🌍Chapter 43
ဦးခေါင်းကွဲအက်သံက တမဟုတ်ချင်းထွက်လာခဲ့သည်။ ဘေ ထန်မော့အား အေးခဲလျက် မော့ကြည့်လာခဲ့သည်။
"ဘာ...ဘာလို့လဲ"
ထန်မော့ သစ်သားချောင်းကို လွင့်ပစ်လိုက်ကာ
"ငါလည်းမသိဘူး ဒါပေမယ့် အနက်ရောင်မျှော်စင်ကတော့ မင်းကိုသေစေချင်နေတယ်၊ စိတ်မကောင်းပါဘူး"
ဘေကယ်လ်ဗစ်၏မျက်လုံးများမှာ ထန်မော့အား မယုံနိုင်စွာ ကြည့်လျက် ပြူးကျယ်နေခဲ့သည်။ ထို့နောက်သူ၏ကိုယ်မှာ ဘေးဘက်သို့ ပြုတ်ကျသွားပြီး အသက်ရှူရပ်သွားတော့သည်။
တချိန်တည်းမှာပင် ရှန်ဟိုင်း ပူဒုန်ခရိုင်တွင်။
နေရောင်ကတဖြည်းဖြည်းပျောက်ကွယ်လာချိန် သန်သန်မာမာ နိုင်ငံခြားသားကြီးတစ်ဦးမှာ စက်ရုံဟောင်း၏ တွင်းပေါက်တစ်ခုမှ ထွက်လာခဲ့သည်။ ထို့နောက်သူ့အား စောင့်နေပုံရသော မိန်းကလေးက ဆီးကြို၍ ဆိုလာခဲ့လေသည်။
"ကျွန်မဒီနားက S2ဖြစ်စဥ်ဂိမ်းကို ရှင်းဖို့လုပ်နေရင်းလမ်းကြုံလို့၊ ရှင်ရောဘယ်လိုလဲ ဂျက်၊ ရှင်းသွားပြီလား"
ဂျက်မှာ စိတ်ဓါတ်ကျနေဟန်ဖြင့်
"မပြောပါနဲ့တော့၊ ဒီမနက်ကငါ့ရဲ့ခွန်အားတွေက ပြည့်လျှံနေလွန်းလို့ စိန်ကိုတောင် လက်ဗလာနဲ့ခွဲလို့ရတယ်၊ ငါလည်း၀မ်းသာအားရနဲ့ ဒီကိုပြေးလာပြီး အဲဒီမသေနိုင်တဲ့တီကောင်ကို သတ်မယ်ပေါ့၊ ထန်ချောင်း ငါတကယ်ကြီး သတ်နိုင်ခဲ့တာပါ၊ ၁၉မိနစ်အတွင်း အဲဲကောင်ကို ကြိုးကြေသွားအောင် ရိုက်ပစ်ခဲ့တာ၊ သေလည်းသေသွားတယ်၊ အဲဒါကိုငါမစ်ရှင်ရှုံးသွားတုန်းပဲ၊ ဘာလို့လဲ"
ထန်ချောင်းအံ့သြသွားခဲ့သည်။
"ရှုံးတယ်လား၊ ရှင်အမှားများလုပ်မိလို့လား၊ တီကောင်ကြီးကိုသတ်နိုင်တာတောင် ရှုံးသေးတယ်ပေါ့"
ဂျက်ကဒေါသတကြီး ခေါင်းငြိမ့်လာခဲ့သည်။
"အနက်ရောင်မျှော်စင်က ငါ့ကို ဟာသလုပ်နေတာလား"
"မဖြစ်နိုင်တာ"
ထန်ချောင်းခတ္တမျှတွေးတောလိုက်ကာ
"ရှင်ဂိမ်းအကြောင်းကို ဒေါက်တာလော့ကို သေချာရှင်းပြခဲ့ရဲ့လား၊ ရှင်တစ်ယောက်ထဲ ဒီ S3ဂိမ်းကို ၀င်နေတာ၊ ကျွန်မရော တခြားအဖွဲ့၀င်တွေကပါ ဒီညစ်ပါတ်တဲ့ ဂိမ်းကိုစိတ်၀င်စားမနေဘူးလေ၊ ဒေါက်တာလော့လည်း စွမ်းရည်မနိုးထသေးတော့ ၀င်ဖို့မသင့်တော်သေးဘူး၊ ရှင် ရှင်းပြတဲ့နေရာမှာများတစ်ခုခုမှားသွားတာလား၊ အဓိကမစ်ရှင်က တီကောင်ကြီးကိုသတ်ရမှာ မဟုတ်တာများလား"
ဂျကိသူ၏ခေါင်းကိုကုတ်လိုက်ပြီး
"ဟင့်အင်း ငါဒေါက်တာလော့ကိုသေချာပြောပြခဲ့ပါတယ် အရင်ဆုံး နီညိုရောင်ဆံပင်နဲ့တစ်ယောက်ကို တွေ့တယ်လေ၊ ပြီးရင် ရွှေ၀ါရောင်ဆံပင်နဲ့ သေခါနီးတစ်ယောက်ကိုတွေ့ပြီးတော့ တီကောင်ကြီးကိုသတ်ရမယ့် အဓိကမစ်ရှင်ပွင့်လာတယ်"
