Chapter 92
Viewers 23k

Chapter 92


အမ်…


သူ၏မူလခန္ဓာကိုယ်၏မှတ်ဉာဏ်ထဲကနေ အသစ်သောအကြောင်းအရာတွေကို ကြားလိုက်ရတာက ရွှီဇီယန်ကို အလွန်အံ့အားသင့်သွားစေသည်…


မျက်နှာသာပေးမှုရဖို့ သူ့အမေကိုကယ်တင်ရမယ်…ယွီဟော်…ချန်းဝမ်အဆောက်အအုံ!!!


ဟုတ်တယ် အဲ့ဒါဖြစ်ရမယ်!


ရွှီဇီယန်ချက်ချင်း အံ့ဩသွားသည်။ အစတုန်းကတော့ လျှိုကွမ်းဂိုဏ်းမှာ ရှိနေစဉ်အတွင်း ယွီဟော်အနားကို ချဉ်းကပ်ရမယ်လို့ သူစီစဉ်ထားခဲ့ပေမယ့် ပထမဆုံးနှစ်မှာ အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုနဲ့ပဲ သူအလုပ်ရှုပ်နေခဲ့သည်။ ပြီးတော့ သူကလျှို့ဝှက်နယ်မြေထဲကို ထွက်သွားပြီးနောက် တံခါးပိတ်ကျင့်ကြံခြင်း ၅နှစ်ကြာသွားပြီး အချိန်တွေကုန်လွန်သွားသည်။ ဒီ၅အတွင်းမှာလည်း ယွီဟော်နဲ့နီးစပ်ဖို့ သူဘာမှမလုပ်ရသေးပေ။


အားလုံးကိုစဉ်းစားနိုင်ဖို့ သူ့အတွက်မလွယ်ကူပေ။ ထို့အပြင် ပိုင်ဟွကိုရှောင်နိုင်ဖို့လည်း သူအစီအစဉ်ဆွဲရဦးမည်ဖြစ်ပြီး အကယ်၍ သူနဲ့ယွီဟော်ကြား ကောင်းမွန်တဲ့ဆက်ဆံရေး ရှိသွားတယ်ဆိုရင် ပိုင်ဟွရဲ့သတင်းကို သူအဝေးကနေရရှိလာနိုင်သည်။


ပြီးတော့ သူကလည်း ပိုင်ဟွရှိနေမယ့်နေရာကို သိထားတာကြောင့် ပိုင်ဟွဆီကနေပုန်းနိုင်ဖို့ သူ့ကိုယ်သူယုံကြည်မှုရှိသည်။


ခဏလေးနေဦး…ပိုင်ဟွ…ပိုင်ဟွ…ထျန်းယွီဂိုဏ်းကတပည့်


ဖြစ်နိုင်တာ…ဖြစ်နိုင်တာက တိုက်ဆိုင်မှုများလား?


ရွှီဇီယန် ခေါင်းကိုက်လာတော့သည်။ ယွီဟော်၏အမေကို ကယ်သွားတဲ့သူက ပိုင်ဟွဆိုတာကို သူမဆက်စပ်ကြည့်ချင်ပေ။ ဒါပေမယ့် ပိုင်ဟွ၏'အဓိကဇာတ်လိုက်'ဆိုသည့် အဆင့်နဲ့ ချန်းဝမ်အဆောက်အအုံ၏ ဆန်းကျယ်လှသည့်ခေါင်းဆောင်ဆိုတာက တွေးကြည့်လိုက်ရင် ဆက်စပ်မှုရှိနေသည်…


"အဲ့လောက်တောင်ပဲ ကံမကောင်းတာလား?" ရွှီဇီယန် အကူအညီမဲ့စွာ သူ့ကိုယ်သူ တီးတိုးဆိုလိုက်သည်။


