🌍Chapter 53
ပေကျင်းမြို့၏ တနေရာတွင်။
ဖူ၀မ်သော် မိုးမျှော်တိုက်ကြီး၏ ခေါင်မိုးပေါ်တွင် ရပ်နေခဲ့သည်။ ခြေတစ်ချက်ကိုမြှောက်လိုက်သည်နှင့် သူ၏ဖြောင့်တန်းသောခြေအစုံမှာ အနည်းဆုံး မီတာ၂၀ဝေးသော တိုက်၏ခေါင်မိုးထံခုန်ကူးသွားလျက်သား။ သူ၏လက်ထဲတွင် ကြက်ဆင်ဥကို ကိုင်ထားလျက် လေသံကမူ တိုးညှင်းနေခဲ့သည်။
"ဒီဇင်ဘာ ၃ရက်နေ့ ဂိမ်းသိမ်းမှတ်ကို ဖွင့်လိုက်တော့ အဲဒီဘက်ကအသံတွေကို နားထောင်နေခဲ့တယ်.. ဘာသံမှတော့ထွေထွေထူးထူးမကြားရဘူး အသက်ရှူသံနဲ့ လေတိုးသံတွေလောက်ပဲ...ဒါပေမယ့် ၆နာရီထိုးသွားတာနဲ့ အဲဒီဘက်ကအသံတွေလုံး၀ကိုမကြားရတော့တာ တည့်ပဲပြောရမယ်ဆိုရင် ငါကမင်းကို..."
ခတ္တမျှတိတ်ဆိတ်သွားပြီးနောက် ဖူ၀မ်သော်မှာ နောက်ထပ်အဆောက်အဦးတစ်ခုကို ခုန်လိုက်ပုံဖြင့် ဆက်ပြောလာခဲ့သည်။
"ငါထင်တာက ဂိမ်းသိမ်းမှတ်ကပြဿနာဖြစ်နေတာလားပေါ့ အဲဒီနောက်မင်းကို ဆက်သွယ်ဖို့ကြိုးစားတော့လည်း မရခဲ့ဘူးလေ"
ကြက်ဆင်ဥကိုဆုပ်ကိုင်ထားသော ထန်မော့၏လက်များမှာ တင်းကြပ်သွားလျက် တဖက်လူမပြောပဲရပ်ထားခဲ့သည့်အရာကို ဆက်၍ကြားလိုက်ရသည်။
"မင်းကို သေသွားပြီလို့ထင်ခဲ့တာ"
ထို့ကြောင့် ဖူ၀မ်သော်မှာ သူ့အသံကိုကြားလိုက်ရစဥ်က အလွန်အံ့အားသင့်နေခဲ့ခြင်းပင်။
"လွန်ခဲ့တဲ့ ၃ရက်ကတစ်ယောက်ကလည်း မင်းပဲ"
ထန်မော့၏ ဦးနှောက်မှာ အချက်အလက်များစွာကြောင့် ထုံကျင်နေလျက် ရုတ်တရက်မေးလိုက်မိသည်။
"ဘာလို့လဲ"
ဖူ၀မ်သော်မှာ နောက်ထပ်အဆောက်အဦးတစ်ခုအပေါ် ခုန်ကျော်ရန်ပြင်နေခဲ့ခြင်းပင်။ သို့သော် ထန်မော့၏အမေးကိုကြားလျှင် သူ၏ခြေလှမ်းတို့ရပ်တန့်သွားခဲ့သည်။ သူသည်မိုးမျှော်တိုက်ကြီး၏အပေါ်တွင် ရပ်လျက် အဝေးမှ နေလုံးကြီး အနောက်အရပ်သို့ ၀င်စပြုနေသည်ကို ငေးကြည့်နေခဲ့မိသည်။
"အလိုလိုသိစိတ်"
နွေးထွေးသောညနေခင်းနေရောင်မှာ ဖူ၀မ်သော်၏ အေးစက်စက်မျက်နှာပေါ် ဖြာကျနေခဲ့သည်။
"မင်းပဲလို့အလိုလိုခံစားမိတာ"
