Chapter 134
ခြေကျင်းဝတ်ခေါက်သွားသည်ဟု အတုလုပ်ထားတဲ့ ဒီအမျိုးသမီးကျင့်ကြံသူကိုတွေ့ပြီးနောက်၊ သူမအခန်းထဲကို သူ့အားဖိတ်ခေါ်မှုကြောင့် ကျန်ရင်းဘယ်လိုတုံ့ပြန်ရမှန်းမသိတော့ပေ။
အထူးသဖြင့် ဖန့်ထျန်းရွေ့ဟာ လေးနက်သောအကြည့်ဖြင့် သူ့နောက်တွင်ရပ်နေပြီး သူ၏အကြည့်ဟာ ဓားသွားကဲ့သို့ အေးစက်နေပြီး သူ့နောက်ကျောကို ဓားဖြင့်ထိုးလုနီးပါးဖြစ်အောင် ကျန်ရင်းခံစားမိသည်။
" မင်းမှာ လုပ်စရာရှိနေပြီဆိုတော့ ငါ့ကိုခွင့်ပြုပါဦး " ဖန့်ထျန်းရွေ့က အပြုံးတုဖြင့်ပြောပြီး ကျန်ရင်းကိုချန်ကာ လှည့်ထွက်သွားတော့သည်။
" ထျန်းရွေ့! " ဖန့်ထျန်းရွေ့ဆီအမီလိုက်ချင်သောအခါတွင် သူမ၏ခြေကျင်းဝတ်ကိုလိမ်နေသော ထိုအမျိုးသမီးက ရုတ်တရက် မတ်တပ်မရပ်နိုင်ဖြစ်ပြီး ကျန်ရင်းပေါ်သို့လဲကျသွားသည်။
ဖန့်ထျန်းရွေ့က ဤအခိုက်အတန့်တွင် သူ့ခေါင်းကိုလှည့်ကြည့်လိုက်ရာ ကျင့်ကြံသူအမျိုးသမီးဟာ ကျန်ရင်း၏ရင်ခွင်ထဲသို့ရောက်နေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာအမူအရာဟာမည်းမှောင်သွားပြီး ဘာမှတော့ပြန်မပြောချေ။
ကျန်ရင်းအလွန်စိုးရိမ်နေလေသည်။ ဖန့်ထျန်းရွေ့ မည်မျှမာကျောသည်ကို သူသိပြီး ဖန့်ထျန်းရွေ့က သူတို့၏ဆက်ဆံရေးကိုလက်ခံရန် သူအလွန်အားစိုက်ထုတ်ခဲ့ရသည်။ ဒီအဖြစ်အပျက်က သူတို့ကိုမူလနေရာသို့ပြန်ဆုတ်သွားစေလျှင် သူတကယ်ငိုချမိလိမ့်မည်။
" ထွက်သွားစမ်း! " ကျန်ရင်းက ထိုအမျိုးသမီးကို ရိုက်လွှတ်လိုက်ပြီး လှေကားထစ်တွေပေါ်ကနေပြေးတက်သွားသည်။
စုရွဲ့သည် ပြင်ဆင်မှုမရှိဘဲ တွန်းထုတ်ခံခဲ့ရပြီး သူမ ရုတ်တရက် မြေပြင်ပေါ်သို့ လဲကျသွားသည်။
" ချီးပဲ! " စုရွဲ့ သူမ၏သွားတွေကို ကြိတ်လုမတတ်ဖြစ်သွားသည်။ ကျန်ရင်းသည် ဤမျှ အေးစက်စွာ ပြုမူလိမ့်မည်ကို သူမ မမျှော်လင့်ခဲ့ပေ။ ဒီလောက် ပျော့ညံ့တဲ့မိန်းကလေးကို သူဘယ်လိုလုပ် ရိုက်ရဲတာလဲ။
" ဟေး အလှလေး၊ မင်းအခန်းထဲကိုပို့ပေးဖို့ ငါ့အကူအညီလိုလား? " မုတ်ဆိတ်မွေးထူထူကြီးကြီးနဲ့ယောက်ျားကြီးတစ်ယောက်က သူမထံချဉ်းကပ်လာပြီး စုရွဲ့ကိုမျက်စပစ်လိုက်သည်။
" ထွက်သွား! " စုရွဲ့ပိုလို့တောင်စိတ်ဆိုးသွားသည်။ အကယ်၍ သူမတိုက်ခိုက်ရန် အဆင်မပြေသောမြို့ တွင်မရှိခဲ့ပါက သူမသည် ဤလူကြီး၏ အသက်ကို နှုတ်ယူသွားပေလိမ့်မည်။
လူကြီးကရယ်ပြီး ဒေါသမထွက်နေပေ။ စုရွဲ့ငြင်းပယ်ခံရတာကို ကြည့်ပြီးနောက် သူကစိတ်ကောင်းရှိနေသည်။ ဒါ့အပြင် အလှလေးက သူ့ကို ကြိမ်းမောင်းတာဖြစ်လို့ ဘာဖြစ်သွားမှာမလို့လဲ?
" မမ! " အာရွဲ့သည် တစ်နေရာရာမှထွက်လာပြီး စုရွဲ့ကိုမြေပြင်ပေါ်မှထရန် ကူညီပေးလိုက်သည်။
လူကြီးနှင့် အတူရှိနေကြသော ကျင့်ကြံသူယောက်ျားများသည် အာရွဲ့ကိုမြင်လိုက်ကြပြီး အားလုံးသည် အလွန်ယုတ်မာသောအပြုံးကိုပြသနေကြသည်။ သူတို့ထဲကတစ်ယောက်က သူမကိုရယ်ပြီးနောက်ပြောင်ရင်း " အိုး ဒါဆို မင်းတို့ကအမွှာတွေလား? မင်းတို့နှစ်ယောက်ကိုသာမြင်လိုက်ရင် အဲ့ဒီကောင်က ဟုတ်တယ်လို့ ဖြေလိမ့်မယ်ထင်တယ်။ မင်းတို့သုံးယောက်အတူတူသာကစားရင် အရမ်းကိုပျော်ဖို့ကောင်းမှာပဲ "
အာရွဲ့ကသူ့ကိုအေးစက်စွာ ကြည့်နေသော်လည်း ထိုလူတွေက ချုပ်ချယ်ရန်လုံးဝမရည်ရွယ်ပါ။ စုရွဲ့နဲ့အာရွဲ့တို့သည် အခြေခံကျင့်ကြံခြင်း အစောပိုင်းအဆင့်ထိ ပြီးထားသည့် ကျင့်ကြံသူများသာဖြစ်ပုံရသည်။ ဒီလူတွေအများစုဟာ အခြေခံကျင့်ကြံခြင်း အလယ်အလတ်အဆင့်ထိရောက်ရှိထားသူများပါဝင်သည်။ အကယ်၍ နှစ်ဖက်စလုံးတိုက်ခိုက်ကြပါက အလောင်းကောင်ရုပ်သေးရုပ်ဂိုဏ်း၏ အစောင့်အကြပ်သည် အချိန်မီမပေါ်ခဲ့လျှင်တောင် သူတို့ရှုံးမည်မဟုတ်ပေ။
