Chapter 201
Viewers 23k

Volume 10 : အနုပညာဌာန


Chapter 201 (ပန်းချီထဲကပုံရိပ်ယောင် ၀၄)


ပန်းချီကားထဲမှာ ပေါ်လာသော အမျိုးသမီးက သူတို့မြင်ဖူးသော မိုနာလီဆာနဲ့ လုံးဝကို ကွဲပြားသည်။


ထိုအမျိုးသမီး၏ မျက်နှာသည် သရဲတစ္ဆေကဲ့သို့ ဖြူဖျော့နေသော်လည်း သူမ၏ နှုတ်ခမ်းများသည် သွေးကဲ့သို့ နီရဲနေသည်။ သူမ၏ မျက်နှာအသွင်အပြင်သည် ဆီဆေးပန်းချီထက် ဟောင်းနွမ်းပြီး အဝါရောင်ရှိသော ဓာတ်ပုံနှင့် ပိုတူသည်။


အနက်ရောင်ဆံပင်ရှည်နှင့် အနက်ရောင်ဝတ်ထားသော အမျိုးသမီးသည် သူမ၏မျက်လုံးထောင့်များမှ သွေးများနှင့် မျက်ရည်များ ဆက်လက်စီးဆင်းနေသည်။


ရုတ်တရက် အိမ်ခေါင်မိုးက ယိုစိမ့်နေပုံရပြီး အေးစက်သောအရည်များသည် သူ့မျက်နှာပေါ်တွင် ရွှဲနစ်နေတာ ယွဲ့ရှင်းဝမ်ခံစားလိုက်ရသည်။ ယွဲ့ရှင်းဝမ်သည် လက်ကိုဆန့်ပြီး မျက်နှာကိုထိလိုက်ရာ သူ့လက်များက အနီရောင်တောက်တောက်အရောင်ဖြင့် ပြည့်နေတာကို တွေ့လိုက်ရသည်။


ခယ်ရှောင်ပင်းသည် ယွဲ့ရှင်းဝမ်၏မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး တုန်တုန်ယင်ယင်အသံဖြင့် ပြောလိုက်သည်။

"ရှင်းဝမ်၊ မင်း–မင်းမျက်နှာမှာ သွေးတွေနဲ့"


ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်ကို ပြန်ကြည့်လိုက်ရာ တစ်ဖက်လူ၏မျက်နှာမှာလည်း သွေးများဖြင့် ဖုံးလွှမ်းနေပြီး ထူထပ်သောသွေးများက သူ့မျက်နှာတစ်ပြင်လုံးကို ရွှဲရွှဲစိုနေကာ အထူးကြောက်စရာကောင်းလှသည်။


အားလုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်တော့ လူတိုင်းက ဒီလိုဖြစ်နေတာ တွေ့ရသည်။


ခယ်ရှောင်ပင်းက သူ့အင်္ကျီလက်ဖြင့် အမြန်သုတ်လိုက်ပြီး ကျန်းဖျင်စစ်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"မသုတ်နဲ့… မင်းများများသုတ်လေ များများကျလေပဲ"


ခေါင်မိုးမှ သွေးများ ယိုစီးကျလာကာ မကြာမီ စုပုံကာ ပတ်ဝန်းကျင်ဆီသို့ စီးဆင်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ မူလအဖြူရောင်နံရံများဟာ အနီရောင်ဆေးဆိုးထားသော ရေကန်ကြီးလိုပဲ သွေးများက ကြမ်းပြင်တလျှောက် ပျံ့နှံ့သွားပြီး မျက်လုံးတစ်မှိတ်အတွင်းမှာပဲ လူတိုင်း၏ခြေထောက်နားကို ရောက်သွားသည်။


သူတို့ရှိနေသောနေရာတစ်ခုလုံးဟာ သွေးပင်လယ်ကဲ့သို့ သွေးများဖြင့်ပြည့်နေသည်။


ဒီထူးဆန်းသောမြင်ကွင်းက လူတိုင်းကို ထိတ်လန့်စေခဲ့ပြီး ယွဲ့ရှင်းဝမ်က သတိပေးလိုက်သည်။

"အားလုံးသတိထားကြ"


