Chapter 32
Viewers 11k

Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း


Chapter 32 (3 of Hearts – သွေးစွန်းနေသောမေပယ်ရွက် ၁၃၊ ဆရာဖိုင်)


ကျန်းချင်အပေါ် ရှောက်လုံ၏ အထင်ကြီးမှုက အလွန်နက်နဲသည်။ သူမသည် လျှို့ဝှက်ခန်း၏ ဇာတ်ကွက်ထဲတွင် ပထမဆုံး ပေါ်လာသည့် ဆရာမဖြစ်ခဲ့သည်။


သူမသည် ဒေါက်မြင့်ဖိနပ်နှင့် ပရော်ဖက်ရှင်နယ် အမျိုးသမီးတစ်ဦးအဖြစ် ဝတ်ဆင်ထားသည်ကို သတိရမိသည်။ ရင့်ရှောင်ယာကို ခေါင်မိုးပေါ်မှတွန်းချရန် ဖိနပ်ကိုပြောင်းလိုပါက ဝတ်စုံစကတ်ကို သူမအရင်မပြောင်းရင် ကင်းဗတ်ဖိနပ်နဲ့ အမြင်မတော်ပေ။


ကျောင်း၏ရုံးခန်းအဆောက်အဦးတွင် ဆရာ၊ဆရာမများအတွက် အဝတ်လဲခန်းတစ်ခုရှိသည်။ သီအိုရီအရ ကျန်းချင် သည် မနက်ပိုင်းအတန်းပြီးဆုံးပြီး တစ်မနက်လုံး အားနေခဲ့သည်။ သူမသည် အမှုအခင်းအတွက် ပြင်ဆင်ရန် အဝတ်အစားလဲဖို့ အချိန်များစွာရခဲ့သည်။


ယွီဟန်ကျန်းက မျက်မှောင်ကြုတ်ပြီး တိုးတိုးလေးပြောသည်။

"ကိုယ်တို့ရဲ့ စုံစမ်းစစ်ဆေးမှုကို အာရုံစိုက်ဖို့က အခု ကျန်းချင်နဲ့ ရှဲ့ရှင်းဟယ်တို့ကြားက ဆက်ဆံရေးအပေါ်မှာပဲ ရှိသင့်တယ်... သူတို့နှစ်ယောက်စလုံးမှာ ဘာလို့ ‘မွန်တီခရစ်တိုမြို့စား’စာအုပ်ရှိရတာလဲ... ဒီစာအုပ်က ဘာကိုကိုယ်စားပြုတာလဲ... ဒုတိယအချက်တော့ သူမနဲ့ စစ်းဟန်တို့ကြားက ဆက်ဆံရေးပဲ... လွန်ခဲ့တဲ့ငါးနှစ်က စစ်းဟန် ပြုတ်ကျတဲ့ကိစ္စက သူမနဲ့ သက်ဆိုင်နေမလား"


ဤနေရာအထိ စုံစမ်းစစ်ဆေးမှုသည် ကျောင်းသား ယိရူနှင့် ယွီဟွေးတို့ကို လုံးဝဖယ်ရှားပစ်ခဲ့သည်။


အဓိကကျသော လူလေးယောက် ကျန်နေပါသေးသည်။


အတန်းခေါင်းဆောင် ရှဲ့ရှင်းဟယ်။ သူ့အိတ်ထဲက စာအုပ်ကို ရှင်းပြ၍မရသေးဘဲ ဓာတ်ခွဲခန်းထဲက အဆိပ်ကိုလည်း သူ ယူသွားနိုင်သည်။ ရင့်ရှောင်ယာ ပြုကျချိန်မှာ သူက ဘတ်စကက်ဘော ကစားနေပေမဲ့ ဒါက သူ့ကို အဆိပ်ခတ်သူအဖြစ်ကနေ ဖယ်ထုတ်လို့မရဘူး။


အင်္ဂလိပ်ဆရာမ ကျန်းချင်။ မူရင်းစာအုပ်ကို အကြိမ်များစွာဖတ်ဖူးပြီး သူမသည် ဒီလက်စားချေခြင်းဇာတ်လမ်းကို အမှန်တကယ်နှစ်သက်ကြောင်း ပြသထားသည်။ ထို့အပြင် စာအုပ်ပါရှိသော အံဆွဲကို သော့ခတ်ထားကာ သူမတွင် ဒီစာအုပ်ရှိတာကို အခြားသူများအား မသိစေလိုကြောင်း ဖော်ပြနေသည်။


