Chapter 202
Viewers 23k

Volume 10 : အနုပညာဌာန


Chapter 202 (ပန်းချီထဲကပုံရိပ်ယောင် ၀၅)


ပန်းချီကားထဲရှိ အမျိုးသမီး၏ ရယ်သံက ပြင်းထန်လွန်းသည်။ လျှိုကျောက်ချင်းသည် သရဲတစ္ဆေများနှင့် ဝိညာဉ်များကို မကြောက်သော်လည်း ဤထူးဆန်းသောရယ်မောသံသည် လျှပ်စစ်ဓာတ်လိုက်သကဲ့သို့ သူ့ခေါင်းထဲသို့ တည့်တည့်တိုးဝင်လာသဖြင့် တွေးတောင်မတွေးနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။


ရွှီယိရှန်းက သူ့နားကို ဖုံးပြီး မျက်မှောင်ကြုတ်လိုက်သည်။ 

"အခြေအနေက ဘယ်လိုရှိလဲ… ရှင်းဝမ်နဲ့ အခြားသူတွေကော ဘယ်မှာလဲ" 


ချင်မြောင်: "ဒီပန်းချီကားက မူမမှန်ဘူး… ပန်းချီကားထဲက အမျိုးသမီးဟာ အစတုန်းက မြင်ခဲ့ရတဲ့ မိုနာလီဆာနဲ့မတူဘူး… ဒီအတန်းကို “ပန်းချီထဲကပုံရိပ်ယောင်”လို့ခေါ်တဲ့အတွက် ငါတို့က ပုံရိပ်ယောင်နေရာတစ်ခုဆီ ရောက်လာတာများလား"


သင်တန်းအမည်နှင့် ပန်းချီကားပြောင်းလဲခြင်းသည် ပုံရိပ်ယောင်ဖြင့် အလွန်ဆက်စပ်နေပါသည်။ ထို့အပြင် ကမ္ဘာအစစ်မှာ ပန်းချီကားများထဲရှိ ဇာတ်ကောင်များကို ပြုံးရယ်ပြီး ထူးထူးဆန်းဆန်းရယ်မောအောင်လုပ်ဖို့ မဖြစ်နိုင်ပါဘူး။


ချင်လု: "အစ်မဆိုလိုတာက ငါတို့က ပုံရိပ်ယောင်နေရာဆီ ဆွဲသွင်းခံရတာကြောင့် ရှင်းဝမ်ရဲ့အဖွဲ့နဲ့ အဆက်အသွယ်ပြတ်သွားတာလား"


ကျိုဖုန်းက ဒါကို သေသေချာချာ စဉ်းစားပြီး ပြောလိုက်သည်။

"ငါတို့ ဒီကနေ ထွက်သွားပြီး ရှင်းဝမ်တို့ကို ရှာဖို့ ရဲတိုက်ဟောင်းကို ပြန်သွားမလား ဒါမှမဟုတ် ရှင်းဝမ်နဲ့ အခြားသူတွေကို ဒီနေရာဆီရောက်လာတဲ့အထိ စောင့်ကြမလား… မဟုတ်ရင် ငါတို့အဖွဲ့နှစ်ဖွဲ့က နေရာကွဲနေပြီး စာမေးပွဲအဆုံးအထိ သူတို့ကို ဆက်သွယ်ဖို့ နည်းလမ်းရှိမှာမဟုတ်ဘူး… ဒီကိစ္စမှာ ငါတို့တွေ့တဲ့သဲလွန်စတွေနဲ့ သူတို့တွေ့တဲ့သဲလွန်စတွေကို ပေါင်းစပ်လို့မရတော့ဘဲ ကျိုးကြောင်းဆင်ခြင်ခြင်းရဲ့ ရလဒ်တွေ မှားလိမ့်မယ်"


လင်းမန့်လော်က ခေါင်းငြိမ့်လိုက်သည်။

"ဒါက သင်တန်းရဲ့ အကြီးမားဆုံး အခက်အခဲဖြစ်ကောင်းဖြစ်နိုင်တယ်… ပန်းချီကားထဲက ပုံရိပ်ယောင်တွေ ရှိနေတာကြောင့် သဲလွန်စတွေက အမျိုးမျိုးသောပုံရိပ်ယောင်တွေမှာ ပြန့်ကျဲနေမှာဖြစ်ပြီး သီးခြားစုဆောင်းဖို့ လိုအပ်နေသလား"


