Chapter 155
Viewers 22k

Volume 7 : ဥပဒေဌာန


Chapter 155 (ပြစ်မှုမရှိကြောင်းချေပချက် ၀၈)


ရှဲ့ရှန်းချင်နှင့် လျှိုကျားကျားတို့၏ သေဆုံးမှုသည် ကျောင်းတွင် အနှောင့်အယှက်များစွာ မဖြစ်စေခဲ့ပေ။ ကျောင်းသည် လူထုအမြင် ပျံ့နှံ့မှုကို ရှင်းရှင်းလင်းလင်း ထိန်းချုပ်ထားခဲ့သည်။ ကျောင်းဝင်းတွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခြင်းမရှိခဲ့ဘဲ မိန်းကလေးအိပ်ဆောင် 6 ဆောင်တွင်သာ သီးသန့် တီးတိုးပြောဆိုခဲ့သည်။


ချင်မြောင်သည် ဤကိစ္စနှင့် ပတ်သက်၍ လူအများ၏ ထင်မြင်ယူဆချက်များကို ကြားသိခဲ့ရပါသည်။ လျှိုကျားကျားသည် ပင်လယ်ထဲတွင် မတော်တဆ ရေနစ်သွားပြီး ရှဲ့ရှန်းချင်ကို သူမ၏အခန်းဖော် ကျူးရှောင်ထင်မှ ဓားဖြင့်ထိုးသတ်ခဲ့သည်ဟု မိန်းကလေးအများစုက ထင်ကြသည်။


ချင်မြောင်သည် အဓိကသံသယရှိသူ အများအပြားကို ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်ခဲ့သည်။


မနက်က 811 အိပ်ဆောင်ကနေ ထွက်သွားသော ရွှီရုန်းရုန်းဟာ အတင်းအဖျင်းပြောတာကို အလွန်နှစ်သက်သည်။ မနက်ခင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို တစ်ယောက်ယောက်က မေးတိုင်း သူမ၏အတွေ့အကြုံကို ပြတ်ပြတ်သားသား ပြောပြဖို့ ဆန္ဒရှိနေသည်။ 

"ငါ ဒီမနက် 5:30 မှာ အိမ်သာတက်ဖို့ အိပ်ရာက ထလာတာ... အောက်ထပ်ကနေ အော်ဟစ်သံကျတော့ ငါ ကမန်းကတန်း ထွက်သွားပြီး အိပ်ဆောင် 703 မှာ ရှဲ့ရှန်းချင်က သွေးအိုင်ထဲလဲကျနေပြီး ကျူးရှောင်ထင်က သူမလက်ထဲမှာ ဓားတစ်ချောင်း ကိုင်ထားတာကို တွေ့လိုက်ရတယ်"


ချင်မြောင်က သူမကို မေးသည်။

"နင် ရှဲ့ရှန်းချင်နဲ့ ကျူးရှောင်ထင်တို့နဲ့ ရင်းနှီးလား"


ရွှီရုန်းရုန်းက ထူးဆန်းစွာ ဆိုသည်။

"ငါက ကျူးရှောင်ထင်နဲ့ ရင်းနှီးတယ်... သူမက သူတို့ရဲ့ဘာသာရပ်က ဂျူနီယာမောင်လေး ကျိုးယိကျားကို တိတ်တဆိတ် သဘောကျနေတာ ငါသိတယ်... ဒါပေမဲ့ ရှဲ့ရှန်းချင်က ကျိုးယိကျားကို လိုက်ဖို့ အစပြုခဲ့ပြီး ကျူးရှောင်ထင်မှာ စိတ်ပိုင်းဆိုင်ရာ မညီမျှမှုတွေ ဖြစ်သွားလောက်တယ်... အိုင်းယား... မိန်းကလေး‌တွေ မနာလိုရင် တကယ်ကြောက်စရာကောင်းတာပဲ... ယောင်္ကျားတစ်ယောက်အတွက် လူသတ်ဖို့ မတန်ပါဘူး"


ချင်မြောင်သည် သူမ၏အမူအရာကို သေသေချာချာကြည့်ခဲ့သည်။ ရွှီရုန်းရုန်းသည် အပြစ်ရှိကြောင်းကို မပြဘဲ သူမသည် အတင်းအဖျင်းပြောသူ အမူအရာသာ ရှိနေသည်။ အကယ်၍ သူမသာ လူသတ်သမားဆိုရင် သူမ၏သရုပ်ဆောင်စွမ်းရည်မှာ အလွန်ကောင်းမွန်ပါသည်။


