင်တာ ​မော့​မော့​နောက်ဆုံး​တော့မင်း..."


​လော့ဖုန်းချန်းရုတ်ချည်းတိတ်သွားလျက် မျက်နှာအမူအယာမှာမူ ထူးဆန်း​သွားခဲ့သည်။


ထန်​မော့မှာ ​ချောင်းအသာဟန့်လိုက်သည်။


"ကျွန်​တော့်နာမည်ကိုစိတ်မရှိပါနဲ့ အခုက​မော့​မော့ဖြစ်သွားပြီ ကျွန်​တော်လာမယ်ဆိုတာကို သိ​နေတာလား"


​လော့ဖုန်းချန်း​ခေါင်းငြိမ့်လျက်


"အင်း သိချင်တာကတစ်ခုပဲ ဘာလို့အခုမှလာတာလဲ"


"ကိုယ်​ရေးကိုယ်တာကိစ္စ​လေးရှိ​နေလို့ပါ ပြီး​တော့ ဂိမ်းတစ်ခုထဲ​၀င်​နေခဲ့ရ​သေးတယ်"


ထန်​မော့မှာ ​မျှော်စင်ပထမထပ်အ​ကြောင်းအားလုံးကို အ​သေးစိတ်ထုတ်​ပြောမ​နေခဲ့​ချေ။


သူ၏တွက်ဆချက်အရ သူ့အား​မျှော်စင်ပထမထပ်ကိုတိုက်ခိုက်ရန်အသိ​ပေးခြင်းကို သူတစ်​ယောက်တည်းသာ သိရလိမ့်မည်။ အကယ်၍ ​လော့ဖုန်းချန်းကမသိဘူးဆိုလျှင် သူကလည်းထုတ်​ပြော​နေမည်မဟုတ်​ချေ။


​လော့ဖုန်းချန်း​ခေါင်းငြိမ့်လျက် ထပ်၍​မေးမလာ​တော့​ချေ။ သူကအဓိကအချက်ကိုသာ တိုက်ရိုက်​ပြောလိုက်​တော့သည်။ 


"မင်း ဂိမ်းထဲကထွက်လာပြီး သူ​တို့​တွေကို​တွေ့တယ်...ပြီးတော့ ဒီကိုလာဖို့ဆုံးဖြတ်လိုက်တယ်"


ထန်​မော့မျက်​မှောင်ကျုံ့လိုက်မိသည်။


"သူတို့​တွေ ဟုတ်လား" 


"မင်း သူတို့အ​ကြောင်းကို မသိ​သေးဘူးပဲ"


​လော့ဖုန်းချန်းကဆက်၍​ပြောလိုက်သည်။


"မင်းသူတို့အ​ကြောင်းကိုမသိ​သေးပဲ ဒီိကိုလာတယ်ဆို​တော့ သူတို့သတ်ခဲ့တဲ့ သူ​တွေကို​တွေ့ခဲ့တာထင်တယ်"


ထန်​မော့ ​ခေါင်းငြိမ့်ကာ သူယ​နေ့မြင်​တွေ့ခဲ့ရသမျှကို ရှင်းပြလိုက်သည်။ အ​လောင်းများ၏ အ​ခြေအ​နေက​ပေါ်ထွက်လာခဲ့သည်။


"​သေ​စေနိုင်တဲ့ ဒဏ်ရာက တစ်​နေရာပဲ သူတို့​တွေက အရမ်းမြန်မြန်​သေသွားတာ  ရုန်းကန်ထားတာ​တွေလည်း မ​တွေ့ရဘူး သူတို့​သေပြီးတာနဲ့ သူတို့နှလုံး​တွေက ဆွဲထုတ်ခံထားရပြီး မရှိ​တော့ဘူး နှလုံးတစ်ခုကို ရှာ​တွေ့ခဲ့တယ် တ၀က်ပဲကျန်​တော့တယ် တစ်​ယောက်​ယောက်က စားလိုက်တာထင်တယ်"


​လော့ဖုန်းချန်းက ​ခေါင်းငြိမ့်လိုက်သည်။ 


"မှန်တယ် အဲဒါ​တွေကိုလူ​တွေစားထားတာ"


ထန်​မော့ရင်ထဲမှ တင်းကြပ်သွားမိသည်။


သူသည်စိတ်ထဲမှ ပြင်ဆင်ထားပြီးဖြစ်သည့်တိုင် အမှန်ကိုကြားရချိန်တွင် ထိတ်လန့်မိဆဲပင်။


"ငါတို့​တွေ လူသတ်မှု​တွေအများကြီးမြင်ဖူးတယ် လူ​တွေကိုမွန်းစတား​တွေက စားထားတာကိုလည်း မြင်ဖူးတယ် မင်းသိပါတယ်.. ငါတို့စ​တွေ့တုန်းက ​ပွေးကြီးက အဲဒီ​ကောင်မ​လေးကို ငါတို့အားလုံး​ရှေ့မှာ စားပစ်တာ​လေ ဒါ​ပေမယ့် ဒီတစ်ကြိမ် ရှန်ဟိုင်းမှာ​တွေ့ရတဲ့အ​လောင်း​တွေက မွန်းစတား​တွေ​ကြောင့်မဟုတ်ပဲ လူ​တွေ​ကြောင့်ပဲ အတိအကျဆိုရရင် 

ခိုး၀င်သူတစ်စု​ကြောင့်"


"ခိုး၀င်သူ​တွေက ဘာလို့လူ​တွေကိုစား​​နေကြတာလဲ"


​လော့ဖုန်းချန်းကသူ့ကို အမှန်ပြင်​ပေးလာသည်။ 


"သူတို့ကလူသားစား​နေကြတာမဟုတ်ဘူး.. လူ​တွေရဲ့ နှလုံးကို စားကြတာ သူတို့က လူတစ်​ယောက်ရဲ့ နှလုံးကို အဲဒီလူ​သေပြီး ၃မိနစ်အတွင်း စားဖို့လိုအပ်တယ်" 


ထို့​နောက် ​လော့ဖုန်းချန်းမှာ တစ်ချက်မျှတန့်သွားလျက် ထန်​မော့အား ကြည့်လာခဲ့သည်။


"နျဲ့​ဖေးကသူတို့လက်ထဲမှာ ​သေသွားခဲ့တယ်"


ထန်​မော့ ဘာမှပြန်မ​ပြောခဲ့​ချေ။



🪩