Volume 6 : အားကစားပြိုင်ပွဲများ
Chapter 118 (အားကစားပြိုင်ပွဲ ၀၉)
စာကြည့်တိုက်အားကစားပြိုင်ပွဲ ပထမနေ့က ပြီးသွားပါပြီ။ ယွဲ့ရှင်းဝမ်သည် အိပ်ဆောင်သို့ ပြန်ရောက်ပြီးနောက် လူတိုင်းရရှိခဲ့သည့် ဆုတံဆိပ်များကို ရေတွက်ကြည့်သည်။ တစ်ဦးချင်းပြိုင်ပွဲတွင် မီတာ 400 အပြေးပြိုင်ပွဲ၌ ရွှီယိရှန်းမှ ရွှေတံဆိပ်ဆုရရှိခဲ့ပြီး သံလုံးပစ်၊ သံပြားပစ်နှင့် လှံတံပစ်ပြိုင်ပွဲများမှ ကျန်းဖျင်စစ်သည် ရွှေတံဆိပ်ဆုများရခဲ့ကာ အလွတ်စတိုင်နှင့် ပက်လက်ကူးခြင်းပြိုင်ပွဲများမှ လင်းမန့်လော်သည် ကြေးတံဆိပ်ဆုများရရှိခဲ့သည်။
အဖွဲ့လိုက်ပြိုင်ပွဲများတွင် 4x800 မီတာ လက်ဆင့်ကမ်းပြိုင်ပွဲတွင် သူတို့တွေ ရွှေတံဆိပ်ဆုရရှိခဲ့ပြီး လူ 8 ယောက်တွဲ အဖွဲ့လိုက်လှေလှော်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည်။
ဤအားကစားပြိုင်ပွဲ၏ ပြောင်းလဲခြင်းစည်းမျဉ်းအရ တစ်ဦးချင်း/နှစ်ယောက်တွဲပြိုင်ပွဲများ၏ ဆုတံဆိပ်များကို ကျောင်းသားတစ်ဦးစီများအတွက်သာ ပြောင်းလဲနိုင်ပြီး အဖွဲ့လိုက်ပြိုင်ပွဲများ၏ ဆုတံဆိပ်များကို သုတေသနအဖွဲ့၏ အဖွဲ့ဝင်များအားလုံးအတွက် credit မှတ်များအဖြစ် ပြောင်းလဲနိုင်သည်။ သူတို့၏အဖွဲ့သည် ရွှေတံဆိပ်ဆု 2 ခုရရှိခဲ့ပြီး အဖွဲ့ဝင်အားလုံးက credit 1 မှတ်ဖြင့် ပြောင်းလဲနိုင်သည်။ တစ်ဦးချင်းပြိုင်ပွဲများက ရွှေတံဆိပ် 4 ခုသည် ကျောင်းသားတစ်ဦးအား credit 2 မှတ်ဖြင့် ပြောင်းလဲခွင့်ပြုမည်ဖြစ်သည်။
ဤကဲ့သို့သောရရှိမှုက ယွဲ့ရှင်းဝမ်ကို အလွန်ကျေနပ်စေခဲ့သည်။
အားကစားပြိုင်ပွဲတွင် ပါဝင်ပြီး သူတို့၏ကြိုးစားအားထုတ်မှုက အချည်းနှီးမဖြစ်ပါ။ ဒါက ယခင် ‘တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ’ကဲ့သို့သော အများသူငါစိတ်ကြိုက်သင်တန်းများထက် များစွာပိုမိုလွယ်ကူသည်။ လူတိုင်းက ပျော်ပျော်ရွှင်ရွှင် ကစားနေစဉ်တွင် credit မှတ်များ ပြောင်းလဲနိုင်သည်မှာ မမျှော်လင့်ထားသောအံ့သြစရာဖြစ်သည်။
ထို့အပြင် အားကစားပြိုင်ပွဲမကျင်းပမီ ကျောင်းသားများအား စည်းမျဉ်းစည်းကမ်းများ လိုက်နာစေရန် ကျောင်းသားသဘောတူညီချက်၏အဖွဲ့အစည်းက ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။ ပြိုင်ပွဲအတွင်း သဘာဝလွန်စွမ်းရည်များဖြင့် ရည်ရွယ်ချက်ရှိရှိ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ပါ။ အားလုံးက ကစားနေကြပြီး အားကစားကွင်းတစ်ခုလုံး၏ အငွေ့အသက်က အလွန်နွေးထွေးသည်။ စာကြည့်တိုက်ကို ရောက်ကတည်းက သည်လိုအချိန်အကြာကြီး အနားယူဖို့ လူတိုင်းအတွက် ရှားရှားပါးပါး အချိန်တစ်ခုပဲဖြစ်သည်။
မနက်ဖြန်၏ ပြိုင်ပွဲအချိန်ဇယားမှာ မနက် 8 နာရီတွင် ဂျွမ်းဘားနှင့် စက်ဘီးစီး၊ မနက် 10 နာရီတွင် စားပွဲတင်တင်းနစ်၊ ကြက်တောင်နှင့် တင်းနစ်၊ နေ့လယ် 2 နာရီတွင် အဖွဲ့လိုက်ဘတ်စကတ်ဘော၊ ဘောလီဘောနှင့် ဘောလုံးပြိုင်ပွဲများကို နေရာအသီးသီးတွင် သီးခြားစီကျင်းပမည်ဖြစ်သည်။
ယခုအခါ စာကြည့်တိုက်မှာ ညနေ 6 နာရီပဲ ရှိသေးသည်။
ယွဲ့ရှင်းဝမ်က သုတေသနအဖွဲ့ chat channel မှာ စာပို့ခဲ့သည်။
"စောနေသေးတယ်… ဘောလုံးလေ့ကျင့်ဖို့ လေ့ကျင့်ရေးခန်းကို သွားကြမလား? မနက်ဖြန် ဘောလုံးပြိုင်ပွဲမှာ လူ 11 ယောက်ပါဝင်ရမှာ၊ ငါတို့ ကြိုပြီးမလေ့ကျင့်ထားရင် ရှုပ်ယှက်ခတ်နေလိမ့်မယ်…"
အဖွဲ့ဝင်များက ချက်ချင်း သဘောတူကြသည်။
"လေ့ကျင့်ဖို့အချိန်ရောက်ပြီ!"
