Chapter 31
Viewers 11k

Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း


Chapter 31 (3 of Hearts – သွေးစွန်းနေသောမေပယ်ရွက် ၁၂၊ အဓိကသဲလွန်စများ)


မနက်မိုးလင်းတော့ ဆရာရုံးခန်းမှာ လူများအများကြီးရှိလို့ စုံစမ်းဖို့ အဆင်မပြေဖြစ်သွားသည်။ နှစ်ယောက်သား အခွင့်အရေးကို စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့ကြသည်။


မကြာခင် နေ့လယ်ရောက်သွားသည်။


ရှောက်လုံနှင့် ယွီဟန်ကျန်းတို့က မုန့်ဆိုင်ဆီသို့ ဦးတည်သွားပြန်သည်။


မနေ့က သူတို့နှစ်ယောက်သည် ခေါက်ဆွဲခြောက်ကို ဆက်တိုက်စားခဲ့ပြီး ရှောက်လုံသည် အသင့်စားခေါက်ဆွဲကို မြင်လိုက်တာနဲ့ စားချင်စိတ်မရှိတော့ဘူး။ တစ်ချိန်တည်းမှာပဲ ယွီဟန်ကျန်းကတော့ အသင့်စားခေါက်ဆွဲခြောက်ဘူးများကိုသာ ယူသွားခဲ့သည်။


မုန့်ဆိုင်က သူဌေးသည် အခု သူတို့ကို သိနေပြီး စပ်စုကာ မေးသည်။

"ရှင်တို့နှစ်ယောက်က ဘာလို့ ခေါက်ဆွဲခြောက်ပဲ အမြဲစားနေရတာလဲ"


ရှောက်လုံက ခါးသက်သက် ပြုံးလိုက်သည်။ 

"ကျွန်တော်တို့နှစ်ယောက်စလုံးက တစ်ကိုယ်တည်းနေတာဆိုတော့ အိမ်နဲ့ အရမ်းဝေးတယ်... အပြင်လည်း ထွက်မစားချင်တော့ ခေါက်ဆွဲခြောက်နဲ့ ကျွန်တော်တို့ရဲ့ဆာလောင်မှုကို ဂရုစိုက်လိုက်တာ"


သူဌေးက ကြင်နာစွာ ပြောသည်။

"ရှင်တို့ အသင့်စားဟော့ပေါ့ စမ်းစားလို့ရတယ်... အဲဒါက ခေါက်ဆွဲခြောက်ကို နေ့တိုင်းစားတာထက် ပိုကောင်းတယ်မဟုတ်ဘူးလား"


ရှောက်လုံက မေးသည်။

"အဲဒီလိုမျိုးလည်း ရှိသေးတာလား"


သူဌေးက ဘူးတစ်ဘူးကို ထုတ်ကာ အပြုံးဖြင့် မိတ်ဆက်ပေးသည်။ 

"အပျင်းကြီးဟော့ပေါ့... အောက်ခြေကို အပူပေးနိုင်တဲ့ ဓာတုပစ္စည်းနဲ့ ပြုလုပ်ထားတာ... ရေထည့်ပြီးရင် အလိုအလျောက်ရေဆူပြီး ဟော့ပေါ့အမုန့်၊ ဟင်းသီးဟင်းရွက်နဲ့ အမဲသားရဲ့ အပေါ်အလွှာကို ပြုတ်သွားလိမ့်မယ်"


ရှောက်လုံသည် ဤအမြန်အစားအစာမျိုးကို စားခဲပြီး 'အပျင်းကြီးဟော့ပေါ့' ရှိကြောင်းကို မသိပါ။ ဆိုင်ရှင်ပြောတာကို ကြားတော့ သူ ရုတ်တရက် စိတ်ဝင်စားလာသည်။

"ဘယ်လောက်လဲ"


"ရွှေဒင်္ဂါး 1000 တန်နှစ်ပြား"


ယွီဟန်ကျန်းက မျှော်လင့်ချက်အပြည့်ဖြင့် ရှောက်လုံဆီသို့ လှည့်ကြည့်လိုက်သည်။


ရှောက်လုံသည် သူ့အိတ်ကပ်ထဲရှိ ရွှေဒင်္ဂါး 14 ပြားကို ထိလိုက်ပြီး အံကြိတ်လိုက်သည်။ 

"ဒါဆို နှစ်ဘူးဝယ်မယ်"


တတိယအကြိမ် အစားအသောက်မှာ ခေါက်ဆွဲခြောက်ကိုပဲ သူ တကယ်မစားချင်တော့ဘူး။


ဒါက ဒီလောက်ဈေးကြီးမယ်လို့ သူ မမျှော်လင့်ထားဘူး။ သူတို့တွင် ရွှေဒင်္ဂါး 17 ပြားရှိပြီး တစ်ရက်လျှင် နှစ်ခု သုံးခု အသုံးပြုမှုအရ ဤလျှို့ဝှက်ခန်းတွင် ငါးရက်သာ နေထိုင်နိုင်သည်။


ယခုအချိန်သည် ဒုတိယမြောက်နေ့ဖြစ်၍ မေပယ်တောအုပ်၏လျှို့ဝှက်ချက်ကို မဖြေရှင်းနိုင်သေးပေ။ ဖိနပ်ပိုင်ရှင်ကို ရှာမတွေ့သဖြင့် သူတို့ အမြန်လှုပ်ရှားရမည်။ မဟုတ်ရင် အမှုသည် နှေးကွေးသွားပါက သူတို့သည် ငတ်မွတ်သောအဆင့်မှာ ဖြေရှင်းရလိမ့်မည်။


သူတို့သည် ရေချိုးရန်နေရာမရှိဘဲ ခက်ခဲသောစင်္ကြံတွင်သာ အိပ်ရတာကို စကားထဲထည့်ပြောစရာပင် မလိုပေ...


