Chapter 209
Viewers 23k

Volume 10 : အနုပညာဌာန


Chapter 209 (ပန်းချီထဲကပုံရိပ်ယောင် ၁၂)


ယွဲ့ရှင်းဝမ်သည် သေဆုံးသူ၏ အထောက်အထားကို အတည်ပြုလိုက်ခြင်းကြောင့် အံ့အားသင့်ခဲ့သည်။ လီယာသည် သူတို့တွေ လူသတ်သမားအဖြစ် သံသယရှိထားသူဖြစ်သည်။


လီယာ၏မိဘများသည် ကားမတော်တဆမှုကြောင့် သေဆုံးသွားခဲ့သည်။ သူမကို ရိုလန်ဇနီးမောင်နှံမှ မွေးစားပြီးနောက် သူမသည် မိသားစု၏လှုပ်ရှားမှုများကို အချိန်တိုင်းစောင့်ကြည့်ရန် ကြောင်လည်ပင်းတွင် အသံဖမ်းကိရိယာတစ်ခုကို ချိတ်ဆွဲထားသည်။ သူမ၏မိဘများသေဆုံးမှုသည် ရိုလန်ဇနီးမောင်နှံနှင့်သက်ဆိုင်ကြောင်း သူမသိပါက သူမသည် ပြစ်မှုကျူးလွန်ရန် ရည်ရွယ်ချက်ရှိနေသည်။ သူမမိဘများအတွက် လက်စားချေဖို့ ရိုလန်ဇနီးမောင်နှံကိုသတ်ခဲ့ပြီး အိမ်၏အိမ်ရှင်မဖြစ်လာဖို့ ဒေစီကိုသတ်ပြီး သူမနေရာကိုယူခဲ့သည်။


အခုတော့ ဥယျာဉ်ထဲမှာ မြုပ်နှံထားသော သေဆုံးသွားသူက တကယ်တော့ လီယာဖြစ်ပြီး သူတို့၏အရင်က ကျိုးကြောင်းဆင်ခြင်မှုဟာ မှားယွင်းကြောင်း ပြသနေပါသည်။


ယွဲ့ရှင်းဝမ်က သူ့အဖွဲ့ဝင်များကို ပြန်ကြည့်ရင်း ပြောလိုက်သည်။ "လီယာက သေဆုံးသူပဲ၊ လူသတ်သမားက ဘယ်သူလဲ။ ဒေစီ၊ ရုတ်စ်၊ အဲလစ်နဲ့ ဂျက်တို့ လေးယောက်ထဲမှာ ဖြစ်နိုင်တယ်။"


ခယ်ရှောင်ပင်းက ခန့်မှန်းခဲ့သည်။ "လီယာက အရမ်းသိတာကြောင့် နှုတ်ပိတ်လိုက်တာများလား။ ဒါ့အပြင် သူမက ကြောင်ကို ပွေ့ထားပြီး ဒီလူတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတယ်။ မိသားစုနှစ်ခုရဲ့ လျှို့ဝှက်ချက်များစွာကို သူမ သိသင့်တယ်။"


လျှိုကျောက်ချင်းက သူ့မေးစေ့ကို ကိုင်လိုက်ပြီး လေးနက်စွာ ပြောလာသည်။ "အလောင်းသုံးလောင်းကို ငါတို့တွေ့ထားတယ်၊ အဲဒီအထဲမှာ ရိုလန်နဲ့ သူ့ဇနီးက အသက်ခြောက်ဆယ်လောက်ရှိပြီ၊ လူသတ်သမားက ဘာလို့ ဒီသက်ကြီးရွယ်အို လင်မယားနှစ်ယောက်ကို သတ်လိုက်တာလဲ။ သူတို့ကို နှုတ်ပိတ်တာတော့ မဖြစ်နိုင်ဘူး။"


ခယ်ရှောင်ပင်းက သူ့ခေါင်းကို ကုတ်လိုက်သည်။ "ဟုတ်တယ်၊ သေဆုံးသူသုံးယောက်ရှိပြီး သေတဲ့နည်းက လည်ပင်းညှစ်လို့ အသက်ရှူကျပ်ပြီးသေတာပဲ။ လူသတ်သမားက လူသတ်ဖို့စဉ်းစားထားရမယ်၊ သူတို့ကို နှုတ်ပိတ်ဖို့အတွက်သတ်တာဆိုရင် ယုတ္တိမရှိဘူး။"


