Chapter 122
"ကိုကို နောက်တစ်ခါ ဒီလိုမျိုးရုတ်တရက်ကြီး မပျောက်သွားပါနဲ့၊ ကျွန်တော်အရမ်းစိတ်ပူရလိမ့်မယ်" ရွှီဇီရုန်ကသူ၏ခေါင်းကို ရွှီဇီယန်၏ပခုံးပေါ်သို့ ကလေးလေးလိုမှီလိုက်သည်။
ရွှီဇီယန်ခေါင်းညိတ်ပြလိုက်ပြီး သူ့ညီလေးအား အကူအညီမဲ့စွာကြည့်လိုက်ရင်း "ငါပျောက်သွားမှန်း မင်းဘယ်လိုလုပ်ပြီးသိတာလဲ? မင်းငါ့ကိုတစ်ချိန်လုံး အာရုံဖြန့်ကျက်ခြင်းစွမ်းအားနဲ့ မျက်စိဒေါက်ထောက်ကြည့်နေတာလား?"
ရွှီဇီရုန်မျက်မှောင်ကြုတ်ကာ ရှက်ကိုးရှက်ကန်းပုံစံမျိုးသာ ဆက်လက်သရုပ်ဆောင်နေပြီး "ကိုကို၊ ကိုကိုရုတ်တရက်ကြီး ကျွန်တော်ကိုထားသွားမှာအရမ်းကြောက်တာပဲ…"
ရွှီဇီယန်: "…"
သူနောက်ထပ်တစ်ကြိမ် အမှန်တရားကို အတည်ပြုလိုက်ရင်း — စွမ်းအားအကြီးဆုံးသူတွေက နာမည်ဂုဏ်သတင်းကိုလည်း ဂရုမစိုက်ကြဘူး!
ထို့နောက်မှာတော့ ကုဗတုံးလေးဟာ အာရုံဖြန့်ကျက်ခြင်းစွမ်းအားကို ဖုံးကွယ်နိုင်သည့်စွမ်းရည်ရှိမှန်း ရွှီဇီယန်ရှာတွေ့သွားပေမယ့် သူကုဗတုံးထဲသို့ဝင်လိုက်တာနဲ့ ကုဗတုံးကလည်းရွေ့လျားခြင်းမရှိတော့ဘူး။ ဆင့်ကဲပြောင်းလဲမှုတွေအပြီးမှာတော့ ကုဗတုံးဟာ မြူမှုန်လေးတွေ စတင်ပေါ်ထွက်လာတော့သည်။
သူတစ်ယောက်တည်းကသာ အဲ့ဒီမြူမှုန်တွေကိုမြင်ရတာဖြစ်ပြီး ရွှီဇီရုန်ကတော့ မမြင်ရပေ။ သို့ရာတွင် ထိုမြူတွေဖုံးကွယ်ထားသည့် အကွာအဝေးအတွင်း သူဝင်ရောက်ပြီး သူ့ကိုယ်သူဖုံးကွယ်ထားလို့ရတာကြောင့် အာရုံဖြန့်ကျက်ခြင်းစွမ်းအားနဲ့တောင် သတိထားမိမည်မဟုတ်ပေ။ သူကသူ့ကိုယ်သူဖုံးကွယ်နိုင်ဖို့အဆောင်မသုံးပဲနဲ့တောင် သူ၏ပင်ကိုမျက်စိတွေဖြင့် မြင်နိုင်နေဆဲဖြစ်သည်။
ရွှီဇီယန်ချောက်နက်ကြီး၏အပြင်ဘက်၌ရပ်လိုက်ပြီး ကုဗတုံး၏မြူတွေကိုအသုံးပြုကာ သူ့ကိုယ်သူဖုံးကွယ်လိုက်ရင်း ချောက်နက်ထဲသို့ သတိရှိစွာဝင်သွားတော့သည်။
ချောက်နက်ထဲ၌ ရေပူတွေစီးဆင်းလျက်ရှိသည်။ ထိုရေပူစမ်းတွေ၌ မီးလိပ်ကြီးနေထိုင်သည့် ရေပူစမ်းအပြင် ဒါဇင်ထက်များသည့် အရွယ်အစားမျိုးမျိုးသော ရေပူစမ်းတွေလည်းရှိကြသည်။
