Chapter 192
Viewers 23k

Volume 9 : ပထဝီဝင်ဌာန


Chapter 192 (မြို့ပြစီမံကိန်း ၀၁)


စာမေးပွဲ ကိုးရက်မြောက်နေ့တွင် ငလျင်နှင့် နှင်းထုပြိုကျမှုတို့ကို ကြုံတွေ့ခဲ့ရပြီး စာကြည့်တိုက်က နောက်ဆက်တွဲငလျင်များ လှုပ်ခတ်သွားမည်ကို စိုးရိမ်သောကြောင့် လူတိုင်းသည် နှင်းထုထဲတွင် ကြောက်ရွံ့မှုနှင့် တင်းမာမှုများဖြင့် နေခဲ့ကြသည်။


စာကြည့်တိုက်အား သူတို့၏ ခုခံကာကွယ်မှုများ မှန်ကန်ကြောင်း သက်သေပြခဲ့ပြီး နှင်းပြိုကျပြီး မကြာမီ ပတ်ဝန်းကျင်က ပြင်းထန်စွာ လှုပ်ခတ်သွားတော့သည်။


လှုပ်ခတ်သွားသည့် ခံစားချက်ကို တွက်ချက်ကြည့်တော့ ဒီငလျင်ဟာ မနေ့ညက ပြင်းအား 8 ရှိသော ငလျင်လောက် မပြင်းထန်နိုင်ဘဲ ပြင်းအား 6 လောက်ရှိခဲ့ကာ ခနော်ခနဲ့ လှေပေါ်မှာ ထိုင်နေသလို ခံစားရသည်။ ခယ်ရှောင်ပင်းသည် အလွန်တုန်လှုပ်သွားပြီး သူ့ဗိုက်ထဲက ရေများကို ထွေးထုတ်လုနီးပါး ဖြစ်သွားသည်။ ကျန်းဖျင်စစ်သည် လူတိုင်းကို လွတ်မြောက်ရန် လေထဲကိုခေါ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့သည်။


နောက်ဆက်တွဲငလျင်များသည် 10 မိနစ်ခန့်အကြာတွင် ရပ်တန့်သွားခဲ့သည်။


ထို့နောက် ပြင်းအား 4 နှင့် 5 ရှိသော နောက်ဆက်တွဲငလျင်များသည် နေ့စဥ်အချိန်တိုင်း ဆက်တိုက်ဆိုသလို လှုပ်ခတ်လာခဲ့သည်။ လူတိုင်းသည် တုန်ခါမှုကြောင့် မောပန်းနွမ်းနယ်နေသဖြင့် ညဘက်တွင် မအိပ်ရဲကြပေ။ မီးပုံမှာဝိုင်းထိုင်ပြီး မိုးလင်းသည်အထိ မျက်လုံးဖွင့်ထားကြသည်။


နောက်ဆုံးနေ့တွင် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်ခြင်းမရှိသော်လည်း ကြီးမားကျယ်ပြန့်သော နှင်းပြင်ကြီးပေါ်တွင် တိရစ္ဆာန်များနှင့် အပင်များ အရိပ်အယောင်မရှိပေ။ သူတို့မှာ စားစရာဘာမှမရှိသဖြင့် ဆာလောင်မှုကို ပြေပျောက်စေရန် နွယ်ပင်စိမ်းများကို ပြုတ်ကာ စားရန် ဆက်လက်လုပ်ဆောင်နိုင်ခဲ့သည်။


ဆယ်ရက်မြောက်နေ့ ည 12 နာရီတွင် အားလုံး စိတ်သက်သာရာရသွားကြသည်။


ခယ်ရှောင်ပင်းက အလျင်အမြန်ထရပ်ပြီး ပြောလိုက်သည်။

"နောက်ဆုံးတော့ လွတ်မြောက်သွားပြီ မြန်မြန်ပြန်သွားတော့… ဒီအစုတ်ပလုတ်နေရာမှာ ငါ တစ်မိနစ်တောင်မနေချင်ဘူး"


ညာဘက်အပေါ်ထောင့်ရှိ လေးထောင့်ဘောင်တွင် အကျွမ်းတဝင်ရှိသော အချက်အလက်များပေါ်လာခဲ့သည်——


