Volume 6 : အားကစားပြိုင်ပွဲများ
Chapter 119 (အားကစားပြိုင်ပွဲ ၁၀)
နောက်တစ်နေ့ မနက်စာစားပြီးချိန်မှာတော့ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် စာကြည့်တိုက်၏ဈေးဝယ်စင်တာသို့ အတူတူသွားခဲ့ကြပြီး ကြက်တောင်ရိုက်တံတစ်စုံကို ဝယ်ခဲ့သည်။ ဂျွမ်းဘားနှင့် စက်ဘီးစီးပြိုင်ပွဲများကို မနက် 8 နာရီမှ 10 နာရီအထိ စီစဉ်ထားပြီး သူတို့နှစ်ဦးသည် အဆိုပါပြိုင်ပွဲများအတွက် စာရင်းသွင်းထားခြင်းမရှိသောကြောင့် သူတို့၏ နှစ်ယောက်တွဲကြက်တောင်ရိုက်ခြင်းကို ပူးပေါင်းလေ့ကျင့်ရန် အချိန်ကို ဆုပ်ကိုင်ထားနိုင်ခဲ့သည်။
နှစ်ယောက်တွဲလေ့ကျင့်ရန်အတွက် သူတို့သည် ပြိုင်ဘက်နှစ်ဦးကို လေ့ကျင့်ဖော်အဖြစ် ရှာဖွေရမည်ဖြစ်သည်။ ယွဲ့ရှင်းဝမ်သည် သူ၏အဖွဲ့ဝင်များထံ ခယ်ရှောင်ပင်း ပေးပို့သော စာရင်းသွင်းထားသည့်ပြိုင်ပွဲများကို တစ်ချက်ကြည့်လိုက်ပြီး သုတေသနအဖွဲ့ chat channel တွင် စာပို့လိုက်သည်။
"စီနီယာအစ်ကိုလျှိုနဲ့ စီနီယာအစ်ကိုကျိုတို့က တစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲအတွက် စာရင်းသွင်းထားကြတယ်မလား?"
လျှိုကျောက်ချင်း: "ဟုတ်တယ်…"
ကျိုဖုန်း: "ရှင်းဝမ်က လေ့ကျင့်ရေးခန်းထဲမှာ လေ့ကျင့်ချင်လို့လား?"
ယွဲ့ရှင်းဝမ်: "ဖျင်စစ်နဲ့ ကျွန်တော်က နှစ်ယောက်တွဲစာရင်းသွင်းထားတာကြောင့် ကြက်တောင်ရိုက်တံဝယ်ဖို့ ဈေးဝယ်စင်တာကို သွားခဲ့တယ်… စီနီယာအစ်ကိုတို့နှစ်ယောက် အားရင် ဘယ်လိုခံစားရမလဲဆိုတာ သိဖို့အတွက် အတူတူ လေ့ကျင့်ကြရအောင်…"
ခယ်ရှောင်ပင်း: "ငါလာကြည့်လို့ရမလား? မင်းတို့အတွက် ဓာတ်ပုံရိုက်ပေးမယ်!"
ယွဲ့ရှင်းဝမ်: "ကြည့်ရှုဖို့ ကြိုဆိုပါတယ်…"
ရလဒ်ကတော့... အဖွဲ့ဝင်အားလုံး လာရောက်ကြည့်ရှုခဲ့ကြသည်။
အားလုံးက လေ့ကျင့်ရေးခန်းထဲ ဝင်လာကြသည်။ ယွဲ့ရှင်းဝမ်သည် ကြက်တောက်ရိုက်ကွင်း၏ အရွယ်အစားအတိုင်း လေ့ကျင့်ရေးခန်းတွင် လိုင်းလေးလိုင်းဆွဲခဲ့သည်။ လျှိုကျောက်ချင်းက ပတ်တီးဖြင့် ပိုက်ကိုပြုလုပ်ပြီး ကွင်းအလယ်တွင် ထားလိုက်သည်။
ခယ်ရှောင်ပင်းက ရှောင်ထူကို ပိုက်အစွန်းဘေးမှာ ဒိုင်လူကြီးလုပ်ဖို့ ပြောခဲ့သည်။
ယွဲ့ရှင်းဝမ်သည် သူ၏ကြွက်သားများကို လှုပ်ရှားပြီး ကြက်တောင်ရိုက်တံကို ကိုင်ကာ ပြောလိုက်သည်။
"2V2 နဲ့ ခံစားချက်ကို ရှာရအောင်…"
လျှိုကျောက်ချင်းက စနောက်လေသည်။
"2V2 လား? ငါတို့ စူပါစစ်သည်နှစ်ယောက်က Boss နှစ်ယောက်ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး… ကျန်းဖျင်စစ်ရဲ့ coordinate system က ငါတို့ ရိုက်လိုက်တဲ့ ကြက်တောင်ကို အချိန်တိုင်း အပြင်ထွက်အောင် လုပ်လိမ့်မယ်… အဲဒါဆို ငါတို့တွေ 1 မှတ်တောင်ရမှာ မဟုတ်ဘူး!"
ကျန်းဖျင်စစ်သည် စီနီယာအစ်ကိုလျှို ပြောနေတာက သူနဲ့ဘာမှမဆိုင်သကဲ့သို့ ငြိမ်သက်နေသည်။
ကျိုဖုန်းက အကြံပြုသည်။
"မင်းတို့နှစ်ယောက် စွမ်းရည်တွေ မသုံးပါနဲ့လား? ဒီအတိုင်း ဂိမ်းကစားကြရအောင်…"
ယွဲ့ရှင်းဝမ်က ချက်ချင်း သဘောတူသည်။
"ကိစ္စမရှိပါဘူး… ဖျင်စစ်ရဲ့ coordinate system မှာလည်း စောင့်ဆိုင်းချိန်ရှိပြီး ပွဲအစကနေအဆုံးထိ သုံးလို့ မရဘူး… အရင်ဆုံး စွမ်းရည်တွေကို မသုံးဘဲ ပူးပေါင်းဆောင်ရွက်မှုကို အရင်လေ့ကျင့်လိုက်ရအောင်… စီနီယာအစ်ကိုနှစ်ယောက်လည်း ကစားရတဲ့ခံစားချက်ကို ရှာဖွေကြပေါ့…"
လျှိုကျောက်ချင်းက “အိုကေ”အမူအရာ လုပ်ပြပြီး ကျိုဖုန်းနဲ့ အချင်းချင်းကြည့်ကာ ရယ်လိုက်သည်။
"ငါတို့တွေ စွမ်းရည်မသုံးဘူးဆိုရင် ငါတို့နှစ်ယောက်စလုံး အနိုင်ရဖို့ အခွင့်အရေးရှိမယ်ထင်တယ်!"