လူခြောက်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ချင်လုက သူမနဖူးကို ပွတ်သပ်ပြီး ပြောလိုက်သည်။

"ရွှီဖေးရွှယ်က ငါတို့အဖွဲ့ထဲမှာ မရှိဘူး… ငါတို့ နားမလည်တဲ့ ထူးဆန်းတဲ့ပန်းချီကားတွေ ထပ်ပေါ်လာရင် ဘယ်လိုလုပ်မလဲ"


လျှိုကျောက်ချင်း: "တစ်ဆင့်ပြီးတစ်ဆင့် လုပ်ကြရအောင်၊ ဒီပန်းချီကားရဲ့ အခြေအနေကို ငါတို့ အရင်ကြည့်ကြမယ်"


ပတ်ဝန်းကျင်မှာ ထူးဆန်းသော ရယ်မောသံများ ရှိနေပေမဲ့ လျှိုကျောက်ချင်းက လုံးဝမကြောက်ဘူး။ သူသည် "မိုနာလီဆာ" ပန်းချီကားရှေ့သို့ ကိုင်းညွှတ်ကာ ပန်းချီကားထဲမှ အမျိုးသမီးကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။ ပန်းချီကားထဲက အမျိုးသမီး၏ နှုတ်ခမ်းထောင့်များက ပို၍‌မြှောက်တက်လာပြီး မျက်လုံးထောင့်နားအထိ တောက်လျှောက်ရောက်သွားပြီးနောက် သူမ၏မျက်နှာအောက်ပိုင်းဟာ ရုတ်တရက် လူစားသည့် ဘီလူးတစ်ကောင်လို သွေးသံတရဲရဲ ပါးစပ်ပေါက်ကြီး ဖြစ်သွားသည်။


ရွှီယိရှန်း အလွန်ထိလန့်တုန်လှုပ်သွားပြီး နောက်ပြန်ဆုတ်သွားကာ လျှိုကျောက်ချင်းသည် အသံတိုးတိုးဖြင့် ဆဲဆိုကာ နောက်သို့ အမြန်ပြန်ဆုတ်သွားခဲ့သည်။


သို့သော် ပန်းချီကားထဲက အမျိုးသမီးသည် ပန်းချီကားထဲကနေ ထွက်မလာခဲ့ဘူး။


လူတိုင်း သတိထားနေပြီးတော့ လျှိုကျောက်ချင်းသည် သူ၏ညာလက်ကို မြှောက်ပြီး အချိန်မရွေး ပစ်သတ်နိုင်သော ချွန်ထက်သည့် ‌ခွဲစိတ်ဓားကို ဖော်ပြလိုက်သည်။ သို့သော် ပန်းချီကားထဲမှ အမျိုးသမီးက သူတို့ကို မတိုက်ခိုက်ဘဲ ပြုံးပြရုံသာရှိသည်။


လူတို့၏ကျောရိုးတလျှောက်ကို တုန်လှုပ်သွားစေသော ရယ်မောသံသည် တစ္ဆေရုပ်ရှင်ထဲကို ဝင်သွားသကဲ့သို့ အမှောင်ရဲတိုက်ထဲတွင် ဆက်တိုက်မြည်လာသည်။


ခဏအကြာတွင် ချင်လုက တည်ငြိမ်စွာ ပြောလိုက်သည်။

"လူတွေကို ကြောက်အောင်ခြောက်ရုံပဲ၊ သူမက ငါတို့ကို တိုက်ခိုက်မှာ မဟုတ်ဘူး"


ချင်လုက ခဏတုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။

"ငါတို့ဘာဆက်လုပ်ကြမလဲ… သဲလွန်စတွေကို ဆက်ရှာမလား ဒါမှမဟုတ် ရှင်းဝမ်တို့ကို အရင်ရှာကြမလား"