ဒီအကြောင်းကို သူပိုတွေးလေ ပိုဝမ်းနည်းလာလေပါပဲ။ သို့တိုင် အိမ်မက်ဆိုးအခန်းထဲသို့ ပစ်ချခံရသော စိန်ခေါ်သူထက် သာပါသေးသည်။


ရှောက်လုံသည် ဟော့ပေါ့ဝယ်ပြီး မုန့်ကောင်တာကနေ ထွက်လာခဲ့သည်။ သူက ယွီဟန်ကျန်းကို ပြုံးပြလိုက်သည်။

"ဒီလိုကိုယ်တိုင်ချက်ဟော့ပေါ့ကို ကျွန်တော် တစ်ခါမှ မစားဖူးဘူး... ရုံးခန်းအဆောက်အဦးဆီပြန်သွားပြီး ရေနွေးသွားယူရအောင်... ရုံးတစ်ဝိုက်မှာ လျှောက်သွားဖို့ ကျွန်တော်အတွက် အကြောင်းပြချက်ရှိတာပေါ့"


ဖော်ပြချက်အပေါ် အခြေခံ၍ အောက်လွှာကို ဓာတုဗေဒပစ္စည်းများဖြင့် ပြုလုပ်ထားပြီး ရေအေးထည့်ခြင်းက အကောင်းဆုံးဖြစ်သည်။ မသန့်စင်ရသေးသော ရေများကိုလည်း အသုံးပြုနိုင်သည်။ သို့သော် အပေါ်လွှာသည် အစားအစာချက်ပြုတ်ရန်အတွက်ဖြစ်သည်။ စားချင်ရင် ရေနွေး ဒါမှမဟုတ် ရေသန့်သန့်လေး ထည့်ပေးရမည်။


ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် တတိယထပ်သို့ ဟော့ပေါ့နှင့်အတူ လမ်းခွဲသွားကြသည်။


နေ့ခင်းဘက် ရုံးခန်းများမှာ လူအနည်းဆုံး ရှိသည်။ ဝန်ထမ်းတချို့က ဗလာကျင်နေပြီး တံခါးသော့ခတ်ထားခြင်းမရှိပေ။


ယွီဟန်ကျန်းသည် ဘာသာစကားရုံးခန်းသို့ ဦးစွာသွား၍ ထိုနေ့တွင် ကြားဖြတ်နှောင့်ယှက်ခဲ့သော အမျိုးသမီးဆရာမ၏ အတန်းချိန်ဇယားကို ရှာတွေ့ခဲ့သည်။ လင်မျိုးရိုးအမည်ရှိ အမျိုးသမီးဆရာမသည် တတိယတန်း၏ အတန်း 4 နှင့် 5 တွင် အတန်းများရှိခဲ့သည်။ မနေ့က လေးချိန်မြောက်မှာ အတန်းမရှိခဲ့ဘူး။


ဇီဝဗေဒရုံးခန်းကို သွားသောအခါ အိမ်စာတွေ ကောက်နေသော အမျိုးသမီးဆရာမတစ်ယောက် ရှိသည်။ ယွီဟန်ကျန်း၏ မျက်လုံးများသည် ရုံးခန်းအတွင်းရှိ စားပွဲခုံများပေါ်ကို လျင်မြန်စွာ ကြည့်လိုက်ရာ အတန်း 3 ဆရာမ၏ စားပွဲခုံကို တွေ့လိုက်ရသည်။


ရုံးခန်းထဲမှာ ရှိနေသော ဆရာမက သူ့ကို အံ့သြသည့် အမူအရာနဲ့ ကြည့်နေသည်။

"ရှင်က..."


"ကျွန်တော်က အထက်တန်းပြဆရာပါ... ရေနွေးလေးယူလို့ရမလား... ဟော့ပေါ့ပြုတ်ချင်လို့"


တစ်ဖက်လူက ပြုံးလိုက်သည်။

"ရပါတယ်... ရေသန့်စက်က ဟိုမှာရှိတယ်... ကိုယ်တိုင်ယူလိုက်ပါ"


ယွီဟန်ကျန်းသည် ကျေးဇူးတင်ပါတယ်လို့ ပြောပြီး ဟော့ပေါ့ထဲကို ရေလောင်းပြီး လှည့်ထွက်ခဲ့သည်။


ရှောက်လုံသည် ရူပဗေဒနှင့် အင်္ဂလိပ်ရုံးခန်းကို စစ်ဆေးခဲ့သည်။ သူကလည်း ရေနွေးတောင်းသည့် အကြောင်းအရင်းကို သုံးခဲ့သည်။ ဟော့ပေါ့ပြုတ်ပြီးနောက် ရုံးခန်းထဲက ဆရာမနဲ့ စကားစမြည်ပြောပြီး လှည့်ထွက်လာခဲ့သည်။


လူနှစ်ဦးသည် ပြုတ်ထားသော ဟော့ပေါ့ကို ယူကာ ဟော့ပေါ့ပြုတ်နေစဉ်တွင် ထိုင်ပြီး သတင်းဖလှယ်ရန် နေရာတစ်ခုကို ရှာဖွေခဲ့သည်။


ရှောက်လုံက ပါးစပ်ဖွင့်လိုက်သည်။

"မနေ့က လေးချိန်မြောက်မှာ ရူပဗေဒဆရာမနဲ့ အင်္ဂလိပ်ဆရာမက အတန်းချိန်မရှိဘူး"


ယွီဟန်ကျန်းက သူ့ကိုပြောသည်။

"ကိုယ်စစ်ဆေးတဲ့ နှစ်ယောက်စလုံးကလည်း တစ်မနက်လုံး အတန်းမရှိဘူး"


"တစ်နည်းအားဖြင့်ပြောရရင် မနေ့က အခင်းဖြစ်ပွားတဲ့ လေးချိန်မြောက်မှာ အမျိုးသမီးဆရာမအားလုံးက အားလပ်နေပြီး ပြစ်မှုကျူးလွန်ဖြို အချိန်အလုံအလောက်ရှိတယ်"


