Chapter 125
Viewers 23k

Chapter 125


အလင်းရောင်ကျောက်တုံးအားသူကောက်ယူပြီး ပတ်ဝန်းကျင်ကိုစူးစမ်းကြည့်ပေမယ့် ကြီးမားသည့်တွင်းနက်ကြီးထဲသို့ သူရောက်ရှိနေတာကလွဲရင် မှောင်မဲနေတာကြောင့်ဘာမှ‌ရှာမတွေ့ပေ။

မရဲတရဲဖြင့်ခြေလှမ်းအနည်းငယ်လျှောက်ကြည့်ပြီးနောက် သူဘာနာကျင်မှုမှမခံစားရတော့ပေ။ ထို့ကြောင့် သူ၏ကျောရိုးတွေကျိုးပြီး သူ၏ခန္ဓာကိုယ်အကြောသေသွားမှာအတွက် စိုးရိမ်စရာမလိုတော့ဘူး။

သူ၏နောက်ကျောကလေးကိုကိုင်လိုက်ပြီးနောက် ကံဆိုးမှုတွေကိုရှောင်လွဲလို့မရမှန်း သူကောင်းကောင်းကြီးသိတာကြောင့် ရွှီဇီယန်‌အနည်းငယ်တော့ ယုံကြည်မှုပြန်ရှိလာသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူပြုတ်ကျလာပြီးနောက် ဘာအရိုးမှကျိုးပဲ့ခြင်းမရှိဘဲ အကောင်းပတိအတိုင်းရှိနေသေးတာကြောင့် သူအခုချိန်မသေရ‌သေးဘူးလို့ဆိုလိုခြင်းဖြစ်သည်။

ဒီနေရာကကန့်သတ်ချက်တွေရှိပြီး သူ၏ဓားပျံအားအသုံးပြုလို့မရဘူးပေမယ့် သူ၏ခြေထောက်ကိုအားကိုးလို့ရသေးသည်! အက်ကွဲကြောင်းကဘယ်လောက်ပဲ ကြီးမားနေပါစေ အဆုံးသတ်ဆိုတာရှိစမြဲပင်ဖြစ်သည်။ ဒီအထဲကနေမထွက်နိုင်ဘူးဆိုတာ သူလုံးဝမယုံကြည်ဘူး!

သူ့ကိုယ်သူအားပေးပြီးနောက် ရွှီဇီယန်ခန့်မှန်းချေဦးတည်ချက်တစ်ခုကိုရွေးချယ်လိုက်ပြီး ထိုအရှေ့သို့လျှောက်လှမ်းသွားသည်။ မှောင်မဲနေဆဲဖြစ်တာကြောင့် ဦးတည်ချက်ကိုရှာဖွေခြင်းဟာ ရယ်စရာသာဖြစ်သည်။

လအနည်းငယ်လောက် အမှောင်ထဲမှာလမ်းကြောင်းရှာဖွေတာကို သူပြင်ဆင်ပြီးသားဖြစ်ပေမယ့် မတူညီသည့်ရှုခင်းတစ်ခုကို ခြေလှမ်းဆယ်လှမ်းလောက်နဲ့ သူမြင်ရလိမ့်မယ်လို့မထင်ထားခဲ့ပေ။ ရေကန်နဲ့တော‌င်တန်းတွေသာရှိသည့် သာယာဖွယ်ရှုခင်းထဲသို့ သူဝင်ရောက်သွားသလို အရာရာတိုင်းကပိုပြီးတောက်ပလာသလို ရွှီဇီယန်မျက်လုံးတွေခံစားမိလိုက်သည်။

ရွှီဇီယန်: =口=

ဒါက…ဘယ်လိုဖြစ်တာလဲ?

သူ၏စိတ်တွေထုံထိုင်းနေသလို ရွှီဇီယန်ခံစားနေရသည်။ ငရဲကနေကောင်းကင်ဘုံသို့ရောက်သွားသလို သူဒီအခြေအနေကို ဘယ်တုန်းကရောက်ရှိသွားတာလဲ?

