Chapter 94
Viewers 23k

Chapter 94


ရွှီဇီယန်ဟာ အားတက်သရော သူ၏ခေါင်းကိုခါလိုက်သည်။ သူ့အတွက်အသေးအဖွဲ့ကိစ္စလေးတွေ ရှိနေသေးတာကြောင့် ထိုကိစ္စကို မေ့ထားလိုက်ဖို့ သူတွေးလိုက်တော့သည်။ ပထမဆုံးသူဖြေရှင်းရမှာက သုံးရက်အကြာတွင် တောကောင်သုံးကောင်ကျူးကျော်လာမည်ဖြစ်ပြီး အဲ့ထက်ပိုပြီး အချက်အလက်တွေကို သူလည်းမသိတော့ပေ။ ထို့အပြင် အဲ့ဒီကြားထဲမှာ သူမသိသေးတဲ့ အကြောင်းတစ်ခုခုတော့ ရှိနေအုန်းမည်။ ကံကောင်းစွာ အဲ့ဒီချိန်တုန်းက ကျန်မိသားစုဟာ ထိုဂိတ်ကိုစောင့်နေတယ်‌ဆိုတာတော့ သူသိထားသည်။ သူကကျန်မိသားစုကို တိုက်ခိုက်ဖို့အတွက် သတိပေးလိုက်ပါက ဘာပြဿနာမှ ဖြစ်လာတော့မည်မဟုတ်ပေ။

သစ္စာဖောက်ဘယ်လောက်ပဲ သူ၏လျှို့ဝှက်ချက်ကို ဖုံးကွယ်ပါစေ မြို့၏ဂိတ်တံခါးရဲ့ အကာအကွယ်အခင်းအကျင်းဟာ အချိန်ကြာတာနဲ့အမျှ ဖျက်ဆီးခံရလိမ့်မည်။ ရွှီဇီယန် ခန့်မှန်းတာ မှန်တယ်ဆိုရင် အခင်းအကျင်းဖျက်ဆီးခံရတာက လက်မထပ်ခင်ညမှာပင်ဖြစ်လိမ့်မည်။ သူတို့တွေမြို့ကိုတိုက်ခိုက်လာစဉ်က အခင်းအကျင်းဟာ အနည်းငယ်သာ ပျက်စီးသေးပြီး မြို့၏ဂိတ်တံခါးဝကြီး ကျိုးပျက်သွားသည့်အချိန်၌ တောကောင်တွေဟာ မြို့ထဲသို့ဝင်ရောက်လာပြီး လူတွေကိုသတ်ဖြတ်ကြတော့သည်။

သူရရှိထားသည့် အချက်အလက်တွေနဲ့ ပေါင်းစပ်ကြည့်ပြီးနောက် အဓိကအချက်အလက်တွေနဲ့ ရွှီဇီယန် ဝေးကွာနေသေးသည်။ ပြီးတော့ အဲ့ဒီလိုမျိုး တကယ်ဖြစ်ပျက်လိမ့်မယ်လို့လည်း သူအာမ,မခံနိုင်ပေ။ ကျန်မိသားစု၏သခင်ကြီးနဲ့ အခြားသောမိသားစုဝင်တွေကို သတိပေးရင်ပေး ဒါမှမဟုတ် ဝူတျီမြို့နဲ့တောအုပ်တွေထဲမှာ ပိုပြီးတော့ စူးစမ်းလိုက်ရှာရလိမ့်မည်။

အမှောင်ထုဟာ မြေပြင်၌ကြီးစိုးနေပြီး လရောင်ဟာကောင်းကင်ထက်၌ ဝင်းလက်စွာတောက်ပနေသည်။

အမဲရောင်အရိပ်နှစ်ခုဟာများပြားလှသည့် စင်္ကြံလမ်းတွေကို တစ်ခုပြီးတစ်ခုဖြတ်ကျော်သွားပြီး ကျန်အိမ်တော်၏အိမ်နောက်ဖေးဘက် ကျောက်ပုံဘေးသို့ အရိပ်ဟာပုန်းလိုက်သည်။ 

"အဲ့ဒါလား?"