ပထမအတန်းချိန်မှာ အင်္ဂလိပ်ဖြစ်ပြီး ဆရာမက ရင့်ရှောင်ယာကို ဆူပူကြိမ်းမောင်းကာ အနောက်မှာ မတ်တတ်ရပ်ခိုင်းခဲ့သည်။ ရူပဗေဒဆရာမလည်း ရင့်ရှောင်ယာကို စာမေးပွဲရလဒ်က ညံ့တယ်လို့ ပြစ်တင်ကြိမ်းမောင်းခဲ့သည်။


ဇီဝဗေဒဆရာမသည် မနေ့မနက်က အတန်းမရှိသဖြင့် တိုက်ရိုက်မပေါ်လာခဲ့တာကြောင့် ရင့်ရှောင်ယာနဲ့ ပဋိပက္ခ မဖြစ်သင့်ဘူး။ မတူညီသောအတန်းမှ ဘာသာစကားဆရာမကတော့ သူမသည် ဘာသာစကားရုံးခန်းထဲသို့ဝင်ကာ အတန်းပိုင်ဆရာနှင့် ရင့်ရှောင်ယာအကြားစကားပြောခြင်းကို ဖြတ်လိုက်တာကြောင့် ဒါက သံသယဖြစ်စရာပဲ။


ဤလူလေးဦးသည် ပြစ်မှုကျူးလွန်ရန် အချိန်ရှိပြီး ဆိုဒ် 37 ဖိနပ်များကို ဝတ်ဆင်နိုင်သည့် အသက် 30 အောက် ကျောင်းဆရာမများ ဖြစ်ကြသည်။ ထို့အပြင် သူတို့၏ သင်ကြားရေးစွမ်းရည်က ကောင်းမွန်ရမည် သို့မဟုတ်ပါက ကျောင်းက သူတို့အား တတိယတန်း အတန်းများကို လွယ်လွယ်ကူကူ သင်ခိုင်းမည်မဟုတ်ပေ။


ရှောက်လုံက မျက်မှောင်ကြုတ်ကာ မေးသည်။

"ဒီလူလေးယောက်က လွန်ခဲ့တဲ့ ငါးနှစ်က ပြုတ်ကျမှုနဲ့ ပတ်သက်နေမလား"


ယွီဟန်ကျန်းက ခေါင်းငြိမ့်လိုက်သည်။ 

"လွန်ခဲ့တဲ့ ငါးနှစ်လောက်က ပြုတ်ကျမှုနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်က ဆက်စပ်နေတယ်ဆိုရင် သူမက လူသတ်သမား ဖြစ်နိုင်တယ်"


"အတန်းတွေကို စစ်ဆေးကြည့်တော့ အတန်း 3 ရဲ့ ရူပဗေဒဆရာမမှာ မျိုးရိုးအမည် ‘စစ်း’ ပါတာကို တွေ့တယ်... သူမနာမည်က စစ်းချီပဲ... လွန်ခဲ့တဲ့ ငါးနှစ်လောက်က ပြုတ်ကျခဲ့တဲ့ စစ်းဟန်နဲ့ သွေးသားတော်စပ်မှုဆက်ဆံရေး ရှိကောင်းရှိနိုင်မလား"


ယွီဟန်ကျန်းက ပြန်ပြောသည်။

"မျိုးရိုးနာမည်က ပုံမှန်မဟုတ်ပေမဲ့ နာမည်တစ်ခုတည်းကိုပဲ အခြေခံပြီး ဆုံးဖြတ်လို့မရဘူး"


ရှောက်လုံက သဘောတူသည်။

"ဟုတ်တယ်... ကျွန်တော်တို့ အခြားသက်သေတွေ ရှာရမယ်"


ထိုအချိန်တွင် ဟော့ပေါ့မှ ရေနွေးငွေ့များ ထွက်လာပြီး ပြုတ်လို့ပြီးခါနီးပြီဟု ခန့်မှန်းရသည်။ ယွီဟန်ကျန်းက ပြောလိုက်သည်။

"အရင်စားရအောင်"


လူနှစ်ယောက်က အဖုံးကိုဖွင့်ပြီး ရိုးရိုးဟော့ပေါ့ကို စားဖို့ တစ်ခါသုံးတူချောင်းများ ထုတ်လိုက်သည်။


အစပ်ဟော့ပေါ့သည် အရသာခံများကို နှိုးဆွပေးပြီး ရှောက်လုံသည် သူ၏ဗိုက်ကို နောက်ဆုံးတွင် အသက်ရှင်နေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ သူသည် ခေါင်းငုံ့ပြီး ခေါက်ဆွဲခြောက်များကို လေးလေးနက်နက် စားနေသည်။ ယွီဟန်ကျန်းက ဒါကိုမြင်ပြီး သူ့မျက်လုံးများ နူးညံ့လာသည်။ သူက တိုးတိုးပြောသည်။

"မင်းက အသင့်စားခေါက်ဆွဲခြောက်ကို မုန်းလား"


ရှောက်လုံက မဆိုင်းမတွ ခေါင်းငြိမ့်လိုက်သည်။ 

"ကျွန်တော် တက္ကသိုလ်တက်တုန်းက ရထားနဲ့ အိမ်ပြန်လေ့ရှိပြီး ရထားပေါ်မှာ အမဲသားခေါက်ဆွဲနံ့က တကယ်ကို ပျံ့နှံ့နေတာ... နောက်တော့ အနံ့ရတာနဲ့တင် ကျွန်တော်မစားချင်တော့ဘူး"


ယွီဟန်ကျန်းသည် မနေ့က အမဲသားပြုတ်ခေါက်ဆွဲနှစ်ဘူးကို သတိရမိသည်... ပရော်ဖက်ဆာရှောက်ကို အမှားလုပ်လိုက်မိပြီဟု သူခံစားလိုက်ရသည်။


သူက သက်ပြင်းချလိုက်ပြီး "နောင်အခါ ကိုယ် ပိုက်ဆံပိုရှာနိုင်ရင် မင်းကို ထမင်းကောင်းကောင်းကျွေးမယ်... ကိုယ်မင်းကို ထမင်းတစ်နပ် အကျွေးတင်နေသေးတယ်"


ရှောက်လုံက ပြုံးလိုက်သည်။ 

"အင်း... ဒါဆို ပင်လယ်စာ ညစာစားမယ်"


