Chapter 203
Viewers 23k

Volume 10 : အနုပညာဌာန


Chapter 203 (ပန်းချီထဲကပုံရိပ်ယောင် ၀၆)


ခယ်ရှောင်ပင်းက ခေါင်းကုတ်ပြီး ပြောလိုက်သည်။

"ဒုတိယထပ်က ဝင်ပေါက်မှာ "မိုနာလီဆာ"ပန်းချီကားက ပုံရိပ်ယောင်ကမ္ဘာကို ကူးပြောင်းသွားတဲ့အတွက် အဲဒါက ပုံမှန်ပြန်ဖြစ်သွားရင် မူလကမ္ဘာကို ပြန်ရောက်သွားလိမ့်မယ်… ငါတို့က ဒီမှာစောင့်နေရမှာဆိုတော့ သူတို့ကို ဘယ်လောက်ကြာစောင့်နေရမှာလဲ"


ယွဲ့ရှင်းဝမ်က မေးလိုက်သည်။

"အဖွဲ့နှစ်ဖွဲ့ကွဲသွားတာ ဘယ်လောက်ကြာပြီလဲ"


ခယ်ရှောင်ပင်းသည် ရှောင်ထူခေါင်းပေါ်ရှိ အချိန်ကို ကြည့်ကာ ပြောသည်။

"နာရီဝက်ကျော်သွားပြီ" 


ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"စီနီယာအစ်ကိုကျိုဖုန်းရဲ့ သတိရှိမှုကြောင့် သူတို့နေထိုင်နေတဲ့ ကမ္ဘာကြီးက ပုံရိပ်ယောင်ဖြစ်နေတာကို သူရှာတွေ့နိုင်တယ်… ဒါကြောင့် ထွက်ပေါက်ကို အမြန်ဆုံးရှာသင့်တယ် ဒါမှမဟုတ် ငါတို့ကို ဆက်သွယ်ဖို့ နည်းလမ်းရှာသင့်တယ်… အခုထိ အဆက်အသွယ်မရသေးတာ အဓိပ္ပါယ်မရှိဘူး"


ယွဲ့ရှင်းဝမ်: "နောက်ထပ် 10 မိနစ်စောင့်ရအောင်"


အားလုံးက အပေါက်ဝမှာ စိတ်လှုပ်ရှားစွာ ရပ်နေကြသည်။


အချိန်တွေ တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားပေမဲ့ တစ်ဖက်ခန်းကနေ ဘယ်သူမှ မထွက်လာကြဘဲ သုတေသနအဖွဲ့ chat channel ထဲက မက်ဆေ့ချ်ကို အကြောင်းမပြန်ခဲ့ဘူး။ လျှိုကျောက်ချင်းနှင့် အခြားသူများသည် အရိပ်အယောင်မရှိဘဲ ဤထူးဆန်းသောရဲတိုက်က ဝါးမျိုသွားပုံရသည်။


10 မိနစ်အကြာတွင် ကျန်းဖျင်စစ်က ရုတ်တရက် ပြောလိုက်ူည်။

"ရှင်းဝမ် ဒီသင်တန်းအတွက် သတိပေးချက်မှာ အချိန်ကန့်သတ်ချက်မရှိဘူးမလား"


ယွဲ့ရှင်းဝမ်၏ နောက်ကျောက ရုတ်တရက် အေးစက်သွားပြီး ပြောလိုက်သည်။

"ဟုတ်တယ်… အရင်တုန်းက သင်တန်းတစ်ခုတက်တဲ့အခါ ရှင်သန်ဖို့ ဘယ်နှစ်ရက် ဒါမှမဟုတ် ဖြေရှင်းဖို့ ဘယ်နှစ်ကက် အချိန်သတ်မှတ်ချက်တွေ ရှိတယ်… ဒါပေမဲ့ ဒီသင်တန်းရဲ့ အချိန်ကို မဖော်ပြထားဘူးဆိုတော့ ငါတို့ကို ဒီပန်းချီကားထဲက လျှို့ဝှက်ဆန်းကြယ်မှုကိုပဲ ဖြေရှင်းဖို့ ခွင့်ပြုထားတာပေါ့"


ခယ်ရှောင်ပင်း: "အချိန်ကန့်သတ်ချက်မရှိဘူးဆိုတော့ ငါတို့တွေ ဒီနေရာမှာ ထာဝရပိတ်မိနေပြီလို့ ဆိုလိုတာလား"


