Chapter 154
Viewers 23k

Volume 7 : ဥပဒေဌာန


Chapter 154 (ပြစ်မှုမရှိကြောင်းချေပချက် ၀၇)


လန်ယာရုန်နှင့် ယွဲ့ရှင်းဝမ်တို့ ထွက်သွားသောအခါ ကျူးရှောင်ထင်၏စိတ်က အလွန်ကောင်းမွန်လာခဲ့သည်။


အထီးကျန်စွာ စီရင်ချက်ချခြင်းကို စောင့်ဆိုင်းခြင်းနှင့် ကိုယ့်အား ကူညီရန် ရှေ့နေတစ်ဦးရှိခြင်းမှာ လုံးဝကွဲပြားခြားနားသော အတွေ့အကြုံနှစ်ခုဖြစ်သည်။ ကံဆိုးသောမိန်းကလေး၏ စိတ်က တည်ငြိမ်သွားပြီ အနည်းဆုံးတော့ သူမဟာ စိတ်ပိုင်းဆိုင်ရာပြိုလဲပြီး ရဲများကို ဝန်ခံမှာ မဟုတ်ဘူး။ သူမ မသတ်ဘူးဟု အခိုင်အမာပြောနေသ၍တော့ အရာအားလုံးကို ပြန်လှည့်လို့ရသည်။


မင်ဟွေးဥပဒေလုပ်ငန်းသို့ ပြန်သွားပြီးနောက် လန်ယာရုန်နှင့် ယွဲ့ရှင်းဝမ်တို့သည် လင်းမန့်လော်ဆီသို့ ချက်ချင်းသွားကြသည်။


အဖွဲ့တစ်ဖွဲ့လုံးအား စုံစမ်းစစ်ဆေးရန် ဒီနေ့ လွတ်လိုက်သည်။ စီနီယာအစ်မမန့်လော်သာလျှင် အချက်အလက်ကို အကျဉ်းချုပ်ရန် ဥပဒေလုပ်ငန်း၌ နေခဲ့သည်။ လူတိုင်းက သူ့မအား စုံစမ်းစစ်ဆေးမှု ရလဒ်တွေ အားလုံးကို ပို့ပေးလိမ့်မည်။ ယွဲ့ရှင်းဝမ်သည် သူမကိုမြင်သောအခါ လင်းမန့်လော်က အချက်အလက်ဖောင်တစ်ခုကို ရှင်းလင်းထားပြီးဖြစ်သည်။


ယွဲ့ရှင်းဝမ်က မေးသည်။

"စီနီယာအစ်မ... အားလုံး တွေ့ရှိချက်အသစ်တွေ ရှိလား"


လင်းမန့်လော်: "ရှင်းယန်နဲ့ အခြားသူတွေက ဓာတုဗေဒဌာနကို သွားပြီး ဓာတုဗေဒဌာနရဲ့ ဓာတ်ခွဲခန်းမှာ potassium cyanide ပါနေတာကို စုံစမ်းကြည့်တော့ အဲဒီဆေးက အန္တရာယ်များတဲ့ မူးယစ်ဆေးတစ်မျိုးဖြစ်ပြီး ဗီရိုကို သော့ခတ်ထားတာကြောင့် ကျောင်းသားတွေ ယူဖို့ခက်ခဲတယ်... တစ်စုံတစ်ယောက်က တိတ်တဆိတ်သော့ယူပြီး ဗီရိုကို မဖွင့်သ၍ပေါ့... ဓာတုဗေဒဌာနရဲ့ အတန်းခေါင်းဆောင်နဲ့ ကျောင်းကော်မတီတွေရဲ့လက်ထဲမှာ ဓာတ်ခွဲခန်းသော့တွေကို သီးသန့်ပေးထားနိုင်တယ်လို့ ရှင်းယန်က သံသယရှိခဲ့တယ်"


ယွဲ့ရှင်းဝမ်က သေသေချာချာစဉ်းစားပြီး ခေါင်းငြိမ့်ကာ ပြောခဲ့သည်။

"ရှင်းယန်ရဲ့ခန့်မှန်းချက်က အရမ်းယုတ္တိရှိတယ်... အဆိပ်ပြင်းတဲ့ potassium cyanide ကို ဈေးကွက်မှာ တိုက်ရိုက်ဝယ်ဖို့ မဖြစ်နိုင်ဘူး... ဓာတုဗေဒဌာနရဲ့ ဓာတ်ခွဲခန်းက လျှိုကျားကျားကို အဆိပ်သင့်စေခဲ့တဲ့ potassium cyanide ရဲ့ ရင်းမြစ်ဖြစ်လိမ့်မယ်... အဲဒီအဆိပ်ကိုယူဖို့ ဓာတုဗေဒဌာနရဲ့ ဓာတ်ခွဲခန်းနဲ့ အရမ်းရင်းနှီးနေရမယ်"