ဒီထူးဆန်းသောကမ္ဘာမှာ ဘယ်အချိန်က ဖယ်ရှားခံရမယ်ဆိုတာ မသိဘူး။ အဖွဲ့ခေါင်းဆောင်ယွီနှင့် စားသောက်မယ်ဆိုတာက သဘောတူညီချက် တစ်မျိုးသာဖြစ်သည်။ သူတို့အသက်ရှင်ပြီး အပိုငွေရှာနိုင်ရင် နောက်လျှို့ဝှက်ခန်းမှာ ထမင်းကောင်းကောင်းစားနိုင်ပါ့မလား။


ဒါတောင် သူက သိပ်ပြီး မမျှော်လင့်ထားဘူး။ Hearts လျှို့ဝှက်ခန်းတွင် ကိုယ်တိုင်ချက်ပြုတ်ထားသော ဟော့ပေါ့ကို သူဝယ်နိုင်ခဲ့တာက ကောင်းမွန်နေပါပြီ။


သူတို့သည် Spades လျှို့ဝှက်ခန်း၏ တောအုပ်ထဲပစ်ချခံရပြီး အစာမကျွေးဘူးဆိုရင်တော့ သူတို့တွေ ပိုပြီး သနားစရာ ကောင်းပါလိမ့်မည်။


ထမင်းစားပြီးတာနဲ့ လူနှစ်ယောက်က ထပြီး ကျောင်းဆောင်ကို ပြန်သွားကြသည်။


နေ့ခင်းဘက်တွင် သဲလွန်စအသစ်မရှိပေ။ ရဲများသည် ဆရာမချင်ကို ခေါ်ဆောင်သွားပြီး ကျောင်းသို့ ပြန်ပို့ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ ဆရာမချင်အား ရဲစခန်းတွင် အသေးစိတ် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်မည်ဖြစ်သည်။ ဒီအမြင်ကနေ သဲလွန်စအသစ်များကို မနက်ဖြန်အထိ စောင့်ရပါလိမ့်မည်။


ဒါတွေအားလုံးက C အဆင့်လျှို့ဝှက်ခန်းပါ။ သဲလွန်စများက များပြားနေရင် စိန်ခေါ်သူများ၏ ဦးနှောက်များ ပေါက်ကွဲသွားလိမ့်မည်။


ပထမနေ့တွင် ရင့်ရှောင်ယာသည် အဆောက်အဦးမှ ပြုတ်ကျခဲ့ပြီး ရဲများ လာရောက်စုံစမ်းခဲ့သည်။ ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းမှုများအပေါ် အခြေခံ၍ စိန်ခေါ်သူများက ပဏာမကျိုးကြောင်းဆင်ခြင်မှုပြုလုပ်ရန် လိုအပ်ပါသည်။


နောက်တစ်နေ့တွင် ရဲများသည် ဓာတုဗေဒဆရာမကို ခေါ်ဆောင်သွားကာ ရင့်ရှောင်ယာက အဆိပ်သင့်ခဲ့ပြီး အဆိပ်၏ရင်းမြစ်မှာ ယွီဟွေးဆီမှဖြစ်ကြောင်း စိန်ခေါ်သူများကို ပြောပြခဲ့သည်။ ဤအချက်အလက်ပမာဏသည် ကြီးမားပြီး စုံစမ်းစစ်ဆေးမှုများကို ခွဲခြမ်းစိတ်ဖြာရန် စိန်ခေါ်သူများအတွက် အချိန်ပိုလိုအပ်ပါသည်။


စိန်ခေါ်သူအများစုသည် ဒုတိယနေ့တွင် ရင့်ရှောင်ယာ အဆိပ်ခတ်ခံရကြောင်းသိပြီးနောက် တံခါးသော့ပျက်စီးသွားကြောင်း စစ်ဆေးရန် ဓာတုဗေဒဓာတ်ခွဲခန်းသို့ သွားကြသည်။


သူ့ကျွမ်းကျင်သောအလုပ်ကြောင့် ရှောက်လုံသည် ရင့်ရှောင်ယာ အဆိပ်သင့်တာကို ပထမနေ့တွင် မြင်လိုက်ရသည်။ သူတို့နှစ်ဦးသည် ပထမညတွင် စုံစမ်းရန် ရှူးရှန်းအဆောက်အဦးထဲသို့ ခိုးဝင်ခဲ့ပြီး ဓာတ်ခွဲခန်း၏ လျှို့ဝှက်ချက်များကို ကြိုတင်သိရှိခဲ့သည်။ သူတို့သည် ဓာတုဗေဒဆရာမကို သံသယရှိသူကနေ တိုက်ရိုက်ဖယ်ထုတ်ခဲ့သည်။ ထို့အပြင် 'ကျိန်စာ'သည် လွန်ခဲ့သော ငါးနှစ်က အဆောက်အဦးမှ ပြုတ်ကျခြင်းနှင့် ဆက်စပ်နေသည်ဟု သူတို့နှစ်ဦးက ကျိုးကြောင်းဆင်ခြင်ခဲ့သည်။ လွန်ခဲ့သည့်ငါးနှစ်ခန့်က သေဆုံးသွားသော ကျောင်းသူသည် စစ်းဟန်ဖြစ်ကြောင်း ကျောင်းစာကြည့်တိုက်များတွင် ရှာဖွေတွေ့ရှိခဲ့သည်။


သူတို့နှစ်ဦးသည် သူတို့၏ကျွမ်းကျင်သောအလုပ်များကို အပြည့်အဝအခွင့်ကောင်းယူကာ သူတို့၏ စုံစမ်းစစ်ဆေးမှုများကို ရဲများထက်ခြေတစ်လှမ်းတိုးကာ အမြဲလုပ်ဆောင်ခဲ့သည်။


ဒုတိယနေ့တွင် ရဲများရောက်လာသည်နှင့် ယွီဟန်ကျန်းသည် အဓိက သက်သေ—ဖိနပ်—ကို တွေ့ရှိခဲ့သည်။