သုတေသနအဖွဲ့: C-183


သင်တန်း: ရေခဲခေတ်


Credit: 4 မှတ်


ရှင်းလင်းရေးရမှတ်: 90 မှတ်


ရမှတ်များ: 4x90 = 360 မှတ်


သုတေသနအဖွဲ့အပိုဆု: အဖွဲ့ C က 1.5 ဆ အပိုဆုအမှတ်ရရှိပါသည်။ စုစုပေါင်းအမှတ် 540 မှတ် ရရှိပါသည်။


သင်တန်းကျရှုံးမှုနှုန်း: 30%


လူတိုင်းသည် လေးထောင့်ဘောင်ထဲရှိ ရမှတ်များကို ကမန်းကတန်း ကြည့်လိုက်ကြသည်။ ယွဲ့ရှင်းဝမ်သည် "စာမေးပွဲပြီးဆုံးခြင်း"လုပ်ဆောင်ချက်ကို တိုက်ရိုက်နှိပ်လိုက်ပြီး လူ 12 ယောက်သည် စာကြည့်တိုက်၏ စာသင်ခန်းသို့ တစ်ပြိုင်နက် ပြန်လာခဲ့ကြသည်။ သူတို့ကိုယ်ပေါ်ရှိ သားမွေးအဝတ်များပျောက်သွားပြီး သူတို့၏မူလလက်တိုအင်္ကျီများသာ ကျန်ရှိနေခဲ့သည်။ 


စာကြည့်တိုက်တွင် အဆက်မပြတ်အပူပေးစနစ်ရှိပြီး အိပ်ဆောင်ဧရိယာနှင့် သင်တန်းရွေးချယ်ရေးစင်တာရှိ အပူချိန်ကို 25 ဒီဂရီတွင် အမြဲထိန်းသိမ်းထားသည်။


ရေခဲခေတ်တွင် အားလုံးသည် အေးခဲပြီးသေတော့မလိုဖြစ်ခဲ့ပြီး နွေဦးလို နွေးထွေးသော စာကြည့်တိုက်ကို ပြန်ရောက်သောအခါ လူတိုင်းက "ဒုက္ခကိုကြုံတွေ့ပြီးနောက်" ပျော်ရွှင်မှုကို ခံစားခဲ့ရသည်။ တစ်ကိုယ်လုံးရှိ အေးခဲနေသောဆဲလ်များက တဖြည်းဖြည်း အသက်ဝင်လာပုံရသည်။ ယွဲ့ရှင်းဝမ်သည် သူ့လက်မောင်းနှစ်ဖက်ကို ပွတ်သပ်ပြီး သက်ပြင်းချလိုက်သည်။

"နောက်ထပ်သင်တန်းတစ်ခုပြီးသွားပြီ"


ခယ်ရှောင်ပင်းက စိတ်လှုပ်ရှားစွာပြောခဲ့သည်။

"အစားအသောက်ဝယ်ဖို့ စူပါမားကတ်ကို ငါသွားတော့မယ် ဘယ်သူငါနဲ့လိုက်ချင်လဲ"


လူတိုင်းလက်ကိုမြှောက်ကြသည်။

"ငါလည်းလိုက်မယ်"


10 ရက်ဆက်တိုက် မျိုရခက်သော နွယ်ပင်များနှင့် အရသာမရှိသော ရှေးခေတ် ဧရာမသားရဲများ၏ အသားကင်များကို စားခဲ့ကြရသည်။ သူတို့၏အစာအိမ်နဲ့ အူများဟာ ပျက်စီးနေပြီး အာဟာရ အရေးပေါ် လိုအပ်နေပါသည်။


မနက် 10 နာရီကျော်သာရှိသေးပြီး ကျောင်းသားကန်တင်းမဖွင့်သေးဘဲ အားလုံးဗိုက်ဆာလွန်းလို့ နေ့လယ်စာကို မစောင့်နိုင်တော့ပေ။ လူတစ်စုသည် အနုတ်လေးထပ်ရှိ စျေးဝယ်စင်တာသို့ လျင်မြန်စွာ ရောက်ရှိလာကြပြီး ချောကလက်၊ အာလူးကြော်များ၊ အသင့်စားခေါက်ဆွဲခြောက်များနှင့် ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းများကို ဝယ်ယူကြသည်။ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် စူပါမားကတ်သို့ မသွားခဲ့ကြပေ။ အကြောင်းမှာ သူတို့၏ အိပ်ဆောင်တွင် ပစ္စည်းများ ရှိနေသောကြောင့် ဖြစ်သည်။