သူပြောပြီးသည်နှင့် တစ်ပြိုင်နက် ဝင်ပေါက်ပေါ်ရှိ ပန်းချီကားတစ်ချပ်မှ ဖျော့တော့သော သရဲတစ္ဆေအမျိုးသမီးသည် ပန်းချီကားထဲမှ ရုတ်တရက် ခေါင်းထွက်လာလေသည်။


သူမ၏ ရှည်လျားသော ဆံပင်များသည် လျှပ်စီးလက်သလို လွင့်ထွက်သွားပြီး ယွဲ့ရှင်းဝမ်၏လည်ပင်းကို ချက်ချင်း ရစ်ပတ်ထားသည်။


ယွဲ့ရှင်းဝမ်သည် အမျိုးသမီး၏ဆံပင်ကို ရေခဲသေတ္တာထဲမှ ထုတ်ယူလိုက်ပုံရသည်ဟုသာ ခံစားခဲ့ရသည်။ အညှစ်ခံရသော အေးမြမှုသည် သူ၏ကျောရိုးတလျှောက် ဦးခေါင်းထိပ်သို့ တည့်တည့်တိုးဝင်သွားသည်။ သူ၏လည်ပင်းသည် ဆံပင်များဖြင့် လည်ပင်းညှစ်ခံရတော့မည်ဖြစ်ကာ ပြင်းထန်သောအသက်ရှူသံက သူ့ရင်ဘတ်ပေါက်ထွက်တော့မည်ဟု ခံစားရသည်။ အောက်ဆီဂျင်မရှိခြင်းကြောင့် ဦးနှောက်ထဲတွင် ရှုပ်ထွေးမှုများ ဖြစ်စေသည်။ စကားတစ်ခွန်းတောင် မပြောနိုင်တော့ဘဲ သူ့ခန္ဓာကိုယ်က ဆံပင်ကြောင့် လေထဲမှာ တွဲလျားကျသည်။


ထိုမြင်ကွင်းကြောင့် အနီးနားရှိ ကျောင်းသားများအားလုံး အံ့အားသင့်သွားကြသည်။


ကျန်းဖျင်စစါ၏ မျက်နှာသည် ပြောင်းလဲသွား၏။ သူ၏ညာလက်သည် ရုတ်တရက် မြှောက်လာပြီး သူ့လက်ဖဝါးမှ အမွေးများကဲ့သို့ ပါးလွှာသော မရေမတွက်နိုင်သော တြိဂံပေတံများကို ပစ်လွတ်လိုက်သည်။ ချွန်ထက်သောတြိဂံပေတံများသည် အနက်ရောင်ဆံပင်များကို ချက်ချင်းဖြတ်ပစ်လိုက်ကြသည်။


ယွဲ့ရှင်းဝမ်၏လည်ပင်းပေါ်ရှိ ဆံပင်များပြေလျော့သွားပြီး သူ့ခန္ဓာကိုယ်က လျင်မြန်စွာ ပြုတ်ကျသွားသည်။


ကျန်းဖျင်စစ်သည် ရှင်းဝမ်ကိုဖမ်းရန် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပြောလိုက်သည်။

"သွားစို့"


သူသည် ယွဲ့ရှင်းဝမ်၏လက်ကိုဆွဲယူပြီး အောက်ထပ်သို့ အမြန်ပြေးသွားကာ ခယ်ရှောင်ပင်းလည်း အသိပြန်ဝင်လာပြီး ကျယ်လောင်စွာ အော်လိုက်သည်။

"တစ်ခုခုမှားနေပြီ၊ ဒီပန်းချီကားက ဝိညာဉ်ဖြစ်သွားပြီ၊ အားလုံး ပြေးကြ"


ပန်းချီကားထဲမှ နောက်ထပ် အမျိုးသမီးတစ်ဦး လွင့်ပျံလာသည်။


ခယ်ရှောင်ပင်းသည် မဆိုင်းမတွ ပြေးသွားကာ ကျန်လူများက အနောက်သို့ လိုက်သွားကြသည်။


ယွဲ့ရှင်းဝမ်သည် လှေကားထစ်များအောက်သို့ ပြေးဆင်းသွားပြီး ထိုအချိန်တွင် သူ့စိတ်က ငြိမ်သက်သွားခဲ့သည်။