သူက အဖွဲ့ထဲမှာ မေးလိုက်သည်။

"@ရှင်းယန် ဓာတုဗေဒဌာနရဲ့ ဓာတ်ခွဲခန်းအဆောက်အဦးမှာ စောင့်ကြည့်ရေးကင်မရာရှိလား"


ရှင်းယန်: "စင်္ကြံတိုင်းမှာ စောင့်ကြည့်ရေးကင်မရာတွေရှိတယ်... လူသတ်သမားက စောင့်ကြည့်ကင်မရာကိုရှောင်ပြီး ဆေးခိုးဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ... လူသတ်သမားက ဓာတုဗေဒဌာနရဲ့ ကျောင်းသားတစ်ယောက်လို့ ငါထင်တယ်... စမ်းသပ်မှုပြုလုပ်ပြီးနောက် တာဝန်ချိန်မှာ အခြားကျောင်းသားတွေ ထွက်သွားစဉ် သူက တိတ်တဆိတ် ဗီရိုကိုဖွင့်ပြီး ဆေးကိုယူလိုက်တာ... ဒါမှမဟုတ် လူသတ်သမားက သော့ရှိတဲ့ အတန်းခေါင်းဆောင်ဖြစ်နိုင်ပြီး စမ်းသပ်မှုမပြုလုပ်ခင် ဓာတ်ခွဲခန်းကိုသွားပြီး ဆေးယူခဲ့တယ်"


လူသတ်သမားသည် ဓာတုဗေဒဌာန ဓာတ်ခွဲခန်းနှင့် အကျွမ်းတဝင်ရှိ၍ မည်သည့်ဗီရိုထဲတွင် potassium cyanide သိမ်းဆည်းထားသည်ကို သိရှိရမည်ဖြစ်သည်။ စမ်းသပ်မှုမစတင်မီ ကြိုတင်ပြင်ဆင်သည့်အဆင့်တွင် ဆေးယူသွားတာ ဒါမှမဟုတ် စမ်းသပ်မှုအပြီးတွင် အတန်းဖော်များ ထွက်သွားပြီးနောက် တာဝန်ချိန်တွင် ဆေးယူခြင်းသည် စင်္ကြံရှိ စောင့်ကြည့်ရေးကင်မရာများတွင် ဖမ်းယူရရှိမည်မဟုတ်သလို သံသယဖြစ်ရန် လွယ်ကူမည်မဟုတ်ပါ။


potassium cyanide ပမာဏ အလွန်နည်းသောကြောင့် ပုလင်းအတွင်းရှိ ဆေးဂရမ်အနည်းငယ် ပျောက်သွားတာကို ဆရာ မသိနိုင်ဘူး။


ခယ်ရှောင်ပင်က စဉ်းစားမရဖြစ်နေသည်။

"ဒီလိုအဆိပ်မျိုးကို ထိန်းသိမ်းသင့်တယ်မဟုတ်ဘူးလား... ကျောင်းသားတွေ ယူသွားနိုင်တာက အရမ်းအန္တရာယ်များတယ်မဟုတ်ဘူးလား"