ကျန်းဖျင်စစ်၏ မျက်နှာသည် လေးနက်ပြီး သူသည် ခဏမျှ တိတ်ဆိတ်နေပြီးနောက် တိုးတိုးပြောလိုက်သည်။

"နောက်ဆုံးကတော့ စီနီယာအစ်ကိုလျှိုနဲ့ အခြားသူတွေက ပုံရိပ်ယောင်ထဲမှာလား ဒါမှမဟုတ် ငါတို့က ပန်းချီကားထဲက ပုံရိပ်ယောင်ထဲမှာလား"


ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး တည်ငြိမ်စွာပြောသည်။

"ငါတို့ ရဲတိုက်ထဲကို ဝင်လိုက်တာနဲ့ ပထမထပ်မှာ စိတ်ကူးယဉ်ပန်းချီကားလေးချပ်ရှိပြီး ရဲတိုက်အပြင်ဘက်မှာ ဉယျာဉ်က နှင်းဆီနက်တွေနဲ့ ပြည့်နေတယ်… ဥယျာဉ်ကိုတူးပြီး အလောင်းသုံးလောင်းတွေ့တယ်… အဲဒါကို ကမ္ဘာ A လို့ ငါတို့မှတ်ယူနိုင်ပြီး၊ ကမ္ဘာ B က ကွဲလွဲပြီး ဘယ်တစ်ခုက ပုံရိပ်ယောင်လည်းဆိုတာ မယူဆနိုင်တာကြောင့် ကမ္ဘာရဲ့အပြောင်းအလဲတွေရဲ့ လမ်းဆုံကို ရှာဖွေခြင်းနဲ့သာ အခြားအဖွဲ့နဲ့ တွေ့ဆုံနိုင်မှာ"


ရှင်းယန်က ပေါ့ပါးစွာ ပြောလိုက်သည်။

"အဖွဲ့နှစ်ဖွဲ့တွေ့ရှိတဲ့ သဲလွန်စတွေက မတူဘူးလို့ ငါထင်တယ်၊ ဒါကြောင့် အကျဉ်းချုပ်ပြီးရင် ငါတို့တွေ ခွဲခြမ်းစိတ်ဖြာမှုတွေကို ဆက်လက်လုပ်ဆောင်နိုင်မှာ"


ခယ်ရှောင်ပင်းက ခေါင်းငြိမ့်သဘောတူသည်။

"စက်ယန္တရားလည်ပတ်တဲ့အခါ ကမ္ဘာကပြောင်းလဲသွားလိမ့်မယ်… ငါတို့တွေ စက်ယန္တရားရဲ့တည်နေရာနဲ့ စက်ယန္တရားရဲ့ပြောင်းလဲမှု စည်းမျဉ်းတွေကို ရှာပြီး အဲဒါမှ စီနီယာအစ်ကိုလျှိုနဲ့ အခြားသူတွေနဲ့ တွေ့ဆုံဖို့ ဖြစ်နိုင်မှာ"


ယွဲ့ရှင်းဝမ်: "အင်း၊ အောက်ထပ်ဆင်းပြီး အရင်ကြည့်ရအောင်"


ကျန်းဖျင်စစ်သည် ဒုတိယထပ်ရှိ ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး ကျောင်းသားများကို အောက်ထပ်သို့ ပျံသန်းခွင့်ပြုရန် သြဒီနိတ်စနစ်ကို တိုက်ရိုက်အသုံးပြုခဲ့သည်။


ရဲတိုက်ရှေ့က ခြံဝင်းထဲမှာ နှင်းဆီနက်တွေနဲ့ ပြည့်နေပြီး အနက်ရောင်ပွင့်ချပ်များက လရောင်အောက်မှာ ထူးထူးခြားခြား ပွင့်နေသည်။ အားလုံးကို အံ့သြသွားစေတာက သူတို့ တူးထားသော အလောင်းသုံးလောင်းဟာ အမှန်တကယ် ပျောက်ကွယ်သွားခဲ့သည်။


ကျန်းရှောင်နျန်သည် သပ်ရပ်သောနှင်းဆီဥယျာဉ်ကို စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။

"ကျွန်တော် မြေတူးစက်နဲ့ တူးထားတဲ့တွင်းက ဘယ်ရောက်သွားတာလဲ"


ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"ဥယျာဉ်မှာ ခြေရာလက်ရာ လုံးဝမရှိဘူး"


 ကျန်းဖျင်စစ်က ပြတ်သားစွာ ပြောလိုက်သည်။

"ရှောင်နျန် မူလနေရာကို တွင်းအသစ်ပြန်တူးကြည့်လိုက်"