သူ၏မသိစိတ်ကအနောက်ဘက်သို့ဆုတ်လိုက်ပြီး ရုတ်တရက် အမှောင်ထဲသို့ပြန်လည်‌ကျရောက်သွားကာ တိတ်ဆိတ်သွားပြန်သည်။ သူအရှေ့သို့လှမ်းလိုက်သည့်အခါ နတ်သမီးတိုင်းပြည်လို တောင်ကြားထဲသို့ပြန်လည်ဝင်ရောက်လာသည်။

ခြေတစ်လှမ်းတည်းနဲ့ သူကမတူညီသည့်နေရာသို့ရောက်ရှိသွားသည်။ သူအရမ်းကိုကံကောင်းတာပဲလို့ ရွှီဇီယန်ခံစားမိလိုက်ပြီး ဒီနေရာကရတနာတွေပြည့်နေတာလည်းဖြစ်နိုင်သလို ဘယ်ပဲဖြစ်ဖြစ်…ဟဲဟဲ…သူဒီအခြေအနေကိုရောက်သွားပြီးမှတော့ ဒီထက်ပိုဆိုးတာဘာများဖြစ်လာနိုင်ဦးမှာလဲ? ╮(╯_╰)╭

သူ့ကိုဒီနေရာအား‌ခေါ်လာခဲ့သည့်သူက…ဘယ်သူပဲဖြစ်ဖြစ်၊ဘယ်တောကောင်ပဲဖြစ်ဖြစ် သူ့မှာလည်းခုခံနိုင်ဖို့စွမ်းရည်မရှိတာကြောင့် ရှေ့ဆက်သွားရန်သူဆုံးဖြတ်လိုက်သည်။ တွန့်ဆုတ်နေပြီးအချိန်ဖြုန်းနေမယ့်အစား ရလဒ်ကိုတတ်နိုင်သမျှမြန်မြန်ရတာကပိုကောင်းလိမ့်မည်။

သူ၏ခြေထောက်အောက်၌ နူးညံ့သည့်မြက်တွေရှိပြီး ပတ်ဝန်းကျင်ကတောအုပ်ကလည်း အလွန်ကိုတန်ဖိုးကြီးပုံပေါ်သည်။ ချုံပုတ်တွေထဲမှာလည်း တိရိစ္ဆာန်သေးသေးလေးတွေက ရံဖန်ရံခါပြေးလွှားနေကြသည်။ ဒီလိုလှပသည့်ရှုခင်းဟာ မဲမှောင်ပြီးတိတ်ဆိတ်သည့်အက်ကွဲကြောင်းအောက်၌ ဖုံးကွယ်ထားသည်။ ဒီအရာကိုသူ‌ရှာတွေ့သွားတာ မယုံနိုင်သေးပေ။

တောထဲရှိငှက်တွေကလည်း တေးသီချင်းသီဆိုနေကြပြီး လေညင်းကလည်းသစ်ရွက်များကိုတိုက်ခတ်ကာ ဆူညံသောအသံကိုပြုလုပ်ပေးသည်။ ရွှီဇီယန်သည်ထိုနေရာကို ဖြည်းဖြည်းချင်းလျှောက်လာခဲ့သည်။ သက်တောင့်သက်သာဖြစ်ပုံရသော်လည်း သူ၏သတိရှိမှုကိုတော့ လျော့ချလိုက်ခြင်းမရှိပေ။

"ကတော်…ကတော်…" ကြီးမားသည့်သစ်ပင်အောက်၌ ဝဖြိုးနေသည့်ကြက်မဟာ အသိုက်ဖွဲ့ထားပြီး သူမ၏သားပေါက်‌တွေကိုကာကွယ်ပေးဖို့ သူမ၏တောင်ပံတွေလှုပ်ယမ်းနေသည်။

ရွှီဇီယန်၏မျက်လုံးထောင့်တွေကျဉ်းမြောင်းသွားသည်။ ဒီလိုအမည်မသိသည့်မိစ္ဆာနယ်မြေထဲမှာ အရသာရှိသည့်အစားအစာတွေမစားရတာ အချိန်အတော်ကြာနေပြီဖြစ်သည်။ တောကောင်အများစု၏အသားအရေကထူပြီး လတ်ဆတ်တာကြောင့် အကယ်၍ သူတို့တွေကိုသူချက်ပြုတ်ရင်တောင် သူ့အရှေ့ကဝဖြိုးသည့်ကြက်မလောက် အရသာရှိမည်မဟုတ်ပေ။