အခြားအတန်းမှ ဘာသားစကားဆရာမ လင်ယွဲ့လန်။ တစ်ချိန်က သူမသည် အထက်တန်းကျောင်းပထမနှစ်တွင် ရင့်ရှောင်ယာအား ဘာသာစကားသင်ပေးခဲ့ပြီး အံဆွဲထဲတွင် ကျောင်းသားနှစ်ဦး၏ စာများပါရှိသေးသည်။ သေကြောင်းကြံစည်မှု မှတ်စုကို သူမ ရေးခဲ့သလားဆိုတာ ဆုံးဖြတ်ဖို့ မဖြစ်နိုင်ပေမဲ့ ဖြစ်နိုင်ခြေ များပါသည်။


ရူပဗေဒဆရာမ စစ်းချီနှင့် လွန်ခဲ့သောငါးနှစ်က သေဆုံးသူတို့တွင် တူညီသောမျိုးရိုးနာမည်ရှိသည်။ သူတို့နှစ်ဦးကြားက ဆက်ဆံရေးကို စိစစ်ဖို့ လိုပါသည်။


ယွီဟန်ကျန်းက မေးသည်။

"ပရော်ဖက်ဆာရှောက်... ကျောင်းမှာရှိတဲ့ ဆရာအားလုံးရဲ့ အချက်အလက်တွေကို ဘယ်မှာရမလဲ"


မေပယ်တောအုပ်အထက်တန်းကျောင်းတွင် အတန်းတစ်ခုစီ၌ အတန်း 20 ကျော်ရှိပြီး ဆရာ 300 ကျော်ရှိသည်။ ကျောင်းသည် ဆရာများ၏ အချက်အလက်များကို သိမ်းဆည်းရန် နေရာတစ်ခု သေချာပေါက်ရှိမည်ဖြစ်သည်။ ဒီဆရာမသုံးယောက်၏ မိသားစု နောက်ခံကို တတ်နိုင်သမျှ အမြန်ဆုံး ရှာဖွေရမည်။


ရှောက်လုံက ပြန်ဖြေသည်။

"ပညာရေးဆိုင်ရာ စီမံခန့်ခွဲရေးရုံးမှာ... အဲဒါက သင်ကြားရေးတာဝန်တွေနဲ့ သင်ကြားရေးအစီအစဉ်တွေကို စီမံခန့်ခွဲဖို့အတွက် အထူးပြုတယ်... အဲဒီမှာ ဆရာ၊ဆရာမအားလုံးရဲ့ အချက်အလက်တွေရှိရမယ်... ကျွန်တော် တက္ကသိုလ်မှာတုန်းက ကျွန်တော့်ရဲ့ အလုပ်အစီအစဉ်ကို တင်ပြတိုင်း အဲဒီရုံးခန်းမှာ တင်ပြရပြီး ကျွန်တော့်အိမ်လိပ်စာ၊ အဆက်အသွယ်အချက်အလက်နဲ့ အခြားအချက်အလက်ပြောင်းလဲမှုတွေကိုလည်း အဲဒီမှာပဲ အစီရင်ခံရတယ်"


ယွီဟန်ကျန်းက ခေါင်းငြိမ့်ပြပြီး တံခါးကို စိုက်ကြည့်ရင်း ပြတ်ပြတ်သားသား ပြောလိုက်သည်။ 

"သွားကြည့်ရအောင်"


လူနှစ်ယောက်က ငါးထပ်ကို ဦးတည်သွားသည်။


ဤအထပ်တွင် လူငယ်အဖွဲ့ချုပ်ကော်မတီ၊ အလုပ်သမားကောင်စီ၊၊ အင်တာနက်စင်တာ၊ ကြီးကြပ်ရေးဌာနစသည်ဖြင့် ကျောင်း၏လုပ်ငန်းဆောင်တာအဖွဲ့အစည်းများ ပါဝင်သည်။ ပညာရေးဆိုင်ရာ စီမံခန့်ခွဲရေးရုံးသည် စင်္ကြံ၏အဆုံးတွင်ရှိပြီး ယွီဟန်ကျန်းသည် အမြန်လမ်းလျှောက်လာပြီး ဝါယာကြိုးတစ်ခုဖြင့် သော့ဖွင့်လိုက်သည်။ 


သူတို့ ရုံးခန်းထဲသို့ ဝင်လိုက်သည်နှင့် ဖိုင်တွဲများ တန်းစီနေတာကို တွေ့လိုက်ရသည်။


တတိယတန်းကျောင်းဆရာများ၏ အချက်အလက်များ...