ရှင်းယန်: "ငါတို့ကျောင်းရဲ့ ဓာတုဗေဒဌာနမှာ ဆေးတွေကို ဆေးဆိုင်ခန်းထဲမှာ သိမ်းဆည်းထားပြီး အထူးဆေးဆိုင်ဆရာက စီမံခန့်ခွဲပေးတယ်... စမ်းသပ်မှုတစ်ခုပြီးတိုင်း ကျောင်းသားတွေက စမ်းသပ်မှုလျှောက်လွှာပုံစံကိုယူပြီး လိုအပ်တာတွေစုဆောင်းဖို့ ဆေးဆိုင်ခန်းကိုသွားကြတယ်... အဲဒါကြောင့် ကျောင်းသားတွေက အန္တရာယ်ရှိတဲ့ပစ္စည်းတွေကို သီးသန့်ယူဆောင်သွားမဲ့ အခြေအနေမျိုးမရှိတော့ဘူး... ဒါပေမဲ့ ပေရှန်းတက္ကသိုလ်က မတူဘူး... ဒီကျောင်းရဲ့ ဓာတုဗေဒဓာတ်ခွဲခန်းမှာ ဆေးဗီရိုက သော့ခတ်ထားတယ်... ဆရာက ကျောင်းသားတွေနဲ့ ပိုအဆင်ပြေရင် သူတို့က ကျောင်သားကို သော့ပေးပြီး စမ်းသပ်မှုပစ္စည်းတွေကို ပြင်ဆင်ဖို့ တောင်းဆိုကြတယ်... အဲဒါက သော့ကိုအတုလုပ်တာ၊ ဆေးတွေခိုးယူတဲ့ အခြေအနေမျိုးကို ဦးတည်စေတယ်"


ယွဲ့ရှင်းဝမ်: "ဓာတုဗေဒဌာနရဲ့ အတန်းခေါင်းဆောင်တွေ၊ တာဝန်ကျကျောင်းသားတွေ၊ ဓာတ်ခွဲခန်းသော့တွေနဲ့ ထိတွေ့ဖူးသူတွေအားလုံးက သံသယဖြစ်ဖွယ်ရှိတယ်... အတိုင်းအတားကျဉ်းမြောင်းအောင် လျှိုကျားကျားကို သိတဲ့သူတွေနဲ့ မနေ့က ကမ်းခြေ ရောက်ဖူးတဲ့သူတွေကို ရှာရမယ်"


ချင်လု: "မနေ့က ကမ်းခြေဘာဘီကျူးဆိုင်ကို လာလည်တဲ့ လူတွေက စာရင်းသွင်းထားတဲ့ ဧည့်သည်စာရင်းရှိတယ်... ငါ့ဖုန်းနဲ့ ဓာတ်ပုံရိုက်ထားခဲ့တယ်" သူမသည် အဖွဲ့ထဲသို့ ဧည့်သည်စာရင်းပုံ ပို့လိုက်သည်။


ရှင်းယန်: "ဓာတုဗေဒဌာနရဲ့စာရင်းကို ရအောင် ငါနည်းလမ်းရှာလိုက်မယ်... ပြီးရင် ဒီဧည့်သည်စာရင်းနဲ့ နှိုင်းယှဉ်ပြီး မနေ့က ကမ်းခြေမှာ ပေါ်လာတဲ့ ဓာတုဗေဒဌာနရဲ့ ကျောင်းသားတွေကို ငါ ရှာတွေ့နိုင်မှာပါ"


အကြံများရပြီးနောက် စုံစမ်းစစ်ဆေးမှု နယ်ပယ်က ပိုမိုကျဉ်းမြောင်းလာမည်ဖြစ်သည်။


ယမန်နေ့က ကမ်းခြေဘာဘီကျူးဧရိယာ၏ A နှင့် B ဧရိယာများကို ဥပဒေဌာနမှ ကျောင်းသားများက ကြိုတင်စာရင်းပေးထားသည်။ ဥပဒေဌာနက အပြင်ထွက် ဘာဘီကျူးစားချင်တယ်ဆိုသော အချက်ကို အခြားဌာနက ကျောင်းသားများ ကြားလိမ့်မည်။ ဥပမာအားဖြင့် ဘာသာပြန်ဌာနမှ ကျူးရှောင်ထင်ကို သူမ၏သူငယ်ချင်းလျှိုကျားကျားမှ ခေါ်လာခဲ့သည်။ အခြားကျောင်းသားများသည် သူတို့၏အခင်ဆုံးသူငယ်ချင်းများနှင့် ဆော့ကစားရန် ခေါ်ဆောင်လာနိုင်သည်။


ထို့အပြင် ဧရိယာ C ရှိ ထိုင်ခုံများသည် ဖြတ်သန်းသွားလာသူများဖြစ်ပြီး လူသတ်သမားသည်လည်း ဧရိယာ C တွင် ဖြတ်သန်းသွားသူများထဲမှ ဖြစ်နိုင်ပါသည်။