ကျန်းရှောင်နျန်သည် မြေတူးစက်ကို ချက်ချင်းဆင့်ခေါ်ပြီး အလောင်းကို စတင်တွေ့ရှိသည့် အပေါက်ကြီးတစ်ခုကို တူးလိုက်ရာ အလောင်းကို မြုပ်ထားရာနေရာသည် နှင်းဆီပန်းဥယျာဉ်၏ အလယ်ဗဟိုတွင်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သူမှတ်မိနေသည်။


သို့သော်လည်း သူ၏မြေတူးစက်သည် တောက်လျှောက်တူးခဲ့ပြီး တွင်းသည် သုံးမီတာ နက်သော်လည်း အရိုးများကို မထိသေးဘဲ မူမမှန်မှု မတွေ့ခဲ့ရပေ။ လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။


ယွဲ့ရှင်းဝမ်သည် တွင်းကြီး၏ နံဘေးတွင် ရပ်ကာ စဉ်းစားနေမိသည်။


ကျန်းဖျင်စစ်သည် သူ့ဆီသို့ လျှောက်လာပြီး သူ့ပခုံးပေါ် လက်ကို ညင်သာစွာ တင်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။

"မင်းဘယ်လိုထင်လဲ"


ယွဲ့ရှင်းဝမ်က ခဏလောက်တိတ်ဆိတ်နေပြီး ပြောလိုက်သည်။

"ငါတို့တွေ ပုံရိပ်ယောက်ထဲကနေ တကယ်ပဲထွက်လာခဲ့ပြီလား"


ကျန်းဖျင်စစ်: "‘ရွှေပုစဉ်းရင်ကွဲခွံ’ရဲ့စွမ်းရည်ဖော်ပြချက်က ထိန်းချုပ်မှုလွတ်မြောက်ခြင်းနဲ့ အဖွဲ့လိုက်နေရာရွှေ့ပြောင်းခြင်းဆိုတာ ငါမှတ်မိတယ်… အဲဒီအချိန်မှာ ဆံပင်ရှည်ရှည်အမျိုးသမီးတွေက ငါတို့ကိုဝိုင်းထားခဲ့ပြီး အားလုံးကို ဒုတိယထပ်ကဝင်ပေါက်ဆီ တယ်လီပို့ဖို့ မင်းက ရွှေပုစဉ်းရင်ကွဲခွံကို အသုံးပြုခဲ့တယ်… ပုံရိပ်ယောင်ကမ္ဘာက ထိန်းချုပ်မှုစွမ်းရည်မှာ မပါဝင်ဘူး၊ ဒီတော့ ‘ရွှေပုစဉ်းရင်ကွဲခွံ’က ငါတို့ကို ပုံရိပ်ယောင်ကမ္ဘာကနေ တိုက်ရိုက်ထွက်သွားခွင့်ပေးမှာမဟုတ်ဘူး"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်တယ်"


ကျန်းဖျင်စစ်က ဆက်လက်ပြောသည်။

"ဒုတိယထပ်က ပန်းချီကားဟာ ပုံမှန်ပြန်ဖြစ်သွားခဲ့ပေမဲ့ ငါတို့က မူလကမ္ဘာကို ပြန်မရောက်သေးဘူး… ပြီးပြည့်စုံတဲ့ဥယျာဉ်၊ ပျောက်ကွယ်သွားတဲ့အလောင်းတွေက ငါတို့ဟာ အစတုန်းက တူညီတဲ့ရဲတိုက်ဟောင်းမှာ ရှိမနေဘူးဆိုတာ သက်သေပြနေတယ်"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။

"အစတုန်းက ရဲတိုက်ဟောင်းကို တကယ့်ကမ္ဘာလို့ ယူဆလိုက်ရင် ဧည့်ခန်းထဲက ကော်ဇော်ပေါ်မှာ သွေးကွက်ကိုတွေ့ပြီး အခင်းဖြစ်ပွားတဲ့နေရာမှာ လူသတ်သမားမြုပ်နှံထားတဲ့ အလောင်းကို တူးဖော်မိတယ်… အဲဒီနောက် ငါတို့တွေ ဒုတိယထပ်ကို ရောက်သွားတဲ့အချိန်မှာပဲ ငါတို့က ပုံရိပ်ယောင်ကမ္ဘာထဲကို တကယ်ဝင်သွားတာ"


