Volume 5 : ဇီဝသိပ္ပံဌာန
Chapter 100 (ဆဲလ်မွေးမြူရေး ၀၁)
နောက်တစ်နေ့မနက်တွင် ယွဲ့ရှင်းဝမ်နှင့် သူ၏အဖွဲ့ဝင်များသည် 4 ထပ်မြောက်ရှိ ဇီဝသိပ္ပံဌာန၏ သင်တန်းရွေးချယ်ရေးခန်းမတွင် အချိန်မီစုရုံးကြပြီး မနေ့က မျိုးရိုးဗီဇသန္ဓေပြောင်းလဲခြင်းသင်တန်းကို အောင်မြင်ခဲ့ကြသည့်အဖွဲ့များကို တွေ့ခဲ့ကြသည်။ အားလုံးက တူညီသည့်တိုးတက်မှုတွေ လုပ်နေကြပြီး ယနေ့တော့ နောက်သင်တန်းအတွက် စာမေးပွဲကို အတူတူဖြေကြမည်။
ယွဲ့ရှင်းဝမ်က လူတိုင်းကို နှုတ်ဆက်လိုက်ပြီးနောက် တက်ဘလက်ဆီသို့ သွားကာ သင်တန်းရွေးချယ်ရေးခလုတ်ကို နှိပ်လိုက်သည်——
[မသင်မနေရသင်တန်း: ဆဲလ်မွေးမြူရေး]
[ဌာန: ဇီဝသိပ္ပံဌာန]
[Credit: 4 မှတ်]
[စာမေးပွဲခန်းစည်းကမ်းများ: စာမေးပွဲခန်းတွင် အများဆုံးလူဦးရေမှာ 12 ယောက်ဖြစ်သည်။]
[သင်တန်းဖော်ပြချက်: လူသားများသည် အစပိုင်းတွင် အရွယ်ရောက်ပြီး မျိုးအောင်ထားသော ဆဲလ်ဥတစ်ခုမှ စတင်ကာ ဆဲလ် 2 သို့ ခွဲသွားပြီး ထို 2 ခုမှ အမြောက်အမြား ဆက်လက်ခွဲကာ နောက်ဆုံးတွင် ကျန်းမာသော လူ့ခန္ဓာကိုယ်အဖြစ် ပေါင်းစပ်ဖွဲ့စည်းထားသည့် ဆဲလ်ပေါင်း 40-60 ထရီလီယံအထိ ထွက်ရှိလာသည်။ ဆဲလ်များသည် လူ့ခန္ဓာကိုယ်အတွက် အခြေခံယူနစ်များဖြစ်သည်။ ဆဲလ်များတွင် စက်ဝိုင်းပုံ၊ စတုရန်းပုံ၊ ကော်လံစသည်ဖြင့် ပုံသဏ္ဍာန်အမျိုးမျိုးရှိသည်။]
[စာမေးပွဲလိုအပ်ချက်များ: ဤစာမေးပွဲတွင် သင်သည် ဆဲလ်များဖြစ်လာပြီး လူ့ခန္ဓာကိုယ်ကြီးထွားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်ရမည်ဖြစ်သည်။ သင်အမှားလုပ်မိပါက သင်ဝင်ထားသည့် လူသားခန္ဓာကိုယ်ဟာ ပုံပျက်သွားနိုင်သည် ဒါမှမဟုတ် သေသွားနိုင်သည်။]
[မှတ်ချက်: ဤသင်တန်းတွင် စွမ်းရည်အားလုံးကို ပိတ်ထားပြီး ဖြေဆိုသူအားလုံးသည် ဇီဝသိပ္ပံဌာန၏ အထူးစွမ်းရည် “Mitosis” ကို အလိုအလျောက် ရရှိလိမ့်မည်။]
[သင်တန်းရွေးချယ်မှုကိုအတည်ပြုပါ: Yes/No]
ယွဲ့ရှင်းဝမ်က သူ့အဖွဲ့ဝင်များကို ပြန်ကြည့်လိုက်သည်။
"စာမေးပွဲလိုအပ်ချက်တွေကို မင်းတို့နားလည်ကြလား?"