ယွီဟန်ကျန်းက ဖိုင်တွဲတစ်ခုကို ဆွဲထုတ်လိုက်သည်။ တတိယတန်းတွင် ဆရာအယောက် 100 ကျော်ရှိပြီး အချက်အလက်များ ထူထပ်သည်။ ရှောက်လုံအား တစ်ဝက်ကို ပေးလိုက်ပြီး သူတို့ကို အမြန်ကြည့်လိုက်သည်။


သူတို့သည် မကြာမီတွင် အဓိကပစ်မှတ်သုံးခု၏ အချက်အလက်ကို တွေ့ရှိခဲ့သည်။


ရူပဗေဒဆရာမ စစ်းချီသည် အသက် 33 နှစ်ဖြစ်သည်။ သူမ၏မိဘများသည် တက္ကသိုလ်ပရော်ဖက်ဆာများဖြစ်ကြပြီး သူမက တစ်ဦးတည်းသောသမီးဖြစ်သည်။ သူမ၏ မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်းများကို ဒီမြို့မှာပဲတက်ခဲ့သည်။ ထို့နောက် သင်ကြားရေးတက္ကသိုလ်တစ်ခုသို့ သွားကာ မဟာဘွဲ့ယူပြီးနောက် ဆရာမအဖြစ် လုပ်ကိုင်ရန် ဒီနေရာကို ပြန်လာခဲ့သည်။ သူမသည် မေပယ်တောအုပ်အထက်တန်းကျောင်းကို လွန်ခဲ့သောငါးနှစ်က စတင်တည်ထောင်ခဲ့စဉ်တွင် ပထမဆုံးသော ဆရာမဖြစ်ခဲ့သည်။


ဘာသာစကားဆရာမ လင်ယွဲ့လန်သည် အသက် 31 နှစ်ဖြစ်သည်။ သူမ၏မိဘများက ကုမ္ပဏီဝန်ထမ်းများဖြစ်ပြီး သူမ၏ မိသားစုဝင်တွေထဲမှာ တက္ကသိုလ်တက်နေသော မောင်လေးတစ်ယောက်လည်း ပါဝင်ပါသည်။ သူမသည် ဒေသခံတစ်ဦးဖြစ်သော်လည်း သူမ၏ဘွဲ့က ဘွဲ့ကြိုဘွဲ့တစ်ခုဖြစ်သည်။ သူမသည် အခမဲ့ဆရာမဖြစ်ခဲ့ပြီး ဘွဲ့ရပြီးနောက် သူမ၏မွေးရပ်မြေတွင် တာဝန်ပေးအပ်ခံရကာ မေပယ်တောအုပ်အထက်တန်းကျောင်းသို့ တိုက်ရိုက်လာရောက်ခဲ့သည်။ လွန်ခဲ့သော ငါးနှစ်လောက်က ဒီကျောင်းကို စတည်ထောင်တုန်းက သူမလည်း ဒီကိုရောက်လာခဲ့သည်။


အင်္ဂလိပ်ဆရာမ ကျန်းချင်က အသက် 29 နှစ်ဖြစ်သည်။


အချက်အလက်ကိုကြည့်ရင် ယွီဟန်ကျန်း၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။ 

"ကျန်းချန်ရဲ့ မိသားစုဝင်တွေကို ကြည့်လိုက်"