"ဟုတ်တယ်"

ဒီအမဲရောင်အရိပ်နှစ်ခုဟာ သိသာစွာ ရွှီညီအကိုတွေဖြစ်ကြသည်။ ကျန်မိသားစုက အရေးကြီးတဲ့နေရာတွေကို အကာအကွယ်အခင်းအကျင်းတွေ တပ်ဆင်ထားပေမယ့် ဒီကျောက်ပုံက အရေးကြီးတဲ့ပုံလည်းမပေါ်ပေ။

ကျန်ထျန်းရှင်က ကျန်မိသားစု၏အကြီးဆုံးသား နတ်ဆိုးကိုယ်အားပိုင်ဆိုင်ထားသည့်သူကို အကျဉ်းချထားတယ်ဆိုပေမယ့် ဒီလိုအရာမျိုးတွေက ရွှီညီအကိုတွေအတွက်ကတော့ အလွယ်လေးသာဖြစ်သည်။

ရွှီဇီယန်က အခင်းအကျင်းနဲ့ပတ်သက်ပြီး မကျွမ်းကျင်ပေ။ သူ၏မူလခန္ဓာကိုယ်ကတော့ အဲ့ဒီလိုအရာတွေနဲ့ ရင်းနှီးမှုရှိပြီး ချဉ်းကပ်ဖို့က အမျိုးမျိုးသောပုံစံတွေရှိကာ တစ်ယောက်ယောက်၏ ကျင့်ကြံခြင်းအဆင့်နဲ့လည်း အားလုံးဆက်စပ်မှုရှိသည်။ ဒါကြောင့် သူကမိုးကြိုးသွားကို လေ့ကျင့်ထားပေမယ့် ဒီအရာတွေနဲ့ပတ်သက်ပြီး သူဘာမှမသိပေ။

ကံကောင်းစွာ လျှိုကွမ်းဂိုဏ်းကို ဝင်ရောက်ပြီးနောက် ရွှီဇီရုန်က အရာအားလုံးကိုစိတ်ဝင်စားပြီး(တကယ်တော့ သူသိထားတာတွေ အရမ်းများနေလို့ ဆင်ခြေပေးရုံသက်သက်ပါ) ဆန်းကျယ်တဲ့အခင်းအကျင်းတွေလည်း အပါအဝင်ဖြစ်သည်။ တစ်ချို့သောဆန်းပြားရှုပ်ထွေးမှုတွေကို လုပ်ဆောင်ပြီးနောက် သိပ်မကြာခင်မှာပင် ရွှီဇီရုန်ဟာ ပထမဆုံးအခင်းအကျင်းကို ဖွင့်လို့ရသွားသည်။

တသိမ့်သိမ့်လှုပ်ရှားသွားပြီးနောက် ဆန်းကျယ်သည့်အခင်းအကျင်း တစ်ခုလုံးဟာ ပွင့်သွားတော့သည်။ ရွှီဇီယန် ကြည့်မနေတာကို အခွင့်ကောင်းယူပြီး ရွှီဇီရုန်က လမ်းတစ်လျှောက်ကို စစ်ဆေးရန် များပြားလှသည့် သွေးလုံးတွေကို လွတ်လိုက်သည်။

"ဒါကအဆုံးသတ်လား?" ရွှီဇီရုန်အနည်းငယ် မျက်မှောင်ကြုတ်ကာ ဖုံးကွယ်ထားတဲ့ အခင်းအကျင်းထဲက အကျဉ်းထောင်က အလွတ်ကြီးလား?