ကျန်းဖျင်စစ်: "ဟုတ်တယ်… အဲဒီအချိန်တုန်းက ပန်းချီကားထဲက အမျိုးသမီးရဲ့နှုတ်ခမ်းထောင့်တွေ လှုပ်သွားတာကို မင်းတွေ့လိုက်တယ်၊ အဲဒါက ထင်ယောင်ထင်မှားမဟုတ်ဘဲ ပန်းချီကားထဲကလူက တကယ်လှုပ်ရှားသွားတာ… လက်တွေ့နဲ့ ပုံရိပ်ယောင်ကမ္ဘာရဲ့ ကွာခြားချက်ကတော့ လက်တွေ့မှာ ပန်းချီကားက ငြိမ်သက်နေပြီး ပုံရိပ်ယောင်ကမ္ဘာမှာ ပန်းချီကားက လှုပ်ရှားနေတယ်"


အခြားသူများသည် သူတို့နှစ်ယောက်၏ ခွဲခြမ်းစိတ်ဖြာတာကို နားထောင်ပြီး စိတ်ရှုပ်သွားသည်။


ရှင်းယန်က ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။

"အဲဒီလိုဆိုရင် ငါတို့ ဒုတိယထပ်ကို ရောက်တဲ့အခါ ရှင်းဝမ်က ပန်းချီကားရဲ့နှုတ်ခမ်းလှုပ်သွားတာကို မြင်လိုက်တယ်လို့ ပြောခဲ့တယ်၊ ပြီးတော့ အဲဒါက အရက်မီးခွက်ရဲ့ အလင်းရောင်ကြောင့် ထင်ယောင်ထင်မှားဖြစ်တာလို့ ငါထင်ခဲ့တယ်၊ တကယ်တော့ ပန်းချီကားက တကယ်လှုပ်သွားတာ… အဲဒီအချိန်မှာ အားလုံးက ပုံရိပ်ယောင်ကမ္ဘာထဲကို ဝင်သွားပြီလား"


ယွဲ့ရှင်းဝမ်: "ဟုတ်တယ်… ဒုတိယထပ်ကို အားလုံးလျှောက်သွားပြီး ချိတ်ထားတဲ့"မိုနာလီဆာ"ပန်းချီကားကို အားလုံး ပထမဆုံးအကြိမ် မြင်လိုက်တဲ့အခါ အဲဒါက မူလကမ္ဘာမဟုတ်တော့ဘူး"


ခယ်ရှောင်ပင်းက စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကုတ်လိုက်ပြီး ကောက်ချက်ချလိုက်သည်။

"ဆိုလိုတာက ဒီမှာ ကမ္ဘာသုံးခုရှိတာလား"


ကျန်းဖျင်စစ်သည် နံဘေးသို့လှမ်း၍ သစ်ကိုင်းတစ်ကိုင်းကိုယူကာ မြေပြင်ပေါ်တွင်ပုံဆွဲရင်း ရှင်းပြခဲ့သည်။

"သုံးခုပဲမဟုတ်ဘူး… ပန်းချီကားထဲက ပြောင်းလဲမှုတိုင်းက ကမ္ဘာကြီးကို ပြောင်းလဲစေတဲ့ လက္ခဏာတစ်ခုအဖြစ် ငါတို့မှတ်ယူပြီးတော့ ကမ္ဘာ A မှာ ပထမထပ်က စိတ်ကူးယဉ်ပန်းချီကား လေးခုရှိတယ်၊ ပြီးတော့ အခင်းဖြစ်ပွားရာနေရာဖြစ်တဲ့ ဥယျာဉ်ထဲမှာ အလောင်းရှာတွေ့တယ်"


သူသည် မြားတစ်စင်းနှင့် 'B' ကို စက်ဝိုင်းနဲ့ ဆွဲလိုက်ပြီး ပြောသည်။

"အားလုံးက ဒုတိယထပ်ကို အတူတူတက်သွားပြီးနောက် ရှင်းဝမ်က ပန်းချီကားထဲက လူရဲ့နှုတ်ခမ်းလှုပ်သွားတာကို တွေ့လိုက်တယ်၊ အဲဒါက ကမ္ဘာ B ပဲ" 


ကမ္ဘာ့ B ၏နောက်ဘက်တွင် နောက်ထပ်အခွဲနှစ်ခုကိုဆွဲကာ C နှင့် D ရေးပြီး ကျန်းဖျင်စစ်က ဆက်ပြောသည်။