မည်သို့ပင်ဆိုစေကာမူ လျှိုကျားကျားသည် နံနက် 4:30 ဝန်းကျင်တွင် သေဆုံးသွားသောကြောင့် လူသတ်သမားသည် ယမန်နေ့က ကမ်းခြေသို့သွားခဲ့ပြီး မနေ့ညနေတွင် စခန်းချနေသော လူအုပ်ကြား၌ ပုန်းအောင်းနေပြီး ကျူးရှောင်ထင်ထွက်သွားပြီးနောက် ချက်ချင်းပင် စတင်လှုပ်ရှားခဲ့သည်။


ဓာတုဗေဒဓာတ်ခွဲခန်းနှင့် ရင်းနှီးကာ potassium cyanide ကို ရရှိနိုင်ပြီး လျှိုကျားကျားကို သိကာ ယမန်နေ့က ကမ်းခြေတွင် ပေါ်လာသည်— ဤလက္ခဏာလေးရပ်နှင့် ကိုက်ညီသူမှာ လျှိုကျားကျား၏ လူသတ်သမားဖြစ်သည်။


လျှိုကျားကျား၏ အမှုသည် အကြမ်းဖျင်းအကြံပေါ်လာသည်။ ယွဲ့ရှင်းဝမ်က ရှဲ့ရှန်းချင်၏ အမှုဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်းလိုက်သည်။

"မိန်းကလေးတွေအိပ်ဆောင်က ဘယ်လိုလဲ"


မိန်းကလေးအိပ်ဆောင်မှာ နေထိုင်နေသာ ချင်မြောင်က ပြောသည်။

"8 ထပ်ကနေ 10 အထိ မိန်းကလေးအိပ်ဆောင်မှာ ကျူးရှောင်ထင်ကိုသိတဲ့ မိန်းကလေး 40 ကျော်ရှိပြီး 30 ကျော်က သူတို့ဘာသာပြန်ဌာနရဲ့ အတန်းဖော်တွေပဲ... ဆေးပညာဌာနမှာ လူ 10 ယောက်လောက်က ကျူးရှောင်ထင်နဲ့ အဆက်အဆံရှိဖူးတယ်... ကျူးရှောင်ထင် ဖော်ပြခဲ့တဲ့ ကျောက်ကျားနန်ကတော့ သူမရဲ့အခန်းဖော်ကို သီးသန့်မေးကြည့်တဲ့အခါ သူမက မနေ့ညက အိပ်ဆောင်မှာမရှိဘဲ ဆေးရုံမှာ အလုပ်သင်ဆင်းနေခဲ့တယ်ဆိုတာ သိလိုက်ရတယ်"


ကျောက်ကျားနန်၏ရည်းစားကို သေဆုံးသွားသော ရှဲ့ရှန်းချင်က လုယက်သွားခဲ့ပြီး သူမနှင့် ကျူးရှောင်ထင်တို့သည် အထက်တန်းကျောင်းနေဖက်များဖြစ်သောကြောင့် ကျူးရှောင်ထင်က ကျောက်ကျားနန်သည် ရှဲ့ရှန်းချင်ကို သတ်ပစ်ပြီးနောက် သူမကို ချောက်ချခဲ့ကြောင်း သံသယရှိခဲ့သည်။


ရည်းစားလုယက်ခံရသော သူမသည် အငြိုးနှင့် ပြစ်မှုကျူးလွန်ရန် ရည်ရွယ်ချက်ရှိသည်။ သူမက ကျူးရှောင်ထင်ကို သိပြီး ကျူးရှောင်ထင်က သစ်သီးဓားတစ်ချောင်းဝယ်တာကိုလည်း သိထားသည်။ ချောက်ချလို့ရသည့် အခြေအနေများရှိပြီး ဤမိန်းကလေးသည် ယွဲ့ရှင်းဝမ်၏ မျက်လုံးထဲတွင် သံသယဖြစ်စရာ ဖြစ်နေသည်။


သို့ပေမဲ့ ချင်မြောင်၏စုံစမ်းစစ်ဆေးမှု ရလဒ်ကတော့ သူမဟာ မနေ့ညက အိပ်ဆောင်မှာ ရှိမနေခဲ့ပေ။


ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"စီနီယာအစ်ကိုလျှို... ကျောက်ကျားနန်က မနေ့ညက ဆေးရုံမှာ အလုပ်သင်ဆင်းနေသလားဆိုတာ ရှာလို့ရလား"


