Chapter 41
Viewers 11k

Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း


Chapter 41 (3 of Spades – ငွေကြေးအကျပ်အတည်း ၀၁၊ အချက်အလက်ဖလှယ်ခြင်း)


ရှောက်လုံသည် ငယ်စဉ်ကတည်းကပင် လူများကို မှတ်မိနိုင်စွမ်းရှိခဲ့သည်။ လေးနှစ်သားအရွယ်တွင် သူ၏ဆွေမျိုးများ၊ အဒေါ်များ၊ ဦးလေးများနှင့် အခြားဆွေမျိုးများကို ပြတ်ပြတ်သားသား ခွဲခြားသိမြင်နိုင်ပြီး သူတို့ကို ဘယ်သောအခါမှ လူမမှားခဲ့ပေ။ ဘွဲ့ရပြီးနောက်တွင် ဆရာဖြစ်လာပြီး လူ 40 ကျော်ရှိသော အတန်းများကို သင်ကြားပေးခဲ့သည်။ သီတင်းနှစ်ပတ်ကြာသောအခါတွင် သူ့တပည့်အားလုံးကို သူမှတ်မိနိုင်သည်။ ရှောက်လုံက သူတို့ကို အမည်မပြောနိုင်ရင်တောင် ဘယ်လူက အတန်းပျက်သွားမှန်း သိနေတုန်းပါပဲ။


ယခင်က သူတို့သည် နံပါတ် 5 ဖြင့် Clubs လျှို့ဝှက်ခန်းထဲတွင် ကတ်ကစားခဲ့ကြသည်။ ထိုအချိန်တွင် လူတိုင်းသည် မျက်နှာဖုံးစွပ်ထားပြီး သူတို့၏မျက်နှာကို မမြင်နိုင်သော်လည်း No.5 ၏မျက်လုံးများနှင့် ဆံပင်များက အလွန်မှတ်မိရလွယ်ပါသည်။ အရပ်အမောင်းနှင့် ခန္ဓာကိုယ်ပုံသဏ္ဌာန်တို့ကို ပေါင်းစပ်လိုက်သောကြောင့် ရှောက်လုံက သူ့ကို အကြည့်တစ်ချက်ဖြင့် မှတ်မိခဲ့သည်။


နံပါတ် 5 က Clubs လျှို့ဝှက်ခန်းကို အရင်သွားမယ်လို့ သူပြောခဲ့သည်။ အခု သူက 3 of Spades တွင် ပေါ်လာတာကြောင့် 3 of Clubs ကို ရှင်းလင်းပြီးခဲ့ပုံရသည်။ 


သူတို့တွေ အချက်အလက်ဖလှယ်ရမလား…


ဤနေရာအထိ တွေးတောရင်း ရှောက်လုံက ယွီဟန်ကျန်း၏နားထဲကို တိုးတိုးလေးပြောခဲ့သည်။

"သူက 3 of Clubs ကို ရှင်းပြီမှ ဒီကို လာခဲ့တာဖြစ်နိုင်တယ်… 3 of Clubs ရဲ့ အချက်အလက်ကို ခင်ဗျား သူ့ကို မေးချင်လား… အပြန်အလှန်အားဖြင့် ကျွန်တော်တို့က 3 of Diamonds ဒါမှမဟုတ် 3 of Hearts ရဲ့ အချက်အလက်ကို ပေးလို့ရတယ်"


ယွီဟန်ကျန်းသည် ဒီနည်းလမ်းက ဖြစ်နိုင်တယ်လို့ ခံစားမိပြီး ခေါင်းငြိမ့်လိုက်သည်။ 

"ကောင်းပြီ… စမ်းကြည့်ရအောင်"


လျှို့ဝှက်ခန်းရှိ အချိန်သည် နံနက်ခင်းဖြစ်ပြီး လမ်းထောင့်တွင် လူနှစ်ယောက်က ရပ်နေကြသည်။ နံပါတ် 5 က ငွေထုတ်ဖို့ တန်းစီနေချိန်မှာ သူတို့ကို သတိမထားမိဘူး။ သူ့လက်များကို အိတ်ကပ်ထဲမှာ ထည့်ထားပြီး ကြောင်တစ်ကောင်လို ပျင်းရိနေပုံရသည်။ သူက လုံးဝ စိတ်လှုပ်ရှားပုံမပေါ်ဘူး။