လူတိုင်းသည် အနုတ်ဒုတိယထပ်ရှိ သုတေသနအဖွဲ့စင်တာသို့ ရောက်ရှိလာကြပြီး လေ့ကျင့်ရေးခန်းဖွင့်ရန် အမှတ်ကိုအသုံးပြုကာ လေ့ကျင့်ရေးခန်းကို ဘောလုံးကွင်းအရွယ်အစားအဖြစ် သတ်မှတ်ခဲ့ကြသည်။ စာကြည့်တိုက်ရှိ လေ့ကျင့်ရေးခန်းတွင် ဘောလုံးကွင်းဂိုးတိုင်မရှိသောကြောင့် လျှိုကျောက်ချင်းက ပတ်တီးဖြင့် ရိုးရိုးရှင်းရှင်း ပြုလုပ်ခဲ့သည်။
ယွဲ့ရှင်းဝမ်: "..."
ဖိုရမ်မှလူအများအပြားက 183 သုတေသနအဖွဲ့ကို နတ်ဆိုးအဖွဲ့ဖြစ်ကြောင်း ပို့စ်တင်ကြသည်မှာ အံ့ဩစရာမဟုတ်ပါ—— ဂိုးပေါက်ကို ပတ်တီးဖြင့် ပြုလုပ်တာကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်ဖြစ်သည်။
သို့ပေမယ့် လေ့ကျင့်ရေးအတွက် လောလောဆယ်တော့ သူတို့တွေ ၎င်းကို အသုံးပြုရန် လိုအပ်သည်။
လျှိုကျောက်ချင်းမှ ပြုလုပ်ထားသော ပတ်တီးဂိုးတိုင်သည် တရားဝင်အားကစားပြိုင်ပွဲမှ အရွယ်အစားနှင့် အတော်လေးဆင်တူသည်။
ချင်လုက အလွန်စိုးရိမ်နေသော အမူအရာဖြင့် ပြောသည်။
"ဘောလုံးကို ဘယ်လိုကစားရမလဲဆိုတာ ကျွန်မ လုံးဝမသိဘူး၊ ကျွန်မ မကစားလို့ရမလား?"
ချင်မြောင်က နားထင်ကို ပွတ်သပ်ပြီး ပြောလိုက်သည်။
"ကျွန်မကောပဲ၊ လူကျွံဘောဆိုတာ ဘာကိုဆိုလိုမှန်း အခုထိ နားမလည်သေးဘူး…"
ကျိုဖုန်းက စိတ်ရှည်ရှည်နဲ့ ရှင်းပြခဲ့သည်။
"လူကျွံဘောဆိုတာက တိုက်စစ်ကစားသမားက ဘောလုံးကန်လိုက်တဲ့အခါမှာ ပြိုင်ဘက်ရဲ့တစ်ဖက်ကွင်းက ဘောလုံးလက်ခံတဲ့အဖွဲ့ဝင်ဟာ တစ်ဖက်ကနောက်တန်းခံစစ်ကစားသမားထက်ပိုပြီး ဂိုးပေါက်နဲ့ နီးကပ်နေတာမျိုးကို ခေါ်တာ… ရိုးရိုးရှင်းရှင်းပြောရရင် ငါတို့က တိုက်စစ်ဆင်ပြီး အဖွဲ့ဝင်က ဘောလုံးကို ကန်လိုက်တဲ့အခါ ကိုယ့်ခြေထောက်ထဲ ဘောလုံးမရောက်သေးသ၍ တစ်ဖက်အသင်းရဲ့ နောက်ခံလူကို ကျော်ပြီး ဂိုးပေါက်နဲ့ နီးနီးကပ်ကပ် နေလို့မရဘူး…"
လူတိုင်းနားလည်သလိုလို၊ မနားလည်သလိုလို ဖြစ်နေကြသည်။
ကျိုဖုန်းက ဘောလုံးကို ရိုးရှင်းစွာ ကောက်ယူပြီး လျှိုကျောက်ချင်းနှင့် ရွှီယိရှန်းတို့နှင့်အတူ သရုပ်ပြခဲ့သည်။
ချင်မြောင်က ခေါင်းငြိမ့်ပြပြီး ပြောလိုက်သည်။
"နားလည်ပြီ၊ ဆိုလိုတာက အဖွဲ့ဝင်တွေ တိုက်စစ်ဆင်တဲ့အခါ ကျွန်မတို့အဖွဲ့ဝင်တွေက ဘောလုံးကို ကျော်ပြီး ပြိုင်ဘက်ရဲ့ဂိုးနဲ့ အနီးဆုံးကို သွားလို့မရဘူးပေါ့…"
လျှိုကျောက်ချင်းက ပြုံးကာ ပြောသည်။