"ငါတို့က ကမ္ဘာ B မှာ အဖွဲ့ခွဲပြီး ငါတို့က ဘယ်ဘက်အခန်းကို ဝင်သွားပြီး ကမ္ဘာ C ဆီကို တယ်လီပို့ခံရတယ်၊ ပြီးတော့ စီနီယာအစ်ကိုလျှိုတို့က ညာဘက်အခန်းကို ဝင်သွားပြီး ကမ္ဘာ D ဆီ တယ်လီပို့ခံရတယ်" 


ကျန်းဖျင်စစ်က ခေတ္တရပ်လိုက်ပြီး ဆက်၍ဆွဲသည်။

"ငါတို့က ကမ္ဘာ C ထဲက ထွက်လာပြီးနောက် ဝင်ပေါက်က မိုနာလီဆာဟာ မျက်နှာပြောင်းလဲသွားတာကို ငါတို့တွေ့လိုက်ရတယ်၊ ခေါင်းမိုးကနေ သွေးတွေ စီးကျလာပြီး ပန်းချီကားထဲက ငါတို့ကို တိုက်ခိုက်တယ်၊ အဲဒါက ကမ္ဘာ E… ငါတို့က ပန်းချီကားထဲက လူဆီကနေ ထွက်ပြေးပြီး ငါတို့တွေ ဒုတိယထပ်ကို ပြန်ရောက်တဲ့အခါ ပန်းချီကားက ပုံမှန်ပြန်ဖြစ်သွားပေမဲ့ အဲဒီအချိန် ဥယျာဉ်ထဲမှာ အလောင်းတွေမရှိတော့ဘူး၊ ဒါက ကမ္ဘာ F ပဲ"


"စီနီယာအစ်ကိုလျှိုနဲ့ အခြားလူတွေက ကမ္ဘာ D ကနေ ထွက်လာပြီး သူတို့ဘာမြင်ခဲ့လဲ ငါမသိပေမဲ့ သူတို့ရောက်နေတဲ့ ကမ္ဘာကလည်း ပြောင်းလဲနိုင်တယ်၊ အဲဒါကို ကမ္ဘာ G အဖြစ် မှတ်ယူလို့ရတယ်…" ကျန်းဖျင်စစ်၏ပုံများသည် ပိုပိုပြီးရှုပ်ထွေးကာ ကွင်းဆက်ဝင်္ကပါများနှင့်တူသည်။


မြေပြင်ပေါ်တွင် သူဆွဲထားသော သုံးဖက်မြင်ကမ္ဘာအခွဲမြေပုံကို ကြည့်လိုက်တော့ လူတိုင်းက နောက်ဆုံးတွင် သဘောပေါက်သွားကြသည်။


လန်ယာရုန်: "ဒီလိုဆိုရင် အစပိုင်းမှာ ငါတို့တွေ အလောင်းဆီကနေ သဲလွန်စတွေ ရှာတွေ့ခဲ့ပြီး အခင်းဖြစ်ပွားတဲ့နေရာလို့ ဆုံးဖြတ်ခဲ့တဲ့ ကမ္ဘာ A ကလွဲရင် အဲဒီနောက်ပိုင်း ငါတို့ ဝင်ရောက်လာတဲ့ ကမ္ဘာတွေက တကယ်တော့ ပန်းချီကားထဲက ပုံရိပ်ယောင်ပေါ့… ငါတို့က ပန်းချီကားတစ်ခုပြီးတစ်ခုဆီသွားနေတာ ဖြစ်နိုင်လို့လား"


ခယ်ရှောင်ပင်းက ခါးသက်သက်ပြုံးလိုက်သည်။

"ဒါက ရုပ်ပြလိုပဲ အဆက်မပြတ် matryoshka အရုပ်တွေ၊ ကမ္ဘာ C က E နဲ့ F ကိုခွဲထားပြီး ကမ္ဘာ D က G နဲ့ H ကိုခွဲထားတယ်… ဒါက အဆုံးမရှိတော့မဟုတ်ဘူးလား၊ ဝင်္ကပါလမ်းလျှောက်တာထက် ပိုကြောက်စရာကောင်းတယ်"