သူမျက်လုံးတွေကို အနည်းငယ် စွေစောင်းကြည့်လိုက်ပြီး အကယ်၍ သူ့ကိုကိုသာ အခန်းလွတ်ကိုပဲတွေ့သွားရင် ဘာဖြစ်သွားမလဲလို့ သူတွေးဆမိသည် ဒါပေမယ့်…သူ့ကိုကိုနဲ့ မခွဲခွာပဲ သူနှစ်ပေါင်းများစွာ နေလာခဲ့တာဖြစ်သည်။ ဒီတော့ အဲ့ဒီအခန်းကျဉ်းထဲမှာ ဘယ်သူရှိနေတာလဲ? 

ရွှီဇီယန်ဟာ ရွှီဇီရုန် အရှေ့ကနေဦးဆောင်ကာ လျှောက်သွားသည်။ ဒီအပြုအမူက သူအမြဲတမ်းလုပ်ဆောင်နေကြဖြစ်သည်။ ရွှီဇီရုန်ကလည်း ငြင်းဆန်ဖို့ မကြိုးစားပေ။ လမ်းတစ်‌လျှောက်ဟာ အတွင်းထဲက အခန်းငယ်ဆီကိုသာ ဦးတည်နေပြီး သူ၏သွေးလုံးတွေနဲ့ နှံ့နှံ့စပ်စပ် စစ်ဆေးကြည့်ထားပြီးဖြစ်သည်။ ထောင်ချောက်က သူ၏သွေးလုံးထက် အဆင့်အများကြီးမြင့်ရင်ကလွဲရင် အခြားအရာတွေကို သူသေချာပေါက် ရှာတွေ့လိမ့်မည်။

ကျောက်ပုံ၏လျှို့ဝှက်ခန်းထဲကို ဝင်ရောက်သွားပြီးနောက် အခန်းလွတ်ကြီးကို မြင်လိုက်ပြီး ရွှီဇီယန် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

အလွတ်ကြီးလား?

အခြေအနေက သူမျှော်လင့်ထားနဲ့ အတော်လေး ကွဲပြားနေသည်။ ကျန်မိသားစုရဲ့အကြီးဆုံးသားက ဒီနေရာမှာမရှိဘူးလား?

သဲလွန်စတွေကို သူလျင်မြန်စွာ ပိုင်းခြားစိစစ်လိုက်ပြီး ကျန်ထျန်းရှင်ဟာ ကျန်မိသားစု၏မိစ္ဆာကျင့်ကြံသူဖြစ်သည့် ကျန်မိသားစု၏အကြီးဆုံးသားကို ဝှက်ထားတယ်ဆိုတာ ရွှီဇီယန် အတည်ပြုလိုက်သည်။ အဲ့ဒီအချိန်တုန်းက နတ်ဆိုးခန္ဓာကိုယ်နဲ့ ကျန်သခင်လေးဟာ များစွာသော အငြင်းပွားမှုတွေကို ခံစားခဲ့ရပြီး ကျင့်ကြံသူတွေနဲ့မိစ္ဆာကျင့်ကြံသူတွေ နှစ်ဖက်စလုံးကပါ သူ့ကိုသတ်ချင်ခဲ့သည်။ 

အထင်ကြီးစရာအကောင်းဆုံး အရာကတော့ ဒီလိုအခြေအနေတွေအောက်ကနေ ကျန်သခင်လေးဟာ လွတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ နောက်ထပ် ၇နှစ်၊၈နှစ်အကြာမှာတော့ ကျွန်းငယ်လေးတစ်ခုမှာ သူတို့တွေပေါ်လာတယ်ဆိုသည့် သတင်းကို နောက်ဆုံးကြားလိုက်ခြင်းဖြစ်သည်။

သခင်လေးကျန်းက မိသားစု၏လျှို့ဝှက်ခန်းအား ရှာတွေ့သွားတာကို ရွှီဇီယန် မှတ်မိသေးသည်။ အချက်အလက်တွေ အများကြီးမရှိပေမယ့် ကျန်ထျန်းရှင်က သူ့သားဖြစ်သူကို အိမ်တော်ထဲမှာ လူတွေအားလုံးဆီကနေ လျှို့ဝှက်ဖို့စီစဉ်ခဲ့တာကြောင့် နေရာအနည်းငယ်ကလွဲရင် ရှိမည်မဟုတ်ပေ။