"ဟုတ်တယ်… လူကျွံဘောစည်းမျဉ်းမရှိရင် ငါတို့က ပြိုင်ဘက်ရဲ့ဂိုးပေါက်မှာ လူတစ်ယောက်ကို ထားခဲ့ပြီး အသင်းဖော်တွေ ဘောလုံးဖြတ်ပေးလာမှာကို စောင့်ပြီးတော့ ဂိုးပေါက်ထဲကို ဘောလုံး တိုက်ရိုက် ကန်ပစ်လိုက်ရုံပဲလေ…"
ကျိုဖုန်း: "ထောင့်ကန်ဘောတွေနဲ့ လက်ပစ်ဘောတွေကို လူကျွံဘောလို့ မယူဆဘူး… လူကျွံဘောက တိုက်စစ်ဆင်တဲ့အခါ သတိထားရမယ့်အချက်ပဲ… မှတ်ထား၊ ကိုယ့်အသင်းဖော်တွေ ဘောလုံးကန်လိုက်တဲ့အခိုက်မှာ ပြိုင်ဘက်နောက်ခံလူရဲ့ ရှေ့ကို မပြေးနဲ့… ဘောလုံးက ရှေ့ကို ရောက်သွားပြီဆိုမှ ရှေ့ကို မင်းထပ်ပြေးတာဟာ လူကျွံဘောမထိဘူး…"
ဘောလုံးအကြောင်း မသိသောသူများက ခေါင်းကိုက်သလို ခံစားနေရသည်။
သူ့အဖွဲ့ဝင်များ၏ ကြောင်တောင်တောင် အမူအရာများကို ကြည့်ရင်း ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။
"ဘောလုံး ဘယ်လိုကစားရမလဲဆိုတာသိရင် မင်းတို့လက်ကို မြှောက်လိုက်…"
ကျိုဖုန်း၊ လျှိုကျောက်ချင်း၊ ရွှီယိရှန်း၊ ကျန်းဖျင်စစ်နှင့် ယွဲ့ရှင်းဝမ်တို့က လက်ကို မြှောက်လိုက်ကြသည်။
ယွဲ့ရှင်းဝမ်က အကူအညီမဲ့စွာ ပြောလိုက်သည်။
"လူတိုင်းက ဘဲတစ်ကောင်ကို အမြင့်ပေါ်တင်သလိုမျိုး ဘောလုံးကစားနိုင်တဲ့ ယာယီအသင်းက ဘတ်စကတ်ဘောကစားနိုင်တဲ့ အသင်းထက်နည်းတယ်… ဒါကြောင့် ပါဝင်တဲ့အသင်းတွေ အများကြီးရှိမှာမဟုတ်ဘူးလို့ ခန့်မှန်းရတယ်…"
လျှိုကျောက်ချင်းက သဘောတူသည်။
"တကယ်တော့ အားကစားကျောင်းက တစ်ယောက်ယောက်နဲ့ တွေ့ရင်တောင် အဆင်ပြေတယ်… အားကစားကျောင်းက လူတိုင်းက ဘောလုံးမကစားနိုင်ဘူး… သူတို့အများစုက ပြေးခုန်ပစ်၊ ရေကူးလေ့ကျင့်တာတွေပဲ လေ့ကျင့်ကြတာ၊ စာကြည့်တိုက်က မသင်မနေရသင်တန်းတွေကို အောင်မြင်ဖို့အတွက် သူတို့အဖွဲ့မှာ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒနဲ့ အခြားဘာသာရပ်မှာ အဓိကသင်ကြားနေတဲ့ ကျောင်းသားတွေလည်း ပါလိမ့်မယ်… အားကစားကျောင်းက ကျောင်းသားတွေချည်းပဲ သီးသန့်ဖွဲ့ထားတဲ့ သုတေသနအဖွဲ့ မရှိနိုင်ဘူး၊ အဲလိုလုပ်တာက အန္တရာယ်ကိုဖိတ်ခေါ်တာပဲ ဖြစ်လိမ့်မယ်… ငါတို့ထဲက လူအများစုက ဘောလုံးကို ဘယ်လိုကစားရမလဲမသိပေမယ့် အခြားအဖွဲ့တွေအများစုကလည်း ဘောလုံးကို ဘယ်လိုကစားရမလဲမသိပါဘူး! Noob ကြက်တွေ အချင်းချင်း ကိုက်ကြမှာကို ဘယ်သူ့ကို ကြောက်ရမှာလဲ?"
လူတိုင်း: "..."