ဖိနပ်များကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် သံသယရှိသူ အမျိုးသမီး လေးဦးကို ရှာဖွေတွေ့ရှိခဲ့သည်။


အတန်း 3 မှ အင်္ဂလိပ်စာ၊ ဇီဝဗေဒနှင့် ရူပဗေဒ ဆရာမနှင့် အခြားအတန်း၏ ဘာသာစကား ဆရာမသည် စကားပြောနေတာကို ကြားဖြတ်နှောင့်ယှက်ရန် ရုံးခန်းထဲသို့ ဝင်သွားခဲ့သည်။


လူလေးဦးစလုံးသည် ပြစ်မှုကျူးလွန်ရန် အချိန်ရှိကြပြီး ဆိုဒ် 37 ဖိနပ်ကို ဝတ်ဆင်နိုင်သည်။ သူတို့သည် အတန်းကို သင်ကြားသော ဆရာမများဖြစ်သလို အခြားအတန်းက ဆရာမအနေဖြင့် ရင့်ရှောင်ယာကို ခေါင်မိုးပေါ်သို့ ခေါ်ဆောင်ကာ ရင့်ရှောင်ယာကို တွန်းချရန် မိုက်မဲသော အကြောင်းပြချက်ကို ရှာဖွေနိုင်သည်။


သူတို့အားလုံးသည် ရင့်ရှောင်ယာ၏အိမ်စာများရယူပြီး သူမ၏လက်ရေးများကို အတုလုပ်ရန် အခွင့်အရေးရှိသည်။


သံသယရှိသူများကို ဘောင်ခတ်ခြင်းသည် အမှု၏တိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်စေပါသည်။ ကျန်တာကတော့ ဒီအမျိုးသမီးလေးဦးနဲ့ လွန်ခဲ့သည့်ငါးနှစ်က သေဆုံးသူနဲ့ ဆက်စပ်မှုကို ရှာဖွေဖို့ပဲကျန်တော့သည်။ ရှဲ့ရှင်းဟယ်၏ မွန်တီခရစ်တိုမြို့စားစာအုပ်ကလည်း ဆက်စပ်မှုရှိခဲ့သည်။


ယွီဟန်ကျန်းက အကြံပြုသည်။

"ဒီညတော့ သူတို့ရဲ့ အံဆွဲတွေကို စစ်ဆေးဖို့ ရုံးခန်းကို သွားကြမယ်... ကိုယ်တို့ တစ်ခုခုကို သေချာပေါက် ရှာတွေ့လိမ့်မယ်"


2 of Hearts ၏ လျှို့ဝှက်ခန်းတွင် အရေးကြီးသောသဲလွန်စက စာကြည့်ခန်း၏ မီးခံသေတ္တာဖြစ်သည်။ 3 of Hearts လျှို့ဝှက်အခန်းအတွက် သံသယရှိသူများ၏ အံဆွဲများတွင် ဘာမှမရှိဘူးဆိုတာ မဖြစ်နိုင်ဘူး။


ရှောက်လုံက အဖွဲ့ခေါင်းဆောင်ယွီကို ထိတ်လန့်စွာ ကြည့်နေသည်။

"ခင်ဗျား သော့ဖွင့်ချင်လား"


ယွီဟန်ကျန်းက ခေါင်းငြိမ့်လိုက်သည်။

"သဲလွန်စမကျန်အောင် ဝိုင်ယာကြိုးနဲ့ ကိုယ်သော့ဖွင့်လိုက်မယ်"


ယွီဟန်ကျန်းသည် ရှူးရှန်းအဆောက်အဦး၏သော့ကို တိုက်ရိုက်ဖွင့်လိုက်သော မနက်ခင်းကို တွေးရင်း ရှောက်လုံက သူ့စိုးရိမ်မှုများ လွတ်ချလိုက်သည်။

"ကောင်းပြီ..."


သို့သော် ဆရာများ၏ ရုံးခန်းများသည် ဟန်ကျီးအဆောက်အဦးတွင် ရှိနေသည်။ ဤနေရာသည် လုံခြုံရေးအခန်းနှင့် ကျောင်း၏ စောင့်ကြည့်ရေးဌာန၏ တည်နေရာဖြစ်သည်။ လုံခြုံရေးအစောင့်များ၏ မျက်စိအောက်မှာ ရုံးခန်းထဲကို ခိုးဝင်ဖို့က မလွယ်ဘူး။


အနည်းဆုံးတော့ လုံခြုံရေးအစောင့်များက မှောင်လာပြီးမှ လှည့်ပတ်သွားကြသည်။


မနေ့ညက ရှူးရှန်းအဆောက်အဦးမှာ တစ်ခုခုမှားယွင်းနေခဲ့ပြီဖြစ်ပြီး လုံခြုံရေးအစောင့်က ဒီညမှာ သေချာပြန်စစ်လိမ့်မည်။ 


ယွီဟန်ကျန်းက အံ့သြစရာကောင်းသော နည်းလမ်းကို တွေးခဲ့သည်။ မှောင်သွားသည်နှင့် သူသည် ရှူးရှန်းအဆောက်အဦးဆီသို့ အမြန်သွားကာ ပဉ္စမထပ်၏ ထောင့်တစ်နေရာတွင် ဓာတ်မီးကို ချထားပြီး မီးဖွင့်လိုက်သည်။


လုံခြုံရေးအစောင့်များသည် ရှူးရှန်းအဆောက်အဦးတွင် မီးလင်းနေတာကို တွေ့ရှိခဲ့ပြီး တာဝန်ကျအစောင့်နှစ်ဦးသည် ချက်ချင်းစစ်ဆေးရန် ပြေးသွားကြသည်။ ကျားကို တောင်ပေါ်ကနေ မျှားခေါ်ခဲ့သည်။


ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် ဟန်ကျီးအဆောက်အဦးထဲသို့ ခိုးဝင်ရန် အချိန်များစွာရှိခဲ့သည်။