၄င်းမှာ အလွန်ထူးခြားသော အတည်ပြုချက်မျိုးပင်။ ထန်မော့မှာ ဘယ်သောအခါကမှ ထိုကဲ့သို့ စကားမျိုးကို မယုံကြည်ခဲ့ဖူးချေ။ သို့သော် ထိုအမျိူးသား၏စကားများကိုမူ ငြင်းပယ်နိုင်စွမ်းမဲ့စွာ သူ၏ရင်ထဲတွင် တင်းကြပ်လာစေသည်။ သူ၏လက်ကောက်၀တ်ကိုမြှောက်လျက် နာရီကိုကြည့်လိုက်ရာ ၆နာရီထိုးရန် ၅မိနစ်သာလိုလေပြီ။
"လူကြီးမင်းဖူ ခင်များပြောသလိုဆိုရင် ၆နာရီထိုးတာနဲ့ ခင်များ ကျွန်တော့်ဆီကအသံကို မကြားရတော့သလို ကျွန်တော့်ကိုလည်း ဆက်သွယ်လို့မရတော့ဘူးပေါ့ ဟုတ်လား"
"အင်း"
၅မိနစ်သာကျန်တော့သည့် အချိန်ပိုင်းအတွင်း ထန်မော့၏စိတ်အစဥ်ကပြေးလွှားနေခဲ့ပြီး မျက်လုံးများမှာလည်း တောက်ပလာခဲ့သည်။
"ခင်များပြောသလို ကျွန်တော်နောက်တစ်ယောက်ရှိတယ်ဆိုရင် အခုတွေးကြည့်မှ တစ်ယောက်တည်းရှိတာမဟုတ်လောက်ဘူး ဒီနေ့က ဒီဇင်ဘာ ၆ရက်နေ့ဆိုတော့ အနက်ရောင်မျှော်စင်ရဲ့ စည်းမျည်းအရ ကျွန်တော်က ၇ရက်နေ့မှာ ဂိမ်းကိုရှင်းနိုင်ရမှာ မဟုတ်ရင် မွန်းစတားကြီးရဲ့အစာဖြစ်တော့မှာ"
ထန်မော့၏လေသံမှာ အလွန်ပေါ့ပါးနေခဲ့သော်လည်း ဖူ၀မ်သော်ကဘာမှဆိုမလာခဲ့တော့ချေ။
ထန်မော့ကဆိုသည်။
"တစ်ရက်ပဲကျန်တော့တယ် ဒီဂိမ်းထဲမှာ ကျွန်တော် ဘယ်နှယောက် ထပ်ရှိသေးလဲမသိဘူး.. ဒါပေမယ့် အချိန်ကတော့ တစ်ရက်ပဲကျန်တော့တယ် ကျွန်တော် ဒီနေ့ဂိမ်းကိုရှင်းလိုက်နိုင်တာပဲဖြစ်ဖြစ် မရှင်းနိုင်လိုက်တာပဲဖြစ်ဖြစ် လူကြီးမင်းဖူ ကျွန်တော်မျှော်လင့်တာက မနက်ဖြန် ကျွန်တော် ခင်များကို ဆက်သွယ်လာတဲ့အခါ မေးခွန်းတစ်ခုကို မေးစေချင်တယ်"
ဖူ၀မ်သော်ကမေးလိုက်သည်။
"မနက်ဖြန် မင်းငါ့ကို ဆက်သွယ်လိမ့်မယ်လို့ ဘာလို့သေချာနေရတာလဲ"
"ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်"
ဖူ၀မ်ကျို့မှာ သူ၏အကြံအသေးစိတ်ကို မေးမလာခဲ့ချေ။ ထိုအစားမျက်ခုံးကို အသာပင့်လိုက်မိသည်။
"မေးခွန်းကဘာလဲ"
ထန်မော့မှာ သူ၏နာရီဒိုင်ခွက်ရှိ လက်တံက ၆နာရီထံ တစ်စက္ကန့်ပြီး တစ်စက္ကန့်ရွေ့ရှားနေသည်အား ကြည့်နေခဲ့ပြီး ၂မိနစ်သာလိုတော့သည့်အချိန်တွင် ဆိုလာခဲ့သည်။
"ခင်များမေးရမှာက 'ထန်မော့ အကယ်၍မင်းမှာ အချိန်တစ်ရက်ပဲရှိတော့တယ်ဆိုရင် မင်းရဲ့ ကံကောင်းစေတဲ့နံပါတ်ကဘာလဲ'ဆိုတာပဲ"
