Chapter 120
Viewers 23k

Volume 6 : အားကစားပြိုင်ပွဲများ


Chapter 120 (အားကစားပြိုင်ပွဲ ၁၁)


ကျန်းဖျင်စစ်က ယနေ့တွင် အထူးစိတ်အခြေအနေကောင်းမွန်နေပုံပေါ်ကြောင်း ယွဲ့ရှင်းဝမ် တွေ့ရှိခဲ့သည်။


သည်လူက များသောအားဖြင့် ပြုံးလေ့မရှိဘဲ သူ့မျက်နှာက အမြဲတမ်း အေးစက်ပြီး လေးနက်နေပေမယ့် ကြက်တောင်ရိုက်လေ့ကျင့်မှုပြီးသွားတော့ သူ့မျက်လုံးများက အလွန်နူးညံ့နေပြီး သူ့မျက်နှာမှာ ရှားရှားပါးပါး အပြုံးတစ်ခုရှိနေသည်။


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်၏ အပြုံးကို အလွန်နှစ်သက်သည်။ သည်လိုကျန်းဖျင်စစ်က ပို၍တောက်ပပြီး အနည်းငယ် ‘လူသား’ဆန်ကာ ပုံမှန်အားဖြင့် သူက တင်းမာသောမျက်နှာထားရှိပြီး ဉာဏ်ရည်မြင့် AI လမ်းလျှောက်နေတာနှင့် တကယ်တူသည်။


ယွဲ့ရှင်းဝမ်က သူ့စိတ်ထဲမှာ တွေးချင်ရာတွေးနေပြီး ကျန်းဖျင်စစ်၏ လေးနက်သောအသံက သူ့နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

"ရှင်းဝမ်၊ ငါ အမြဲတမ်း အရာတော်တော်များများမှာ ခံစားခဲ့ရတယ်… ငါတို့နှစ်ယောက်က အမြဲတမ်း တူညီတဲ့စိတ်နဲ့ တိတ်ဆိတ်နားလည်မှုရှိကြပြီး ငါတို့က အမြဲတမ်း တူညီတဲ့အရာကို တွေးကြည့်နိုင်တယ်မလား?"


ယွဲ့ရှင်းဝမ်က အသိစိတ်ပြန်ဝင်လာပြီး အပြုံးဖြင့် ပြောသည်။

"အင်း… ငါလည်း အဲဒီလိုပဲထင်တယ်…"


ကျန်းဖျင်စစ်က သူ့ကို လေးလေးနက်နက် ကြည့်လိုက်သည်။

"ဒါဆို ငါမပြောဘဲနဲ့ တချို့အရာတွေကို မင်းနားလည်နိုင်တယ်မလား?"


ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး ခေါင်းငြိမ့်လိုက်သည်။

"နီးပါးပဲ…"


ကျန်းဖျင်စစ်သည် သူ၏ရှင်းလင်းပြတ်သားသော အကြည့်ကို ကြည့်ပြီး သူ့နှလုံးသားထဲတွင် အကူအညီမဲ့သော အရိပ်အယောင် ပေါ်လာသည်။


‘ဒါက တကယ်တော့ အများကြီးပိုဆိုးတယ်။’


‘မင်းအတွက် ငါ့ရဲ့ခံစားချက်က အချစ်ဆုံးသူငယ်ချင်း ဒါမှမဟုတ် ညီအစ်ကိုကောင်းမဟုတ်ဘဲ မင်းကို ငါ့အပိုင်အဖြစ် သိမ်းယူချင်တဲ့ အချစ်မျိုးပဲ၊ မင်းကို နမ်းချင်တယ်၊ မင်းကို ပွေ့ဖက်ချင်တယ်၊ မင်းနဲ့အတူ လက်တွဲပြီး တစ်သက်လုံး အတူနေချင်တဲ့ အချစ်စစ်မျိုးပဲ။’


‘ညီအစ်ကိုကောင်းနဲ့ ချစ်သူကြားမှာ ဖြတ်ကျော်လို့မရတဲ့ စည်းတစ်ခုရှိတယ်။ ဒါပေမယ့် အခုလေးတင် အဲဒီစည်းက တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာခဲ့ပြီ။ ရှင်းဝမ်ကတော့ ဒါကို သဘောပေါက်ဦးမှာ မဟုတ်သေးဘူး။’


‘သူ ဘယ်အချိန်တုန်းက ရှင်းဝမ်ကို ချစ်မိသွားတာလဲ? ကျန်းဖျင်စစ်ကိုယ်တိုင်လည်း တကယ်တော့ သေချာမသိဘူး။’