ရှောက်လုံက ချက်ချင်းရောက်လာပြီး ဆရာမကျန်းချင်၏ အချက်အလက်စာရွက်က မိသားစုဝင်များ ကော်လံရှိ သူမအမေနဲ့အဖေဘေးမှာ ‘မတော်တဆသေဆုံးခြင်’ရေးထားတာကို တွေ့လိုက်ရသည်။ သူမ၏ကိုယ်ရေးအကျဉ်းက အလွန်ဂုဏ်ကျက်သရေရှိသည်။ သူမသည် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းတို့ကို ထူးချွန်စွာ အောင်မြင်ခဲ့ပြီး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲရမှတ်များမှာလည်း ထူးချွန်ခဲ့သည်။ သူမဟာ နာမည်ကြီးနိုင်ငံခြားတက္ကသိုလ်တစ်ခုမှာ ဝင်ခွင့်ရပြီး ပညာသင်ဆုအပြည့်ရခဲ့ပါသည်။


သူမသည် နိုင်ငံခြားမှာ မဟာဘွဲ့အတွက် လေ့လာပြီး ဘွဲ့ရပြီးနောက် တရုတ်ပြည်ကို ပြန်လာခဲ့သည်။ ထို့နောက် သူမသည် ဆရာမတစ်ယောက်၏ အရည်အချင်းစစ် အောင်လက်မှတ်ကို ရရှိပြီး ဆရာမအဖြစ် ပြောင်းလဲခဲ့သည်။


သူမက ဒီကျောင်းကို လွန်ခဲ့သော သုံးနှစ်လောက်က ရောက်လာခဲ့သည်။


ယွီဟန်ကျန်းသည် ကိုယ်ရေးအကျဉ်းကို အစမှအဆုံး ဖတ်ကြည့်ပြီး ရုတ်တရက် ပြောလာသည်။ "ကိုယ်တို့ရဲ့အတွေးအမြင်က မှားသွားတယ်" ဆရာမသုံးယောက်၏ ကိုယ်ရေးအကျဉ်းကို တစ်ခုစီချထားသည်။ "သေဆုံးသွားတဲ့ စစ်းဟန်နဲ့ ဆက်ဆံရေးရှိတဲ့သူဟာ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကျောင်းကို သေချာပေါက် မဝင်ရောက်ခဲ့ဘူး... လက်စားချေခြင်းကို နောက်ရွှေ့နိုင်တယ်"


ရှောက်လုံ၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာသည်။ 

"ဟုတ်တယ်... ‘မွန်တီခရစ်တိုမြို့စား’ထဲက ဇာတ်လိုက်ဟာ နှစ်ပေါင်းများစွာကြာပြီးနောက်မှ ရုပ်ဖျက်ထားတဲ့ အထောက်အထားတစ်ခုနဲ့ ပြန်လာခဲ့တယ်... သူ့ကို ချောက်ချခဲ့တဲ့လူတွေကို တစ်ယောက်ပြီးတစ်ယောက် ရှင်းပစ်ဖို့ ပြန်လာခဲ့တာ"


လက်စားချေဖို့ဆိုတာ ဘယ်တော့မှ နောက်ကျမသွားဘူး။


အမုန်းတရားမျိုးစေ့များကို မမြင်နိုင်ရင်တောင် နှလုံးသား၏အောက်ခြေမှာ မြုပ်ထားသ၍တော့ တစ်နေ့မှာ အံ့သြစရာကောင်းသော သစ်ပင်ကြီးတစ်ပင်အဖြစ် ပေါက်လာမှာပါ။


ယွီဟန်ကျန်းက ပါးစပ်ဖွင့်လိုက်သည်။

"စစ်းချီရဲ့မျိုးရိုးနာမည်က စစ်းဟန်နဲ့တူပေမဲ့ သူမရဲ့ကိုယ်ရေးအကျဉ်းအရ သူမကြီးပြင်းတဲ့ပတ်ဝန်းကျင်က အရမ်းကောင်းတယ်... သူမဘဝက ‌ငယ်ရာကနေ ကြီးတဲ့အထိ ချောမွေ့ခဲ့တယ်... သူမရဲ့မိဘတွေက ပရော်ဖက်ဆာတွေဖြစ်ကြပြီး ဒီလိုလူတွေက ယေဘုယျအားဖြင့် စိတ်ပိုင်းဆိုင်ရာ ချိုယွင်းနေတာမျိုးမရှိဘူး... သူမရဲ့သံသယက အသေးငယ်ဆုံးပဲ"