" အရင်ပြန်သွားကြစို့! " စုရွဲ့သည် အာရွဲ့နှင့်အတူ သူမ၏အခန်းဆီသို့ မှုန်ကုပ်ကုပ်ဖြင့် ပြန်လာခဲ့သည်။ ဖြစ်ပျက်ခဲ့တာက ရိုးရိုးရှင်းရှင်းလေးနဲ့ သူမဘဝအတွက် ရှက်စရာပင်။ ထိုလူသည် သူမအားသတိထားမိလိမ့်မယ်လို့ သူမထင်ခဲ့ပေမယ့် ထိုသူကသူမကို လုံးဝစိတ်မဝင်စားဘူးလို့ သူမ,မမျှော်လင့်ခဲ့ပေ။
ကျင့်ကြံသူအများစုက အဆိပ်ပြင်းသောမျက်လုံးများရှိကြသည်။ သူမသည်ယင်ဓာတ်ကိုပိုင်ဆိုင်ကြောင်း ဖော်ထုတ်ရန်မဖြစ်နိုင်ပေမယ့် ကျင့်ကြံသူအမျိုးသမီး၏ယင်ဓာတ်က ကျင့်ကြံသူအမျိုးသားတွေအတွက် အလွန်ကောင်းမွန်သည့်ဖြည့်စွက်စာဖြစ်သည်။ ထို့ကြောင့် ကျန်ရင်းကိုလှည့်ဖြားနိုင်ရန် သူမအလွန်ယုံကြည်မှုရှိခဲ့သည်။
" ဒီကောင်ကဘာဖြစ်ရတာလဲ? သူကလုံးဝမတုံ့ပြန်ဘူး! " စုရွဲ့ကဒေါသတကြီး စားပွဲကိုရိုက်ချိုးလိုက်သည်။ အလောင်းကောင်ရုပ်သေးရုပ်ဂိုဏ်းက အလောင်းကောင်များကို တိုက်ခိုက်ရန်လက်နက်အဖြစ် အဓိကမွမ်းမံလေ့ရှိပြီး ဆွဲဆောင်မှုရှိသည့်စကားလုံးတွေပြောရာတွင် မကျွမ်းကျင်ပေ။
အာရွဲ့ကလျှာထုတ်ပြပြီး " ဘယ်သူသိမလဲ? သူကမစွမ်းနိုင်တာလဲ ဟုတ်လောက်မှာပေါ့ "
" မဖြစ်နိုင်ဘူး " စုရွဲ့ကသူမအောက်နှုတ်ခမ်းကိုကိုက်လိုက်ပြီး " သူ့ရဲ့မူလယန်ဓာတ်ကပျောက်ထားပြီးပြီ၊ အကယ်၍ သူသာမစွမ်းနိုင်ဘူးဆိုရင် သူဘယ်လိုလုပ် အဲ့ဒါကိုဆုံးရှုံးသွားမှာလဲ … "
" အိုး … " အာရွဲ့ကခေါင်းကိုကုတ်လိုက်ပြီး " ဘုရားရေ၊ မမ ဖြစ်နိုင်တာကတော့ … ယောင်္ကျားတွေကိုကြိုက်တဲ့ ယောင်္ကျားလေးကိုမှ သွားဆွဲဆောင်မှတော့ မမကံဆိုးမှာပေါ့ မဟုတ်ဘူးလား? "
စုရွဲ့အံ့အားသင့်သွားပြီးနောက် သူမ၏မျက်နှာသည် အုံ့မှိုင်းနေပြီး ထိတ်လန့်သွားသည်။ အခုလေးတင် ဖြစ်ပျက်ခဲ့တာတွေကို ပြန်တွေးကြည့်တော့ နတ်ဆိုးခန္ဓာကိုယ်ရှိသည့်အမျိုးသားက သူနဲ့အတူရှိနေသည့် တခြားယောင်္ကျားလေးအပေါ် ထူးထူးခြားခြား သဘောထားမျိုးရှိနေမှန်းထင်ရှားသည်။
" ချီးပဲ! ငါဘာကြောင့် ဒီလောက်ထိတောင် ကံဆိုးရတာလဲ?! " စုရွဲ့သည်အလွန်စိတ်ဓာတ်ကျနေခဲ့ပြီး နောက်ဆုံးတွင် သူမသည်အလောင်းကိုမွမ်းမံရန်အတွက် အလွန်ကောင်းမွန်သော ပစ္စည်းတစ်ခုကို တွေ့ခဲ့ရသော်လည်း ထိုသူက ယောက်ျားများကိုသာကြိုက်သော အရူးဖြစ်နေသည်!
သူ့ကိုသွေးဆောင်ရန် အလွန်ခက်ခဲမည်မှာ သေချာသော်လည်း စုရွဲ့သည် နတ်ဆိုးအမြုတေကဲ့သို့ အဖိုးတန်ပစ္စည်းများကို စွန့်လွှတ်မည်မဟုတ်ပေ။
အာရွဲ့လည်းမကူညီနိုင်ဘဲ စိတ်ပျက်အားငယ်နေမိသည်။ အကယ်၍ သူတို့သည် ဤကျင့်ကြံသူယောက်ျားအား အောင်မြင်စွာ မဆွဲဆောင်နိုင်ခဲ့ပါက၊ သူတို့၏ရှစ်ရှုန်းကို ဆန့်ကျင်ရန်အကြံအစည်မှာ အချည်းနှီးသက်သက်သာဖြစ်သွားလိမ့်မည်။
" ဟန့်၊ ငါမယုံဘူး၊ သူက အဲဒီလူအပေါ် တကယ်ပဲသစ္စာရှိနိုင်ပါ့မလား? " စုရွဲ့က သူမ၏ရင်ဘတ်ပေါ်ရှိ လက်ချောင်းများကို တင်းတင်းကျပ်ကျပ်လိုက်ပြီး သွေးများ သူမ၏ပါးစပ်ထဲ ချက်ချင်းထွက်လာခဲ့သည်။
" မမ! " အာရွဲ့အော်လိုက်သည်။
" ငါအဆင်ပြေပါတယ် " စုရွဲ့ကခေါင်းယမ်းလိုက်ပြီး နှုတ်ခမ်းထောင့်မှသွေးများကို သုတ်လိုက်သည်။ သူမသည် သူမ၏လက်ချောင်းထိပ်များကိုအသုံးပြုကာ ပါးစပ်မှထွက်လာသောသွေးများကနေ အနက်ရောင် ပိုးကောင်လေးများကို ကောက်ယူလိုက်သည်။
" မမ၊ ဘာလို့ အလောင်းကောင်ရုပ်သေးရုပ်ရဲ့ ပိုးကောင်ကို တွန်းထုတ်လိုက်ရတာလဲ? " အာရွဲ့အံ့ဩသွားသည်။
စုရွဲ့ကတင်းမာသောမျက်နှာဖြင့် " နင်ကဘာကိုကြောက်နေတာလဲ? ငါတို့မှာ အဲဒီနတ်ဆိုးအမြုတေရဲ့ဖုတ်ကောင်ကို ရပြီဆိုရင် ငါတို့လည်း အဲ့ဒါရဲ့ပိုးကောင်ကိုရလိမ့်မယ်! "
အာရွဲ့ကတိတ်ဆိတ်နေခဲ့သည်။ အလောင်းကောင်ရုပ်သေးရုပ်ပိုးကောင်သည် သူတို့၏သွေးအနှစ်သာရဖြင့် မွေးမြူထားသည့် ပိုးကောင်တစ်မျိုးဖြစ်သည်။ ဒီပိုးကောင်ကို တစုံတယောက်ရဲ့ ခန္ဓာကိုယ်ထဲကိုထည့်ထားရင် အဲဒီ့လူရဲ့ခန္ဓာကိုယ်ကို အချိန်တိုအတွင်းထိန်းချုပ်နိုင်ပါသည်။