ကျောင်းသားတွေက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
ရွှီယိရှန်းက မျက်မှောင်ကြုတ်ကာ အစမှအဆုံး ပြန်၍ဖတ်ကာ ပြောသည်။
"ဆိုလိုတာက ငါတို့သာ ဆဲလ်တွေဖြစ်လာပြီး လူ့ခန္ဓာကိုယ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုမှာ ပါဝင်ကြရမှာလား? ငါတို့နေထိုင်မယ့် ပတ်ဝန်းကျင်က လူ့ခန္ဓာကိုယ်ထဲမှာဆိုတော့ ငါတို့သာ အမှားလုပ်မိရင် အမေဖြစ်သူရဲ့ခန္ဓာကိုယ်ကလည်း နာကျင်မှာမလား?"
ယွဲ့ရှင်းဝမ်က မေးသည်။
"အဲဒါက ဆဲလ်ဇီဝဗေဒအသိပညာကို အသုံးပြုဖို့ လိုအပ်တာလား?"
ရွှီယိရှန်းက ခေါင်းငြိမ့်ပြီး လျှိုကျောက်ချင်းကို မေးလိုက်သည်။
"စီနီယာအစ်ကိုလျှို၊ ဆဲလ်တွေ၊ တစ်ရှူးတွေ၊ သန္ဓေသားတွေနဲ့ ကိုယ်ခံအားစနစ် အသိပညာတွေကို မှတ်မိသေးတာလား?"
လျှိုကျောက်ချင်းက ခေါင်းကိုက်စွာ သူ့နားထင်ကို ပွတ်သပ်ပြီး ပြန်ဖြေသည်။
"ငါက ခွဲစိတ်တာကို ပိုကြိုက်ပြီး၊ ခွဲစိတ်ဆရာဝန်တွေရဲ့ လက်တွေက ခွဲစိတ်ဓားကိုကိုင်ပြီး ခန္ဓာကိုယ်ရဲ့ မကောင်းတဲ့အရာအားလုံးကို ခွဲစိတ်ကုသပေးရုံပဲ… အဲဒီဆဲလ်တွေနဲ့ ကိုယ်ခံအားစနစ်တွေကို ကြည့်လိုက်ရရင် ငါ့ခေါင်းချာချာလည်သွားသလို ခံစားရတယ်…"
ရွှီယိရှန်းက ခပ်ရေးရေး သက်ပြင်းချလိုက်သည်။
"ကျွန်တော်တို့ ဇီဝသိပ္ပံဌာနမှာလည်း ဆဲလ်နဲ့ပတ်သက်တဲ့ အတန်းတွေရှိပြီး အဲဒီထဲက အသိပညာတချို့ကို ကျွန်တော် မှတ်မိနေသေးတယ်…"
ယွဲ့ရှင်းဝမ်က သူတို့နှစ်ယောက်ကို ကြည့်ပြီး မေးလိုက်သည်။
"ဒါဆို ကျွန်တော် သင်တန်းရွေးလိုက်ရတော့မလား?"
လျှိုကျောက်ချင်း: "ရွေးလိုက်ပါ၊ ဘာပဲဖြစ်ဖြစ် ဒီသင်တန်းက မသင်မနေရဖြစ်နေတော့ ကျော်သွားလို့မှမရတာ…"
ယွဲ့ရှင်းဝမ်က သင်တန်းရွေးချယ်မှုကို အတည်ပြုရန် ခလုတ်ကို နှိပ်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် လူတိုင်း၏မျက်လုံးများသည် တစ်ချိန်တည်းတွင် မည်းမှောင်သွားကာ အမြင်အာရုံကို ပြန်လည်မြင်တွေ့လာသောအခါတွင် သူတို့ 12 ဦးစလုံး၌ လက်နှင့်ခြေများကဲ့သို့ ခန္ဓာကိုယ်အစိတ်အပိုင်းများမရှိသော်လည်း ချစ်စရာစက်လုံးကလေးများအဖြစ်သို့ ပြောင်းလဲသွားတာကို လူတိုင်းတွေ့ခဲ့ရသည်။
စက်လုံးများရှေ့တွင် မျက်လုံးတစ်စုံသာ ကျန်ရှိနေပြီး မျက်ခုံး၊ နှာခေါင်းနှင့် ပါးစပ်များလည်း မရှိပေ။
လူတိုင်းက သူတို့ဘေးနားရှိ “စက်လုံးသဏ္ဌာန်အဖွဲ့ဝင်များ” ကို ပြူးကျယ်နေသော သူတို့မျက်လုံးများဖြင့် ကြည့်နေကြသည်။
ရွှီယိရှန်းက ဆဲလ်များအဖြစ်သို့ ပြောင်းလဲသွားတာကို လူတိုင်းမြင်ဖူးသည်။ သည်တစ်ခေါက်တော့ လူတိုင်းလည်း စီနီယာအစ်ကိုရွှီ၏အသွင်အပြင်ကဲ့သို့ ဆဲလ်အဖြစ် ပြောင်းလဲသွားသည်။ လျှိုကျောက်ချင်းသည် ယွဲ့ရှင်းဝမ်၏ ဘေးတွင် ရှိနေခဲ့ပြီး ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ရင်းနှီးပြီးသား ကြည်လင်သော မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။
သူက မနေနိုင်စွာရယ်ပြီး ပြောလေသည်။
"ရှင်းဝမ်၊ မင်း ဘောလုံးဖြစ်သွားပြီ!"