သူ့ရှေ့ကလူများသည် လျင်မြန်စွာရွှေ့လျားသွားပြီး ခေါင်းစွပ်ကောင်လေးက ပိုက်ဆံယူပြီးတာနဲ့ အလျင်အမြန် ပြေးထွက်သွားခဲ့သည်။


ရှောက်လုံးက တွေးဆသည်။

"ဦးထုပ်ဆောင်းထားတဲ့သူက ဘယ်သူလဲ… သူ့အဖွဲ့ဝင်မဟုတ်ဘူးလား"


စိန်ခေါ်သူများသည် အချင်းချင်း ရှေ့နှင့်နောက်တွင် ရပ်နေသဖြင့် ရှောက်လုံကို သူတို့က အဖွဲ့ဝင်များဟု ထင်မှတ်စေခဲ့သည်။ သို့သော် ခေါင်းဆောင်းထားသော ကောင်လေးက ပိုက်ဆံယူကာ ထွက်သွားခဲ့သည်။ သူက နံပါတ် 5 ကို လုံးဝ လျစ်လျူရှုထားပြီး ဒီလူကို လုံးဝမသိဘူး။


နံပါတ် 5 သည် ငွေထုတ်စက်ဆီသို့ အေးအေးဆေးဆေး လမ်းလျှောက်ပြီး ရွှေဒင်္ဂါး 100,000 ကို ထုတ်ယူလိုက်သည်။ သူက ၎င်းကို သူ့အိတ်ကပ်ထဲထည့်ကာ လှည့်ထွက်သွားသည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးတာနဲ့ သူ့ပခုံးများက ကျုံ့သွားပြီး ထိုလူက ရုတ်တရက် ပြန်လှည့်လာကာ နက်မှောင်ပြီးလေးနက်သော မျက်လုံးတစ်စုံကို မျက်နှာမူလိုက်သည်။


"မင်္ဂလာပါ ငါက နံပါတ် 3" တစ်ဖက်လူ၏အသံက ခပ်ပြတ်ပြတ်ဖြင့် နှုတ်ဆက်ခဲ့သည်။


"မင်္ဂလာပါ" သူ့ဘေးနာရှိ လူချောလေးက ဖော်ရွေသောပုံစံဖြင့် ပြုံးလိုက်သည်။ "ကျွန်တော်က နံပါတ် 1 ပါ… ခင်ဗျား ကျွန်တော်တို့ကို မှတ်မိလား"


"…" နံပါတ် 1 နဲ့ နံပါတ် 3၊ ဘာကြောင့် မြေအောက်အဖွဲ့အစည်းလို ခံစားနေရတာလဲ။ ထိုလူသည် မျက်လုံးများကျဉ်းမြောင်းထားပြီး သူ့ရှေ့က လူနှစ်ယောက်ကို စိုက်ကြည့်နေသည်။ သူက သူ့မှတ်ဉာဏ်များထဲတွင် ရှာဖွေကြည့်ပြီး ရုတ်တရက် ပြုံးလိုက်သည်။ "ငါမှတ်မိပြီ… Clubs လျှို့ဝှက်ခန်းမှာ ကတ်ကစားပြီးတော့ တိုက်ရိုက် စာချုပ်ချုပ်ခဲ့တဲ့သူတွေမလား"


"ဟုတ်တယ်" ရှောက်လုံက ခေါင်းငြိမ့်လိုက်သည်။ "ကျွန်တော် ပြန်ဆုံကြပြန်ပြီ… တိုက်ဆိုင်တာပဲ"


ယွီဟန်ကျန်းက ပွင့်လင်းစွာ မေးလိုက်သည်။

"မင်းက 3 of Clubs ကိုသွားမယ်လို့ ပြောခဲ့တယ်… 3 of Clubs ကို ရှင်းလင်းပြီး ဒီကိုလာခဲ့တာလား"