ကျိုဖုန်းက အမြန်ဆုံးဖြတ်ချက်ချလိုက်သည်။

"သဲလွန်စတွေ ရှာကြည့်မယ်… ငါတို့တွေ့လိုက်တဲ့ သဲလွန်စတွေက ရှင်းဝမ်နဲ့ အခြားသူတွေ တည်ရှိနေတဲ့နေရာနဲ့ မတူညီနိုင်ဘူးလို့ အရိပ်အယောင်တစ်ခုတော့ ရှိတယ်… ငါတို့တွေ ဒီပုံရိပ်ယောင်ထဲရောက်ပြီဆိုတော့ ဒီပုံရိပ်ယောင်တည်ရှိမှုရဲ့ အဓိပ္ပါယ်ကဘာလဲဆိုတာ ငါတို့တွေ ရှင်းရှင်းလင်းလင်းသိအောင် လေ့လာရမယ်"


ကျိုဖုန်းသည် ဒီလိုအရာများကို တွေ့ကြုံရသောအခါ ညည်းညူးခြင်းကို မုန်းတီးသည်။ လက်ရှိအခြေအနေမှာ ထူးခြားမှုများဖြင့် ပြည့်နှက်နေသည်။ သူတို့ ထိတ်လန့်ပြီး ယွဲ့ရှင်းဝမ်တို့ကို ရှာပါက သူတို့သည် အဓိကအချက်အလက်တချို့ကို လွတ်သွားနိုင်သည်။


လျှိုကျောက်ချင်းက ခေါင်းငြိမ့်သဘောတူခဲ့သည်။ "ကောင်းပြီ… အခြားအခန်းတွေကို ဆက်ရှာကြမယ်" သူက ရွှီယိရှန်းကို ပြန်ကြည့်ကာ ပြောသည်။ "ယိရှန်း၊ မင်းက mitosis နဲ့ အဲဒီအခန်းထဲကို ဝင်လိုက်တာ တစ်ခုခုတွေ့ခဲ့လား"


ရွှီယိရှန်း: "နံရံမှာ ပန်းချီကားတစ်ချပ်ရှိပုံရတယ်၊ ဒါပေမဲ့ ကျွန်တော် သေသေချာချာ မကြည့်ခဲ့ဘူး… ရှင်းဝမ်နဲ့ အခြားသူတွေ အခန်းထဲမှာ မရှိတာကို တွေ့လိုက်ရတော့ အခြေအနေမှားနေမှာကို စိုးရိမ်ပြီး ချက်ချင်း ပြန်ဆုတ်ခဲ့တာ"


"ပန်းချီကားလား" ကျိုဖုန်းက ခေတ္တရပ်လိုက်ပြီး ပြောလိုက်သည်။ "သွားကြည့်‌ရအောင်"


လူခြောက်ယောက်က အခန်းထဲကို ဝင်သွားတော့ ပန်းချီဆွဲခန်းတစ်ခုဖြစ်နေတာကို မြင်လိုက်ရသည်။


ပန်းချီဆွဲခန်းတစ်ခုအလယ်တွင် အဖြူရောင် ကင်းဗတ်ပြားကြီးတစ်ချပ်၊ ၎င်း၏ဘေးတွင် ရောင်စုံဆေးဘူးများနှင့် စုတ်တံတစ်ခု၊ နံရံတွင် ပန်းချီကားသုံးချပ် ချိတ်ဆွဲထားပြီး အားလုံးက ဆီဆေးပန်းချီကားပုံသဏ္ဌာန်နှင့်တူသည်။


ပထမပန်းချီကားတွင် ဦးခေါင်းခြုံထည်ဝတ်ထားသော အမျိုးသမီးတစ်ဦးရှိကာ အမျိုးသမီး၏ခေါင်းနောက်ဘက်တွင် ဆံပင်ကို နောက်စေ့ကပ်ဆံထုံးပုံစံ ပြုလုပ်ထားပြီး ငွေရောင်ဆံညှပ်ကို ဝတ်ဆင်ထားကာ သူမ၏ခေါင်းပေါ်တွင် ထုံးခြောက်ရောင်ခြုံထည်ဖြင့် သူမ၏လည်ပင်းတွင် ကျောက်မျက်ရတနာလည်ဆွဲကို ဝတ်ဆက်ထားသည်။ ထုံးခြောက်ရောင်ဂါဝန်ကို ဝတ်ဆင်ထားသော သူမသည် အလွန်သိမ်မွေ့ကာ ချမ်းသာသောမိသားစုမှ အမျိုးသမီးလို ကြော့ရှင်းလှပသည်။