ချင်မြောင်က မေးသည်။

"ဒီနေ့မနက် အောက်ထပ်ဆင်းတုန်းက စင်္ကြံမှာ အခြားတစ်ယောက်ယောက်ကို တွေ့မိသေးလား"


ရွှီရုန်းရုန်းက ခဏလောက်စဉ်းစားပြီး ဆိုသည်။

"လူအများစုက မနက် 5:30 မှာ အိပ်နေကြတုန်းပဲ... စင်္ကြံမှာ ဘယ်သူမှမရှိဘူး... ငါ အောက်ထပ်ကို ပြေးဆင်းတော့ 7 ထပ်က အိပ်ဆောင်တော်တော်များများက တံခါးပွင့်နေပြီး အခြေအနေကို ထွက်ကြည့်ကြတာ ဖြစ်မယ်... 8 ထပ်မှာတော့ နင်တစ်ယောက်တည်း အောက်ဆင်းလာတာ ဟုတ်တယ်မလား"


ချင်မြောင်က ပြောသည်။

"ဟုတ်တယ်... ငါ အော်သံကြောင့် လန့်နိုးပြီး အောက်ထပ်ကို ဆင်းကြည့်တာ... 8 ထပ်မှာ ဘယ်သူမှ အောက်ကို မဆင်းခဲ့ဘူးလား"


ရွှီရုန်းရုန်းက လေးလေးနက်နက် ခေါင်းငြိမ့်လိုက်သည်။

"ဘယ်သူမှ မဆင်းလာလောက်ဘူး... ဒါပေမဲ့ ငါက အနောက်ဘက် လှေကားကနေ ဆင်းခဲ့တာဆိုတော့ အရှေ့ဘက် လှေကားကိုတော့ ငါမသိဘူး"


သူမနှင့် စကားစမြည်ပြောပြီးနောက် ချင်မြောင်သည် 812 အိပ်ဆောင်တွင် ဝမ်ရှောင်လုကိုရှာဖွေခဲ့သည်။


ဝမ်ရှောင်လုသည် အလွန်အေးစက်နေပြီး ချင်မြောင်က သူမအား မေးသောအခါတွင် သူမ၏ သဘောထားသည် အလွန်ဖော်ရွေခြင်းမရှိပေ။ သူမက အေးစက်စက်သာ ပြောခဲ့သည်။

"ငါ အိပ်ဆောင်မှာ အိပ်နေတာ... မနက်က ဘာဖြစ်သွားလဲ ငါမသိဘူး... ရှဲ့ရှန်းချင်နဲ့ ကျူးရှောင်ထင်တို့ကို ငါမရင်းနှီးဘူး... နင် မေးချင်ရင် အခြားသူတွေကို သွားရှာလို့ရတယ်"


ထိုစကားကိုပြောပြီးနောက် သူမသည် အိပ်ဆောင်တံခါးကို တိုက်ရိုက်ပိတ်လိုက်သည်။


ချင်မြောင်သည် သူမ၏နှာခေါင်းကိုထိလိုက်ပြီး သူမနှင့် ဆက်ပြောစရာအကြောင်းမရှိပေ။


မိန်းကလေးအိပ်ဆောင်သည် အထပ်တစ်ခုစီတွင် အိပ်ဆောင် 25 ခန်းပါသော ရှည်လျားသော အဆောက်အဦးတစ်ခုဖြစ်သည်။ အိပ်ဆောင်သည် မြောက်-တောင်ကို ဦးတည်ထားသည်။ အရှေ့နှင့် အနောက်ဘက်တွင် လှေကားနှင့် ဓာတ်လှေကားများရှိသည်။ မိန်းကလေးများသည် လှေကားအတက်အဆင်းပြုလုပ်ရန် သူတို့၏အိပ်ဆောင်နှင့်နီးသော လှေကားနှင့် ဓာတ်လှေကားများကို ရွေးချယ်နိုင်သည်။


ချင်လုသည် စာရွက်ပေါ်တွင် အိပ်ဆောင်ဖြန့်ချီရေးမြေပုံကို ရေးဆွဲကာ အဖွဲ့ထံ ပေးပို့ခဲ့သည်။

"အိပ်ဆောင်အဆောက်အဦးက ထောင့်မှန်စတုဂံပုံဖြစ်ပြီး အရှေ့ဘက်နှင့် အနောက်ဘက်နှစ်ဖက်စလုံးမှာ ဓာတ်လှေကားတွေနဲ့ လှေကားတွေရှိတယ်... အထပ်တိုင်းရဲ့ အိပ်ဆောင် နံပါတ် 1~12 က အနောက်ဘက် လှေကားနဲ့ ဓာတ်လှေကားတွေနဲ့ ပိုနီးတယ်... နံပါတ် 13 က အလယ်မှာရှိပြီး အိပ်ဆောင် 14~24 က အရှေ့နဲ့ ပိုနီးတယ်... သေဆုံးသူရှဲ့ရှန်းချင်က 703 မှာနေထိုင်ပြီး အနောက်ဘက်နဲ့ ပိုနီးတယ်... သံသယရှိသူ 811 ရဲ့ ရွှီရုန်းရုန်း 812 ရဲ့ ဝမ်ရှောင်လုတို့ကလည်း အနောက်ဘက်နဲ့ ပိုနီးတယ်"