သို့ရာတွင် သူတို့နှစ်ယောက်ကြားတွင် ကျင့်ကြံခြင်းအဆင့် သိသာစွာကွာခြားခြင်းမရှိပါက၊ သူနိုးလာချိန်တွင် သူ၏ခန္ဓာကိုယ်အတွင်းသို့ ပိုးကောင်ထည့်ရန် အလွန်ခက်ခဲမည်ဖြစ်သည်။ စုရွဲ့သည် ကျန်ရင်းကိုထိန်းချုပ်ရန် ဤပိုးကောင်ကိုအသုံးပြုလိုက်ပါက သူမသည် ၎င်း၏တက်ကြွမှုကိုတွန်းအားပေးပြီး ၎င်းကိုအတင်းအကြပ် စိုက်သွင်းရုံသာတတ်နိုင်သည်။
အလောင်းကောင်ရုပ်သေးရုပ်ရဲ့ပိုးကောင်သည် အသက်ဝင်ပြီး မကြာမီသေသွားလိမ့်မည်။ ပိုးကောင်ရှိသောကျင့်ကြံသူသည် သူတို့၏ခန္ဓာကိုယ်အတွင်းသို့ အာဟာရဖြည့်ရန် အခြားပိုးကောင်များကို ရှာမတွေ့ပါက ကျင့်ကြံခြင်းအဆင့်မှာသိသိသာသာ ကျဆင်းသွားလိမ့်မည်။
စုရွဲ့ရဲ့ရည်ရွယ်ချက်က တော်တော်ထင်ရှားပါသည်။ ညီအစ်မများမှလွဲ၍ သူတို့နှင့်အနီးစပ်ဆုံးသောပိုးကောင်သည် ဖန်ကျစ်ကျီး၏အကောင်ဖြစ်သည်။ ဖန်ကျစ်ကျီးကိုသတ်ဖို့ သူတို့စိတ်ကူးထားပြီးသားဖြစ်ပြီး သူ့ရဲ့အလောင်းကောင်ရုပ်သေးရုပ် သန်ကောင်ကိုရဖို့ နည်းလမ်းကျလိမ့်မည်။
အလောင်းကောင်ရုပ်သေးရုပ်ပိုးကောင်သည် စုရွဲ့၏ခန္ဓာကိုယ်မှထွက်ခွာသွားသောကြောင့် ၎င်းသည်ထိတ်လန့်ပြီးအသက်မဲ့သွားခဲ့သည်။ တစုံတယောက်၏ခန္ဓာကိုယ်မှထွက်လာသည်နှင့် အများဆုံး ၆ နာရီအထိ အသက်ရှင်နိုင်သည်။ စုရွဲ့သည် ကျန်ရင်း၏ခန္ဓာကိုယ်တွင် ပိုးကောင်ကို ခြောက်နာရီအတွင်း ထည့်သွင်းရမည်ဟု ဆိုလိုသည်။
မဟုတ်ရင် သူမ၏အလောင်းကောင်ရုပ်သေးရုပ်ပိုးကောင်ရဲ့ ရှင်သန်မှုကိုနှိုးဆွပြီး ကျန်ရင်းကို ခြယ်လှယ်နေရင်တောင်မှ သူမကို ထူးထူးခြားခြားပြုလုပ်ရန် မဖြစ်နိုင်တော့သလို၊ သူ့ရဲ့အဖော်ကလည်း သူမကိုဆန့်ကျင်မှာသေချာပါသည်။
" ရှောင်အာ၊ ရှစ်ရှုန်းကို မြို့ပြင်မှာစောင့်နေဖို့ပြောလိုက်၊ ဒီကောင်ကို ငါခေါ်ထုတ်လိုက်မယ် "
" ကောင်းပြီ " အာရွဲ့ကခေါင်းညိတ်လိုက်ပြီး " မမ သတိထားနော် "
" စိတ်မပူပါနဲ့ ငါအဆင်ပြေမှာပါ " စုရွဲ့ကပြုံးပြီး အာရွဲ့ရဲ့ခေါင်းကိုညင်သာစွာ ပုတ်လိုက်သည်။
အာရွဲ့သည် မြို့ပြင်တွင် ထောင်ချောက်ဆင်ဖို့ ဖန်ကျစ်ကျီးကိုရှာရန် အခန်းမှအမြန်ထွက်သွားပြီး စုရွဲ့သည် ပိုးကောင်ပါသော ကြွေပန်းအိုးကိုယူကာ ရွှီဇီရုန်ငှားထားသည့် ခြံဝင်တံခါးအပြင်ဘက်သို့ ထွက်သွားသည်။
ရွှီဇီယန်သည် တည်းခိုခန်းတွင်နေခဲ့စဉ်ကတည်းက သူ့ခန္ဓာကိုယ်အတွင်းရှိစိတ်ဝိညာဉ်စွမ်းအားအပြည့်ကိုစုပ်ယူရန် ပြင်းပြင်းထန်ထန် ကြိုးစားနေခဲ့သည်။
တစ္ဆေမြို့ငါးမြို့ကို မိစ္ဆာကျင့်ကြံသူများထိန်းချုပ်ထားသော်လည်း မြို့အတွင်း၌တိုက်ခိုက်ရန် တားမြစ်ထားသည်။ ထို့ကြောင့် ကာကွယ်ရေးအခင်းအကျင်းတွေနဲ့အတူ တည်းခိုခန်းတွင် လုံခြုံစွာနေနိုင်လိမ့်မည်။
ရွှီဇီယန်သည် အပြင်မထွက်နိုင်ပဲ ရွှီဇီရုန်ကလည်း သူ့ကိုတစ်ယောက်တည်း ထားခဲ့မည်မဟုတ်ပေ။ ထို့ကြောင့် ဝေယျာဝစ္စအလုပ်များအားလုံးသည် ကျန်ရင်း၏တာဝန်များဖြစ်လာခဲ့သည်။ ဒါကလည်း ကျန်ရင်းမကြာခဏ အပြင်ထွက်ရတဲ့ အကြောင်းရင်းပါ။ သူတို့စုဆောင်းထားတဲ့ပစ္စည်းတွေရောင်းတာအပြင် သူတို့ရဲ့စိတ်ဝိညာဉ်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းဖို့အတွက် ဆေးပြားတစ်တန်ကိုလည်းဝယ်ခဲ့သည်။
ပြန်လာရန်အချိန်မည်မျှအချိန်ယူရမည်နှင့် အန္တရာယ်ရှိသောနေရာများကိုဖြတ်ကျော်ရန် မည်မျှအချိန်ယူရမည်ကိုမသိခဲ့ကြပေ။ ရွှီဇီယန်အပြည့်အဝ ပြန်လည်ကောင်းမွန်မလာမီတွင် သူတို့ဆက်လက်လုပ်ဆောင်ရန် နည်းလမ်းမရှိတော့ဘူး။
ရွှီဇီယန်သည် ငရဲမီးလျှံမိစ္ဆာနယ်မြေကထက် ပိုမိုလျင်မြန်စွာကျင့်ကြံနိုင်ခဲ့ပြီး သူဘေးကင်းသောပတ်ဝန်းကျင်တွင် ပိုမိုသက်တောင့်သက်သာရှိသောကြောင့်ဖြစ်သည်။