သူသည် ကြက်တောင်ရိုက်ခြင်းကို ကစားသည်မှာ နှစ်အတော်ကြာနေပြီဖြစ်ပြီး သူ့အရည်အချင်းများကို အလွန်ယုံကြည်သည်။
ကျိုဖုန်းကလည်း ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။
"လာခဲ့! မင်းတို့အရင် serve ပေးလိုက်!"
ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို ပြန်ကြည့်လိုက်သည်။ ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်၏နားထဲသို့ ကပ်ကာ စကားအနည်းငယ် ပြောလိုက်သည်။ သူဘာပြောနေလဲဆိုတာ ဘယ်သူမှမကြားကြပေမယ့် ယွဲ့ရှင်းဝမ်က အပြုံးဖြင့် ခေါင်းငြိမ့်လိုက်သည်ကိုသာ မြင်လိုက်ရပြီး ထို့နောက် သူတို့နှစ်ယောက်က ကွင်းထဲမှာ ရှေ့ဆင့်နောက်ဆင့် ရပ်နေကြပြီး ယွဲ့ရှင်းဝမ်က အရှေ့မှာ ကျန်းဖျင်စစ်က အနောက်မှာဖြစ်သည်။ ထို့နောက် ယွဲ့ရှင်းဝမ်က အရင်ဆုံး serve ပေးခဲ့သည်။
ယွဲ့ရှင်းဝမ်သည် အလွန်စံထားရသော serve ပေးသည့် ကိုယ်ဟန်အနေအထားဖြင့် ကြက်တောင်ကို သူ၏ညာလက်နဲ့ ရိုက်လိုက်သည်။
ကြက်တောင်သည် တစ်ဖက်ကွင်း၏ အဝေးတစ်နေရာက ဘေးစည်းကို ရောက်လုနီးနီးဖြစ်ခဲ့သည်။ လျှိုကျောက်ချင်းက ကြက်တောင်ကို ဆယ်ရန် လျင်မြန်စွာ နောက်ပြန်ဆုတ်သွားသည်။ ဆင်းသက်သည့်နေရာက ဝေးလွန်းသောကြောင့် လျှိုကျောက်ချင်းသည် ပြင်းထန်သော ခွန်းအားဖြင့် ကြက်တောင်ကို ရရှိခဲ့ပြီး ကြက်တောင်က လေထဲသို့ မြင့်မားစွာ ပျံသန်းသွားခဲ့သည်။
ကြက်တောင်က ပိုက်ကို ဖြတ်ကျော်ပြီးချိန်မှာတော့ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့ဟာ လျင်မြန်စွာ နေရာများ ပြောင်းလဲခဲ့ကြသည်။ ကျန်းဖျင်စစ်သည် ရှေ့ကို အပြေးအလွှား ပြေးသွားကာ ခုန်လိုက်ပြီး သူ၏လက်မောင်းရှည်တွေကို ဆန့်ထုတ်ကာ သူ့လက်ထဲက ကြက်တောင်ရိုက်တံသည် လေထဲတွင် ပြတ်သားပြီး သပ်ရပ်သော ရိုက်ချက်တစ်ခုဖြင့် အဆုံးသတ်သွားခဲ့သည်——
ဘမ်း! ကြက်တောင်နှင့် ကြက်တောင်ရိုက်တံတို့ ထိသောအသံက ပြတ်သားပြီး သာယာသည်။
ဤရုတ်တရက် ထောင့်ဖြတ်ရိုက်ချက်က ရှုပ်ထွေးလွန်း၍ ကြက်တောင်ကိုဖမ်းရန် ကျိုဖုန်းအတွက် အလွန်နောက်ကျသွားပြီဖြစ်သည်။
ကြက်တောင်က ချက်ချင်းနီးပါး ဆင်းသက်လာပြီး ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က 1 မှတ်ရခဲ့သည်။
ခယ်ရှောင်ပင်းသည် ရှောင်ထူး၏ခေါင်းကို ပုတ်ကာ ရှောင်ထူကို အမှတ်ရေတွက်ခိုင်းလိုက်သည်။ ရှောင်ထူ၏စက်အသံက မြည်လာသည်။
"အနီအသင်း 1 မှတ်…"
လျှိုကျောက်ချင်းက ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။
"ပွဲအစမှာတင် အရမ်းကြမ်းနေပြီပေါ့?"
ကျိုဖုန်းက သူ့ကိုပြန်ကြည့်ပြီး ပြောသည်။
"ဂျူနီယာလေးနှစ်ယောက်စလုံးက လေးနက်နေပြီးဆိုတော့ ကျွန်တော်တို့လည်း ပြိုင်ဘက်တွေအနေနဲ့ ပိုပြီးလေးနက်သင့်ပြီ…"
လျှိုကျောက်ချင်း: "အဲဒီလိုပဲ လုပ်ရမှာပေါ့!"