လျှိုကျောက်ချင်းသည် ဆေးရုံကို ချက်ချင်း ခေါ်လိုက်ပြီး အလုပ်သင် ကျောက်ကျားနန်က ဘယ်ဌာနကလဲဆိုတာကို စစ်ဆေးဖို့ သူ့လုပ်ဖော်ကိုင်ဖက်များကို မေးမြန်းခဲ့သည်။ ‌ဆေးရုံရှိ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောလာသည်။

"ဒေါက်တာလျှို... ကျောက်ကျားနန်က ငါတို့ရဲ့ အရေးပေါ်ဌာနက အလုပ်သင်ဖြစ်ပြီး မနေ့ညက အရေးပေါ်လူနာဆောင်မှာ ညဆိုင်းကျတယ်လေ"


လျှိုကျောက်ချင်းက အဲဒါကို သေသေချာချာ တွေးပြီး ပြောလိုက်သည်။

"မနေ့ညက ငါ ညအဆိုင်းရှိတယ်... အရေး‌ပေါ်လူနာဆောင်မှာ ကူညီပေးနေတဲ့ ကျစ်ဆံမြီးနဲ့ အလုပ်သင်တစ်ယောက်ရှိတယ်... သူမပုံစံက အရမ်းလေးနက်နေပုံရတယ်... လူတိုင်းက သူမကို ‘ရှောင်ကျောက်’လို့ ခေါ်ကြတယ်... အဲဒီရှောင်ကျောက်က ပေရှန်းတက္ကသိုလ်ရဲ့ ဆေးပညာဌာနက ကျောက်ကျားနန်လား"


လုပ်ဖော်ကိုင်ဖက်: "ဟုတ်တယ်"


ယွဲ့ရှင်းဝမ်က နူးညံ့စွာ မေးလိုက်သည်။

"မနက် 5 နာရီမှာ သူမက ဆေးရုံကနေ ထွက်ခဲ့တာများလား"


‌လျှိုကျောက်ချင်းက ဖုန်းကို ချပြီး ခေါင်းခါလိုက်သည်။

"မဖြစ်နိုင်ဘူး... ဒေါက်တာရဲ့တာဝန်ခန်းက အလုပ်သင်အိပ်တဲ့ တာဝန်ခန်းနဲ့ ချိတ်ဆက်ထားတယ်... ငါ မနက် လေးနာရီလောက်မှာ အိပ်ရာကနိုးလာပြီး တစ်ဖက်က အပြင်ထွက်ဖို့ တံခါးတွန်းလိုက်တာကို မကြားရဘူး... ရှောင်ကျောက်က မနက် 7 နာရီကျော်မှ နိုးလာပြီး ငါ့ကို နှုတ်ဆက်ခဲ့တယ်"


မမျှော်လင့်ဘဲ စီနီယာအစ်ကိုလျှိုသည် သက်သေခံတစ်ဦးဖြစ်လာပြီး ဤကျောင်းသူ ကျောက်ကျားနန်အား အလီဘိုင်ပေးခဲ့သည်။ ကျောက်ကျားနန်သည် မနေ့ညက ဆေးရုံတွင် နေခဲ့တာကြောင့် ရှဲ့ရှန်းချင်ကိုသတ်ဖို့ ကျောင်းပြန်လာရန် မဖြစ်နိုင်ပေ။ လူသတ်သမားက အခြားတစ်ယောက်ဖြစ်သည်။


ဘယ်သူဖြစ်မလဲ။


ယွဲ့ရှင်းဝမ်: "စီနီယာအစ်ကိုလျှို ကျေးဇူးပြုပြီး ဆေးရုံကို စစ်ဆေးကြည့်ပါဦး... မနေ့ညက ဆေးရုံမှာ ညဆိုင်းအလုပ်လုပ်ပြီး ကျောင်းပြန်အိပ်တဲ့ ဆေးကျောင်းသူတွေထဲမှာ သေဆုံးသွားတဲ့သူကို ဘယ်သူရှိသလဲဆိုတာ စစ်ဆေးကြည့်ပါ... ကျွန်တော်တို့တွေ သံသယရှိသူတွေကို တတ်နိုင်သမျှ ကျဉ်းမြောင်းအောင်လုပ်ရမယ်"


လျှိုကျောက်ချင်းသည် ခေါင်းငြိမ့်ပြီး စုံစမ်းစစ်ဆေးဖို့ ဆေးရုံက သူ့လုပ်ဖော်ကိုင်ဖက်ကို ဖုန်းခေါ်လိုက်သည်။