ထန်ချောင်းမှာ ရှုပ်ထွေးသွားခဲ့သည်။
"အခုက ၁၈နာရီလည်း ထိုးပြီဆိုတော့ ဂိမ်းအချိန်လည်းကျော်သွားပြီ၊ ဒီနေ့တော့ပြန်ရအောင်။ ပြီးတော့ဒေါက်တာလော့ကို ရှင်တွေ့ခဲ့ရတာအသေးစိတ် ပြန်ပြောပြကြည့်လိုက်ပေါ့၊ ပြီးမှ မနက်ဖြန်တစ်ခေါက်ထပ်လာ ကြိုးစားကြည့်လိုက်"
"အင်း ဒီနည်းပဲရှိတော့တာပဲ"
မှောင်မည်းစိုစွတ်သော လှိုဏ်ခေါင်းအတွင်း ထန်မော့မှာ မြေပေါ်တွင်လဲကျနေသော ဘေ၏ကိုယ်ကိုအမူအယာမဲ့စွာ ကြည့်နေစဥ် အနက်ရောင်မျှော်စင်၏ကြေညာသံကိုကြားလိုက်ရလေသည်။
"တင်းတောင်~ ၂၀၁၇ နို၀င်ဘာလ ၃၀ရက် ၁၈နာရီ ၁၃မိနစ်တွင် ကစားသမားထန်မော့က တစ်ဦးချင်းဖြစ်စဥ်ဂိမ်း 'ဘေကိုသတ်ပါ'ကို ရှင်းလင်းလိုက်ပါပြီ။ ဂိမ်းရဲ့ဆုလာဘ်အဖြစ် 'တီကောင် မျက်ရည်'ကို လက်ခံရရှိမှာပါ"
တီကောင်မျက်ရည်ဆိုပါလား...
ထန်မော့မှာ ဆုအား ကြားပြီးသည်နှင့် မျက်နှာမဲမှောင်သွားလျက် ဆွံ့အနေမိသည်။ သူသည် ဘေ၏အလောင်းရှေ့တွင် ၁၀မိနစ်ခန့်ရပ်စောင့် နေခဲ့သော်လည်း အနက်ရောင်မျှော်စင်မှ သူ့အား အပြင်သို့သည်အတိုင်း ပြန်ပို့ပေးမည့်ပုံမပေါ်သဖြင့် လက်လျှော့လျက် လှိုဏ်ခေါင်းထဲတဖန်လျှောက်သွားလိုက်ပြန်သည်။ ယခုဘေကလည်းသေပြီမို့ အပြင်ထွက်ရန် အလွယ်တကူ မရွေးချယ်နိုင်တော့ချေ။
မာရီယို၏ မိုနိုပိုလီဂိမ်းအရ သူဆုလာဘ်ကိုရရှိပြီးသည်နှင့် ဂိမ်းထဲက ထွက်ခွာနိုင်လိမ့်မည်။
ထန်မော့ ခတ္တမျှတွန့်ဆုတ်နေခဲ့သော်လည်း သစ်သားချောင်းနှင့် မီးအိမ်ကိုကောက်ယူလျက် လှိုဏ်ခေါင်းထဲ ပြန်၀င်သွားရုံသာတတ်နိုင်လေသည်။
ဤတစ်ကြိမ်မှာ အလွန်ထူးဆန်းလှသည်။ သူသည်အပြင်ဘက်တွင် အတော်ကြာကြာလမ်းလျှောက်နေခဲ့သည့်တိုင် ဧရာမတီကောင်ကြီးမှာ လွတ်ထွက်မလာသေးချေ။ ထန်မော့ ဂူခေါင်းပိုင်းထဲသို့ရောက်သောအခါမှ တီကောင်ကြီးကို လှောင်ချိုင့်ထဲတွင်တွေ့လိုက်ရခြင်းဖြစ်သည်။
မီးအိမ်အိုကြီး၏ အလင်းရောင်နှင့် ဝေးဝေးတွင် ထူးဆန်းသော တရှူးရှူးအသံတို့ကိုကြားလိုက်ရလေသည်။ ထိုအသံမှာ ပြီးခဲ့သော၂ကြိမ်ကနှင့် မကွာခြားချေ။ သို့သော် ဤတစ်ကြိမ်တွင် ထိုအသံမှာ ထန်မော့၏ခေါင်းထဲ၀င်လာသည်နှင့် ကလေးငယ်တစ်ဦး၏အသံအဖြစ် ပြောင်းလဲသွားခဲ့သည်။
"ဟင့် နာတယ်၊ သွေးတွေအများကြီးပဲ၊ ဘယ်သူက ကလေးလေးကိုရိုက်တာလဲ၊ ဟင့် ဟင့် ဘာလို့လဲ"
ထန်မော့"..."