အထက်တန်း ပထမနှစ်တုန်းက သူတို့နှစ်ယောက် စားပွဲခုံတစ်လုံးထဲမှာ ခဏလောက် အတူတူထိုင်ခဲ့သည့် အချိန်တုန်းက ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ကျန်းဖျင်စစ်သည် စာသင်ချိန်တိုင်းတွင် သင်ခန်းစာများကို အာရုံစိုက်ခဲ့သော်လည်း ယွဲ့ရှင်းဝမ်သည် ဆရာက ကျောပေး၍ ကျောက်သင်ပုန်းပေါ်မှာ စာရေးနေစဉ် အခွင့်ကောင်းပြီး မုန့်ခိုးစားတာ၊ အတန်းပြီးနောက် အားကစားကွင်းကို ပြေးပြီး သွားဆော့တာမျိုးရှိသည်။ သူက စာသင်ရတာကို မကြိုက်ဘူးထင်ရပေမဲ့ ပထမလပတ်စာမေးပွဲ၏ ရလဒ်ထွက်သောအခါ သူတို့နှစ်ယောက်၏ စုစုပေါင်းရမှတ်မှာ 5 မှတ်သာ ကွာခြားခဲ့သည်။


ရှင်းဝမ်သည် ပါရမီရှင်တစ်ဦးဖြစ်ပြီး အထူးသဖြင့် သူ၏မှတ်ဉာဏ်မှာ အလွန်အားကောင်းပြီး ဆရာပြောသည့် အကြောင်းအရာကို အလွန်ရှင်းလင်းစွာ မှတ်မိနိုင်သည်။ တရုတ်ဘာသာစကား၏ ရှေးဟောင်းစာပိုဒ်ရှည်များကို ကျက်မှတ်သောအခါ အခြားကျောင်းသားများက ရက်အတော်ကြာအောင် မမှတ်မိနိုင်သော်လည်း သူက နှစ်ကြိမ်ဖတ်လိုက်ရုံဖြင့် လုံးဝအလွတ်ဆိုပြနိုင်သည်…


ထိုအချိန်မှစ၍ ကျန်းဖျင်စစ်သည် သူ့ဘေးနားရှိ တက်ကြွပြီး ထက်မြက်သော ကောင်လေးကို အထင်ကြီးခဲ့သည်။


သူသည် မနေနိုင်ဘဲ တစ်ဖက်လူနဲ့ပတ်သက်၍ အမြဲတမ်း ဂရုစိုက်နေမိပြီး တစ်ဖက်လူ၏ ဉာဏ်ရည်ထက်မြက်မှုကို အားကျမိကာ သူ့အကြည့်များက ထိန်းလို့မရဘဲ တစ်ဖက်လူအပေါ်ကိုသာ ကျရောက်နေပြီး အချိန်ကြာလာသည်နှင့်အမျှ သူ့အကြည့်များက တစ်ဖက်လူနောက်သို့ အမြဲလိုက်နေခဲ့သည်။


အတန်းခွဲပြီးသွားတာတောင်မှ သူ့အတန်းဖော်များ၏ ပါးစပ်ကနေ တစ်ဖက်လူ၏သတင်းများကို သူအာရုံစိုက်နေခဲ့သည်။


အထက်တန်းအရွယ်သည် ဆယ်ကျော်သက်များ ရင်ခုန်ချစ်ကြိုက်တတ်သော အချိန်ဖြစ်သည်။ နောက်ပိုင်းတွင် သူ့အိမ်မက်များထဲ၌ပင် ယွဲ့ရှင်းဝမ်က ပေါ်လာခဲ့သည်။ ကျန်းဖျင်စစ်သည် သူ၏စိတ်ခံစားချက်များ တဖြည်းဖြည်း ပြောင်းလာနေကြောင်း ရုတ်တရက် သိလိုက်ရသည်။ သူထိန်းချုပ်ဖို့ ကြိုးစားပေမဲ့ ယွဲ့ရှင်းဝမ်၏ရုပ်သွင်သည် သူ့စိတ်ထဲမှာ အမြဲလိုလို စိမ့်ဝင်နေပြီး သူလုံးဝမထိန်းချုပ်နိုင်ခဲ့ပေ။


ကျန်းဖျင်စစ်သည် ငယ်စဉ်ကလေးဘဝကတည်းက သူ့မိဘများဂုဏ်ယူခဲ့သော မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိခဲ့သည်။


သို့ပေမဲ့ သည်ကိစ္စတစ်ခုတည်းမှာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း ပျက်စီးသွားခဲ့သည်။


ဆက်ကျော်သက်အရွယ် ငယ်ရွယ်နုပျိုသောအိမ်မက်များသည် ထိုလူကို မည်မျှမထိန်းအကွပ်မရှိ သတိရစေမှန်း သူမသိခဲ့ဘဲ သူ၏ခန္ဓာကိုယ်က ရှက်စရာကောင်းသော တုံ့ပြန်မှုရှိခဲ့သည်။ ကျောင်းက အဆင့်သတ်မှတ်ချက်တွေကို ထုတ်ပြန်လိုက်တိုင်း အမှတ်စာရင်းမှာ သူ့နာမည်၏ဘေး၌ ယွဲ့ရှင်းဝမ်ဆိုသောနာမည်ကို မြင်ရရန် သူ တတ်နိုင်သမျှ မြန်မြန် သွားကြည့်ခဲ့သည်။


တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် လျှောက်လွှာဖောင်ဖြည့်သောအခါ ကျန်းဖျင်စစ်၏ အမှတ်ကောင်းကောင်းကြောင့် တရုတ်နိုင်ငံတွင်းရှိ ထိပ်တန်းတက္ကသိုလ်များက သူ့အား အမြန်ခေါ်ယူခဲ့သည်။ သူ့မိဘများက ကျန်းဖျင်စစ်ကို ကျိုတိုတက္ကသိုလ်မှာ လျှောက်စေချင်ခဲ့ပြီး ကျိုတိုတက္ကသိုလ်၏ သင်္ချာဌာနက ပရော်ဖက်ဆာသည် သူ့အဖေ၏ သူငယ်ချင်းဖြစ်နေတာကြောင့် ဖြစ်သည်။ သူ လျှောက်ထားပြီးနောက် သူ၏အဆင့်များ တည်ငြိမ်နေသ၍ ထိုပရော်ဖက်ဆာ၏ ဘွဲ့လွန်ကျောင်းသားတစ်ဦးဖြစ်လာမည်မှာ မလွဲမကန်ပင်ဖြစ်သည်။


သို့သော် နောက်ဆုံးမိနစ်တွင် သူ ရုတ်တရက် စိတ်ပြောင်းသွားခဲ့သည်။


သူ ဘာကြောင့် ဟွာအန်းတက္ကသိုလ်ကို ပြောင်းလိုက်ရသလဲဆိုတာ သူ့မိဘများက နားမလည်ခဲ့ဘူး။ ကျန်းဖျင်စစ်၏ အကြောင်းပြချက်မှာ——

“ကျွန်တော်ရဲ့ဘဝကို မိဘတွေ စီစဉ်ပေးတာမျိုး ကျွန်တော်မလိုချင်ဘူး၊ ပြီးတော့ ဟွာအန်းတက္ကသိုလ်ရဲ့ သင်္ချာဌာနကလည်း နိုင်ငံရဲ့ ထိပ်ဆုံးထဲမှာပါတယ်… ပတ်ဝန်းကျင်ကို ပြောင်းလဲဖို့ ကျွန်တော် မြောက်ဘက်ကို သွားချင်တယ်…”


သူ့မိဘများက သူသည် အမြဲတည်တည်ငြိမ်ငြိမ်နဲ့ ပြတ်သားတယ်ဆိုတာ သိကြပြီး ဟွာအန်းတက္ကသိုလ်ကလည်း ကျိုတိုတက္ကသိုလ်ကဲ့သို့ နာမည်ကြီးသည့်အတွက် မြောက်ဘက်မှာရှိသည့် ဟွာအန်းတက္ကသိုလ်ကို သွားခွင့်ပေးလိုက်ကြသည်။


တကယ့် အကြောင်းပြချက်ကို ကျန်းဖျင်စစ်တစ်ယောက်တည်းသာ သိသည်……


ရှင်းဝမ်က ဟွာအန်းတက္ကသိုလ်ကို လျှောက်ခဲ့သောကြောင့် သူ၏ရွေးချယ်မှုကို ရုတ်တရက် ပြောင်းလဲလိုက်သည်။


ထိုအချိန်တွင် ယွဲ့ရှင်းဝမ်သည် ဝိဇ္ဇာဘာသာရပ်၏ ချန်ပီယံဖြစ်ခဲ့ပြီး ကျိုတိုတက္ကသိုလ်နှင့် ဟွာအန်းတက္ကသိုလ်တို့က သူ့ကို ဖိတ်ခေါ်ခဲ့သော်လည်း ဟွာအန်းတက္ကသိုလ်၏ လူမှုဘာသာရပ်များဌာနတွင် ယွဲ့ရှင်းဝမ် အလွန်သဘောကျသော ပရော်ဖက်ဆရာတစ်ဦးရှိပြီး ဖိတ်ခေါ်မှုကိုရရှိပြီးနောက် သူက တုံ့ဆိုင်းခြင်းမရှိဘဲ ဟွာအန်းတက္ကသိုလ်၏ ဖိတ်ခေါ်မှုကို လက်ခံလိုက်သည်။


သူက ပွင့်လင်းပြီး ‘ကျွန်တော် ပြန်ပြီးစဉ်းစားကြည့်လိုက်ဦးမယ်’လို့ ယဉ်ယဉ်ကျေးကျေး ပြောနေမှာမဟုတ်ဘဲ ရိုးရိုးရှင်းရှင်းရှင်း ပြောခဲ့သည်။ “ကျွန်တော်က xxပရော်ဖက်ဆာကို အရမ်းသဘောကျတာကြောင့် ဟွာအန်းတက္ကသိုလ်ရဲ့ တရုတ်ဘာသာစကားဌာနကို လျှောက်ချင်တယ်…”


ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်၏ အတန်းဖော်များထံမှ သတင်းများကြားသောကြောင့် နောက်ဆုံးမိနစ်တွင် သူ့စိတ်ပြောင်းသွားခဲ့သည်။


ပထမနှစ်၏ စာရင်းသွင်းသောနေ့တွင် ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်ကို တွေ့သောအခါ အလွန်အံ့အားသင့်သွားပြီး ‘တိုက်ဆိုင်လိုက်တာ’လို့ ပြောခဲ့သည်။


‘တကယ်တော့ တိုက်ဆိုင်တာမဟုတ်ဘူး!’