ရွှီဇီယန်ကလည်း အဆင့်ချင်းတူသည့် မိသားစုကနေဆင်းသက်လာတာကြောင့် မိသားစုကစည်းလုံးတယ်ဆိုပေမယ့် အသံတွေကတော့ အမျိုးမျိုးရှိ‌တယ်ဆိုတာ သူသေချာသိသည်။ ကျန်ထျန်းရှင်က အိမ်တော်တစ်ခုလုံးဆီကနေ ဝှက်ထားချင်တာကြောင့် မသင်္ကာဖွယ်ဖြစ်နိုင်သည့် အခင်းအကျင်းထဲ၌ ဒီလိုအကျဉ်းထောင်လေးကို သူဖန်တီးထားမည်မဟုတ်ပေ။

"အနီးနားပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်" ရွှီဇီယန်က အခင်းအကျင်းတွေကို မကျွမ်းကျင်ပေမယ့် ရွှီဇီရုန်ကတော့ သိတာကြောင့် ဖုံးကွယ်ထားသည့် အခင်းအကျင်းသာရှိသေးရင် သူသတိထားမိတာကြာလှပြီဆိုတာ ရွှီဇီယန်ယုံကြည်သည်။ သူကသတိမထားမိဘူးဆိုတော့ လုံခြုံတဲ့နေရာမျိုး ရှိနေအုန်းမည်။

အခင်းအကျင်းတွေလည်းမရှိသလို ဘယ်သူ့ကိုမှလည်း မတွေ့တာကြောင့် ရွှီဇီယန်ချက်ချင်း အမျိုးမျိုးသော လျှို့ဝှက်လမ်းကြောင်းတွေကို တွေးတောလိုက်သည်။ ကျင့်ကြံသူတွေက စိတ်ဝိညာဉ်စွမ်းအင်၏ အတက်အကျနဲ့ပတ်သက်ပြီး အလွန်အမင်း သတိထားခံစားနိုင်ပေမယ့် စက်ယန္တရားပစ္စည်းတွေကို သူတို့တွေမသိနိုင်ပေ။ 

သူ့ကိုကို၏ရှင်းပြချက်ကို ကြားပြီးနောက် ရွှီဇီရုန်ခေါင်းညိတ်လိုက်ပြီး နံရံပေါ်ကို သူစစ်ဆေးကြည့်ဖို့ ရည်ရွယ်လိုက်သည်။ ပြီးတော့ သူကသွေးလုံးတွေကို အနီးတစ်ဝိုက်မှာ ဖြန့်ကျက်ထားပြီး သူ့ကိုကိုအား စောင့်ကြည့်ရန် အမိန့်ပေးလိုက်သည်။

ထိုအရာကိုရှာနေစဉ်အတွင်းမှာ သူ၏မှတ်စုစာအုပ်ထဲ၌ စတင်ပြီးမှတ်တမ်းတင်နေသည် — အကြိမ်ကြိမ်အခါခါ သူ့ကိုကို၏တွေးတောနေပုံက သူမျှော်မှန်းထားသည်ထက်ကို ကျော်လွန်နေသည်! 

"ကိုကို ဒီမှာ" သွေးလုံးတွေ၏အကူအညီနဲ့အတူ နံရံမှာဝှက်ထားသည့် စက်ယန္တရားကို သူလျင်မြန်စွာ ရှာတွေ့သွားသည်။ ရွှီဇီရုန်က ဘေးနားတစ်လျှောက်ကို ဘာသဲလွန်စမှမကျန်အောင် သူစစ်ဆေးလိုက်ပြီး စက်ယန္တရားအား ရှာတွေ့သွားပြီးနောက် သူအံ့ဩသွားသည့် ပုံစံလုပ်လိုက်သည်။ 