"ကလေးလေးက လိမ္မာပါတယ်၊ လူတွေကိုလည်း မစားဘူးလေ၊ အရွက်တွေပဲစားတာကို၊ ဘာလို့ ကလေးလေးကိုဖမ်းရတာလဲ၊ ဘာလို့ကလေးလေးကို ရိုက်ရတာလဲ၊ ကလေးလေးဘာလုပ်မိလို့လဲ၊ နာလိုက်တာ ဟင့် ဟင့်"
ရုတ်ချည်း ထိုကလေးသံမှ စူးရှသွားခဲ့သည်။
"အား...မီးရောင်"
တရှုံ့ရှုံ့နှင့် ငိုသံများတိတ်သွားပြီး တီကောင်မှာ သူ၏ဒဏ်ရာကိုလျက်မနေတော့ပဲ လှောင်အိမ်ကို ဒေါသတကြီး၀င်တိုက်တော့သည်။ ၄င်းကခေါင်းကို လိမ်လျက် ထန်မော့၏လက်ထဲမှ မီးအိမ်ကိုကြည့်လာခဲ့သည်။ ထို့နောက်မာန်ဖီလျက်
"မီးရောင် မကြိုက်ဘူး၊ မီးရောင်မလိုချင်ဘူး"
ထို့နောက် မီးအိမ်ရှိရာထံ တစွတ်ထိုးပြေး၀င်လာတော့သည်။ ၄င်းမှာကြီးမားလွန်း၍ ထန်မော့ကိုပါ၀င်တိုက်တော့မည့်နှယ်။
ထန်မော့ ထိုမီအိမ်အားအလျင်အမြန် ခွဲပစ်လိုက်သည်။
ပါတ်၀န်းကျင်မှာ အမှောင်ထုကတဖန်ပြန်လည်ဖုံးလွှမ်းသွားပြီး တီကောင်ကြီးလည်း တန်းလန်းကြီး ရပ်သွားခဲ့သည်။
ထန်မော့မှာ ၄င်းကိုမမြင်ရတော့သည်မို့ ဘာလုပ်ရမှန်းမသိချေ။
လူတစ်ယောက်နှင့် တီကောင်တစ်ကောင်မှာ အေးခဲနေကြသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ထန်မော့မှာ လေးလံသောအရာ၀တ္တုတစ်ခု တရွက်တိုက်ဆွဲလျက်နီးကပ်လာသံကို ကြားလိုက်ရသည်။ အသံကိုနားထောင်ရသည်မှာ တစ်ယောက်ယောက် ရွံ့မြေများအပေါ် တွားသွားနေသကဲ့သို့ ။ ၄င်းအသံကထန်မော့ရှိရာ ရွေ့လျားလာသည့်ဟန်။
ထိုအသံများတဖြည်းဖြည်းနီးကပ်လာရင်း ရုတ်ချည်းရပ်တန့်သွားပြန်သည်။ ထန်မော့ ၄င်းကိုမမြင်နိုင်သော်လည်း ထိုအရာကြီးက သူ့အား နှစ်ပါတ် သုံးပါတ်ပါတ်လျက် စစ်ဆေးနေမှန်းခံစားရသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် ချွဲကျိကျိ အရာတစ်ခုက ထန်မော့၏ လက်ဖျံကိုပွတ်သပ်လာခဲ့သည်။