သို့သော် သူ၏ခွဲခြမ်းစိတ်ဖြာချက်အရ ရွှီဇီရုန်၏မွေးနေ့မတိုင်မီ သူပြန်လည်ကောင်းမွန်လာမည့်မဟုတ်။ ဇီရုန်ငယ်စဉ်အခါက ခေါက်ဆွဲတစ်ပန်းကန် လုပ်ပေးလေ့ရှိပြီး သူကတံခါးပိတ်ကျင့်ကြံနေခဲ့သောကြောင့် ဇီရုန်၏မွေးနေ့ကို မကျင်းပပေးရတာ ငါးနှစ်ရှိသွားပြီဖြစ်သည်။
ရွှီဇီယန် ထိုအရာနှင့်ပတ်သက်၍ မယုံနိုင်လောက်အောင်ပင် အပြစ်ရှိသလို ခံစားခဲ့ရသည်။ ဇီရုန်က အခြားသူများအပေါ် အေးစက်နေမှန်း သူသိခဲ့ပြီး သူ့အသက်အရွယ်တွင် သူငယ်ချင်းမရှိခဲ့ဘူး။
ဒါကလည်း သူ့စရိုက်ကြောင့်သာဖြစ်ပြီး ရွှီဇီယန်လည်း ဇီရုန်အား သူငယ်ချင်းများနှင့် တွေ့ဆုံရန် အတင်းအကြပ် မလုပ်ချင်ပဲ၊ သူ့တွင် သူငယ်ချင်းမရှိသည့်အချက်ကို ဖြည့်ဆည်းရန်အတွက် ဇီရုန်ကို သူတတ်နိုင်သမျှ ကောင်းကောင်းမွန်မွန်ဆက်ဆံပေးသည်။
……
……
ဒါပေမယ့် ယခုမူ ရွှီဇီယန်က အရမ်းကိုအတွေးလွန်နေပုံရသည်။
ရွှီဇီယန် သူ့နဖူးကို တိတ်တဆိတ်ကိုင်လိုက်ပြီး ထိုအတွေးကို ဖယ်ရှားကာ ရွှီဇီရုန်၏မွေးနေ့ကိုသာ ပြန်လည်အာရုံစိုက်လိုက်သည်။
သူဟာ ဇီရုန်၏မွေးနေ့ကို ငါးနှစ်ကြာအောင် မကျင်းပနိုင်ခဲ့ပဲ ယခုနှစ်တွင် သူနှင့်အတူကောင်းမွန်စွာကျင်းပသွားမည်ဖြစ်သည်။ မထင်မှတ်ပဲ ဒီမတော်တဆမှုဖြစ်သွားသည်။
သူ၏ခြေတွေလက်တွေလှုပ်ရှားလို့မရတာကြောင့် ခေါက်ဆွဲပြုတ်ပေးဖို့ နည်းလမ်းမရှိတော့ပါ။ သူဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သူ့ပါးစပ်ကပြောရုံဖြင့် ခေါက်ဆွဲချက်ဖို့မဖြစ်နိုင်ပေ ...
သူအရမ်းစိတ်မကောင်းဖြစ်ပြီး ဇီရုန်အားသူ့မွေးနေ့ပွဲကို ကျင်းပဖို့နည်းလမ်းမရှိဘူးလို့ပြောခဲ့ပေမယ့် ဇီရုန်ကတော့စိတ်မရှိချေ။ အဲဒီအစား၊ သူက ရွှီဇီယန်ကို အဓိပ္ပါယ်ရှိရှိ လေးလေးနက်နက်ကြည့်ကာ " ကျွန်တော့်ရဲ့မွေးနေ့လက်ဆောင်ကို ကျွန်တော်ကိုယ်တိုင်ယူပါ့မယ် "
ရွှီဇီယန်တွေးနေသည်က (⊙_⊙) ' လက်ဆောင်လား? ဘာလက်ဆောင်လဲ? သူအပြင်ထွက်လို့မရတာကြောင့် ဇီရုန်အတွက် လက်ဆောင်ကို ဘယ်လိုလုပ်ပြင်ဆင်ပေးနိုင်မှာလဲ? '
သူဆက်မေးလိုက်သောအခါ ဇီရုန်ကပြန်မဖြေပေ။ ရွှီဇီယန် စိတ်ပျက်အားငယ်သွားသောအခါ ဇီရုန်ကသူ့ကို အပြုံးလေးဖြင့်ကြည့်လာပြီး " ကိုကိုက တကယ်ပဲ သိချင်တာလား? ကိုကိုသိသွားပြီဆိုတာနဲ့ ကျွန်တော်ရဲ့လက်ဆောင်ကို ကျွန်တော်အခုချက်ချင်း ယူလို့ရမလား? "
ရွှီဇီယန်: "..."
အလွန်အန္တရာယ်များကြောင်း သူ၏မသိစိတ်ကပြောခဲ့တာကြောင့် ဆက်မမေးတော့ပေ …
ဘာပဲဖြစ်ဖြစ် သုံးရက်အတွင်း သူသိရလိမ့်မည်၊ ပြီးတော့ အခြေအနေအရ သူဆောင်ရွက်ပေးမှာပါ ...
ရွှီဇီယန်သည် သူ့ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများကို ချေဖျက်ရန်ကြိုးစားနေပြီး ရွှီဇီရုန်သည်လည်း သူ၏ကျင့်ကြံခြင်းအတွက် အနားယူခြင်းမရှိပေ။
သူ၏အရင်ဘဝက အတွေ့အကြုံတွေကိုအခြေခံ၍ သူ၏ကျင့်ကြံခြင်းအဆင့်သည် နိမ့်ကျနေသော်လည်း ရွှီဇီယန်ကိုထိန်းချုပ်ရန်အတွက် ပြဿနာမရှိနိုင်ပေမယ့် ပိုမိုမြင့်မားသောအဆင့်တွင်ရှိနေပါကပိုကောင်းမည်ဖြစ်သည်။
ထို့အပြင် မိစ္ဆာကျင့်ကြံသူများ၏ နယ်မြေတွင်ရှိနေစဉ်တွင် သူတို့သည် ပိုမိုမြင့်မားသော ခွန်အားရှိပါက ပိုလုံခြုံလိမ့်မည်။ မည်သည့်အခိုက်အတန့်တွင်မဆို သူတို့၏ ကျင့်ကြံခြင်းအဆင့်သည် သူတို့၏ ဘေးကင်းမှုကို အဆုံးအဖြတ်ပေးသည်။
ထို့အပြင် သူတို့သည် ယခုအခါ မှော်ကျင့်ကြံခြင်းနယ်ပယ်တွင်ရှိနေကြပြီး သူတို့သည် ပိုမိုအားကောင်းပါက သူတို့ပိုမိုဘေးကင်းမည်ဖြစ်သည်။ မည်သည့်အချိန်တွင်မဆို ကျင့်ကြံသူများသည် အခြေချနေထိုင်ရန်အတွက် ကျင့်ကြံခြင်းဟာအခြေခံဖြစ်သည်။
ဒေါက်! ဒေါက်!