"ကောင်းပြီ ဖွင့်ပြီးတော့ တစ်ချက်ကြည့်ရအောင်" ရွှီဇီယန် ထပ်ပေါင်းပြောလိုက်ဖို့လည်းမမေ့ပေ။
"သတိထားနော်"

ရွှီဇီရုန်ခေါင်းညိတ်လိုက်ပြီး နံရံပေါ်က စက်ယန္တရားကို ဖိအားပေးကာ ဖိလိုက်သည်။

တိတ်တဆိတ် အမဲရောင်အပေါက်ကြီးဟာ မြေပြင်ပေါ်မှာ ပေါ်လာပြီး သူ၏သွေးလုံးတွေနဲ့ စစ်ဆေးပြီးနောက် ရွှီဇီယန်အား ရွှီဇီရုန်ခေါင်းညိတ်ပြလိုက်သည်။

သူ၏ညီလေးရဲ့သစ်သားစွမ်းရည်က အလွန်ကောင်းမှန်း ရွှီဇီယန်သိတာကြောင့် အဲ့ဒီအရာတွေနဲ့သာ စစ်ဆေးပြီးပြီဆိုရင် သူဘာမှစိတ်ပူစရာမလိုတော့ပေ။

ဝင်ပေါက်ကနေဝင်ရောက်ပြီး အောက်သို့ရောက်သွားသည့်အချိန်၌ ပြန့်ပြူးနေသည့်လမ်းရှိနေသည်။ ရွှီဇီယန်၏ထင်မြင်ချက်အရဆိုရင် သူတို့တွေ ကျန်အိမ်တော်ကနေ ဝိုးတိုးဝါးတားနဲ့ ထွက်ခွာသွားရလိမ့်မည်။

"ဘယ်သူလဲ?!" စူးရှသည့်အသံဟာ အရှေ့တံခါးဘက်ကနေ ထွက်ပေါ်လာသည်။

ချောမောလှသည့်လူငယ်လေးတစ်ယောက်ဟာ တံခါးကိုဖွင့်လိုက်ပြီး တံခါးအရှေ့မှာ ရပ်နေတာ ရွှီဇီယန်အား အေးစက်စက် စိုက်ကြည့်နေသည်။

"မင်းတို့ကဘယ်သူတွေလဲ? ဒီနေရာကို ဘယ်လိုလုပ်ပြီးရောက်လာတာလဲ?" သူ၏မျက်လုံးတွေက အန္တရာယ်ရှိသည့် အရိပ်အယောင်တွေရှိနေပြီး အချိန်မရွေး သူဘက်ကနေတိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်သေည်။

ရွှီဇီယန်ရပ်လိုက်ပြီး သူ့အရှေ့က လူငယ်အား တိုက်ရိုက်ကြည့်လိုက်ကာ
"ကျန်သခင်လေးလား?"

ကျန်ရင်းစွေစောင်းကြည့်လိုက်ပြီး အေးစက်စက်ပြုံးလိုက်ကာ
"တစုံတယောက်က ငါ့ရဲ့တည်ရှိမှုကို သိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး ဟင်?"

ရွှီဇီယန်တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီး
"ဟုတ်ပါတယ် ငါကမင်းရဲ့တည်ရှိမှုကိုပဲ သိတာမဟုတ်ဘူး အခြားသော အကြောင်းအရာတွေ အများကြီးကိုလည်း ငါသိသေးတယ်"

"ဟားဟား…တကယ်လား?" ကျန်ရင်းဟာ ချောမောလှသည့်မျက်နှာထက်၌ အလွန်ညှို့ယူဆွဲဆောင်နိုင်သည့်ပုံစံဖြင့် ရုတ်တရက် ရယ်မောလိုက်ပြီး ညှို့ယူဆွဲဆောင်နိုင်သည့် ညှို့ဓာတ်လေးရှိနေသည်။