ကျန်းဖျင်စစ် ရေးဆွဲထားသော လက်ရှိကမ္ဘာအခွဲမြေပုံကို အကဲဖြတ်ကြည့်ပါက A မှ G အထိ မတူညီသောကမ္ဘာ 7 ခုရှိသည်။ A သည် အခင်းဖြစ်ပွားရာနေရာ၏ကမ္ဘာတစ်ခုသာဖြစ်ပြီး အခြားအရာများအားလုံးသည် "ပန်းချီကားထဲမှလူများလှုပ်ရှားနိုင်သည်"ဟူသော ပုံရိပ်ယောင်များဖြစ်နေကြသည်။ သူတို့သည် ဆက်လက် လျှောက်လှမ်းပြီး ကမ္ဘာကြီးကို ပိုမိုများပြားစေသည်။ ကျောင်းသားအဖွဲ့နှစ်ဖွဲ့သည် ဘယ်တော့မှ မဆုံနိုင်တော့ဘဲ ပန်းချီကားထဲတွင် ပိတ်မိနေကာ ပိုပို၍ ဝေးသွားနိုင်သည်။


ယွဲ့ရှင်းဝမ်သည် ဒီဖြစ်နိုင်ခြေကို တွေးပြီး ချက်ချင်းပဲ ဆုံးဖြတ်ချက်ချလိုက်သည်။ "ငါတို့တွေ ဆက်သွားလို့မရဘူး၊ မူလကမ္ဘာကို ငါတို့ပြန်သွားရမယ်" သူက အဖွဲ့ဝင်များကို ကြည့်ရင်း "ငါတို့ ဒုတိယထပ်ကိုတက်တုန်းက မင်းတို့အနီးနားမှာ ဘာပြောင်းလဲသွားသလဲဆိုတာ မှတ်မိလား"


ကျန်းရှောင်နျန်က တိုးတိုးပြောသည်။

"ကျွန်တော်တို့ လှေကားပေါ်တက်တုန်းက ပန်းချီကားက လူရဲ့နှုတ်ခမ်းထောင့်လှုပ်သွားတယ်လို့ စီနီယာအစ်ကိုရှင်းဝမ်က ပြောခဲ့တယ်… မဟုတ်မှလွဲရော ပထမထပ်ကနေ ဒုတိယထပ်ကိုသွားတဲ့လှေကားက ကမ္ဘာ A နဲ့ ကမ္ဘာ B ကိုချိတ်ဆက်ထားတဲ့ ဝင်ပေါက်လား"


ခယ်ရှောင်ပင်း၏ မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။

"ရှောင်နျန်၊ မင်းက ဗိသုကာဌာနရဲ့ "အဆုံးမရှိလှေကားများ"သင်တန်းကို တွေးနေတာလား"


ကျန်းရှောင်နျန်က ခေါင်းငြိမ့်ပြသည်။

"ဟုတ်တယ်၊ မူလ"အဆုံးမရှိလှေကားများ"ဝင်္ကပါသင်တန်းက လှေကားအတက်အဆင်းလုပ်ပြီးရင် အခြားနေရာတစ်ခုကို သယ်သွားလိမ့်မယ်၊ Penrose စက်ဝိုင်းလှေကားက သုံးဖက်မြင်ကမ္ဘာမှာ နားမလည်နိုင်ဘူး၊ စာကြည့်တိုက်ထဲမှာ အလွယ်တကူ နားလည်နိုင်တယ်… အပေါ်ယံမှာတော့ ပထမထပ်နဲ့ ဒုတိယထပ်မှာရှိတဲ့ လှေကားတွေက ချိတ်ဆက်ထားပေမဲ့ တကယ်တမ်းတော့ အဲဒီလှေကားအတက်အဆင်းကို ကျွန်တော်တို့ ဖြတ်လျှောက်တဲ့အခါ ကျွန်တော်တို့က အခြားနေရာတစ်ခုကို ရောက်သွားပြီ"


ယွဲ့ရှင်းဝမ်က သူ့ဂျူနီယာညီလေးကို သဘောကျစွာ ပခုံးကိုပုတ်လိုက်ပြီး ပြောသည်။

"ဒါက အဓိပ္ပာယ်ရှိတယ်… ဒုတိယထပ်က ဝင်ပေါက်ပန်းချီကားက ပုံရိပ်ယောင်ကမ္ဘာရဲ့ ပြောင်းလဲခြင်းမဟုတ်ဘူး၊ ပထမထပ်ကနေ ဒုတိယထပ်ကို ခေါ်ဆောင်သွားတဲ့လှေကား၊ ပြီးတော့ စင်္ကြံက တံခါးတိုင်းဟာ မတူညီတဲ့ကမ္ဘာတွေရဲ့ တယ်လီပို့အမှတ်တွေပဲ" သူသည် ကျန်းဖျင်စစ်ကို ကြည့်လိုက်ပြီး ပြောသည်။ ငါတို့တွေ မူလကမ္ဘာကို ပြန်သွားချင်ရင် မူလလမ်းအတိုင်း နောက်ပြန်လျှောက်သင့်တယ်မလား"