【TK: လာဒိုးနဗေးလာတာ(ခြုံထည်ပါသောအမျိုးသမီး)—— ရာဖေးလ်(ပန်းချီဆရာ)】


ဒုတိယပန်းချီကားပုံစံက ပထမပုံနဲ့ လုံးဝမတူဘူး။ ပထမပုံသည် လက်တွေ့ဆန်သော ပုံတူဖြစ်ပါက၊ ဒုတိယပုံသည် အနုပညာဖန်တီးမှုဆိုင်ရာ ဖော်ပြချက်အပေါ် ပိုမိုအာရုံစိုက်သည်။ အပြာရောင်ကောင်းကင်၊ တိမ်ဖြူများ၊ မြက်ခင်းစိမ်းများ၊ ပန်းပွင့်များနှင့်အတူ မြက်ခင်းပြင်ပေါ်တွင် သားအမိနှစ်ယောက်က ကစားနေကြသည်။ လတ်ဆတ်တောက်ပသော ရှုခင်းများက လူများကို စိတ်အေးလက်အေး ပျော်ရွှင်စေပါသည်။ အမျိုးသမီးက ထီးကိုကိုင်ထားပြီး ကောင်ကလေးတစ်ယောက် သူမဘေးမှာ ရပ်နေသည်။ ပုံတစ်ခုလုံးကို ကွက်ကွက်ကွင်းကွင်းမြင်ရပြီး မိခင်ကော ကလေးပါ နွေးထွေးသော နေရောင်ခြည်ဖြင့် ဝန်းရံထားသည်။

【ထီးကိုင်ထားသောအမျိုးသမီး—မဒမ်မိုးနက်နှင့် သူမသား —— မိုးနက်(ပန်းချီဆရာ)】


တတိယမြောက်ပန်းချီကားတွင် အမျိုးသမီးသည် ယခင်နှစ်ပုံနှင့် လုံးဝမတူသောပုံစံရှိသည်။ သူမတွင် သုံးဖက်မြင်သွင်ပြင်များရှိပြီး ဆံပင်များကို ခေါင်းတွင် တင်းတင်းကျပ်ကျပ် ကပ်ထားကာ လည်ပင်းတွင် အနက်ရောင်လည်ဆွဲရှည်နှင့် သူမ၏လက်နှစ်ဖက်ထဲတွင် သေးငယ်သောတိရစ္ဆာန်ကို ပွေ့ထားသည်။

【မြွေပါနှင့်အတူ အမျိုးသမီး—— လီယိုနာဒိုဒါဗင်ချီ(ပန်းချီဆရာ)】


လျှိုကျောက်ချင်းက သူ့မေးစေ့ကို ကိုင်လိုက်ပြီး ပန်းချီကားဆီကို လျှောက်သွားကာ မေးလိုက်သည်။ 

"ဒါက ဘာကကောင်လဲ"


ရွှီယိရှန်းက အနီးကပ်ကြည့်ပြီး ပြောလာသည်။

"ဒါက ဇီဝသိပ္ပံဌာနရဲ့ ကျွန်တော့်ဓာတ်ခွဲခန်းမှာ စမ်းသပ်အသုံးပြုခဲ့တဲ့ ကြွက်ဖြူတွေနဲ့ မတူတဲ့ မြွေပါဖြစ်နိုင်တယ်… အဲဒါကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးလို့ရတယ်… ဒီပန်းချီကားက ပုံကြီးချဲ့တာကို ပန်းချီးဆွဲနည်းမှာ အသုံးပြုထားတာ… လက်တွေ့မှာ မြွေပါတွေက ဒီလောက်သိပ်မကြီးဘူး"

 

လျှိုကျောက်ချင်းက စဉ်းစားမရဖြစ်နေသည်။

"ဒီပန်းချီကားသုံးချပ်က ဘာအဓိပ္ပါယ်လဲ"


အခြားသူများလည်း ဘာမှမတွေးတတ်ပေ။


ကျိုဖုန်းက ခန့်မှန်းခဲ့သည်။

"ဒုတိယပန်းချီကားမှာ အမေနဲ့သားက နေရောင်အောက်မှာ၊ ဒီအိမ်ရဲ့ အိမ်ရှင်မနဲ့ သူမသားလား… ပထမပုံမှာ ခြုံထည်နဲ့မိန်းကလေးက အရမ်းငယ်ပြီး မင်္ဂလာဆောင်ဓာတ်ပုံနဲ့ ခပ်ဆင်ဆင်တူတယ်… တတိယပုံက… ငါနားမလည်ဘူး"