ယွဲ့ရှင်းဝမ်းက ဖြန့်ချီရေးမြေပုံကို သေသေချာချာကြည့်ပြီး ပြောသည်။

"ဒါဆို သူတို့ရဲ့အိပ်ဆောင်က အနောက်နဲ့ ပိုနီးပြီး သူတို့က အောက်ထပ်ကိုဆင်းရင် အနောက်ဘက်မှာရှိတဲ့ လှေကားနဲ့ ဓာတ်လှေကားကို ရွေးချယ်လိမ့်မယ်"


ချင်မြောင်: "ဟုတ်တယ်... ငါ လှည့်ပတ်သွားကြည့်တော့ အဲဒီအချိန်က ငါတို့ အော်ဟစ်သံကို ကြားတဲ့အခါ ကြည့်ရှုသူတွေက 703 ဘေးရှိ အိပ်ဆောင်က လူတွေနဲ့ သူတို့နဲ့ပိုနီးစပ်တဲ့ 8 ထပ်က လူတွေပဲရှိတယ်... ‌အရှေ့ဘက်ခြမ်းက‌ လူတော်တော်များများကတော့ အော်သံမကြားသလို တချို့လူတွေက အော်သံကြားရင်တောင် အခင်းဖြစ်ရာကို မသွားကြဘူး... မနက်ပိုင်း အခင်းဖြစ်ရာကို ရောက်လာသူက စုစုပေါင်း 5 ယောက်ရှိပြီး မျက်မြင်သက်သေ မောင်ယွဲ့၊ ငါ၊ ရွှီရုန်းရုန်းနဲ့ 703 ဘေးရှိ အိပ်ဆောင်က မိန်းကလေးနှစ်ယောက်ပဲ"


ယွဲ့ရှင်းဝမ်သည် အိပ်ဆောင်လူသတ်မှု၏ အချိန်ဇယားကို သေသေချာချာ စီစဥ်ခဲ့သည်——


"မနက် 5:20 လောက်မှာ လူသတ်သမားက 703 အိပ်ဆောင်မှာ ရှဲ့ရှန်းချင်ကို ဓားနဲ့ထိုးတယ်... ကျူးရှောင်ထင်က အောက်ထပ်ကို ရောက်နေတာတွေ့ပြီး ရှဲ့ရှန်းချင်ရဲ့ဖုန်းကို အသုံးပြုပြီးတော့ ကျူးရှောင်ထင်ကို ဖုန်းခေါ်ခဲ့တယ်... ဖုန်းခေါ်ခဲ့ပေမဲ့ လူသတ်သမားက ဘာမှမပြောဘဲ ကျူးရှောင်ထင်နဲ့ ရှဲ့ရှန်းချင်က ဖုန်းသလို ထင်ယောင်ထင်မှားဖန်တီးပြီး တမင်ဖုန်းချလိုက်တယ်"


"မနက် 5:21 မှာ လူသတ်သမားက ကျူးရှောင်ထင်က ‘ပြန်လာပြီး စကားပြောရအောင်... ငါတို့ကြား အဆုံးသတ်သင့်ပြီ’လို့ WeChat ကနေ မက်ဆေ့ချ် ပေးပို့ပြီး ချောက်ချဖို့ ကျူးရှောင်ထင်ရဲ့ ဖုန်းထဲမှာ WeChat မှတ်တမ်းကို ချန်ထားခဲ့တယ်"


"မနက် 5:25 မှာ ကျူးရှောင်ထင်က အပေါ်ထပ်ကို ဓာတ်လှေကားနဲ့တက်ပြီး အိပ်ဆောင်ကိုဝင်ဖို့ တံခါးကိုဖွင့်လိုက်တယ်... အဲဒီအချိန်မှာတော့ လူသတ်သမားက ထွက်ပြေးသွားပြီး သွေးအိုင်ထဲမှာ အသက်ရှူနေဆဲဖြစ်တဲ့ ရှဲ့ရှန်းချင်တစ်ယောက်ပဲကျန်တော့တယ်... ကျူးရှောင်ထင်က ထိတ်လန့်တကြားနဲ့ သူမကို ကယ်တင်ဖို့ လူသတ်လက်နက်နဲ့ ထိလိုက်တယ်"