ဖူ၀မ်ကျို့မှာ မိုးမျှော်တိုက်ကြီး၏ အစွန်းတွင် ငြိမ်သက်စွာရပ်နေဆဲဖြစ်ပြီး အဝေးမှ နာရီစင်ကြီးကို ကြည့်နေခဲ့သည်။ ၁မိနစ်သာကျန်တော့သည့်အချိန်တွင် သူရုတ်တရက်မေးလိုက်သည်။
"စိတ်၀င်စားစရာပဲ မင်းရဲ့ ကံကောင်းစေတဲ့နံပါတ်ကဘာလဲ"
"၉"
ဖူ၀မ်ကျို့" ဘာလို့လဲ"
ထန်မော့ကပြန်ဖြေလာခဲ့သည်။
"ကျွန်တော်မှာ အချိန်အကြာကြီး တဖက်သက်စိတ်၀င်စားနေခဲ့ရတဲ့သူတစ်ယောက်ရှိတယ် သူ့ရဲ့မွေးနေ့က စက်တင်ဘာ ၉ရက်နေ့"
ဖူ၀မ်သော် ရုတ်ချည်းအေးခဲသွားလျက် မသိလိုက်ခင်မှာပင် မေးလိုက်မိပြန်သည်။
"စက်တင်ဘာ ၉စက်နေ့ဟုတ်လား"
ထန်မော့" အင်း ဘာဖြစ်လို့လဲ"
ဖူ၀မ်သော် တစ်ဖက်လူက သူ့ကို မမြင်နိုင်မှန်းသိသည့်တိုင် ခေါင်းကို အသာခါလိုက်မိသည်။
"ဘာမှမဟုတ်ဘူး အဲဒါကတကယ်ကို ထူးခြားတဲ့ရက်တစ်ရက်ပါပဲ"
ထို့နောက် ခတ္တမျှရပ်တန့်သွားပြီးနောက် ဆိုသည်။
"အခုလောလောဆယ် ပေကျင်းကနေ ရှန်ဟိုင်းကိုလာနေတာအဲဒီမှာလုပ်စရာရှိလို့... ထန်မော့ ငါမင်းကို ရှန်ဟိုင်းမှာ ဆုံရဖို့ မျှော်လင့်ပါတယ်"
ထန်မော့မှာ ကြက်ဆင်ဥကိုတစ်လှည့် နောက်ဆုံးမိနစ်သာ ကျန်တော့သောအချိန်ကို တစ်လှည့် ကြည့်လိုက်ပြီး
"ကောင်းပါပြီ ကျွန်တော်ဒီတစ်ကြိမ် အသက်ရှင်ခဲ့ရင် လူကြီးမင်းဖူ ကျွန်တော်တို့ ရှန်ဟိုင်းမှာ တွေ့ကြတာပေါ့"
"အင်း တွေ့ကြတာပေါ့"
နောက်ဆုံး စက္ကန့်တွင် ထန်မော့သည် ကြက်ဆင်ဥ၏ ဆက်သွယ်မှုကို ပိတ်လိုက်သည်။ ထို့နောက် သူ၏စွမ်းရည်စာအုပ်ကို လေထဲမှ ထုတ်ယူလိုက်ပြီး နောက်ဆုံးစာမျက်နှာကို လှန်လှောလိုက်သည်။
[စွမ်းရည်: မင်းရဲ့အဖေကမင်းရဲ့အဖေပဲ]
[ပိုင်ရှင်: လီရှောင်းလင်(ခိုး၀င်သူ)]
[အမျိုးအစား: ထူးရှယ်]
[အသုံးပြုပုံ: အရာ၀တ္တုတစ်ခုကို ၇ရက်ကြာအမည်ပြောင်းလဲနိုင်စွမ်းရှိ၊ ဆယ်ရက်တွင် တစ်ခါသာအသုံးပြုနိုင်၊ သက်ရောက်မှုရှိသောစွမ်းရည်၊ ပယ်ဖျက်၍မရ]
[အဆင့်: ၁]
[ကန့်သတ်ချက်: သင်သည်အမည်ပြောင်းလဲလိုသောပစ်မှတ်၏ အမည်နှင့် မွေးနေ့ကိုသိရမည်၊ ပစ်မှတ်၏အကြောင်းကို ပိုနားလည်လေ စွမ်းရည်သက်ရောက်နိုင်စွမ်း မြင့်မားလေ]
[မှတ်ချက်: ထန်မော့ ဒီဂြိုလ်သားစွမ်းရည်ကို ကြည့်စမ်းပါဦး မင်းရဲ့အဖေက မင်းအဖေဖြစ်နေတုန်းပဲ]