"ကိုကို ဘာတွေပြောနေတာလဲ?" ရွှီဇီရုန်မေးလိုက်သည်။


"အာ? ဘာမှမဟုတ်ပါဘူး" ရွှီဇီယန် သူ၏အတွေးအိမ်မက်ထဲကနေ ရုတ်တရက် လန့်နိုးသွားတော့သည်။ အခုချိန်က ပိုင်ဟွအကြောင်းတွေးရမည့်အချိန်မဟုတ်ပေ။ သူကဘယ်လောက်ပဲ ဆွဲဆောင်မှုရှိနေပါစေ သူကတစ်ယောက်တည်းပဲကို။ အခုချိန်က မြို့ထဲကို မိစ္ဆာကျင့်ကြံသူတွေဝင်လာရင် ဘယ်လိုတိုက်ထုတ်ရမလဲဆိုတာ သူတွေးရမည်။


ဒီမြို့ရဲ့လူဦးရေ တစ်ဝက်လောက်သာ အသက်ရှင်ကြမှာဆိုတော့ ရွှီဇီယန် ဒီကိစ္စကို လျစ်လျူမရှုနိုင်ပေ။


"ပြန်ကြစို့!" ရွှီဇီယန် ရုတ်တရက် အကြံရသွားကာ—

ကျန်မိသားစုက သစ္စာဖောက်ကို ဖော်ထုတ်ဖို့ သူနည်းလမ်းရှာလိုက်ရင် ပိုကောင်းတယ်မလား…?


"ဟမ်?" အသက်အလယ်အလတ်နဲ့လူဟာ နောက်သို့ပြန်၍လှည့်ကြည့်လာသည်။ ပြန်ကြမယ်? ဘယ်ကိုပြန်မှာလဲ?


အသက်အလယ်အလတ်နဲ့လူကို အဖက်‌လုပ်နေဖို့ ရွှီဇီယန်မှာအချိန်မရှိပေ။ သူကနောက်နှစ်ရက်နေရင် ရောက်လာမည့် ကျန်ရင်းလက်ထပ်ပွဲကို တက်ရောက်ဖို့အတွက် ကျန်မိသားစုမှာ သူနေရလိမ့်မယ်လို့ ရိုးရှင်းစွာသာ ပြောလိုက်သည်။ ထိုအချိန်တွင် ယွီမိသားစုရဲ့ခေါင်းဆောင်ကို သူတွေ့ရလိမ့်မည်။


ဒီလူငယ်လေးက ကျန်မိသားစု၌ သွားရောက်နေထိုင်မယ်ဆိုတာကို အသက်အလယ်အလတ်နဲ့လူ ကြားသွားပြီးနောက် သူ၏ရင်ထဲအေးစိမ့်သွားတော့သည်။ ယွီမိသားစုနဲ့ကျန်မိသားစု၏ဆက်ဆံရေးက သိပ်ပြီးကောင်းမွန်တာ မဟုတ်တာကြောင့် သူ့အတွက်အကျိုးအမြတ်ရဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ပေ။


သူအတော်လေးစိတ်ပျက်သွားပေမယ့် အသက်အလယ်အလတ်နဲ့လူ၏မျက်နှာပေါ်မှာတော့ ဖော်ပြခြင်းမရှိပေ။ ဆန့်ကျင်ဘက်အနေနဲ့ သူကရွှီညီအကိုနှစ်ယောက်ကို ပျူငှာစွာ ပြန်လိုက်ပို့လိုက်သည်။


မထွက်သွားသေးခင် မေ့လဲဆဲဖြစ်သည့် ယွီနျန့်ပိုင်ကို ရွှီဇီရုန် ခေါင်းလှည့်ကာကြည့်လိုက်သည်။ သူမျက်နှာမှာ ထူးဆန်းတဲ့အပြုံးရှိနေသည်။ နွယ်ပင်ကသွေးတွေဟာ ယွီနျန့်ပိုင်၏ခန္ဓာကိုယ်ထဲကို ဖြည်းဖြည်းချင်းစိမ့်ဝင်သွားတာကြောင့် ရက်အနည်းငယ်လောက်တော့ အကျိုးသက်ရောက်နေအုန်းမည်။


သွေးမိစ္ဆာအလှလေးကို လိုချင်တပ်မက်တဲ့သူတိုင်း ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မသေရဘူး!