"အစကနေ သဲလွန်စတွေကို စုစည်းရအောင်။" ကျန်းဖျင်စစ်က သူဆွဲထားသော မြေပုံကို ထုတ်ယူပြီး ပြောလိုက်သည်။ "ဒီရဲတိုက်က ပန်းချီကားများစွာနဲ့ ဖွဲ့စည်းထားတဲ့ ဝင်္ကပါတစ်ခုဖြစ်ပြီး ပန်းချီကားတစ်ချပ်ချင်းစီရဲ့ နောက်ကွယ်က ပုံရိပ်ယောင်ကမ္ဘာနဲ့ ကိုက်ညီပြီး ပုံရိပ်ယောင်ကမ္ဘာမှာ ဇာတ်ကွက်တချို့ကို တွေ့ရတယ်။"


သူသည် လူတိုင်း၏ရှေ့တွင် မြေပုံကိုဖြန့်ကာ အစကိုညွှန်ပြသည်။ "ငါတို့ လက်ရှိရောက်နေတဲ့နေရာက အလောင်းကိုရှာတွေ့တဲ့ အခင်းဖြစ်ပွားရာနေရာပဲ၊ ဧည့်ခန်းထဲမှာ ချိတ်ဆွဲထားတဲ့ "ကျောက်သင်ပုန်း"၊ "လဲလှယ်ခြင်း"၊ "အိမ်မက်"နဲ့ "အန်နာ၏အလင်းရောင်"လို့ အမည်ရတဲ့ စိတ်ကူးယဉ်ပန်းချီကားလေးချပ်ရှိတယ်။ စိတ်ကူးယဉ်ပန်းချီကားရဲ့ အကြောင်းအရာကို ခန်းမှန်းလို့မရနိုင်တာကြောင့် ပန်းချီဆရာက ဘာကိုဖော်ပြချင်မှန်း ငါတို့နားမလည်နိုင်ဘူး။ ပန်းချီကားရဲ့နာမည်ကနေ အဓိကစကားလုံးတွေကို ငါတို့ ထုတ်နုတ်လိုက်ရင် ဒီလူသတ်မှုက 'လဲလှယ်ခြင်း'နဲ့ ဆက်စပ်နေတယ်လို့ ယူဆရတယ်။"


ယွဲ့ရှင်းဝမ်: "ဒီပန်းချီကားလေးချပ်ရဲ့ နောက်ကွယ်မှာလည်း ပုံရိပ်ယောင်တွေ ရှိနေနိုင်တယ်၊ ငါတို့ အဲဒါတွေကို မဖွင့်ရသေးဘူးမလား။"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်ပြီး နောက်ထပ်ကမ္ဘာကို ဆက်၍ညွှန်ပြခဲ့သည်။ "ဒုတိယထပ်က ကမ္ဘာ B မှာ "မိုနာလီဆာ"ပန်းချီကားကို ဝင်ပေါက်မှာ ချိတ်ဆွဲထားတာ ငါတို့တွေ့ခဲ့တယ်။ ဒီပန်းချီကားထဲက ရုပ်ပုံဟာ သွက်လက်စွာပြောင်းလဲသွားလိမ့်မယ်၊ သွေးသံတရဲရဲပါးစပ်ဖွင့်ပြီး ထူးဆန်းတဲ့ရယ်မောသံ ထွက်ပေါ်လာတာ ဒါမှမဟုတ် ပန်းချီကားထဲက အမျိုးသမီးဟာ ဒုတိယမျက်နှာအဖြစ်ကို ပြောင်းလဲသွားပြီး သွေးနဲ့မျက်ရည်တွေ စီးကျလာတာမျိုးရှိတယ်။ အမျိုးသမီးကပြောင်းလဲသွားတဲ့အခါတိုင်း ငါတို့က မတူညီတဲ့ကမ္ဘာတစ်ခုကို ဝင်ရောက်သွားတယ်လို့ ဆိုလိုတယ်။"