[ထန်မော့ဗားရှင်း အသုံးပြုရန်အညွှန်း: စွမ်းရည်မှာ ၃ရက်ကြာသက်ရောက်နိုင်ကာ၊ တစ်လတွင် ၁ကြိမ်သာအသုံးပြုနိုင်သည်။ အသုံးပြုပြီးသည့်နောက် ပစ်မှတ်မှာ ထန်မော့၏ အရေးအကြီးဆုံး လျှို့၀ှတ်ချက်ကို သိရလိမ့်မည်။]
ထန်မော့၏လက်ချောင်းတို့က စာကြောင်းများအပေါ် အသာ ပွတ်သပ်လိုက်မိသည်။
"မင်းရဲ့အဖေက မင်းရဲ့အဖေပဲ"
ထို့နောက် အနက်ရောင်ဘောပင်တစ်ချောင်းက ရုတ်ချည်းသူ၏လက်ထဲတွင် ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် ထန်မော့ဗားရှင်းအသုံးပြုရန်အညွှန်းအောက်တွင် စာကြောင်းသုံးကြောင်း ပေါ်လာခဲ့လေသည်။
[မူလအမည်: ...]
[ပြောင်းလဲပြီးအမည်:...]
[ထန်မော့၏အရေးအကြီးဆုံးလျှို့၀ှက်ချက်:...]
..............
"အချိန်ကိုမှတ်ထား ငါပြန်လာလို့ ရွှေကြွက်ကို မတွေ့လို့ကတော့ ညည်းကိုကြွပ်ကြွပ်၀ါးပစ်မယ်]
မော့မော့မှာ ပန်းရောင်ထီးကလေးကို ကိုင်လျက်တံခါးကိုဆောင့်ပိတ်ကာ ထွက်ခွာသွားသော ဘွားဘွား၀ံပုလွေကြီးကို တည်ငြိမ်စွာ ကြည့်နေခဲ့သည်။ သူမထွက်သွားသည်ကို သေချာတော့မှာ စားပွဲထံအမြန်ပြန်ပြေးလျက် ပန်းရောင်ကရားကို ကြည့်လိုက်သည်။
အတွင်း၌ဘာမှမရှိချေ။
ခတ္တမျှ ဂရုတစိုက်စူးစမ်းကြည့်ပြီးသည့်နောက် ကရားကိုပိုက်လျက် သူသည်ဆိုဖာထံလျှောက်လာပြီး ကော်ဖီစားပွဲထံတင်လိုက်သည်။
"ဒီကအချိန်နဲ့ ကမ္ဘာပေါ်ကအချိန်နဲ့သာ အတူတူပဲဆိုရင် ဒီနေ့က ဒီဇင်ဘာ ၁ရက်နေ့ပဲဖြစ်မယ်"
မော့မော့ကရေရွတ်လိုက်သည်။
"စုစုပေါင်း ကြာချိန်က၇ရက် ပထမရက်ကတော့ ရွှေကြွက်ကို ဖမ်းမိနိုင်ချေနည်းတယ်...နောက်၆ရက်ကတော့ အစာနဲ့လူသာအတူရပ်နေသ၍ ၈၀ရာခိုင်နှုန်းလောက်သေချာတယ်ဆိုတော့ ဖြစ်နိုင်ချေကမြင့်လွန်းနေတယ်"
မော့မော့ ပန်းရောင်ကရားကို စိုက်ကြည့်ရင်း ရေရွတ်နေမိသည်။
"ပထမရက်အတွက် ပြဿနာကဘာဖြစ်မလဲ"
ယခုမှာ ၁၂နာရီခွဲဖြစ်ကာ ၆နာရီမထိုးခင် ၅နာရီနှင့် နာရီ၀က်ခန့်ကျန်သေးသည်။ မိုမိုမှာ ဘွားဘွား၀ံပုလွေကြီး၏ တဲအိမ်ထဲ ပါတ်၍စူးစမ်းကြည့်လိုက်ပြီး ဘာမှထွေထွေထူးထူးမတွေ့သောအခါတွင်မှ ဆိုဖာထံပြန်လာခဲ့သည်။ ထို့နောက် မော့မော့သည် ဆိုဖာကြားမှ ဆံပင်အထွေးတစ်ခုကိုဆွဲထုတ်လျက် ၄င်းကို ကရားထဲသို့ထည့်ကာ ကန်စွန်းဥနှင့်လဲလှယ်နိုင်မလား သိချင်ခဲ့သည်။