သူ တီကောင်ကြီး၏ စေးကပ်ပြီး ချွဲကျိကျိခေါင်းကြီးကို စဥ်းစားမိလျှင် ရွံ့ရှာသွားမိသည်။ ထို့နောက် တရှုံ့ရှုံ့ငိုသံကထွက်လာခဲ့ပြန်သည်။
"ဟင့် စိုစိုကြီးနဲ့ ချွဲချွဲကြီး"
ဘေ၏သွေးများမှာ ထန်မော့၏လက်တွင် စိုရွှဲနေဆဲ။
ထန်မော့သက်ပြင်းချလျက် အော့အန်ချင်စိတ်ကို ထိန်းချုပ်လျက် ကြီးမားသောခေါင်းကြီးကို ပွတ်သပ်ပေးလိုက်သည်။ ထို့နောက်သူသည် သူ၏အသံအား အတတ်နိုင်ဆုံး ကြင်နာပုံပေါက်စေရန် ကြိုးစား၍ဆိုလိုက်သည်။
"ဆောရီးပါ ကလေးလေးကိုရိုက်မိသွားတယ်"
ထန်မော့ ယခုလေးတင် နားလည်သွားသည်မှာ ဂိမ်းကိုအစကပြန်လည် စတင်သည့်အခါတိုင်း သူ၏အ၀တ်အစားနှင့် ခန္ဓာကိုယ်မှဒဏ်ရာများမှာ မူလအတိုင်းပြန်လည်ကောင်းမွန်သွားသော်လည်း ကယ်လ်ဗစ်၏အ၀တ်အစားများကတော့ ပြန်ရောက်မလာတော့ချေ။ ကြည့်ရသည်မှာ အနက်ရောင်မျှော်စင်က ကစားသမားကိုသာ စမှတ်သို့ပြန်ပို့ပေးနိုင်ပုံပင်။ သို့သော် ဂိမ်းအတွင်းမှ ဇာတ်ကောင်များ မွန်းစတားများ၏သေခြင်းရှင်ခြင်းကိုမူ ပြန်မပြင်ပေးနိုင်ချေ။ ထို့ကြောင့်ရှေ့တစ်ကြိမ်က ထန်မော့ တီကောင်ကြီးကို ရိုက်ခဲ့သောဒဏ်ရာများမှာ ပြန်မကောင်းသေးခြင်းပင်။
တီကောင်ကြီးမှာ ထန်မော့ကိုနားမလည်ချေ။
"ဦးဦးကို ကြည့်ရတာ လူကောင်းပါ၊ ဟိုမူးနေတဲ့လူကြီးလို ကလေးလေးကိုနာအောင် မလုပ်လောက်ပါဘူး"
ရုတ်ချည်း သူ၏သွေးထွက်နေသော အကွဲရာထံမှ နာကျင်မှူတစ်ခုကို ခံစားလိုက်ရပြီး တီကောင်ကြီးမှာ ငိုကြွေးလာပြန်သည်။
ထန်မော့လက်ကိုလှမ်း၍ မျက်ရည်ကိုဖမ်းယူရန်ကြိုးစားလိုက်သော်လည်း...