လျှိုကျောက်ချင်း: "ဝင်ပေါက်က "မိုနာလီဆာ"ပန်းချီကားဟာ သော့ချက်လို့ ငါထင်တယ်၊ အဲဒီမှာလည်း ယန္တရားတစ်ခုရှိကောင်းရှိနိုင်တယ်။ ဒီပန်းချီကားက အရမ်းကြောက်စရာကောင်းပြီး အဲဒါကို ခွဲခြမ်းစိတ်ဖြာဖို့ ငါတို့အခွင့်အရေးမရသေးဘူး။"


ရွှီဖေးရွှယ်က အကြောင်းအရာအတိုင်း ဆက်လက်၍ ပြောခဲ့သည်။ "ငါတို့က ကမ္ဘာ C မှာ ဗန်ဂေါ့ရဲ့ နာမည်ကျော် "ကြယ်ရောင်လင်းလက်သောည"ပန်းချီကား၊ ကမ္ဘာ D မှာ "နောက်ဆုံးညစာစားပွဲ"၊ ကမ္ဘာ E က ပန်းချီဆွဲခန်းထဲမှာ အမျိုးသမီးပန်းချီကားသုံးချပ်တို့ရဲ့ ပုံရိပ်ယောင်ကိုပဲ ဖွင့်ရသေးတယ်။"


ကျန်းဖျင်စစ်၏မြေပုံဖြင့် လူတိုင်း၏ တွေးခေါ်မှုမှာ ရုတ်တရက် ပိုမိုရှင်းလင်းလာသည်။


ခယ်ရှောင်ပင်းက မြေပုံကိုယူပြီး သူ့လက်ပ်တော့ပေါ်တင်ကာ လမ်းကြောင်းဆွဲလိုက်သည်။ "အစကနေ စလိုက်ရအောင်။ လက်ရှိပန်းချီကားထဲက ပုံရိပ်ယောင်ဖြစ်စေတဲ့ သဲလွန်စတွေက နည်းနည်းတော့ ရှုပ်နေတယ်ထင်တယ်။ ငါတို့က ပထမထပ်ကနေ စလုပ်ရင် ဇာတ်လမ်းတစ်ခုလုံးရဲ့ ဆက်စပ်မှုကို အဖြေရှာနိုင်လိမ့်မယ်။"


ယွဲ့ရှင်းဝမ်က သဘောတူလိုက်သည်။ "ကောင်းပြီ။ စိတ်ကူးယဉ်ပန်းချီကားတွေ တည်ရှိတဲ့နေရာကို သွားကြည့်ရအောင်။"


လူအားလုံးသည် ရဲတိုက်သို့ပြန်လာကြပြီး စိတ်ကူးယဉ်ပန်းချီကားလေးချပ်ရှေ့သို့ ရောက်လာပြန်သည်။


ယွဲ့ရှင်းဝမ်သည် ပထမဆုံး "ကျောက်သင်ပုန်း" ကို မော့ကြည့်လိုက်သည်။ ခြင်ဆေးခွေခုနစ်တန်း၏ စက်ဝိုင်းများကို သူငယ်တန်းကျောင်းသူတစ်ဦးကဲ့သို့ မြေဖြူခဲကောက်၍ ရေးခြစ်ထားသည်။ ဒီပန်းချီကားကို ဘယ်လိုဖွင့်ရမလဲ။


လူတိုင်းက ပန်းချီကားရှေ့မှာ ရပ်ပြီး ပတ်ပတ်လည်ကို ဂရုတစိုက်ကြည့်ပေမဲ့ ခလုတ်နဲ့တူသော ယန္တရားကို မတွေ့မိဘူး။


ခယ်ရှောင်ပင်းက ရဲရင့်စွာ ခန့်မှန်းခဲ့သည်။ "ဒါက ဖျက်ပစ်တဲ့ယန္တရားများလား။ ကျောက်သင်ပုန်းကို ဒီလိုအရှုပ်အထွေးတွေနဲ့ ရေးဆွဲထားရင် ငါ့ရဲ့ပထမဆုံးတုံ့ပြန်မှုက အဲဒါကို ဖျက်ပစ်ဖို့ပဲ။"


လျှိုကျောက်ချင်းက ရယ်လိုက်သည်။ "ဒါက ကမ္ဘာပေါ်မှာ ကျော်ကြားတဲ့ ပန်းချီကားတစ်ချပ်ပဲ။ ဖျက်ပစ်လိုက်ရင် အဆင်ပြေပါ့မလား။"