ချင်လု: "ဒီပန်းချီကားသုံးချပ်က ပန်းချီဆရာ သုံးယောက်ရဲ့ လက်ရာဖြစ်သင့်တယ်လို့ ထင်တယ်… ပုံစံတွေက အရမ်းကွဲပြားတယ်… ပထမပုံက လက်တွေ့ကျပြီး ပုံကြမ်းနဲ့တူတယ်၊ ဒုတိယက တောက်ပပြီး ကာတွန်းနဲ့ နည်းနည်းတူတယ်၊ တတိယကတော့ နက်မှောင်ပြီး ဝါကြင့်ကြင့်အရောင်ရှိတယ်… စကားမစပ် ဒီတတိယပန်းချီကားက ဝင်ပေါက်မှာချိတ်ဆွဲထားတဲ့ "မိုနာလီဆာ"နဲ့ ခပ်ဆင်ဆင်တူတယ်မလား"


ချင်မြောင်က အေးဆေးတည်ငြိမ်စွာပြောသည်။

"ဒီပန်းချီကားဟာ ဒါဗင်ချီရဲ့လက်ရာဖြစ်ကောင်းဖြစ်နိုင်တယ်၊ ပုံစံက တကယ်တူတယ်"


ချင်လု: "ဘေးအခန်းက စာကြည့်ခန်းမှာ ငါတို့တွေ့ခဲ့တဲ့ ပန်းချီကားနဲ့ ဒီပန်းချီကားတွေကြားမှာ ဘယ်လိုဆက်စပ်မှုရှိနေတာလဲ"


ရွှီယိရှန်း သူ့မေးစေ့ကိုထိပြီး လေးလေးနက်နက် တွေးလိုက်သည်။

"ဘေးအခန်းက ပန်းချီကားကို ငါသိတယ်၊ အဲဒါက ဗန်ဂေါ့ရဲ့ ဂန္တဝင်လက်ရာ "နေကြာပန်း"ပဲ၊ အဲဒါကို ဥယျာဉ်ထဲက နှင်းဆီနက်တွေနဲ့ ပေါင်းစပ်လို့ ရကောင်းရနိုင်တယ်… နှင်းဆီနက်ရဲ့ ပန်းဘာသာစကားက ဘာလဲ"


ထိုအချိန်က ပန်းဘာသာစကား၏ အဓိပ္ပါယ်ကို တင်ပြသော ချင်မြောင်ကို ကြည့်ရန် ခေါင်းလှည့်လိုက်ပြီး တစ်ဖက်လူက တည်ငြိမ်စွာ ပြောခဲ့သည်။

"နှင်းဆီနက်က အစွန်းရောက်အချစ်ကို ကိုယ်စားပြုတယ်… ‘မင်းက နတ်ဆိုးတစ်ကောင်ဖြစ်ပြီး မင်းက ငါ့အပိုင်ပဲ’"

 

ရွှီယိရှန်းက လေးလေးနက်နက် ခေါင်းငြိမ့်လိုက်သည်။

"ချင်မြောင်က ပန်းတွေအကြောင်း အများကြီးသိတာလား… နေကြာပန်းတွေက ဘာအဓိပ္ပါယ်လဲသိလား"


ချင်မြောင်: "‘မင်းဟာ ငါ့နှလုံးသားရဲ့ဗဟိုချက်ပဲ’ ဒါမှမဟုတ် ‘ငါ့အကြည့်တွေက အမြဲတမ်း မင်းဆီပဲရောက်နေတယ်’ဆိုတာကို ကိုယ်စားပြုတဲ့ အချစ်မျိုးဖြစ်ပြီး ကိုယ်တစ်ဖက်ချစ်ရတဲ့သူတွေကိုလည်း နေကြာပန်းတွေ ပေးလို့ရတယ်"


ချင်လု: "အစ်မ၊ နေကြာပန်းနဲ့ နှင်းဆီနက်တို့နှစ်ခုစလုံးက အချစ်ကို ကိုယ်စားပြုတာဖြစ်ပေမဲ့ ပထမတစ်ခုရဲ့အချစ်က ပိုတောက်ပပြီးမှန်တယ်၊ ဒုတိယတစ်ခုရဲ့အချစ်က နည်းနည်းဖောက်ပြားပြီး အစွန်းရောက်တဲ့ပုံပေါက်တယ်"