အဲ့ဒီရေပူစမ်းတွေဟာ အပူချိန်တွေမတူညီကြပဲ အပူချိန်အမြင့်ဆုံးတွေကတော့ ချော်ရည်ပူလောက်ရှိပြီး အပူချိန်အနိမ့်ဆုံးတွေကတော့ ကြက်ဥတွေကျက်နိုင်လောက်သည့်အထိပူသည်။ ချောက်နက်တစ်ခုလုံးဟာ အခိုးအငွေ့တွေနဲ့ပြည့်နက်နေတာကြောင့် မြေမျက်နှာပြင်ဟာ တစ်ချိန်လုံးစိုထိုင်းနေတော့သည်။ ထိုမျက်နှာပြင်ပေါ်၌ လမ်းလျှောက်သွားပါက ဘယ်သူမဆို ခြေရာတွေကျန်သွားလိမ့်မည်။
ရွှီဇီယန်အခြေခံကျင့်ကြံခြင်းပြီးဆုံးသွားပြီးနောက် ခန္ဓာကိုယ်ကိုထိန်းချုပ်နိုင်သည့် သူ၏စွမ်းရည်က ကောင်းမွန်စွာတိုးတက်လာတယ်ဆိုပေမယ့် အဲ့ဒီသဲလွန်စတွေမကျန်အောင်လုပ်ဆောင်နိုင်ဖို့ကတော့ ဘယ်လိုမှမဖြစ်နိုင်ပေ။ ကံကောင်းစွာ မီးလိပ်ကြီးက စွမ်းအားမကြီးသလို အရမ်းလည်းဉာဏ်မပြေးတာကြောင့် ခြေရာတွေကိုသတိထားမိလိမ့်မည်မဟုတ်ပေ။
ပုန်းခိုရန်သင့်တော်သောနေရာကို ရွေးချယ်ပြီးနောက် ချောက်နက်၏အလယ်တည့်တည့်က အကြီးမားဆုံးရေပူစမ်းဆီသို့ ရွှီဇီယန်ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။ ရေပူစမ်းတွေထွက်ပေါ်လာသည့်အချိန်၌ ထိုအရာတွေနဲ့ပတ်သက်ပြီး သူ့ဆီမှာကံဆိုးတဲ့အတွေ့အကြုံမှတ်ဉာဏ်တွေ ရှိနေဆဲဖြစ်သည်။ လျှိုကွမ်းဂိုဏ်းသို့ သူစတင်ဝင်စဉ်အချိန်တုန်းက အဲ့ဒီရေသူမ သူ့အားပေးလိုက်သည့် ကြီးမားသည့်သင်ခန်းစာဟာ စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီးဆုံးဖြတ်လို့မရမှန်း သူ့ကိုသဘောပေါက်သွားစေသည်။
"ဝေါ်!" ဒေါသထွက်နေသည့်ဟိန်းသံကြောင့် ရွှီဇီယန်ရုတ်တရက်ရပ်လိုက်သည်။ ခဏအတွင်းထိုအရာကို သူသတိပြုမိသွားပြီးနောက် သူ၏အမူအရာကပြောင်းလဲသွားပြီး အနောက်ဘက်သို့ တတ်နိုင်သမျှခပ်ဝေးဝေးပြန်လျှောက်လေတော့သည်။
ကံမကောင်းစွာ သူအနောက်ဘက်သို့လျှောက်ချိန်၌ ရွှံ့နွံထဲသို့လှမ်းလိုက်မိသည်။ အကယ်၍ ထိုအရာကသာမန်ရွှံ့သာဆိုရင် အဆင်ပြေပေမယ့် ကံမကောင်းစွာ ထိုရွှံနွံထဲ၌ ကျိုင်းကောင်ပုံစံအင်းဆက်ပိုးကောင်တွေရှိနေသည်။ အဲ့ဒီအင်းဆက်တွေ၏တိုက်ခိုက်မှုက အရမ်းကြီးမမြင့်မားပေမယ့် သူတို့တွေကအလွန်ကိုအဆိပ်ပြင်းတာကြောင့် အကယ်၍ သူတို့တွေသာ လူသားတွေ၏ခန္ဓာကိုယ်ကိုကိုက်လိုက်ပါက အဲ့ဒီလူသားဟာလှုပ်ရှားလို့ရမည်မဟုတ်တော့ပေ။