"ငါစမ်းကြည့်လိုက်မယ်၊ အနုပညာဌာနရဲ ခဲဖျက်စွမ်းရည်က သတ်မှတ်ထားတဲ့ နေရာကို ယာယီဖျက်ပေးနိုင်တယ်။ အဲဒါက ပန်းချီကားအပေါ် သက်ရောက်မှု မရှိဘူး။" ရွှီဖေးရွှယ်က သူမ၏လက်ကိုမြှောက်လိုက်သည်။ သူမလက်ထဲတွင် ခဲဖျက်ပေါ်လာပြီး သူမသည် "ကျောက်သင်ပုန်း"တွင်ရေးဆွဲထားသော ဧရိယာအပေါ်သို့ ညင်သာစွာလျှောဆင်းစေရန် ခဲဖျက်ကို ထိန်းချုပ်ပြီး ၎င်းပေါ်ရှိ ပုံစံများကို ဖျက်ပစ်ခဲ့သည်။


အံ့သြစရာကောင်းတာက ကျောက်သင်ပုန်းကို သန့်ရှင်းအောင် ဖျက်လိုက်သောအခါ ရှုပ်ထွေးနေသော ကင်းဗတ်က "တီဗီ" တပ်ဆင်ထားသော ဖန်သားပြင်အဖြစ် ပြောင်းလဲသွားပြီး သူတို့ကို ရုပ်ပုံတစ်ပုံစပြီး ပြသခဲ့သည်——


မူလတန်းကျောင်းစာသင်ခန်းထဲတွင် ကလေးမလေးသည် အနောက်တွင် တစ်ယောက်တည်းရပ်နေကာ အစီရင်ခံစာတစ်ခုလုပ်ရန် စီစဉ်ထားသည့် ကျောက်သင်ပုန်းပေါ်တွင် ပုံဆွဲနေခဲ့သည်။


သူမအနီးနားရှိ အတန်းဖော်တချို့ ကစားနေကြသည်။ ကောင်လေးတစ်ယောက်က သူမအနားကဖြတ်သွားပြီး သူမလက်ထဲရှိ မြေဖြူခဲသေတ္တာကို မတော်တဆ တိုက်မိသွားသည်။ ရောင်စုံမြေဖြူခဲသည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေ၏။ တောင်းပန်မည့်အစား ကောင်လေးက ပြုံးပြီး အနောက်ကို လှည့်လိုက်သည်။ သူက မြေဖြူခဲကို ကောက်ကိုင်လိုက်ပြီး ကျောက်သင်ပုန်းပေါ်တွင် ရေးခြစ်ကာ ပြောလိုက်သည်။ "လီယာ၊ ငါ ပုံဆွဲကောင်းလား။"


လီယာက သူ့ကို လျစ်လျူရှုထားပြီး အေးအေးဆေးဆေး ကိုင်းညွတ်ကာ မြေပြင်ပေါ်ရှိ မြေဖြူခဲများကို တစ်ခုပြီးတစ်ခု ကောက်ယူပြီး ကောင်လေး၏နောက်ပြောင်မှုဖြင့် ခြယ်သထားသော သရဲတစ္ဆေပုံစံများကို ကျောက်သင်ပုန်းဖျက်ဖြင့် သုတ်ကာ ဆက်လက်ရေးဆွဲခဲ့သည်။ 


ကျောက်သင်ပုန်းပေါ်ရှိ ရုပ်ပုံသည် အဆက်မပြတ် ကျယ်နေပြီး နောက်ဆုံးပန်းချီကားက မျက်စိရှေ့တွင် ရှင်းရှင်းလင်းလင်း ပေါ်နေသည်။