နောက်ဆုံးအကြိမ်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနပြီးနောက် စူပါမားကတ်တွင် ဈေးဝယ်ထွက်ကြပြီး ကျန်းဖျင်စစ်သည် ရှင်းဝမ်အတွက် အာလူးကြော်တစ်ဘူးဝယ်ကာ အသင့်စားခေါက်ဆွဲခြောက်နှင့် အဆာပြေမုန့်များစွာကို ဝယ်ခဲ့သည်။


နှစ်ယောက်သားက အိပ်ဆောင်ကို ဘေးချင်းကပ်လျက် ပြန်လာခဲ့ကြသည်။ ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်၏လက်ကို ချက်ချင်းဆွဲကိုင်လိုက်ပြီး အထပ်ထပ်အခါခါ စစ်ဆေးသည်။ ထို့နောက် သူက သက်ပြင်းတစ်ချက်ချကာ ပြုံးပြီးပြောသည်။

"ကံကောင်းလို့ နှင်းကိုက်တာ မကျန်တော့ဘူး… လွန်ခဲ့တဲ့ရက်ပိုင်းမှာ ငါတို့လက်တွေကို နွေးဖို့အတွက် အင်္ကျီလက်တွေထဲသိမ်းထားကြပြီး မင်းကတော့ ဖော်မြူလာတွေ တစ်ချိန်လုံးရေးနေရတာဆိုတော့ အေးနေမှာပေါ့ ဟုတ်တယ်မလား"


ကျန်းဖျင်စစ်၏မျက်လုံးများသည် နူးညံ့သိမ်မွေ့ပြီး ပြောလိုက်သည်။

"အဆင်ပြေပါတယ် မင်းငါ့အတွက် လက်အိတ်လုပ်ပေးခဲ့တာပဲမလား"


ယွဲ့ရှင်းဝမ်က သူ့နှာခေါင်းကို ရှက်ကိုးရှက်ကန်းနဲ့ ထိလိုက်သည်။

"ငါ့ရဲ့လက်မှုအတတ်ပညာကို မဖော်ပါနဲ့… ငါလုပ်ထားတဲ့ လက်အိတ်တွေက မလုံဘဲ နွေးထွေးမှုသိပ်မရှိဘူးလို့ ခန့်မှန်းရတယ်"


ရှင်းဝမ်၏ လက်မှုပစ္စည်းများသည် အမှန်တကယ်ပင် ရုပ်ဆိုးသော်လည်း သူ့ကို ဂရုစိုက်ဖို့ အစပြုသည့်အတွက် ကျန်းဖျင်စစ် ကျေနပ်နေပြီဖြစ်သည်။ အချိန်စောနေသေးတာကိုတွေ့တော့ ကျန်းဖျင်စစ်က ပြောလိုက်သည်။

"အရင်ဆုံး ရေချိုးပြီး ငါမင်းအတွက် ခေါက်ဆွဲပြုတ်ပေးမယ်"


ယွဲ့ရှင်းဝမ်က အသံပြုကာ လှည့်ပြီး ရေချိုးရန် ရေချိုးခန်းသို့ သွားခဲ့သည်။


ကျန်းဖျင်စစ်သည် သူ့အတွက် အသင့်စားခေါက်ဆွဲများကို ပြုတ်ပေးပြီး ခရမ်းချဉ်သီးအရသာ အာလူးကြော်တစ်ထုပ်ကို ဖွင့်ရန် ကူညီပေးခဲ့သည်။ ကုတင်ဘေးမှာထိုင်ရင်း သုတေသနအဖွဲ့ chat channel မှာ လန်ယာရုန်၏မက်ဆေ့ချ် ပေါ်လာတာကို တွေ့လိုက်ရသည်။

"ချန်မုယွင်က အခုလေးတင် ငါ့ကိုဆက်သွယ်ခဲ့တယ် သူတို့အဖွဲ့က ကျောင်းသားနှစ်ယောက်က ဖယ်ရှားခံလိုက်ရပြီလို့ ပြောတယ်"


ချင်လုက စာရိုက်ပြီး မေးလိုက်သည်။

"ငလျင်အဆင့်မှာ သူတို့တွေ မတော်တဆ ပြုတ်ကျသွားတာလား"


လန်ယာရုန်: "နှင်းပြိုကျချိန်မှာ သူတို့က အချိန်မီ မလွတ်မြောက်နိုင်ခဲ့ဘူး… နှင်းထဲမှာ ဂျူနီယာမောင်လေးနဲ့ညီမလေးက နစ်မြုပ်သွားခဲ့ပြီး သူတို့ရှာဖို့ ပြန်သွားခဲ့ပေမဲ့ သူတို့အဖွဲ့ဝင်တွေရဲ့အလောင်းတွေကိုပဲ တူးဖော်ရရှိခဲ့တယ်"


ခယ်ရှောင်ပင်း: "..."