ချင်မြောင်က ခေါင်းငြိမ့်လိုက်သည်။

"ဒီပန်းနှစ်ပွင့်က လူသတ်မှုကိစ္စနဲ့ ပတ်သက်ရင် အဲဒီလိုပြောလို့ရတယ်… ဒါ့အပြင် အပြင်က ပန်းခြံထဲမှာ မူလက နှင်းဆီနက်တွေနဲ့ ပြည့်နေမှာ မဟုတ်ဘူး၊ ပြီးတော့ သာမန်လူတွေအတွက် သူတို့အိမ်ရှေ့မှာ နှင်းဆီနက်ဉယျာဉ်ရှိဖို့ဆိုတာ အတော်လေးရှားတယ်လို့ ငါထင်တယ်"


ရွှီယိရှန်း: "ဒါဆို ဥယျာဉ်ထဲမှာ မူလက နေကြာပန်းတွေ စိုက်ထားတာ ဖြစ်နိုင်တယ်… ပြီးတော့မှ လူသတ်သမားက လူတွေကိုသတ်ပစ်ပြီး ဥယျာဉ်ထဲမှာ အလောင်းတွေ မြုပ်ပြီး နှင်းဆီနက်တွေ စိုက်လိုက်တာလား"


ဒီစကားကိုကြားတော့ အားလုံးက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။


ကျိုဖုန်းက မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။

"နောက်ထပ်ပြဿနာတစ်ခုရှိသေးတယ်၊ ငါတို့တွေ ပထမထပ်မှာ လူမခွဲခင်တုန်းက အားလုံးမြင်ခဲ့တဲ့ စိတ်ကူးယဉ်ပန်းချီတွေက အတူတူပဲ… ဒုတိယထပ်မှာ ငါတို့လူခွဲပြီးမှ သူတို့နဲ့ အဆက်အသွယ်ပြတ်သွားတာဆိုတော့ ဒီအခန်းနှစ်ခန်းထဲမှာ ငါတို့မြင်ခဲ့ရတဲ့ ပန်းချီကားတွေက ရှင်းဝမ်နဲ့ အခြားသူတွေမြင်တဲ့ ပန်းချီကားတွေနဲ့ အတူတူပဲဆိုတာ ငါတို့မသိဘူး… မတူနေရင် သဲလွန်စတွေအားလုံးကို ကျိုးကြောင်းဆင်ခြင်ပြီး ပေါင်းစပ်လို့မရတော့ဘူးမလား"


လင်းမန့်လော်က ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်တယ်… ဒီနေရာမှာ ရှင်းဝမ်တို့ကို ငါတို့ရှာမတွေ့ဘူးဆိုတော့ ငါတို့မြင်နေရတာနဲ့ ရှင်းဝမ်တို့မြင်ရတာနဲ့ ကိုက်ညီမှာမဟုတ်ဘူး… ငါတို့တွေ သူတို့နဲ့ တတ်နိုင်သမျှ မြန်မြန်တွေ့ဖို့ နည်းလမ်းရှာရမယ်"


လူများစွာ ဆွေးနွေးနေကြချိန်တွင် ရဲတိုက်အတွင်းရှိ ထူးဆန်းသောရယ်မောသံများ ဆက်တိုက်မြည်လာသည်။


ကျိုဖုန်းက မျက်မှောင်ကြုတ်ကာပြောသည်။

"ကံမကောင်းစွာပဲ ငါတို့အဖွဲ့ထဲမှာ ခယ်ရှောင်ပင်းမရှိဘူး၊ ဒါကြောင့် ဒီပန်းချီကားတွေကို ရှောင်ထူနဲ့ ဓာတ်ပုံရိုက်လို့မရဘူး… ပန်းချီကားတွေကဘာတွေလဲဆိုတာကို ရှင်းဝမ်တို့ကို ငါတို့ဘယ်လိုပြောကြမလဲ… စကားဖော်ပြချက်တွေကိုပဲ အားကိုးနေမယ်ဆိုရင် ငါတို့တွေ အသေးစိတ်အချက်အလက်တွေကို မေ့သွားမှာ စိုးရိမ်တယ်"