ထိုလူက ပခုံးတွန့်သည်။ 

"ဟုတ်တယ်… ငါ 3 of Clubs ကို သွားခဲ့ပေမဲ့ 3 of Diamonds ကိုလည်း သွားခဲ့တယ်… ဒါပေမဲ့ Diamonds မှာ ငါ့ရဲ့ရှင်းလင်းရေးရမှတ်က C ပဲရှိတယ်"


ယွီဟန်ကျန်း: "…"


ရှောက်လုံသာ မရှိရင် ယွီဟန်ကျန်းလည်း Diamonds လျှို့ဝှက်ခန်းကိုသွားသောအခါ C အဆင့်သာ ရနိုင်လောက်သည်။ သူတို့နှစ်ယောက်စလုံးက သင်ကြားရေးမှာ ညံ့ဖျင်းပုံရသည်။


ထို့နောက် နံပါတ် 5 သည် 3 of Club နှင့် 3 of Diamonds သို့သွားခဲ့သည်။ ရလဒ်ကတော့ သူတို့က 3 of Spades မှာ တွေ့ဆုံခဲ့ကြသည်။ လျှို့ဝှက်ခန်းတစ်ခုစီ၏ အချိန်စီးဆင်းမှုနှုန်းကို သီးသန့်တွက်ချက်ထားသောကြောင့် ရှောက်လုံသည် အချိန်ပြဿနာကို မရှုပ်ထွေးဘဲ အကြံပြုခဲ့သည်။

"ကျွန်တော်တို့နဲ့ အချက်အလက်ဖလှယ်ဖို့ စိတ်ဝင်စားသလား"


ထိုလူက မျက်ခုံးပင့်ကာ ရှောက်လုံကို ကြည့်နေသည်။

"ဘာအချက်အလက်လဲ… ငွေကြေးအကျပ်အတည်းကို ဘယ်လိုကျော်ဖြတ်ရမလဲ မင်းသိလို့လား"


ရှောက်လုံက ခေါင်းခါလိုက်သည်။ "ကျွန်တော် မသိဘူး" သူက လှည့်ပြီး အလေးအနက် ပြောလိုက်သည်။ "ဒါပေမဲ့ ကျွန်တော်တို့က 3 of Hearts ကို ရောက်ဖူးပြီး ခင်ဗျားက 3 of Clubs ကို ရောက်ဖူးတယ်… ခင်ဗျားက ကျွန်တော်တို့ကို 3 of Clubs ရဲ့ အကြောင်းအရာတွေပြောပြပြီး ကျွန်တော်တို့က ခင်ဗျားကို 3 of Hearts ကို ရှင်းလင်းနိုင်မဲ့နည်းလမ်းပြောပြမယ်… ဒါက ညီမျှတဲ့ ဖလှယ်မှုပဲ… ဘယ်လိုလဲ"


ထိုလူက စဉ်းစားပြီး ခေါင်းငြိမ့်လိုက်သည်။ 

"သဘောတူတယ်"


နှစ်ဦးနှစ်ဖက် အကျိုးရှိသော အချက်အလက်ဖလှယ်မှုကို ငြင်းဆိုရန် သူ့မှာ အကြောင်းပြချက်မရှိပေ။


သူက လမ်းဘေးရှိ အဆင့်မြင့်ကော်ဖီဆိုင်ကို လှည့်ကြည့်ပြီး ညွှန်ပြလိုက်သည်။

"ကော်ဖီတစ်ခွက်သွားသောက်ပြီး ထိုင်စကားပြောရအောင်"


ရှောက်လုံက ပို၍လက်တွေ့ဆန်သည်။

"ကျွန်တော်တို့က ငွေကြေးအကျပ်အတည်း ပေါ်လာမဲ့ကမ္ဘာမှာရှိနေပြီး ငွေအနည်းငယ် စုဆောင်းထားဖို့ လိုအပ်တယ်… ဟိုဘက်က စားသောက်ဆိုင်ကိုသွားပြီး နေ့လယ်စာ စားလိုက်တာ ပိုမကောင်းဘူးလား"