‘မင်းနဲ့အတူ သုံးနှစ်လောက် အတန်းဖော်ဖြစ်တာ မလုံလောက်လို့ မင်းနဲ့ တက္ကသိုလ်တစ်ခုတည်းကို ဆက်သွားချင်ပြီး မင်းကို ဆက်တွေ့ချင်လို့ပဲ။’


ယွဲ့ရှင်းဝမ်သည် ဆက်သွယ်ရန် အချက်အလက်ကို မေးမြန်းဖို့ အစပြုခဲ့ပြီး ကျန်းဖျင်စစ်ကလည်း ရှေ့တစ်လှမ်းတိုးကာ သူနှင့် သူငယ်ချင်းဖြစ်ခဲ့သည်။


အချစ်ကြောင့်သာ မဟုတ်ရင် ကျန်းဖျင်စစ်၏ ဂရုမစိုက်တတ်သော ပင်ကိုယ်စရိုက်မျိုးနဲ့ Friend Add ပြီးရင်တောင် ယွဲ့ရှင်းဝမ်ကို self-study လုပ်ဖို့ အစပြုပြီး တောင်းဆိုတာမျိုး မဖြစ်နိုင်သလို ယွဲ့ရှင်းဝမ်၏ Moment တိုင်းကို Like ပေးဖို့က ပို၍ပင် မဖြစ်နိုင်ပေ။


သူက အခြားသူများ၏ Moment များကိုတောင် လုံးဝမကြည့်ဘူး။


သူတို့တွေ့ပြီးကတည်းက အခိုက်အတန့်များကို ပြန်လည်သတိရမိကာ ကျန်းဖျင်စစ်၏ မျက်လုံးများက ပို၍နူးညံ့လာသည်။


ရှင်းဝမ်သည် သူ့ဘဝ၏ အချစ်ဦးဖြစ်ပြီး နှစ်ပေါင်းများစွာ အချဉ်ဖောက်ထားသော ဝိုင်ကဲ့သို့ ပြင်းထန်ပြီး နူးညံ့သော ခံစားချက်များကို သူ့နှလုံးသားထဲတွင် ဖုံးကွယ်ထားခဲ့သည်။ ငယ်ငယ်က မသိနားမလည်သော အိမ်မက်များကနေ သူဘာကိုချစ်တာလဲ၊ သူဘာကိုလိုချင်တာလဲနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း တွေးခဲ့သည်။ ယွဲ့ရှင်းဝမ်နဲ့အတူ တက္ကသိုလ်အတူတူတက်ဖို့ သူ့စိတ်ကို ပြောင်းခဲ့သည်… တလျှောက်လုံး သည်အကြောင်းကို သူ ဘယ်သူ့ကိုမှ မပြောဖူးပေမဲ့ အနာဂတ်မှာ ဘယ်ကိုသွားရမလဲဆိုတာ သူဆုံးဖြတ်ထားပြီးသားဖြစ်သည်။


ရှင်းဝမ်ကို သည်ဘဝမှာ ဘယ်တော့မှ လက်မလွတ်ဘူးလို့ သူဆုံးဖြတ်ခဲ့သည်။


ကျန်းဖျင်စစ်သည် အမှတ်ရစရာများထဲတွင် နှစ်မြှုပ်နေပုံရပြီး တစ်ဖက်လူ၏ နူးညံ့သိမ်မွေ့သောအကြည့်များကြောင့် တစ်ခုခုမှားယွင်းနေတာကို ယွဲ့ရှင်းဝမ် တဖြည်းဖြည်း သတိပြုမိလာသည်။ သူ၏ပါးများက သိသိသာသာ ပူလာပြီး သူ၏နှလုံးခုန်နှုန်းက ထူးထူးခြားခြား မြန်ဆန်လာသည်။ သူက လျင်မြန်စွာ အဝေးကို ကြည့်ပြီး သံသယဖြင့် မေးလိုက်သည်။

"မင်း ဒီနေ့ ဘာဖြစ်တာလဲ? Jackpot ပေါက်သလိုပုံစံမျိုးနဲ့…"

 

ကျန်းဖျင်စစ်သည် ခဏမျှ နှုတ်ဆိတ်နေပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဘာမှမဟုတ်ပါဘူး… ငါက သေချာတာတစ်ခုတော့ ရှိသွားပြီ…"


ယွဲ့ရှင်းဝမ်၏ခေါင်းထဲမှာ မေးခွန်းများဖြင့် ပြည့်နေသည်။

"အဲဒါက ဘာလဲ?"


ကျန်းဖျင်စစ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"နောင်ရေးအစီအစဉ်…"


—— မင်းက ငါ့ဘဝအစီအစဉ်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းပဲ။


ယွဲ့ရှင်းဝမ်သည် ဘာကြောင့်မှန်းမသိသည့်အတွက် သူ့လက်ကို ဆန့်လိုက်ပြီး ကျန်းဖျင်စစ်၏နဖူးပေါ် သူ့လက်ဖမိုးကိုတင်ကာ အပူချိန်ကို စမ်းကြည့်ပြီး သူ့ကိုယ်သူ ပြောလိုက်သည်။

"အဖျားလည်းမရှိပါဘူး… မင်း ဒီနေ့ နည်းနည်းထူးဆန်းနေတယ်လို့ ငါဘာကြောင့် ထင်နေရတာလဲ?"