အခုလေးတင်ပဲ ပန်းချီကားထဲက အမျိုးသမီးသည် သူ့ကို ရုတ်တရက် တိုက်ခိုက်ပြီး သူသတိလွတ်သွားတာကြောင့် လည်ပင်းညှစ်ခံရကာ ဥယျာဉ်ထဲမှာ တွေ့ရသည့် အလောင်းများ၏ လည်ပင်းများ အကုန်ကျိုးနေတာကို သူတွေးမိပြီး အမျိုးသမီး၏ တိုက်ခိုက်မှုက သူတို့သုံးဦး၏ ကြေကွဲဖွယ် သေဆုံးမှုအား အမှတ်ရစေသည်။


အသက်ရှုကြပ်ပြီး သေဆုံးသွားသည်။ အလောင်းအပေါ် စီနီယာအစ်ကိုလျှို၏ ခွဲခြမ်းစိတ်ဖြာမှုမှာ ရှင်းရှင်းလင်းလင်း မှန်ကန်သည်။


ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်၏လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီး သူ့လက်အနောက်ဘက်ရှိ အပြာရောင်သွေးကြောများ ပေါက်ထွက်တော့မည်။ ယွဲ့ရှင်းဝမ်သည် သူ၏စိုးရိမ်မှုကို သတိပြုမိပြီး ချက်ချင်းပင် သူ့ကို နောက်ပြန်ဆွဲကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ငါအဆင်ပြေပါတယ်၊ ဒီပန်းချီကား ရုတ်တရက် ပြောင်းလဲတာကြောင့် ငါ ခဏလောက် ကြောင်သွားတာပါ"


ကျန်းဖျင်စစ်သည် ဘာမှပြန်မပြောဘဲ ယွဲ့ရှင်းဝမ်ကို ဆွဲပြီး ပထမထပ်ကို အမြန်ပြေးသွားသည်။


အခြားကျောင်းသားများလည်း အနောက်လိုက်ခဲ့ရာ လန်ယာရုန်က ယွဲ့ရှင်းဝမ်ကို စိုးရိမ်တကြီးကြည့်လိုက်သည်။

"ရှင်းဝမ်၊ နင်အဆင်ပြေရဲ့လား"


ယွဲ့ရှင်းဝမ်က ပြန်ဖြေသည်။ 

"ကျွန်တော် အဆင်ပြေပါတယ်"


သူ နောက်ပြန်လှည့်ကြည့်လိုက်တော့ ပြိုးပြိုးပြက်ပြက်သွေးများက လှေကားထစ်ပေါ်ကနေ စီးဆင်းသွားပြီး သူတို့နောက်သို့ လိုက်လာကာ မျက်စိတစ်မှိတ်အတွင်းမှာပင် လှေကားထစ်တစ်ခုလုံးက သွေးများဖြင့် ခြယ်သသွားခဲ့သည်။


ယွဲ့ရှင်းဝမ်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။

"ဒီအတန်းကို “ပန်းချီထဲကပုံရိပ်ယောင်”လို့ခေါ်ပြီး ခုနက ငါတို့မြင်ခဲ့ရတာတွေက ပုံရိပ်ယောင်ဖြစ်နိုင်တယ်"


ခယ်ရှောင်ပင်း: "တစ်နည်းပြောရရင် စီနီယာအစ်ကိုလျှိုနဲ့ အခြားသူတွေက ရဲတိုက်မှာရှိတဲ့ အခြားအခန်းမှာ ရှိနေနိုင်တယ်ပေါ့၊ ပြီးတော့ ငါတို့က ပုံရိပ်ယောင်ကမ္ဘာထဲကို ဝင်သွားတာကြောင့် သူတို့ကို ဆက်သွယ်မရတာလား" ထိုသို့ပြောပြီးနောက် သူက ကျယ်လောင်စွာ အော်လိုက်သည်။ "စီနီယာအစ်ကိုလျှို ကျွန်တော့်အသံကို ကြားရလား"