ယွီဟန်ကျန်းက ရှောက်လုံစကားကို နားထောင်ပြီး ထပ်ပြောလာသည်။

"သွားပြီး နေ့လယ်စာစားကြမယ်"


ထိုလူ: "…"


လူတစ်ယောက်က လူနှစ်ယောက်ကို မငြင်းနိုင်တာကြောင့် သူသည် သူတို့နောက်ကနေ စားသောက်ဆိုင်အသေးလေးဆီ လိုက်သွားခဲ့ရသည်။


ကံကောင်းထောက်မစွာ ဤစားသောက်ဆိုင်သည် အရွယ်အစားသေးငယ်သော်လည်း ပတ်ဝန်းကျင်က မဆိုးဘူး။ စားပွဲ၊ ကုလားထိုင်နှင့် ပန်းကန်ခွက်ယောက်များက အလွန်သန့်ရှင်းသည်။


မီနူးတွင် အိမ်ချက်ဟင်းအနည်းငယ်သာ ရှိသည်။ ချဉ်စပ်အာလူးအမွကြော်၊ ခရမ်းသီးချက်ကဲ့သို့သော သက်သတ်လွတ် ဟင်းလျာများမှာ ရွှေဒင်္ဂါး 1,500 ဖြစ်ပြီး အာလူးနှင့် အမဲသား၊ ချိုချဉ်ဝက်နံရိုးကဲ့သော အသားဟင်းများက ရွှေဒင်္ဂါး 2,500 နှင့် ထမင်းက ရွှေဒင်္ဂါး 500 ဖြစ်သည်။


ဤစျေးနှုန်းကို… နားလည်ရန် ရိုးရိုးရှင်းရှင်းပြောရလျှင် ရွှေဒင်္ဂါးထဲမှ သုညနှစ်လုံးကို ဖယ်ကာ ယွမ်အဖြစ်သို့ ပြောင်းလိုက်ရုံသာဖြစ်သည်။ သက်သက်လွတ်ဟင်းတစ်ခွက်အတွက် 15 ယွမ်၊ အသားဟင်းတစ်ခွက်ကို 25 ယွမ်၊ ထမင်းတစ်ပန်းကန်ကို 5 ယွမ်ခန့်ရှိသည်။ ဒီဈေးကို တတ်နိုင်ပါသေးသည်။


ရှောက်လုံက ရိုးရှင်းစွာ လှုပ်ရှားသွားသည်။


သူက ဟင်းနှစ်ခွက်နှင့် ထမင်းတစ်ပန်းကန်ကို မှာလိုက်သည်။ သူသည် ဧည့်သည်အတွက် ငွေပေးချေရန် အစပြုကာ ရွှေဒင်္ဂါး 8,500 ကို အသုံးပြုခဲ့သည်။


ဤကတ်များကမ္ဘာတွင် ရှောက်လုံမှာ ပန်းတိုင်တစ်ခုသာရှိသည်: အဆုံးထိ အသက်ရှင်ပြီး ထွက်သွားဖို့ပဲ။


ထို့ကြောင့် ရန်သူလုပ်မည့်အစား သူက သူငယ်ချင်းများများလုပ်လိုသည်။


နံပါတ် 5 ၏ အထောက်အထားကို မသိရသေးသော်လည်း 2 of Clubs လျှို့ဝှက်ခန်းတွင် သူ၏စွမ်းဆောင်ရည်မှာ ကောင်းမွန်ပါသည်။ သေချာတာကတော့ သူက ကတ်ကစားတာ ကျွမ်းကျင်သူဖြစ်သည်။ ရှောက်လုံက သူ့ကို လုံလောက်သောရိုးသားမှုကို ပြသခဲ့သည်။ ရှောက်လုံသည် အစားအသောက်အတွက် ငွေရှင်းပေးရုံတင်မက သူက အစပြု၍ ပြောလာသည်။

"ကျွန်တော် အရင်မိတ်ဆက်ပါရစေ… ကျွန်တော်က ရှောက်လုံ၊ အရင်က ဆေးကျောင်းမှာ ဆရာလုပ်ဖူးပါတယ်"