"မနက် 5:28 မှာ မောင်ယွဲ့က အိပ်ဆောင်ကိုပြန်လာပြီး ဓားကိုင်ထားတဲ့ ကျူးရှောင်ထင်ရဲ့ မြင်ကွင်းကို မြင်တော့ အခြားသူတွေကိုနိုးဖို့ အော်လိုက်တယ်"


"မနက် 5:30 လောက်မှာ ချင်မြောင်၊ ရွှီရုန်းရုန်းနဲ့ အခြားသူတွေက အော်သံကြားလို့ 703 အိပ်ဆောင်တံခါးဆီ ပြေးပြီး ရဲကို ဖုန်းဆက်လိုက်တယ်"


အချိန်က အလွန်ကျပ်သည်။ လူသတ်သမားသည် အချိန်မီမပြေးရင် အပေါ်ထပ်တက်နေသော ကျူးရှောင်ထင်နဲ့ ထိပ်တိုက်တွေ့ဖို့ လွယ်ကူသည်။


မိန်းကလေးအိပ်ဆောင်၏ စင်္ကြံတစ်ခုလုံးသည် မီတာ 50 ခန့်ရှည်သည်။ 703 အိပ်ဆောင်သည် အနောက်ဘက်တွင် တည်ရှိသောကြောင့် အနောက်ဘက်လှေကားမှ 6 မီတာသာ ကွာဝေးပြီး အရှေ့ဘက်တွင် လှေကားမှ 44 မီတာသာ ကွာဝေးပါသည်။ လူသတ်သမား ထွက်ပြေးပါက သူမသည် အကွားအဝေးနီးသော အနောက်ဘက်ကိုသာ သွားမည်ဖြစ်ပြီး မဟုတ်ပါက ကျူးရှောင်ထင်၏ဓာတ်လှေကားသည် 7 ထပ်ကို ရောက်သည်နှင့် တံခါးပွင့်လာပြီး သူမ ကမန်းကတန်း ထွက်ပြေးသွားတာကို လမ်းတစ်ဝက်မှာတင် တွေ့နိုင်သည်။


‌ဒါကလည်း ကျူးရှောင်ထင်သည် 7 ထပ်ကို ဓာတ်လှေကားနဲ့ တက်ပြီး လှေကားထစ်မှာ ခြေသံကြားလိုက်ရသည့် အကြောင်းအရင်း ဖြစ်သည်။


ထိုအချိန်တွင် လူသတ်သမားက အနောက်ဘက်လှေကားကနေ ထွက်ပြေးသွားခဲ့သည်။


သူမ အပေါ်ထပ်တက်ဖို့ ဖြစ်နိုင်ခြေ နှစ်ခုရှိပါသည်။ တစ်ခုကတော့ သူမအိပ်ဆောင်က အပေါ်ထပ်ဖြစ်ပြီး အိပ်ဆောင်ကို ပြန်ပြေးတာက အန္တရာယ်ကင်းပါသည်။ နောက်တစ်ချက်က သူမသည် အပေါ်ထပ်သို့ ဦးစွာ ပုန်းအောင်းချင်သည်။ ကျူးရှောင်ထင်အတွက် ထင်ယောင်ထင်မှားဖြစ်စေရန် ထို့နောက် အောက်ထပ်ကိုဆင်းရန် ပရမ်းပတာအခြေအနေအား အခွင့်ကောင်းကို ရယူလိုခြင်း ဖြစ်သည်။ 


လူသတ်သမားသည် 8 ထပ်တွင်နေထိုင်သော ဆေးပညာဌာနမှ မိန်းကလေးဖြစ်ပါက ပြစ်မှုကျူးလွန်ရန် အခြေအနေများကို ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေးနိုင်သည်။


ရွှီရုန်းရုန်း၏ အတင်းအဖျင်းပြောတတ်သော အမူအရာသည် လူသတ်သမားနှင့်တူသည် မဟုတ်သော်လည်း သူမ၏သရုပ်ဆောင်မှုမှာ ထိပ်တန်းဖြစ်ကြောင်း ငြင်းမရသည့်အပြင် ကျူးရှောင်ထင်၏လူသတ်မှုနှင့် ပတ်သက်သည့် ကောလာဟလများကို တမင်ဖြန့်တာမျိုးလည်း ဖြစ်နိုင်သည်။ ဝမ်ရှောင်လု၏ သဘောထားမှာ ဘာမှမထူးခြားဘဲ သူမသည် အိပ်ဆောင်ထဲတွင် အိပ်နေပြီး ဘာဖြစ်သွားသလဲဆိုတာ မသိကြောင်းသာ ပြောသည်။