နောက်လေ့ကျင့်ရေးမှာတော့ သူတို့လေးယောက်စလုံးဟာ အလေးအနက်ထားပြီး အပြန်ပြန်အလှန်လှန် ကစားခဲ့ကြသည်။
သို့သော် အကြိမ်များစွာကစားပြီးနောက် ရှောင်ထူး၏နဖူးပေါ်ရှိ ရမှတ်များက ပို၍ကွားခြားလာတာကို မမျှော်လင့်ဘဲ လျှိုကျောက်ချင်းမှ တွေ့ရှိခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ 20:15 ဖြစ်လာပြီး သူနှင့် ကျိုဖုန်းက 5 မှတ် နောက်ကျကျန်ခဲ့သည်။
ပထမဂိမ်း၏ set point ရောက်သောအခါ ကျန်းဖျင်စစ် serve ပေးမယ့်အလှည့် ရောက်လာသည်။
ကျန်းဖျင်စစ်၏ကြက်တောင်က ထောင့်နိမ့်ပြီး ပိုက်နှင့် ပိုနီးကပ်သွားသဖြင့် ရှေ့ကွင်းအတွင်း ကျိုဖုန်းအနီးသို့ ရောက်သွားသည်။ သည်လို serve မျိုးကို ဖမ်းချင်ရင်တော့ သူ၏ကြက်တောင်ရိုက်တံဖြင့် ၎င်းကို အပေါ်ထောင်၍ ဆယ်ရမှာဖြစ်ပြီး မဟုတ်ရင် ပိုက်ကို ကျော်မည်မဟုတ်ပေ။ ပြီးနောက် အပေါ်ထောင်၍ ဆယ်လိုက်သည့်ရလဒ်မှာ ကြက်တောင်ကို လေထဲသို့ မြင့်မားစွာ ပျံသန်းသွားစေပြီး ယွဲ့ရှင်းဝမ်က ချက်ချင်း ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပိုက်အနီးကို ခုန်လိုက်ပြီး ကြက်တောင်ကို အလယ်တည့်တည့်သို့ ရိုက်ချလိုက်သည်။
ရှောင်ထူ: "ပထမဂိမ်း၊ 21:15၊ အနီအသင်း အနိုင်ရတယ်!"
ကျိုဖုန်းနှင့် လျှိုကျောက်ချင်းတို့က တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက် ပြုံးပြကာ တစ်ယောက်ကိုတစ်ယောက် အားပေးရန် လက်ဝါးချင်း ရိုက်လိုက်သည်။
ဂိမ်းကိုကြည့်နေကြသော အဖွဲ့ဝင်များ: "…"
သူတို့နှစ်ယောက်က တကယ်ပဲ ပထမဆုံး ပူးပေါင်းဆောင်ရွက်ဖူးတာလား? သူတို့က အချိန်အကြာကြီး လေ့ကျင့်ထားတဲ့ တိတ်ဆိတ်နားလည်မှုနဲ့ ပါတနာတွေ မဟုတ်ဘူးလား?
လျှိုကျောက်ချင်းက မနေနိုင်စွာ ညည်းညူသည်။
"မင်းတို့နှစ်ယောက်က အတူတူ သီးသန့်ကစားလေ့ရှိတာလား? ဒီလိုတိတ်ဆိတ်နားလည်မှုမျိုးက အံ့ဩစရာပဲ!"
ယွဲ့ရှင်းဝမ်းက ပြုံးကာ ပြောသည်။
"မဟုတ်ဘူး၊ ဒါက ကျွန်တော်တို့နှစ်ယောက်အတွက် ပထမဆုံး အတူတူတွဲကစားဖူးတာပဲ…"
လျှိုကျောက်ချင်း: "..."
အဖွဲ့ဝင်များ: "??"
ဒါကို ပထမဆုံးပူးပေါင်းဆောင်ရွက်မှုလို့ ခေါ်တာလား? မင်းတို့နှစ်ယောက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ပြီးပြည့်စုံလုနီးပါးရှိတယ် ဟုတ်ပြီလား?
ကွင်းထဲတွင် သူတို့၏နေရာမှာ တစ်ယောက်က အရှေ့၊ တစ်ယောက်အနောက်၊ တစ်ယောက်က ဘယ်ဘက်၊ တစ်ယောက်က ညာဘက်ရပ်ထားကာ လျင်မြန်စွာ ပြေးနေသောအခါတွင် သူတို့က အချင်းချင်း တိုက်မိခြင်း မရှိခဲ့ဘဲ တူညီသောကြက်တောင်ကို ဖမ်းရန် နှစ်ယောက်သား အတူတူ ပြေးသွားသည့် အခြေအနေမျိုး မရှိခဲ့ပေ။
သူတို့ကြားတွင် ထူးဆန်းသော“နှလုံးသားချင်းစကားပြောသည့်”တိတ်တဆိတ် နားလည်မှုမျိုး ရှိပုံရသည်။
ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ် ဆက်လုပ်မည့်အရာကိုသိပြီး ကျန်းဖျင်စစ်ကလည်း ယွဲ့ရှင်းဝမ် မည်သည့်နေရာတွင် ရှိနေတာကို သိသည်။ ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်သည် ကြက်တောင်ကို ဆယ်လိမ့်မည်ဟု ခံစားမိသောအခါ ကျန်းဖျင်စစ်က တကယ်ပဲ ကြက်တောင်ကို ဖမ်းခဲ့သည်။ ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်က ကြက်တောင်ကို ကိုင်တွယ်နိုင်သည်ဟု ခံစားမိသောအခါတွင် သူက ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ တစ်ခါတစ်ရံမှာ အမူအရာတစ်ခုသာဖြစ်ပြီး အများစုကတော့ အကြည့်တစ်ချက်တည်းသာ ဖြစ်သည်။
သူတို့သည် တစ်ဦးနှင့် တစ်ဦး အမြဲယုံကြည်မှုရှိပြီး တစ်ဦးနှင့် တစ်ဦး နားလည်မှုရှိခြင်းတို့ကြောင့် သူတို့၏ တစ်ယောက်ချင်း ကစားသမားအရည်အချင်းက လျှိုကျောက်ချင်းနှင့် ကျိုဖုန်းတို့ထက် မကောင်းသော်လည်း သူတို့က နှစ်ယောက်တွဲယှဉ်ပြိုင်မှုဖြင့် အခြားလူများ၏ ပူးပေါင်းဆောင်ရွက်မှုကို အနိုင်ယူနိုင်သည်။
ကျိုဖုန်းက စဉ်းစားမရဖြစ်သွားသည်။
"မင်းတို့နှစ်ယောက် ကစားတာကို ငါမမြင်ဖူးပါဘူး၊ မင်းတို့ ဘယ်တုန်းက သင်ယူခဲ့တာလဲ?"