ကျန်းဖျင်စစ်က သူ့လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

"သိပ်ပြီးစဉ်းစားမနေပါနဲ့… အချိန်နီးနေပြီ၊ အရင် သွားကစားရအောင်…"


ကောင်လေး၏လက်ချောင်းများက သန့်ရှင်းသွယ်လျပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်သည့်အခိုက်တွင် ယွဲ့ရှင်းဝမ်၏နှလုံးက ခုန်သွားပြီး စိတ်မသက်မသာဖြစ်ကာ သူ့လက်ကို ချက်ချင်းပြန်ဆွဲလိုက်ပြီး အိတ်ကပ်ထဲထည့်ကာ စိတ်အေးလက်အေး ဟန်ဆောင်ပြီး ပြုံးလိုက်သည်။ 

"ကောင်းပြီ၊ သွားကစားကြရအောင်!"


မနက် 10 နာရီတွင် စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ တင်းနစ်နှင့် ကမ်းခြေဘောလီဘောပြိုင်ပွဲများ စတင်ကျင်းပခဲ့သည်။


ပြိုင်ပွဲတစ်ခုစီတွင် သီးခြားနေရာတစ်ခုရှိပြီး ပုံမှန်စာမေးပွဲဖြေသည့် အချိန်မှာလိုပဲ သက်ဆိုင်ရာစာမေးပွဲခန်းထဲကိုဝင်ဖို့ လိုပါသည်။ ကစားသမားများသည် အနုတ်ခြောက်ထပ်ရှိ အားကစားရုံအဝင်ဝတွင် မတူညီသောနေရာများသို့ ဝင်ရောက်သည့်အခါ သူတို့သည် မတူညီသော dungeon များသို့ ကူးပြောင်းသွားမည်ဖြစ်ပြီး အချင်းချင်း မတွေ့ဆုံနိုင်ပေ။


လျှိုကျောက်ချင်း၊ ကျိုဖုန်း၊ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က ကြက်တောင်ကွင်းသို့ အတူတူလာရောက်ခဲ့ကြသည်။ ချင်လုနှင့် ချင်မြောင်တို့သည် နှစ်ယောက်တွဲစားပွဲတင်တင်းနစ်အတွက် စာရင်းသွင်းကြပြီး သူတို့နှစ်ဦးက ဘေးဘက်ရှိ စားပွဲတင်တင်းနစ်ကွင်းသို့ သွားကြသည်။ လန်ယာရုန်နှင့် လင်းမန့်လော်တို့သည် ကမ်းခြေဘော်လီဘောဆီသို့ သွားခဲ့ကြပြီး ရှင်းယန်က တစ်ယောက်ချင်းတင်းနစ်ပြိုင်ပွဲသို့ သွားရောက်ခဲ့သည်။ ပြိုင်ပွဲများကို စာရင်းမသွင်းထားသော အခြားအဖွဲ့ဝင်များသည် ပွဲကြည့်ရန် ကြက်တောင်ကွင်းသို့ လာရောက်ခဲ့ကြသည်။


တစ်ယောက်ချင်းပြိုင်ပွဲများကို အမြန်စတင်ခဲ့သည်။


ကြက်တောင်ကစားသမားပေါင်း 4,000 ကျော်ရှိသောကြောင့် ပဏာမအဆင့်များကို “ရှုံးထွက်စနစ်”ဖြင့် တိုက်ရိုက်ကျင့်သုံးသည်။ ကစားသမားအားလုံးကို အတွဲလိုက် ယှဉ်ပြိုင်ရန် မဲနှိုက်ပြီး အနိုင်ရရှိသူသည် နောက်တစ်ဆင့်သို့ ဝင်ရောက်မည်ဖြစ်ကာ ကစားသမား 8 ဦးကျန်သည်အထိ အုပ်စုလိုက် အမှတ်ပေးကာ အုပ်စုတစ်ခုစီမှ ဖိုင်နယ်သို့တက်ရောက်ရန် ထိပ်ဆုံးနှစ်ဦးကို ရွေးချယ်ခဲ့သည်။ နောက်ဆုံးတွင် ချန်ပီယံ၊ ဒုတိယနှင့် တတိယတို့ကို ဆုံးဖြတ်ပေးသွားမှာဖြစ်သည်။


နှစ်ယောက်တွဲပြိုင်ပွဲ၏ စည်းမျဉ်းများသည် တစ်ယောက်ချင်းပြိုင်ပွဲနှင့် အတူတူပင်ဖြစ်ပြီး ကွာတာဖိုင်နယ်အထိ တစ်လျှောက်လုံး ရှုံးထွက်စနစ်ကို အသုံးပြုပြီးနောက်မှ အုပ်စုအဆင့်ကို တက်လှမ်းနိုင်မည်ဖြစ်သည်။