အခြားသူများ မည်မျှဝမ်းနည်းနေမည်ဆိုတာ ထိုအချိန်က မြင်ကွင်းကို တွေးကြည့်ရန် ခဲယဉ်းသည်။


ချန်မုယွင်၏အဖွဲ့သည် ရှင်းလင်းရေးဖြစ်စဉ်တွင် အလျင်မြန်ဆုံးတိုးတက်မှုရှိသော စာကြည့်တိုက်၏ ပထမဆုံးအဖွဲ့များထဲမှဖြစ်သည် သူတို့သည် ရှင်းဝမ်နှင့် အခြားသူများနှင့် မကြာခဏ သတင်းဖလှယ်ကြသည်။ အစပိုင်းတွင် စီနီယာအစ်မလန်ကို 183 သုတေသနအဖွဲ့တွင်ပါဝင်ရန် သူမက မိတ်ဆက်ပေးခဲ့သည်။


ဒီသတင်းဆိုးကိုကြားတော့ အားလုံးက ခံစားများရောထွေးနေပြီး ဘာပြောရမှန်းတောင် မသိတော့ဘူး။


ယွဲ့ရှင်းဝမ်သည် ရေချိုးခန်းထဲက ထွက်လာချိန်မှာတော့ ဒီမက်ဆေ့ခ်ျကို မြင်လိုက်ရသည်။ သူက ခဏလောက် တိတ်ဆိတ်နေပြီးမှ စာရိုက်ပြီး မေးလိုက်သည်။

"အခြားအဖွဲ့တွေဆီကနေ သတင်းရလား" 


ကျိုဖုန်း: "ကျိုတိုတက္ကသိုလ်က ယွိမင်ယွီရဲ့အဖွဲ့က အားလုံး စာမေးပွဲအောင်ကြတယ်… သူတို့က အစကတည်းက အရှိန်မြင့်တဲ့ အုပ်စု A ဖြစ်ပြီး အဖွဲ့ဝင်တွေကြားမှာ ပထဝီဝင်ဌာနက ကျွမ်းကျင်သူရှိတယ်… ငလျင်နဲ့ နှင်းပြိုကျမှုတွေက သူတို့အတွက် မခက်ခဲဘူး"


ထိုအချိန်တွင် ယွဲ့ရှင်းဝမ်သည် ဆရာဖြစ်သင်တန်းတက္ကသိုလ်မှ စီနီယာအစ်ကိုချင်းလန်ဆီမှ ပေးပို့သော ဖိုရမ် private message ကို လက်ခံရရှိခဲ့သည်။

"ငါတို့အဖွဲ့က အဖွဲ့ဝင်တွေအားလုံး စာမေးပွဲအောင်မြင်တယ် ဒါပေမဲ့ မုယွင်ဘက်က လူနှစ်ယောက် ဖယ်ရှားခံရတယ်လို့ ငါကြားတယ်… မင်းဘက်ကကော"


ယွဲ့ရှင်းဝမ်က ပြန်ဖြေခဲ့သည်။

"ကျွန်တော်တို့အားလုံးအောင်တယ်"


ချင်းလန်က ဆက်၍ပြောသည်။

"အတော်လေးတိုးတက်မှုမြန်တဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်လို့ ငါကြားတယ်… သူတို့အားလုံးက ဖယ်ရှားခံရပြီး စာမေးပွဲပြန်ဖြေဖို့ ပထမထပ်ကို အပို့ခံလိုက်ရပြီ… သူတို့က ရေခဲပြင်မှာ လမ်းကြောင်းမှားပြီး ရောက်သွားတော့ ငလျင်လှုပ်တဲ့အခါ ပုန်းစရာနေရာမရှိတော့ဘဲ ရေခဲပြင်အက်ကွဲမှုကြောင့် သူတို့တွေ ပြုတ်ကျသွားတယ်"


ကျောင်းသားတချို့ ဖယ်ရှားခံရခြင်းသည် ပုံမှန်ဖြစ်ပြီး ထို့အပြင့် သင်တန်းတိုင်းမှာ ဖယ်ရှားခံရမှုနှုန်းရှိသည်။ ဥပမာအားဖြင့် ဤရေခဲခေတ်တွင် ကြီးမားသောငလျင်တစ်ခုအတွင်း တုံ့ပြန်မှုအနည်းငယ်နှေးသွားသောအခါ တစ်ဖွဲ့လုံး အဆုံးသတ်သွားလိမ့်မည်။