ယွဲ့ရှင်းဝမ်: "ဖျင်စစ်က ကစားတတ်တယ်၊ သူ့အဖေဆီကနေ သင်ယူခဲ့တာ ဖြစ်နိုင်တယ်… ကျွန်တော်က ပထမနှစ်တုန်းကမှ ကြက်တောင်ရိုက်ကို သင်ယူခဲ့တာ၊ စီနီယာအစ်ကို မသိပါဘူး၊ ကျွန်တော့်ရဲ့ပထမနှစ် စိတ်ကြိုက်ဘာသာအတွက် ကြက်တောင်ရိုက်သင်တန်းကို ကျွန်တော် စာရင်းသွင်းခဲ့တာ…"
ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်ကို အံ့အားသင့်စွာ ကြည့်လာပြီး သူ၏ပါးစပ်ကို ဖွင့်လိုက်သော်လည်း ဘာမှမပြောခဲ့ပေ။
ယွဲ့ရှင်းဝမ်က သူ့ကို ပြုံးပြလိုက်သည်။
ဒုတိယဂိမ်းကို မကြာခင်မှာ စတင်ခဲ့သည်။
ဤအချီတွင် ကျိုဖုန်းက စွမ်းရည်များကို အသုံးပြုရန် အကြံပြုခဲ့ပြီး ကျန်းဖျင်စစ်က သူတို့ကို ကြင်နာမှုမပြခဲ့ပေ။
ကျိုဖုန်း၏ စွမ်းရည်“ဆွဲငင်အား”က ကြက်တောင်ကို ချက်ချင်း မြေပြင်ပေါ်သို့ ကျရောက်သွားစေနိုင်ပြီး ကျန်းဖျင်စစ်၏ coordinate system parabola က ကြက်တောင်၏ ဆင်းသက်မှတ်ကို ထိန်းချုပ်နိုင်သည်။ နှစ်ဖက်စလုံးက ရှေ့တိုးနောက်ဆုတ်ဖြင့် တိုက်ခိုက်ကြပြီး ရမှတ်များက 3:3 ကနေ 17:17 သို့တက်လာကာ အလွန်နီးကပ်နေခဲ့သည်။
ဆွဲငင်အား၏ အကျိုးသက်ရောက်မှုကို သင်္ချာဌာန၏ ဖော်မြူလာဖြင့် ထိန်းချုပ်ရန် ခက်ခဲကြောင်း ယွဲ့ရှင်းဝမ် တွေ့ရှိခဲ့သည်။ ထို့အပြင် ဖော်မြူလာကိုရေးရန် အချိန်ယူရသော်လည်း ဆွဲငင်အားက ကြက်တောင်ကို တိုက်ရိုက်ပြုတ်ကျစေရန် ချက်ချင်းလုပ်ဆောင်ပေးကာ ဆင်းသက်မှုအမြန်နှုန်းက အလွန်မြန်ပြီး ၎င်းကိုဖမ်းရန် ကြက်တောင်ရိုက်တံကို အသုံးပြုဖို့တောင် ခက်ခဲသည်။
စီနီယာအစ်ကိုကျိုတစ်ယောက်တည်း၏ ဆွဲငင်အားကို ကိုင်တွယ်ခြင်းဖြင့် သူတို့တွေ သရေကျနိုင်သည်။ သို့သော် လာမည့်နှစ်ယောက်တွဲပြိုင်ပွဲများတွင် သူတို့သည် ရူပဗေဒဌာနမှ ကျောင်းသားနှစ်ယောက်ဖြင့် တွေ့ဆုံပါက အလွန်ခက်ခဲမည်ဖြစ်သည်။
သည်ဂိမ်းမှာ သူတို့နှစ်ဦးဟာ ပြိုင်ဘက်များကို 19:21 ဖြင့် ရှုံးနိမ့်ခဲ့သည်။
ယွဲ့ရှင်းဝမ်က သူ့အတွေ့အကြုံကို အကျဉ်းချုံးပြီး ကျန်းဖျင်စစ်၏နားထဲကို တိုးတိုးလေး ပြောလိုက်သည်။
"ငါတို့ပြိုင်ဘက်တွေက ရူပဗေဒဌာနမှ ကျောင်းသားနှစ်ယောက်ဆိုရင် ကြက်တောင်ကို ချက်ချင်းပြုတ်ကျအောင် ဆွဲငင်အားကို အသုံးပြုနိုင်ပြီး ကြက်တောင်ကို ငါတို့လုံးဝဖမ်းလို့ရမှာ မဟုတ်ဘူး၊ အဲဒါကို တန်ပြန်တိုက်ခိုက်ဖို့ ဘယ်နည်းလမ်းကို ငါတို့ အသုံးပြုကြမလဲ?"
ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်ပြီး ခဏလောက်စဉ်းစားလိုက်သည်။
"ကြက်တောင်ရဲ့ ရွေ့လျားမှုမျဉ်းကွေးကို ပြောင်းပြီး ကြက်တောင်ကို သူတို့ဘေးမှာ ကျခိုင်းလိုက်မယ်…"
ယွဲ့ရှင်းဝမ်၏ မျက်လုံးများ တောက်ပလာသည်။
"နည်းလမ်းကောင်းပဲ!"