လျှိုကျောက်ချင်းလည်း အခုလေးတင် ဒုတိယထပ်မှာ ရှိနေခဲ့သည်။ ခယ်ရှောင်ပင်းသည် ကျယ်လောင်စွာအော်လိုက်ပြီး တစ်ဖက်လူက သူ့ပြောတာကို သေချာပေါက်ကြားနေရသည်။ သို့သော် အခြားကျောင်းသားအုပ်စုထံမှ တုံ့ပြန်မှုမရှိသောကြောင့် ရှင်းလင်းချက်တစ်ခုသာရှိတော့သည်— သူတို့သည် မတူညီသောနေရာများတွင်ရှိ၍ တိုက်ရိုက်အဆက်အသွယ်မရတာကြောင့်ဖြစ်သည်။


ယွဲ့ရှင်းဝမ်: "သုတေသနအဖွဲ့မှာ ကျောင်းသားတွေ ဖယ်ရှားခံရတဲ့ သတိပေးချက်တွေ မပြထားဘူးဆိုတော့ သူတို့တွေ ဘာမှမဖြစ်ဘူးလို့ ဆိုလိုတာပဲ၊ ဒီတော့ စိတ်မပူပါနဲ့၊ ဒီပုံရိပ်ယောင်ထဲကနေ အရင်ထွက်ရအောင်"


ခယ်ရှောင်ပင်းက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

"ဒီပုံရိပ်ယောင်ကနေ ဘယ်လိုထွက်မှာလဲ"


ယွဲ့ရှင်းဝမ်မှာ လောလောဆယ်တွင် သဲလွန်စမရှိပေ။ သေသေချာချာ စဉ်းစားဖို့ အချိန်မရသေးခင် ဒုတိယထပ်ရှိ ပန်းချီကားထဲက လူများက သူ့နောက်ကို လိုက်လာကြသည်။


ဖြူဖျော့သော အမျိုးသမီးများသည် အစုလိုက်အပြုံလိုက် ထုလုပ်ထားသကဲ့သို့ ပန်းချီကားထဲမှ လွင့်ပျံလာသည်။ တစ်ခဏချင်းမှာပဲ ပန်းချီကားထဲက လူများသည် သူတို့ကို ဝိုင်းထားလိုက်ကြပြီး အနက်ရောင် ဆံပင်ရှည်ကြီးက ထူထပ်သော အနက်ရောင် ဧရာမပိုက်ကွန်လို ကောင်းကင်ကနေ ပြုတ်ကျလာသည်။


မြေပြင်ပေါ်ရှိ သွေးများသည် မြွေအုပ်စုကဲ့သို့ တဖျပ်ဖျပ်လူးသွားကာ မျက်စိတစ်မှိတ်အတွင်း သူတို့၏ခြေရင်းသို့ ရောက်လာပြီး သွေးများသည် သူတို့ကို လုံးလုံးဝါးမြိုတော့မလို မီးတောက်များကဲ့သို့ မြေပြင်မှ တက်လာသည်။


ယွဲ့ရှင်းဝမ်၏မျက်နှာပြောင်းသွားပြီး သူက အဘိဓာန်ကို ချက်ချင်းဖွင့်လိုက်ပြီး စာကြောင်းကို လျင်မြန်စွာ ရွတ်လိုက်သည်။

"ရွှေပုစဉ်းရင်ကွဲခွံ"


မီတာ 500 အထိ ထိန်းချုပ်မှုမှ လွတ်မြောက်ပြီး အဖွဲ့လိုက်တယ်လီပို့ခဲ့သည်။


ကျောင်းသားများရှေ့မှာ မြင်ကွင်းက ပြောင်းသွားသည်။ ဒီထူးဆန်းသော ရဲတိုက်ကနေ ရုန်းထွက်ပြီး အပြင်က နှင်းဆီဥယျာဉ်ကို ရောက်သွားမယ်လို့ သူတို့ထင်ကြသည်။ သို့သော် ယွဲ့ရှင်းဝမ်ကိုအံ့အားသင့်သွားစေတာက ရွှေပုစဉ်းရင်ကွဲခွံစွမ်းရည်ကို အသုံးပြုလိုက်သော်လည်း သူသည် ရဲတိုက်မှထွက်ခွာ၍မရခဲ့ပေ။