ခြံအပြင်ဘက်မှ တံခါးခေါက်သံထွက်ပေါ်လာသည်။
နှစ်ယောက်သား မျက်လုံးများကိုကျယ်ကျယ်ဖွင့်ကာ တစ်ချိန်တည်းတွင် သတိကြီးစွာထားလိုက်ကြသည်။
ခြံကျဉ်းလေးထဲကိုရွှေ့ပြီးတာနဲ့ အဲဒီအစေခံကိုမနှောင့်ယှက်ဖို့ပြောခဲ့သည်။ ထို့အပြင် ဖန့်ထျန်းရွေ့နဲ့ကျန်ရင်းတို့သည် တားမြစ်ခလုတ်ကိုဖွင့်ရန် အသုံးပြုနိုင်သည့် အဆောင်ကိုယူဆောင်ခဲ့ကြတာကြောင့် ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ရွှီဇီယန်မလှုပ်ရှားနိုင်တာကြောင့် ထုံးစံအတိုင်း ရွှီဇီရုန်တံခါးသွားဖွင့်သည်။ ဘေးကင်းရေးအတွက် သူ့ကိုကိုအတွက် ကာရံထားသည့် ကာကွယ်ရေးအခင်းအကျင်းတစ်ခုကို သူသေချာပြုလုပ်ထားသည်။
ရွှီဇီယန်သည် ရွှီဇီရုန် သူ့အားမည်မျှဂရုစိုက်သည်ကို သဘောကျသည်။ တခါတရံ ဇီရုန်သည် သူ၏လုံခြုံရေးနဲ့ပတ်သက်ပြီး သူ့ထက်ပင် ပို၍ရင်းနှီးသည်ဟု သူထင်မိသည်။
" မင်းဘယ်သူလဲ? " ရွှီဇီရုန် ထိုအမျိုးသမီးကို တည်ငြိမ်သောအမူအရာဖြင့်ကြည့်ကာ အေးစက်စက်မေးလိုက်သည်။
သူမရှေ့တွင် လှပသောယောက်ျားကို မြင်လိုက်သောအခါ စုရွဲ့အံ့အားသင့်သွားပြီး၊ သူ၏အေးစက်သောအကြည့်ကြောင့် သူမပိုသတိထားသွားသည်။
သူမကတည်းခိုခန်းစောင့်ထံမှ ကျန်ရင်းနှင့် ခရီးသွားနေသူများအကြောင်း မေးမြန်းပြီးဖြစ်သည်။ သူတို့ကလေးယောက်ရှိကြောင်းသိပြီးနောက်၊ ကျန်လူနှစ်ယောက်၏အသေးစိတ်အချက်အလက်များကို သိရှိရန် ကျန်ရင်းမရှိသည့်အချိန်ကို အခွင့်ကောင်းယူခဲ့သည်။
တည်းခိုခန်းစောင့်ထံမှ တစ်ယောက်က ခမောက်ဆောင်းထားကြောင်း သူမသိလိုက်ရသည်။ ဒီကောင်လေးအရမ်းလှလိမ့်မယ်လို့ သူမ,မမျှော်လင့်ထားပေမယ့် သူမရှာနေတဲ့အရာကိုသာ မြန်မြန်ဆန်ဆန်ပဲ အာရုံစိုက်လိုက်သည်။
ထိုသို့သော အသွင်အပြင်က မိန်းမတစ်ယောက်ကိုတောင် မနာလိုဖြစ်မိစေသည်။ အကယ်၍ သူသာ အဆင့်မြင့်မိစ္ဆာကျင့်ကြံသူများကို ဆွဲဆောင်ခဲ့မည်ဆိုလျှင်၊ သူတို့ကို ငြင်းပယ်လိမ့်မည်မဟုတ်ချေ။
သူမနှင့်အာရွဲ့သည် အလောင်းကောင်ရုပ်သေးရုပ်ဂိုဏ်းမှ လွတ်မြောက်ပါက အနည်းငယ်ဖုံးကွယ်ထားရပေမည်။ ဒီလိုမှမဟုတ်ရင် ညစ်ပတ်တဲ့ကောင်တွေလက်ထဲရောက်သွားရင် မနှစ်မြို့ဖွယ်အကျိုးဆက်တွေရှိလာမှာ သေချာပါသည်။
စုရွဲ့ကယဉ်ကျေးစွာဦးညွှတ်လိုက်ပြီး " ဒီကျင့်ကြံသူကို ညီမမေးလို့ရမလား … " သူမ၏ပါးပြင်များ နီမြန်းလာပြီး သူမသည် ရှက်ရွံ့သော ကလေးမလေးနှင့် အနည်းငယ်တူကာ " ညီမသိချင်တာလေ ... အနက်ရောင်အဝတ်အစားနဲ့ ကျင့်ကြံသူ ဒီမှာရှိလားဟင်? "
ရွှီဇီရုန်ကမျက်မှောင်ကြုတ်လိုက်သည်။ သူတို့လေးယောက်ထဲမှာ ကျန်ရင်းကအနက်ရောင်အဝတ်အစားဝတ်ထားတဲ့ တစ်ယောက်တည်းသောသူပါ။ သူမက ဘာကြောင့် သူ့ကိုရှာချင်ရတာလဲ?
သူ့ပုံစံက အေးစက်နေပြီး တုံ့ပြန်ဖို့ လုံးဝမရည်ရွယ်ချက်မရှိ။ စုရွဲ့က ရှက်ကိုးရှက်ကန်းဖြင့် မတ်တပ်ရပ်နေပြီး ရွှီဇီရုန်အားစိတ်မကောင်းစွာကြည့်ကာ နှုတ်ခမ်းကိုကိုက်လိုက်သည်။
သို့သော်လည်း ရွှီဇီရုန်သည် နူးညံ့သိမ်မွေ့ခြင်းဟူသည် မည်သည့်အရာကိုမျှ မသိခဲ့ပေ။ မိန်းမပဲဖြစ်ဖြစ် ယောက်ျားပဲဖြစ်ဖြစ်၊ သူက အမြဲတမ်း အေးစက်စက်သာနေတတ်သည်။
စုရွဲ့ဘယ်လောက်အရှက်ရလဲဆိုတာ သူသိပါတယ်၊ ဒါပေမယ့် ဘာဖြစ်မလဲ? ဒီမိန်းမက ရည်ရွယ်ချက်ကောင်းရှိမယ်လို့ သူမထင်ဘူး။ ဆက်ဆံရေးအကြောင်း သူများများစားစား မသိပေမယ့် ဒီမိန်းမက ကျန်ရင်းအပေါ်ခိုင်မြဲတဲ့ချစ်ခင်မှုကို သူသတိထားမိပြီးသားပါ။
" မင်းဘာဖြစ်နေတာလဲ? " ရွှီဇီရုန်က အဲ့ဒီမှာ အချိန်မဖြုန်းချင်ပေမယ့် တံခါးကိုပိတ်ထားရင် ဒီအမျိုးသမီးက တံခါးကို ဆက်ခေါက်နေမှာကို သူစိုးရိမ်သည်။