"မင်းကငါ့အရှေ့မှာပေါ်လာတာကြောင့် ငါကလည်းအားနာမနေတော့ဘူး!" ရွှီဇီယန် သူ၏လက်တွေကိုပွတ်လိုက်ပြီး သူ့ကိုယ်သူတီးတိုးပြောဆိုလိုက်သည်။

သူ၏လက်ချောင်းထိပ်တွေကနေ သေးငယ်သည့်အပြာရောင်အလင်းတန်းပေါ်ထွက်လာသည်။ အဲ့ဒီကြက်မကတောကောင်မဟုတ်တာကြောင့် လျှပ်စစ်ဖြင့်ဓာတ်လိုက်ခံလိုက်ပြီး သတိလစ်သွားတော့သည်။

မိုးကြိုးသွားကိုပစ်လိုက်သည့်နှင်တစ်ချိန်တည်း ရွှီဇီယန်ချက်ချင်း အာရုံဖြန့်ကျက်ခြင်းစွမ်းအားကိုမြင့်လိုက်ပြီး အနီးနားကအပင်တွေနဲ့သစ်ပင်တွေကို သတိကြီးစွာစောင့်ကြည့်နေသည်။

သူ၏ရန်သူကဘာမှတုံ့ပြန်ခြင်းမရှိသေးတာကြောင့် သူအနည်းငယ်စိတ်မရှည်နိုင်ဖြစ်လာပြီး တမင်တကာ သူရှိနေတယ်ဆိုတာကို သူ၏ရန်သူအားပေးသိလိုက်ခြင်းဖြစ်သည်။

ကံမကောင်းစွာဖြင့်…

အစကနေအဆုံး တောင်ကြား‌ထဲ၌အလွန်ကိုငြိမ်သက်အေးချမ်းနေပြီး သတ္တဝါတွေ၏တိုက်ခိုက်သည့် အရိပ်အယောင်တစ်ခုမျှမရှိပေ။

ရန်သူ၏သတိရှိမှုဟာ ရွှီဇီယန်အားနားမလည်နိုင်အောင်ဖြစ်သွားစေပြီး ထိုဆွဲငင်အားကနတ်ဆိုးကျင့်ကြံသူပြုလုပ်တာလားဆိုပြီး ရွှီဇီယန်တွေးဆနေမိသည်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူစိတ်လျော့လိုက်လို့မရသေးပေ။ အဲ့ဒီရေသူမဆီကနေ သူသင်ခန်းစာကောင်းကောင်းရသွားပြီးနောက် သူနားလည်နိုင်အောင်တွက်ချက်နေတာထက် လုံခြုံ‌ဖို့အတွက်သာစဉ်းစား‌သည်။

သူ့အနီးနား၌ဘာလှုပ်ရှားမှုမှမတွေ့တာကြောင့် ရွှီဇီယန်ကလည်း ဒီနေရာမှာပဲငတုံးလိုလို ရပ်မနေချင်တော့ပေ။ သူကကံမကောင်းသည့်ကြက်မကိုယူကာ အမွှေးတွေကိုနုတ်လိုက်ပြီး သွေးတွေကိုထုတ်ကာ မီးကင်လေသည်။ သူအမြဲတမ်းသယ်ဆောင်လာသည့် ဟင်းခတ်အမွှေးအကြိုင်တွေကို အသုံးပြုလိုက်ရင်း မကြာခင်မှာပင် မွှေးပျံသည့်ကြက်ကင်ရနံ့လေးကို သူရရှိလာသည်။

ဟမ်…

အေးစက်သောလေဟာ ရုတ်တရက် သူ၏နောက်ကျောကိုတိုက်ခတ်လာသည်။

"ဘယ်သူလဲ?!"

ရွှီဇီယန်ထပြီးသူ၏အနောက်သို့ ချက်ချင်းလှည့်ကြည့်လိုက်သည်။ သူ၏လေးကိုရင်ဘတ်အရှေ့၌ထားလိုက်ပြီး မည်သည့်အချိန်မဆို အလွယ်တကူပစ်ခတ်နိုင်ပြီး သေစေနိုင်လောက်သည်။

တိတ်ဆိတ်လျက်—

တောအုပ်ကအလွန်ကိုတိတ်ဆိတ်တာပဲ!