ယွဲ့ရှင်းဝမ်: "…"
ဒါဆို ခြေလက်တွေမပါဘူးဆိုတော့ သူတို့က လမ်းလျှောက်ဖို့ ‘လိမ့်’ရမှာလား?
ဘောလုံးတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားသောလူတိုင်း၏အကျိုးဆက်မှာ လူတိုင်းသည် ယခုအချိန်တွင် အလွန်ဆင်တူပြီး တစ်ယောက်ကိုတစ်ယောက် မျက်လုံးဖြင့်သာ ခွဲခြားသိမြင်နိုင်ခြင်းကြောင့်ဖြစ်သည်။
သူ့ဘေးနားရှိ ဆဲလ်၏ အေးစက်ပြီး လျစ်လျူရှုဟန် မျက်လုံးများကို အလွန်ရင်းနှီးနေတာကြောင့် ခယ်ရှောင်ပင်းက သူ့ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်ပြီး မေးလိုက်သည်။
"ရှင်း… ရှင်းယန်လား?"
ရှင်းယန်၏အသံက အေးစက်နေသည်။
"အင်း…"
ဆဲလ်များသည် ပါးစပ်မရှိသဖြင့် အသံက စက်လုံး၏ဗဟိုမှ ထွက်လာပုံရသည်။ ရှင်းယန်က မျက်လုံးကိုဝေ့၍ ခယ်ရှောင်ပင်းကို ကြည့်လာသည်။
"စာကြည့်တိုက်က မင်းကို မျက်မှန်တစ်လက်ပေးဖို့ ဘယ်လိုတောင် အတွေးပေါက်တာလဲ?"
ခယ်ရှောင်ပင်းက မှင်တက်သွားပြီး သူ့မှာ မျက်မှန်ကိုပင့်တင်ရန် လက်မရှိပေမယ့် သူ့မျက်လုံးရှေ့မှာ ဖန်ကဲ့သို့ အလွှာတစ်ခုရှိနေတာကို သူခံစားနိုင်ပြီး သူ့တွင်ရှိသည် 900 ဒီဂရီ မျက်မှန်နဲ့ အလွန်တူသည်။
ဒါကိုကြားတော့ လူတိုင်းက တညီတညွတ်တည်း ကြည့်လာကြသည်——
ဆဲလ် 12 ခုအနက် ခယ်ရှောင်ပင်းတစ်ဦးတည်းသာ သူ့မျက်လုံးပေါ်တွင် မျက်မှန်ကျန်ရှိထားတာကြောင့် အံ့ဩနေကြသည်။
လင်းမန့်လော်က သူ့ကိုစနောက်သည်။
"ငါတို့က Q-version ပန်းချီပုံစံ ပြောင်းသွားတာလား?"
ယွဲ့ရှင်းဝမ်က ရယ်ကာ ပြောသည်။
"မျက်မှန်ပါတဲ့ ဆဲလ်တွေက အရမ်းချစ်စရာကောင်းတာပဲ!"
လူတိုင်း: "..."
မျက်မှန်တပ်ထားသော ဘောလုံးက ရူးနှမ်းပုံပေါ်ပေမယ့် တကယ်ကို ချစ်ဖို့ကောင်းသည်။
ကျန်းဖျင်စစ်က ပေါ့ပါးစွာ ချောင်းဟန့်ပြီး အဓိကအကြောင်းအရာဆီ သွားလိုက်သည်။
"ဆဲလ် 12 ခုပေါင်းပြီး ငါတို့ဘာလုပ်ရမှာလဲ?"