ထူးဆန်းတဲ့မိန်းမတစ်ယောက်ကြောင့် သူ့ကိုကိုနဲ့ နှစ်ယောက်တည်းအတူနေမယ့်အချိန်တွေကို အနှောင့်အယှက်မဖြစ်စေချင်တာကြောင့် သူမကိုအမြန်ဆုံးဖယ်ရှားပစ်ချင်နေသည်။
" ညီမ…ညီမ… " စုရွဲ့က သူမ၏လက်ထဲက လက်ကိုင်ပုဝါကို ဆက်လက်ပွတ်သပ်နေပြီး သူမဟာ အမျိုးသမီးကျင့်ကြံသူအနေနဲ့ မည်မျှစိတ်ခံစားမှုရှိပြီး ချစ်ခင်မြတ်နိုးကြောင်း ပြသနေသည်။
အမျိုးသမီးများကို ချစ်မြတ်နိုးသော ယောက်ျားကျင့်ကြံသူတစ်ဦးနှင့် ကြုံတွေ့ရပါက သူမက ထိုသူ၏အကူအညီကို ရနိုင်ပေမည်။ ကံမကောင်းစွာပဲ သူမဟာ အခြားသူများကို အမြဲအေးစက်စွာ ပြုမူတတ်သော ရွှီဇီရုန်နှင့်ရင်ဆိုင်နေရသည်။
ဒီလောကကြီးထဲမှာ သူ့ကိုစိတ်လှုပ်ရှားစေနိုင်သည့် တစ်ခုတည်းသောအရာက သူ့ကိုကိုသာဖြစ်ပြီး ကျန်တာတွေအားလုံးက အရေးမပါဘူး။
" ပြောစရာမရှိရင် အခုထွက်သွားတော့ " ရွှီဇီရုန်၏ မျက်နှာအမူအရာ မည်းမှောင်သွားသည်။
စုရွဲ့အံ့သြသွား၏။ ဒီလူကလူကြီးလူကောင်းမဟုတ်ဘူးလို့ သူမစိတ်ထဲမှာ ကျိန်ဆဲနေရုံကလွဲပြီး သူမဘာမှမတတ်နိုင်ခဲ့ဘူး။ ထို့နောက် သူမသည် လျင်မြန်စွာလုပ်ဆောင်ပြီး လက်ရာမြောက်သောသေတ္တာကိုထုတ်ကာ " ဒါက ရင်းနှီးမှုအတွက် ညီမရဲ့လက်ဆောင်ပါ။ တစ္ဆေမြို့ငါးမြို့ကို ထပ်ရောက်လာရင် ညီမကိုလာရှာပါလို့ ကျေးဇူးပြု၍ ပြောပေးပါ "
ရွှီဇီရုန်က မျက်ခုံးပင့်ကာ အာရုံဖြန့်ကျက်ခြင်းစွမ်းအားကို အသုံးအပြု၍ သေတ္တာကိုစိုက်ကြည့်လိုက်သည်။ စိတ်ဝိညာဉ်စွမ်းအင်စီးဆင်းမှု မရှိကြောင်း သေချာပြီးနောက်မှသာ ထိုအရာကိုယူလိုက်သည်။ " ကောင်းပြီ " လို့တုံ့ပြန်ပြီးနောက် တံခါးကိုကျယ်လောင်စွာ ပိတ်လိုက်တော့သည်။
စုရွဲ့၏မျက်နှာပေါ်မှ အပြုံးသည်တင်းမာလာသည်။ သူမသည် ဒီကောင်စုတ်ကို အမှန်တကယ်မုန်းတီးသော်လည်း ထိုနတ်ဆိုးအမြုတေအတွက်သာ သူမ သည်းခံနေခြင်းဖြစ်သည်...!
ဒေါသတကြီးနဲ့ သူမအခန်းထဲပြန်ရောက်ပြီးနောက် စုရွဲ့ဟာ အလောင်းကောင်ရုပ်သေးရုပ်ပိုးကောင်ကို စတင်ဆက်သွယ်ခဲ့သည်။ သူမရဲ့ရုပ်သေးရုပ်ပိုးကောင်ရဲ့ စီးဆင်းမှုကို ဖုံးကွယ်ဖို့အတွက် သူမဟာဆက်သွယ်ရေးအဆောင်တစ်ခုကို အထူးမွမ်းမံပြီး အတွင်းထဲတွင် ပိုးကောင်ကိုထည့်ထားခဲ့သည်။
အဲဒီလူက အဆောင်ကိုမဖွင့်ဘူးဆိုရင်တောင် သေတ္တာကိုဖွင့်လိုက်တာနဲ့ အလောင်းကောင်ရုပ်သေးရုပ်ပိုးကောင်ကို ချက်ခြင်းတွေ့ရှိပြီး အဲဒီလူရဲ့ခန္ဓာကိုယ်ထဲကို ချက်ချင်းရောက်သွားနိုင်သည်။
စုရွဲ့က သူမ၏အစီအစဉ် ချောမွေ့သွားပြီဟု ခံစားမိသည်။ အဲဒီလူက ယောက်ျားတွေကို ကြိုက်ရင်တောင်မှ ဆက်သွယ်ရေးအဆောင်တစ်ခု လောက်နဲ့ ပြဿနာရှိမည်မဟုတ်ပေ။ တကယ်တော့ သူမရဲ့ရုပ်သေးရုပ်ပိုးကောင်ကို ခြံဝင်းထဲသို့ပို့လိုက်မယ်ဆိုရင် သူမရဲ့အစီအစဉ်တစ်ဝက်လောက် အောင်မြင်သွားပါပြီ။
သူမသည် သေချာပေါက် အကွာအဝေးတစ်ခုအတွင်း ရှုပ်ထွေးသောလှုပ်ရှားမှုအချို့ပြုလုပ်ရန် သူမ၏အလောင်းကောင်ရုပ်သေးရုပ်ပိုးကောင်ကို သေချာပေါက် ထိန်းချုပ်နိုင်ပါသည်။ ထို့ကြောင့် ထိုလူသည် သေတ္တာကိုမဖွင့်လျှင်တောင် ထိုပိုးကိုသူ့ခန္ဓာကိုယ်ထဲသို့ ဝင်အောင်လုပ်ရန် နည်းလမ်းများရှိသည်။ ထိုသို့ပြုလုပ်ပါက သူမ၏သွေးအနှစ်သာရ ပမာဏများစွာကို စားသုံးရန်သာလိုအပ်သောကြောင့် မလိုအပ်ဘဲမည်သည့်အခါမှ ထိုသို့မလုပ်သင့်ပါ။
စုရွဲ့ဟာ ကျန်ရင်းပြန်လာတာကို တိတ်တဆိတ် စောင့်ဆိုင်းခဲ့ပေမယ့် ခြံဝင်းငယ်လေးထဲက အခန်းတွင်းမှာ ဖြစ်ပျက်နေသည့်အရာကတော့ သူမဘယ်တုန်းကမှ စိတ်ကူးလို့မရတဲ့ အရာတစ်ခုပါပဲ
………