မကြာခင်မှာ စာရင်းထွက်လာပြီး လူ 5 ယောက်စာရင်းကို ရွေးပြီး သူက အဖွဲ့ထဲ ပို့လိုက်သည်။

"ဒီဆေးပညာဌာနရဲ့ မိန်းကလေး 5 ယောက်က မနေ့ညက အိပ်ဆောင်ကို ပြန်သွားတယ်... 3 ယောက်က အိပ်တောင် 811 က ဖြစ်ပြီး 2 ယောက်က 812 မှာနေတယ်... ချင်မြောင် သွားမေးကြည့်လိုက်"


ချင်မြောင်၏အိပ်ဆောင်က 8 ထပ်တွင်ရှိသည်။ စာရင်းကိုမြင်ပြီးနောက် သူမသည် ရေခွက်ကိုင်ကာ 811 အိပ်ဆောင်တံခါးကို ခေါက်ပြီး ရေငှားဟန်ဆောင်ကာ ထိုမိန်းကလေးများနဲ့ စကားစမြည်ပြောခဲ့သည်။ 811 မှ လူလေးဦးသည် မနေ့ညက အိပ်ဆောင်ထဲတွင် ရှိနေခဲ့သည်။ ချင်မြောင်က မေးလိုက်သည်။

"ဒီနေ့ နင်တို့ ဘယ်အချိန်ထကြတာလဲ... မနက်အစောကြီး အောက်ထပ်က အော်သံကြောင့် ငါနိုးလာတာ... 703 အိပ်ဆောင်မှာ တစ်ခုခု ဖြစ်သွားပုံပေါ်တယ်... ဘာဖြစ်သွားတာလဲ သိကြလား"


ဆံပင်ရှည်ရှည်မိန်းကလေးက ‌ထိတ်လန့်သွားသောပုံစံဖြင့် ပြောသည်။

"တစ်ယောက်ယောက်သေသွားပုံရတယ်... သေသွားတဲ့သူက ရှဲ့ရှန်းချင်ဖြစ်ပြီး အရမ်းကြောက်စရာကောင်းတယ်... ကျူးရှောင်ထင်က သူမကို ဓားနဲ့ထိုးသတ်လိုက်တာလို့ ကြားတယ်"


ဆံပင်တိုတိုနဲ့ မိန်းကလေးနောက်တစ်ယောက်ကတော့

"ငါတော့ အော်သံတွေ မကြားဘူး... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ညဆိုင်းကြောင့် အရမ်းပင်ပန်းပြီး အိပ်မောကျနေတာ... ဒီနေ့က ရှားရှားပါးပါး အားလပ်ရက်ဖြစ်ပြီး မနက် 10 နာရီအထိ ငါအိပ်ခဲ့တာ... နေ့လယ်စာစားချိန်မှ ရွှီရုန်းရုန်းက ငါ့ကို အဲဒီကိစ္စပြောပြတာ"


ဆံပင်ရှည်ရှည်မိန်းကလေးက ပြောသည်။

"ငါလည်း ရုန်းရုန်းဆီကပဲ ကြားတာပါ... အဲဒီအချိန်တုန်းက ငါလည်း အိပ်မောကျနေတာ... ငါ အိပ်ချင်မူးတူးနဲ့ အော်သံကြားလိုက်ပေမဲ့ တစ်ဖက်လှည့်ပြီး ဆက်အိပ်နေတာ... ငါနိုးလာပြီးမှ အောက်ထပ်မှာ တစ်ခုခုဖြစ်သွားမှန်း သိလိုက်တာ"


ချင်မြောင်က မေးသည်။

"နင်တို့နှစ်ယောက်စလုံး ဒီမနက် အိပ်နေကြတာလား... ရွှီရုန်းရုန်းတစ်ယောက်ပဲ အပြင်ထွက်သွားတာလား"


ဆံပင်တိုတိုမိန်းကလေးက ခေါင်းငြိမ့်ပြသည်။

"အင်း... ရုန်းရုန်းက အအိပ်ဆတ်ပြီး မနက်တိုင်းလည်း ပြေးတတ်တဲ့ အလေ့အထရှိတယ်... သူမရဲ့အလုပ်နဲ့နားချိန်က အရမ်းပုံမှန်ဖြစ်တယ်... သူမက အော်သံကြောင့် လန့်နိုးသွားပြီး အပြင်ထွက်ကြည့်တာ ဖြစ်နိုင်တယ်"