Noob ကြက်များ အချင်းချင်း ကိုက်ကြမည်မှာ ပြီးပြည့်စုံသော ဖော်ပြချက်ဖြစ်သည်။
သည်ပြိုင်ပွဲကို သုတေသနအဖွဲ့ဖြင့် စာရင်းသွင်းရမှာဖြစ်သည့်အတွက် သုတေသနအဖွဲ့များက ဘာသာရပ်အမျိုးမျိုးဖြင့် လွှမ်းခြုံထားကြသည်။ သူတို့ထဲမှ အနည်းငယ်က ဘောလုံးကစားနိုင်ရင်တောင် ကျန်အဖွဲ့ဝင်များက ကစားနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် အလုံးစုံခွန်အားကို နှိုင်းယှဉ်ကြည့်လျှင် လူတိုင်းသည် အမှန်ပင် “Noob ကြက်များ အချင်းချင်း ကိုက်ကြမှာ”ဖြစ်ပြီး သော့ချက်မှာ စွမ်းရည်များကို အသုံးပြုခြင်းပင်ဖြစ်သည်။
ယွဲ့ရှင်းဝမ်: "စီနီယာအစ်ကိုကျိုက အရင်က ကျောင်းအသင်းမှာ ဘောလုံးကစားဖူးတော့ ဒီပြိုင်ပွဲရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူဖို့ ပြဿနာမရှိဘူးမလား?"
ကျိုဖုန်းက ရိုးရိုးရှင်းရှင်း သဘောတူခဲ့သည်။
"ကိစ္စမရှိပါဘူး၊ နေရာတွေအရင်ချရအောင်… ဘယ်သူက ဂိုးသမားလုပ်မလဲ?"
လူတိုင်းက ‘မင်းက ငါ့ကိုကြည့်ပြီး ငါက မင်းကိုကြည့်တယ်’ဖြင့် တုံ့ဆိုင်းနေကြသည်။ သို့သော် ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို စိုက်ကြည့်ပြီး အပြုံးဖြင့် ပြောလိုက်သည်။
"ဖျင်စစ်၊ မင်းလုပ်လိုက်… သူနဲ့သာဆိုရင် ပြိုင်ဘက်ရဲ့ဘောလုံးက ငါတို့ရဲ့ ဂိုးပေါက်ကို ဝင်တော့မှာ မဟုတ်ဘူး…"
အဖွဲ့ဝင်များ: "…"
အပြေးပြိုင်ပွဲမှာ မင်းတို့က ငါ့ထက် ပိုမြန်တာလား? စိတ်မကောင်းပါဘူး၊ parabolic လှုပ်ရှားမှုကို အသုံးပြုပြီး မင်းတို့ကို အနောက်ပြန်ပို့မယ်။
ဘောလုံးကစားရမှာ မင်းတို့ဘောလုံးက ငါ့ဂိုးပေါက်ထဲ သွင်းချင်တာလား? စိတ်မကောင်းပါဘူး၊ parabolic လှုပ်ရှားမှုနဲ့ ပြန်ထွက်သွားလိုက်ပါ။
ခယ်ရှောင်ပင်းက မအောင့်နိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဖျင်စစ်က ဂိုးပေါက်ကို စောင့်မယ်ဆိုရင် တစ်ဖက်အသင်းက အရမ်းစိတ်ပျက်နေမှာ သေချာတယ်! သာမန်နေ့စဉ် dungeon ကစားနေသလိုမျိုး နောက်ဆုံးမှာ ကမ္ဘာ့ boss ကြီးနဲ့ တွေ့ရပြီ၊ ဟားဟားဟားဟား…"
ကျန်းဖျင်စစ်: "..."
ဒါက ချီးကျူးနေတာလား? ကျိန်ဆဲနေတာလား?
ကျိုဖုန်လည်း ရယ်မောကာ ပြောသည်။
"ဖျင်စစ်က ဂိုးသမားဆိုရင် ငါတို့လည်း ကိုယ်ကစားချင်သလို ပေါ့ပေါ့ပါးပါး ကစားလို့ရပြီ… ဘာပဲဖြစ်ဖြစ် ပြိုင်ဘက်ရဲ့ဘောလုံးက ငါတို့ဂိုးပေါက်ထဲမှာ သွင်းနိုင်မှာမဟုတ်တာကြောင့် ငါတို့တစ်ဂိုးသွင်းနိုင်သ၍ အနိုင်ရနိုင်တယ်…"
ဘောလုံးအကြောင်းကို ဘာမှမသိသော ကျောင်းသားတော်တော်များများက ဒါကိုကြားသောအခါ သူတို့အနိုင်ရသည်ဟု ယုံကြည်ချက်ရှိလာကြသည်။