ရွှီညီအကိုနှစ်ယောက် ထွက်သွားပြီးနောက် အသက်အလယ်အလတ်နဲ့လူဟာ လျှိုယွင်အဆောက်အအုံကို ပြန်ရော်ပေးဖို့အတွက် ပြန်လာခဲ့သည်။


လျှိုယွင်အဆောက်အအုံ၌ ကျိုးပဲ့သွားသည့် အရာအားလုံးအတွက် ယွီမိသားစုက ပြန်ရော်ပေးရမှာဖြစ်သည်။ ဘာလို့လဲဆိုတော့ သူတို့သခင်လေးက ဒီပြဿနာတွေကို အရင်ဆုံးအစဖော်ခဲ့လို့ပင်ဖြစ်သည်။


သက်တော်စောင့် လောင်လျှိုကတော့ ရွှီဇီယန်နဲ့ အခြားသူတွေထွက်သွားသည့် ဘက်သို့ ခါးခါးသီးသီး စိုက်ကြည့်နေသည်။ ရွှီဇီယန်က ကျန်မိသားစုမှာ နေတာ၊မနေတာတွေ သူဂရုမစိုက်ဘူး။ သူသိတာတစ်ခုတည်းက သခင်ကြီးအချစ်ဆုံးဖြစ်သည့် သူဂရုစိုက်ပေးခဲ့ရသည့် သူ၏သခင်လေးကို ရိုက်ပြီးဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ရသွားအောင် ပြုလုပ်ခဲ့သည်။ သူသေချာပေါက် ကလဲ့စားရမည်!


အသက်အလယ်အလတ်နဲ့လူဟာ လောင်လျှို၏အကြည့်တွေကို မြင်ပေမယ့် ဒီလူအတွက်နဲ့ သူစိတ်အရှုပ်မခံချင်တော့ပေ။ အခုချိန်မှာတော့ ယွီမိသားစု၏ခေါင်းဆောင်ဆီ ဒီလူနှစ်ယောက်၏အခြေအနေကို တင်ပြဖို့ သူအလုပ်ရှုပ်နေသည်။ ဒီကျင့်ကြံသူနှစ်ယောက်က အခြေခံကျင့်ကြံခြင်း နှောင်းပိုင်းအဆင့်ထိ ရောက်ရှိထားသူများဖြစ်ကြသည်။ 


ဒီလူတွေထွက်သွားပြီးနောက် လျှိုယွင်အဆောက်အအုံက အစေခံလေးဟာ ချက်ချင်းထွက်လာပြီး ဒီနေရာကို အမြန်ဆုံးသန့်ရှင်းလေသည်။ ခဏလောက်အကြာမှာတော့ ပိုးသားလိုသာယာလှသည့် အသံလေးဟာ ပြန်လည်ထွက်ပေါ်လာပြီး နွေးထွေးတဲ့လေထုအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပေမယ့် အခုလေးတင် ဒီလူနှစ်ယောက်၏ပုံစံတွေကို သူတို့တွေမြင်လိုက်ရတာကြောင့် ဧည့်သည်အများစုဟာ စင်မြင့်ပေါ်ကအလှလေးအကြောင်းကို မပြောတော့ပေ။ 


တစ်ချိန်ထဲမှာပင် ဖန့်အိမ်တော်၏အပြင်ဘက် ဂိတ်တံခါးဝ၌——


မျက်နှာပေါ်မှာ နူးညံ့လှသည့် အပြုံးလေးနဲ့အတူ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်လေးက ဖန့်အိမ်တော်၏အပြင်ဘက်ကို အစောင့်ကို ညင်သာစွာပြောလိုက်သည်။