ချင်မြောင်က တွေးတွေးဆဆနဲ့ ပြောသည်။

"ရွှီရုန်းရုန်းက ရှဲ့ရှန်းချင်နဲ့ ကျူးရှောင်ထင်တို့ကို သိလား"


မိန်းကလေးက ဆိုသည်။

"သူမနဲ့ ကျူးရှောင်ထင်တို့က အတူတူအလုပ်လုပ်ပြီး အတူတူစာလေ့လာဖူးတယ်... သူတို့က ပညာရေးရုံးမှာ လက်ထောက်တွေအဖြစ် လုပ်ခဲ့ကြတာ... ဒီတော့ တစ်ယောက်နဲ့တစ်ယောက် သိသင့်တယ်... ဒါပေမဲ့ ရုန်းရုန်းက အေးစက်တဲ့စရိုက်ရှိပြီး လူတွေနဲ့ စကားပြောရတာ မကြိုက်ဘူး"


ချင်မြောင်သည် မိန်းကလေးနှစ်ဦးနှင့် ခဏကြာ စကားစမြည်ပြောဆိုခဲ့ပြီး နံနက်ခင်းတွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို ဆွေးနွေးရန် 812 အိပ်ဆောင်သို့ သွားခဲ့သည်။


812 အိပ်ဆောင်၏ အိပ်ဆောင်ခေါင်းဆောင်က ပြောသည်။

"ငါမသိဘူး... ငါ မနေ့ညက ညဆိုင်းဆင်းနေပြီး ပြန်ရောက်တော့ နေ့လယ်ရောက်နေပြီ... ဒါနဲ့ ကျန်းနင်နဲ့ ဝမ်ရှောင်လုတို့တော့ မနေ့ညက ဒီမှာရှိနေတာမလား"


အခြားအခန်းဖော်က ဆိုသည်။

"ကျန်းနင်ြ မနေ့ညက အိပ်ပြန်သွားပြီး ရှောင်လုကတော့ ဒီမှာရှိနေခဲ့တယ်... ဒါပေမဲ့ နေ့ခင်းတုန်းက သူမကို မေးကြည့်တော့ ဘာဖြစ်သွားလဲဆိုတာ မသိဘူးတဲ့... မနက်စောစောမှာ တစ်ယောက်ယောက်က အော်ဟစ်ပြီးနောက် ‌ရဲတွေရောက်လာပြီး သူမ အောက်ထပ်ဆင်းချိန်မှာ ရဲတွေ မရှိတော့ဘူးလို့ ရှောင်လုက ပြောတယ်"


ချင်မြောင်မှ စုံစမ်းစစ်ဆေးမှုရလဒ်များကို အမြန်ရှင်းထုတ်ပြီး အဖွဲ့ထံ ပေးပို့ခဲ့သည်။

"အိပ်ဆောင် 811 က အခင်းဖြစ်ပွားချိန်မှာ မိန်းကလေးနှစ်ယောက်က အိပ်နေပြီး ရွှီရုန်းရုန်းက ထွက်သွားပြီး ရှဲ့ရှန်းချင် သေဆုံးတာကို သိလိုက်တယ်... အိပ်ဆောင် 812 က ကျန်းနင်က မနေ့ညက အိပ်ပြန်သွားပြီး ကျန်တဲ့အခန်းဖော်နှစ်ယောက်က မနေ့ညက ညအဆိုင်းရောက်နေပြီး ဝမ်ရှောင်လုတစ်ယောက်တည်း အိပ်ဆောင်မှာ ရှိနေခဲ့တယ်"


လင်းမန့်လော်သည် အနီရောင်ဖြင့် နာမည်နှစ်ခုကို ချက်ချင်းဖော်ပြခဲ့သည်။

"811 က အပြင်ထွက်သွားတဲ့ ရွှီရုန်းရုန်းနဲ့ 813 မှာ မနေ့ညက တစ်ယောက်တည်းနေခဲ့တဲ့ ဝမ်ရှောင်လုတို့က ဆေးကျောင်းသူတွေဖြစ်ပြီး သူတို့ကို ဘယ်သူမှအလီဘိုင်မပေးနိုင်ဘူး"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။

"ဒီနှစ်ယောက်ကို စုံစမ်းသင့်တယ်"