ဘယ်အချိန်ကမှန်းမသိ ငှက်တွေ၏တေးသီချင်းသီဆိုနေမှုဟာရပ်တန့်သွားပြီး သူ၏နောက်ကျောဘက်ကနေ ရှင်းလင်းသည့်ဆူညံ့သံမျိုးထွက်ပေါ်လာသည်။

သူ၏နောက်ကျောဘက်က??!!

သူ၏နောက်ကျောတစ်ခုလုံး ချွေးအေးတွေနဲ့စိုရွှဲသွားသလို ရွှီဇီယန်ခံစားလိုက်ရသည်။

သူ၏အာရုံဖြန့်ကျက်ခြင်းစွမ်းအားဖြင့် အနီးနားကိုကာထားပေမယ့် တောကောင်၏ဆူညံသံက ဘယ်အချိန်တုန်းကပေါ်လာခဲ့မှန်း သူမတွေးတတ်ဘူး။

ဖြစ်နိုင်ချေနှစ်ခုသာရှိသည်။ ပထမတစ်ခုကထိုတောကောင်ဆီမှာ သူ၏အာရုံဖြန့်ကျက်ခြင်းစွမ်းအားကို ကာကွယ်နိုင်သည့် လက်နက်တစ်မျိုးရှိနိုင်သည် ဒါမှမဟုတ် ဒုတိယဖြစ်နိုင်ချေက အဲ့ဒီရန်သူဟာသူ့အားချေမှုန်းနိုင်ပြီး ရွှီဇီယန်၏အာရုံဖြန့်ကျက်ခြင်းစွမ်းအားက အလွန်ကိုနိမ့်ကျတာကြောင့် သူသတိမထားမိလိုက်တာဖြစ်နိုင်သည်။

သေသေချာချာသုံးသပ်လိုက်မယ်ဆိုရင် အဲ့ဒီတောကောင်က သူ၏အာရုံဖြန့်ကျက်ခြင်းစွမ်းအားကို ကာထားနိုင်တယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပဲ အဲ့ဒီတောကောင်က ရွှီဇီယန်အားချေမှုန်းနိုင်တယ်ဆိုသည့်အချက်က သံသယဝင်စရာပင်မရှိတော့ပေ။

သူ၏တံတွေးကိုတိတ်တဆိတ်မျိုချလိုက်ပြီး ရွှီဇီယန်ဖြည်းဖြည်းချင်း အနောက်ဘက်သို့လှည့်လိုက်သည်။ တောကောင်ကဘာကြောင့်မို့ သူ့အားမတိုက်ခိုက်သေးတာလဲဆိုတာ သူမသိပေမယ့် သူ၏အလွန်အကျွံလှုပ်ရှား‌မှုက တောကောင်အားလှုံ့ဆော်ပေးမိလိုက်မှာကိုလည်းသူမလိုချင်ဘူး။

သူဖြည်းဖြည်းချင်း၊ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ပြီး…
ရွှီဇီယန်: =口= ဒါကဘာကြီးလဲ???!!!

အဲ့ဒီတောကောင်က မယုံကြည်နိုင်လောက်အောင် ကြမ်းကြုတ်ပြီးစွမ်းအားကြီးလိမ့်မယ်လို့ သူမှန်းဆကြည့်ခဲ့ပေမယ့် မြင်လိုက်ရတာက အဖြူရောင်သိုးလေးတဲ့လား?!

"Meh…" သိုးလေးကဘောလုံးအရွယ်အစားလောက်သာရှိပြီး သူ၏တစ်ကိုယ်လုံးကို နူးညံ့သည့်အဖြူရောင်အမွှေးတွေနဲ့ဖုံးထားသည်။ သူပုံစံလေးက ရွှယ်ထွမ်(နှင်းဘောလုံးလေး)နဲ့တူလှသည်။ အကယ်၍ သူ၏ခေါင်းထက်၌ ချိုနှစ်ခုသာမပါထားပါက အမျိုးသမီးကျင့်ကြံသူတွေ၏အိမ်မွေးတိရိစ္ဆာန်လို့တောင် ရွှီဇီယန်တွေးတောမိနိုင်သည်။

အခုချိန်မှာတော့ ရွှီဇီယန် ဒီလိုတုံးအသည့်အရာမျိုးတွေ ပြုလုပ်မှာမဟုတ်ပေ။ အဲ့ဒီသိုးလေးဟာ နူးညံ့ပြီးအန္တရာယ်မပြုနိုင်သည့် ပုံစံပေါ်ပေမယ့် သူကသာမန်သိုးတွေထက်ပိုပြီး ဘာလို့များချွန်ထက်သည့်သွားတွေရှိနေပါလိမ့်???