ယွဲ့ရှင်းဝမ်: "စီနီယာအစ်ကို၊ ရှေ့တန်းနဲ့ နောက်တန်းတွေကို တာဝန်ချပေးရအောင်…"
ကျိုဖုန်းက သူ့အဖွဲ့ဝင်များကို တစ်ချက်ကြည့်လိုက်ပြီး မြန်မြန်စီစဉ်လိုက်သည်။
"အသေးစိတ်ခွဲပေးဖို့က တော်တော်ကို ပြဿနာများလိမ့်မယ်၊ ဒါကြောင့် တိုက်စစ်အုပ်စု၊ ကွင်းလယ်အုပ်စုနဲ့ ခံစစ်အုပ်စုဆိုပြီး ခွဲလိုက်ရအောင်… တိုက်စစ်အုပ်စုမှာ ငါ၊ စီနီယာအစ်ကိုလျှို၊ ယိရှန်းနဲ့ ရှင်းဝမ်… ကွင်းလယ်အုပ်စုကိုက ချင်မြောင်၊ ချင်လု၊ မန့်လော်နဲ့ စီနီယာအစ်မလန်က ကိုင်တွယ်မယ်… ခံစစ်ကို ကျန်းရှောင်နျန်နဲ့ ရှင်းယန်တို့က တာဝန်ယူရမယ်…"
ခယ်ရှောင်ပင်းက သူ၏မျက်မှန်ကို ပင့်တင်လိုက်သည်။
"ဒါဆို ကျွန်တော်က ရှေ့တန်းသတင်းထောက်လုပ်ပြီး အားလုံးအတွက် ဓာတ်ပုံရိုက်ပေးမယ်…"
ဘောလုံးပွဲတစ်ပွဲ၌ လူအရေအတွက် ကန့်သတ်ချက်ရှိသောကြောင့် ခယ်ရှောင်ပင်းသည် ကွင်းထဲကို ရှောင်ထူအား ယူလာရန် မဖြစ်နိုင်ဘဲ သတင်းထောက်တစ်ဦးအဖြစ် သတိရှိရှိ လုပ်ဆောင်ခဲ့သည်။
သို့ပေမယ့် ကျိုဖုန်း၏စီစဉ်မှုဖြင့် ခံစစ်မှာ ကျန်းရှောင်နျန်နှင့် ရှင်းယန်တို့ပဲ ရှိတာကြောင့် အားနည်းလွန်းနေပုံရသည်။
ကျန်းရှောင်နျန်က မေးလိုက်သည်။
"ခံစစ်က ကျွန်တော်နဲ့ စီနီယာအစ်ကိုရှင်းယန်ပဲလား?"
ယွဲ့ရှင်းဝမ်က သူ့ပခုံးကိုပုတ်ကာ နှစ်သိမ့်ပေးသည်။
"မကြောက်ပါနဲ့၊ ကွင်းလယ်က မိန်းကလေး လေးယောက်က အချိန်မရွေး နောက်တန်းကို ပြန်ဆင်းပေးနိုင်ပြီး ငါတို့မှာ ဂိုးသမားဖျင်စစ်လည်း ရှိတယ်လေ… မင်းရဲ့နံရံနဲ့ ရှင်းယန်ရဲ့ ပေါင်းခံပုလင်းက တစ်ဖက်ကလူတွေကို မတားဆီးနိုင်ဘူးဆိုရင် ဖျင်စစ်ကို ကိုင်တွယ်ခိုင်းလိုက်ပေါ့…"
နေရာခွဲဝေပြီးနောက် ကျိုဖုန်းက အားကစားကွင်း၏ အနေအထားအရ ကျောင်းသားတစ်ဦးစီ၏ အနေအထားကို ပြင်ဆင်ခဲ့သည်။
လျှိုကျောက်ချင်းနှင့် ယွဲ့ရှင်းဝမ်တို့သည် ဘယ်တောင်ပံ၊ညာတောင်ပံ တိုက်စစ်အသီးသီး ဖြစ်ကြပြီး ကျိုဖုန်းက အလယ်တိုက်စစ်ဖြစ်ကာ ရွှီယိရှန်းက ဖြတ်ပေးခြင်းနှင့် နှောင့်ယှက်ခြင်းတို့ကို အထူးပြုသည့် ကျိုဖုန်း၏“အရိပ်တိုက်စစ်မှူး”ဖြစ်သည်။ ရွှီယိရှန်းသည် “mitosis” စွမ်းရည်ရှိသောကြောင့် ဤတာဝန်က သူ့အတွက် ပို၍သင့်လျော်သည်။
လျှိုကျောက်ချင်းက အရပ်ရှည်ပြီး ဘောလုံးကစားတတ်သည်။ ယွဲ့ရှင်းဝမ်က ဘောလုံးကို ထိန်းချုပ်ရန်နှင့် လူများကို ထိန်းချုပ်ရန် အမျိုးမျိုးသော စွမ်းရည်များကို အသုံးပြုနိုင်သည်။
သူတို့၏တိုက်စစ်မှူးလေးယောက် အင်အားက ပရော်ဖက်ရှင်နယ်အသင်းလောက် မကောင်းပေမယ့် ဘဲများကို အမြင့်ပေါ်တင်ပေးသည့် အခြားသုတေသနအဖွဲ့များကို အနိုင်ရဖို့ လူတိုင်းက ယုံကြည်မှုရှိနေဆဲဖြစ်သည်။