လူတစ်ယောက်က လူသတ်နိုင် မသတ်နိုင်ကို ဆုံးဖြတ်ရန် ငယ်စဉ်ကတည်းကနေ မိသားစုနောက်ခံ၊ ကြီးပြင်းမှုပတ်ဝန်းကျင်နှင့် ပညာရေးတို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ နွေးထွေးသော မိသားစုပတ်ဝန်းကျင်တွင် ကြီးပြင်းလာသည့် ကလေးက ရုတ်တရက် လူသတ်သမားဖြစ်လာရန် ခက်ခဲသည်။


စစ်းချီ၏မိဘနှစ်ပါးစလုံးသည် တက္ကသိုလ်ပရော်ဖက်ဆာများဖြစ်ကြပြီး သူမက တစ်ဦးတည်းသောသမီးဖြစ်သည်။ သူမသည် ရုတ်တရက် တစ်စုံတစ်ယောက်ကို သတ်ဖို့ အခွင့်အလမ်းက အလွန်နည်းသည်။


ရှောက်လုံက ခေါင်းငြိမ့်လိုက်သည်။

"ဒီဆရာမက မျိုးရိုးအမည်တူတာပဲရှိပြီး သူမကို ညွှန်ပြနေတဲ့ အခြားသက်သေမရှိဘူး... ဒါက လျှို့ဝှက်ခန်းကို အနှောင့်အယှက်အဖြစ် တမင်သတ်မှတ်ထားတဲ့အရာ ဖြစ်နိုင်တယ်"


ယွီဟန်ကျန်းက ခေါင်းငြိမ့်လ်ုက်သည်။

"လင်နဲ့ ကျန်းတို့ နှစ်ယောက်စလုံးက သံသယတွေ အရမ်းများတယ်... အထူးသဖြင့် ကျန်းချင်က နိုင်ငံခြားမှာ ပညာသင်ကြားခဲ့ပြီး သူမရဲ့ဘာသာရပ်က သင်ကြားရေးမဟုတ်ဘူး... အိမ်ပြန်ရောက်တဲ့နောက် ပိုမိုကောင်းမွန်တဲ့အလုပ်များစွာကို သူမရှာဖွေနိုင်တယ်... သူမလို ပညာတတ်တစ်ယောက်က ဆရာအရည်အချင်းစစ်လက်မှတ်ကို ရုတ်တရက်ရပြီး အင်္ဂလိပ်စာသင်ပေးဖို့ အထက်တန်းကျောင်းကို ဘာကြောင့်ပြေးလာရတာလဲ"


ရှောက်လုံက သူ့မေးစေ့ကို ထိလိုက်သည်။

"သူမအံဆွဲထဲက စာအုပ်နဲ့ ပေါင်းလိုက်ရင် သူမက လက်စားချေသူဖြစ်နိုင်ခြေအရှိဆုံးလို့ ကျွန်တော်ထင်တယ်"


သူမသည် နိုင်ငံခြားတွင် အဆင့်မြင့် ပညာသင်ကြားခဲ့ပြီး နာမည်ကြီး တက္ကသိုလ်တစ်ခုမှ စီးပွားရေး မဟာဘွဲ့ကို ရရှိခဲ့ပြီး ဂုဏ်ရှိသောပုံရိပ်ဖြင့် တရုတ်နိုင်ငံသို့ ပြန်လာခဲ့သည်။ အလုပ်အကိုင် အခွင့်အလမ်းများစွာ ရှိသော်လည်း သင်ကြားရေး လက်မှတ် လျှောက်ထားပြီး အထက်တန်းကျောင်းတွင် အင်္ဂလိပ်စာ ဆရာမအဖြစ် လျှောက်ထားခဲ့သည်။ အဘယ်ကြောင့်နည်း။


သူမ၏ မိသားစုဝင်များ သေဆုံးမှုသည် ပို၍ပင် ပဟေဠိဆန်သည်။ သူမ၏မိဘများက ဘာဖြစ်သွားတာလဲ။


အောက်ထပ်မှာ အလင်းတန်းတစ်ခု ပေါ်လာတော့ နှစ်ယောက်သားက တွေးနေခဲ့သည်။ လှည့်ကင်း လုံခြုံရေး အစောင့်များ ပြန်လာပြီ။ ယွီဟန်ကျန်းနှင့် ရှောက်လုံတို့သည် ဓာတ်မီးကို ချက်ချင်းပိတ်လိုက်ပြီး အံဆွဲများနှင့် ရုံးခန်းတံခါးသော့များကို ပြန်လည်သိမ်းခဲ့ပြီးနောက် ရုံးခန်းဆန့်ကျင်ဘက်သို့ ထွက်ခွာခဲ့သည်။