အဖွဲ့ခေါင်းဆောင်ယွီ၏စကားက ရိုးရှင်းသည်။

"ယွီဟန်ကျန်း… ရဲအရာရှိ"


"…" ထိုလူက တုံ့ဆိုင်းသွားပြီးနောက် ပြုံးလိုက်သည်။ "ရှောက်လုံနဲ့ ယွီဟန်ကျန်းတို့က 3 of Hearts နဲ့ 3 of Diamonds တို့မှာ စံချိန်ချိုးခဲ့တဲ့ သူတွေပဲ… မင်းတို့နှစ်ယောက်နဲ့တွေ့တာ ငါအရမ်းကံကောင်းတာပဲ"


ကမ္ဘာ့စံချိန်ချိုးသော မှတ်တမ်းများကို စာလုံးကြီးများဖြင့် ကြေညာခဲ့ပြီး စိန်ခေါ်သူအားလုံးက မြင်တွေ့ခဲ့ရသည်။ ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် သူတို့ကိုယ်တိုင်တောင် မသိလိုက်ဘဲ နာမည်ကြီးလာကြသည်။


ထိုလူက ရှောက်လုံနှင့် ယွီဟန်ကျန်းတို့ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။ 

"ရှောက်ချင်းကော်… ငါ့ရဲ့အလုပ်က စတော့ရောင်းဝယ်သူ… ကတ်ဂိမ်းကစားတာက ငါ့ဝါသနာပါ"


မူလက သူသည် ဒီလူနှစ်ယောက်အပေါ် သတိကြီးကြီးထားခဲ့ပေမဲ့ ထိုလူနှစ်ယောက်သည် လျှို့ဝှက်ခန်းများ၏ မှတ်တမ်းများကို စံချိန်ချိုးထားနိုင်သော နတ်ဘုရားများဖြစ်ပြီး သူ၏ရမှတ်များက Hearts နှင့် Diamonds များတွင် မကြာခဏဆိုသလို C အဆင့်ဘက်သာရှိနေသည်။ နတ်ဘုရားများနှင့် ပူးပေါင်းရန် တုံ့ဆိုင်းနေဖို့ မလိုအပ်ပေ။


သူတို့မှာ ဦးနှောက်ရှိသ၍တော့ ရှောက်လုံနှင့် ယွီဟန်ကျန်းတို့လို ကျွမ်းကျင်သူများနှင့် တွေ့သူတိုင်းက ငြင်းမှာ မဟုတ်ဘူး။


ရှောက်လုံသည် ရှောက်ချင်းကော်၏အမည်ကိုကြားရပြီး သူ၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသော်လည်း မကြာမီတွင် သူ၏တည်ငြိမ်သောအမူအရာကို ပြန်လည်ရရှိကာ ပြုံးလိုက်သည်။ 

"မစ္စတာရှောက်… 3 of Diamonds အကြောင်း ပြောကြည့်ရအောင်… ဘယ်လို ယန္တရားအမျိုးအစားတွေ ခင်ဗျား ကြုံတွေ့ခဲ့တာလဲ"


သူတို့သည် လျှို့ဝှက်ခန်းသို့ ရောက်ဖူးသောကြောင့် 3 of Diamonds အကြောင်းကို ဦးစွာပြောခဲ့သည်။ အချက်အလက်ဖလှယ်သည့် လုပ်ငန်းစဉ်အတွင်း လျှို့ဝှက်ခန်းများ၏ အကြောင်းအရာများက ကိုက်ညီမှုရှိ၊ မရှိ သူတို့ဆုံးဖြတ်နိုင်သည်။