ရွှီဇီရုန်သည် သေတ္တာတစ်လုံးနှင့် အခန်းထဲသို့ ပြန်ရောက်သောအခါ၊ ထောင့်တစ်နေရာတွင် ထိုင်နေသော ရွှယ်ထွမ်နဲ့ ရွှီဇီယန်၏ပခုံးပေါ်တွင်ထိုင်နေသော ဖန်မောင်တို့ဟာ ခေါင်းမော့လာပြီး ရွှီဇီရုန်ရှိရာဘက်သို့ ရွံရှာစွာကြည့်လိုက်သည်။
စိတ်ဝိညာဉ်တိရိစ္ဆာန်နှစ်ကောင်စလုံးက တစ်ချိန်တည်း ထူးဆန်းစွာပြုမူလိုက်တာကြောင့် ရွှီဇီရုန်၏ခြေလှမ်းတွေရပ်တန့်သွားသည်။
" ဟေး! " အစားကြူးသူ၏မျက်နှာမှာ ရှုံ့တွသွားသည်။ လေထဲကအနံ့အသက်ကို ရှူရှိုက်လိုက်ရင်း ၎င်း၏အဖော်ကို ရွံရှာစွာကြည့်ကာ ၎င်းပြောလိုက်သည်က " အလောင်းကောင်ရဲ့အနံ့အသက်က အရမ်းကိုပြင်းလွန်းတယ်။ မင်းရဲ့သခင်က ဒီလိုအရာမျိုး ဒီနေရာဆီ ယူရလောက်သည့်အထိ ဘာကြောင့်အရမ်းကိုတုံးအရတာလဲ? "
" Puff! " ဖန်မောင်က ဒေါသတကြီးဖြင့်အော်လိုက်သည် — ၎င်းရွေးချယ်ထားသည့် သခင်ကို အစားကြူးသူက စော်ကားတာမျိုးခွင့်မပြုနိုင်ပေ။ ကံမကောင်းစွာပဲ ရွှီဇီရုန်သည် သေတ္တာထဲတွင် ထူးဆန်းသည့်အရာတစ်ခုရှိနေသည်ကို သူမတွေ့ရှိခဲ့သဖြင့် ဤတစ်ကြိမ်တွင် လုံလောက်အောင်ဉာဏ်မမီခဲ့ပဲ အဲ့ဒါကတစုံတခုဆိုရင်တောင် အစားကြူးသူ ဘယ်တော့မှမစားသည့်အရာမျိုးသာဖြစ်သည်။
" ဟေး! " အစားကြူးသူက နှာခေါင်းရှုံ့ကာ ထပ်မံအော်ဟစ်ပြန်သည်။(သခင် ကျေးဇူးပြုပြီး အဲ့ဒါကို အခုချက်ချင်းဖယ်လိုက်ပါ၊ အဲ့ဒီအရာကြီးက အရမ်းနံနေတာပဲ)
ဖန်မောင်က အစားကြူးသူကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေသည်။ ရွှီဇီရုန်၏ အာရုံဖြန့်ကျက်ခြင်းစွမ်းအားဟာ အလွန်အားနည်းနေသေးပြီး သူတို့တွေ၏အတွေးကို သူမဆက်သွယ်နိုင်သေးပေ။ မဟုတ်ရင် သူ၏အာရုံဖြန့်ကျက်ခြင်းစွမ်းအားဟာ အလွယ်တကူပျက်စီးသွားလိမ့်မည်။
နောက်ဆုံးတော့ သူသဘောကျတဲ့သခင်ကို ရှာတွေ့ခဲ့တယ်၊ သူ့ရဲ့ဆက်သွယ်မှုပျက်ကွက်ခြင်းကြောင့်နဲ့ သူ့ရဲ့အာရုံဖြန့်ကျက်ခြင်းစွမ်းအားကို ဘယ်လိုဖျက်ဆီးပစ်နိုင်မှာလဲ?
စိတ်ဓာတ်ကျနေသော ဖန်မောင်သည် ဇီရုန်ကိုခက်ခက်ခဲခဲစိုက်ကြည့်နေသော်လည်း ဇီရုန်က ဘာကိုဆိုလိုသည်ကို နားမလည်ပေ။ ၎င်းစိုက်ကြည့်ပြီးနောက် သူ၏အကြည့်တွေကိုလွဲလိုက်သည်။
" Meh! " (ရွှယ်ထွမ်တွေးနေသည်က ' ဟားဟား… မင်းရဲ့သခင်က မင်းနဲ့လုံးဝမဆက်သွယ်ဘူး! ') ရွှယ်ထွမ်ကရယ်မောပြီး ထောင့်နားကနေ လှိမ့်ကျလုနီးပါးပင်။
ဖန်မောင်က၎င်း၏သွားတွေကို ရွှယ်ထွမ်အားပြလိုက်ပြီး ရွှီဇီရုန်၏လက်မောင်ပေါ်သို့ ချက်ချင်းခုန်တက်ကာ သူ့လက်ကိုကန်လိုက်သည်။
Pa! သေတ္တာက မြေပြင်ပေါ်ကျသွားသည်။ အတွင်းဘက်တွင် ဆက်သွယ်ရေးအဆောင် ပြုတ်ကျလာပြီး အနည်းငယ် အက်ကွဲနေသည်။
ရွှီဇီရုန်သည် ဖန်မောင်ကို တည်ငြိမ်စွာကြည့်လိုက်ပြီး သူ၏အေးစက်သောမျက်လုံးတွေက ထိတ်လန့်နေသည်။ နောက်တော့ ၎င်းက အဲ့ဒီအခြေခံကျင့်ကြံခြင်း ကျင့်ကြံသူကိုကြောက်လို့ သူ့ကိုယ်သူဒေါသထွက်လာခြင်းဖြစ်သည်။
" နောက်တစ်ခါ မလုပ်နဲ့ " ရွှီဇီရုန်သည် ဖန်မောင်အား အပြစ်တင်ရန်မရည်ရွယ်ပါ။ မုန်လာဥစားခြင်းအပြင်၊ သူ၏စိတ်ဝိညာဉ်တိရိစ္ဆာန်သည် အမြဲပုန်းကွယ်နေပြီး သူ့အတွက်မည်သည့်အခါမျှ တိုက်ပွဲမဝင်ခဲ့ပါ။ သို့သော် သူ့အား ထိခိုက်နာကျင်စေမည့် မည့်သည့်အရာကိုမှလည်း မလုပ်ခဲ့ပေ။
ဖန်မောင်၏လှုပ်ရှားမှုက ထူးဆန်းနေပေမယ့် သူ့လက်ထဲက သေတ္တာကိုချိန်ရွယ်နေသည်။ သူက သေတ္တာအား ပို၍သံသယဝင်လာသည်။
" Puff puff! " (ဟေ့၊ မင်းသေတ္တာထဲက အရာကို မစားချင်ဘူးလား?) ဖန်မောင်က ရွှယ်ထွမ်အား စိုက်ကြည့်လိုက်သည်။
ရွယ်ထွမ်က ရွံရှာဖွယ်အကြည့်ဖြင့် " Meh! " (လာမနောက်နဲ့၊ ဒီလိုအနံ့ဆိုးတွေကို ငါဘယ်လိုစားရမှာလဲ?)