ရွှီဇီယန်အမျက်ခြောင်းခြောင်းထွက်နေပေမယ့် ထိုအရာကသူ့အားမကူညီနိုင်ပေ။
အင်းဆက်တွေကိုသတ်ပစ်ဖို့ကလွယ်ကူလှသည်။ အကယ်၍ သူမသတ်ဘူးဆိုရင်တောင် သူ့ကိုယ်သူကာကွယ်ဖို့ စိတ်ဝိညာဉ်အကာအရံကို အသက်သွင်းလိုက်ဖို့သာ လိုအပ်တာကြောင့် အင်းဆက်တွေဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် သိပ်မဝေးလှသည့်နေရာ၌ အလွန်စွမ်းအားကြီးသည့် တောကောင်နှစ်ကောင်က တိုက်ခိုက်နေတာကိုသိထားတာကြောင့် ဒီလိုအခြေအနေမျိုးမှာ သူဘယ်လိုလုပ်ပြီး စိတ်ဝိညာဉ်စွမ်းအားကိုအသုံးပြုရဲမှာလဲ?
ကုဗတုံး၏မြူတွေက အာရုံဖြန့်ခြင်းစွမ်းအားကို ကာထားပေးနိုင်ပေမယ့် စိတ်ဝိညာဉ်စွမ်းအား၏အတက်အကျကိုတော့ မကာထားနိုင်ဘူး။ တိုက်ခိုက်နေကြသည့်တောကောင်နှစ်ကောင်ကလည်း တိုက်ပွဲအနီးနားက ပုံမှန်မဟုတ်သည့်အခြေအနေတွေကို အာရုံစိုက်နေလိမ့်မည်။ ဒီလိုအချိန်မျိုးမှာ စိတ်ဝိညာဉ်အကာအရံကိုအသုံးပြုလိုက်တာက အမှောင်ထဲကနေ တောက်ပလာသည့်အလင်းနဲ့တူနေလိမ့်မည်။ အဲ့ဒီပုံစံမျိုးက 'ငါဒီမှာ ငါနဲ့လာကစားလာလို့!'ဖိတ်ခေါ်နေတာနဲ့ အတူတူပင်ဖြစ်သည်။
အကယ်၍ သူ၏စိတ်ဝိညာဉ်စွမ်းအားကို အသုံးမပြုပြန်ရင်လည်း အဆိပ်ရှိသည့်ကျိုင်းကောင်တွေကိုက်တာ သူခံရမည်ဖြစ်ပြီး ဒီနေရာမှာသူမလှုပ်ရှားနိုင်ပဲ လဲလျောင်းနေပြီးသေဖို့စောင့်ဆိုင်းနေရင်း အဲ့ဒီတောကောင်နှစ်ကောင်လက်ထဲကနေ လွတ်မြောက်တာကပင် သူကံကောင်းတယ်လို့မျှော်လင့်ရုံသာရှိတော့သည်။
အကယ်၍ သူ၏စိတ်ဝိညာဉ်စွမ်းအားကိုအသုံးပြုပြီး ကျိုင်းကောင်တွေကိုသတ်လိုက်ပြန်ရင်လည်း တောကောင်တွေက သူ့အားသတိထားမိသွားလိမ့်မည်။ ဒါပေမယ့် အဲ့ဒီတောကောင်တွေက အချင်းချင်းတိုက်ခိုက်နေကြတာဆိုတော့ ရွှီဇီယန်အားလျစ်လျူရှုထားနိုင်သည်…
ရွေးချယ်စရာနှစ်ခုအနက် နောက်ဆုံးတစ်ခုကိုသာ ရွှီဇီယန်ရွေးချယ်လိုက်သည်။ ဒီလိုမျိုးမသေချာမရေရာတဲ့အလောင်းအစားထက်စာရင် သေချာသည့်တစ်ခုကိုရွေးချယ်တာက သူ့အတွက်ပိုဘေးကင်းလိမ့်မည်။
သူ၏လက်ချောင်းတွေကနေ ရောင်ခြည်တန်းပေါ်ထွက်လာပြီး အဆိပ်ရှိသည့်ကျိုင်းကောင်တွေ လောင်ကျွမ်းကုန်ပြီးမြေပြင်ပေါ်သို့ပြုတ်ကျကုန်ကြသည်။