ကျန်းဖျင်စစ်က ထောက်ခံခဲ့သည်။

"ဒါက ပန်းချီကားထဲက ပုံရိပ်ယောင်တွေ ပုံဖော်ထားတဲ့ ကွင်းဆက်ဝင်္ကပါပဲ၊ မူလအစကို ရှာချင်ရင် ငါတို့တွေ ခြေလှမ်းမမှားစေဘဲ တူညီတဲ့လမ်းအတိုင်း သွားရမယ်"


ကျန်းဖျင်စစ်သည် ရဲတိုက်ထဲသို့ဝင်ကတည်းက လူတိုင်းသွားခဲ့သည့်လမ်းကို အလွန်ရှင်းလင်းသည်။ သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း ပုံဖော်ထားသော လမ်းကြောင်းတစ်ခုတောင် ရှိနေသည်။ ရှင်းဝမ်၏အကြည့်နှင့် ဆုံသောအခါ သူသည် ကိုဩဒီနိတ်စနစ်ကိုအား ချက်ချင်းဆင့်ခေါ်ကာ အားလုံးကို ဒုတိယထပ်ပြတင်းပေါက်သို့ ပြန်ခေါ်သွားခဲ့သည်။ ထို့နောက် ဝင်ပေါက်သို့ရောက်ကာ ညာဘက်ရှိ တံခါးကိုဝင်လိုက်သည်။


အခန်းထဲရှိ ပန်းချီကားသည် "နောက်ဆုံးညစာစားပွဲ" ဖြစ်နေဆဲဖြစ်ပြီး ကျန်းဖျင်စစ်က လူတိုင်းကို ဝင်ပေါက်သို့ပြန်ခေါ်ကာ ပထမထပ်သို့ ပြန်သွားခဲ့သည်။


လူတိုင်း၏မျက်လုံးထဲတွင် နေရာတိုင်းမှာ သွေးများနှင့် ပန်းချီကားထဲမှ လွင့်မျောလာသော ဆံပင်ရှည်အမျိုးသမီးက အမှန်တကယ် ပေါ်လာပြန်သည်။


မျက်နှာကျက်မှ သွေးများ ရွှဲနေပြီး ပန်းချီကားထဲမှ ထွက်လာသော အမျိုးသမီးသည် လက်တံများကဲ့သို့ ရှည်လျားသော ဆံပင်များ ရှိသဖြင့် သူတို့ကို မြင်သောအခါတွင် သူမက အရူးအမူး တိုက်ခိုက်လာတော့သည်။ ယွဲ့ရှင်းဝမ်၏လည်ပင်းကို ဆံပင်များဖြင့် ရစ်ပတ်လုနီးပါးဖြစ်နေချိန်တွင် ကျန်းဖျင်စစ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ သူ၏ညာလက်ကို လျင်မြန်စွာ မြှောက်လိုက်ပြီး သူ၏လက်ဖဝါးမှ ချွန်ထက်သော တြိဂံပေတံ ထွက်လာကာ ဆံပင်ကို နှစ်ပိုင်းဖြတ်လိုက်သည်။


သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ယွဲ့ရှင်းဝမ်၏လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး တိုးတိုးပြောလိုက်သည်။ 

"သွားတော့"


အားလုံးသည် ကျန်းဖျင်စစ်၏နောက်သို့လိုက်ကြပြီး ဒုတိယထပ်သို့ တိုက်ရိုက်ပြေးကြသည်။ ဒုတိယထပ်ဝင်ပေါက်ရှိ ပန်းချီကားတွင် သူမ၏မျက်နှာက အမှန်တကယ် ပြောင်းလဲသွားသည်။ ပန်းချီကားထဲမှ အမျိုးသမီးသည် သူမ၏ မျက်လုံးထောင့်များမှ မျက်ရည်များ စီးကျလာသည်။ ကျန်းဖျင်စစ်သည် အားလုံးကို ဘယ်ဘက်အခန်းကို ပြန်ခေါ်သွားပြီး နံရံမှာ ရင်းနှီးသော ပန်းချီကားတစ်ခုကို တွေ့လိုက်သည်။ ပန်းချီကားက ‌ဗန်ဂေါ့၏ "ကြယ်ရောင်လင်းလက်သောည"ဖြစ်ပြီး အစမှာမြင်ခဲ့ရသည့်အတိုင်းပါပဲ။