ကျန်းဖျင်စစ်က ဆက်ပြောလာသည်။

"သေဆုံးသူရဲ့ချစ်သူ ကျိုးယိကျားကို ငါတို့ စစ်ဆေးခဲ့တယ်... မနေ့ညက သူ့အခန်းဖော်တွေနဲ့ ဂိမ်းကစားနေပြီး မနက် 4 နာရီမှ အိပ်ခဲ့တာတဲ့... အိပ်ဆောင်တစ်ခုလုံးကလည်း သူမနိုးလာခင် နေ့လယ် 1 နာရီအထိ အိပ်ခဲ့တယ်လို့ ပြောခဲ့တယ်... ရှဲ့ရှန်းချင်ရဲ့ မတော်တဆမှုကြောင့် သူ့စိတ်က အနည်းငယ် ပြိုလဲနေပြီး ငါ ဖြတ်သွားတဲ့အခါ အခန်းဖော်တော်တော်များများက သူ့ကို နှစ်သိမ့်နေကြတယ်"


ယွဲ့ရှင်းဝမ်: "သူက ကျူးရှောင်ထင်အပေါ်ကို အထင်အမြင်တွေရှိလား"


ကျန်းဖျင်စစ်: "သူက ကျူးရှောင်ထင်ကို သိတယ်... သူတို့အားလုံးက ဘာသာပြန်ဌာနက ဖြစ်ကြပေမဲ့ ကျူးရှောင်ထင်က သူ့ကို တစ်ဖက်သတ်သဘောကျနေမှန်း သိပုံမပေါ်ဘူး... ဒါနဲ့ လောလောဆယ်မှာ သူက တတိယနှစ်ဖြစ်ပြီး သူနဲ့ ရှဲ့ရှန်းချင်က မောင်နဲ့မအတွဲတွေပဲ"


သံသယအများဆုံးရှိသူမှာ ဆေးပညာဌာနမှ မိန်းကလေးနှစ်ဦးဖြစ်သည်။ ထို့အပြင် လူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ကောင်းကောင်းနားလည်သောသူသာ ရှဲ့ရှန်းချင်ကို တိကျစွာ ဓားနဲ့ထိုးသတ်နိုင်သည်။


ယွဲ့ရှင်းဝမ်က သံသယကို မြင့်လိုက်သည်။

"ရှဲ့ရှန်းချင်က စနေနေ့ မနက် 5:30 လောက်မှာ မိန်းကလေးအိပ်ဆောင် 703 မှာ သေဆုံးခဲ့တယ်... မိန်းကလေးတွေ အိပ်တဲ့အခါ တံခါးကို သေချာသော့ခတ်ထားလိမ့်မယ်... လူသတ်သမားက သူမအခန်းထဲဝင်ချင်ရင် တံခါးကိုခေါက်တာ ဒါမှမဟုတ် 703 အိပ်ဆောင်ရဲ့သော့က အဲဒီသူရဲ့လက်ထဲမှာ ရှိနေလိမ့်မယ်... လူတစ်ယောက်က မနက်စောစော တံခါးလာခေါက်လို့ ရှဲ့ရှန်းချင်က အဲဒီအချိန်မှာ သူမအိပ်နေတယ်ဆိုရင် တံခါးဖွင့်မှာ မဟုတ်ဘူး... တံခါးကို အကျယ်ကြီးခေါက်ရင် ဘေးခန်းက အိပ်ဆောင်ရဲ့အာရုံကို ဆွဲဆောင်လိမ့်မယ်... ဒါကြောင့် လူသတ်သမားမှာ 703 အိပ်ဆောင်ရဲ့သော့‌ရှိနေမယ်လို့ ငါ ထင်မြင်ချက်ပေးချင်တယ်"


သော့ရှိနေရင် အခန်းဖော် သုံးယောက်အပြင် သော့များကို သီးသန့်ထားပေးသော အခန်းဖော်များနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသူများလည်း ရှိနိုင်ပါသည်။


ယွဲ့ရှင်းဝမ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

"အားလုံးပဲ... ဒီသံသယရှိသူတွေရဲ့ ဓာတ်ပုံကို print ထုတ်ပြီး မကြာသေးမီက ‌ဘယ်သူသော့လုပ်ခဲ့သလဲဆိုတာ သိဖို့အတွက် ကျောင်းနားက ကုန်ပစ္စည်းစတိုးဆိုင်ကို သွားပါ"


#TK