တောကောင်နှစ်ကောင်၏အာရုံဖြန့်ခြင်းစွမ်းအားကလည်း တစ်ချိန်တည်း၌ထွက်လာပေါ်လာတာကြောင့် ကုဗတုံး၏မြူတွေကို ရွှီဇီယန်ဖယ်ရှားလိုက်ရင်း ဓားပျံဖြင့်ပေါ်တက်လိုက်ပြီး သူ၏စွမ်းအားကိုလွတ်မြောက်ဖို့အသုံးပြုလိုက်သည်။
အကယ်၍ သူခန့်မှန်းချက်သာမှန်ကန်မယ်ဆိုရင် တိုက်ခိုက်နေကြသည့် တောကောင်နှစ်ကောင်က အနည်းဆုံး ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ရောက်ရှိထားလိမ့်မည်ဖြစ်ပြီး သူတို့တွေက ဒီလိုပျော့ညံ့တဲ့မီးလိပ်ကြီး၏နယ်မြေရဲ့အိမ်ရှင်တွေဖြစ်လိမ့်မည်မဟုတ်ပေ။
တောကောင်တွေအများစုက ကျက်စားရာနယ်မြေအတွက် အချင်းချင်းတိုက်ခိုက်ကြလေ့ရှိပြီး ရှုံးသွားသည့်တောကောင်တွေက ထွက်သွားရသည် ဒါမှမဟုတ် အနိုင်ရသူတွေ၏အစာဖြစ်သွားကြသည်။
မီးလိပ်ကြီး၏ကံကြမ္မာအတွက် ရွှီဇီယန်တွေးတောနေဖို့အချိန်မရှိဘူး။ သူကတောကောင်တွေ၏အစာမဖြစ်ဖို့အတွက်သာ သူမျှော်လင့်နေရသည်။
"ဟန့် ဒါကပိုးကောင်သေးသေးလေးပါ၊ ပြီးမှငါမင်းကိုလာရှင်းမယ်!" မာကြောသည့်အသံက သူ၏နားတွေထဲသို့ မိုးကြိုးပစ်ချသလိုဖြစ်သွားသည်။ ရွှီဇီယန်၏ရင်ထဲ၌လှိုင်းလုံးကြီးပေါ်လာသလို ရုတ်တရက်ခံစားလိုက်ရပြီး သူ၏တစ်ကိုယ်လုံးဟာ ကြီးမားသည့်ဖိအားကြောင့် အောက်ဘက်သို့ဆွဲချခံနေရတော့သည်။
"ချီးပဲ!" သူအကူအညီမဲ့စွာအော်လိုက်ရင်း ဓားပျံအားအသည်းအသန်ထိန်းချုပ်ပြီး ရုန်းကန်ရင်းအရှေ့သို့သွားခိုင်ပေမယ့် ရန်သူ၏စွမ်းအားက သူ့အားအရမ်းဖိနှိပ်ထားသည်။ သူ၏ဓားပျံဖြင့် အကြိမ်အနည်းငယ်လောက် သူရုန်းကန်ရင်း ဓားပျံဟာကျိုးတော့မလို အက်ကွဲကြောင်းတွေထွက်ပေါ်လာသည်။
ဒီဓားပျံဟာလူအများစုအသုံးပြုကြသည့် သာမန်အရည်အသွေးရှိသည့်လက်နက်သာဖြစ်သည်။ ရွှီဇီယန်ကဓားသမားမဟုတ်တာကြောင့် ဓားနဲ့ပတ်သက်သည့် လိုအပ်တဲ့ပစ္စည်းတွေ သူ့မှာမရှိဘူး။ သို့ပေမယ့် သူ၏ချန်ခွင်အိတ်ထဲမှာတော့ သာမန်အရည်အသွေးရှိသည့် ဓားပျံသုံးလက်တော့ရှိသေးသည်။
ဒီဓားကဈေးပေါတယ်ဆိုပေမယ့် အရည်အသွေးမကောင်းဘူးလို့တော့ မဆိုလိုပေ။ ဒီအခြေအနေမှာတော့ ဓားကသေချာပေါက်ကျိုးတော့မည်။