အခန်းထဲက ပြန်ထွက်လာတော့ အဝင်ဝမှာ ပန်းချီကားက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပေမဲ့ ပန်းချီကားထဲက အမျိုးသမီးသည် သူမ၏နှုတ်ခမ်းထောင့်ကို အနည်းငယ်မြှောက်ထားပုံရသည်။ 


အမျိုးသမီး၏နှုတ်ခမ်းထောင့်က ပေါ့ပေါ့ပါးပါးကွေးတက်လာပြီး အစပိုင်းတွင် ယွဲ့ရှင်းဝမ် မြင်ခဲ့သည့်အတိုင်းပင်။ ထိုအချိန်တုန်းက ၎င်းကို "ထင်ယောင်ထင်မှား" ဖြစ်နေသည်ဟု သူထင်ခဲ့သော်လည်း တကယ်တမ်းတွင် ဤအရာသည် စာကြည့်တိုက်မှ သူတို့ကို "ပုံရိပ်ယောင်ပန်းချီကားထဲ ဝင်ရောက်သွားကြောင်း"ပေးခဲ့သည့် အရှင်းလင်းဆုံးအရိပ်အမြွက်‌ဖြစ်သည်။


ယွဲ့ရှင်းဝမ်သည် အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။

"ခဏနေဦး"


ဤသည်မှာ ကျန်းဖျင်စစ်မှ အမှတ်အသားပြုထားသည့် "ကမ္ဘာ B" ဖြစ်ပြီး လျှိုကျောက်ချင်းအဖွဲ့နှင့် သူတို့ခွဲထွက်သွားသည့်နေရာလည်းဖြစ်သည်။


ယွဲ့ရှင်းဝမ်သည် အဘိဓာန်မှ စာရွက်တစ်ရွက်ကို အမြန်ဆုတ်ဖြဲလိုက်ပြီး ပန်းချီဆွဲခန်းမှ သူယူလာခဲ့သော ရောင်စုံစုတ်တံ ကျန်းဖျင်စစ်အား ပေးလိုက်သည်။ ကျန်းဖျင်စစ်က သဘောပေါက်လိုက်ပြီး စာရွက်ပေါ်တွင် သူဆွဲလိုက်သော ကမ္ဘာအခွဲမြေပုံကို ချက်ချင်းပြန်လည်ရေးဆွဲခဲ့သည်။ ယွဲ့ရှင်းဝမ်က ၎င်းကိုယူကာ စာရေးလိုက်သည်။ 

"ကွင်းဆက်ဝင်္ကပါ၊ မူလလမ်းအတိုင်း ပြန်လာပါ… လှေကားက ကမ္ဘာ A ဆုံစည်းရာ ဝင်ပေါက်ဖြစ်တယ်—— ရှင်းဝမ်နဲ့ ဖျင်စစ်ရှိတယ်"


သူသည် ဤစာရွက်ကို စင်္ကြံရှိ "မိုနာလီဆာ" ပုံတူဘေးတွင် ကပ်ထားသည်။


နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ လှေကားမှ ပြန်ဆင်းပြီး အားလုံးကို ပထမထပ်သို့ ခေါ်သွားသည်။


ပထမထပ်မှာ ရင်းနှီးသောခန်းမတစ်ခုရှိပြီး ဧည့်ခန်းရှိ ဆိုဖာဘေးတွင် ကော်ဇောပေါ်မှာ ရှင်းယန်ရှာတွေ့ခဲ့သော သွေးအိုင်များရှိသည်။ ကျန်းဖျင်စစ်က ရွှီဖေးရွှယ်ကို မေးလိုက်သည်။

"စိတ်ကူးယဉ်ပန်းချီလေးခုက အစက မင်းမြင်တဲ့ပုံနဲ့အတူတူပဲလား"


ရွှီဖေးရွှယ်က အနီးကပ်ကြည့်ရန် လျှောက်လာကာ ခေါင်းငြိမ့်ပြီး ပြောသည်။ 

"အတူတူပါပဲ" 


ကျန်းရှောင်နျန်သည် ပြတင်းပေါက်နားကို လှမ်းကြည့်လိုက်ပြီး အပြင်ကိုကြည့်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ဥယျာဉ်အလယ်မှာ ကျွန်တော်တူးထားတဲ့ တွင်းကြီးတစ်ခုရှိတယ်၊ ပြီးတော့ အဲဒါရဲ့ဘေးမှာ လူ့အရိုးသုံးခုရှိတယ်—— နောက်ဆုံးတော့ ကျွန်တော်တို့ပြန်လာပြီ"


#TK