သူတို့၏ ကြက်တောင်က လေထဲတွင် ပျံတက်သွားသည်။ ရူပဗေဒဌာန၏ ဆွဲငင်အား ဆင်းသက်ခြင်း၏ အနှစ်သာရမှာ ကြက်တောင်ကို ပိုက်မှတစ်ဆင့် ပျံသန်းသွားစေပြီး ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်၏ ကွင်းတစ်ဖက်သို့ ရောက်လာခြင်းပင်ဖြစ်သည်။ သူတို့နှစ်ယောက်စလုံး မဖမ်းမိပါက ကြက်တောင်သည် ချက်ချင်း ပြုတ်ကျပြီး သူတို့တွေ အမှတ်ဆုံးရှုံးလိမ့်မည်။
သို့သော် ကျန်းဖျင်စစ်သည် ကြက်တောင်က လေထဲတွင် ပျံသန်းလာသောအခိုက်အတန့်မှာ ၎င်း၏လမ်းကြောင်းကို ပြောင်းလဲလိုက်သောကြောင့် ၎င်း၏ parabola သည် ပြိုင်ဘက်၏ ကွင်းတစ်ဖက်ကို ရောက်သွားပြီး ပြိုင်ဘက်က ကြက်တောင်ကို ပြုတ်ကျအောင်လုပ်လိုက်တာကြောင့် ‘ပိုက်မကျော်သော ကြက်တောင်ကို ရိုက်ခြင်း’ဖြစ်သွားပြီး အမှတ်များ ဆုံးရှုံးလိမ့်မည်။
ကျန်းဖျင်စစ်က ထပ်ပေါင်းပြောသည်။
"ပြိုင်ဘက်က serve ပေးတဲ့အခါ ကြက်တောင်ရဲ့ လမ်းကြောင်းကို ငါပြောင်းလိုက်မယ်၊ သူတို့က ပိုက်မကျော်တဲ့ serve ပေးတာမျိုး လုပ်ခိုင်းလိုက်ပြီး အဲဒါဆိုရင် ဆွဲငင်အားလည်း အသုံးမဝင်တော့ဘူး… ငါတို့အလှည့် serve ပေးတဲ့အခါ ပြိုင်ဘက်က မတုံ့ပြန်နိုင်အောင် ငါတို့မြန်မြန်လုပ်ရမယ်…"
ဆွဲငင်အားကိုလည်း ထိန်းထားဖို့ လိုပါသည်။ သူတို့သည် လျှပ်စီးကဲ့သို့ serve ပေးလိုက်ပြီး ကြက်တောင်ကို ချက်ချင်း တစ်ဖက်ဆီပို့လိုက်ပါက ပြိုင်ဘက်သည် စွမ်းရည်ကို အသုံးပြုရန် နောက်ကျသွားမည်ဖြစ်သည်။ ပြိုင်ဘက်ကလည်း သည်နည်းလမ်းကို အသုံးပြုပါက ကျန်းဖျင်စစ်တွင် ဖော်မြူလာကို ရေးဖို့ အချိန်ရှိမည်မဟုတ်ပေ။ ထိုအချိန်တွင် မည်သူက ပိုတိကျစွာ serve ပေးနိုင်သလဲ ဒါမှမဟုတ် ကြက်တောင်ကို အပြင်းအထန်နိုင်သလဲဆိုတာအပေါ် မူတည်ပါသည်။
နှစ်ယောက်သား ခဏလောက် ဆွေးနွေးကြပြီးနောက် တစ်ယောက်ကိုတစ်ယောက် ပြုံးပြကာ လက်ဝါးချင်းရိုက်ပြီး တတိယဂိမ်းကို စတင်လိုက်သည်။
လျှိုကျောက်ချင်းနှင့် ကျိုဖုန်းတို့သည် ‘မျက်ရည်မကျဘဲ ငိုရခြင်း’၏ အဓိပ္ပါယ်ကို တွေ့ကြုံခဲ့ရသည်။
သူတို့နှစ်ယောက်စလုံး serve နေစဉ်တွင် 10 ခေါက်မှာ 5 ခေါက်ကို ကျန်းဖျင်စစ်မှ လမ်းကြောင်းပြောင်းခဲ့ပြီး ကြက်တောင်က ပိုက်ကွန်ကိုတောင် မကျော်သွားပေ။ ကျန်းဖျင်စစ်နှင့် ယွဲ့ရှင်းဝမ်တို့သည် ကြက်တောင်ကို လျှပ်စီးကဲ့သို့ မြန်ဆန်စွာ serve ပေးခဲ့ကြပြီး မကြာခဏဆိုသလို ကျိုဖုန်းသည် သူ၏စွမ်းရည်များကို ထုတ်လွတ်ရန် အချိန်မရှိခဲ့ဘဲ ကြက်တောင်က ပိုက်ကိုကျော်သွားပြီး ၎င်းကို ဆယ်ရန် သူပြေးသွားရမှာဖြစ်ပြီး ကျန်းဖျင်စစ်က ရိုက်ချကာ အမှတ်ထပ်ရမည်ဖြစ်သည်။
ကျိုဖုန်းသည် တစ်ဖက်က အမြန်တိုက်ခိုက်နည်းကို အသုံးပြုနေကြောင်း သိရှိပြီးနောက်တွင် သူသည်လည်း လျင်မြန်စွာ တိုက်ခိုက်ရန် စတင်ခဲ့သော်လည်း နှစ်ဖက်စလုံးက အရှိန်အဟုန်ဖြင့် တိုက်ခိုက်ခြင်း၏ ရလဒ်မှာ သူတို့နှစ်ဖက်စလုံးသည် သူတို့၏ စွမ်းရည်များကို မထုတ်နိုင်ခဲ့ဘဲ ကြက်တောင်ကို ဖမ်းရန် ခွန်အားကိုသာ အားကိုးနိုင်ခဲ့ကြသည်။ သူတို့၏ခွန်အားက လုံလောက်သော်လည်း သူတို့၏ တိတ်ဆိတ်နားလည်မှုက ကျန်း-ယွဲ့ပူးပေါင်းခြင်းလောက် မကောင်းပေ။