ဤအခိုက်အတန့်တွင် နူးညံ့သိမ်မွေ့သော အမျိုးသားစက်အသံက လူတိုင်း၏နားထဲတွင် တစ်ချိန်တည်း ထွက်ပေါ်လာသည်—
"လူသားတွေက ဒီကမ္ဘာပေါ်မှာ အံ့ဩစရာအကောင်းဆုံးမျိုးစိတ်တွေဖြစ်ပါတယ်… ဒါပေမယ့် လူသားအားလုံးကို မိဘနှစ်ပါးလုံးရဲ့ မျိုးရိုးဗီဇကို သယ်ဆောင်ထားတဲ့ မျိုးအောင်ထားတဲ့မျိုးဥအဖြစ် စတင်ကြပါတယ်… ဒီတော့ မျိုးအောင်ပြီးသား ဆဲလ်ဥသေးသေးလေးက အစွမ်းထက်ပြီး ရှုပ်ထွေးတဲ့ လူသားတစ်ယောက် ဘယ်လိုဖြစ်လာတာလဲ? ဆဲလ်မွေးမြူရေးကနေပြီးတော့ လူသားတစ်ယောက်ရဲ့ မွေးဖွားခြင်းအတွေ့အကြုံကို အပြည့်အဝရယူလိုက်ပါ…"
လူတိုင်း: "..."
လျှိုကျောက်ချင်းက တိုးတိုးလေး ညည်းညူသည်။
"ဒါက စာကြည့်တိုက်ကို သိမ်းပိုက်နေတဲ့ ‘Approaching Science’ပရိုဂရမ်များလား?"
ရွှီယိရှန်းက အကူအညီမဲ့စွာ မျက်လုံးဝေ့လိုက်သည်။
"လူသားတစ်ယောက်ရဲ့ မွေးဖွားခြင်းအတွေ့အကြုံကို အပြည့်အဝခံစားရမှာလား? ငါတို့က ဆဲလ်တွေအနေနဲ့ သန္ဓေတည်ခြင်းဖြစ်စဉ်ကို ပြီးမြောက်အောင် ပူးပေါင်းဆောင်ရွက်ရမှာလား? အဲဒီလောက်လည်းမဆိုးပါဘူး!"
သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် စက်အသံက ထပ်မံ ထွက်လာပြန်သည်။
"ကျေးဇူးပြု၍ system သတိပေးချက်တွေကို လိုက်နာပြီး မျိုးအောင်ထားတဲ့မျိုးဥကနေ လူ့ခန္ဓာကိုယ်တစ်ခုလုံးဆီ ဆဲလ်ကွဲပြားခြင်းဖြစ်စဉ်ကို အပြီးသတ်ရန် အချင်းချင်း ပူးပေါင်းဆောင်ရွက်ပါ… စာမေးပွဲအတွင်း သင်တို့က မတူညီတဲ့လုပ်ဆောင်ချက်တွေမှာ ဆဲလ်တွေရဲ့အခန်းကဏ္ဍကို ထမ်းဆောင်ရမှာဖြစ်ပြီး ဖြေဆိုသူတစ်ယောက်က အမှားတစ်ခုကိုလုပ်မိရင် နောက်ဆုံးရုပ်လုံးပေါ်လာတဲ့ လူ့ခန္ဓာကိုယ်မှာ မွေးရာပါချို့ယွင်းချက်တွေ အမျိုးမျိုးရှိပါလိမ့်မယ်…"
"ကလေးကို မွေးလို့မရတော့ရင် မွေးကတည်းက ပုံပျက်နေတာ ဒါမှမဟုတ် ကြီးပြင်းလာချိန်မှာ သေဆုံးတာဆိုရင် စာမေးပွဲကျရှုံးပါမယ်…"
"ကလေးကို အောင်မြင်စွာ မွေးဖွားပြီး 3 နှစ်အရွယ်အထိ ကြီးလာပြီးမှ စာမေးပွဲအောင်ပါမယ်…"
"သင်တို့ရဲ့သုတေသနအဖွဲ့က သန္ဓေတည်ထားတဲ့ကလေးအတွက် ကျေးဇူးပြုပြီး လက်တွဲလုပ်ဆောင်ကြပါ…"
ဒါကိုကြားသောအခါ လူတိုင်းက မနေနိုင်ဘဲ ဆဲချင်လာသည်။
သူတို့လို single dog တွေ အုပ်စုကို(ကျိုဖုန်းနှင့် လင်းမန့်လော်မှလွဲ၍) ကလေးမွေးခိုင်းနေတာလား?!