"ကျွန်တော်က ထျန်းယွီဂိုဏ်းက ပိုင်ဟွပါ ဆရာသခင်ကိုယ်စား ဖန့်မိသားစုကို ဂုဏ်ပြုပေးဖို့လာတာပါ"


ရွှီဇီယန် ကျန်မိသားစုကို ပြန်လာပြီးနောက် သူ့ကိုယ်သူ အခန်းထဲ၌သာ တံခါးပိတ်ပြီးနေနေတော့သည်။ တစ်နေ့အတွင်း ထိုအကြောင်းအရာတွေအားလုံးကို စဉ်းစားပြီးစိစစ်ဖို့ဆိုတာ အလွန်များလွန်းသည်။


ဝူတျီမြို့ဝိုင်းခံနေရတဲ့အချိန်က အရေးကြီးဆုံးပင်ဖြစ်သည်။ နှစ်ပေါင်း၁၀၀နီးပါးအတွင်း အနောက်ဘက်နယ်မြေက လူသားကျင့်ကြံသူတွေနဲ့ မိစ္ဆာကျင့်ကြံသူတွေကြားက တိုက်ပွဲဟာ တဖြည်းဖြည်း ညီမျှလာသည်။ မိစ္ဆာကျင့်ကြံသူအနည်းစုက အခြားသောနေရာတွေကို ဝင်ရောက်တိုက်ခိုက်လို့ ရတယ်ဆိုပေမယ့် သဘောတရားအရပြောရရင် ကြီးမားသည့် လူအင်အားစုစည်းဖို့ဆိုတာက ဘယ်လိုမှမဖြစ်နိုင်ပေ။


 ဒီဖြစ်ရပ်ကြီးပြီးသွားသည့်နောက် အဓိကဂိုဏ်းတော်တော်များများဟာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ မူလရွှီဇီယန်ကလည်း နောက်ထပ်ဘာဆက်ဖြစ်လဲဆိုတာ မသိတော့တာကြောင့် သူ၏မှတ်ဉာဏ်ထဲက အပိုင်းအစတွေကို ရှာဖွေပြီး ဆက်စပ်ကြည့်ရုံသာ တတ်နိုင်သည်။


"အဲ့ဒါလင်ခုန်းလိုဏ်ဂူမလား?" ရွှီဇီယန်တိုးတိုးပြောလိုက်ပြီး လျင်မြန်စွာ ခေါင်းပြန်ခါလိုက်သည်။

"အဲ့ဒီအကြောင်းတွေကို အခုချိန်‌မတွေးသေးပဲ မြို့ကိုတိုက်ခိုက်လာမယ့် မိစ္ဆာတွေကို ဘာလုပ်နိုင်မလဲဆိုတဲ့ နည်းလမ်းကို စဉ်းစားကြည့်ရမယ်"


သူ၏လက်ချောင်းလေးဖြင့် မေးစေ့ကိုထောက်ထားကာ သူကိုယ်သူပြောနေသည်။

"ကျန်ရင်းလက်မထပ်ခင် ငါတို့တွေဒီနေရာမှာ သုံးရက်တောင်နေရဦးမယ် အဲ့ဒီအချိန်အတွင်း ကျန်မိသားစုထဲကသစ္စာဖောက်ဟာ မိစ္ဆာကျင့်ကြံသူနဲ့ အချိတ်အဆက်ရှိထားမည်ဖြစ်ပြီး ဒီမြို့ကိုတိုက်ခိုက်ဖို့ အစီအစဉ်ဆွဲထားလိမ့်မယ် ဝမ်းနည်းစရာက အဲ့ဒီလူနဲ့ပတ်သက်တဲ့ သဲလွန်စတွေ ငါ့မှတ်ဉာဏ်ထဲမှာမရှိဘူး…ဒီကိစ္စကိုလည်း အခုငါမဖော်ထုတ်လို့မရသေးဘူး"