—— ပွင့်နေသော နေကြာပန်းအစုအဝေးတစ်ခုဖြစ်သည်။


ပန်းချီကားထဲက ဗီဒီယို ပြီးဆုံးသွားချိန်မှာတော့ ယွဲ့ရှင်းဝမ်က သူ့အဖွဲ့ဝင်တွေကို ကြည့်လိုက်သည်။ "လီယာက ငယ်ငယ်လေးကတည်းက ပန်းချီဆွဲရာမှာ အရည်အချင်းရှိပြီး ဒီရဲတိုက်ထဲက ပန်းချီကားတွေကို သူမချန်ထားခဲ့တာဖြစ်နိုင်တယ်။ ဒုတိယထပ်မှာရှိတဲ့ "မိုနာလီဆာ"ပန်းချီကားက သွေးနဲ့မျက်ရည်ကျတဲ့ အမျိုးသမီးဟာ သူမဖြစ်နိုင်တယ်မဟုတ်လား။ သူမသေဆုံးပြီးတဲ့နောက်မှာ သူမရဲ့အတွေးတွေက ဒီပန်းချီကားထဲမှာ ပုံရိပ်ယောင်တွေ ဖြစ်ပေါ်လာခဲ့တယ်။"


ကျန်းဖျင်စစ်: "လီယာက ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ဖြစ်တယ်ဆိုတာကို နားလည်နိုင်တယ်။"


ခယ်ရှောင်ပင်းက မေးလိုက်သည်။ "သူမဘေးနားမှာ ပြဿနာလာလုပ်ပြီး ကျောက်သင်ပုန်းပေါ်မှာ မြေဖြူခဲနဲ့ ရေးခြစ်နေတဲ့ ကောင်လေးက သူမကို သဘောကျနေတာလား။"


ရှင်းယန်က မျက်မှောင်ကြုတ်လိုက်သည်။ "သဘောကျတယ်။ ဒါက ရန်ဖြစ်ဖို့ ရန်စနေတာမဟုတ်ဘူးလား။"


ခယ်ရှောင်ပင်းက ပြုံးပြီး သူ့ပခုံးကို ပုတ်လိုက်သည်။ "ဒါကို မင်းနားမလည်ပါဘူး။ ကလေးတွေက အရွယ်မရောက်သေးတော့ 'သူတို့ သဘောကျတဲ့သူကို အနိုင်ကျင့်ကြတယ်'ဆိုတဲ့ ကလေးဆန်တဲ့ အပြုအမူတွေ ရှိလိမ့်မယ်။ အထူးသဖြင့် ယောင်္ကျားလေးတွေက သူတို့သဘောကျတဲ့သူတွေရဲ့ အာရုံစိုက်မှုကိုခံရဖို့ နည်းမျိုးစုံသုံးကြတယ်၊ တစ်ဖက်လူရဲ့ ပစ္စည်းမှာ ပီကေကပ်တာတွေ၊ တစ်ဖက်လူရဲ့ ဆံပင်စည်းထားတာကို ဖြည်တာတွေ၊ တစ်ဖက်လူရဲ့ ခဲတံအိတ်ထဲ ပိုးကောင်တွေ ထည့်တာမျိုးပေါ့။"


ရှင်းယန်က သူ့ကို အမူအရာမဲ့စွာ ကြည့်နေသည်။ "မင်း ငယ်ငယ်က အဲဒီလိုလုပ်ခဲ့တာလား။"


ခယ်ရှောင်ပင်းက ပေါ့ပါးစွာ ချောင်းဟန့်လိုက်သည်။ "မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး၊ ငါက အခြားလူတွေ လုပ်ဖူးတာကို မြင်ဖူးတာပါ။"


ကျန်းဖျင်စစ်က ပေါ့ပါးစွာ ဆိုခဲ့သည်။ "ခယ်ရှောင်ပင်းရဲ့ အဆိုပြုချက်က မှန်တယ်။ အခုလေးတင် ပုံထဲမှာ ပြဿနာရှာနေတဲ့ကောင်လေးက လီယာကို သဘောကျပြီး တစ်ဖက်လူရဲ့အာရုံကို ဆွဲဆောင်ချင်နေတာဖြစ်နိုင်တယ်။ နောက်ဆက်တွဲ ဇာတ်ညွှန်းနဲ့ ပေါင်းစပ်လိုက်ရင် အဲဒီကောင်လေးက ရုတ်စ်နဲ့ဂျက်တို့ ညီအစ်ကိုနှစ်ယောက်ထဲက တစ်ယောက်ဖြစ်သင့်တယ်။"