သူတို့က ပထမထပ်ကနေ ဒုတိယထပ်ကို တယ်လီပို့ခဲ့သည်။


ဒုတိယထပ်ဝင်ပေါက်တွင် "မိုနာလီဆာ"ကို ချိတ်ဆွဲထားဆဲဖြစ်သည်။


ပန်းချီကားကို မူရင်းပုံသဏ္ဌာန်အတိုင်း ပြန်လည်ထိန်းသိမ်းထားတာလား။


ပန်းချီကားထဲက အမျိုးသမီးသည် အပြုံးမမည်သော အပြုံးမျိုးနဲ့ နူးညံ့သိမ်မွေ့သည်။ သူမ၏ မျက်နှာသည် ပုံမှန်ဖြစ်ပြီး သွေးနှင့် မျက်ရည်များ မရှိပါ။


လှေကားဝင်ပေါက်တွင် လူ 7 ဦးအဖွဲ့သည် မတ်တပ်ရပ်ကာ ဝင်ပေါက်ရှိ ပန်းချီကားများကို ကြည့်ရင်း အံ့အားသင့်သွားကြသည်။


ရွှီဖေးရွှယ်သည် သူမခေါင်းကို ကုတ်လိုက်ပြီး ပြောလိုက်သည်။

"ဒီပန်းချီကားက မူလအခြေအနေပြန်ရောက်သွားပြီ… ငါတို့ မူလနေရာကို ပြန်သွားပြီလို့ ဆိုလိုတာမလား"


ရှင်းယန်သည် ရဲတိုက်တစ်ခုလုံးကို လင်းထိန်စေရန် အရက်မီးခွက်များစွာကို အမြန်ဆင့်ခေါ်လိုက်သည်။


နံရံများသည် အဖြူ၊ ကြမ်းပြင်ကို သန့်ရှင်းသော စကျင်ကျောက်ပြားများဖြင့် ဖုံးအုပ်ထားပြီး လှေကားပေါ်တွင် သွေးစွန်းထင်းမှု မရှိပေ။ ယွဲ့ရှင်းဝမ်သည် သူ့မျက်နှာကို ထိလိုက်သည်နှင့် သူ့မျက်နှာပေါ်ရှိ စေးကပ်သောသွေးများ ပျောက်ကွယ်သွားကာ အရာအားလုံးက အိပ်မက်ဆိုးတစ်ခုမျှသာ ဖြစ်နေသည်။


ယွဲ့ရှင်းဝမ်၏မျက်နှာမှာ သွေးများဖြင့် ဖုံးလွှမ်းနေတာကို ပြန်သတိရကာ ခယ်ရှောင်ပင်းသည် သူ့လက်မောင်းများပေါ်ရှိ ကြက်သီးမွေးညင်းများကို ပွတ်သပ်ရင်း ပြောလိုက်သည်။

"ခုနက တကယ်ပုံရိပ်ယောင်ပဲ… ဒီပန်းချီကုးက လက်တွေ့နဲ့ ပုံရိပ်ယောင်ကြား ပြောင်းလဲနေပုံရတယ်… မိုနာလီဆာက မူလအသွင်အပြင်ပေါ်လာတဲ့အခါ ငါတို့က ပုံမှန်ရဲတိုက်မှာ၊ ပန်းချီကလှည့်လာပြီး အခြားမျက်နှာတစ်ခုပေါ်လာတဲ့အခါ ငါတို့က ပုံရိပ်ယောင်နေရာထဲ ရောက်သွားတာလား"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။

"အဲဒီလိုပဲဖြစ်နိုင်တယ်"


ခယ်ရှောင်ပင်းသည် စင်္ကြံအဆုံးရှိ အခြားတံခါးဆီသို့ အော်လိုက်သည်။

"စီနီယာအစ်ကိုလျှို ကျွန်တော့်အသံကို ကြားရလား"


သူတို့နှစ်ဖွဲ့ကို အခုလေးတင် ခွဲလိုက်ပြီး ယွဲ့ရှင်းဝမ်က အဖွဲ့ကို ဘယ်ဘက်အခန်းဆီ ခေါ်သွားပြီး လျှိုကျောက်ချင်းက အဖွဲ့ကို ညာဘက်အခန်းဆီ ခေါ်သွားသည်။ အခု သူတို့ မူလကမ္ဘာကို ပြန်ရောက်လာပြီ၊ သူတို့တွေ အခြားအဖွဲ့၏အတန်းဖော်များနှင့် ပြန်ဆုံသင့်ပြီမဟုတ်ပါလား။