ကျန်းဖျင်စစ်က ဂိုးပေါက်ကို စောင့်မှာဖြစ်တာကြောင့် ယွဲ့ရှင်းဝမ်၏ရင်ထဲမှာ တကယ်ကို သက်တောင့်သက်သာရှိနေပါပြီ။
အချိန်က စောနေသေးတာကိုတွေ့တော့ ယွဲ့ရှင်းဝမ် ပြောလိုက်သည်။
"ကစားကြည့်ရအောင်…"
အားလုံးကို ပထမတွင် တိုက်စစ်နှင့် ခံစစ် အသင်းနှစ်သင်းခွဲ၍ ဘောလုံးကို ထိန်းချုပ်ကစားရန် ကြိုးစားကြသည်။ မိန်းကလေးတချို့သည် ယခင်က ဘောလုံးမကစားဖူးတာကြောင့် မကြာခဏဆိုသလို ဘောလုံးကို ကွေးကောက်စွာကန်တာ၊ စည်းပြင်ထွက်တာတွေရှိခဲ့သည်။
ကျိုဖုန်းကလည်း ကိုယ်တိုင်ကိုယ်ကျ သူတို့ကို ညွှန်ကြားခဲ့သည်။
နှစ်နာရီကြာ လေ့ကျင့်ပြီးနောက် လူတိုင်းသည် ဘောလုံးကန်ခြင်း၏ အခြေခံလှုပ်ရှားမှုများကို တဖြည်းဖြည်း ကျွမ်းကျင်လာကြသည်။ သူတို့က ဘောလုံးကို တိကျမှန်ကန်စွာ မပေးတတ်သေးပေမယ့် အနည်းဆုံး သူတို့အဖွဲ့ဝင်များ၏ ဦးတည်ချက်အတိုင်းတော့ ပေးနိုင်သည်။
ယွဲ့ရှင်းဝမ်သည် သူတို့၏တိုက်စစ်ဆင်မှုက အလွန်အားကောင်းတာကို တွေ့ရှိခဲ့ရသော်လည်း ကွင်းလယ်ရှိ ဘောလုံးကို ထိန်းချုပ်နိုင်စွမ်းမှာ အားနည်းလွန်းသဖြင့် ဘောလုံးကို မကြာခဏ အလုခံရလေ့ရှိသည်။ သူက ကျိုဖုန်းဘက်သို့ လျှောက်လာပြီး တိုးတိုးပြောလိုက်သည်။
"စီနီယာအစ်ကို၊ ကွင်းလယ်က ဘောလုံးကို မထိန်းနိုင်ရင် ကျွန်တော်တို့ ပြုသမျှနုတော့မှာ မဟုတ်ဘူးလား? အခု လေ့ကျင့်ရေးအရ မိန်းကလေး လေးယောက်မှာ ကစားတာ အတွေ့အကြုံမရှိဘူး… သူတို့ကို ကွင်းလယ်ကနေ ခံစစ်ကိုဆင်းခိုင်းတာက အဆင်ပြေပေမယ့် တိုက်စစ်ဆင်တဲ့အခါ ဘောလုံးပေးရင် အရမ်းပြဿနာတတ်လိမ့်မယ်…"
ကျိုဖုန်းက အဲဒါကို ခဏလောက်စဉ်းစားပြီး အားလုံးကို ပြောလိုက်သည်။
"ဒီလိုလုပ်ရအောင်… ရှင်းဝမ်နဲ့ ယိရှန်းက အလုပ်ကြိုးစားရမယ်… မင်းတို့နှစ်ယောက်စလုံးက ကွင်းလယ်မှာ ပိုပြီးပြေးရမယ်၊ မိန်းကလေးတွေက ဘောလုံးကို မထိန်းချုပ်နိုင်တော့ဘူးဆိုရင် ယိရှန်း ဒါမှမဟုတ် ရှင်းဝမ်ကို ပေးလိုက်ပါ… ရှင်းယန်က ခံစစ်ရဲ့ အလယ်နေရာမှာ နေရာယူပြီး ကွင်းလယ်ကို ဘောလုံးပေးပို့ရာမှာ ကူညီပြီးတော့ စီနီယာအစ်မလန်က ခံစစ်ကို ပြောင်းပြီး ကျန်းရှောင်နျန်နဲ့ ဘယ်ညာနေလိုက်ပါ…"
လေ့ကျင့်ရေးများစွာနှင့် ချိန်ညှိမှုများပြုလုပ်ပြီးနောက် နောက်ဆုံးတွင် C-183 သုတေသနအဖွဲ့၏ ဘောလုံးပြိုင်ပွဲ လူအစီအစဉ်မှာ ကျန်းဖျင်စစ်က ဂိုးသမား၊ လန်ယာရုန်နှင့် ကျန်းရှောင်နျန်က ဘယ်ညာခံစစ်ဖြင့် ရှင်းယန်က အလယ်ခံစစ်၊ ချင်မြောင်၊ ချင်လုနှင့် လင်းမန့်လော်တို့က ကွင်းလယ်၊ ကျိုဖုန်းနှင့် လျှိုကျောက်ချင်းတို့က နှစ်ယောက်တွဲတိုက်စစ်၊ ရွှီယိရှန်းနှင့် ယွဲ့ရှင်းဝမ်တို့က တိုက်စစ်နှင့် ကွင်းလယ်ကြားတွင် လျင်မြန်စွာ နေရာပြောင်းကြမှာဖြစ်ပြီး တိုက်စစ်ဆင်သောအခါ တိုက်စစ်လေးယောက်ဖြင့်ဖွဲ့ကာ ခံစစ်ဘက်ရောက်သွားပါက မိန်းကလေးများကို ကူညီရန် သူတို့က ပြန်ဆုတ်ကြမည်။