သူသည် ထိုဆံပင်အထွေးထဲမှ တချို့ကို ဆွဲနှုတ်လျက် ကရားထဲသို့ထည့်ကြည့်လိုက်သည်၊ သူ၏လက်မှာ ထိုဆံပင်အထွေးလိုက်ကို ကိုင်ပြီး ကရားထဲသို့ မထည့်လိုက်မိခင် သူ၏လက်တို့ ရုတ်ချည်း ရပ်တန့်သွားမိသည်။
"ငါ့နာမည်ကမော့မော့လား"
မော့မော့၏လက်တို့တင်းကြပ်သွားလျက် သူ၏လက်ထဲမှ ဆံပင်များမှာ ပြတ်ထွက်သွားခဲ့ရသည်။ သူသည်ထိုဆံပင်အထွေးကို ပစ်ထုတ်လိုက်ပြီး အမည်ဖော်မရသော စိတ်မသက်မသာဖြစ်မှုတစ်ခုက သူ၏ရင်ထဲ ရုတ်ချည်းတိုး၀င်လာခဲ့တော့သည်။ သူမတ်တပ်ထရပ်လျက် ခေါက်တုံ့ခေါက်ပြန်လျှောက်လျက် တွေးတောနေမိသည်။
"ငါ့နာမည်ကမော့မော့ လား ဘယ်လိုလုပ်ပြီး မော့မော့လဲ ငါကထန်.."
သူ၏အသံမှာရုတ်ချည်းတိခနဲ ရပ်တန့်သွားလျက် ချောမောသော လူရွယ်လေးမှ ရှုပ်ထွေးနေသော မျက်၀န်းများနှင့် ရေရွတ်လိုက်မိသည်။
"ဟုတ်ပါတယ် ငါ့နာမည်ကမော့မော့ပါ၊ အမြဲတမ်း မော့မော့ပါပဲ၊ ငါကထန်မော့မဟုတ်..."
သူ၏ခြေလှမ်းတို့ တုံ့ခနဲရပ်တန့်သွားလျက် ရုတ်ချည်းရေရွတ်လိုက်မိသည်။
"မော့မော့ရဲ့ အရေးအကြီးဆုံးလျှို့၀ှက်ချက်က ဗစ်တာကို အကြာကြီး တိတ်တခိုးစိတ်၀င်စားနေခဲ့ရတာပဲ"
ထန်မော့သည် ဘွားဘွား၀ံပုလွေကြီး၏ အ၀တ်ဘီဒိုအနီးသို့ တိုးသွားမိကာ မှန်ထဲမှ သူ့ကိုယ်သူကြည့်လိုက်မိသည်။
အနက်ရောင်ကုတ်အင်္ကျီ၊ အပြာရောင်ဂျင်း၊ ရှုပ်ထွေးမှုနှင့် နားမလည်နိုင်မှုတို့က သူ၏မျက်လုံးတွင် ထင်ဟပ်နေခဲ့သည်။ ထန်မော့သူ့ကိုယ်သူမှန်ထဲမှ တိတ်တဆိတ်ကြည့်နေမိသည်။ ၄င်းမှာ သူသည် လူစိမ်းတစ်ယောက်ကို ကြည့်နေရသည့်အတိုင်းပင်။ သို့သော် မှန်ထဲမှ လူမှာ အလွန်ပင် ရင်းနှီးနေခဲ့သည်။ အတော်လေးကြာပြီးနောက်တွင် သူ၏စိတ်တို့ပြန်လည် တည်ငြိမ်လာခဲ့ပြီး ရုတ်တရက် ရေရွတ်လိုက်မိသည်။
"မင်းရဲ့အဖေက မင်းရဲ့အဖေပဲ"
ထန်မော့ လေထဲမှ စာအုပ်ကိုဆွဲထုတ်လိုက်ပြီး ကျန်အရာများကို မကြည့်တော့ပဲ နောက်ဆုံးစာမျက်နှာကိုသာ တိုက်ရိုက်လှန်လှောလိုက်သည်။
[စွမ်းရည်: မင်းရဲ့အဖေက မင်းရဲ့အဖေပဲ]
......