ကျောင်းဝင်း၏ လမ်းမီးများကို ဖွင့်ထားပြီး လုံခြုံရေးအစောင့်များ တွေ့ရှိခြင်းမှ ရှောင်ရှားရန်အတွက် မှောင်သောနေရာများတွင် တမင်တကာ လမ်းလျှောက်ခဲ့ကြသည်။


သူတို့ကလမ်းလျှောက်လာရင်း တိုးတိုးလေးပြောကြသည်။


ယွီဟန်ကျန်း: "သဲလွန်စတွေ အားလုံးက အတူတူလာတာပဲ... ကျန်းချင်က လွန်ခဲ့တဲ့ငါးနှစ်လောက်က အဆောက်အဦးကနေ ပြုတ်ကျခဲ့တဲ့ စစ်းဟန်နဲ့ ပတ်သက်နေတယ်ဆိုရင် အားလုံးရှင်းပြနိုင်ပြီ... သူမရဲ့အချစ်ဆုံးဆွေမျိုး ဒါမှမဟုတ် သူငယ်ချင်းက အဆောက်အဦးပေါ်ကနေ ပြုတ်ကျပြီး သေဆုံးသွားခဲ့တယ်... သူမက နိုင်ငံခြားမှာ ကျောင်းတက်နေတာကြောင့် စစ်းဟန်က ဘာကြောင့်ပြုတ်ကျရသလဲဆိုတာ သူမ ရှင်းရှင်းလင်းလင်း မသိခဲ့ဘူး... ဒီလိုနဲ့ ဘွဲ့ရပြီးတဲ့နောက်မှာ ဆရာမအဖြစ် ကျောင်းကိုပြန်လာပြီး လက်စား‌ချေဖို့အတွက် စစ်းဟန်ရဲ့ဖြစ်စဉ်နဲ့ပတ်သက်တဲ့ လူသတ်သမားတွေကို စုံစမ်းခဲ့တယ်"


ရှောက်လုံက အဓိကအချက်ကို ပြင်းပြင်းထန်ထန် သတိပြုမိလာသည်။ 

"ဒါဆို စစ်းဟန်ရဲ့အမှုမှာ လူသတ်သမားကို... ကျန်းချင်က သတ်ပြီးလောက်ပြီမလား"


ယွီဟန်ကျန်းက ရပ်လိုက်ပြီး အဝေးက မေပယ်တောအုပ်ကို တွေးတွေးဆဆ ကြည့်လိုက်သည်။

"ကျောင်းသားတွေကြားက ကောလဟာလတွေကို မှတ်မိသေးလား... ကျိန်စာက စစ်းဟန်ပြုတ်ကျခြင်းနဲ့အတူ လွန်ခဲ့တဲ့ငါးနှစ်က စတင်ခဲ့တယ်လို့ ပြောကြတယ်... လူသတ်သမားက အမှန်တရားကို တမင်ဖုံးကွယ်ခဲ့တာ သိသာတယ်... နှစ်အနည်းငယ်အကြာက ကျောင်းမှာ နားမလည်နိုင်တဲ့ ပျောက်ဆုံးမှုတွေ ရှိခဲ့ပြီး ကျောင်းသားတွေက အဲဒါကို ကျိန်စာလို့ သတ်မှတ်ခဲ့ကြတယ်"


ရှောက်လုံသည် အံ့အားသင့်သွားပြီး အေးစက်မှုက သူ့ကျောရိုးတစ်လျှောက် ကျဆင်းသွားသည်။


ဟုတ်တယ်... ပျောက်ဆုံးမှုတွေပဲ...