ရွှီဇီရုန် အနည်းငယ် လုံ့လစိုက်ထုတ်လိုက်ပြီး ဘန်းခနဲဆိုသည့်အသံနဲ့အတူ သွေးကြာပွတ်ဟာ ရိပ်ခနဲပြေးထွက်သွားသည်။ သူ့ကိုကိုအား ဖြားယောင်းဖို့ ကြိုးစားနေတာကြောင့် ရွှီဇီရုန် သည်းခံနိုင်မှု ကုန်ဆုံးသွားပြီဖြစ်ပြီး သူလျင်မြန်စွာ လှုပ်ရှားလိုက်သည်။

သူ့အရှေ့၌ နှစ်ယောက်သား တိုက်ခိုက်နေကြတာကို ကြည့်လိုက်ရင်း ရွှီဇီယန် အနည်းငယ် စိတ်ပျက်သွားသည်။ သူ၏မူလအစီအစဉ်က ကျန်ရင်းယုံကြည်လာအောင် ဖျောင်းဖျရုံသာဖြစ်သည်။ မမျှော်လင့်ပဲ သူဘာမှတောင်မပြောရသေးခင် ရွှီဇီရုန်က အရင်ဆုံး တိုက်ခိုက်တော့သည်။

သူ၏အစီအစဉ်က ပျက်စီးသွားပြီဖြစ်တာကြောင့် ရွှီဇီယန် အတော်လေး စိတ်ဓာတ်ကျသွားသည်။ ဒါပေမယ့် ဇီရုန်က သူ့ကိုကာကွယ်ပေးဖို့ ကြိုးစားတာကြောင့် ဇီရုန်ကိုလည်း အပြစ်သွားတင်လို့မရပေ။

ရွှီဇီယန်တိတ်တဆိတ် သူ၏ခေါင်းကိုမော့ကာ ကောင်းကင်အား ၄၅ဒီဂရီလောက်စောင်းကာ ကြည့်လိုက်ရင်း သူနောက်တစ်ခါ သက်ပြင်းချလိုက်ကာ
"တကယ့်လက်တွေ့ကတော့ အမြဲတမ်းကို ငါစီစဉ်ထားတာနဲ့ မတူအောင် လျင်မြန်စွာ ပြောင်းလဲလွန်းလှတယ်" သက်ပြင်းချလိုက်ပြီးနောက် ကျန်ရင်းအားမေးမြန်းရန် သူချက်ချင်း ဇီရုန်အားဝင်ကူညီလေသည်။ တိုက်ပွဲက စတောင်စနေပြီဆိုတော့ သူ့ကိုအရင်ဆုံး ထိန်းချုပ်လိုက်တာပေါ့!

ကျင့်ကြံသူနှစ်ယောက်ဟာ အခြေခံကျင့်ကြံခြင်း နှောင်းပိုင်းအဆင့်ထိ ရောက်ရှိနေပြီဖြစ်ပြီး ကျန်ရင်းက အခြေခံကျင့်ကြံခြင်း အလယ်အလတ်‌အဆင့်အထိသာ ရောက်ရှိသေးတာကြောင့် သူလုံးဝမခုခံနိုင်တော့ပေ။ ထို့အပြင် သူကအကျဉ်းထောင်ထဲ၌သာ အချိန်အကြာကြီး နေထိုင်ရပြီး တကယ့်လေ့ကျင့်ရေးကို သူအများကြီးမလုပ်ဆောင်ရဘူး။ ခဏလောက်အကြာမှာတော့ သွေးနွယ်ပင်တွေက ကျန်ရင်းကို ရစ်ပတ်လိုက်ကာ ဇောက်ထိုးပြုလုပ်ထားသည်။ 

——ဘာလို့လဲဆိုတော့ ရွှီဇီယန်နဲ့ရွှီဇီရုန်ဟာ ဒီအရာတွေကို တိတ်တဆိတ်သာပြုလုပ်ချင်တာကြောင့် သူတို့တွေက အလွန်စွမ်းအားကြီးသည့် လှည့်ကွက်တွေကို မသုံးခဲ့ပေ။ မဟုတ်ရင် မိနစ်ပိုင်းအတွင်း ကျန်ရင်းကို သူတို့တွေ ထိန်းချုပ်နိုင်သည်။