လူနှစ်ဦးသည် အလွန်လျင်မြန်သော အရှိန်ဖြင့် တတိယထပ်သို့ ပြေးသွားပြီး ပထမဆုံး ဘာသာစကားရုံးခန်းတံခါးကို ဖွင့်ရန် ဝါယာကြိုးကို အသုံးပြုခဲ့သည်။


အတန်းဆရာနှင့် ရင့်ရှောင်ယာတို့ စကားပြောနေတာကို နှောင့်ယှက်ခဲ့သည့် ဆရာမမှာ လင်မျိုးရိုးအမည်ရှိပြီး သူမ၏ စားပွဲအံဆွဲတွင် ဓာတ်ပုံတစ်ပုံပါရှိသည်။ ဓာတ်ပုံမှာ ဒုတိယတန်း အတန်း 7 ဆိုပြီးပါရှိကာ ဆရာမနှင့် အတန်းဖော်များက အုပ်စုလိုက် ဓာတ်ပုံရိုက်ထားကြသည်။


ယွီဟန်ကျန်းသည် ဓာတ်ပုံထဲတွင် ရင့်ရှောင်ယာနှင့် ရှဲ့ရှင်းဟယ်တို့ကို တွေ့လိုက်ရသည်။


ရှောက်လုံလည်း ၎င်းကိုတွေ့ရှိခဲ့ပြီး ဓာတ်ပုံထဲက လူနှစ်ယောက်ကို ညွှန်ပြခဲ့သည်။ 

"အရင်တုန်းက ရင့်ရှောင်ယာနဲ့ ရှဲ့ရှင်းဟယ်တို့က အတန်းဖော်တွေဖြစ်ပုံရတယ်... ဒီဆရာမက သူတို့ရဲ့ ဘာသာစကားဆရာမဖြစ်ခဲ့တယ်... ဒုတိယတန်းပြီးတော့ ဘာသာစကားသင်ကြားဖို့ လက်ရှိ အတန်းပိုင်ဆရာဆီ ပြောင်းသွားတာလား"


ယွီဟန်ကျန်းက ခေါင်းငြိမ့်လိုက်သည်။

"ဒီဆရာမလင်ရဲ့ သံသယက အရမ်းကြီးတယ်... သူမက ရင့်ရှောင်ယာကို ဘာသာစကားသင်ကြားပေးပြီး ရင့်ရှောင်ယာရေးတဲ့ စာတွေရှိလိမ့်မယ်... သေကြောင်းကြံစည်မှုမှတ်စုကို ကူးယူပြီး အတုလုပ်ဖို့ အရမ်းရိုးရှင်းတယ်... အဲဒီနောက် သူမက ရုံးခန်းထဲဝင်သွားပြီး နှောင့်ယှက်လိုက်တဲ့အခါ ရင့်ရှောင်ယာရဲ့မျက်နှာက သရဲတစ္ဆေမြင်သွားသလို ရုပ်ဆိုးသွားတယ်"


သေသေချာချာ တွေးကြည့်တော့ ဒါက အမှန်ပဲ။ ရင့်ရှောင်ယာသည် သူမ၏စွမ်းဆောင်ရည် ကျဆင်းရခြင်း အကြောင်းအရင်းကို ပြောပြတော့မှာ ဖြစ်ပေမဲ့ ဘာသာစကားဆရာမက ဝင်လာခဲ့သည်။ ရင့်ရှောင်ယာ၏ မျက်နှာမှာ ဖြူဖျော့နေပြီး သူမ ချက်ချင်း စကားမပြောတော့ဘူး။ အတန်းပိုင်ဆရာက ထပ်မမေးတော့ဘဲ သူမကို အရင်ပြန်ခိုင်းလိုက်သည်။


ထိုအချိန်တွင် အတန်းပိုင်ဆရာက “ဒီမိန်းကလေးကို ချစ်ကြိုက်ပြီး သူမရဲ့ စွမ်းဆောင်ရည် ကျဆင်းသွားပါတယ်” လို့ ပြောခဲ့သည်။ ဆရာမက စကားအနည်းငယ်ပြောပြီး သဘောတူလိုက်ကာ ရင့်ရှောင်ယာ၏ မိသားစုအခြေအနေကို ရှင်းရှင်းလင်းလင်း မသိခဲ့ပေ။ သေကြောင်းကြံစည်မှုမှတ်စုအတုတွင် သူမ၏မိဘများကို တောင်းပန်ခြင်း၏ ဟာကွက်က အဓိပ္ပာယ်ရှိသည်။


သူမသည် ရုံးခန်းတံခါးကို တွန်းဖွင့်ပြီး အတန်းပိုင်ဆရာ၏ မေးခွန်းကို နှောင့်ယှက်လိုက်တာက တိုက်ဆိုင်မှုပဲလား။


ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် ဆရာလင်၏ စားပွဲကို လျင်မြန်စွာ ရှာဖွေခဲ့ရာ ရင့်ရှောင်ယာနှင့် ရှဲ့ရှင်းဟယ်တို့၏ စာများကို အောက်ဘက်အံဆွဲတွင် တွေ့ရှိခဲ့သည်။


ဒီရှာဖွေတွေ့ရှိမှုက ရှောက်လုံကို ထိတ်လန့်စေခဲ့သည်။

"ရင့်ရှောင်ယာနဲ့ ရှဲ့ရှင်းဟယ်တို့က လွန်ခဲ့တဲ့ 2 နှစ်က သူမ သင်ကြားခဲ့တဲ့ ကျောင်းသားတွေပဲ... သူမက ဘာလို့ ဒီလူတွေရဲ့ စာတွေကို သိမ်းထားသေးတာလဲ"


ယွီဟန်ကျန်းက မျက်မှောင်ကြုတ်လိုက်သည်။

"သက်သေတွေ ညွှန်ပြနေတဲ့ ဦးတည်ချက်က တော်တော်လေး ရှင်းတယ်... ဆက်ကြည့်ရအောင်"