ဒေါသထွက်လာပြီး ရွှီဇီယန် သူ့ခေါင်းသူကုတ်နေသည်။ ဒီပြဿနာကြီးကို မြို့ထဲကမိသားစုတွေထံ ဘယ်လိုတင်ပြမလဲဆိုတာ သူမသေချာသေးတာကြောင့် ရွှီဇီယန် စိတ်ညစ်နေတော့သည်။ တစုံတယောက်ကသာ သူ့ကိုသက်သေအထောက်အထားပြခိုင်းပါက သူ့မှာဘာမှပြစရာမရှိတာကြောင့် ဒီအကြောင်းအရာကို တိုက်ရိုက်ကြီး သူ‌သွားပြောလို့လည်းမဖြစ်သေးပေ။ ကျန်မိသားစု၏သစ္စာဖောက်ကိုလည်း သူမသိသေးတာကြောင့် ဘာဖြစ်လာမလဲဆိုတာစောင့်ကြည့်ပြီး အစီအစဉ်ဆွဲဖို့ကိုလည်း သူပြုလုပ်လို့မရတော့ဘူး။ တကယ်တော့ ဒီနေရာမှာ သူလုပ်နိုင်တာ ဘာမှကိုမရှိဘူး။


"ကိုကို အနားယူနေပြီလား?" ရွှီဇီရုန် တံခါးခေါက်ပြီး ညင်သာစွာမေးလိုက်သည်။


ရွှီဇီယန်ဟာ မဖြစ်,ဖြစ်တဲ့နည်းနဲ့ ဒီပြဿနာအားလုံးကို ရှင်းပစ်ရမည့်ပုံစံဖြင့် သူ‌၏ခေါင်းကို အားတက်သရော လှုပ်ခါလိုက်သည်။


"မအိပ်သေးဘူး"


ရွှီဇီရုန် တံခါးဖွင့်ပြီး ဝင်လာသည့်အချိန်၌ ရွှီဇီယန်က စားပွဲဘေး၌ စိတ်ပျက်စွာထိုင်နေတာကို သူမြင်လိုက်ရသည်။ ရွှီဇီယန်က ညင်သာစွာ စားပွဲခုံကို ခေါက်နေသည်။


ရွှီဇီရုန် အနည်းငယ် စောင်းကြည့်လိုက်ပြီး တည်ငြိမ်စွာ လက်ဖက်ရည်ဗန်းကို ချလိုက်သည်။ ရွှီဇီယန်ဟာ သူတစ်ခုခုကို ဖြေရှင်းလို့မရသည့်အချိန်မျိုးမှာ ဒီလိုအပြုအမူကို လုပ်တတ်သည်။ သာမန်အခြေအနေမျိုးမှာဆိုရင် ဒီလိုပြဿနာတွေကို ရွှီဇီရုန်ထံ သူယူဆောင်လာပြီးဖြစ်သည်။ ဒါပေမယ့် သူကတော့ သူ၏အခန်းထဲ၌သာ တစ်ယောက်တည်း တွေးတောနေသည်။


ကိုကို့ရဲ့လျှို့ဝှက်ချက်နဲ့ တစ်ခုခုများ သက်ဆိုင်နေလို့လား?


ရွှီဇီရုန် အောက်သို့ကြည့်လိုက်ပြီး ခွက်ထဲသို့ လက်ဖက်ရည်ခါးကို ငှဲ့ပေးကာ ရွှီဇီယန်၏လက်ထဲသို့ ထည့်ပေးလိုက်သည်။


ရွှီဇီယန် အာရုံမလာနေတာကြောင့် ပါးစပ်အပြည့်လိုက်ကြီး ယူသောက်မိလိုက်သည်။


"သတိထား!"