တတိယဂိမ်း၏ ရလဒ်မှာ 21:13 ဖြင့် ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က ကြီးကြီးမားမားအောင်ပွဲခံခဲ့သည်။
ကျိုဖုန်းသည် သူ့ဘေးတွင် ထိုင်ကာ အမောတကောပြောသည်။
"မင်းတို့နှစ်ယောက်မှာ ဒီလောက်မြင့်မားတဲ့ တိတ်ဆိတ်နားလည်မှုရှိပြီး ဖျင်စစ်ရဲ့ ကြက်တောင်ကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်နဲ့ နှစ်ယောက်တွဲကြက်တောင်ရိုက်ပြိုင်ပွဲမှာ မင်းတို့တွေ သေချာပေါက် ဆုတံဆိပ်ရလိမ့်မယ်…"
ယွဲ့ရှင်းဝမ်က နှိမ့်ချစွာပြောခဲ့သည်။
"ကျွန်တော်တို့ကို ပိတ်လှောင်ဖို့ အကျဉ်းထောင်အသုံးပြုတဲ့ ဥပဒေဌာန၊ ကျွန်တော်တို့ကို အိပ်စက်အောင်ပြုလုပ်မယ့် ဂီတကျောင်း ဒါမှမဟုတ် ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်ရဲ့ အဖွဲ့ဝင်နှစ်ယောက်က ကျွန်တော်တို့ကို အလှည့်ကျစာသင်ပေးမယ့် အဖွဲ့လိုမျိုး အချိန်ကြာကြာထိန်းချုပ်နိုင်တဲ့ အဖွဲ့တွေနဲ့ ကျွန်တော်တို့ တွေ့ခဲ့ရင် ခက်ခက်ခဲခဲ ကစားရလိမ့်မယ်…"
ကျန်းဖျင်စစ်က ဂရုမစိုက်ဟန်ပြောသည်။
"ငါတို့ ဆုရ၊မရက အရေးမကြီးပါဘူး၊ ငါတို့အကောင်းဆုံး ကြိုးစားဖို့ပါပဲ…"
လျှိုကျောက်ချင်း: "ဒါပေမယ့် ကြက်တောင်ရိုက်ပြိုင်ပွဲလိုမျိုး နာမည်ကြီးပြိုင်ပွဲအတွက် စာရင်းသွင်းထားတဲ့သူတွေ အများကြီးရှိရမယ်… နှစ်ယောက်တွဲ ပဏာမအဆင့်ကို ဖြတ်ကျော်ဖို့အတွက် သူတို့ရဲ့ခွန်အားနဲ့ တိတ်ဆိတ်နားလည်မှုက လုံလောက်ပါပြီ… အထူးစွမ်းရည်တွေက စောင့်ဆိုင်းချိန်ရှိတော့ သူတို့တွေ ပထမအချီမှာ သုံးလိုက်ရင် ဒုတိယအချီကျရင် သုံးလို့မရတော့ဘူး… ဒါကြောင့် မင်းတို့နှစ်ယောက်အပေါ် ငါယုံကြည်မှုရှိနေတုန်းပဲ… မင်းတို့နှစ်ယောက်ရဲ့ ခွန်အားက အရမ်းသန်မာပြီး တိတ်ဆိတ်နားလည်မှုရှိတယ်… အားအားကစားကျောင်းက ကြက်တောင်အထူးပြုတဲ့အဖွဲ့နဲ့ မင်းတို့မတွေ့သ၍ ပုံမှန်အသင်းတွေဆိုရင် အဆင်ပြေမယ်လို့ ငါထင်တယ်…"
ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို ကြည့်ပြီး အပြုံးဖြင့် ပြောလိုက်သည်။
"ငါတို့တွေ ပုံမှန်ခွန်အားရှိတဲ့အဖွဲ့နဲ့ တွေ့တဲ့အခါ ငါတို့နှစ်ယောက်စလုံး ပုံမှန်ပဲတိုက်ခိုက်ကြမယ်… ငါတို့တွေ ခက်ခဲတဲ့အဖွဲ့နဲ့တွေ့မှ စွမ်းရည်ကို အသုံးပြုကြမယ်…"
ကျန်းဖျင်စစ်က ခေါင်းငြိမ့်သဘောတူခဲ့သည်။
လေ့ကျင့်ရေးခန်းမှ ထွက်လာပြီးနောက် နှစ်ယောက်သား အိပ်ဆောင်သို့ ပြန်လာကြပြီး ခဏတာ အနားယူကြသည်။
ယွဲ့ရှင်းဝမ်က မျက်နှာသုတ်ပုဝါကို ကောက်ကိုင်လိုက်ပြီး ချွေးတွေကို သုတ်ကာ ပြောသည်။
"မင်းငါ့ကို မေးစရာရှိလို့လား?"
ကျန်းဖျင်စစ်က အသံတိုးတိုးဖြင့် မေးသည်။
"ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိပြီးကတည်းက အတူတူ စာကြည့်တိုက်ကို မကြာခဏ သွားဖူးပေမယ့် ငါတို့တွေ ဘယ်တော့မှ အတူတူမကစားဖူးပါဘူး… စီနီယာအစ်ကို အခုလေးတင် မေးလိုက်တုန်းက ‘ငါက ကြက်တောင် ကစားတတ်တာ ဒါမှမဟုတ် ငါ့အဖေဆီကနေ သင်ယူခဲ့တာ ဖြစ်နိုင်တယ်’ဆိုတာကို မင်းဘယ်လိုသိတာလဲ?"