သို့သော် သူ့အတန်းဖော်များ ဖယ်ရှားခံရသည့် သတင်းကို ကြားသောအခါ ယွဲ့ရှင်းဝမ်သည် အနည်းငယ် စိတ်မသက်မသာ ဖြစ်မိသည်။


ဤတက္ကသိုလ်ကျောင်းသားအုပ်စုသည် မူလက ကျောင်းတွင် နောက်ဆုံးစာမေးပွဲအတွက် ပြင်ဆင်နေသော်လည်း သူတို့သည် အကြောင်းပြချက်မရှိဘဲ စာကြည့်တိုက်ထဲသို့ ဆွဲသွင်းခံရပြီး သေရေးရှင်ရေးအစွန်းနှစ်ဖက်တွင် နေ့စဉ်ရုန်းကန်နေကြရသည်။ ဒီလိုကြောက်စရာကောင်းသော နေ့ရက်တွေက ဘယ်အချိန်မှ ပြီးဆုံးမှာလဲ။


သူ့အတန်းဖော်များအားလုံး စာကြည့်တိုက်မှ ချောချောမွေ့မွေ့ ထွက်သွားနိုင်မည်ဟု သူမျှော်လင့်ထားသော်လည်း ပြဿနာအမျိုးမျိုးကြောင့် အဖွဲ့များစွာကို သင်တန်းကနေ ဖယ်ရှားပစ်ရမည်ဟု အကြောင်းပြချက်က သူ့ကိုပြောနေသည်။


ယွဲ့ရှင်းဝမ်သည် အသက်ပြင်းပြင်းရှူရင်း စိတ်ခံစားချက်များကို ချိန်ညှိကာ သုတေသနအဖွဲ့ chat channel တွင် စာရိုက်ခဲ့သည်။

"ငါတို့ 183 က လူတစ်ယောက်မှ အလျော့မခံနိုင်ဘူး"


ကျိုဖုန်း: "အခု ငါတို့က credit တစ်ဝက်ကျော်သွားပြီ အဆုံးထိ အတူတူသွားကြရအောင်"


ရွှီယိရှန်က ပြုံးပြီး ပြောလိုက်သည်။

"ငါတို့ 183 က နတ်ဆိုးအဖွဲ့ပဲ… ငါတို့ သေချာပေါက် ရှင်သန်လိမ့်မယ်… ဒါ့အပြင် 'လူကောင်းတွေက အသက်ရှည်ရှည်မနေရပေမဲ့ လူဆိုးတွေကတော့ အနှစ်တစ်ထောင်အထိ ကျန်ရှိတယ်'လို့ဆိုတဲ့အတိုင်း ငါတို့က ဗီလိန်လမ်းကြောင်းကို လျှောက်လှမ်းနေတယ်"


ခယ်ရှောင်ပင်းက ချောကလက်စားနေစဉ် စာရိုက်နေသည်။

"ရှင်းဝမ်ရဲ့ 'မိုးသည်းခြင်း'နဲ့ 'နောက်ကျောမြင်ကွင်း'စွမ်းရည်ကို အသုံးပြုနိုင်သ၍ ငါတို့မှာ အဆုံးမရှိလိမ္မော်သီးတွေ ရှိနေလိမ့်မယ်… ရေခဲခေတ်အတန်းမှာ မိုးသည်းခြင်းက မိုးသီးတွေဖြစ်သွားပြီး အသုံးပြုလို့မရခဲ့ဘူး… အနာဂတ်မှာ ဒီလိုပြင်းထန်တဲ့ အပူချိန်နိမ့်ကျတဲ့ရာသီဥတုကို ငါတို့ကြုံတွေ့ရတော့မှာ မဟုတ်ဘူး… ဆိုလိုတာက အစားအသောက်အတွက် စိတ်ပူစရာ မလိုတော့ဘူးပေါ့"


လျှိုကျောက်ချင်းက အပြုံးဖြင့် ပြောသည်။

"ရှောင်ခယ်၊ မင်း အလွန်အကျွံသိပ်မပြောနဲ့… စာကြည့်တိုက်မှာ လှည့်ကွက်တွေ အဆုံးမသတ်နိုင်အောင် ရှိတယ်… ငါတို့ကို ညှဉ်းပန်းနှိပ်စက်မဲ့ ဘယ်လိုလှည့်ကွက်အသစ်တွေလာမလဲဆိုတာ ဘယ်သူသိမှာလဲ"