ကြက်တောင်ရိုက်ရာမှာ လျှိုကျောက်ချင်း၏ခွန်အားက အလွန်အားကောင်းပြီး ငါးချီအထိ ဆက်တိုက် ကျော်ဖြတ်ခဲ့သည်။ လူ 100 ကျော်ကျန်နေသေးပြီး အုပ်စုအဆင့်တွင် ကျိုဖုန်းနှင့် ကံမကောင်းစွာ တွေ့ဆုံခဲ့သည်။ သူတို့နှစ်ယောက်စလုံးက ကွင်းထဲတွင် တစ်ယောက်ကိုတစ်ယောက် အကူအညီမဲ့စွာ ကြည့်နေကြသည်။


ကျိုဖုန်းက အကြံပြုသည်။

"ကျွန်တော် စွမ်းရည်တွေကို အသုံးမပြုဘူး၊ ကျွန်တော်တို့နှစ်ယောက် ပုံမှန်အတိုင်း ကစားကြမလား?"


ဆေးပညာဌာန၏ စွမ်းရည်က အားကစားပြိုင်ပွဲတွင် အသုံးမဝင်ပေ။ လျှိုကျောက်ချင်းသည် ဤနေရာသို့ ရောက်ရန် အလွန်ခက်ခဲပြီဟု ခံစားမိနေရပြီးဖြစ်သည်။ နှိုင်းယှဥ်ပြောရလျှင် ကျိုဖုန်းသည် ဆွဲငင်အားကို အားကိုးခြင်းဖြင့် ပြိုင်ဘက်၏ ကြက်တောင်အား မြေပြင်ပေါ်သို့ ပစ်ချနိုင်ပြီး ဆုရရှိရန် အလားအလာ ပိုများသည်။ သူတို့နှစ်ဦးသည် အုပ်စုတစ်ခုထဲတွင်ရှိသောကြောင့် တစ်ယောက်ကတော့ ဖယ်ထုတ်ခံရမှာဖြစ်ပြီး သူထွက်လိုက်တာက အကောင်းဆုံးရွေးချယ်မှုဖြစ်သည်ဟု လျှိုကျောက်ချင်း ခံစားမိသည်။


ဒါကိုတွေးပြီး သူက ရိုးရိုးရှင်းရှင်းပြောလိုက်သည်။

"ငါ အရှုံးပေးတယ်၊ မင်းက ငါ့ထက် ဖိုင်နယ်ရောက်ဖို့ ပိုမျှော်လင့်ချက်ရှိတယ်…"


ကျိုဖုန်း: "မကစားတော့ဘူးလား?"


လျှိုကျောက်ချင်း: "မင်းရဲ့ကြံ့ခိုင်မှုခွန်အားကို သိမ်းထားလိုက်၊ ငါနဲ့ အချိန်ဖြုန်းနေစရာ မလိုဘူး…"


ကျိုဖုန်းကလည်း ခေါင်းငြိမ့်ပြလိုက်သည်။

"ကောင်းပြီ၊ ကျွန်တော်တို့ ဒီကနေထွက်လို့ အချိန်ရရင် သီးသန့်ကစားကြမယ်…"


လျှိုကျောက်ချင်းက အရှုံးပေးခဲ့ပြီး ကျိုဖုန်းက နောက်ပွဲအတွက် သူ၏ကြံ့ခိုင်မှုခွန်အားကို သိမ်းထားနိုင်ခဲ့သည်။ ကျိုဖုန်းသည် သူ၏အလွန်ကောင်းမွန်သော ကြက်တောင်ရိုက်ခွန်အားနှင့် ရူပဗေဒဌာန၏ ဆွဲငင်အားကောင်းချီးကို အားကိုးကာ မျှော်မှန်းချက်အတိုင်း အသက်ရှင်နေထိုင်ခဲ့ပြီး ထိပ်ဆုံးလေးယောက်ထဲကို သူရောက်ခဲ့သည်။


ယွဲ့ရှင်းဝမ်က ထိပ်ဆုံးလေးယောက်စာရင်းကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းဖျင်စစ်၏နားဆီကပ်ကာ ခွဲခြမ်းစိတ်ဖြာလိုက်သည်။

"ထိပ်ဆုံးလေးယောက်မှာ ရူပဗေဒဌာနက နှစ်ယောက်၊ သင်္ချာဌာနက တစ်ယောက်နဲ့ အားကစားကျောင်းက တစ်ယောက်ပါတယ်… အားကစားကျောင်းက တစ်ယောက်က ထိပ်ဆုံး 8 ယောက်ထဲကတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်ပုံရပြီး နှစ်ယောက်တွဲအတွက်လည်း သူတို့တွေ စာရင်းသွင်းထားနိုင်တယ်…"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်လိုက်သည်။