ရှင်းရှင်းလင်းလင်းကြားနေရသည့်အသံကတော့ သူ၏သွားတွေဖြင့်ကြက်ကင်အရိုးတွေကို ကိုက်ဝါးနေခြင်းဖြစ်သည်။

ရွှီဇီယန်ကတော့ သူ၏အစားအားစားသောက်နေသည့် ရွှယ်ထွမ်ကိုမှင်တက်စွာကြည့်နေသည်။ သူစားလို့ပြီးသွားတော့ ရွှီဇီယန်အား ကျေးဇူးတင်စွာပြုံးပြလိုက်သည်။

—— သူရယ်နေတဲ့အခါမှာ ချွန်ထက်သည့်ငါးမန်းသွားတွေအားမပြဘူးဆိုရင် ပိုကောင်းလိမ့်မည်!

"meh meh…" ရွှယ်ထွမ်ကသူ၏ခါးကိုဆန့်လိုက်ပြီး နေရာတစ်ခုပေါ်၌ဆောင့်ကြောင့်ထိုင်လိုက်ရင်း တစ်စုံတစ်ခုအားတွေးတောနေသလို ရွှီဇီယန်သေသေချာချာစိုက်ကြည့်နေသည်။

ရွှီဇီယန် ရွှယ်ထွမ်အားကြည့်လိုက်ရင်း အလွန်အံ့အားသင့်သွားရပြီး အချိန်အတော်ကြာသည်အထိ မှင်တက်သွားသည်။ ဘာကြောင့်လည်းဆိုတော့ ရွှယ်ထွမ်ကသူ့အား စိတ်ဝိညာဉ်တောကောင် စာချုပ်ချုပ်ဆိုဖို့အတွက် အမှတ်အသားပြုလုပ်ရန် ဖိတ်ခေါ်လိုက်ခြင်းကြောင့်ပင်ဖြစ်သည်။

ရွှယ်ထွမ်မေးသည့်စာချုပ်အမှတ်အသားက ဇီရုန်နဲ့ဖန်မောင်တို့၏အမှတ်အသားနဲ့အတူတူပင်ဖြစ်သည်။ အဲ့ဒီစာချုပ်အမှတ်အသားသာရှိနေပါက ရွှယ်ထွမ်တိုက်ခိုက်လာမှာအတွက် ရွှီဇီယန်စိတ်ပူစရာမလိုတော့ဘူး။

အကျဉ်းချုပ်ကိုစဉ်းစားလိုက်ပြီးနောက် ရွှီဇီယန်သဘောတူလိုက်တော့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအခြေအနေမျိုးဖြစ်သွားပြီဖြစ်တာကြောင့် အဆိုးဆုံးအခြေအနေဆိုရင်တောင် ရွှယ်ထွမ်ကဖန်မောင်လိုမျိုး တစ်ချိန်လုံးပုန်းအောင်းနေရုံလောက်သာဖြစ်ပြီး သူ့ကိုမကူညီနိုင်ပေ။ စွမ်းအားကြီးသည့်ရန်သူနဲ့ ရင်ဆိုင်ရာတွင် လက်ရှိအခြေအနေကိုသိခြင်းက အကောင်းဆုံးပင်ဖြစ်သည်…

အဲ့ဒီချစ်စရာကောင်းတဲ့သိုးလေးပေါ်လာပြီးနောက်(တကယ်တော့ ရွှီဇီယန်က ဘာတောကောင်အမျိုးအစားမှန်းမသိတာကြောင့် သိုးလို့သာသတ်မှတ်လိုက်တာပါ)လှပသည့်ဒီလိုနေရာမျိုး၌ ဆက်ပြီးတော့လှည့်လည်ကြည့်ရှုရန် ရွှီဇီယန်ဆုံးဖြတ်လိုက်သည်။