"ပူလိုက်တာ!" ရွှီဇီယန်အော်လိုက်ကာ ခွက်ကိုတောင် ပစ်ချမိမလို ဖြစ်သွားသည်။


သူ့ကိုကိုက လျှာထုတ်ကာ ပြင်းပြင်းထန်ထန် လေမှုတ်နေတာကို ရွှီဇီရုန် မြင်လိုက်ပြီး ရယ်စရာကောင်းတဲ့ မြင်ကွင်းကို သူရှာတွေ့သွားသည်။ ရွှီဇီယန်၏နီရဲနေတဲ့လျှာလေးက တုန်ရီနေပြီး ရွှီဇီရုန် သူ၏ရင်ထဲကို တစ်ခုခုကုတ်ခြစ်နေသလို ယားကျိယားကျိဖြစ်လာလေသည်။ 


သူအသက်ခပ်ပြင်းပြင်းရှူလိုက်ကာ အကြည့်လွဲရင် သူ့ကိုယ်သူဖိအားပေးလိုက်သည်။ နောက်ဆုံးအကြိမ် သူ၏ကိုကို အရက်မူးစဉ်က သူ့ကိုအရသာခံလိုက်ပြီးနောက် ရွှီဇီရုန်ဟာ သူ၏တပ်မက်သည့်အတွေးတွေ ထူးဆန်းစွာ စတင်ဖြစ်ပေါ်လာတော့သည်။ ဒီရက်တွေအတွင်း ချွမ်းယွင်စောနဲ့ ခရီးသွားဖို့ သူအလုပ်ရှုပ်နေတာကြောင့် ထိုအတွေးတွေကို သူတွေးတောဖို့ အချိန်မရှိခဲ့ဘူး။


လက်ရှိမှာတော့ သူ့ကိုကိုနဲ့ တစ်ကုတင်ထဲ သူအိပ်ရသည့်အချိန်၌ ရွှီဇီရုန်ဟာ ချိုမြိန်လှသည့်ဝန်ထုပ်ဝန်ပိုးကြီးလို စတင်ခံစားနေရသည်။


သူ့ကိုကိုအား သူဖက်ပြီးအိပ်ရတာက ချိူမြိန်တယ်ဆိုပေမယ့် သူ၏ပြင်းပြသည့်ဆန္ဒတွေက သူ့ကိုကိုအိပ်နေတာကို အနှောင့်အယှက်ပေးမိမှာစိုး၍ သူဖိနှိပ်ထားရတာကြောင့် သူဝန်ထုတ်ဝန်ပိုးလို ဖြစ်လို့နေသည်…


"ကိုကိုက ဘာတွေများ တွေးတောနေတာလဲ? ဘာလို့များ ကိုကိုက ဒီလောက်ထိ ဂရုမစိုက်နိုင်ဖြစ်နေရတာလဲ?" ရွှီဇီရုန်ချက်ချင်း ချိုမြိန်လှသည့်ဝန်ထုတ်ဝန်ပိုးနဲ့ ပတ်သက်ပြီး မေ့လိုက်တော့သည်။ ဒီညအတွက် ထိုအကြောင်းကို သူမေ့လိုက်တာ ပိုကောင်းလိမ့်မည်။


"အာ? ဘာမှမဟုတ်ပါဘူး…" ရွှီဇီယန် ပေါ့ပါးစွာ ပြန်ဖြေလိုက်သည်။ ထို့နောက် သူတစ်ခုခုတော့ မှားနေတယ်လို့ ခံစားမိတာကြောင့် သူထပ်ပေါင်းပြောဆိုလိုက်သည်။

"ငါ့ကိုစိတ်အနှောင့်အယှက်ပေးနေတာလေး ရှိနေလို့ပါ"


"ကိုကို ကျွန်တော့်ကို ပြောပြလို့ရမလား?" ရွှီဇီရုန် သိချင်စိတ်ဖြင့် မေးလိုက်သည်။


"အမ်…" ရွှီဇီယန် တွန့်ဆုတ်သွားသည်။ ရွှီဇီရုန်ကိုသူပြောပြလို့မရဘူးလေ။ ဒါပေမယ့် သူ့ညီဖြစ်သူကို သူရင်မဖွင့်ပြန်ရင်လည်း အတော်လေးထူးဆန်‌းနေလိမ့်မည်။