မိန်းကလေးအိပ်ဆောင်၏ စင်္ကြံများကို စောင့်ကြည့်ရေးကင်မရာများက ပျက်သွားသဖြင့် သူတို့နှစ်ဦးစလုံး၏ သံသယကို ဖျောက်ဖျက်၍မရပေ။


703 ၏သော့က မည်သူ၌ရှိသလဲအပေါ်တွင်လည်း မူတည်သည်။


ထိုအချိန်တွင် ကျန်းဖျင်စစ်၊ ခယ်ရှောင်ပင်းနှင့် ရှင်းယန်တို့သည် ကျောင်းတံခါးမှ ထွက်လာပြီး အနီးနားပတ်ဝန်းကျင်ကို စုံစမ်းနေကြသည်။


ကျောင်းအဝင်ဝမှာ စူပါမားကတ်တစ်ခုတွေ့ပြီး တစ်ရှူးတစ်ထုပ်ဝယ်ကာ အရှေ့စားပွဲက စာရင်းကိုင်ကို မေးလိုက်သည်။

"ဒီနားမှာ သော့လုပ်လို့ရတဲ့နေရာရှိလား... ကျွန်တော့်အိပ်ဆောင်သော့ ပျောက်သွားလို့... ကျွန်တော့်အခန်းဖော်ရဲ့အတူ တစ်ချောင်းလောက် လုပ်ချင်လို့..."


ခယ်ရှောင်ပင်းသည် ကောင်းမွန်သောသဘောထားရှိပြီး သူ့မျက်နှာတွင် အပြုံးတစ်ခုရှိသည်။ စာရင်းကိုင်မိန်းကလေးက ညာဘက်ကို အမြန်ညွှန်ပြလိုက်သည်။

"အရှေ့ကိုသွားပြီး ဆယ်မီတာရောက်ရင် ညာဘက်ကွေ့လိုက်... အဲဒီမှာ သော့လုပ်လို့ရတဲ့ ကုန်ပစ္စည်းစတိုးဆိုင်ရှိတယ်"


ကျန်းဖျင်စစ်က မေးသည်။

"ဒီစတိုင်းဆိုင်တစ်ခုပဲ ရှိတာလား"


မိန်းကလေးက ခေါင်းငြိမ့်သည်။

"အဲဒါက ကျောင်းနဲ့အနီးဆုံးပဲ"


ခယ်ရှောင်ပင်းက သူမကို ကျေးဇူးတင်စရာပြောလိုက်သည်။ သုံးယောက်သား ဘေးချင်းကပ်လျက် လမ်းထောင့်ကို လျှောက်သွားကြသည်။ သူတို့က ကုန်ပစ္စည်းစတိုးဆိုင်ကို တွေ့ခဲ့သည်။ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် စတိုးဆိုင်တွင် အလုပ်များနေပါသည်။ ကျောင်းသားတချို့က သံဝယ်ရန် သူ့ကို ရှာနေပြီး အိပ်ဆောင်ရှိ လေအေးပေးစက်တန်းက ပျက်သွာပြီး သံရိုက်ရန်လိုတယ်လို့ ပြောနေသည်။


သူဌေးက ပြုံးပြီး အတော်လေး စိတ်ကောင်းရှိပုံရသည်။ ကျောင်းသားနှစ်ယောက် ထွက်သွားပြီးနောက် ကျန်းဖျင်စစ်က ရှေ့သို့ ခြေတစ်လှမ်းတိုးခဲ့သည်။


ရှင်းယန်က မေးလိုက်သည်။

"သူဌေး... ကျွန်တော်တို့ ဒီမှာ သော့တစ်ချောင်း လုပ်လို့ရမလား"


သူဌေး: "ရပါတယ်... မင်းက ဘယ်လိုသော့မျိုး လိုချင်တာလဲ"


ရှင်းယန်က သူ့အိတ်ကပ်ထဲရှိ သော့တစ်ချောင်းကို ထုတ်လိုက်ပြီး ပြောသည်။

"ဒါက ကျောင်းအိပ်ဆောင်အတွက် သော့မျိုးပါ... ကျွန်တော့်အခန်းဖော်က ‌မတော်တဆ သော့ပျောက်သွားတဲ့အတွက် သူ့ကို သော့တစ်ခု လုပ်ပေးပါ" ထို့နောက် သူက ခယ်ရှောင်ပင်းကို ကြည့်လိုက်သည်။