သူသည် ထိုနေ့တွင် ကျောင်းသားများ၏ ရေးထားသော စာရွက်ကို ချက်ချင်းထုတ်ကာ ‘လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လူတွေ ပျောက်ဆုံးသွားတယ်’ဟု ရေးထားခဲ့သည်။


ရှောက်လုံသည် ယွီဟန်ကျန်း၏အကြည့်အတိုင်း မေပယ်တောအုပ်ဆီသို့ လှမ်းကြည့်လိုက်သည်။ 

"အဖွဲ့ခေါင်းဆောင်ယွီ... ပျောက်ဆုံးသွားတဲ့လူတွေကို မေပယ်တောအုပ်ထဲမှာ မြုပ်ထားတယ်လို့ ခင်ဗျားထင်လား"


ယွီဟန်ကျန်း၏ မျက်လုံးများသည် နက်ရှိုင်းသွားသည်။

"မေပယ်ရွက်တွေ အရမ်းနီနေတဲ့ အကြောင်းရင်းက သွေးတွေကို အရမ်းစုပ်ယူသွားလို့ပဲ"


ရှောက်လုံ: "..."


Hearts လျှို့ဝှက်အခန်းထဲသို့ လူနှစ်ဦးဝင်ရောက်လာသောအခါတွင် ၎င်းစာသားက လေးထောင့်ဘောင်ထဲတွင် ပေါ်လာသည့် နောက်ဆုံးအချက်ဖြစ်သည်။


လေအေးတိုက်ခတ်ပြီး လမ်းမီးများ လုံးဝပျက်သွားသည့် မေပယ်တောအုပ်ကြီး၏ ဧရိယာသည် အမှောင်ထု ဖုံးလွှမ်းသွားသည်။ မှောင်သောအရပ်မှ အလင်းရောင်ရှိသော အရပ်သို့ လေတိုက်၍ လွင့်ထွက်သွားသော မေပယ်ရွက် အနည်းငယ်ရှိသည်။ လမ်းမီးရောင်အောက်မှာ သွေးများစွန်းထင်းနေပုံရသည်။


ရှောက်လုံက ကြက်သီးမွေးညင်းထသွားသည်။


ညဉ့်နက်သန်းခေါင်ဖြစ်ခဲ့ပြီး ဒါက အလွန်ကြောက်စရာကောင်းသည်။ ကျောင်းသားများ၏ အနှစ်သက်ဆုံး မေပယ်တောအုပ်ထဲတွင် ရုပ်အလောင်းများကို မြုပ်နှံထားမည်ဟု သူ မထင်ထားခဲ့ပေ။


သို့သော်လည်း အဖွဲ့ခေါင်းဆောင်ယွီ၏ ခွဲခြမ်းစိတ်ဖြာမှုက အလွန်သင့်လျော်ပါသည်။


လျှို့ဝှက်ခန်းထဲသို့ ဝင်လာသောအခါ သတိပေးချက်ရှိ 'မေပယ်ရွက်များက သွေးများကို အလွန်စုပ်ယူခဲ့သည်' ဟူသော အချက်က ထိတ်လန့်စရာကောင်းသော လေထုကို ဖန်တီးရန်ခဲ့သည်။ ၎င်းက အရေးကြီးသော သဲလွန်စတစ်ခုအဖြစ် 'မေပယ်တောအုပ်' ကို တိုက်ရိုက်ညွှန်ပြခဲ့သည်။


ကျန်းချင်သည် လွန်ခဲ့သော သုံးနှစ်လောက်က ဘာကြောင့် တရုတ်နိုင်ငံကို ပြန်လာတာလဲ။ ဘာကြောင့် ဒီကျောင်းကို လာတာလဲ။ သူမက စစ်းဟန်၏အမှုကို စုံစမ်းချင်လို့ဖြစ်နိုင်သည်။


လွန်ခဲ့သည့် သုံးနှစ်အတွင်း ပျောက်ဆုံးသွားသော လူများ ဘယ်ရောက်သွားသနည်း။ ကျန်းချင်က သတ်လိုက်ပြီးနောက် သူတို့ကို မေပယ်တောအုပ်ထဲတွင် မြုပ်နှံထားနိုင်ဖွယ်ရှိသည်။


ဒီလိုသာဆိုရင် အဓိကအဖြစ်အပျက်မှာ ရင့်ရှောင်ယာ ပြုတ်ကျတာမဟုတ်ဘဲ စစ်းဟန်ပြုတ်ကျတာဖြစ်သည်။


ဒီလျှို့ဝှက်ခန်း၏ ဇာတ်ကွက်က— လက်စားချေခြင်းပဲ။


#TK