"အင်း၊ ကစားသမားပေါင်း 4,000 ကျော်ကနေ နောက်ဆုံး ထိပ်ဆုံး 4 ယောက်အထိ အားလုံးက အနည်းဆုံး 9 ချီလောက် ကစားရလိမ့်မယ်… သူတို့ရဲ့စွမ်းရည်တွေက စောင့်ဆိုင်းချိန်ရှိပြီး အဲဒါကို တစ်ချိန်လုံးသုံးဖို့ မဖြစ်နိုင်ဘူး… ဒီတော့ သူတို့ရဲ့ကိုယ်ပိုင်ကြက်တောင်ရိုက်ခွန်အားက သိပ်မဆိုးလောက်ဘူး… စွမ်းရည်တွေက ကိတ်မုန့်ပေါ်က သကြားခဲသာသာပဲ…"


ယွဲ့ရှင်းဝမ်: "ကြက်တောင်မှာ အကောင်းဆုံးစွမ်းရည်တွေက ဆွဲငင်အားနဲ့ coordinate system ဆိုတာ သက်သေပြနေပြီး အခြားဌာနတွေအားလုံးက ဖယ်ထုတ်ခံလိုက်ရပြီ… ပြီးတော့ အားကစားကျောင်းရဲ့ ကျောင်းသားက သူ့ရဲ့စွမ်းရည်ကို အသုံးမပြုဘဲ ဒီလိုခွန်အားနဲ့ ဖိုင်နယ်ကို ရောက်နိုင်တဲ့အထိ အရမ်းအစွမ်းထက်လိမ့်မယ်…"


နှစ်ယောက်တွဲပြိုင်ပွဲမှာ ဘယ်လိုပြိုင်ဘက်များနဲ့တွေ့မယ်ဆိုတာ သူတို့မသိပေမယ့် တစ်ယောက်ချင်းပြိုင်ပွဲကို သေသေချာချာကြည့်မယ်ဆိုရင် ဒါကို အတွေ့အကြုံစုဆောင်းခြင်းလို့ ယူဆနိုင်ပါသည်။


ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ကျိုဖုန်းသည် ရူပဗေဒဌာနတစ်ခုတည်းမှ ကစားသမားတစ်ဦးနှင့် ပြည်းတွင်းစစ်ဖြစ်ပွားခဲ့သည်။ နောက်ဆုံးတွင် ကျိုဖုန်းသည် သူ၏ ကြွယ်ဝသော ကစားနည်းအတွေ့အကြုံနှင့် ဆွဲငင်အားကို တိကျစွာ အသုံးပြုခြင်းဖြင့် သူ့ပြိုင်ဘက်ကို အနိုင်ယူခဲ့သည်။ ဖိုင်နယ်တွင် သူသည် အားကစားကျောင်းမှ ကျောင်းသား ကောင်းရုန်နဲ့ တွေ့ဆုံခဲ့သည်။ သည်ကောင်းရုန်က အရပ်ရှည်ပြီး သန်မာကာ ခုန်ပေါက်ပြီး ကြက်တောင်ကို ရိုက်သောအခါ လုံလောက်အောင် သေစေနိုင်သည်။ သူ၏ကစားဟန်အတွေ့အကြုံကို ကြည့်ရုံဖြင့် သူက အထူးလေ့ကျင့်ထားပုံရသည်။ ကျိုဖုန်းသည် အဓိကအမှတ်အများအပြားကို ဆွဲငင်အားဖြင့် အသုံးပြုခဲ့သော်လည်း ပြိုင်ဘက်၏ကစားဟန်မှာ ရက်စက်ကြမ်းကြုတ်လွန်းပြီး ၎င်း၏အမြန်နှုန်းမှာ အလွန်မြန်သောကြောင့် ကျိုဖုန်းသည် သူ၏စွမ်းရည်ကို အကြိမ်ကြိမ်အသုံးပြုရန် အလွန်ခက်ခဲခဲ့သည်။


နောက်ဆုံးမှာ ကျိုဖုန်သည် ဖိုင်နယ်တွင် 0:2 ဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယနေရာကို ရရှိခဲ့သည်။


ပွဲကြည့်နေသူတစ်ဦးအနေဖြင့် အားကစားကျောင်းမှ ကျောင်းသား၏ ကစားဟန်ကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်သည်။ သူက ဆို၏။

"ဒီလူက အရမ်းပရော်ဖက်ရှင်နယ်ဆန်တယ်၊ သူက စွမ်းရည်တွေကို အသုံးမပြုဘဲနဲ့တောင် စီနီယာအစ်ကိုကျိုကို ဒီလောက်အထိ ဖိအားပေးနိုင်တယ်… ငါတို့သာ သူနဲ့တွေ့ရင် နိုင်လောက်မှာမဟုတ်ဘူး…"


ကျန်းဖျင်စစ်: "မီးစင်ကြည့်ကတာပေါ့… သူက ကြက်တောင်ရိုက်တာ အရမ်းမြန်တာကြောင့် ဖော်မြူလာကို ငါ အချိန်မီ မရေးနိုင်လောက်ဘူး…"


ယွဲ့ရှင်းဝမ်က ရယ်လိုက်သည်။

"ကိစ္စမရှိပါဘူး၊ ဆုရဖို့အတွက်ပဲ ငါတို့က ပြိုင်ပွဲမှာ ပါဝင်တာမှမဟုတ်တာ… နိုင်နိုင် ရှုံးရှုံး လက်ခံနိုင်ပါတယ်… ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ငါမင်းကို စာရင်းသွင်းခိုင်းလိုက်တာက မင်းနဲ့အတူ ကစားချင်လို့ပါပဲ…"