လူတိုင်းသည် လျှိုကျောက်ချင်း၏ ရင်းနှီးသောအသံကို ထွက်ပေါ်လာရန် မျှော်လင့်ခဲ့သော်လည်း စက္ကန့်အနည်းငယ်မျှ စောင့်ပြီးနောက်တွင် တုံ့ပြန်မှု မရှိခဲ့ပေ။


တံခါးသည် လျှိုကျောက်ချင်းနှင့် သူ၏အဖွဲ့ကို ကိုက်စားသွားပြီး ပါးစပ်ဖွင့်ထားသော သားရဲနှင့်တူသည်။


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြောလိုက်သည်။

"သွားကြည့်ကြမလား"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်လိုက်သည်။

"အင်း၊ အဲဒီအခန်းမှာလည်း သဲလွန်စတွေ ရှိနိုင်တယ်"


လူတိုင်းသည် ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့နှင့်အတူ ညာဘက်ရှိ အခန်းဆီသို့ လိုက်သွားကြသည်။


ဒါက စာကြည့်ခန်းဖြစ်ကာ နံရံတစ်ဖက်မှာ စာအုပ်စင်တစ်ခုရှိပြီး အခြားနံရံတစ်ခုသည် ဆီဆေးပန်းချီကားကြီးကို ချိတ်ဆွဲထားသည်။ ပန်းချီပညာကို မလေ့လာသည့်သူများတောင် ဒီပန်းချီကားကို မှတ်မိနိုင်သည်။


— ဒါက လီယိုနာဒိုဒါဗင်ချီ၏ လက်ရာ “နောက်ဆုံးညစာစားပွဲ”ဖြစ်သည်။


ယွဲ့ရှင်းဝမ်သည် ပန်းချီကားဆီသို့ လျှောက်သွားပြီး ပြောလိုက်သည်။

"“နောက်ဆုံးညစာစားပွဲ”က ဂျီးဆက်(ယေရှု)နဲ့ သမ္မာကျမ်းစာထဲက သူရဲ့တမန်တော် 12 ပါးရဲ့ ဇာတ်လမ်းကို ပြောပြထားတာ၊ တမန်တော်တွေနဲ့အတူ သူ့ရဲ့နောက်ဆုံးညစာစားပွဲမှာ ဂျီးဆက်က “တစ်ယောက်ယောက်က ငါ့ကို သစ္စာဖောက်လိမ့်မယ်”လို့ ပြောခဲ့တယ်"


ရွှီဖေးရွှယ်: "ဟုတ်တယ်… ဒါဗင်ချီရေးဆွဲထားတဲ့ပုံက “တစ်ယောက်ယောက်က ငါ့ကို သစ္စာဖောက်လိမ့်မယ်”လို့ ဂျီးဆက်ပြောပြီးနောက် တမန်တော် 12 ပါးရဲ့ မတူညီတဲ့အမူအရာတွေပဲ… နောက်ဆုံး သူ့ကိုသစ္စာဖောက်တဲ့ ဂျူးဒက်(သစ္စာဖောက်)က သူ့ညာဘက်က ဒုတိယထိုင်ခုံမှာ ထိုင်နေတယ်…" ရွှီဖေးရွှယ်သည် ပန်းချီကားထဲက ဂျူးဒက်ကို ညွှန်ပြပြီး "ဂျူးဒဏ်က သူ့လက်ထဲမှာ ပိုက်ဆံကိုင်ထားရပြီး သူ့သခင်ကို ပိုက်ဆံအတွက် သစ္စာဖောက်ခဲ့တယ်"


ခယ်ရှောင်ပင်းသည် သူ့မျက်မှန်ကို ပင့်တင်ကာ ပြောလိုက်သည်။

"နောက်ဆုံးညစာစားပွဲလား… ဒီပန်းချီကားက ငါတို့အရင်ကမြင်ခဲ့တဲ့ ပန်းချီကားနဲ့ ဆက်စပ်နိုင်လား"