စကားပြောရတာမကြိုက်သော ရှင်းယန်ကလည်း ထွက်လာပြီး စာရိုက်ခဲ့သည်။

"ဘာတွေပဲဖြစ်ဖြစ် အားလုံး အဆုံးထိရောက်နိုင်မယ်လို့ ငါမျှော်လင့်တယ်"


လင်းမန့်လော်၊ ချင်လုနှင့် အခြားသူများက သံယောင်လိုက်ကြသည်။

"သေချာတာပေါ့"


"ကြိုးစားထား ဘယ်သူ့ကိုမှ ချန်မထားသင့်ဘူး"


ယွဲ့ရှင်းဝမ်: "အရင်ဆုံး အနားယူရအောင် မနက်ဖြန် ပထဝီဝင်ဌာနရဲ့ ဒုတိယသင်တန်းရှိတယ်"


သုတေသနအဖွဲ့တွင် ဆွေးနွေးမှုအပြီးမှာ သူသည် လန်ယာရုန်ဆီသို့ private message ပေးပို့ခဲ့သည်။

"အစ်မမုယွင်တို့နဲ့ပတ်သက်ပြီး ကျွန်တော်ပြောစရာအများကြီးမရှိပါဘူး… စီနီယာအစ်မ သူမကို နှစ်သိမ့်ပေးလိုက်ပါ… နောက်ပြီး သူတို့အဖွဲ့ကနေ ဖယ်ရှားခံရတဲ့ လူနှစ်ယောက်က ပထမထပ်ကို ပြန်လည်ဖြေဆိုဖို့ အပို့ခံလိုက်ရတာကြောင့် သူတို့တွေ ပထမထပ်က ဆေးပညာဌာနကို အောင်သွားတဲ့အခါ သုတေသနအဖွဲ့ရဲ့လုပ်ဆောင်ချက်ကို သော့ဖွင့်ပြီး 'X အဖွဲ့ဝင်'အဖြစ် သူမရဲ့သုတေသနအဖွဲ့ကို ပြန်လည်ဝင်ရောက်နိုင်တယ်"


လန်ယာရုန်၏မျက်လုံးများ တောက်ပသွားသည်။

"ဟုတ်သား… X အဖွဲ့ဝင်တွေက သင်တန်းရဲ့တိုးတက်မှုကို ကန့်သတ်မထားဘူး… မတူကွဲပြားတဲ့ တိုးတက်မှုတွေနဲ့လည်း အဖွဲ့ဖွဲ့နိုင်ပြီး ငါ မုယွင်ကို ပြောပြလိုက်မယ်… သူမက အရမ်းစိတ်မကောင်းဖြစ်နေတာ ပြီးတော့ ဖယ်ရှားခံရတဲ့သူတွေက သူမရဲ့ဂျူနီယာမောင်လေးနဲ့ညီမလေးတွေ… သူမက သူမကိုယ်သူမ အရမ်းအပြစ်တင်နေမယ်ဆိုတာ ငါမြင်ရတယ်"


ယွဲ့ရှင်းဝမ်: "သူမက အဲဒီအဖွဲ့ဝင်နှစ်ယောက်ကို ဆက်ပြီးပါဝင်ခိုင်းချင်တယ်ဆိုရင်တော့ ရက်အနည်းငယ်စောင့်လို့ရတယ်… လူနှစ်ယောက်ရဲ့ ပြန်လည်ဖြေဆိုတဲ့တိုးတက်မှုက ဒုတိယထပ်ကိုရောက်တဲ့အခါမှာ အတူတူစာမေးပွဲဖြေဖို့ X အဖွဲ့ဝင်တစ်ယောက်အနေနဲ့ သူမက သူတို့အဖွဲ့ကိုဝင်လို့ရတယ်… သူတို့ရဲ့စာမေးပွဲမရှိတဲ့ အားလပ်ချိန်ကိုအသုံးချပြီး X အဖွဲ့ဝင်အနေနဲ့ အောက်ထပ်အဖွဲ့ကိုဝင်ပြီး credit မှတ်တွေ ပြန်ယူလို့ရတယ်"