ဓာတ်ပုံနဲ့ စာများကလွဲလို့ အခြားဘာမှ ရှာမတွေ့ဘူး။


လူနှစ်ယောက်သည် ၎င်းဘေးနားရှိ အတန်းပိုင်ဆရာ၏ စားပွဲကို လိုက်ရှာသည်။


အတန်းပိုင်ဆရာ၏အံဆွဲတွင် စာမေးပွဲတစ်ခုစီအတွက် မှတ်တမ်းမှတ်ရာများ၊ အိမ်သုံးပစ္စည်းများ၊ သင်ခန်းစာသုံးပစ္စည်းများနှင့် ဘာသာစကားလုပ်ငန်းသုံးစာအုပ်များဖြင့် ပြည့်နေပါသည်။ အတန်းပိုင်ဆရာသည် အမှန်တကယ် တာဝန်သိသော ဆရာတစ်ဦးဖြစ်သည်မှာ သံသယမရှိပေ။


သူတို့နှစ်ဦးသည် ဘာသာစကားရုံးခန်းမှ ထွက်ခွာပြီး ဇီဝဗေဒဆရာမကို ဆက်လက်ရှာဖွေခဲ့သည်။


အံဆွဲထဲတွင် အပင်နမူနာများမှလွဲ၍ ဇီဝဗေဒဆရာမ၏ စားပွဲတွင် သိသာထင်ရှားသော မူမမှန်မှု မရှိခဲ့ပါ။


ရူပဗေဒဆရာမ၏အမည်မှာ စစ်းချီဖြစ်ပြီး သူမသည် လွန်ခဲ့သောငါးနှစ်က အဆောက်အဦးမှ ပြုတ်ကျခဲ့သော စစ်းဟန်နှင့် တူညီသော မျိုးရိုးအမည်ရှိသည်။ ရှောက်လုံသည် သူမ၏ စားပွဲပေါ်ကို အာရုံစိုက်ချင်သော်လည်း မျိုးမျိုးသောမေးခွန်းအစုံများ၊ ရူပဗေဒစာရွက်များနှင့် ပုံနှိပ်စာအုပ်များစွာကိုသာ ရှာတွေ့သည့်အတွက် စိတ်ပျက်သွားခဲ့သည်။ အခြားဘာမှ မရှိဘူး။


နောက်ဆုံးတွင် သူတို့နှစ်ဦးက အင်္ဂလိပ်ရုံးခန်းကို ရှာဖွေခဲ့သည်။


အင်္ဂလိပ်စာဆရာမ၏ စားပွဲတွင် ချစ်စရာအပင်များ၊ အင်္ဂလိပ်အင်္ဂလိပ်အဘိဓာန်ထူထူနှင့် ဖိုင်တွဲတချို့ပါရှိသည်။ အံဆွဲတစ်ခုတွင် အင်္ဂလိပ်စာမေးပွဲစာရွက်ပါရှိပြီး ကျန်အံဆွဲတွင် ပြန်လည်သုံးသပ်ရေးပစ္စည်းများပါရှိသည်။


အောက်ဆုံးအံဆွဲကို သော့ခတ်ထားပြီး ယွီဟန်ကျန်းက ၎င်းကို ဝိုင်ယာကြိုးဖြင့်ဖွင့်လိုက်သည်။ သော့ခတ်ထားသော အံဆွဲထဲတွင် အလွန်ထူထဲသော စာအုပ်တစ်အုပ်သာ ပါရှိသည်ကို သူတို့ တွေ့ရှိခဲ့သည်။ ဒီစာအုပ်က နည်းနည်းဟောင်းနေပြီး စာမျက်နှာတွေက အဝါရောင်ဖြစ်နေကာ အကြိမ်များစွာ လှန်ဖတ်ထားနိုင်ပြီး စာအုပ်၏ မျက်နှာဖုံးတွင် ဖော်ပြထားတာက—— “မွန်တီခရစ်တိုမြို့စား”(Le Comte de Monte-Cristo)


စာရေးဆရာ: အလက်ဇန်းဒရေ ဒူမာ။


ယွီဟန်ကျန်းသည် နားမလည်သဖြင့် ရှောက်လုံကို လှည့်ကြည့်လိုက်ပြီး ရှောက်လုံက အလွန်ဖြူဖပ်ဖြူရော် ဖြစ်နေတာကို တွေ့လိုက်ရသည်။


TK: စာအုပ်က ပြင်သစ်လိုရေးထားတာဖြစ်လို့ ယွီဟန်ကျန်းက နားမလည်တာဖြစ်ပါတယ်။


ရှောက်လုံသည် ယွီဟန်ကျန်း မေးတာကို စောင့်မနေတော့ဘဲ တုန်ယင်သောနှုတ်ခမ်းများဖြင့် ပြောလိုက်သည်။

"ဒါက မွန်တီခရစ်တိုမြို့စားဖြစ်ပြီး ပြင်သစ်လို မူရင်းစာအုပ်ပဲ"


ယွီဟန်ကျန်း၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။

"ပြင်သစ်စာအုပ်လား... ဟုတ်သား... သူမက အင်္ဂလိပ်ဆရာမဖြစ်ပြီး နိုင်ငံခြားဘာသာစကားကျောင်းမှာ ကျောင်းသားတွေက ဒုတိယဘာသာစကားကို သင်ယူဖို့ လိုအပ်တယ်... သူမရဲ့ဒုတိယဘာသာစကားက ပြင်သစ်ဖြစ်နိုင်တာကြောင့် မူရင်းစာအုပ်ကို တိုက်ရိုက်ဖတ်နိုင်မှာပေါ့"


မွန်တီခရစ်တိုမြို့စားသည် 19 ရာစုက ပြင်သစ်ဇာတ်လမ်းဖြစ်ပြီး နာမည်ကျော်ကြားသော ပြင်သစ်စာရေးဆရာ အလက်ဇန်းဒရေ ဒူမာမှ ရေးသားခဲ့သည်။


အဖွဲ့ခေါင်းဆောင်ယွီ မှန်းဆထားသည့်အတိုင်း အင်္ဂလိပ်ဘာသာစကားကို သင်ယူသူများဟာ ယေဘူယျအားဖြင့် ဒုတိယဘာသာစကားကို သင်ယူဖို့လိုအပ်ပါသည်။ ပြင်သစ်သည် လူကြိုက်အများဆုံးရွေးချယ်မှုတစ်ခုဖြစ်ပြီး အင်္ဂလိပ်ဘာသာရပ်အများစုက ပြင်သစ်ကိုရွေးချယ်ကြသည်။