ရှောက်ချင်းကော်က ရိုးရိုးရှင်းရှင်းပြောခဲ့သည်။

"ပထမယန္တရားက အရမ်းရိုးရှင်းတဲ့ စာလုံးနှစ်လုံးပဟေဠိဖြစ်ပြီး ဒုတိယက ကွက်လပ်မှာ idiom ဖြစ်အောင် ဖြည့်ရတာ၊ တတိယက ကွက်လပ်မှာ ကဗျာဖြစ်အောင် ဖြည့်ရတာ… idiom မှာ ပျောက်နေတဲ့ စာလုံးက ‘人/လူ’ဖြစ်ပြီး အဖြေက လူတွေကို ပျော်ရွှင်အောင် ကူညီပေးတာ စသဖြင့်ပေါ့… ကဗျာထဲမှာ ပျောက်နေတဲ့ စာလုံးက ‘月/လ’ဖြစ်ပြီး အဖြေက ‘တောက်ပတဲ့လကို ဘယ်အဆောက်အဦးကမီမှာလဲ’၊ ‘ရွှေခွက်အလွတ်ကို လဘက်မျက်နှာမမူစေနဲ့’ စသဖြင့်ပေါ့…"


ရှောက်လုံက သူ့ကို ပြောသည်။

"ကျွန်တော်တို့ရဲ့ idiom က ‘正/အမှန်’စာလုံးဖြစ်ပြီး ကဗျာက ‘花/ပန်းပွင့်’ဖြစ်တယ်"


ရှောက်ချင်းကော်က အနည်းငယ် အံ့သြသွားသည်။ 

"ဒါဆို Diamonds လျှို့ဝှက်ခန်းက ပဟေဠိအမျိုးအစားတူပေမဲ့ အဖြေက ကျပန်းပြောင်းသွားတာပေါ့"


ရှောက်လုံသည် 2 of Diamonds ရှိ ဂဏန်းပဟေဠိများကို ပြောပြခဲ့ပြီး သေချာသည်မှာ ယွီဟန်ကျန်းနှင့် ရှောက်ချင်းကော်တို့၏ ဂဏန်းပဟေဠိများနှင့် ကွဲပြားသော်လည်း အမျိုးအစားများမှာ အတူတူပင် ဖြစ်သည်။


ရှောက်လုံက ကောက်ချက်ချခဲ့သည်။

"Diamonds လျှို့ဝှက်ခန်းမှာ တူညီတဲ့မေးခွန်းအမျိုးအစားတွေရှိပေမဲ့ အကြောင်းအရာတွေကို မေးခွန်းဘဏ်ကနေ ကျပန်းရွေးချယ်သွားတာဖြစ်လောက်တယ်… အဲဒါကိုဖြေဖို့ စည်းမျဉ်းကို သိနေသ၍တော့ မေးခွန်းတွေက ဘယ်လိုပဲ ပြောင်းလဲနေပါစေ လွယ်နေလိမ့်မယ်"


ဥပမာအားဖြင့် 3 of Diamonds တွင် နောက်ဆုံးစက်ဝိုင်းနံပါတ်အတွက် 888 မှ 869 သို့ပြောင်းသွားသည်။ နံပါတ်ကို ဘယ်လိုပဲပြောင်းထားပါစေ ဖြေဆိုရတာ အလွန်ရိုးရှင်းပါသည်။


အချက်အလက်ဖလှယ်ရန် လိုအပ်နေသေးသည်ဟု ထင်ရသည်။


နှစ်ဦးနှစ်ဘက်က ချက်ချင်းပင် သဘောတူညီမှု ရရှိခဲ့သည်။


ရှောက်လုံက ပါးစပ်ကို ဖွင့်လိုက်သည်။ 

"ကျွန်တော် အရင်ဆုံး 3 of Hearts အကြောင်း ပြောပြမယ်… 3 of Hearts က ကျောင်းဝင်းထဲမှာ လူသတ်မှုဖြစ်တယ်… အတန်းစတက်တဲ့နေ့မှာ ကျောင်းနောက်ကျတဲ့ ကျောင်းသူရင့်ရှောင်ယာက သေလိမ့်မယ်… သူမကို သတ်တဲ့သူက ဆရာမတစ်ယောက်ပဲ… အဓိကသဲလွန်စကတော့ လွန်ခဲ့တဲ့ငါးနှစ်လောက်က ပြုတ်ကျခဲ့တဲ့အမှုကို ရှာဖွေဖို့ပဲ… ဆရာမကို ‘မွန်တီခရစ်တိုမြို့စား’ရဲ့ဇာတ်လိုက်အဖြစ် ပုံဖော်ထားပြီး လူသုံးယောက်ကို သတ်ဖြတ်ပြီးတော့ မေပယ်တောအုပ်ထဲမှာ သူတို့အရိုးတွေကို မြှုပ်နှံထားတယ်… ရင့်ရှောင်ယာက လျှို့ဝှက်ချက်ကို မတော်တကြားလိုက်ရပြီး အသတ်ခံလိုက်ရတယ်"