ရွှီဇီယန် အချိန်အကြာကြီး ဘာမှပြောမလာကို မြင်လိုက်တာကြောင့် ရွှီဇီရုန်က ညင်သာစွာပြုံးကာ

"ကိုကို ပြောပြဖို့ အဆင်မပြေဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး တစ်ချို့သော လျှို့ဝှက်ချက်တွေကို ကိုကိုကိုယ်တိုင်ထိန်းသိမ်းထားတာ ပိုကောင်းမယ်မှန်း ကျွန်တော်သိပါတယ်"


ရွှီဇီယန်ချက်ချင်း မာတောင့်သွားသည်။ ရွှီဇီရုန် ပြောလိုက်တာက မှန်ကန်တယ်ဆိုပေမယ့် သူထိုစကားကိုကြားပြီး ဘာလို့များ အံ့ဩထိတ်လန့်သလို ခံစားသွားရတာလဲ?


သူ့ရဲ့ကိုယ်ပိုင်လျှို့ဝှက်ချက်? ညီအကိုနှစ်ယောက်က အလွန်ရင်းနှီးတယ်ဆိုပေမယ့် သူ၏ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားဖို့က အရေးကြီးတယ်လို့ ရွှီဇီယန်တွေးထင်နေဆဲဖြစ်သည်။ သူကလည်း ရွှီဇီရုန်၏ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်ကို လေးစားမှုရှိပြီး သူကမမေးရင်တောင် ရွှီဇီရုန်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူ့အားပြောပြလေ့ရှိသည်။


ရွှီဇီရုန်ကလည်း ရင့်ကျက်တဲ့ပုံစံ ပြုမူနေကျဆိုတော့ သူ့အတွက်ဘာမှစိတ်ပူစရာမလိုဘူးလို့ ရွှီဇီယန်တွေးလိုက်သည်။


ရွှီဇီရုန်ကို တိတ်တဆိတ် ကြည့်လိုက်ပြီးနောက် ရွှီဇီယန် သူ့ရင်ထဲမှာ ရုန်းကန်လှုပ်ရှားနေရပြန်သည်။


သူက၅နှစ်လောက်သာ တံခါးပိတ်ကျင့်ကြံခဲ့တာ ဖြစ်ပေမယ့် လောကကြီးတစ်ခုလုံးက မတူညီတော့သလို သူခံစားနေရသည်။ အထူးသ‌ဖြင့် ဇီရုန်က ကလေးဆန်တဲ့ပုံစံကနေ လူကြီးပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်။ ကြည့်ရသလောက်ကတော့ ရွှီဇီရုန်၏သဘောထားနဲ့ အမူအကျင့်တွေ ပြောင်းလဲသွားခြင်းမရှိပေမယ့် ရွှီဇီယန်အတွက်ကတော့ အသစ်လို့သာ ခံစားနေရသည်။


အထူးသဖြင့် လွန်ခဲ့တဲ့ရက်တွေတုန်းကပေါ့ သူတို့တွေက ချွမ်းယွင်စောကိုစီးကာ ခရီးသွားနေကြစဉ်အတွင်း ရွှီဇီရုန်က ရွှီဇီယန်အား လွန်ခဲ့တဲ့၅နှစ်က ဘာတွေဖြစ်ပျက်ခဲ့လည်းဆိုတာကို ပြောပြလေသည်။ ရွှီဇီယန် သူ့ညီလေးကိုမြင်လိုက်တိုင်း ရွှီဇီရုန်ဟာ သူ၏မဲနက်နေသည့်မျက်လုံးတွေနဲ့ သူ့အားနက်ရှိုင်းစွာ ကြည့်နေတာကို သူအမြဲတမ်းတွေ့နေရသည်။ 