ဧရာမတီကောင်ကြီးမှာ ပါးစပ်ဖြင့်သာငိုနေခြင်းဖြစ်ကာ မျက်ရည်တစ်စက်မျှမထွက်ချေ။
ထန်မော့၏ အမူအယာမှာ ရှုံ့မဲ့သွားခဲ့သည်။
အကယ်၍ ဤဂိမ်းသာ မာရီယို၏မိုနိုပိုလီဂိမ်းနှင့် တူညီသော လုပ်ဆောင်ချက်ရှိပါက ထိုမျက်ရည်စက်ကို ရမှသာ ဂိမ်းထဲမှ ပြန်ထွက်နိုင်မည်ဖြစ်သည်။
ရေနံဆီမီးအိမ်မှာ ကွဲသွားပြီဖြစ်ကာ ထန်မော့တွင် ဓါတ်မီးတစ်လက်ရှိသေးသော်လည်း မထုတ်လိုခဲ့ချေ။
ဧရာမ ချွဲကျိကျိတီကောင်ကြီးမှ မိမိအားပွတ်သပ်နေသော မသတီစရာခံစားချက်ကို မေ့ဖျောက်ရန်ကြိုးစားရင်း ထန်မော့ တီကောင်ကြီး၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
တီကောင်ကြီး၏ ဒဏ်ရာများမှာ သူ့ကြောင့်ပင်။ သူက၄င်းကိုချော့နေရင်း အနည်းငယ်တော့ အပြစ်မကင်းသလို ခံစားလိုက်ရသည်။ ၄င်းကြောင့်ပင် ထန်မော့၏အပြုအမူများမှာ ပို၍ သဘာ၀ဆန်နေခဲ့လေသည်။
ထန်မော့ဂိမ်းထဲသို့မ၀င်ခင်က သူ၏မသိစိတ်တွင် စိမ့်၀င်နေသော အချက်မှာ တီကောင်ကြီးက ဂိမ်း၏ နောက်ဆုံး ရင်ဆိုင်ရမည့်ဘော့စ်ဖြစ်သည်ဟုပင်။
ကမ္ဘာကြီးအွန်လိုင်းပေါ်တက်သွားပြီးနောက် ထန်မော့၏ မှတ်ဥာဏ်မှာအထူးကောင်းမွန်လာခဲ့သည်။
သူသည် ဂျက်၏မြေအောက်ပါကင်တွင် S3ဂိမ်းကိုရှင်းမည်ဟူသော စကားကြောင့် ရှော့ပင်းမောအနီးတွင် ၁နာရီကျော်ကြာပုန်းနေပြီး ဂျက်အားနောက်ယောင်ခံလိုက်ခဲ့သည်။
ထန်မော့ထိုဂိမ်းထဲသို့ရောက်လာသည်အထိ စိတ်ထဲတွင်စွဲနေခဲ့သည်က တီကောင်ကြီးကို သတ်ရန်ပင်။
ဤဂိမ်း၏ နောက်ဆုံးဘောစ့်ကသူ့အား အံအားသင့်စေခဲ့သည်။ သူကတီကောင်ကြီးကိုသတ်ရမည်ဟုသာ ထင်နေခဲ့သည်။ ကန့်သတ်ချက်များစွာကို မမျှော်လင့်ထားခဲ့မိချေ။ ထို့ကြောင့်ပင် ဂိမ်းထဲရောက်သည်နှင့် တီကောင်ကြီးအား တွန့်ဆုတ်ခြင်းမရှိ ပြေးရိုက်ခြင်းပင်။ ဒုတိယအကြိမ်တွင်ကား ထိုတီကောင်ကြီးအား သတ်ရန်ခက်ခဲလွန်းနေသည်ဟု ခံစားခဲ့ရသည်။ သူ၏ခေါင်းထဲတွင် တီကောင်ကြီးကိုသတ်ရန်သာ စွဲနေခဲ့ပြီး ကျန်အရာများကို အာရုံမစိုက်မိခဲ့ချေ။
တတိယအကြိမ်တွင် ဂျက်ကြောင့်စွဲနေခဲ့သော အတွေးမှားထံမှ နိုးထလာခဲ့ပြီး သံသယ၀င်စရာအများကြီးကိုရှာတွေ့လာခဲ့သည်။
အရင်ဆုံး လှိုဏ်ခေါင်းမှာ ရှည်လျားလွန်းသည်။ ထန်မော့မှာ ပထမအကြိမ်တွင် ဂရုတစိုက်လျှောက်လာခဲ့၍ ဘေအားတွေ့ချိန်၌ပင် အချိန်မှ မိနစ်၂၀ပြည့်ခါနီးချေပြီ။ ထို့ကြောင့် တီကောင်ကြီးကို သတ်ရန် အချိန်၅မိနစ်သာ ကျန်ရစ်လေသည်။