ယွဲ့ရှင်းဝမ်က ခဏရပ်ကာ အပြုံးဖြင့် ပြောလိုက်သည်။
"ဒီကိစ္စက ဇာတ်လမ်းအရှည်ကြီးပဲ…"
ကျန်းဖျင်စစ်က တစ်ဖက်သို့လှည့်ပြီး သူ့ဘေးတွင်ထိုင်ကာ တိုးတိုးပြောလိုက်သည်။
"ပြောကြည့်လေ…"
ယွဲ့ရှင်းဝမ်က တည်ငြိမ်စွာ ပြောသည်။
"အထက်တန်းကျောင်းတုန်းက ငါတို့ကျောင်းရဲ့ ဂုဏ်ထူးဆောင်နာမည်စာရင်းတွေထွက်တိုင်း ငါတို့နှစ်ယောက်နာမည်တွေက ပထမနေရာမှာ ရောက်နေလေ့ရှိတယ်လေ… ဒါပေမယ့် အထက်တန်းတတိယနှစ်မှာ လပတ်စာမေးပွဲဖြေပြီးတော့ မင်းရဲ့နာမည်က သိပ္ပံအတန်းရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲမှာ မပါခဲ့ဘူး… မင်းရဲ့စွမ်းဆောင်ရည်က ရုတ်တရက်ကြီး ကျဆင်းသွားတာမျိုးမဖြစ်နိုင်ဘူးလို့ ငါတွေးလိုက်မိတယ်… ငါသိချင်စိတ်နဲ့ သွားမေးကြည့်တော့ မင်းနေမကောင်းလို့ စာမေးပွဲမဖြေခဲ့ဘူးဆိုတာ ငါသိခဲ့ရတယ်…"
"နောက်တစ်နေ့ ကျောင်းဆင်းတော့ ငါ မင်းရဲ့အိမ်ကို ဖြတ်သွားရင်း မင်းနဲ့ မင်းအဖေက ခြံထဲမှာ ကြက်တောင်ရိုက်နေတာကိုတွေ့လိုက်တယ်… မင်းအဖေက ‘ငယ်ရွယ်တုန်းမှာ လေ့ကျင့်ခန်းလုပ်ဖို့ အာရုံစိုက်သင့်တယ်၊ လေ့ကျင့်ခန်း များများလုပ်၊ တစ်နေလုံး ပုစ္ဆာတွေဖြေရှင်းဖို့ကိုပဲ အာရုံစိုက်မနေနဲ့’ဆိုပြီး ပြောနေခဲ့တယ်…"
ထိုမြင်ကွင်းကို တွေးရင်း ယွဲ့ရှင်းဝမ်က မနေနိုင်ဘဲ ရယ်လိုက်သည်။
"ကျောင်းမှာဆိုရင် မင်းက တစ်နေလုံး ဂရုမစိုက်တဲ့မျက်နှာထားမျိုးနဲ့ မင်းအဖေက စကားတတ်လိမ့်မယ်လို့ ငါမမျှော်လင့်ထားပေမယ့် မင်းက အဲဒါကို လုံးဝဂရုမစိုက်ဘဲ သူနဲ့အတူ ကြက်တောင်ရိုက်လေ့ကျင့်ခဲ့သေးတယ်… မင်းက မင်းရဲ့မိသားစုနဲ့ဆိုရင် အတော်လေး သိမ်မွေ့ပြီး မင်းရဲ့အတန်းဖော်တွေရှေ့မှာနဲ့ လုံးဝမတူဘူးဆိုတာကို ငါတွေ့ခဲ့ရတယ်…"
ကျန်းဖျင်စစ်သည် တခဏမျှ တိတ်ဆိတ်သွားပြီး ရုတ်တရက် သူ၏နှုတ်ခမ်းထောင့်များက အနည်းငယ် ကော့တက်သွားကာ မေးလိုက်သည်။
"ငါမှတ်မိတာမှန်ရင် မင်းရဲ့အိမ်က ငါနဲ့ လမ်းနှစ်ကျော်ဝေးပြီး မင်းရဲ့အိမ်က ကျောင်းနဲ့ ပိုနီးတာလေ၊ ဒီတော့ မင်းက ကျောင်းကနေ ငါ့အိမ်ကို ဖြတ်သွားတာမျိုး မဖြစ်နိုင်ဘူး ဟုတ်တယ်မလား? အဲဒါက ကြီးမားတဲ့ ကွေ့ဝိုက်သွားမျိုး ဖြစ်သွားမှာပေါ့…"
ယွဲ့ရှင်းဝမ်: "..."
ကျန်းဖျင်စစ်၏ သော့ချက်ကို ဆုပ်ကိုင်နိုင်စွမ်းက အားကောင်းပြီး သူ့ကို လှည့်စားရန် ယွဲ့ရှင်းဝမ်အတွက် မဖြစ်နိုင်ပေ။
ယွဲ့ရှင်းဝမ်က အနည်းငယ်ရှက်သွားပြီး ခေါင်းကိုငုံ့ကာ သူ၏ပါးပြင်များက အနည်းငယ်ပူလာသည်။
"ဟုတ်တယ်၊ ဖြတ်သွားတာမျိုး မဟုတ်ဘူး… မင်းက နေမကောင်းဖြစ်ပြီး စာမေးပွဲမဖြေနိုင်ဘူးဆိုတာ ငါကြားလိုက်ရတယ်… ငါစိတ်ပူတာနဲ့ မင်းအိမ်ကို သွားကြည့်တာ…"
ရှင်းဝမ်ကလည်း သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့တာလား? သူနေမကောင်းဖြစ်နေတာကြောင့် ရည်ရွယ်ချက်ရှိရှိ သွားကြည့်ခဲ့တာပေါ့?
ကျန်းဖျင်စစ်သည် ကျောင်းဝတ်စုံဝတ်ပြီး ကျောင်းလွယ်အိတ်လွယ်ရင်း သူ့အိမ်ရှေ့ကနေ ဖြတ်သွားသည့် ရှင်းဝမ်၏ပုံစံကို တွေးလိုက်ရာ သူ့ရင်ထဲ ရုတ်တရက် နူးညံ့သွားသည်။ ယွဲ့ရှင်းဝမ်ကိုကြည့်နေသော သူ့အကြည့်က ထူးထူးခြားခြား နူးညံ့နေပြီး သူ့အသံကလည်း အလွန်တိုးလျနေသည်။
"ငါ့အိမ်ကို တိတ်တဆိတ် လာခဲ့တာလား? မင်းငါ့ကို ဘာလို့မပြောခဲ့တာလဲ?"
ယွဲ့ရှင်းဝမ်က ရယ်ကာ ပြောသည်။
"အဲဒီတုန်းက ငါတို့က အတန်းဖော်တွေလေ၊ သူငယ်ချင်းတောင် မဟုတ်သေးတာကို… မင်းအိမ်ထဲကို ငါရုတ်တရက် ဝင်လာရင် ထူးဆန်းနေမှာမဟုတ်ဘူးလား? မင်းက သက်သာနေပြီး မင်းအဖေနဲ့တောင် ကြက်တောင်ရိုက်နေတာဆိုတော့ ငါလည်း စိတ်သက်သာရသွားတယ်… ဖြတ်သွားချင်ယောင်ဆောင်ပြီး မင်းငါ့ကိုမတွေ့သွားတာ အကောင်းဆုံးပဲ!"
ကျန်းဖျင်စစ်: "..."
သူ၏ပြတ်သားသောအပြုံးကိုမြင်တော့ ကျန်းဖျင်စစ်၏နှလုံးသားက လှုပ်ခတ်သွားပြီး သူက ရုတ်တရက် မေးလိုက်သည်။
"မင်း ပထမနှစ်တုန်းက ကြက်တောင်အတန်းအတွက် စာရင်းသွင်းခဲ့တာက ငါ့ကြောင့်မဟုတ်ဘူးလား?"