အသင်းတစ်ခုလုံးက အတော်လေး လိုက်လျောညီထွေရှိသော အသင်းတစ်သင်းဖြစ်ပြီး နောက်တန်းခံစစ်စွမ်းရည်မှာ အားနည်းနေပုံရသော်လည်း Boss ဖြစ်သူ ကျန်းဖျင်စစ်သည် ဂိုးပေါက်ကို စောင့်ကြပ်နေသောကြောင့် ပြိုင်ဘက်က ခံစစ်ကို ဖြတ်ကျော်ကာ ဘောလုံးကို ဂိုးပေါက်ဆီ ကန်သွင်းနိုင်ရင်တောင် ကျန်းဖျင်စစ်က ဘောလုံးကို လွင့်ထွက်သွားအောင် ပြုလုပ်နိုင်သည်။
ကျန်းဖျင်စစ်ကို တစ်ယောက်တည်းထိန်းချုပ်မှုစွမ်းရည်ဖြင့် ထိန်းချုပ်ထားစဉ် နောက်တန်းခံစစ်သည် ကျိုးပျက်သွားခြင်းမရှိပါက ထိုအခြေအနေမျိုးတွင် လန်ယာရုန်၊ ရှင်းယန်နှင့် ကျန်းရှောင်နျန်တို့ကလည်း ရပ်ကြည့်နေမည်မဟုတ်ပေ။
သဘောတရားအရ C-183 သုတေသနအဖွဲ့၏ ဂိုးပေါက်သို့ ဘောလုံးကန်သွင်းခြေမှာ အလွန်နည်းပါးပါသည်။
အားလုံးက ဆယ်နာရီခွဲအထိ လေ့ကျင့်ပြီး မောပန်းနွမ်းနယ်လွန်း၍ အသက်ရှူမဝဖြစ်နေကြသည်။
ယွဲ့ရှင်းဝမ်: "အားလုံး ရေချိုးပြီး ကောင်းကောင်း အနားယူကြပါ… မနက်ဖြန်နေ့လယ်မှာ ဘောလုံးပွဲအတွက် ငါတို့အားလုံး အစွမ်းကုန် ကြိုးစားကြမယ်… ငါတို့ ဆုရ၊မရက အရေးမကြီးပါဘူး၊ အားလုံး ပျော်ပျော်ရွှင်ရွှင် ကစားနိုင်ဖို့ပါပဲ!"
သည်လို "ပျော်စရာကောင်းသော ဘောလုံးဂိမ်း" ဟာ သူတို့အတွက် မမေ့နိုင်သည့် အတွေ့အကြုံတစ်ခု ဖြစ်လာမှာ သေချာပါသည်။
[TK: “လွန်ကျွံဘော”က ကိုယ့်ခြေထောက်ထဲမှာ ဘောလုံးမရှိဘဲ တစ်ဖက်ကွင်းက အသင်းရဲ့ နောက်တန်းထက် ကျော်ပြီးရောက်နေပြီးမှ ဘောလုံးကို လက်ခံလိုက်ရင် လူကျွံဘောထိပါတယ်။ ဘောလုံးကို လက်ခံချင်တယ်ဆိုရင် ကိုယ်က တစ်ဖက်ကွင်းက အသင်းရဲ့ နောက်တန်း အနောက်မှာရောက်နေရမှာပါ။ ရှင်းရှင်းပြောရရင် ကိုယ့်ခြေထောက်ထဲမှာ ဘောလုံးမရှိရင် တစ်ဖက်အသင်းရဲ့ဂိုးပေါက်နားမှာ တစ်ဖက်အသင်းရဲ့ ကစားသမားတွေထက်ပိုပြီး နီးနီးကပ်ကပ်နေလို့ မရပါဘူး။ အခုနောက်ပိုင်း ဘောလုံးပွဲတွေမှာ VAR စက်တွေပေါ်လာတော့ ခြေဖျားလေးနည်းနည်းကျော်နေရင်တောင် လွန်ကျွံဘောအဖြစ် သတ်မှတ်ကြပါတယ်။
“ဂိုးလွန်ဘော”ကတော့ ကိုယ်က တစ်ဖက်အသင်းရဲ့ ဂိုးပေါက်ကိုကန်ထည့်ရင်း ဂိုးစည်းကျော်သွားတာကို ခေါ်ပါတယ်။ အဲဒါက ဘာပြစ်ဒဏ်မှမထိပေမယ့် ဂိုးကန်သွင်းမယ့် အခွင့်အရေးတော့ ရှုံးတာပေါ့။
“ထောင့်ကန်ဘော”က ကိုယ့်အသင်းက တစ်ဖက်အသင်းရဲ့ ဂိုးပေါက်ဆီကန်သွင်းတော့မယ့်အချိန် တစ်ဖက်အသင်းက ဘောလုံးကို ဂိုးစည်းကျော်အောင် ဖြတ်ထုတ်လိုက်ရင် ကိုယ့်အသင်းက ထောင့်ကန်ဘောရပါတယ်။