ယွဲ့ရှင်းဝမ်သည် ယုတ္တိရှိရှိသေချာဆန်းစစ်ပြီး ပြောလိုက်သည်။

"ဒီပန်းချီကားတွေက ရဲတိုက်မှာဖြစ်ခဲ့တဲ့ သွေးသံတရဲရဲဇာတ်လမ်းတွေကို ကိုယ်စားပြုတာဆိုရင် နောက်ဆုံးညစာစားပွဲက ဒီမိသားစုရဲ့ သစ္စာဖောက်မှုကို ရည်ညွှန်းတာဖြစ်နိုင်တယ်မလား"


ရွှီဖေးရွှယ်က ထောက်ခံသည်။

"ဒါက အဓိပ္ပါယ်ရှိတယ်… နောက်ဆုံးညစာစားပွဲမှာ ဂျူးဒက်က ဂျီးဆက်ကို သစ္စာဖောက်ခဲ့တယ်၊ ဒီမိသားစုကို ဖျက်ဆီးခံရတဲ့အကြောင်းရင်းက လူသတ်သမားနဲ့ပူးပေါင်းတဲ့ သစ္စာဖောက်တစ်ယောက်ရှိနေလို့လည်း ဖြစ်နိုင်တယ်မလား"


ကျန်းဖျင်စစ်က ရုတ်တရက် ပြောလိုက်သည်။

"အဲဒါက နာနီလား"


ယွဲ့ရှင်းဝမ်က သူ့ကို ပြန်ကြည့်လိုက်ပြီး ကျန်းဖျင်စစ်က ပြောခဲ့သည်။

"ဂျီးဆက်နဲ့ ဂျူးဒက်တို့ရဲ့ ဆက်ဆံရေးက သခင်နဲ့ ကျွန်လိုပါပဲ၊ ပြီးတော့ နောက်ဆုံးမှာ ဂျူးဒက်က သူ့သခင်ကို သစ္စာဖောက်ခဲ့တယ်… ရဲတိုက်ရဲ့ပထမထပ်မှာ သီးသန့်နာနီရဲ့အခန်းရှိပြီး ဒီမိသားစုက အိမ်မှုကိစ္စတွေဆောင်ရွက်ဖို့ အိမ်စေတစ်ယောက်ကို အချိန်အကြာကြီး ငှားရမ်းထားပုံရတယ်… ကျွန်က သခင်ရဲ့လျှို့ဝှက်ချက်များစွာကို သိပြီး အကျိုးအမြတ်အတွက် သခင်ကို သစ္စာဖောက်ဖို့များတယ်"


ခယ်ရှောင်ပင်း၏ မျက်လုံးများ တောက်ပလာပြီး ပြောလိုက်သည်။

"ဒါဆို ဒီပန်းချီကားရဲ့ အဓိကဆိုလိုရင်းက “သစ္စာဖောက်”လား"


ယွဲ့ရှင်းဝမ်သည် ခဏလောက်စဉ်းစားပြီး ပြောခဲ့သည်။

"အရင်ဆိုလိုရင်းတွေနဲ့ ပေါင်းစပ်ထားတဲ့ ပထမထပ်က စိတ်ကူးယဉ်ပန်းချီကား “လဲလှယ်ခြင်း”၊ လူမျက်နှာထပ်ထားတဲ့ ဒုတိယထပ်မှာရှိတဲ့ ဝင်ပေါက်ကပန်းချီကား “မိုနာလီဆာ”၊ စိတ်ရောဂါသည်ဗန်ဂေါ့ရဲ့ “ကြယ်ရောင်လင်းလက်သောည”၊ “နောက်ဆုံးညစာစားပွဲ”မှာ ဖော်ပြထားတဲ့ သစ္စာဖောက်၊ ကျိုးကြောင်းဆီလျော်တဲ့ သဲလွန်စကတော့—— နာနီက သခင်တွေကို သစ္စာဖောက်ပြီး လူသတ်သမားနဲ့ပူးပေါင်းပြီးတော့ မိသားစုကို ဖျက်ဆီးပြီး လူသတ်သမားက မိသားစုရဲ့ အထောက်အထားနဲ့ အဆင့်အတန်းကိုယူပြီး သူတို့ရဲ့ဥစ္စာပစ္စည်းတွေကို အလွဲသုံးစားလုပ်ခဲ့တာလား"