သူက စားပွဲတင်တင်းနစ်၊ ဘတ်စကတ်ဘော၊ ဘော်လီဘောတို့ကို ဘာကြောင့်မသင်ယူဘဲ ကျန်းဖျင်စစ် ကစားတတ်တဲ့ တစ်ခုတည်းသော ကြက်တောင်ရိုက်အားကစားကိုပဲ သင်ယူခဲ့ရတာလဲ?
တိုက်ဆိုင်တာလား? သူမယုံဘူး။
ယွဲ့ရှင်းဝမ်က ပွင့်ပွင့်လင်းလင်း ပြောသည်။
"သေချာတာပေါ့! မင်းက ကြက်တောင်ရိုက်တတ်တာကြောင့် ငါလည်း သင်ယူခဲ့တာ… ဒီလိုဆိုရင် ငါတို့မှာ တူညီတဲ့ဝါသနာ နောက်ထပ်တစ်ခုတိုးတာပေါ့… ကံမကောင်းစွာပဲ ပထမနှစ်တုန်းက စိတ်ကြိုက်သင်တန်းရဲ့ ကြက်တောင်ရိုက်အားကစားက စာရင်းသွင်းရတာ အရမ်းခက်ခဲပြီး ဒုတိယနှစ်ရောက်မှသာ ငါစာရင်းသွင်းနိုင်ခဲ့တယ်… ငါသင်ယူပြီးနောက် သိပ်မကြာခင်မှာပဲ ဒီတစ်ခေါက်မှာ အသုံးပြုရမယ်လို့ ငါမထင်ထားခဲ့ဘူး…"
ယွဲ့ရှင်းဝမ်သည် ခေါင်းမော့လိုက်ပြီး ကျန်းဖျင်စစ်၏ နူးညံ့သိမ်မွေ့သော မျက်လုံးများကို တွေ့လိုက်ရသည်။
ယွဲ့ရှင်းဝမ်၏နားများက ရုတ်တရက် ပူလာသည်။ ပထမတော့ ဒါက ဘာမှမဟုတ်ဘူးလို့ သူ တွေးခဲ့ပေမယ့် ကျန်းဖျင်စစ်က သူ့ကို နူးညံ့သိမ်မွေ့စွာ ကြည့်နေသောအခါ ရုတ်တရက် အနည်းငယ် ရှက်သွားခဲ့သည်။
"မင်းအတွက်ကြောင့်ချည်းပဲတော့ မဟုတ်ပါဘူး၊ ကြက်တောင်အားကစား စိတ်ကြိုက်သင်တန်းက အရမ်းကောင်းပြီး အဲဒီနည်းနဲ့ ငါလည်း လေ့ကျင့်ခန်း လုပ်နိုင်…"
ကျန်းဖျင်စစ်က သူ့လက်ကို ဆန့်တန်းပြီး ယွဲ့ရှင်းဝမ်၏ပခုံးကို ညင်သာစွာ ဖက်လိုက်သည်။
"ရှင်းပြစရာမလိုပါဘူး၊ ငါနားလည်ပါတယ်…"
ယွဲ့ရှင်းဝမ်: "..."
ငါကိုယ်တိုင်တောင် နားမလည်တာ၊ မင်းက ဘယ်လိုလုပ် နားလည်နိုင်တာလဲ?!
ယွဲ့ရှင်းဝမ်၏ သံသယမျက်လုံးများကို ကြည့်ရင်း ကျန်းဖျင်စစ်၏စိတ်က ရုတ်တရက် အလွန်ကောင်းမွန်လာသည်။
မူလကတော့ ရှင်းဝမ်သည် သူ့နှလုံးသားထဲတွင် ဝှက်ထားသော ရတနာဖြစ်သည်ဟု သူထင်ခဲ့သည်။ သူငယ်ငယ်ကတည်းက ဒီဖြူစင်သော ချစ်ခြင်းမေတ္တာဟာ သူ့ဘဝတွင် အဖိုးတန်ဆုံးနှင့် အရေးကြီးဆုံး ခံစားချက်ဖြစ်သည်။ တစ်ဖက်လူကို သိစေပြီး သူတို့ကြားက လှပသောဆက်ဆံရေးလေး ပျက်စီးသွားမှာစိုးတာကြောင့် သူမပြောနိုင်ခဲ့ပေ။
သို့ပေမဲ့ ယခုမူ ရှင်းဝမ်သည် သူ့နှလုံးသားထဲတွင် သူ့ကို အမှန်တကယ် စွဲစွဲမြဲမြဲ ချစ်မြတ်နိုးနေပုံရသည်။
ရှင်းဝမ်က သူ့ကို တိတ်တဆိတ် ဂရုစိုက်ပြီး သူနေမကောင်းသောကြောင့် သူ့ကိုတွေ့ရန် ဟန်ဆောင်ဖြတ်သွားခဲ့သည်။ ပထမနှစ်တုန်းက ကျောင်းသားကောင်စီမှာ ပါဝင်ရန် သူ့ကို ခေါ်ခဲ့သည်။ သူနှင့်အတူ အကြိုက်တူတာမျိုးရှိစေရန် ဒုတိယနှစ်တွင် သူ့အတွက် ကြက်တောင်ရိုက်စိတ်ကြိုက်သင်တန်း တက်ခဲ့သည်။
တစ်ယောက်နဲ့တစ်ယောက် သူတို့၏ဂရုစိုက်မှုတွေက တစ်ဖက်သတ်မဟုတ်ခဲ့ဘူး—— အသွားနဲ့အပြန်ရှိခဲ့နေသည်။
‘ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုအတွက် တုံ့ပြန်မှုပြန်ရတာလောက်’ ပိုပြီးပျော်ရွှင်ရတာ မရှိဘူး။
[TK: သက်ရောက်မှုတိုင်းမှာ တုံ့ပြန်မှုရှိတယ်—newton's third law.
သက်ရောက်မှုတိုင်းမှာ တုံ့ပြန်မှုရှိပေမဲ့ တုံ့ပြန်မှုတိုင်းကတော့ ကိုယ်ထင်ထားသလို ဖြစ်ချင်မှဖြစ်မှာပါ။]
#TK