ဒီဓား၏အားကိုးမရသည့်အရည်အသွေးကြောင့် ရွှီဇီယန်စိတ်ပျက်နေပြီး အကယ်၍ သူဒီတစ်ကြိမ်လွတ်မြောက်သွားခဲ့ပါက အမြန်နှုန်းအမြင့်ဆုံးဓားပျံအား ရအောင်ဝယ်ရမယ်လို့ သူ့ရင်ထဲ၌ကတိပြုလိုက်သည်။
ပိုင်ဟွဆီမှာရှိခဲ့သည့် ဂျီကွမ်းဓားပျံက လက်နက်တွေအားလုံးထဲမှာ အကောင်းဆုံးအရည်အသွေးရှိမှန်း သူသိသည်။ ထို့အပြင် ပိုင်ဟွက ထိုဓားပျံအား ဘယ်သူမှသတိမထားမိစဉ်အချိန်တုန်းက ဝယ်ခဲ့တာဖြစ်တာကြောင့် ပိုင်ဟွမဝယ်ခင် သူထိုဓားပျံအားသွားဝယ်ရမည်။
"ဟမ် မင်းကခုခံနေသေးတာလား?" မာကြောသည့်အသံဆီကနေ လှောင်သံထွက်ပေါ်လာပြီး ကောင်းကင်ထက်၌ မိုးပြာရောင်အလင်းတန်းပေါ်ထွက်လာပြီး ဓားပျံဟာကျိုးသွားတော့သည်။
ဓားပျံ၏အထောက်အပံ့မရှိတော့တာကြောင့် ရွှီဇီယန်ဟာ လေထုအလယ်ကနေ အောက်သို့တည့်တည့်ပြုတ်ကျလာတော့သည်။ ကံကောင်းစွာ လွတ်မြောက်ဖို့အတွက်နဲ့ သူအလုပ်ရှုပ်နေတာကြောင့် ခပ်မြင့်မြင့်သို့မပျံသန်းရသေးပေ။ မဟုတ်ရင် အဲ့ဒီတောကောင်တွေမရှိလည်း သူပြုတ်ကျရုံနဲ့တင်အသက်ပျောက်သွားနိုင်သည်။
ရွှီဇီယန်ပြုတ်ကျလာပြီးနောက် ထပြီးမပြေးခင် သူနှစ်ပတ်သုံးပတ်လောက်လှိမ့်သွားသည်။ သူတိုက်ခိုက်ရမလား၊ ပြေးရမလား သူနောက်တစ်ကြိမ်တွေဝေနေပေမယ့် ပြေးရန်သာသူဆုံးဖြတ်လိုက်တော့သည်။
အလင်းတန်းတွေဟာ နယ်မြေတစ်ခုလုံးကို ဝန်းရံပိတ်ဆို့ထားပြီး ရုတ်တရက် သူ၏အရှေ့၌ပေါ်လာသည်။ တစ်နည်းဆိုရရင် ရန်သူ၏နယ်မြေမန္တန်တွေကို အသုံးပြုကာတိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
အကယ်၍ သူသာနယ်မြေမန္တန်တွေကိုအသုံးပြုချင်ပါက သူ၏ကျင့်ကြံခြင်းအဆင့်ဟာ အနည်းဆုံး အမတဝိညာဉ်အခြေတည်စအဆင့်ထက်မြင့်နေမှရမည်။ အဲ့ဒီလိုသာဆိုရင် သူ၏ရန်သူအားသူအထင်သေးလိုက်မိပြီဖြစ်ပြီး နှစ်ဖက်စလုံးကတောကောင်တွေဟာ အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံခြင်းသို့ရောက်ရှိနေသူများဖြစ်ကြသည်။
သူကအခုမှအခြေခံကျင့်ကြံခြင်းပြီးထားသည့် ကျင့်ကြံသူသာဖြစ်ပြီး ချီစွမ်းအင်စုဆောင်းမှု တောကောင်လေးတွေကိုသာ တိုက်ခိုက်နိုင်သည်။ အကယ်၍ သူကံကောင်းရင်တော့ ရွှေအမြုတေအဆင့်တောကောင်တွေကို သူချေမှုန်းနိုင်ပေမယ့် အမတဝိညာဉ်အခြေတည်စအဆင့်ဆိုရင်တော့လား? လာမနောက်နဲ့!