 Ying Xiaoya သည် လျှို့ဝှက်ချက်ကို မတော်တဆ 


ရှောက်လုံက ခဏရပ်ကာ ဆက်ပြောသည်။

"ကျွန်တော်တို့ရဲ့ ဖြစ်စဉ်ရှင်းလင်းရေးနည်းလမ်းက ရဲတပ်ဖွဲ့ရဲ့အမှုကို ဖြေရှင်းရာမှာ ကူညီပြီး သဲလွန်စတွေကို ရှာဖွေဖို့ပဲ… ဒါပေမဲ့ ရွေ့လျားလျှို့ဝှက်ခန်းမှာ အခြားဖြစ်စဉ်ရှင်းလင်းရေးနည်းလမ်းတွေ ရှိနိုင်တယ်လို့ ကျွန်တော်ထင်တယ်… ရင့်ရှောင်ယာ မသေဖို့ ခင်ဗျား ကြိုးစားနိုင်တယ်… သူမရဲ့သေဆုံးမှုကို တားဆီးနိုင်ရင် အရိုးတွေရှာဖို့ မေပယ်တောအုပ်ကို တိုက်ရိုက်တူးပြီး ရဲကို စုံစမ်းခိုင်းလိုက်ပါ" သူက ခဏရပ်လိုက်ပြန်သည်။ "တကယ်လို့ ရင့်ရှောင်ယာသေဆုံးမှုကို မတားနိုင်ဘူးဆိုရင် အဲဒီသဲလွန်စတွေကို အမြန်ဆုံးရှာသင့်တယ်"


ရှောက်လုံသည် ရိုးသားမှုကို ပြသရန်အတွက် သဲလွန်စအားလုံးကို တစ်ဖက်လူအား ပြောပြခဲ့သည်။


ရှောက်ချင်းကော်ကလည်း Clubs လျှို့ဝှက်ခန်း၏ အချက်အလက်ကို ဖော်ပြခဲ့သည်။ 

"3 of Clubs လျှို့ဝှက်ခန်းက ‘နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း’လို့ခေါ်တဲ့ အလွန်ရိုးရှင်းတဲ့ ကတ်ဂိမ်းတစ်ခုပဲ… စည်းမျဉ်းတွေကို Clubs စောင့်ရှောက်သူက သတ်မှတ်ပြီး အရောင်လေးမျိုးက ရာသီတစ်ခုစီကိုကိုယ်စားပြုတယ်… suit အလိုက် ကတ်ကစားပြီး ကတ်အရင်ဆုံးကုန်သွားတဲ့သူက အဲဒီဂိမ်းရဲ့အနိုင်ရသူပဲ…"

[TK: ‘suit’ဆိုတာ (♣️♦️♠️❤️) အပွင့်တူတာကို ခေါ်ပါတယ်။]


သူက ဂိမ်း၏အသေးစိတ်စည်းမျဉ်းများနဲ့ အနိုင်ရဖို့ အရည်အချင်းကို ပြောပြခဲ့သည်။


ကတ်လျှို့ဝှက်ခန်းများက ဆင်တူပြီး တူညီသောကတ်ဖြင့် ကိုယ်စားပြုသော လျှို့ဝှက်ခန်းများက တူညီပါက ဖြစ်နိုင်ခြေရှိသည်ကို ရှောက်လုံက ရုတ်တရက် တွေးလိုက်မိသည်။ စိန်ခေါ်သူသည် လျှို့ဝှက်ခန်းအမျိုးမျိုးကို အောင်မြင်စွာဖြတ်သန်းနေသ၍ သူတို့နောက်ကွယ်မှ စိန်ခေါ်သူများသည် အချက်အလက်ရရှိရန် တစ်စုံတစ်ဦးကို ရှာဖွေနိုင်ပြီး ဖြစ်စဉ်ရှင်းလင်းရေး၏အခက်အခဲကို လျှော့ချနိုင်မည်ဖြစ်သည်။ အွန်လိုင်းဂိမ်းများတွင် ‘ဖြစ်စဉ်ရှင်းလင်းရေးနည်းဗျူဟာအဖွဲ့’နှင့် ဆင်တူသော အထူးထောက်လှမ်းရေးအဖွဲ့အစည်းတစ်ခုများ ဒီမှာရှိနေမလား။