ချင်မြောင်က ရုတ်တရက် ပြောလိုက်သည်။

"ကျွန်မတို့ မြင်ဖူးသမျှ ပန်းချီကားအားလုံးကို ‌ပုံတူဆွဲပြီး ယူသွားမယ်"


ချင်လု၏ မျက်လုံးများ တောက်ပလာသည်။

"ဟုတ်တယ်၊ ပန်းချီဆွဲခန်းထဲမှာ စက္ကူအလွတ်နဲ့ စုတ်တံတွေ ရှိတယ်မဟုတ်ဘူးလား… ကျွန်မတို့က အစစ်နဲ့တူအောင် မဆွဲနိုင်ပေမဲ့ အကြမ်းဖျင်းပုံစံတော့ ဆွဲလို့ရတယ်"


ရွှီယိရှန်းက ချက်ချင်းပဲ အလုပ်စလုပ်တော့သည်။ သူက စာရွက်တစ်ရွက်နဲ့ စုတ်တံတစ်ခုကို ကောက်ကိုင်လိုက်ပြီး နံရံပေါ်က ပန်းချီကားကို ဖုံးထားရင်း ပြောလိုက်သည်။

"အားလုံး မြန်မြန်လုပ်ကြ… တစ်ခုစီကို ပုံတူကူးလိုက်… အောက်လိုင်းဆွဲတာတော့ ‌ရှင်းရှင်းလင်းလင်းကောင်းတယ်၊ အရောင်ကတော့… ငါတို့ အရောင်ဘယ်လိုစပ်ရမလဲမသိတာကြောင့် အကြမ်းဖျင်းပဲ ဆွဲလိုက်ပါ"


ဥပမာအားဖြင့် ပန်းချီကားထဲက လူများ၏ အသားအရောင်နှင့် အဝတ်အစားအရောင်ရှိသည်။ သူတို့က ပန်းချီကို ဘယ်တုန်းကမှ မလေ့လာဖူးသည့်အတွက် မူရင်းပန်းချီကားနဲ့တူဖို့ခက်ပေမဲ့ အောက်လိုင်းပန်းချီ အကြမ်းဖျင်းဆွဲဖို့တော့ ဖြစ်နိုင်တုန်းပါပဲ။ အချိန်ကျလာသောအခါ သူတို့က ရွှီဖေးရွှယ်ကိုပြပြီး သူမက ပို၍သဲလွန်စများကို မြင်နိုင်သည်။


ရွှီယိရှန်း၊ လျှိုကျောက်ချင်းနှင့် လင်းမန့်လော်တို့သည် ပန်းချီကားများကို အမြန်ကူးယူလာကြသည်။


ချင်လုသည် ကိရိယာများဖြင့် ကူညီရန် ဘေးနားတွင် ရှိနေခဲ့ပြီး ပြတင်းပေါက်ကို လှမ်းကြည့်ရန် ခေါင်းကို လှည့်ကာ အံ့သြစွာ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ချင်မြောင်က သူမနှင့် စိတ်ချင်းဆက်နေပြီး ချက်ချင်း မေးလိုက်သည်။

"ဘာဖြစ်တာလဲ ရှောင်လု"


ချင်လုက အောက်ထပ်ကို ညွှန်ပြပြီး ပြောလိုက်သည်။

"အစ်မ အပြင်ကိုကြည့်လိုက်ဦး"


အားလုံးက သူမအကြည့်နောက်ကို လိုက်ကြပြီး ကျိုဖုန်း၏မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။ 

"နေကြာပန်းတွေလား"


အေးမြသော လရောင်အောက်တွင် ရဲတိုက်အပြင်ဘက်ရှိ ဥယျာဉ်ထဲမှာ ထူးဆန်း‌သောနှင်းဆီနက်ပန်းခင်းကြီးမဟုတ်ဘဲ နေကြာပန်းခင်းကြီးတစ်ခုဖြစ်နေသည်။