အကယ်၍ သူသာအမတဝိညာဉ်အခြေတည်စအဆင့်ကိုသာ ချေမှုန်းနိုင်ပါက သူဘာကိစ္စကြောင့် ကျင့်ကြံခြင်းကို အချိန်အကြာကြီးကျင့်စရာလိုနေဦးမှာလဲ? အဲ့ဒါကဟာသတစ်ခုပဲမဟုတ်ဘူးလား?
သူ၏ဆရာသခင်လော့ယွင်ကလည်း အမတဝိညာဉ်အခြေတည်စအဆင့်ကျင့်ကြံသူဖြစ်သည်။ သူ့ဆရာသခင်နဲ့ရွှီဇီယန် တစ်ခါလောက်လေ့ကျင့်ဖူးပေမယ့် လော့ယွင်ကရွှီဇီရုန်အား အကောင်းဆုံးသင်ခန်းစာမျှဝေပေးချင်တယ်လို့သာ ရွှီဇီယန်ခံစားမိသည်။ သူ့ဆရာသခင်က အရမ်းကိုခန့်မှန်းရခက်တာပဲလို့ ခံစားမိခဲ့သည်။
သူ့ဆရာသခင်၏တိုက်ခိုက်မှုနဲ့ရင်ဆိုင်တုန်းကတောင် သူ့မှာခုခံဖို့စွမ်းရည်တောင်မရှိတာ ဒီအမတဝိညာဉ်အခြေတည်စအဆင့် တောကောင်နှစ်ကောင်နဲ့သာဆိုရင် အခြေခံကျင့်ကြံခြင်းအဆင့်ကို သတ်ပစ်ဖို့ ဘယ်လောက်တောင်လွယ်ကူနေလိမ့်မလဲ?
"ထွက်ပြေးချင်တာလား?" မာကြောသည့်အသံဆီက အနည်းငယ်ရွှတ်နောက်နောက်လေသံကို ရွှီဇီယန်ထပ်မံကြားလိုက်ရသည်။
ရွှီဇီယန်အကူအညီမဲ့စွာ သူ့ရင်ထဲ၌ဆဲဆိုနေတော့သည် — 'မင်းရူးနေတာလား? မင်းရဲ့ရန်သူနဲ့တိုက်ခိုက်နေရမှာကို ဘာလို့ငါ့ကိုအာရုံလာစိုက်နေရတာလဲ? ငါပြေးချင်တယ်ဆိုရင်ရော မင်းအတွက်ဘာပြဿနာများ ဖြစ်သွားမှာမလို့လဲ?'
ဗုန်း!