ချည်နှောင်ခံလိုက်ရပြီးနောက် ကျန်ရင်း၏မျက်နှာ အမူအရာဟာ ချက်ချင်းပြောင်းလဲသွားတော့သည်။ သူ၏ဆွဲဆောင်မှုရှိပြီး အထက်စီးဆန်သည့် အမူအရာတွေဟာ ချက်ချင်းပျောက်ကွယ်သွားတော့သည်။ သူ့အားချည်နှောင်ကာ ဇောက်ထိုးချထားသည့် သူမဟုတ်သော ရွှီဇီယန်အား သူတည်ငြိမ်စွာ ကြည့်လိုက်သည်။

"မင်းဘာလုပ်ချင်လို့လဲ?" ကျန်ရင်း ရွှီဇီယန်အား တည့်တည့်ကြည့်လိုက်သည်။ ရွှီဇီယန်က ဦးဆောင်တယ်ဆိုတာကို သူမြင်ရတာကြောင့် ပုံမှန်အတိုင်း ရွှီဇီယန်ကိုသာ သူအရင်ဆုံးစကားစပြောလိုက်သည်။

"ဟမ်?" ရုတ်တရက်ကြီး တည်ငြိမ်သွားသည့် ကျန်ရင်းအား ရွှီဇီယန် သူ၏မေးစေ့ကိုပွတ်ကာ သံသယဖြစ်စွာ ကြည့်လိုက်သည်။

အဲ့ဒါကကြီးမားတဲ့ ပြောင်းလဲမှု‌ဖြစ်ဖို့ လက္ခဏာပြနေတာလား? နတ်ဆိုးနဲ့ဆွဲဆောင်မှုရှိတဲ့ ကျန်သခင်လေးကိုများ အမြင်မှားနေမိတာလား? သူကတည်ငြိမ်စွာ ရွှီဇီယန်အား စကားပြောနေပေမယ့် မတူညီတဲ့လူတစ်ယောက်လို သူဘာလို့များ ခံစားမိနေပါလိမ့်? 

"ငါ့ကိုပြောလေ မင်းငါ့ကိုဘာလုပ်ချင်တာလဲ? ငါမင်းကိုအရင်ဆုံး သတိပေးထားမယ်နော် မင်းကငါ့ရဲ့တည်ရှိမှုကိုသိပြီး ငါ့ကိုအသုံးချပြီးတော့ ကျန်မိသားစုကို ခြိမ်းခြောက်မယ်ဆိုရင် အဓိပ္ပါယ်မရှိဘူးဆိုတာ မင်းသိထားသင့်တယ်" ကျန်ရင်းက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"တကယ်တော့လေ ငါတို့ဘာလုပ်ချင်တာလဲလို့ မင်းမမေးသင့်ဘူး ဒါပေမယ့် မင်းကရော ဘာလုပ်ချင်တာလဲ?" ရွှီဇီယန်တမင်တကာ သံယောင်လိုက်လိုက်သည်။ 

ကျန်ရင်း သူ့အားကြည့်ကာ ရုတ်တရက် ရယ်မောလိုက်သည်။ ဒီရယ်မောသည့်အသံမှာ ဖြားယောင်းသည့်ခံစားချက်မျိုး မရှိပေ။ ဆန့်ကျင့်ဘက်အနေနဲ့ အေးစက်စက်ပုံစံဖြစ်သွားကာ "ငါကလား?" သူ၏ခေါင်းကိုငုံ့လိုက်ကာ ချည်နှောင်ခံထားရသည့် သူ့ကိုယ်သူ ပြန်ကြည့်လိုက်သည်။ သူကလှောင်ပြုံးပြုံးကာ မေးလိုက်သည်။
"ငါဘာလုပ်နိုင်ဦးမှာလဲ? ငါ့ကိုကြည့်လိုက်ပြီး ငါဘာလုပ်လဲဆိုတာ ပြောပြပါလား?" 