ထိုအကြည့်တွေက ဆယ်ကျော်သက်တုန်းက အကြည့်တွေနဲ့မတူတော့ပေ။ လက်ရှိမှာ ဇီရုန်၏မျက်လုံးတွေက လူကြီးတစ်ယောက်လို လေးနက်လွန်းလှသည်။ ပြီးတော့ သူတို့တွေအကြည့်ချင်းဆုံသည့်အချိန်တိုင်း ရွှီဇီရုန်က နေရောင်ခြည်လေး ဖြာထွက်နေသလို သူ့အားအမြဲတမ်း ညင်သာစွာပြုံးပြလေ့ရှိသည်။ အဲ့ဒီနက်ရှိုင်းတဲ့အကြည့်တွေက ရွှီဇီယန်အား မှတ်မိနေစေသည်။ ပြီးတော့ သူတို့ညီအကိုနှစ်ယောက်ကြားက ဖုံးကွယ်ထားတဲ့ခင်တွယ်မှုတွေက ပျောက်ကွယ်သွားပြီဖြစ်ပြီး တစ်စုံတစ်ခုအဖြစ် ပြောင်းလဲသွားဆိုပေမယ့် ရွှီဇီယန် ထိုပြောင်းလဲမှုကို ဆက်လက်ပြီး လျစ်လျူရှုရန်သာ‌ ရွေးချယ်လိုက်သည်။


အကယ်၍ သူကထိုပြောင်းလဲမှုကို ရှာဖွေဖို့ကြိုးစားလိုက်ပါက ထိတ်လန့်စရာကောင်းသည့် တစုံတခုဖြစ်ပေါ်လာပြီး ထိုတစုံတခုက သူတို့ညီအကိုနှစ်ယောက်၏သင့်မြတ်မှုတွေကို ပြောင်းလဲသွားစေလိမ့်မည်လို့ သူစိတ်ထဲကနေအလိုလိုသိနေသည်…


သူ၏မှတ်ဉာဏ်ထဲက အပိုင်းအစတွေကို ယူဖို့ကြိုးစားနေရတာကြောင့် အစကတည်းက သူခေါင်းကိုက်နေပြီး ရွှီဇီရုန်ထပ်ပြီးပြောလိုက်သည့်စကားက ပိုပြီးတော့တောင် ခေါင်းကိုက်သွားစေသည်။ ရွှီဇီယန် အနည်းငယ်စိတ်ရှုပ်လာပြီး ဇီရုန်က သူပျိုးထောင်ပေးခဲ့တဲ့ လူရောဟုတ်ရဲ့လားလို့ သူတွေးတောလိုက်မိသည်။ မဟုတ်ခဲ့ရင်…?


သူ့ရင်ထဲရုတ်တရက် တုန်လှုပ်သွားသည်။ သူခေါင်းကိုမော့လိုက်ကာ ရွှီဇီရုန်၏မျက်လုံးတွေကို ဂရုတစိုက်ကြည့်လိုက်သည်။ ခဏလောက်ကြာသည့်အထိ ပုံမှန်မဟုတ်တာ သူဘာမှရှာမတွေ့တာကြောင့် သူမျက်မှောင်ကြုတ်ကာ

"ဇီရုန် မင်း ယွီဟော်ကို မှတ်မိသေးလား?" 


ရွှီဇီရုန်မျက်ခုံးပင့်သွားပြီး အံ့ဩစွာဖြင့်

"ကျွန်တော်မှတ်မိတာပေါ့ ယွီရှစ်တိမလား ကိုကိုရုတ်တရက်ကြီး ဘာလို့များ သူ့အကြောင်းတွေးမိရတာလဲ?" ရွှီဇီရုန်က အလွယ်တကူ ပြောလိုက်ပေမယ့် ဒီယွီဟော်နဲ့ပတ်သက်ပြီး ဘာတွေများ ထူးခြားနေလဲဆိုတာ သူလျင်မြန်စွာ ပြန်လည်တွေးတောကြည့်နေသည်။


#TK