ယွဲ့ရှင်းဝမ်: "ကလေးမွေးပြီးရင် ကလေး 3 နှစ်အရွယ်ရောက်တဲ့အထိ ငါတို့စောင့်ရဦးမှာလား? ကိုယ်ဝန်သည်အမျိုးသမီးက ကိုယ်ဝန်ကို 10 လ လွယ်ရတာဆိုတော့ ငါတို့က ဒီနေရာမှာ 3 နှစ်နဲ့ 10 လတော့ မနေရဘူးမလား?"
သူ့ဘေးနားရှိ အဖွဲ့ဝင်များက ထိတ်လန့်သွားကြသည်။ ဤအချိန်တွင် သူတို့အားလုံးသည် စက်လုံးများဖြစ်နေပြီး မျက်နှာအမူအရာမရှိသောကြောင့် သူတို့၏ထိတ်လန့်နေသောခံစားချက်များကို ဖော်ပြရန်အတွက် သူတို့၏မျက်လုံးများကိုသာ အသုံးပြုနိုင်သည်။ တစ်ယောက်ပြီးတစ်ယောက် သူတို့၏မျက်လုံးများကြီးလာသည်။
ကံကောင်းထောက်မစွာ နောက်အခိုက်အတန့်တွင် system မှ အသံထွက်လာသည်။
"ဆဲလ်ရုပ်လုံးပေါ်ခြင်းဖြစ်စဉ်က မြန်ဆန်လာမှာဖြစ်ပြီး အားလုံးက ဒီနေရာမှာ ကိုယ်ဝန်ဆောင်တဲ့ 10 လကို ကုန်ဆုံးရမှာမဟုတ်ပါဘူး…"
အားလုံးက သက်ပြင်းတစ်ချက်ချလိုက်သည်။
စက်အသံ: "စာမေးပွဲ စတင်ပါပြီ… လက်ရှိမှာ မျိုးအောင်ပြီးတဲ့မျိုးဥကို ဖွဲ့စည်းပြီး cleavage mechanism ကို စတင်ပါ… နောက်တစ်ဆင့်မှာတော့ မျိုးအောင်ထားတဲ့မျိုးဥဟာ အတွင်းဆဲလ်ပေါင်း 100 ခန့်ရှိတဲ့ ဆဲလ်တွေအဖြစ်ကို ခွဲသွားမှာဖြစ်ပြီး ခွဲခြင်းတာဝန်ကို လုပ်ဆောင်ပါ…"
လူတိုင်းက စိတ်ရှုပ်သွားကြသည်။
ခဏအကြာတွင် ရွှီယိရှန်းက အရင်ဆုံး တုံ့ပြန်လာသည်။
"ဒီအတန်းမှာ စွမ်းရည်အားလုံးကို ပိတ်ထားတယ်… ဒါပေမယ့် လူတိုင်းက ဇီဝသိပ္ပံဌာနရဲ့ 'mitosis' စွမ်းရည်ကို အလိုအလျောက် ရရှိထားပြီ… အခု ငါတို့ရဲ့တာဝန်က အတွင်းဆဲလ်ပေါင်း 100 ကို ခွဲထုတ်ဖို့ပဲ… ငါတို့မှာ ဆဲလ် 12 ခုပဲရှိတာဆိုတော့ ပထမအဆင့်က ဆက်လက်ခွဲဖို့ပဲ…"
လျှိုကျောက်ချင်းက ရုတ်တရက် သဘောပေါက်သွာသည်။
"ဒါဆို ငါတို့ 12 ယောက်က မိခင်ရဲ့ခန္ဓာကိုယ်ထဲက သန္ဓေသားရုပ်လုံးပေါ်ခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်ခြင်းဖြစ်စဉ်ကို ပြီးမြောက်အောင်လုပ်ဆောင်ဖို့ ခွဲရမှာလား?"
ရွှီယိရှန်း: "ဟုတ်တယ်၊ ကျွန်တော်တို့က အခုမှ ကနဦးဆဲလ်အစုအဝေးပဲ ရှိသေးတယ်…"
ဒါကိုကြားတော့ ယွဲ့ရှင်းဝမ်က ခေါင်းကိုက်လာသည်။
"ကလေးကို အတူတူမွေးရအောင်… ပထမအဆင့်ကို အရင်လုပ်ရမယ်ဆိုတော့ ကျွန်တော်တို့က ဘယ်လိုခွဲရမှာလဲ?"