ရှုခင်းတွေကအလွန်လှပပြီး တောင်ကြားကအရမ်းမကြီးပေမယ့် တောင်ကြားထဲ၌ ဘာမှအသုံးဝင်တာမရှိတာကြောင့် ရွှီဇီယန်အနည်းငယ်စိတ်ပျက်သွားသည်။ သူကစိတ်ဝိညာဉ်ဆေးပင်တွေ တစ်ခုတစ်လေတောင်ရှာလို့မတွေ့တာကြောင့် စိတ်ဝိညာဉ်အငွေ့အသက်တွေနဲ့ပြည့်နက်နေသည့်ဒီနေရာကို သက်သက်မဲ့ဖြုန်းတီးတာပဲလို့ သူယူဆလိုက်တော့သည်။

စိတ်ဝင်စားစရာဘာမှလည်းရှာလို့မတွေ့တာကြောင့် မဲမှောင်နေသည့်နေရာဆီသို့ ပြန်သွားရန် ရွှီဇီယန်တတ်နိုင်တော့သည်။

သူအမှောင်ထုထဲသို့ခြေလှမ်းလိုက်ချိန်၌ လက်ရှိမှာတော့ လှပသည့်ရှုခင်းနဲ့ ကြီးမားစွာကွဲပြားသွားတော့သည်။ ဒါပေမယ့် အမှောင်ထဲမှာတစ်ယောက်တည်းရှိနေတာက သူ့အားစိုးရိမ်မှုကိုလျော့နည်းစေသည်။

တောင်ကြားထဲကအခြေအနေဟာ အတော်လေးထူးဆန်းပြီး ထိုနေရာကလှပတယ်ဆိုပေမယ့် အနည်းငယ်အရေးမပါဘူးလို့ ရွှီဇီယန်ခံစားနေရသည်။ ပုံမှန်အားဖြင့်ဆိုရင် အနှောင့်အယှက်ပေးမည့် ကျင့်ကြံသူတစ်ယောက်တောင်မရှိတာကြောင့် အဲ့ဒီလိုစိတ်ဝိညာဉ်အငွေ့အသက်တွေပေါများနေသည့်နေရာမျိုးမှာ သာမန်တိရိစ္ဆာန်တစ်ကောင်ကတောင် နှစ်ပေါင်းများစွာကြာရင် တောကောင်အသွင်သို့ပြောင်းလဲသ‌ွားနိုင်သည်။ ဒါပေမယ့် အဲ့ဒီနေရာမှာ တောကောင်တွေမရှိရုံတင်မကပဲ စိတ်ဝိညာဉ်ဆေးပင်တွေတောင် သူမတွေ့ခဲ့ရပေ။

"အတော်လေးကိုထူးဆန်းတာပဲ" ရွှီဇီယန်တီးတိုးရေရွတ်လိုက်ရင်း သူဒီကိစ္စကိုချန်ထားပြီးထွက်လာပြီးပြီဆိုပေမယ့် သူစဉ်းစားရင်း၊စဉ်းစားရင်းနဲ့နှာခေါင်းရှုံ့လိုက်သည်။

သူတောင်ကြားကနေထွက်လာပြီး သူသဘောမပေါက်လိုက်သည်က — အတိအကျပြောရရင် သိုးငယ်လေးဟာတောင်ကြားထဲကနေထွက်လာပြီးနောက် တောင်ကြားတစ်ခုလုံးဟာ အက်ကွဲလာပြီးပြာမှုန်အဖြစ်ပြောင်းလဲသွားကာ မီးခိုးရောင်ဖရိုဖရဲအခြေသာကျန်ရှိနေတော့သည်။

*************

ရွှီဇီယန်နဲ့သိုးငယ်လေးဟာ မဲမှောင်နေသည့်အက်ကွဲကြောင်းအောက်ခြေသို့လျှောက်လာပြီး ခပ်မှိန်မှိန်လေးအလင်းရောင်ကျောက်တုံးကလည်း သူ၏ခြေထောက်အောက်က လမ်းကြောင်းကိုသာမြင်ရသည်။

သိုးငယ်လေးဟာရွှီဇီယန်၏ဘေးနားက နီးကပ်စွာလိုက်ပါလာပြီး သူကအရမ်းကိုပျော်ရွှင်နေသည့်ပုံစံဖြင့် အချိန်ပြည့်"meh"ဆိုသည့်အသံမျိုးကိုပြုလုပ်နေသည်။