လျှိုကျောက်ချင်းက သူ့မေးစေ့ကို တွေးဆဆဖြင့် ထိကာ ပြောလိုက်သည်။ "တူညီတဲ့အတန်းထဲမှာ ပေါ်လာတာဆိုတော့ သူတို့က အတန်းဖော်တွေလို့ အဓိပ္ပါယ်ရတယ်။ ငါတို့က သူတို့ရဲ့အသက်တွေကို မသိသေးတာပဲ။ လီယာက အစ်ကိုရုတ်စ်နဲ့ အတန်းတူတာလား၊ ဒါမှမဟုတ် ညီဂျက်နဲ့ အတန်းတူတာလား။"


ယွဲ့ရှင်းဝမ်: "နောက်ထပ်ပန်းချီကားကို ဆက်ကြည့်ရအောင်။"


ပထမဆုံး "ကျောက်သင်ပုန်း" သည် လူတိုင်းအား လှုံ့ဆော်မှုများစွာပေးခဲ့သည်။ စိတ်ကူးယဥ်ပန်းချီတွင် မူလကရှုပ်ထွေးသောပုံစံများကို ဖျက်ပြီးနောက် ဤပန်းချီကားတွင် လှုပ်ရှားနေသောဇာတ်ကွက်တစ်ခု ရှိလိမ့်မယ်ဆိုတာ သူတို့ မမျှော်လင့်ထားပေ။


ဒုတိယ "လဲလှယ်ခြင်း" သည် ကွဲပြားသောအရောင်အတုံးများကို ဖရိုဖရဲဖြစ်စေသောပုံစံဖြင့် ပေါင်းစပ်ထားသော စိတ်ကူးယဉ်ပန်းချီများ၏ ကိုယ်စားပြုမှုလည်းဖြစ်သည်။


လူတိုင်း စိတ်ရှုပ်နေချိန်မှာပဲ ယွဲ့ရှင်းဝမ်က ရုတ်တရက်ပြောလိုက်သည်။ "ရွှီဖေးရွှယ်၊ အနုပညာဌာနမှာ စုတ်တံ၊ ခဲဖျက်နဲ့ ဆေးစပ်ခွက်၊ စွမ်းရည်သုံးမျိုးရှိတယ်ဆိုတာ ငါမှတ်မိတယ် ဟုတ်တယ်မလား။"


ရွှီဖေးရွှယ်က ခေါင်းငြိမ့်လိုက်သည်။ "အင်း"


ယွဲ့ရှင်းဝမ်း၏နှုတ်ခမ်းထောင့်က တွန့်ကွေ့သွားပြီး ပြောလိုက်သည်။ "ငါနားလည်ပြီ။ ဒီစိတ်ကူးယဉ်ပန်းချီကားလေးချပ်ကို အနုပညာဌာနရဲ့ စွမ်းရည်တွေနဲ့ ‌ဖွင့်ဖို့လိုအပ်တယ်။ ပထမဆုံး "ကျောက်သင်ပုန်း"မှာ ရှုပ်ပွနေတဲ့ မြေဖြူခဲပုံစံရှိတယ်။ အဲဒီပုံစံကို ခဲဖျက်နဲ့ ဖျက်လိုက်ပြီးနောက် ပန်းချီကားထဲမှာ ပုံရိပ်ယောင်ပေါ်လာတယ်။ ဒုတိယ "လဲလှယ်ခြင်း"ကို မတူညီတဲ့အရောင်တုံးတွေနဲ့ ပြုလုပ်ထားတယ်။ မင်းရဲ့ ဆေးစပ်ခွက်စွမ်းရည်ကို အသုံးပြုသင့်တယ်လို့ ငါထင်တယ်။"


ရွှီဖေးရွှယ်၏ မျက်လုံးများ တောက်ပလာသည်။ "ဒါက အဓိပ္ပါယ်ရှိတယ်။ သင်တန်းစာမေးပွဲလိုအပ်ချက်မှာ အနုပညာဌာနက ‌အဖွဲ့ဝင်တစ်ယောက်ရှိရမယ်လို့ပြောတာကြောင့် အနုပညာဌာနက ကျောင်းသားတွေကို ပန်းချီကားရဲ့ ယန္တရားကို ဖွင့်ခိုင်းတာဖြစ်နိုင်တယ်။"