ကျန်းဖျင်စစ်က ရလဒ်ကို လျင်မြန်စွာ တွက်ချက်ခဲ့သည်။
"လူတစ်ယောက်စီ သုံးကြိမ်ခွဲပြီး ဆဲလ် 8 ခု ဖြစ်လာပြီးတော့ စုစုပေါင်း ဆဲလ်အစုအဝေး 96 ခု ဖြစ်လာမယ်…"
ထို့အပြင် သူသည် သိပ္ပံကျောင်းသားတစ်ဦးဖြစ်ပြီး သူ၏အထက်တန်းကျောင်းတုန်းက ဇီဝဗေဒအသိပညာကိုလည်း မေ့လျော့ခြင်းမရှိပေ။
ဆဲလ်အစုအဝေးသည် 100 ခန့်ရှိပြီး အရေအတွက်အပေါ် တင်းကျပ်သောကန့်သတ်ချက်မရှိပေ။
ဆဲလ်ခွဲခြင်းလုပ်ငန်းစဉ်သည် ‘Nth power of 2’ကို အခြေခံသည်။ တစ်ခုကို နှစ်ခုခွဲ၊ နှစ်ခုကို လေးခုခွဲ၊ လေးခုကို ရှစ်ခုခွဲပြီး သူတို့ 12 ယောက်က တစ်ယောက်စီ ဆဲလ် 8 ရှစ်ခု ဖြစ်လာကာ စာမေးပွဲလိုအပ်ချက်များနှင့် အနီးစပ်ဆုံးဖြစ်သည်။
ကျန်းဖျင်စစ်၏ အေးဆေးတည်ငြိမ်သောအသံကို လူတိုင်းကြားသောအခါ သူတို့က ပြောလာသည်။
"အားလုံးအတူတူခွဲကြရအောင်…"
ယွဲ့ရှင်းဝမ်: "တစ်ယောက်ကို သုံးကြိမ်ခွဲမယ်၊ စကြစို့!"
ယွဲ့ရှင်းဝမ်က 3, 2, 1 ဖြင့် အချိန်နောက်ပြန်ရေတွက်ကာ သူတို့၏ ဆဲလ် 12 ခုသည် "mitosis" စွမ်းရည်ကို တစ်ပြိုင်နက်တည်း ဖွင့်လိုက်သည်။ ယွဲ့ရှင်းဝမ် နှစ်ခု၊ ယွဲ့ရှင်းဝမ် လေးခု၊ ယွဲ့ရှင်းဝမ် ရှစ်ခု…
တူညီသော စက်လုံးပုံ ယွဲ့ရှင်းဝမ်ရှစ်ခုသည် တစ်ခဏအတွင်း ပေါ်လာပြီး ဆဲလ်များအားလုံးက သူတို့၏ မျက်လုံးများကို ပြူးကျယ်စွာဖွင့်ထားသည်။
ယွဲ့ရှင်းဝမ်က မျက်တောင်ခတ်လိုက်ပြီး ပုံတူကူးထားသော ယွဲ့ရှင်းဝမ် 7 ယောက်သည်လည်း တစ်ချိန်တည်းမှာ မျက်တောင်ခတ်လာသည်။
လူတိုင်းက သူတို့အနီးနားရှိ များပြားသောဆဲလ်များနဲ့ ချာချာလည်နေသည့် အဖွဲ့ဝင်တွေကို ကြည့်ပြီး သူတို့အားလုံးလည်း ခေါင်းကိုက်နေကြသည်။
ဒါက ‘ဆဲလ်မွေးမြူရေး’လား?
ဤနေရာတွင် သဘာဝတရား၏ အံ့ဩဖွယ်ကောင်းသည်မှာ သေးငယ်သောဆဲလ်တစ်ခု၏ အဆက်မပြတ်ခွဲထုတ်မှုနှင့် ပုံဖော်ခြင်းတို့ဖြင့် ဖန်တီးထားသည်။ သည်တစ်ခေါက်တွင် သူတို့သည် ‘ဘဝအသစ်ကိုယူဆောင်လာပေးရန်’ စုပေါင်းတာဝန်ကို ပြီးမြောက်အောင်ပြုလုပ်ရမည်။
C-183 သုတေသနအဖွဲ့က ကလေးကို ချောချောမွေ့မွေ့ မွေးဖွားရမယ်!
#TK