ခယ်ရှောင်ပင်းက သူနဲ့ ချက်ချင်းပူးပေါင်းပြီး ပြောခဲ့သည်။

"အိုင်းယား... မနေ့က အဝတ်အစားလဲနေတုန်းက Gym မှာပြုတ်ကျခဲ့တာဖြစ်နိုင်တယ်... သူဌေး သော့တစ်ချောင်းအတွက် ဘယ်လောက်ကျလဲ"


သူဌေးက သော့ကိုယူပြီး တစ်ချက်ကြည့်လိုက်သည်။

"ဒီလိုမျိုးလား... 10 ယွမ်ပဲ"


ကျန်းဖျင်စစ်က ရုတ်တရက် အသံတိုးတိုးဖြင့် မေးလိုက်သည်။

"တကယ်လို့ ပလတ်စတစ်ရွှံ့နဲ့ သော့ပုံစံခွက်ကို ကျွန်တော်ယူလာမယ်ဆိုရင် ခင်ဗျား လုပ်နိုင်လား"


ခယ်ရှောင်ပင်းက ကျန်းဖျင်စစ်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။


ကျန်းဖျင်စစ်က အေးစက်စက်ကြည့်နေပြီး သူက သူဌေးကို တည်ငြိမ်စွာ ကြည့်နေသည်။


သူဌေးက ပြုံးကာ ပြောသည်။

"ကောင်လေး... မင်းငါ့ကို မေးခွန်းထုတ်နေတာလား... မင်းမှာ ပုံစံခွက်ရင် ငါလုပ်နိုင်တာပေါ့ကွ... သော့ကို အစကတည်းက ပုံစံခွက်နဲ့လုပ်ထားတာပဲ... ဘာလဲ... မင်းလည်း သော့ပျောက်သွားတာလား"


ကျန်းဖျင်စစ်က ပေါ့ပါးစွာပြောသည်။

"ကျွန်တော် မဟုတ်ဘူး... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော့်သူငယ်ချင်းက ဓာတ်ခွဲခန်းသော့ ပျောက်သွားတာ... ဆရာက သူ့ကို ဆူမှာကြောက်လို့ နောက်တစ်ကြိမ် စမ်းသပ်မှုပြုလုပ်တဲ့အခါ ပုံစံခွက်နဲ့ သော့ပွားပြီး ခင်ဗျားဆီလာပြီးတော့ သော့တစ်ချောင်းလုပ်ပြီး ဆရာကို ပြန်ပေးမှာမလို့"


သူဌေး: "ကိစ္စမရှိဘူး... မင်း ပုံစံခွက်ကို ယူလာလို့ရတယ်... တချို့ကျောင်းသားတွေလည်း အရင်က ဒါမျိုးလုပ်ဖူးတယ်... ပုံစံခွက်နဲ့ဆိုရင် 10 မိနစ်အတွင်း ငါမင်းအတွက်လုပ်ပေးနိုင်တယ်"


ရှင်းယန်နှင့် ခယ်ရှောင်ပင်း: "..."


ထိပ်တန်းကျောင်းသား၏စကားပြောစွမ်းရည်က တကယ့်ကို အံမခန်းပါပဲ။ ခယ်ရှောင်ပင်းသည် ဖုန်းထဲက ဓာတ်ပုံတစ်ပုံကို စိတ်လှုပ်ရှားစွာ ထုတ်လိုက်ပြီး မေးလိုက်သည်။

"သူဌေး... ပုံစံခွက်နဲ့ သော့လာလုပ်တဲ့သူက ဒီကျောင်းသားလား"


သူဌေးက ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး"


ခယ်ရှောင်ပင်းက ဆက်၍ပုံရွှေ့ပြီး မေးသည်။

"ဒီတစ်ယောက်ကော"


သူဌေးက ဆက်လက်၍ ခေါင်းခါသည်။

"မဟုတ်ဘူး... အိုင်းယား... မင်းတို့ကျောင်းသားတွေက အမြဲတမ်း သော့တွေ ပျောက်နေတာလေ... သော့လုပ်ခိုင်းဖို့ ငါဆီလာတဲ့သူတွေမှ အများကြီးပဲ... အဲဒါတွေကို ငါ ဘယ်လို ရှင်းရှင်းလင်းလင်း မှတ်မိနိုင်မှာလဲ"


ပဉ္စမဓာတ်ပုံကို ခယ်ရှောင်ပင်း ရွှေ့လိုက်တော့ သူဌေး၏မျက်လုံးများက ရုတ်တရက်တောက်ပလာသည်။

"ဒီကျောင်းသားဖြစ်မယ်ထင်တယ်... မျက်မှန်တပ်ထားရင် ဗဟုသုတကြွယ်တဲ့ပုံပေါက်တယ်... ဟုတ်တယ်... သူပဲ"