[ထန်မော့ဗားရှင်း အသုံးပြုရန်အညွှန်း: စွမ်းရည်မှာ ၃ရက်ကြာသက်ရောက်နိုင်ကာ၊ တစ်လတွင် ၁ကြိမ်သာအသုံးပြုနိုင်သည်။ အသုံးပြုပြီးသည့်နောက် ပစ်မှတ်မှာ ထန်မော့၏ အရေးအကြီးဆုံး လျှို့၀ှက်ချက်ကို သိရလိမ့်မည်။]
ထိုညွှန်ကြားချက်မှာ အနီရောင်နှင့်ဖော်ပြထားပြီး
၄င်း၏အောက်တွင် အနက်ရောင်နှင့် ရေးထားသော စာကြောင်း ၃ကြောင်းရှိလေသည်။
"မူလအမည်" "ပြောင်းလဲပြီးအမည်" "မော့မော့၏အရေးအကြီးဆုံးလျှို့၀ှက်ချက်" ဟူ၍ပင်။
[မူလအမည်: ထန်မော့]
[ပြောင်းလဲပြီးအမည်: မော့မော့]
[မော့မော့ရဲ့အရေးအကြီးဆုံးလျှို့၀ှက်ချက်: မော့မော့ဟာ ဗစ်တာကို အချိန်အကြာကြီး တိတ်တခိုးစိတ်၀င်စားနေခဲ့ရတယ်]
ထန်မော့၏မျက်လုံးများမှာ ထိုစာကြောင်းများထံ စူးစိုက်နေခဲ့သည်။ သူသည်ထိုစာကြောင်း ၃ကြောင်းကို လက်ဖြင့်အသာပွတ်သပ်နေမိလျက် အတော်ကြာတော့မှ နှုတ်မှရေရွတ်မိလိုက်သည်။
"ငါ့လက်ရေးပဲ"
'မင်းရဲ့အဖေကမင်းရဲ့အဖေပဲ' စွမ်းရည်မှာ ၁၀ရက်ပြင်ဆင်ချိန်ကာလတုန်းက လီရှောင်းလင်ဟူသော ခိုး၀င်သူတစ်ဦးထံမှ ထန်မော့ရရှိခဲ့ခြင်းပင်။ ထိုခိုး၀င်သူမှာ အလွန်အားနည်းကာ ထန်မော့မှာ ထိုသူ၏စွမ်းရည်ကို အလွယ်တကူသာရရှိခဲ့သည်။
ထိုစွမ်းရည်ကို ပထမဆုံးရရှိခဲ့စဥ်က သူ့အနေနှင့်အလွန် ဆုံးရှုံးသွားသလိုခံစားရသည်။ သူသည်တစ်နေ့တွင် ကစားသမားတစ်ဦးကိုသာ အမျိုးအစားခွဲနိုင်ကာ ယခုတော့ထိုတစ်ရက်စာကို ဖြုန်းတီးလိုက်မိချေပြီ။ ထိုစွမ်းရည်ကိုရရှိခဲ့ပြီးနောက် ထန်မော့ တိုက် အဖွဲ့အစည်းဆီသွားခဲ့ကာ Sအဆင့် ဖြစ်စဥ်ဂိမ်းများကို ရှင်းခဲ့သည်။ ဤသည်မှာ သူရရှိခဲ့သည့် နောက်ဆုံးသော စွမ်းရည်ပင်။
ထန်မော့ မည်သို့ပင်စဥ်းစားစဥ်းစားဤ စွမ်းရည်၏အသုံး၀င်သော တစ်ခုတည်းသော အရာမှာ လူများကို ကျိန်ဆဲရန်ဟုသာ ခံစားခဲ့ရသည်။
ဤစွမ်းရည်ကို အသုံးပြုရန် တဖက်လူ၏ အမည်၊ မျက်နှာ၊ မွေးနေ့တို့ကို သိပါမှ တစ်လတွင် ၁ကြိမ်သာအသုံးပြုနိုင်ဦးမည်။ အကျိုးရလဒ်မှာ တဖက်လူ၏ အမည်ကိုယာယီပြောင်းလဲရန်ပင်။ ထို့အပြင် အကျိုးသက်ရောက်မှုခိုင်မာမှုက ပြန်ပြင်၍မရချေ။ ဆိုလိုသည်မှာ တဖက်လူ၏အမည်ကိုပြောင်းလဲပြီးသည်နှင့် ကမ္ဘာပေါ်မှလူတိုင်း မိမိအပါအ၀င် ထိုစွမ်းရည်အလုပ်လုပ်ချိန်အထိ ပြောင်းလဲသွားသော အမည်ကိုသာခေါ်မိကြမည်ဖြစ်သည်။
မင်းရဲ့အဖေက မင်းရဲ့အဖေပဲ...