ရွှီဇီရုန်သည် ဆက်သွယ်ရေးအဆောင်ကို ကြည့်ပြီး တစ်ခုခုကို တွေးနေပုံရသည်။ သူတို့ရောက်ကတည်းက ခြံဝင်းတံခါးအပြင်ကို ဘယ်တော့မှ မထွက်ခဲ့ကြဘူး။ ဘယ်သူ့ကိုမှလည်း သူတို့တွေရန်မစခဲ့ဘူး။ ထိုအမျိုးသမီးကျင့်ကြံသူ မည်ကဲ့သို့ပြုမူသည်ကိုမြင်ပြီးနောက် ကျန်ရင်းသည် သူတို့၏ပစ်မှတ်ဖြစ်ကြောင်း စတင်သိရှိသွားသည်။
ရွှီဇီရုန် သူ၏မေးစေ့ကို ထိလိုက်သည်။ ကျန်ရင်းတွင် လိုချင်တပ်မက်ဖွယ် ရတနာများမရှိပါ။ လွန်ခဲ့သည့်ရက်အနည်းငယ်က သူရောင်းချခဲ့သောပစ္စည်းများသည် အဆင့်နိမ့်သောတောကောင်များသာဖြစ်ပြီး ထိုအရာတို့သည် မည်သူတစ်ဦးတစ်ယောက်၏စိတ်ဝင်စားမှုကိုမှ နှိုးဆွပေးနိုင်ခြင်းမရှိပေ။ ခဏအကြာ ခွဲခြမ်းစိတ်ဖြာပြီးနောက် ကျန်ရင်း၏ခန္ဓာကိုယ်တွင် ဆွဲဆောင်မှုရှိသောတစ်ခုတည်းသောအရာက သူ၏နတ်ဆိုးအမြုတေဖြစ်မည်ကို သူသဘောပေါက်လိုက်သည်။
ရွှီဇီရုန်၏မျက်လုံးများမည်းမှောင်သွားသည်။ သူ၏မှတ်ဉာဏ်တွေသာမှန်ကန်မည်ဆိုရင် ဒီပစ္စည်းဟာ တစ္ဆေမြို့ငါးမြို့ကို ထိန်းချုပ်ထားသည့် အလောင်းကောင်ရုပ်သေးရုပ်ဂိုဏ်းကဟာဖြစ်သင့်ပြီး နတ်ဆိုးအမြုတေက ဖုတ်ကောင်များကို မွမ်းမံရန် အကောင်းဆုံးပစ္စည်းဖြစ်လိမ့်မည်။ အချိန်တွေကိုတွက်ချက်ပြီးသည်နှင့် သူ၏အရင်ဘဝတုန်းက လူသတ်မှုနဲ့အကျော်ကြားဆုံး အမျိုးသမီးနှစ်ဦးဟာ ယခုအချိန်မျိုးတွင် အလောင်းကောင်ရုပ်သေးရုပ်ဂိုဏ်းကို ဆန့်ကျင်ပုန်ကန်ခဲ့ကြသည်။
အလောင်းကောင်ရုပ်သေးရုပ်ဂိုဏ်းမှ ဤအမျိုးသမီးနှစ်ဦးအကြောင်းကို တွေးကြည့်သောအခါ ရွှီဇီရုန်မျက်မှောင်ကြုတ်သွားသည်။
သူတို့ဟာ ဂိုဏ်းမှအမျိုးသမီးနှစ်ဦးဖြစ်ကြသော်လည်း အမှန်တကယ်တွင်လူတစ်ဦးထဲကသာ ဖြစ်သည်။ ထိုအမျိုးသမီးဟာ ရန်လိုပြီးလူသတ်ခဲ့သည်။ အလောင်းကောင်ရုပ်သေးဂိုဏ်းမှာ သူမဘာတွေဖြတ်သန်းခဲ့ရတယ်ဆိုတာ ဘယ်သူမှမသိခဲ့ကြသလို၊ သူမဟာ ဂိုဏ်းရဲ့ပြင်းထန်တဲ့အပြောင်းအလဲတချို့ကို ဖြတ်သန်းခဲ့ဖူးကြောင်းကိုသာ လူတွေကသိကြသည်။ အလောင်းကောင်ရုပ်သေးဂိုဏ်းက ဒီအမျိုးသမီးနှစ်ယောက်အပြင်၊ အကြီးအကဲကိုသတ်ပြီး ဒီအခွင့်အရေးကိုအသုံးချကာ သူ၏ဖုတ်ကောင်ကိုလုယူခဲ့သည့် အမျိုးသားတပည့်တစ်ယောက်လည်းရှိပါသေးသည်။
အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူ၏ဖုတ်ကောင်ကို အခြေခံကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူက ဘယ်လိုများလုယူသွားလည်းဆိုတာ ဘယ်သူမှမသိနိုင်ပေ။ အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူဟာ လွတ်မြောက်ရန်ကျရှုံးသွားပြီး အသတ်ခံခဲ့ရကြောင်း ထိုအဖြစ်အပျက်ကနေသာ သိခဲ့ကြသည်။
ဤကဲ့သို့ ပြင်းထန်သော ခြားနားချက်က လူအများအားစူးစမ်းလိုစိတ်ဖြစ်စေခဲ့ပြီး ရုပ်သေးရုပ်ဂိုဏ်းတွင်ကျင့်ကြံခြင်း၏လျှို့ဝှက်ချက် ရှိမရှိစူးစမ်းလာကြသည်။ ဒီလိုစိန်ခေါ်မှုတွေကို သူတို့ရဲရဲဝံ့ဝံ့ခံယူပြီး ဂိုဏ်းထဲက ဒီအမျိုးသမီးနှစ်ယောက်ဟာ လူသတ်မှုကနေ အချိန်အတော်ကြာအောင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြသည်။
『K: တစ်ခန်းရပ်ဇာတ်ကောင်တွေပဲ ဆိုပေမယ့် သိချင်ကြမယ်ထင်လို့ ပြောပြပါ့မယ်။
ရုပ်သေးရုပ်ဂိုဏ်းခေါင်းဆောင် ပြောတာမှတ်မိသေးတယ်မလား၊ "လွန်ခဲ့တဲ့ငါးနှစ်က လျှို့ဝှက်ဆန်းကြယ်အမြုတေရှိတဲ့အမျိုးသမီးအလောင်းကို တွေ့ခဲ့တာ"ဆိုတဲ့စကား၊ အဲ့ဒီသူကဖန်ကျစ်ကျီးရဲ့ညီမလေးပါ။ ဖန်ကျစ်ကျီးရဲ့ညီမဟာ ဦးလေးဇီကျင့်သတ်တာခံလိုက်ရပြီး ဦးလေးဇီကျင့်ရဲ့ဖုတ်ကောင်ပါ၊ ဇီကျင့်က အမတဝိညာဉ်အခြေတည်စအဆင့်တက်ဖို့ ဖုတ်ကောင်နဲ့ sex လုပ်တာပါ။ အဲ့ဒါကိုစုရွဲ့ပြောပြတာ ကျစ်ကျီးသိသွားတော့ ဝမ်းနည်းဒေါသထွက်သွားတာပါ။ ကျစ်ကျီး ရုပ်သေးရုပ်ဂိုဏ်းထဲဝင်တာလည်း သူ့ညီမကိုပြန်ကယ်ဖို့နဲ့ ကလဲ့စားချေဖို့ပါပဲ။
ဇီရုန်နောက်ကြောင်းပြန်ပြောတဲ့အခါမှာ ဂိုဏ်းကိုပုန်ကန်သွားတဲ့ အမျိုးသမီးနှစ်ယောက်က စုရွဲ့နဲ့အာရွဲ့ဖြစ်ပြီး အသတ်ခံလိုက်ရတဲ့အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူက ဇီကျင့်ပါ၊ သတ်လိုက်တဲ့ အခြေခံကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူက ဖန်ကျစ်ကျီးပါ၊ သူ့ညီမအလောင်းကိုပြန်လာလုသွားတာပါ။ရွှီဇီရုန်က အရင်ဘဝက ဖန်ကျစ်ကျီး၊ သူ့ညီမအပေါ်ထားတဲ့ ချစ်မေတ္တာကို လေးစားတာကြောင့် အခုဘဝမှာ ဖန်ကျစ်ကျီးကိုမသတ်ဘဲ လွတ်ပေးလိုက်တာ』
#TK