ကမ္ဘာကျော်စာအုပ်တစ်အုပ်အနေဖြင့် မွန်တီခရစ်တိုမြို့စားကို ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုခဲ့သည်။ တရုတ်ဗားရှင်းသည် ဝယ်ရလွယ်ကူပြီး စာဖတ်သူများအတွက် ရွေးချယ်ရန် ထုတ်ဝေရေးအိမ်မှ ဗားရှင်းများစွာရှိခဲ့သည်။


သို့ပေမဲ့ မူရင်း ပြင်သစ်စာအုပ်ကို ဝယ်ရတာ မလွယ်ကူဘူး။ အများအားဖြင့် နာမည်ကြီးစာအုပ်များကို ဖတ်ရတာ နှစ်သက်သည့်သူများက ဘာသာပြန်ဗားရှင်းကို ဖတ်ကြသည်။ မူရင်းစာအုပ်ဝယ်ဖို့ ဘယ်သူက စျေးကြီးပေးမှာလဲ။


ဤစာအုပ်ကို အထူးနှစ်သက်ပါက မူရင်းစာအုပ်ကို စုဆောင်းဝယ်ယူနိုင်မည်ဖြစ်သည်။


ရှောက်လုံသည် သေချာစွာဖတ်ဖူးသော စာအုပ်ဟောင်းကို ကြည့်ကာ ဦးရေပြားပေါ်ရှိ ဆံပင်များ ထောင်လာသလို ခံစားလိုက်ရသည်။


ဒီဆရာမ၏အံဆွဲထဲတွင် မွန်တီခရစ်တိုမြို့စားစာအုပ်ရှိနေပြီး ၎င်းသည် ပြင်သစ်စာအုပ်မူရင်းဖြစ်ကာ ဤဇာတ်လမ်းကို သူမနှစ်သက်ကြောင်း ညွှန်ပြနေသည်။


ဒီစာအုပ်ရဲ့ ဆောင်ပုဒ်က လက်စားချေခြင်းပဲ... သူမဟာ လက်စားချေသူလား...


ပထမအချိန်တွင် အင်္ဂလိပ်ဆရာမသည် ရင့်ရှောင်ယာကို အတန်းရှေ့မှာ အော်ငေါက်ပြီး ရင့်ရှောင်ယာကို အနောက်မှာ ရပ်ခိုင်းခဲ့သည်။ ရင့်ရှောင်ယာသည် တစ်ချိန်လုံး တုန်ခါနေပြီး မျက်ရည်များကို တောင့်ခံခဲ့သည်။ အတန်းပြီးလို့ သူမငိုတော့ ယိရူက သူမကိုတစ်ရှူးများ ပေးခဲ့သည်။


ရင့်ရှောင်ယာသည် ဆိုးရွားစွာ ရလဒ်များကြောင့် ဝမ်းနည်းကြေကွဲရသည့်အတွက် ငိုခဲ့ရကြောင်း ရှင်းပြခဲ့သည်။


နောက်ထပ်ရှင်းပြချက်ကတော့... သူမသည် အင်္ဂလိပ်ဆရာမကို ကြောက်ပြီး အင်္ဂလိပ်ဆရာမက သူမကို ဆူပူကြိမ်းမောင်းသောကြောင့် ငိုခဲ့သည်။


အင်္ဂလိပ်ဆရာမက သူမနှင့် ရှဲ့ရှင်းဟယ်ကို ‘ငါ့မိသားစုက ကျိန်စာသင့်နိုင်တယ်’ဟု ဘာသာပြန်ခိုင်းခြင်းက တိုက်ဆိုင်မှုတစ်ခုမဟုတ်ပေ။


သူမသည် 'ကျိန်စာ' ဟူသော စကားလုံးကို ပထမဆုံးပြောခဲ့သူဖြစ်သည်။


ရင့်ရှောင်ယာကို နှစ်သိမ့်ရန် သူမ၏ ထိုင်ခုံဖော်ပြောသော စကားလုံးများသည် ရှောက်လုံနှင့် ယွီဟန်ကျန်းတို့၏ ခေါင်းများထဲတွင် တစ်ချိန်တည်း တောက်ပလာခဲ့သည်။

“ရှောင်ယာ၊ ဘာမှမဖြစ်ပါဘူး… နင် ဒီတစ်ခေါက် စာမေးပွဲကောင်းကောင်း မဖြေနိုင်ပေမယ့် နောက်လမှာ ရလဒ်က ပိုကောင်းလာမှာပါ… ကျန်းချင်၊ အဲဒီမိန်းမက ရက်စက်တယ်၊ ဒါပေမဲ့ သူမက နင်တစ်ယောက်တည်းကို အဲလိုလုပ်တာမဟုတ်ပါဘူး… လူအများကိုလည်း သူမ ဆူပူကြိမ်းမောင်းတာပဲ… စိတ်ထဲမထားပါနဲ့…”


ရှောက်လုံက ပါးစပ်ဖွင့်လိုက်သည်။

"ကျန်းချင်လား... ကျွန်တော်တို့ အဓိကအချက်ကို လျစ်လျူရှုထားခဲ့တာပဲ..."


ယွီဟန်ကျန်းက လေးနက်စွာ ခေါင်းငြိမ့်လိုက်သည်။ 

"ဟုတ်တယ်... ဆရာတွေအားလုံးထဲမှာ အင်္ဂလိပ်ဆရာမရဲ့နာမည်ကို အစောဆုံးဖော်ပြခဲ့တာပဲ"


လျှို့ဝှက်ခန်းက အင်္ဂလိပ်ဆရာမသည် ဖြတ်သွားဖြတ်လာမဟုတ်ဘူးလို့ သူတို့ကို ပြောခဲ့တာ ကြာပါပြီ။


သူမနာမည်က ကျန်းချင်တဲ့...


#TK