လင်းမန့်လော်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ကောင်းတယ်။ ဖေးရွှယ်၊ ဒီပန်းချီကားအတွက် ဆေးစပ်ခွက်ကို ဘယ်လိုသုံးရမလဲဆိုတာ သိလား။"


ရွှီဖေးရွှယ်သည် ပန်းချီကားကို ကြည့်ပြီး သေချာစဉ်းစားကာ ပြောလိုက်သည်။ "ဒီပန်းချီကားရဲ့ အလုံးစုံအရောင်က နွေးထွေးပြီး ဒီဇာတ်လမ်းမှာ နေကြာပန်းတွေက အကြိမ်ပေါင်းများစွာ ပေါ်လာတယ်။ ဒီပန်းချီကားမှာ အဝါရောင်နဲ့ လိမ္မော်ရောင် ဧရိယာကြီးတွေလည်း ရှိတယ်။ နေကြာပန်းနဲ့နီးတဲ့ အရောင်ကို စမ်းကြည့်ဖို့ ငါညှိလိုက်မယ်။"


ပထမ "ကျောက်သင်ပုန်း" ပန်းချီကားတွင် နောက်ဆုံးအေးခဲသော ပုံသဏ္ဌာန်အဖြစ် ပွင့်နေသော နေကြာပန်းများ အစုလိုက်အပြုံလိုက်ဖြင့် ပန်းချီဆွဲခြင်းဇာတ်ကွက်တစ်ခု ပါရှိသည်။ ဤ "လဲလှယ်ခြင်း" ၏ အလုံးစုံအရောက်သည် နေကြာပန်းများနှင့် နီးစပ်ပြီး အားလုံးက ရွှီဖေးရွှယ်၏ စီရင်ချက်ကို သဘောတူသည်။


သူမသည် ညာလက်ကိုဖြန့်ကာ အနုပညာဌာန၏ ဆေးစပ်ခွက်ကိုထုတ်ကာ သူမရှေ့ရှိ ပန်းချီကား၏ဘယ်ဘက်အောက်ထောင့်က အရောင်ကိုယူကာ "ဆေးစပ်ခွက်ပုံဖော်ခြင်း" စွမ်းရည်ကို အသုံးပြုကာ ပန်းချီကားတစ်ခုလုံးကို အဝါ-လိမ္မော်ရောင်အဖြစ်သို့ ယာယီပြောင်းလဲစေခဲ့သည်


သေချာစွာ ဒီပန်းချီကားကိုလည်း တီဗီလို ဖန်သားပြင်တစ်ခုအဖြစ် ပြောင်းလဲခဲ့ပြီး ဇာတ်ကွက်တစ်ခု စတင်ခဲ့သည်။ 


ဇာတ်လမ်းက အထက်တန်းကျောင်းကို ရောက်သွားသည်။ လီယာသည် လှပသော မိန်းကလေးအဖြစ်သို့ ပြောင်းလဲသွားသည်။ ကျောင်းဝတ်စုံဝတ်ပြီး စာသင်ခန်းထဲမှာ ငြိမ်ငြိမ်လေးထိုင်နေသည်။ စာသင်ခန်းထောင့်မှာ ကောင်လေးတစ်ယောက်ရှိသည်။ သို့သော် လီယာ၏မျက်လုံးတွေက ကျောင်းစာအုပ်ပေါ်မှာ အမြဲရှိနေသည်။


ခဏအကြာတွင် စာသင်ခန်းမှ ထွက်ရန် ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး ရွှေရောင်ဆံပင်ရှည်နှင့် မိန်းကလေးနှစ်ယောက် စာသင်ခန်းတံခါးဝတွင် ပေါ်လာသည်။ သူတို့အထဲမှ တစ်ယောက်က ပြုံးပြီး အော်လိုက်သည်။ "လီယာ ထွက်လာပါဦး။ ငါနင့်ကို ပြောစရာရှိလို့။"


လီယာက စာသင်ခန်းထဲက ထွက်လာပြီး ပေါ့ပါးစွာ မေးလိုက်သည်။ "ဘာကိစ္စရှိလို့လဲ။" 