ယွဲ့ရှင်းဝမ်ကိုယ်တိုင်ကလည်း အဖွဲ့ခေါင်းဆောင်ဖြစ်သည်။ အားလုံးသည် အချိန်အကြာကြီး ဘေးချင်းကပ်လျက် တိုက်ပွဲဝင်ခဲ့ကြပြီး နက်နဲသော ခံစားချက်များ ရှိနှင့်ပြီးသားဖြစ်သည်။ 183 သုတေသနအဖွဲ့တွင် မည်သူမဆို ဖယ်ရှားခံရပါက သူသည် သူ၏အဖွဲ့ဝင်များကို တစ်ယောက်တည်း ရက်စက်စွာထားခဲ့ပြီး အခြားသူများနှင့် ဆက်လက်ကျော်ဖြတ်သွားမည်မဟုတ်ပေ။


သူသည် သူ့အဖွဲ့ဝင်များကို ပြန်ပေါင်းထည့်ဖို့ "X အဖွဲ့ဝင်"အသုံးဝင်မှုကို သေချာပေါက် အသုံးပြုလိမ့်မည်။


ချန်မုယွင်၏ခံစားချက်က သူနဲ့ထပ်တူဖြစ်သင့်တယ်လို့ သူထင်ခဲ့သည်။


ချန်မုယွင်က သူ့ကို private message အမြန်ပို့လိုက်သည်။

"ရှင်းဝမ်၊ စီနီယာအစ်မလန်ပြောတဲ့ X အဖွဲ့ဝင်က နင့်အကြံပဲ ဟုတ်တယ်မလား… မနက်ဖြန် ပထဝီဝင်ဌာနရဲ့ သင်တန်းအသစ်အတွက် စာမေးပွဲကို ငါဆက်မဖြေတော့ဘူးလို့ စီစဉ်ထားတယ်… ငါ သူတို့ကိုစောင့်ပြီး နောက်တစ်ပတ်မှ ထပ်တွေ့ကြမယ်… နင့်ရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်"


ယွဲ့ရှင်းဝမ်: "ရပါတယ်… စီနီယာအစ်မတို့လည်း ပြန်လည်ပေါင်းစည်းပြီး နောက်သင်တန်းတွေကို ချောချောမွေ့မွေ့ အောင်မြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်"


ချန်မုယွင်: "အင်း… နင်တို့လည်း ကံကောင်းပါစေ ကြိုးစားထား"


ချန်မုယွင်၏အဖွဲ့သည် ရပ်တန့်ကာ အခြားသူများကို စောင့်ဆိုင်းခဲ့သည်။ ပထမအဆင့်မှာ သုံးသင်းပဲကျန်တော့သည်။ ယွဲ့ရှင်းဝမ်သည် ယွိမင်ယွီနှင့် ချင်းလန်ထံသို့ မက်ဆေ့ခ်ျပေးပို့ခဲ့ပြီး သူတို့နှစ်ဦးစလုံးသည် ဆက်လက်ကျော်ဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


သောကြာနေ့ နံနက် 8:00 နာရီမှာ ပထဝီဝင်ဌာန၏ ဒုတိယအတန်းဖြစ်သည်။


လူတိုင်းသည် တစ်ရက်အနားယူကြပြီး နောက်တစ်နေ့တွင် ပထဝီဝင်ဌာန၏ သင်တန်းရွေးချယ်ရေးစင်တာမှာ အချိန်မီစုရုံးကြပြီး သင်တန်းရွေးချယ်မှုခလုတ်ကို နှိပ်လိုက်သည်—


[မသင်မနေရသင်တန်း: မြို့ပြစီမံကိန်း]


[ဌာန: ပထဝီဝင်ဌာန]


[Credits: 4]


[စာမေးပွဲခန်းစည်းမျဉ်းများ: စာမေးပွဲခန်းရှိ အများဆုံးလူဦးရေမှာ 12 ဦး (X အဖွဲ့ဝင်များ မပါဝင်ပါ)]


[သင်တန်းဖော်ပြချက်: လူမှုရေးပထဝီဝင်သည် လူနှင့်ပတ်ဝန်းကျင်ကြား ဆက်နွယ်မှုကို လေ့လာသည်။ မြို့များသည် လူ့ယဉ်ကျေးမှု ထွန်းကားလာချိန်တွင် ပေါ်လာသည့် လူသားမျိုးနွယ်များအတွက် စုဝေးနေထိုင်ရာ နေရာများဖြစ်သည်။ ဤစာမေးပွဲသည် သင့်အား နေရာလွတ်တစ်ခုပေးလိမ့်မည်။ မြို့ကို ကိုယ်တိုင်ဖန်တီးပါ။ သဲစားပွဲပေါ်ရှိ ပုံစံငယ်များကို စိတ်တိုင်းကျ အသုံးပြုနိုင်ပြီး သဲစားပွဲပေါ်တွင် သင်တည်ဆောက်ထားသော လမ်းများနှင့် အဆောက်အဦးများကို ချဲ့ထွင်ကာ မြို့ကို ပြန်လည်ပြုပြင်မည်။]