“လက်ပစ်ဘော”က ဘောလုံးလုနေစဉ်အတွင်း တစ်ဖက်အသင်းက ဘောလုံးကို ဘေးနှစ်ဖက်စည်းအပြင်ဘက် ကန်မိသွားရင် ကိုယ့်အသင်းက လက်ပစ်ဘောရပါတယ်။
“ပင်နယ်တီ”က ကိုယ့်အသင်းဖော်တစ်ယောက်ယောက်က တစ်ဖက်အသင်းရဲ့ဂိုးပေါက်မှာ ဂိုးသွင်းတော့မယ့်အချိန် တိုက်လဲခံလိုက်ရတာဟာ ဂိုးပေါက်နားက ပင်နယ်တီဧရိယာထဲမှာဆိုရင် ပင်နယ်တီပြစ်ဒဏ်ဘောရရှိပါတယ်။ ပင်နယ်တီဟာ တစ်ဖက်အသင်းရဲ့ ဂိုးသမားနဲ့ ကန်သွင်းမယ့် ကိုယ့်အသင်းက ကစားသမားတစ်ယောက်ပဲ ရှိရပါတယ်။
“လက်ထိဘော” ဘောလုံးကို ခြေထောက်၊ ရင်ဘတ်၊ ခေါင်းနဲ့ကလွဲ၍ လက်တစ်ဖက်လုံးနဲ့ လုံးဝမထိရပါဘူး(တံတောင်ဆစ်၊လက်မောင်း အပါအဝင်ပါပဲ)။ အကယ်၍ မရည်ရွယ်ပဲဖြစ်ဖြစ်၊ ရည်ရွယ်ရှိရှိဖြစ်ဖြစ် လက်နဲ့ထိမိသွားရင် လက်ထိဘောပေးရပါတယ်။ အကယ်၍ လက်ထိတာဟာ ပင်နယ်တီဧရိယာထဲမှာဖြစ်နေရင် ပင်နယ်တီပေးရပါတယ်။
“ပြစ်ဒဏ်ဘော”က ကိုယ့်အသင်းဖော်တစ်ယောက်ယောက်ကို တစ်ဖက်အသင်းက မရည်ရွယ်ဘဲ တိုက်လဲမိရင် ကိုယ့်အသင်းက ပြစ်ဒဏ်ဘောရပါတယ်။
ဒါပေမယ့် ရည်ရွယ်ချက်ရှိရှိတိုက်လဲတာ ဒါမှမဟုတ် တိုက်လဲတာကြမ်းသွားရင် အဝါကတ်ပြခံရပါတယ်။ အဝါကတ်ကို တစ်ပွဲတည်း နှစ်ခါအပြခံရရင် အနီကတ်ဖြစ်သွားပြီး ‘နှစ်ဝါ တစ်နီ’နဲ့ ပြိုင်ပွဲကနေ အထုတ်ခံရပါတယ်။ အဲဒီဆိုရင် အထုတ်ခံရတဲ့အသင်းက တစ်ယောက်လျော့နဲ့ ဆက်ဆော့ရပါတယ်။ အနီကတ်ဆိုရင်တော့ တိုက်ရိုက် အထုတ်ခံရပါတယ်။ အထုတ်ခံရတဲ့ ကစားသမားတွေက အရန်ခုံမှာပင် ထိုင်ခွင့်မရှိဘဲ ကွင်းကနေ နားနေခန်းကို လုံးဝထွက်သွားရပါတယ်။ “နှစ်ဝါတစ်နီ”ထိတဲ့သူတွေက တစ်ပွဲပယ်ခံရပြီး “အနီကတ်”တိုက်ရိုက်ထိသူတွေက သုံးပွဲပယ်ခံရပါတယ်။ တစ်ပွဲမှာ အဝါတစ်ကတ်ပဲ ထိသူတွေက ပွဲအပယ်မခံရပေမယ့် အဲဒီပြိုင်ပွဲရဲ့ ပွဲတိုင်းမှာ စုစုပေါင်းအဝါကတ် 5 ကတ်ထိရင် တစ်ပွဲအပယ်ခံရပါတယ်။
“ဂိုးသမားနဲ့ပတ်သက်တာများ”
ဂိုးသမားဟာ ပင်နယ်တီဧရိယာထဲမှာ နေရာရတာဖြစ်ပြီး ပင်နယ်တီဧရိယာထဲ ဝင်လာတဲ့ ဘောလုံးတွေကို လက်နဲ့ဖမ်းပိုင်ခွင့်ရှိပါတယ်။ ဂိုးသမားက ပင်နယ်တီဧရိယာအပြင်ဘက်ထွက်သွားရင် သူက အခြားကစားသမားတွေလိုပဲ ခြေထောက်နဲ့ပဲ ကန်ရမှာဖြစ်ပြီး လက်နဲ့ထိမိရင် ပြစ်ဒဏ်ဘောပေးရပါတယ်။ နောက်ထပ်တစ်ချက်က ဂိုးသမားဟာ ပင်နယ်တီဧရိယာထဲ ဝင်လာတဲ့ ဘောလုံးအားလုံးကို လက်နဲ့ဖမ်းလို့ရပေမယ့် ဘောလုံးပေးလာတာဟာ ကိုယ့်အသင်းဖော်တွေဖြစ်ပြီး ဘောလုံးကိုလည်း ခြေထောက်နဲ့ကန်ပြီးပေးလာရင်တော့ လက်နဲ့ထိလို့မရပါဘူး။ ကိုယ့်အသင်းဖော်တွေက ခေါင်း၊ ရင်ဘတ်နဲ့ ဘောလုံးပေးလာရင်တော့ လက်နဲ့ထိလို့ရပါတယ်။]
#TK