မိန်းကလေးက နူးညံ့စွာ ပြောလာသည်။ "ဒီနွေရာသီစခန်းမှာ ငါ အဖွဲ့အေမှာ၊ နင်က အဖွဲ့ဘီမလား။ ငါတို့ လဲလို့ရမလား။"


လီယာက ကြောင်သွားပြီး မေးလိုက်သည်။ "နင်က ဘာလို့ လဲချင်တာလဲ။"


မိန်းကလေးက အနည်းငယ်ရှက်သွားပြီး နူးညံ့သောအသံဖြင့် ပြောလိုက်သည်။ "ငါကြိုက်တဲ့ ကောင်လေးက အဖွဲ့ဘီမှာ၊ လဲရအောင်ပါ၊ ငါသူနဲ့စကားပြောချင်လို့။ ဘာပဲဖြစ်ဖြစ် နင်က ဘယ်အဖွဲ့နေနေ အရေးမကြီးဘူးမလား။"


လီယာသည် ခဏမျှ ငြိမ်သက်သွားပြီး ခေါင်းငြိမ့်လိုက်သည်။ "ကောင်းပြီ။"


မိန်းကလေးသည် အိတ်ကပ်ထဲမှ အပြာရောင်ကတ်ကို ထုတ်ကာ လီယာအား ပေးလိုက်သည်။ "ဒါက အဖွဲ့အေအတွက် ဝင်ခွင့်ကတ်ပဲ။"


လီယာသည် ကတ်ကိုယူကာ လိမ္မော်ရောင်ကတ်တစ်ကတ်ကို ထုတ်ယူပြီး တစ်ဖက်လူအား ပေးလိုက်ကာ နှစ်ယောက်စလုံးက ကတ်များကို အမြန်လဲလှယ်ခဲ့ကြသည်။


မိန်းကလေး၏မျက်လုံးများ တောက်ပလာပြီး သူမက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ကောင်းလိုက်တာ၊ ကျေးဇူးပဲ။ ငါပြန်လာရင် နင့်ကို လက်ဆောင်ပေးပါ့မယ်။"


သူမ ခုန်ပေါက်ပြီး ခုန်ထွက်သွားတာကို မြင်တော့ ဆံပင်ရွှေရောင် မိန်းကလေး နောက်တစ်ယောက်က ကူကယ်ရာမဲ့ ပြောလိုက်သည်။ "အဲဒီကောင်လေးကို သူမ ဘာကြည့်ပြီးကြိုက်သလဲဆိုတာ ငါ့ညီမရဲ့စိတ်ကိုတော့ ငါတကယ်မသိတော့ဘူး။ သီးသန့် အဖွဲ့တွေပြောင်းတာက ကျောင်းစည်းကမ်းနဲ့ ဆန့်ကျင်တာကြောင့် ဘယ်သူ့ကိုမှ မပြောနဲ့နော်။"


လီယာက ခေါင်းငြိမ့်လိုက်သည်။ "စိတ်မပူပါနဲ့၊ ငါမပြောပါဘူး။"


မိန်းကလေးက ထွက်သွားတော့ လီယာသည် အပြာရောင်ကတ်ကို လက်ထဲမှာ ကိုင်ထားပြီး ဘာမှမဖြစ်ခဲ့သလို စာသင်ခန်းထဲ ပြန်ဝင်လာခဲ့သည်။


ပြန်လည်ပြသခြင်းပြီးဆုံးသွားသည်။ ပန်းချီကား "လဲလှယ်ခြင်း"သည် အထက်တန်းကျောင်းတွင် သူမ တစ်ဖက်သတ်သဘောကျနေသော ကောင်လေးအတွက် အဲလစ်က လီယာနှင့် နွေရာသီစခန်းချအဖွဲ့များ အပြန်အလှယ်လဲလှယ်သည့်ဇာတ်လမ်းကို ပြသထားသည်။ ဒါက လီယာ၏သေဆုံးမှုနဲ့ ဘာဆိုင်သလဲ။


ယွဲ့ရှင်းဝမ်သည် စက္ကန့်အနည်းငယ်မျှ ငြိမ်သက်နေပြီး ပြောလိုက်သည်။ "နောက်ထပ် ပန်းချီကားတစ်ချပ်ကို ဆက်သွားမယ်၊ သဲလွန်စတွေ ပေါင်းစပ်တော့မယ်။"


#TK