[စာမေးပွဲလိုအပ်ချက်များ: မြို့တစ်မြို့တည်ဆောက်ရေးအတွက် အကျိုးသင့်အကြောင်းသင့် စီမံကိန်းရေးဆွဲခြင်းက အရေးကြီးပါသည်။ ကျေးဇူးပြု၍ နေထိုင်နိုင်သော လူနေမြို့ကို တည်ဆောက်ပြီး စာကြည့်တိုက်လက်ခံမှုကို အပြီးသတ်ပါ။]


[သင်တန်းရွေးချယ်မှုကို အတည်ပြုပါ: Yes/No]


စာမေးပွဲအချက်အလက်ကိုမြင်တော့ ခယ်ရှောင်ပင်းက မနေနိုင်ဘဲ ပြောလိုက်သည်။

"ဒါက အိမ်ဆောက်ဂိမ်းနဲ့ ဆင်တူတယ်မလား… ငါတို့ကို ပုံစံငယ်တွေ အများကြီးပေးပြီး ကိုယ်တို့ရဲ့ကိုယ်ပိုင်အိမ်တွေ၊ လမ်းတွေနဲ့ မြို့ကို တည်ဆောက်ခိုင်းတာမလား"


လင်းမန့်လော်: "စိမ်းလန်းစိုပြည်ရေး လုပ်ဖို့ လိုသေးသလား… ရှုခင်းဧရိယာတွေ၊ သစ်ပင်စိမ်းတွေနဲ့ ပန်းပွင့်တွေ၊ ရင်ပြင်ပေါ်က ပန်းခင်းတွေ၊ အေးအေးလူလူ လမ်းလျှောက်ဖို့ နေထိုင်သူတွေအတွက် ရေစိုပန်းခြံတွေလိုပေါ့… ပုံမှန်မြို့ပြစိမ်းလန်းစိုပြေရေးက စံချိန်စံနှုန်းနဲ့လည်း ကိုက်ညီရမယ် မဟုတ်ရင် စာကြည့်တိုက်ရဲ့လက်ခံမှုက အမှတ်မကောင်းတာမျိုး ဖြစ်နိုင်တယ်မလား"


ယွဲ့ရှင်းဝမ်က ထောက်ခံသည်။

"သေချာတယ်… လူတွေနေထိုင်တဲ့ မြို့တစ်မြို့မှာ စိမ်းလန်းတဲ့အပင်တွေ သေချာပေါက် မရှိလို့မရဘူး"


ချင်လုက ခါးသက်သက်မျက်နှာဖြင့် ပြောသည်။

"ကံမကောင်းစွာပဲ ငါ့ရဲ့ဘာသာရပ်က မြို့ပြစီမံကိန်းမဟုတ်ဘူး… ငါ အဲဒါကို သိပ်မသိဘူး"


ခယ်ရှောင်ပင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး… အားလုံး ခေါင်းချင်ဆိုင်းဖြေရှင်းကြတာပေါ့… မြို့ပြစီမံကိန်းဆိုတာ မင်းရဲ့မွေးရပ်မြေ ဒါမှမဟုတ် မင်းရဲ့တက္ကသိုလ်တည်ရှိနေရာကို တိုက်ရိုက်ရည်ညွှန်းရုံနဲ့ မလုံလောက်ဘူးလား"


ချင်လုလည်း စဉ်းစားရင်း ခေါင်းငြိမ့်လိုက်သည်။

"အင်း… လက်တွေ့ကို ရည်ညွှန်းရင် ဒီနည်းလမ်းက ပိုစိတ်ချရတယ်"


ယွဲ့ရှင်းဝမ်က သူ့လက်ကို ရိုးရှင်းစွာဝှေ့ယမ်းလိုက်သည်။

"အဆင်သင့်ပြင်ထားတော့… စာမေးပွဲခန်းထဲဝင်ပြီး ငါတို့အတူတူ ဆွေးနွေးကြရအောင်… ပုံကြမ်းကို အရင်ဆွဲပြီးမှ ဆောက်လုပ်ရေးကိုစမယ်"


#TK