ချင်မြောင်: "ငါတို့ရဲ့ ထင်မြင်ယူဆချက်က မှန်နိုင်တယ်၊ ဒီအိမ်ကြီးရဲ့အပြင်ဘက်မှာ မူလက နေကြာပန်းတွေနဲ့ ပြည့်နေပေမဲ့ ကံမကောင်းစွာပဲ နှင်းဆီနက်ကို အစားထိုးခဲ့တယ်… ပန်းနှစ်မျိုးစလုံးဟာ 'အချစ်' နဲ့ ဆက်စပ်နေတာကြောင့် လူသတ်သမားရဲ့ လူသတ်ရတဲ့ရည်ရွယ်ချက်က အရမ်းအရေးကြီးပြီး ချစ်ခြင်း၊မုန်းခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ချစ်ရသူကိုသတ်တာ ဒါမှမဟုတ် အချစ်ပြိုင်ဘက်တစ်ဦးကို သတ်ပြီး သူတို့ရဲ့နေရာကို အစားထိုးလိုက်တာဖြစ်နိုင်တယ်"


တစ်ချိန်တည်းမှာပင် ယွဲ့ရှင်းဝမ်တို့ လူခုနစ်ယောက်အဖွဲ့သည် စာကြည့်ခန်းမှထွက်လာပြီး ဝင်ပေါက်ဆီသို့ ပြန်သွားခဲ့သည်။


အဝင်ဝမှာ ချိတ်ဆွဲထားသော "မိုနာလီဆာ" ပန်းချီကားထဲက အမျိုးသမီးသည် အပြောင်းအလဲမရှိဘဲ ငြိမ်သက်စွာ သူတို့ကို ကြည့်နေသည်။ သုတေသနအဖွဲ့ chat channel တွင် လျှိုကျောက်ချင်း၏အဖွဲ့မှ အကြောင်းမပြန်သေးပါ။


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကိုပြန်ကြည့်ကာ ပြောလိုက်သည်။

"စီနီယာအစ်ကိုလျှိုနဲ့ အခြားသူတွေ ထွက်မလာသေးဘူးလား"


ကျန်းဖျင်စစ်: "သူတို့ထွက်လာလို့မရတာဖြစ်တယ်"


ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"ပုံရိပ်ယောင်ကမ္ဘာထဲကို ဝင်သွားပြီးနောက် ထိန်းချုပ်မှုကနေ လွတ်မြောက်ဖို့ ‘ရွှေပုစဉ်းရင်ကွဲခွဲ’ကို အသုံးမပြုဘူးဆိုရင် ထာဝရ အဲဒီအထဲမှာပိတ်မိနေမှာလို့ မင်းဆိုလိုတာလား"


ကျန်းဖျင်စစ်သည် ခဏလောက် နှုတ်ဆိတ်နေပြီး ပြောခဲ့သည်။ 

"ဒါက ငါ့ရဲ့ ထင်မြင်ချက်သက်သက်ပါပဲ၊ မသေချာဘူး၊ ဒီမှာ စောင့်ကြည့်ရအောင်"


【TK— "La Donna Velata"ပန်းချီကားချပ်ကို အီတလီပန်းချီဆရာ "Raphael" က 1515 မှာ ရေးဆွဲခဲ့ပါတယ်။ Raphael ရဲ့ နာမည်အရင်းက Raffaello Sanzio da Urbino ဖြစ်ပါတယ်။

"La Donna Velata"ရဲ့ အဓိပ္ပါယ်က "The woman with the veil"လို့ခေါ်ပါတယ်။


— "Lady with an ermine"ပန်းချီကားချပ်ကိုလည်း အီတလီပန်းချီဆရာ "Leonardo da Vinci"ကပဲ (1489-1491)ကြားမှာ ရေးဆွဲခဲ့ပါတယ်။

ဒီပန်းချီကားချပ်ဟာ မီလန်မြို့စား Ludovico Sforza ရဲ့ အပျော်မယား "Cecilia Gallerani" ကို ရေးဆွဲထားခြင်းဖြစ်ပါတယ်။


— "Woman with a Parasol– Madame Monet and Her Son"ပန်းချီကားချပ်ကို ပြင်သစ်ပန်းချီဆရာ "Monet" က 1875 မှာရေးဆွဲခဲ့ပါတယ်။ Monet ရဲ့ နာမည်အရင်းက Oscar-Claude Monet ဖြစ်ပါတယ်။


— "Sunflower"ပန်းချီကားချပ်ကိုလည်း ဒတ်ခ်ျပန်းချီဆရာ "Van Gogh" က 1888 မှာ ရေးဆွဲခဲ့ပါတယ်။】


#TK