ကျန်းဖျင်စစ်က သဘောတူသည်။

"ငါလည်း အဲဒီလိုပဲထင်တယ်"


လန်ယာရုန်က ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။

"သစ္စာဖောက်၊ အစားထိုး၊ လဲလှယ်ခြင်း… နင်တို့ရဲ့ရှင်းပြချက်က တကယ်ကို အဓိပ္ပါယ်ရှိတယ်"


ယွဲ့ရှင်းဝမ်: "အခုသော့ချက်က စီနီယာအစ်ကိုလျှိုနဲ့ အခြားသူတွေ ဘယ်ရောက်သွားတာလဲ"



***


ထိုအချိန်တွင် လျှိုကျောက်ချင်းနှင့် အခြားသူများသည် ဒုတိယထပ်ရှိ ဝင်ပေါက်တွင် ရပ်နေကြသည်။


ပန်းချီကားထဲရှိ မိုနာလီဆာသည် ရုတ်တရက် ပြုံးလာပြီး သူမ၏မျက်နှာမှာ ထူးဆန်းသောအပြုံးတစ်ခုရှိနေသည်။ လျှိုကျောက်ချင်းသည် သူမကို ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း ညွှန်ပြလိုက်သည်။

"ကြည့်လိုက်စမ်း၊ ဒီပန်းချီကားထဲက အမျိုးသမီးက ပြုံးနေပုံပဲ"


ရွှီယိရှန်းသည် ကြည့်ရန် ခေါင်းကိုလှည့်လိုက်ပြီး ပန်းချီကားထဲက လူတစ်ယောက်၏ အပြုံးသည် သူ့ဆံပင်များကို ထောင့်မတ်သွားစေသည်။

"အစက ရှင်းဝမ်မြင်ခဲ့တာ ပုံရိပ်ယောင်မဟုတ်ဘူးလား"


လျှိုကျောက်ချင်းက အသံတိုးတိုးဖြင့် ဆဲလိုက်သည်။

"ဒါက သောက်ရမ်းကြောက်စရာအပြုံးပဲ" သူသည် တစ်ဖက်ကတံခါးကို လှမ်းအော်လိုက်သည်။ "ရှင်းဝမ်၊ ငါတို့ ဝင်ပေါက်မှာ၊ ဒီပန်းချီကားကို လာကြည့်ကြ"


ဘယ်ဘက်တံခါးသည် ပွင့်နေပေမဲ့ အတွင်းဘက်က တုံ့ပြန်မှု မရှိခဲ့ဘူး။


လျှိုကျောက်ချင်းက အံ့သြသွားသည်။ "ရှင်းဝမ်…"


ရွှီယိရှန်းသည် သူ၏ mitosis ကို အမြန်အသုံးပြုကာ အခန်းထဲသို့ ဝင်သွားပြီး သုံးစက္ကန့်အကြာတွင် သူ၏မူလနေရာသို့ ပြန်ရောက်သွားကာ ခေါင်းခါပြီး ပြောလိုက်သည်။ 

"ဘယ်သူမှ မရှိဘူး" 


လျှိုကျောက်ချင်းက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"ဘာဖြစ်သွားတာလဲ"


နောက်အခိုက်အတန့်မှာတော့ ပန်းချီကားထဲရှိ ပြုံးနေသော အမျိုးသမီးက ရုတ်တရက် မျက်တောင်ခတ်ပြီး ရဲတိုက်ထဲမှာ ထူးဆန်းသော “တစ်ခစ်ခစ်”ရယ်သံများ ထွက်ပေါ်လာပြီး တိတ်ဆိတ်သောညတွင် ရယ်မောသံသည် မှော်ဆန်သောအသံတစ်ခုလိုပင်ဖြစ်နေသည်။


လူခြောက်ယောက်သည် အမျိုးသမီး၏ ရယ်မောသံကို နားထောင်ရင်း သူတို့၏ကျောရိုးတလျှောက် ကြက်သီးမွေးညင်းများထလာသည်။


【TK— "The Last Supper"ပန်းချီကားချပ်ကိုလည်း အီတလီပန်းချီဆရာ "Leonardo da Vinci"ကပဲ (1495-1498)ကြားမှာ ရေးဆွဲခဲ့ပါတယ်။】


#TK