ခယ်ရှောင်ပင်းက အတည်ပြုလိုက်သည်။

"ဓာတုဗေဒဌာနက ချန်ခိုင်မင်လား"


သူဌေးက ရယ်သည်။

"သူ့နာမည်က ဘာမှန်းငါမသိဘူး... ဘာပဲဖြစ်ဖြစ် အဲဒါက သူပဲ... သူလည်း သော့ပျောက်သွားပြီး ပုံစံခွက်နဲ့ ငါ့ဆီရောက်လာတယ်"


ရှင်းယန်က ခယ်ရှောင်ပင်း၏နားထဲကို တိုးတိုးလေးပြောလိုက်သည်။

"မိန်းကလေးတွေနဲ့ပတ်သက်ပြီး ဆက်မေးလိုက်"


ခယ်ရှောင်ပင်းသည် ရွှီရုန်းရုန်းနှင့် ဝမ်ရှောင်လုတို့၏ ပုံများကို ဖုန်းထဲမှ အမြန်ထုတ်ပြီး မေးလိုက်သည်။

"ဒီမိန်းကလေးနှစ်ယောက်က ခင်ဗျားဆီမှာ သော့လာလုပ်ဖူးလား"


"ဟင့်အင်း" သူဌေးက သေသေချာချာစဉ်းစားပြီး ခေါင်းငြိမ့်ပြလိုက်သည်။ "မလုပ်ဖူးတာ သေချာတယ်"


"သူမကကော" ကျန်းဖျင်စစ်သည် သေဆုံးသူ ရှဲ့ရှန်းချင်၏ပုံကို ဖုန်းထဲကနေ ရုတ်တရက် ပြလိုက်သည်။ 


"အာ... အဲဒီမိန်းကလေးက ဒီကိုလာဖူးပုံရတယ်... သူမက သူမရည်စားနဲ့အတူလာခဲ့ပြီး ငါ ကောင်းကောင်း မှတ်မိသေးတယ်... သူမရည်းစားက သော့မတော်တဆပျောက်သွားလို့ သူမ အပြစ်တင်နေခဲ့တာ..." သူဌေးက ခေါင်းကုတ်ကာ "ဒါနဲ့ မင်းတို့က ဘာအတွက် ဒါတွေမေးနေတာလဲ"


"ဘာမှမဟုတ်ဘူး... သူတို့က ကျွန်တော့်အတန်းဖော်တွေပါ... ဒီမှာသော့လုပ်ဖို့ သူတို့က မိတ်ဆက်ပေးခဲ့တာ" ကျန်းဖျင်စစ်သည် သူ့ဖုန်းကို အေးအေးဆေးဆေး ဖယ်လိုက်သည်။


"ကျွန်တော်တို့အတွက် တစ်ခုလုပ်ပေးပါ... နောက်မှ လာယူပါ့မယ်" ရှင်းယန်သည် သော့တစ်ချောင်းနှင့် 10 ယွမ်ကို ထားခဲ့ပြီး သုံးယောက်စလုံး ထွက်လာကြသည်။


အိပ်ဆောင်ကိုပြန်ရောက်ပြီးနောက် ကျန်းဖျင်စစ်က အသံတိုးတိုးဖြင့် မေးလိုက်သည်။

"ခယ်ရှောင်ပင်း... မင်း မှတ်တမ်းတင်ထားလား"


ခယ်ရှောင်ပင်းသည် သူ့အိတ်ကပ်ထဲက ရှောင်ထူကို ထုတ်လိုက်ပြီး ပြောသည်။

"ရှောင်ထူက မှတ်တမ်းထားပြီ"


ရှောင်ထူကို အဆင့်မြင့်ပြီးနောက် ၎င်းသည် အသံမှတ်တမ်းတင်ပြီး ဗီဒီယို ရိုက်ကူးနိုင်ကာ သတ်မှတ်ထားသော ဧရိယာကို အချိန်အတိုင်းအတာတစ်ခုအတွင်း စောင့်ကြည့်နိုင်သည်။ ၎င်း၏ခန္ဓာကိုယ်သည် ခယ်ရှောင်ပင်း၏ခါးအထိ ကြီးထွားလာသော်လည်း ၎င်းသည် သယ်ဆောင်ရလွယ်ကူစေရန်အတွက် မူလလက်ဖဝါးအရွယ်အစားသို့ ပြန်လည်ကျုံ့နိုင်ပြီး ၎င်းကို စက်ရုပ်အသေးစားအဖြစ်သို့ ပြောင်းလဲနိုင်သည်။