သူသာတွက်ချက်ခြင်းမှားခဲ့ပါက သူတီကောင်ကြီးကို တွေ့ခဲ့ရမည်မဟုတ်ပဲ မိနစ်၂၀လည်း ကုန်လွန်သွားခဲ့မှာဖြစ်သည်။ ဤအချိန်ကန့်သတ်ချက်မှာ အဓိပ္ပါယ်မရှိချေ။ ကစားသမားများအတွက် ဂိမ်းကိုရှင်းနိုင်ရန် အခွင့်အရေးနည်းပါးလွန်းသည်။
ဒုတိယအနေနှင့် သေချာဂရုတစိုက် စဥ်းစားပါမှ ရှာတွေ့နိုင်မည့် အချက်များရှိလေသည်။ ဒုတိယအနေနှင့် နီညိုရောင်ဆံပင်နှင့် လူ၏ရင်ဘတ်မှ ဒဏ်ရာမှာ တီကောင်ကြီးထံမှ တိုက်ခိုက်ခံရခြင်းမျိုးမဟုတ်ချေ။ ၄င်းမှာ ချွန်ထက်သော လက်နက်တစ်ခုခုနှင့် အထိုးခံထားရခြင်းပင်။ ထို့အပြင် အနက်ရောင်မျှော်စင်ကကြေညာသွားသော စကားလုံးအသုံးအနှုန်းလည်းရှိသေးသည်။
အနက်ရောင်မျှော်စင်က သစ်သားချောင်းကသာ တီကောင်ကြီးကို ဒဏ်ရာရစေနိုင်သည်ဟုဆိုခဲ့သည်။ ထို့နောက် ဘေကအလင်းရောင်ကို မမြင်နိုင်ဟုပင်။
အနက်ရောင်မျှော်စင်မှာ ထိုနှစ်ခုအတွက် မတူညီသောနာမ်စားနှစ်ခုကို အသုံးပြုသွားခြင်းပင်။
အကယ်၍ တီကောင်ကြီးကသာဘေဖြစ်နေခဲ့လျှင် ထိုသို့ခွဲခြား ကြေညာနေစရာမလိုချေ။
ဤနည်းဖြင့် အနက်ရောင်မျှော်စင်မှာ ကစားသမားများအား လမ်းလွဲစေခဲ့ခြင်းပင်။
ထန်မော့မှာ ဘေကအဘယ်ကြောင့် အလင်းရောင်ကို မမြင်နိုင်သည်အားရှင်းမပြနိုင်ချေ။ သို့သော် သေချာပြန်လည်စဥ်းစားပြီးနောက်တွင် ၀င်္က၀ုတ္တိအလင်္ကာနှယ်အဓိပ္ပါယ်ရသော စကားလုံးတချို့ကို တွေ့ရှိခဲ့သည်။ ဘေမှာ တီကောင်ကြီးကဲ့သို့ အလင်းရောင်ကို မုန်းသည်ဟုဆိုနိုင်သည်။ သို့မဟုတ်သူက အလင်းရောင်ကို မမြင်နိုင်သော ယောကျာ်းဟုလည်းဆိုနိုင်သည်။
ဒုစရိုက်များလွန်း၍ အလင်းကိုမမြင်နိုင်တော့ဟူသော အဓိပ္ပါယ်ပင်။
တီကောင်ကြီးမှာ ဆက်လက်ငိုကြွေးနေဆဲ။
ထန်မော့ ၄င်း၏ရွံစရာခေါင်းကြီးကို ပွတ်သပ်ရင်း ၄င်းထံမှ မျက်ရည်ကိုမည်သို့ရအောင်ယူရမည်အား စဥ်းစားနေခဲ့လေသည်။
ဤရွံစရာရုပ်ဆိုးဆိုး တီကောင်ကြီးမှာ ထန်မော့ထံခေါင်းထိုးလျက် ငိုချင်ယောင်ဆောင်နေလေသည်။
ထန်မော့ ၄င်းအားအတော်ကြာကြာ နှစ်သိမ့်ပေးနေခဲ့ပြီးနောက် စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။
"မင်းကဦးဦးကိုပဲ အပြစ်တင်နေလို့မရဘူးလေ၊ အနက်ရောင်မျှော်စင်ကိုပဲ အပြစ်တင်ရမှာ၊ သူကဦးဦးတို့ကို မိနစ်၂၀ပဲ ပေးထားတာလေ၊ ဦးလည်း အတတ်နိုင်ဆုံးကြိုးစားပြေးခဲ့တာပဲ ဒါပေမယ့် ၁၅မိနစ်ပဲကျန်တယ်လေ၊ ပုံမှန်လူတစ်ယောက်က အဲလောက်အလျင်လိုနေတဲ့အချိန်မှာ သတိလက်လွတ်အမှားတွေလုပ်မိတတ်တာပဲလေ"
သို့သော် တီကောင်ကြီးမှာ ထန်မော့၏စကားများကို နားလည်ပုံမပေါ်ပဲ ပို၍ ကျယ်လောင်စွာ ငိုကြွေးလာတော့သညိ။
🪩