ရွှီဇီယန်၏ခြေထောက်တွေ အမဲရောင်နွယ်ပင်နဲ့ရစ်ပတ်ခံလိုက်ရတာကြောင့် မြေပြင်ပေါ်လဲကျသွားပြီး လှုပ်ရှားလို့မရတော့ပေ။
အမဲရောင်နွယ်ပင်ဟာ သူ၏တစ်ကိုယ်လုံးကို ဖြည်းညင်းစွာရစ်ပတ်လိုက်ပြီး သေးငယ်သည့်ပန်းရောင်ပန်းကလေးဟာ ထိပ်ဘက်၌ပွင့်လာပြီး ညင်သာစွာလှုပ်ယမ်းနေသည်။
ရွှီဇီယန်မှင်တက်နေတော့သည်။ သူရွှေရောင်တောကောင်အား ခေါ်ထုတ်လိုက်ချင်သည်။ ရွှေရောင်တောကောင်က အမတဝိညာဉ်အခြေတည်စအဆင့်တောကောင်တွေကို ကိုင်တွယ်နိုင်ဖို့အသုံးမဝင်ပေမယ့် အနည်းဆုံးတော့ ဒီနွယ်ပင်ကိုကိုက်ဖြတ်နိုင်တယ်မလား?
ကံမကောင်းစွာ ပန်းကလေးက သူ၏ရည်ရွယ်ချက်ကို သတိထားမိတာကြောင့် ထိုပန်း၏အလယ်တည့်တည့်ကနေ ပန်းရောင်အမှုန်တွေထွက်လာတော့သည်။
သူ၏စိတ်ထဲ၌ကျိန်ဆဲနေရုံသာ ရွှီဇီယန်တတ်နိုင်ပြီး ထို့နောက်မှာတော့ သူ၏အသိစိတ်တွေပျောက်ဆုံးသွားတော့သည်။
သူမေ့မြောသွားပြီးနောက် ပန်းကလေးက အကြိမ်အနည်းငယ်လောက် ဟိုယိမ်းဒီယိမ်းလှုမ်းယမ်းနေပြီး ပန်း၏တောက်ပသည့်အရောင်ဟာ တဖြည်းဖြည်းလွင့်ပါးလာတော့သည်။ တိုက်ပွဲဟာအချိန်တိုအတွင်း အဆုံးသတ်သွားပြီးနောက် လှပသည့်ယောင်္ကျားလေးတစ်ယောက်ဟာ လေပေါ်ကနေဖြတ်သန်းလာပြီး ရွှီဇီယန်၏ခေါင်းထက်၌ ပေါ်လာသည်။
သူ၏ဆွဲဆောင်မှုရှိသည့်မျက်နှာကြောင့် ကျား၊မခွဲခြားဖို့တောင်ခက်ခဲလှပြီး သူ၏ဘယ်ဘက်ပါးပေါ်၌ အမဲရောင်အမှတ်အသားရှိနေသည်။ အဲ့ဒီအမှတ်အသားဟာ သူ၏ရုပ်ရည်ကိုမထိခိုက်စေပဲ ထိုအမှတ်အသားက သူ့ကိုရင်သပ်ရှုမောအောင် ပိုပြီးဖြစ်သွားစေသည်။ အကယ်၍ သူ့မှာလည်စလုတ်သာမရှိနေပါက မိန်းကလေးတစ်ယောက်က ယောင်္ကျားအဝတ်အစားတွေဝတ်ထားတယ်လို့တောင် လူတွေထင်ကြလိမ့်မည်။
မေ့မြောနေသည့်ရွှီဇီယန်ကိုမြင်ပြီးနောက် သူ၏မျက်ခုံးတွေအနည်းငယ်ပင့်တက်သွားသည်။ သူတွေးလိုက်သည်က 'ဒီလူသားကအတော်လေးကြည့်ကောင်းတာပဲ၊ သူ၏အခြွေအရံအဖြစ်ရွေးချယ်ဖို့သင့်တော်လောက်တယ်'
သူ၏လက်ချောင်းစိတ်ကို အသာလေးကိုက်လိုက်ပြီး ထိုဒဏ်ရာကနေ အပြာရောင်သွေးတစ်စက်ထွက်ပေါ်လာပြီး ရွှီဇီယန်ဆီတဖြည်းဖြည်းပျံလာသည်။