သူက ကျန်းဖျင်စစ်ကို ပြန်ကြည့်ရင်း လေးလေးနက်နက် ပြောလိုက်သည်။

"ငါ ဒုတိယနှစ်မှာ ကြက်တောင်ရိုက်သင်ပြီးနောက် ကစားဖို့အတွက် ငါမင်းကို အမြဲတမ်း ပြောခဲ့ချင်ပေမယ့် တတိယနှစ်စပြီးနောက်ပိုင်း မင်းက အရမ်းအလုပ်များလာပြီး ငါကလည်း စာတမ်းပြုစုရတာဆိုတော့ အချိန်မရှိခဲ့ဘူး… ဒီတစ်ခေါက်တော့ ငါ့ရဲ့ဆန္ဒပြည့်သွားပြီလို့ မှတ်ယူရမှာပေါ့! ဒါ့အပြင် ငါ ကြက်တောင်ရိုက် သင်ချင်ခဲ့တာက မင်းကြောင့်ပဲလေ…"


‘ငါ ကြက်တောင်ရိုက် သင်ချင်ခဲ့တာက မင်းကြောင့်ပဲလေ…’ ဒီစကားလေးက နားထောင်ရတာ အရမ်းကောင်းတယ်။


ကျန်းဖျင်စစ်၏နှုတ်ခမ်းထောင့်များက ပေါ့ပါးစွာ မြှောက်တက်သွားပြီး သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

"ကောင်းပြီ၊ ရလဒ်က ဘာပဲဖြစ်ဖြစ် ဒီပြိုင်ပွဲမှာ အတူတူ ပျော်ပျော်ရွှင်ရွှင် ကစားကြတာပေါ့…"


ယွဲ့ရှင်းဝမ်ကလည်း လက်ဆွဲနှုတ်ဆက်ပြီး တစ်ယောက်ကိုတစ်ယောက် အားပေးလိုက်သည်။


ရလဒ်က အရေးမကြီးပါဘူး။


အရေးကြီးတာက သူသည် ကျန်းဖျင်စစ်ကြောင့် ကြက်တောင်ရိုက် သင်ယူခဲ့တာဖြစ်ပြီး အခုအခါ သူက ဖျင်စစ်နဲ့အတူ ကစားနိုင်ပြီ။ အတူတူ စာလေ့လာခြင်းအပြင် သူတို့မှာ နောက်ထပ်တူညီသော ဝါသနာတစ်ခုရှိလာပြီး သူတို့ အားလပ်သောအခါ အတူတူ ကြက်တောင်ရိုက်ကစားနိုင်သည်။

 

ယွဲ့ရှင်းဝမ်သည် အနည်းငယ်ပျော်နေသော်လည်း ဘာကြောင့်မှန်းမသိ‌ဘူး။


ကျန်းဖျင်စစ်သည် ယနေ့တွင် စိတ်အခြေအနေကောင်းနေသောကြောင့် ဖြစ်နိုင်ပြီး ယွဲ့ရှင်းဝမ်သည် သူ၏လွှမ်းမိုးမှုအောက်တွင် စိတ်အခြေအနေကောင်းနေကြောင်း သူ့ကိုယ်သူတွေ့ရှိခဲ့သည်။


နှစ်ယောက်သား စကားပြောရင်း ရယ်မောရင်း ဘေးချင်းယှဉ်လျက် ကွင်းဆီသို့ လျှောက်သွားကြသည်။


အဖွဲ့ဝင်များ: "..."


ကျန်းဖျင်စစ်သည် ယခင်ရက်ကထက် ယနေ့ပို၍ ပြုံးနေပါသည်။


ခယ်ရှောင်ပင်းသည် ဓာတ်ပုံရိုက်နေသော ရှောင်ထူ၏ခေါင်းကို ပွတ်သပ်ရင်း တွေးတွေးဆဆဖြင့် မှတ်ချက်ပြုလိုက်သည်။

"ရှင်းဝမ်ကော၊ ဖျင်စစ်ကော ဒီနေ့ စိတ်အခြေအနေကောင်းနေကြတာလား? သူတို့ရဲ့ပြိုင်ဘက်တွေကတော့ ကံမကောင်းတော့ဘူးထင်တယ်…"


[TK: ကျန်းဖျင်စစ်မှ ယွဲ့ရှင်းဝမ်ကို လိုက်နည်း»

Step1 : အထက်တန်းကျောင်းမှာ အတန်းဖော်အနေနဲ့ပဲ 3 နှစ်လုံးလုံး အဝေးကနေ အရိပ်ကြည့်ကြည့်နဲ့ ကြည့်နေခဲ့တယ်။


Step2 : တက္ကသိုလ်မှာ အတန်းဖော်ကနေ သူငယ်ချင်းအဖြစ် 2 နှစ်ကျော်တဲ့အထိ လိုအပ်တိုင်း ရှိနေပေးခဲ့တယ်။


Step3 : ဆက်ရန်…]



#TK