သိုးငယ်လေး၏ပျော်ရွှင်မှုတွေ ရွှီဇီယန်ဆီကူးစပ်သွားသလိုမျိုး သူလည်းပိုပြီးတော့စိတ်သက်သာရာရသွားသည်။ အက်ကွဲကြောင်းထဲသို့ပြုတ်ကျလာပြီးနောက် တောကောင်၏အစာလည်းမဖြစ်သလို သတ်ဖြတ်တာလည်းမခံရတာကြောင့် ပျော်ရွှင်စရာပင်မဟုတ်ဘူးလား။

"ဟမ်?" သူ၏အရှေ့တည့်တည့်က အလင်းရောင်ကြောင့် ရွှီဇီယန်ရုတ်တရက်ရပ်လိုက်ပြီး သူ၏ခေါင်းကိုမော့ကြည့်လိုက်သည်။ သူအရှေ့ကအလင်းရောင်ဆီသို့ အရှိန်ကိုမြင့်ကာလျင်မြန်စွာလျှောက်သွားသည်။

ရွှီဇီရုန်ကရုတ်တရက် အရှိန်မြင့်ကာလျင်မြန်စွာလျှောက်နေတယ်လို့ သိုးငယ်လေးခံစားမိလိုက်တာကြောင့် သူ၏ခေါင်းကိုမော့ကာ ကြည့်လိုက်သည့်အခါ၌ သူ၏တောက်ပသည့်မျက်လုံးတွေမကြည်နိုင်အောင်ဖြစ်သွားရသည်…

ဒီအက်‌ကွဲကြောင်းအောက်ခြေကမဲမှောင်နေပြီး အလင်းရောင်တွေကိုစုပ်ယူနိုင်ပုံပေါ်တာကြောင့် သူတို့တွေကအလင်းရောင်ကျောက်တုံးဖြင့် အသုံးပြုထားတာတောင် သူတို့တွေ၏အနီးအနားတစ်ဝိုက်ကိုသာ ရှင်းရှင်းလင်းလင်းမြင်ရသည်။

ယှဉ်ကြည့်လိုက်ရင် သူတို့တွေ၏အရှေ့ကအလင်းရောင်ဟာ သူ၏မျှော်လင့်ချက်ဖြစ်လာနိုင်သည်။ အန္တရာယ်ရှိနိုင်တယ်ဆိုတာ သူသိနေတယ်ဆိုရင်တောင် ရွှီဇီယန်ကြိုးစားကြည့်ချင်သေးသည်။ ထို့အပြင် အဆုံးမရှိသည့်အမှောင်ထုက အဲ့ဒီအလင်းတန်းကိုစုပ်ယူနိုင်ခြင်းမရှိတာကြောင့် ထိုအရာကထူးခြားသည့်စွမ်းအားတွေရှိနေလိမ့်မည်။

ရွှီဇီယန်အလွန်ကိုမြန်နေတာကြောင့် ထိုအလင်းရောင်နားသို့လျှောက်သွားရန် အချိန်သိပ်မယူလိုက်ရပေ။ ဒါပေမယ့် သူမရောက်သွားခင် အလင်းရောင်၏အရိပ်ထဲကနေ အသံထွက်လာတာကို သူသတိပြုမိလိုက်သည်။

"ချီးပဲ!" ရွှီဇီယန်အကူအညီမဲ့စွာဆဲရေးလိုက်တော့သည်။ အဆုံးမဲ့အမှောင်ထုကနေ သူရှင်သန်ကျော်လွှားနိုင်တော့မယ်လို့ မှန်းဆခဲ့ပြီး အလင်းရောင်ဆီသို့မရောက်ခင် သူကအတော်လေးကံကောင်းတာပဲလို့ခံစားခဲ့ရပေမယ့် သူ၏ကံကောင်းခြင်းတွေအားလုံးကုန်ဆုံးသွားပြီး သူ၏ကံဆိုးမှုတွေစတင်‌ေနပြီဆိုတာ သူသဘောပေါက်သွားပြီ!

အဲ့လိုမှမဟုတ်ရင် ရွှေအမြုတေအလတ်အလယ်အဆင့် ကြီးမားသည့်ပင့်ကူနဲ့အမှတ်မထင်တွေ့ဆုံဖို့ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ?!!!

#TK