အပြာရောင်သွေးစက်ဟာ ရွှီဇီယန်၏မျက်ခုံးတွေဆီသို့ တဖြည်းဖြည်းချဉ်းကပ်လာပြီး စိမ့်ဝင်သွားတော့သည်။ အကယ်၍ သူသာရွှီဇီယန်၏ခန္ဓာကိုယ်နဲ့ ပေါင်းစည်းနိုင်သွားပါက ရွှီဇီယန်ကသူ၏ရုပ်သေးရုပ်ဖြစ်လာမည်ဖြစ်ပြီး သူပြောတာကိုတစ်ချိန်လုံး နာခံရမည်ဖြစ်သည်။ အကယ်၍ သူကရွှီဇီရုန်ကိုသတ်ဖို့အမိန့်ပေးလိုက်ပါက ရွှီဇီယန်ကလည်းတွန့်ဆုတ်နေမည်မဟုတ်ပေ။
အပြာရောင်သွေးက ရွှီဇီယန်၏မျက်ခုံးတွေနဲ့ ဆက်နွယ်နေသည့်အချိန်၌ ရွှီဇီယန်၏ကိုယ်ပေါ်၌ အနီရောင်အလင်းတန်းပေါ်လာသည်။ အပြာရောင်သွေးစက်အား တိုက်ခိုက်ဖြိုခွဲလိုက်သည့် ရူးသွပ်ခြင်းနှင့်ရောနှောနေသော အသိစိတ်တစ်ခုရှိနေသည်။
တစ်ဖက်လူ၏ထောက်ခံမှုမပါတာကြောင့် အပြာရောင်သွေးဟာ တက်ကြွမှုတွေဆုံးရှုံးသွားပြီး မြေပြင်ပေါ်သို့ကျဆင်းသွားတော့သည်။
ဆွဲဆောင်မှုရှိသည့်ယောင်္ကျားလေးဟာ အနည်းငယ်အံ့ဩသွားပြီး တအံ့တဩဖြင့်ပြောလိုက်သည်။
"အစကတည်းက မင်းကတစ်ယောက်ယောက်ရဲ့သွေးအစေခံဖြစ်ထားတာလား?"
"ကျွတ် ကျွတ် ဝမ်းနည်းစရာကောင်းလိုက်တာ၊ ငါစိတ်ဝင်စားတဲ့လူသားကို ငါမြင်ရရုံလေးရှိသေးတာကို" ဆွဲဆောင်မှုရှိသည့်ယောင်္ကျားလေးဟာ ဝမ်းနည်းသလိုခံစားရပေမယ့် ရွှီဇီယန်အပေါ်သို့ အခြားဘာရည်ရွယ်ချက်မှမရှိဘူး။
သွေးကိုအသုံးပြုပြီး သွေးအစေခံတွေပြုလုပ်သည့်ဒီနည်းလမ်းဟာ မိစ္ဆာကျင့်ကြံသူအနည်းငယ်သာ အသုံးပြုနိုင်တာဖြစ်ပြီး အဲ့ဒီမိစ္ဆာကျင့်ကြံသူတွေကလည်း သူ့လက်အောက်မှာရှိကြသူများမဟုတ်ဘူး။ ဖိအားပေးပြီး တစုံတယောက်၏သွေးအစေခံကို လုယူဖို့ကြိုးစားတာက အဓိပ္ပါယ်လည်းမရှိသလို သွေးအစေခံ၏မူလသခင်အားရန်စန်စသလိုလည်း ဖြစ်သွားလိမ့်မည်။ မိစ္ဆာကျင့်ကြံသူတစ်ယောက်က လူသားတစ်ယောက်အတွက်နဲ့ သူနဲ့အဆင့်ချင်းတူသည့် မိစ္ဆာကျင့်ကြံသူနဲ့ တိုက်ခိုက်ဖို့ရည်ရွယ်ချက်မရှိဘူး။ ဒါကြောင့် သူကအလားအလာရှိသည့် ဒီသွေးအစေခံလေးကို လက်လျော့လိုက်တော့သည်။
#TK