အခုလေးတင် စုံစမ်းစစ်ဆေးမှုအတွင်း ခယ်ရှောင်ပင်းသည် ဖြစ်စဉ်တစ်ခုလုံးကို နောင်အခါ သက်သေအဖြစ် အသုံးပြုနိုင်ဖို့ မှတ်တမ်းတင်ခဲ့သည်။


သူသည် ရှောင်ထူ၏ အသံမှတ်တမ်းခြင်းကို သူ၏လက်ပ်တော့သို့ ကူးပြောင်းလို့ WeChat အဖွဲ့သို့ ပို့ခဲ့သည်။


အသံမှတ်တမ်းကို နားထောင်ပြီးနောက် ယွဲ့ရှင်းဝမ်က လက်မထောင်ပြခဲ့သည်။

"ဖျင်စစ်ရဲ့မေးခွန်က အရမ်းအရေးကြီးပြီး ဓာတုဗေဒဌာနမှ လူတစ်ယောက်ကို ဓာတ်ခွဲခန်းသော့ကိုင်တဲ့ တာဝန်ပေးထားတယ်... အဲဒီလူက လျှိုကျားကျား သေဆုံးမှုနဲ့ ဆက်စပ်နေနိုင်ပြီး သူက ဓာတ်ခွဲခန်းကိုသွားပြီး potassium cyanide ကို ရရှိနိုင်တယ်... ဒါ့အပြင် ရှဲ့ရှန်းချင်ကလည်း သော့ပျောက်ဖူးပြီး သူမရဲ့ရည်းစားနဲ့အတူ သော့လုပ်ခဲ့တယ်"


လန်ယာရုန်က ခွဲခြမ်းစိတ်ဖြာခဲ့သည်။

"ဒါဆို ရှဲ့ရှန်းချင်ကိုသတ်တဲ့လူသတ်သမားမှာ 703 အိပ်ဆောင်သော့မရှိပေမဲ့ ရှဲ့ရှန်းချင် ပျောက်သွားတဲ့သော့ကို ယူသွားခဲ့တာလား"


ရှဲ့ရှန်းချင်သော့ပျောက်သွားတာက အရေးကြီးသော သဲလွန်စဖြစ်သည်။


လင်းမန့်လော်က ဒီအတွေးအတိုင်း လိုက်ကာ ပြောခဲ့သည်။

"သော့ကို သူမရည်းစားက ပျောက်သွားတာလို့ သူဌေးက ပြောခဲ့တယ်... အဲဒီလူသတ်သမားက သူမရည်စားနဲ့ ဆက်စပ်နေတာများလား ဒါမှမဟုတ် သူမရည်စားကပဲ တကယ်သံသယရှိသူလား"


ယွဲ့ရှင်းဝမ်က ရုတ်တရက်ပြောလိုက်သည်။

"ရှဲ့ရှန်းချင်ကို သတ်တဲ့လူသတ်သမားက မိန်းကလေးပဲဖြစ်ရမယ်လို့ မင်းတို့ထင်လား"


မိန်းကလေးအိပ်ဆောင်မှာ လူသေဆုံးသွားသောအခါ လူတိုင်း၏ပထမဆုံးတုံ့ပြန်မှုက မိန်းကလေးတွေလုပ်ခဲ့တာပါပဲ။ ထို့အပြင် ယောင်္ကျားလေးများက မိန်းကလေးအိပ်ဆောင်ထဲကို မဝင်နိုင်ဘူး။


ခယ်ရှောင်ပင်း၏စိတ်ထဲမှာ လင်းလက်သွားသည်။

"မိန်းကလေးအိပ်ဆောင်ရဲ့ အဆောက်အဦး 6 က ဝင်ပေါက်ထိန်းချုပ်ရေးမှာ ပြဿနာရှိနေတာမဟုတ်ဘူးလား... ကျူးရှောင်ထင်၊ မောင်ယွဲ့နဲ့ အခြားလူတွေက အိပ်ဆောင်ကို မနက် 5 နာရီမှာ ပြန်သွားကြတယ်... ဒီတော့ ယောင်္ကျားလေးတွေလည်း အိပ်ဆောင်ထဲကို ခိုးဝင်နိုင်တယ်မဟုတ်ဘူးလား... အိပ်ဆောင်တံခါးကို သော့ခတ်မထားဘူးလား"


ချင်မြောင်က ပြန်ဖြေသည်။

"ဟုတ်တယ်... အဆောက်အဦး 6 ရဲ့ အိပ်ဆောင်က ဝင်ပေါက်ထိန်းချုပ်ရေးနဲ့ စောင့်ကြည့်ရေးကင်မရာက လွန်ခဲ့တဲ့ 2 ရက်လောက်ကပဲ ပျက်သွားခဲ့ပြီး ပြုပြင်နေတယ်"


#TK