ရွှီဇီယန် အခန်းအတွင်းသို့ ကြည့်လိုက်ပြီး ကျန်ရင်းကို ခေါင်းညိတ်ပြလိုက်ကာ
"ဒါကအရမ်းကို သနားစရာကောင်းတာပဲ ဒါပေမယ့် မင်းဆီမှာ ဖန့်သခင်လေး ရှိတာပဲမဟုတ်ဘူးလား?"

ကျန်ရင်း၏မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူအကောင်းဆုံး ထိန်းချုပ်ဖို့ ကြိုးစားလိုက်ပေမယ့် တစ်ဖက်လူက သူ၏မျက်လုံးတွေထဲက ထိတ်လန့်မှုတွေကို ရှင်းလင်းစွာ မြင်သွားပြီးဖြစ်သည်။
"မင်းဘာတွေပြောနေလဲ ငါမသိဘူး"

ရွှီဇီယန်ကလည်း အလျင်မလိုပဲ အရေးမစိုက်ဟန်ဖြင့်
"ငါကအကြောင်းအရာအများကြီးကို သိတယ်လို့ ငါမပြောခဲ့ဘူးလား အဲ့အထဲမှာ…မင်းနဲ့ဖန့်သခင်လေးရဲ့ ဆက်ဆံရေးအပါအဝင်ပေါ့"

ကျန်ရင်း၏မျက်နှာအမူအရာဟာ ပြောင်းလဲသွားပြီး သူ၏တည်ငြိမ်နေသည့်ပုံစံပါ ချက်ချင်း ပျောက်ကွယ်သွားကာ နတ်ဆိုးအမူအရာပေါ်လာသည်။ သူကဒေါသထွက်စွာ ရွှီဇီယန်အား အော်ပြောလိုက်သည်။
"မင်းကဘယ်သူလဲ?"

ရွှီဇီယန် သူ၏နှာခေါင်းကို ထိကာ
"ငါကဒီအတိုင်း ဖြတ်သန်းသွားလာသူလို့ ငါမင်းကိုပြောရင် မင်းငါ့ကိုယုံမှာလား?" 

ကျန်ရင်းသွေးတွေ အန်ထွက်လုနီးနီးဖြစ်သွားသည်!

ဘာကိုဖြတ်သန်းသွားလာသူလဲ! ဒီလိုဖြတ်သန်းသွားလာသူက သူ့အဖေတည်ဆောက်ထားတဲ့ အခင်းအကျင်းကို ချိုးဖျက်ပြီး သူ့ကိုရှာတွေ့ကာ သူ့ကိုရိုက်နှက်ပြီး သူစိတ်ဝင်စားမှုရှိလာအောင် ဖန်ထျန်းရွေ့နဲ့အသုံးချတယ်! ဖြတ်သန်းသွားလာသူတိုင်းသာ ဒီလိုစွမ်းရည်တွေ ရှိနေမယ်ဆိုရင် ဘယ်သူမှအသက်ရှင် ကျန်ရစ်နေတော့မှာ မဟုတ်ဘူး!

"တိုတိုပြောရရင် ကျန်မိသားစုကအခုချိန်မှာ အန္တရာယ်ထဲကျနေပြီလို့ ငါမင်းကိုပြောပြချင်ရုံပါ။ ပြီးတော့ အဲ့ဒီဖန့်သခင်လေးကလည်း အန္တရာယ်ထဲကိုစွန့်စားရနိုင်ချေရှိတယ်" ရွှီဇီယန် လေးနက်သည့်အမူအရာဖြင့် ပြောလိုက်သည်။

ကျန်ရင်း၏အမူအရာက ခဏလောက် ရှုံ့မဲ့နေကာ သူကပြန်လည်တည်ငြိမ်သွားပြီး
"မင်းဘယ်လိုလုပ်ပြီးသိတာလဲ?"

#TK