ဒီလိုသာရှိခဲ့ရင် ဒီကမ္ဘာကြီးကနေ ဘယ်သူမှ ဘာလို့ မထွက်နိုင်ရတာလဲ။


ရှင်းပြချက် နှစ်ခုသာ ရှိခဲ့သည်။ ပထမအချက် နှောင်းပိုင်းအဆင့်ရှိ လျှို့ဝှက်ခန်းများကို ကျပန်းထုတ်ပေးခဲ့ပြီး အချက်အလက်များက အသုံးမဝင်တာကြောင့်ဖြစ်သည်။ ဒုတိယအချက် နှောင်းပိုင်းအဆင့် သေဆုံးမှုနှုန်းက မြင့်မားလွန်းသဖြင့် နည်းဗျူဟာကို ရောင်းချရန်နေနေသာသာ ဖြစ်စဉ်ကို ရှင်းလင်းရန် လူများက အသက်ရှင်သန်ဖို့သာ ကြိုးစားကြရသည်။


သို့သော် အနည်းဆုံးတော့ ယခုအချိန်တွင် အခက်အခဲနည်းပါးသော C အဆင့်အခန်းများအတွက် နည်းဗျူဟာကို ရှောက်ချင်းကော်မှ ထုတ်ဖော်ပြသခဲ့သည်။ သူတို့သည် 3 of Clubs ကို ဖြတ်သန်းရန် စိတ်ပူစရာမလိုဘဲ အရေးတကြီးလုပ်ငန်းစဉ်မှာ 3 of Spades ကို ဘယ်လိုဖြတ်သန်းရမလဲဆိုတာပါပဲ။


ရှောက်လုံက မေးလိုက်သည်။

"ဒီငွေကြေးအကျပ်အတည်းအတွက် ခင်ဗျားမှာ အကြံဉာဏ်တွေရှိလား"


ရှောက်ချင်းကော်၏မျက်လုံးများက ကျဉ်းမြောင်းသွားသည်။

"ရွှေဒင်္ဂါး 100,000 က မလောက်ဘူး… ငါအရင်ဆုံး ပိုက်ဆံရှာဖို့ စိတ်ကူးထားတယ်"


ရှောက်လုံက သိချင်နေခဲ့သည်။

"ခင်ဗျားက ငွေဘယ်လိုရှာမလို့လဲ"


ရှောက်ချင်းကော်က ထူးဆန်းစွာ ပြုံးလိုက်ပြီး အသံကို လျှော့လိုက်သည်။

"ဒီမှာ လောင်းကစားရုံတွေ ရှိမရှိ ဟိုဟိုဒီဒီလိုက်ကြည့်ရအောင်"


ရှောက်လုံ: "…"


ဒီလူက နောက်တစ်ခါ လောင်းကစားလုပ်ဖို့ ကြံစည်နေတာလား…


❴သုံးယောက်မြောက်အဖွဲ့ဝင်❵

— ရှောက်ချင်းကော်

— စီးပွားရေးသမား

— အသက် 30 နှစ် (ခန့်မှန်းခြေ)

ရှောက်ချင်းကော်ရဲ့ ‘ရှောက်’က ဒီလို‘Shao’ဖြစ်ပြီး ရှောက်လုံရဲ့ ‘ရှောက်’က ဒီလို‘Xiao’ဖြစ်တာကြောင့် အသံထွက်ပဲတူပြီး pinyin ကော၊ တရုတ်စာလုံးပါ မတူပါဘူး။


#TK