အဖေတစ်ယောက်အနေနဲ့ မင်းရဲ့နာမည်ကို မပြောင်းနိုင်ဘူးလား...
ဤဂြိုလ်သားစွမ်းရည်မှာ ထူးဆန်းလွန်းသည်။
ထို့အပြင် ထူးဆန်းကာ သန်မာလွန်းပြန်သည်။
ဥပမာဆိုရလျှင် လောလောဆယ်ထန်မော့၏ အကြည့်များမှာ"မူလအမည်:ထန်မော့"ဟူသောနေရာတွင် မြဲမြံနေခဲ့ပြီး သူ၏နှုတ်မှ ထွက်လာသည်ကမူ
"ငါ့နာမည်က မော့မော့" ဟူ၍ပင်။
မိမိ၏နာမည်အမှန်ကိုသိသော်လည်း ထုတ်ပြော၍မရချေ။
ဤစွမ်းရည်မှာ သက်ရောက်မှုမြင့်မား၍ အလွန်သန်မာသည်ထင်ရကာ ပယ်ဖျက်၍လည်း မရချေ။ ထို့အပြင် မည်သူ့အပေါ်၊ မည်သည့်အရာအပေါ်တွင်မဆို အသုံးပြုနိုင်လေသည်။ သို့သော် စွမ်းရည်သည်ကား ကြောက်ခမန်းလိလိပင်။
ထန်မော့ထိုစွမ်းရည်ကိုရရှိခဲ့သော်လည်း သူ၏ဘ၀တွင် ဘယ်သောအခါမှ အသုံးပြုဖြစ်မည်မဟုတ်ဟု ထင်ခဲ့မိသည်။ အနာဂါတ်တွင် မိမိအား ဆန့်ကျင်လာသူရှိပါက ငါကမင်းအဖေပဲ ဟူ၍ တဖက်လူ၏အမည်ကိုပြောင်းပေးချင်လောက်သော်လည်း ထိုသို့လုပ်ရန် သူ၏အရေးအကြီးဆုံးလျှို့၀ှက်ချက်ကိုလည်း ပြောပြရပေဦးမည်။
ထန်မော့အနေနှင့် တစ်စုံတစ်ယောက်ကို သူ့သားအဖြစ်ပြောင်းရန်အတွက်တော့ သူ၏လျှို့၀ှက်ချက်နှင့် မလဲလှယ် နိုင်ပါချေ၊
--------------------
စာရေးသူမှာ ပြောစရာရှိတယ်။
ထန်ထန်: ငါ့မှာ အကြာကြီးခရက်ရှ်ခဲ့ရတဲ့သူရှိတယ်၊ သူ့မွေးနေ့က စက်တင်ဘာ ၉ရက်လေ။
စက်တင်ဘာ၉ရက်နေ့တွင် မွေးသော မစ်စတာဖူ:
အာ...တိုက်ဆိုင်လိုက်တာ၊ ကိုယ့်မှာလည်း အကြာကြီးခရက်ရှ်နေတယ်သူရှိတယ် သိလား...
🪩